အန္တိမအဆင့် ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံး ပေါ်ထွက်လာခြင်း
Vol. 32 Ch. 320
ကျန်းမုန့်ချူးကို သူတော်စင် ယွိယောင်က သေသပ်လှပစွာ ပြင်ဆင်ထားသည့် ပျိုမေဆောင် အခန်းတစ်ခန်းတွင် ထားရှိခဲ့သည်။
အခန်းတစ်ခန်းလုံးတွင် အမျိုးသမီးများ အသုံးပြုသည့် ပစ္စည်းအမှတ်အသားများက အထင်အရှား ရှိနေ၏။
အပြင်ဘက်တွင်မူ ယောင်ချီ မြင့်မြတ်နယ်မြေ၏ စိတ်ဝိညာဉ်ချီစွမ်းအင်များဖြင့် ပြည့်နေသော ဝိညာဉ်မြူခိုးများက လွတ်လပ်စွာ ဝဲပျံနေကြသည်။
ပြင်ပတွင် တွေ့ရခဲလှသည့် ရှားပါးဝိညာဉ်ဆေးပင်များမှာ ထိုနေရာတွင် ဘာမှမဟုတ်သလို ပေါပေါများများ ပေါက်ရောက်နေကြသည်။ အရင်းအမြစ် ကြွယ်ဝမှုနှင့် ပတ်သက်လျှင် ထိုနေရာသည် ကျန့်ဝူမြင့်မြတ်နယ်မြေထက် သိသိသာသာ သာလွန်နေသည်။
“ဒီယောင်ချီ မြင့်မြတ်နယ်မြေက သူတော်စင် ယွိယောင်ရဲ့ ကမ္ဘာငယ်လည်း ဖြစ်နေနိုင်တာပဲ။” ကျန်းမုန့်ချူးက ထိုနေရာသို့ ဝင်ရောက်စဉ်က ခံစားခဲ့ရသော ဝေဝေဝါးဝါး ခံစားချက်ကို ပြန်လည်စဉ်းစားမိသည်။ အိမ်နှင့် ဝေးရာသို့ ကြာမြင့်စွာ ရောက်ရှိနေပြီးမှ အိမ်ပြန်လာရသည့် ကလေးငယ်တစ်ဦးကဲ့သို့ပင်။ မည်မျှ သတ္တိရှိပါစေ၊ စိုးရိမ်စိတ် အနည်းငယ် အမြဲ ရှိနေတတ်သည်။
ချင်းယွန်ဘုံမှ ကမ္ဘာငယ်လေးတစ်ခုအတွင်းသို့ လှမ်းဝင်လိုက်သည့် သာမန်ကျင့်ကြံသူများလည်း ထိုကဲ့သို့ပင် ခံစားရလေ့ရှိသည်။
၎င်းမှာ ကျုံးကျိုး လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ရသကဲ့သို့ ခံစားချက်မျိုးပင်။
ပြတင်းပေါက် အပြင်ဘက်တွင် အမျိုးသမီးများ၏ ပုံရိပ်များ လှုပ်ရှားသွားသည်ကို ခပ်ရေးရေး မြင်နေရသည်။
၎င်းတို့မှာ အပြင်ဘက်မှ ချောင်းကြည့်နေကြသည့် ယောင်ချီတပည့်မများ ဖြစ်သည်။
ကျန်းမုန့်ချူးက တစ်ချက်ကြည့်လိုက်ပြီးနောက် ရှက်ရွံ့နေသည့် အမူအရာဖြင့် မျက်လုံးကို လွှဲလိုက်သည်။
သို့သော် စိတ်ထဲတွင်မူ သူ ခေါင်းခါနေမိ၏။
ယောင်ချီမှ ထိုအမျိုးသမီး ကျင့်ကြံသူများက တစ်ယောက်ထက်တစ်ယောက် ပိုမိုလှပပြီး နုနယ်ပျိုမြစ်ကြသည်။ အမှန်တရားကို မသိသော ကျင့်ကြံသူတစ်ဦးအဖို့ သူက နတ်ဘုရားဘုံသို့ ရောက်နေသည်ဟု ထင်မှတ်မိပေလိမ့်မည်။ သို့သော် လက်တွေ့တွင်မူ သူသည် အရေခွံခွာ၊ အရိုးထုတ်မခံရခင်အထိ ကာမဂုဏ်အိမ်မက်များ မက်နေသည့် စတေးခံ သိုးတစ်ကောင်သာ ဖြစ်ပေမည်။
“ဒါက ဒီနေ့ကစပြီး ရှင် ကျင့်ကြံရမယ့် ကျင့်ကြံဆောင်ပဲ...”
