← Chapters

ထွက်သွားစမ်း၊ မီးအရှင်သခင်

Vol. 2 Ch. 17

ထွက်သွားစမ်း၊ မီးအရှင်သခင်

Vol. 2 Ch. 17

ထမင်းစားသောက်ပြီးနောက် မုန့်ချင်ကျိုးက ဝါကြီးကို ခွေးစာအချို့ ကျွေးလိုက်ပြီး ကုလားထိုင်ပေါ်တွင် မှီလျက် နေ့လယ်ခင်း လက်ဖက်ရည်ကို အေးအေးလူလူ သောက်သုံးနေသည်။ နေ့တစ်ဝက်ခန့် ကုန်ဆုံးသွားပြီးနောက် ဧကရီက ကျောက်ယွီဟွမ်၏ ကိစ္စများကို ဖြေရှင်းရန် ပြန်သွားခဲ့လေသည်။

စုချင်ချိုးကမူ ဝူတျဲကို သူခိုးတစ်ယောက်လို စောင့်ကြည့်နေပြီး သူ၏ ဓားကိုလည်း ခါးမှ အကွာမခံပေ။ ဝူတျဲမှာ မုန့်ချင်ကျိုး၏ အနားမှ မခွာဘဲ ကပ်နေတော့သည်။ ဧကရီသည် မုန့်ချင်ကျိုး အရှေ့တွင် သူ၏ သရုပ်မှန်ကို ထုတ်မပြရဲမှန်း ဝူတျဲသိထားရာ မုန့်ချင်ကျိုးသည် သူ့အတွက် အကောင်းဆုံး အကာအကွယ် ဖြစ်နေသည်။

လုပ်ကြံမည့်တာဝန် ပြီးမြောက်သည်နှင့် သူက မောင်လေးဖြစ်သူကိုခေါ်ကာ မြို့တော်မှ ညတွင်းချင်း ထွက်ပြေးပြီး လောကကြီးနှင့် အဆက်အသွယ်ဖြတ်ကာ ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်နေတော့ရန် စီစဉ်ထားသည်။

သို့သော် မည်မျှပင် စောင့်ဆိုင်းနေပါစေ မုန့်ချင်ကျိုးကတော့ အပြင်ထွက်မည့်ပုံ မပေါ်ပေ။

“ဝန်ကြီးမုန့်၊ နန်းရင်းဝန် ပေးထားတဲ့ တာဝန်ကို လုပ်ကြရအောင်လေ...”

ဝူတျဲက တိုက်တွန်းလိုက်သည်။

“မလောပါနဲ့ဦး။”

မုန့်ချင်ကျိုးက မတ်တတ်ရပ်လိုက်ပြီး ခွေးကြိုးကို ကိုင်ကာ ပြောလိုက်သည်။

“ဝါကြီး၊ လမ်းလျှောက်ထွက်ရအောင်...”

နေမင်းအရှင်သခင် - “...”

မုန့်ချင်ကျိုးက ကြိုးကို အတင်းဆွဲသော်လည်း ဝါကြီးမှာ မထဘဲ မြေပြင်တွင် ခေါင်းမာမာဖြင့် ထိုင်နေသည်။ မုန့်ချင်ကျိုးက သူ့ကို အားမနာတမ်း ကန်လိုက်လေသည်။ “ထစမ်း၊ အီးပါရမယ့်အချိန် ရောက်ပြီ...”

နေမင်းအရှင်သခင်၏ နဖူးပေါ်တွင် အမည်းစက်များ ပေါ်လာသည်။

တောက်၊ ဒီမျက်မမြင်ကောင်နဲ့ အသေသာ တိုက်ခိုက်လိုက်ချင်တော့တယ်။ နိုင်ငံတော်ရဲ့ ဂုဏ်ကျက်သရေရှိလှတဲ့ အစောင့်အရှောက်နတ် သားရဲကြီးက လမ်းဘေးမှာ အပေါ့အပါး သွားရမယ်တဲ့လား။ ပြီးတော့ နတ်သားရဲတွေက အညစ်အကြေးတွေ စွန့်ထုတ်စရာ မလိုဘူး...

“တစ်၊ နှစ်၊ သုံးအထိ ရေမယ်။ မထရင်တော့ ခွေးစာ မကျွေးတော့ဘူး...”

မုန့်ချင်ကျိုးက ခြိမ်းခြောက်လိုက်သည်။

နေမင်းအရှင်သခင်က ချက်ချင်းပင် ဖင်ကို ကြွလိုက်ပြီး လျှာလေးထုတ်ကာ မုန့်ချင်ကျိုး၏ ခြေကျင်းဝတ်ကို ပွတ်သပ်ရင်း ချွဲပြတော့သည်။

ဖေဖေကြီးရယ် ... နောက်တာတော့ နောက်တာပေါ့၊ ခွေးစာနဲ့တော့ လာမနောက်ပါနဲ့...

ကောင်းပြီလေ။ ဒီအရှင်သခင်က ဒီနေ့တော့ ခွေးလုပ်လိုက်မယ်...

“ဒီလိုမှပေါ့...”

မုန့်ချင်ကျိုးက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး မျက်မမြင်တုတ်ကို ကိုင်ကာ ဝါကြီးကို လမ်းလျှောက် ခေါ်လာခဲ့သည်။

ယခုအချိန်အထိ စုချင်ချိုး နားမလည်နိုင်သည်မှာ တစ်ချိန်က ခံ့ညားထည်ဝါခဲ့သော နေမင်းအရှင်သခင်သည် မုန့်ချင်ကျိုးနှင့် တစ်ရက်တည်း နေလိုက်ရုံဖြင့် မည်သို့မည်ပုံ ဖားတတ်သည့် ခွေးတစ်ကောင် ဖြစ်သွားရသနည်း ဆိုသည်ပင်။

ပြန်စဉ်းစားကြည့