ယောင်ချီမှ နတ်အသွင်ပြောင်းလဲခြင်းအဆင့်ရှိသည့် အမျိုးသမီး ကျင့်ကြံသူတစ်ဦးက ချိုမြိန်စွာ ပြုံးပြရင်း ဝင်လာသည်။
“ဒါက မူလက တပည့်မလေးတစ်ယောက်ရဲ့ အခန်းပဲ။ ဒါပေမဲ့ သူက အဆင့်မြင့်ပညာသင်ဖို့ အတွင်းဆောင်ကို သွားနေတာဆိုတော့ အခု အားနေတာပေါ့။ ရှင် တစ်ခုခု လိုအပ်ရင်သာ ပြောလိုက်ပါ။ ကျွန်မ စီစဉ်ပေးပါ့မယ်။”
ထို့နောက် သူက ဆေးပုလင်း ဆယ်ပုလင်းကျော်နှင့် ကျောက်စိမ်းပြား သုံးခုကို စားပွဲပေါ်တွင် တင်လိုက်သည်။
“ဒါတွေက ရှင့်ရဲ့ လက်ရှိကျင့်ကြံမှုအဆင့်နဲ့ လိုက်ဖက်တဲ့ ဆေးလုံးတွေပဲ။ သခင်မက ရှင့်အတွက် ပြင်ဆင်ပေးထားတာ။ ဒီကျောက်စိမ်းပြားတွေထဲမှာတော့ ယောင်ချီ မြင့်မြတ်နယ်မြေရဲ့ အဓိက ကျင့်စဉ် သုံးမျိုးရှိတယ်။ရှင် ကြိုက်တဲ့ တစ်မျိုးကို ရွေးပြီး ကျင့်ကြံနိုင်ပါတယ်။”
ကျန်းမုန့်ချူးက ဆေးလုံးများ ပြည့်နေသော စားပွဲကို ကြည့်ကာ သင့်တော်ရုံ အံ့ဩဝမ်းသာသည့် ပုံစံကို ပြသလိုက်ပြီး လောဘကြီးသည့် လေသံမျိုးဖြင့် ပြောသည်။ “ဒီလောက်တောင် များတဲ့ ဆေးလုံးတွေ... ဒါတွေ ကုန်ဖို့ ဘယ်လောက်တောင် ကြာမလဲ။ ယောင်ချီ မြင့်မြတ်နယ်မြေဆိုတာ တကယ်ပါပဲ။ ဒီကျင့်စဉ် သုံးမျိုးလုံးကို ကျွန်တော် တစ်ပြိုင်တည်း ကျင့်လို့ရမလား။”
“ရှင် ဘာတွေ တွေးနေတာလဲ။..” နတ်အသွင်ပြောင်းလဲခြင်းအဆင့် တပည့်မက မျက်လုံး လှန်လိုက်သည်။ “မနိုင်တဲ့ဝန်ကို မထမ်းနဲ့လေ။ ဒီကျင့်စဉ် တစ်မျိုးတည်းနဲ့တင် ရှင် မောနေရမှာ။ တစ်ခုပဲ ရွေးလိုက်။”
“ဪ၊ ဟုတ်ကဲ့ပါ.. ကျေးဇူးတင်ပါတယ် စီနီယာအစ်မ။ အစ်မက တကယ်ကို လှတာပဲ..”
“ဟွန်း၊ စကားကတော့ တတ်သားပဲ...” ထိုအမျိုးသမီးက ရယ်မောလိုက်ပြီးနောက် တတွတ်တွတ် ပြောနေကြသည့် တပည့်မလေးများအုပ်စုနှင့်အတူ ထွက်သွားတော့သည်။
ကျန်းမုန့်ချူးက ရွံရှာစွာဖြင့် နှုတ်ခမ်းကို တွန့်လိုက်ပြီး နှုတ်ခမ်းနီနှင့် ပိုးထည်များအောက်တွင် ဖုံးကွယ်ထားသော မြူဆွယ်တတ်သည့် တစ္ဆေမဂူဖြစ်ကြောင်း တိုးတိုးလေး ဆဲရေးလိုက်မိသည်။
သူတို့အတွက် ကံဆိုးသည်မှာ သူတို့က နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိသော အဘိုးကြီးနှင့် တွေ့နေရခြင်းပင်။
အလှအပ သက်သက်ကတော့ သူ့ကို မြူဆွယ်ရန် လုံးဝ မလုံလောက်ပေ။
သူက ကျောက်စိမ်းပြား သုံးခုကို စစ်ဆေးကြည့်လိုက်သည်။ အညံ့ဆုံးဟု ဆိုနိုင်သည့် ကျင့်စဉ်မှာပင် မြေကမ္ဘာအဆင့် အတွင်းအားကျင့်စဉ်များ ဖြစ်နေသော်လည်း ယောင်ချီ မြင့်မြတ်နယ်မြေ၏ အမှတ်အသားဖြစ်သော ကျင့်စဉ်ပညာမှာ နွေဦးကျင့်စဉ် ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ သူတော်စင် ယွိယောင်မှအစ သာမန်တပည့်များအထိ ၎င်းကို ကျင့်ကြံကြသည်။ ၎င်း၏ ထူးခြားချက်မှာ စိတ်ဝိညာဉ်ချီစွမ်းအင် ကြွယ်ဝခြင်း၊ အဆက်မပြတ် ပြန်လည်ရှင်သန်ခြင်းနှင့် အပင်လောကကို ထိန်းချုပ်နိုင်ခြင်းတို့ပင်။
သို့သော် ကျောက်စိမ်းပြားများထဲတွင် နွေဦးကျင့်စဉ် မပါဝင်ပေ။
၎င်းတို့အနက် ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခုမှာ ကျောက်စိမ်းဟင်းလင်းပြင် နတ်ဘုရား ကျင့်စဉ် ဖြစ်ပြီး ၎င်းမှာ အပြင်ပန်းသန်မာရန်အတွက် အတွင်းပိုင်းကျင့်ကြံမှုကို အဓိကထားသည့် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ် ဖြစ်သည်။ အောင်မြင်သွားပါက ခန္ဓာကိုယ်မှာ ကျောက်စိမ်းကဲ့သို့ တောက်ပလာမည်ဖြစ်ပြီး ကိုယ်ရောစိတ်ပါ မဖျက်ဆီးနိုင်လောက်အောင် သန်မာလာလိမ့်မည်။
ကျန်နှစ်ခုမှာလည်း အမည်များကို ကြည့်ခြင်းအားဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်များသာ ဖြစ်သည်။
မှော်ကျင့်စဉ်များကြောင့် ကျော်ကြားလှသည့် မာနကြီးသော ယောင်ချီ မြင့်မြတ်နယ်မြေက မည်သည့်အချိန်ကစပြီး အဓိကတပည့်များကို ခန္ဓာကိုယ်ကျင့်စဉ်များ သင်ပေးနေသနည်း။
၎င်းမှာ ထိုတပည့်၏ ခန္ဓာကိုယ် မသန်မာမည်ကို စိုးရိမ်၍လား။ သို့မဟုတ် သူတို့ ဖော်စပ်ချင်သော လူသားဆေးလုံး၏ အရည်အသွေး ကျသွားမည်ကို စိုးရိမ်၍လား။
လူသားဆေးလုံး ဖော်စပ်ရန်အတွက် မည်သည့် လိုအပ်ချက်များ ရှိသည်ကို အတိအကျ မသိသော်လည်း ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံက ဆေးလုံးအောင်မြင်မှုနှုန်း၏ အဓိကသော့ချက် ဖြစ်လိမ့်မည်ဟု သူ အခု ပြင်းပြင်းထန်ထန် သံသယဝင်နေမိသည်။
....
ထိုနတ်အသွင်ပြောင်းလဲခြင်းအဆင့် အမျိုးသမီးကျင့်ကြံသူက ကျန်းမုန့်ချူး၏ အခန်းထဲမှ ထွက်လာပြီး သူတော်စင် ယွိယောင်ထံ သတင်းပို့ရန် သွားလိုက်သည်။
“ဘယ်လိုလဲ။ အဲဒီကျင့်ကြံသူက ထူးခြားတဲ့ တုံ့ပြန်မှုတစ်ခုခု ပြသလား။”
“သခင်မကို တင်ပြပါတယ်။ ထူးခြားတာ ဘာမှမရှိပါဘူး။ သူက ကျွန်မကို လှတယ်လို့တောင် ပြောပါသေးတယ်..”
“အဟက်။” သူတော်စင် ယွိယောင်က ခပ်တိုးတိုး နှာမှုတ်လိုက်ပြီး ခေါင်းခါလိုက်သည်။ “ယောက်ျားတွေဆိုတာ အတူတူပါပဲ၊ ရွံစရာကောင်းတဲ့ သတ္တဝါတွေ... ထူးဆန်းတဲ့ အမူအရာ မရှိရင် အဆင်ပြေပါတယ်။ သူ့ကို စောင့်ကြည့်ထား။ လျှောက်သွားခွင့်မပေးနဲ့။ ခန္ဓာကိုယ်ကျင့်စဉ် သုံးမျိုးထဲက တစ်ခုကို သေသေချာချာ ကျင့်နေအောင် လုပ်ထား။ တကယ်လို့ သူက ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် လူသားဆေးလုံး မဖြစ်လာခင်အထိ ဘဝကို နည်းနည်းတော့ ခံစားခွင့် ပေးလိုက်မယ်။ မဟုတ်ရင်တော့ သူ့ရဲ့ ကျင့်ကြံမှုကို ချိတ်ပိတ်ပြီး အကျဉ်းထောင်ထဲ ထည့်ထားလိုက်။ နေ့တိုင်း သူ့ကို ခန္ဓာကိုယ်ကြံ့ခိုင်ဆေးလုံးတွေ ကျွေးထား..”
“ဟုတ်ကဲ့ပါ သခင်မ...” ထိုအမျိုးသမီးက အလွန်အမင်း ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။
ယခုအချိန်တွင် သူတော်စင် ယွိယောင်၏ အစီအစဉ်မှာ နောက်ဆုံးအဆင့်တစ်ခုသာ လိုတော့သည်။ ၎င်းမှာ အန္တိမအဆင့် ကမ္ဘာဦးကောင်းကင်ဖာထေး ဆေးလုံးပင်။
သူသာ အင်မော်တယ်အဆင့်သို့ ရောက်ရှိသွားပါက သူ၏တပည့်များ အားလုံးပါ တက်လှမ်း နိုင်ပေလိမ့်မည်။
ထို့ကြောင့် တပည့်များက ကျန်းမုန့်ချူးကို လမ်းလျှောက်နေသည့် နတ်ဘုရားရတနာတစ်ခုကဲ့သို့ ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြခြင်းပင်။
“သခင်မ.. သတင်းကောင်း ပါလာပါတယ်..”
ယောင်ချီ တပည့်တစ်ဦးက ရုတ်တရက် ပြေးဝင်လာပြီး သတင်းပို့လိုက်သည်။
သူတော်စင် ယွိယောင်၏ မျက်မှောင်များ ပြေလျော့သွားသည်။ အကြောင်းအရင်းကို သူ ကောင်းကောင်း ရိပ်မိပြီးသားပင်။
“အခုလေးတင် အကျဉ်းထောင်ကို စစ်ဆေးနေတုန်းမှာ တန်ယွင်က အန္တိမအဆင့် ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံး ဖော်စပ်ပြီးပြီလို့ ပြောပါတယ်။ ဒါကြောင့် သခင်မကို လာပြီး စစ်ဆေးပေးဖို့ ဖိတ်ကြားလိုက်ပါတယ်။”
“အဟားဟား.. ကောင်းတယ်..” သူတော်စင် ယွိယောင်အနေဖြင့် ထိုမျှ အားရပါးရ ရယ်မောရန် ခဲယဉ်းလှသော်လည်း၊ ယနေ့သည် တကယ့်ကို မင်္ဂလာနှစ်ပါး ဆင့်သည့်နေ့ပင်။ မဟာရေဓာတ် စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူကို ရှာတွေ့ရုံတင်မက အန္တိမအဆင့် ကမ္ဘာဦး ကောင်းကင်ဖာထေး ဆေးလုံးကိုပါ အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့လေပြီ။
မကြာသေးခင်က သူ၏ ကျင့်ကြံမှုမှာ သံသရာဓားအသိ၏ နှိပ်စက်မှုကြောင့် တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။
အကယ်၍ သူ့အနေဖြင့် အန္တိမအဆင့် ကမ္ယာဦး ကောင်ကင်ဖာထေးဆေးလုံးနှင့် သူ၏အဆင့်ကို အမြန် မထိန်းညှိနိုင်လျှင် မဟာတက်လှမ်းခြင်းအဆင့်အောက် ကျသွားမည်ကို စိုးရိမ်နေရသည်။ ထိုသို့ ဖြစ်သွားလျှင်တော့ အကျိုးဆက်များက ဆိုးရွားပေလိမ့်မည်။
ဖန်ကျင်း မြင့်မြတ်နယ်မြေမှ ဆရာတော်ဖန်ယဲ့က ပထမဆုံး တိုက်ခိုက်မည့်သူ ဖြစ်လာလိမ့်မည်။
“သခင်မ၊ နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်။” တပည့်ဖြစ်သူက ထပ်မံ ဦးညွှတ်လိုက်ပြီး ဆက်ပြောသည်။
“ဖန်ကျင်းဘက်က သတင်းပို့လာပါတယ်။ သူတို့က ယွဲ့ချန်ချီရဲ့ ဓာတ်ကြီးငါးပါး ခန္ဓာကိုယ်ကို လက်လျှော့ပေးမယ်။ ဒါပေမဲ့ တခြား အရင်းအမြစ်တွေထဲကနေတော့ ဝေစုလိုချင်တယ်လို့ ပြောပါတယ်။ သူတို့ ပြောတာကတော့ ကျွန်မတို့ အားလုံးမှာ ကိုယ်စီတာဝန်တွေ ရှိကြတယ်။ ဖန်ကျင်းက ဘာမှမရဘဲ အပြစ်တင်ခံရတာမျိုး မဖြစ်သင့်ဘူးတဲ့။ ဒါ ဆရာတော်ဖန်ယဲ့ကိုယ်တိုင် ပြောလိုက်တာပါ။ အကယ်လို့ သခင်မက သဘောမတူရင် ယောင်ချီနဲ့ ဖန်ကျင်းတို့ရဲ့ မဟာမိတ်ဟာ ဒီမှာတင် လမ်းခွဲမယ်လို့လည်း ပြောပါတယ်။”
“အဟွန်း။ သူက ငါ့ကို ခြိမ်းခြောက်ရဲတာလား။” သူတော်စင် ယွိယောင်၏ မျက်နှာပေါ်မှ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားပြီး အကြည့်များက အေးစက်သွားခဲ့သည်။ ခဏမျှ စဉ်းစားပြီးနောက် သူက လက်စွပ်ကို ခါယမ်းလိုက်ကာ ပြောသည်။ “အခုက အရေးကြီးတဲ့ အချိန်ပဲ။ ဖန်ကျင်းနဲ့ ဆက်ဆံရေး ပျက်ပြားအောင် မလုပ်တာ အကောင်းဆုံးပဲ။ သူတို့ကို ငါတို့ရဲ့ ဒိုင်းအဖြစ် သုံးဖို့ လိုသေးတယ်။”
“ဒါကြောင့် ငါတို့ မလိုအပ်တဲ့ အကြွင်းအကျန်တွေကို သူတို့ဆီ ပေးလိုက်။”
“ဒါပေမဲ့ ဆရာတော်ဖန်ယဲ့ကို သတင်းစကားပါးလိုက်။ ဒီလို အလျှော့ပေးတာက တစ်ကြိမ်ပဲ ဖြစ်မယ်။ သိပ်ပြီးတော့ ကံမစမ်းချင်နဲ့လို့ ပြောလိုက်။”
“မဟုတ်ရင်တော့...”
သူ၏ မျက်လုံးများက စူးရှစွာ ကျဉ်းမြောင်းသွား၏။
သူက စကားကို အဆုံးမသတ်ခဲ့ပေ။
သို့သော် ပတ်ဝန်းကျင်ရှိ တပည့်များအားလုံးက ထိုပြောမထွက်သော ခြိမ်းခြောက်မှုကို နားလည်လိုက်ကြသည်။
ဓာတ်ကြီးငါးပါး အန္တိမခန္ဓာကိုသာ သိမ်းပိုက်နိုင်ခဲ့လျှင် သူတော်စင် ယွိယောင်က ချင်းယွန်ဘုံတွင် မျိုးဆက်များစွာအတွင်း အင်မော်တယ်အဖြစ် ပထမဆုံး တက်လှမ်းနိုင်သူ ဖြစ်လာလိမ့်မည်။
ထိုအချိန်ကျလျှင် ဆရာတော်ဖန်ယဲ့ဆိုသည်မှာ ဘာမှ မဟုတ်တော့ပေ။
ဟင်းလင်းပြင်ချောက်နက်မှ ရှေးဟောင်းမိစ္ဆာကြီးများပင်လျှင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။
“သွား... တန်ယွင်နဲ့ အန္တိမအဆင့် ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံးကို သွားယူခဲ့။ ပြီးတော့ တပည့်တွေ အားလုံးကို စုဝေးပြီး ဒီဖြစ်ရပ်ကို အတူတူ သက်သေခံဖို့ လုပ်ကြ..”
ဆရာတော်ဖန်ယဲ့ကြောင့် ဖြစ်ပေါ်လာသည့် မကျေနပ်မှုများ ချက်ချင်း ပျောက်ကွယ်သွားသည်။
သူတော်စင် ယွိယောင်၏ မျက်နှာတွင် အပြုံးများ ပြန်လည် ပေါ်ပေါက်လာ၏။
ယောင်ချီ တပည့်များမှာလည်း စိတ်လှုပ်ရှားနေသည်။ ယောင်ချီတွင် ကမ္ဘာဦး ကောင်ကင်ဖာထေး ဆေးလုံးများ ရှိခဲ့ဖူးသော်လည်း ၎င်းတို့မှာ ရှားပါးရတနာများ ဖြစ်သည်။ တစ်လုံး သုံးလိုက်တိုင်း တစ်လုံး လျော့သွားရစမြဲ။ သူတို့အနက် အများစုမှာ သာမန်အဆင့်ကိုသာ မြင်ဖူးကြသည်။ နတ်ဘုရားအဆင့် ဆေးလုံးရှိသည်ဟု ကောလာဟလများ ရှိခဲ့ပြီး သူတော်စင် ယွိယောင်က သိမ်းဆည်းထားသည်ဟု ဆိုကြသော်လည်း အကြီးအကဲ အနည်းငယ်သာ မြင်ဖူးကြသည်။
ယခုအခါ သူက အန္တိမအဆင့် ဆေးလုံးကို လူသိရှင်ကြား ပြသရန် ဆန္ဒရှိနေပြီး တန်ယွင်ကဲ့သို့ ထိပ်တန်း အဂ္ဂိရတ်ပညာရှင် ရှိနေပြီဖြစ်သဖြင့် ယောင်ချီ မြင့်မြတ်နယ်မြေတွင် ထိုဆေးလုံးများ ပြတ်လပ်တော့မည် မဟုတ်ကြောင်း ဆိုလိုခြင်းပင်။
၎င်းမှာ သူတို့ကိုယ်တိုင်လည်း သူတို့၏ ဒန်တျန်ကို မြှင့်တင်ဖို့အတွက် ထိုဆေးလုံးများကို သုံးခွင့်ရနိုင်မည်ဆိုသည့် သဘောပင်..
၎င်းက အလွန်ပင် ဖြစ်နိုင်ခြေ ရှိလေသည်။
“သခင်မ၊ တပည့်သစ်ကိုလည်း လာကြည့်ခွင့် ပေးသင့်လား။” တပည့်တစ်ဦးက ရုတ်တရက် မေးလိုက်သည်။
သူတော်စင် ယွိယောင် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ကိစ္စမရှိဘူး။ သူ့ကိုလည်း လာခိုင်းလိုက်။”
....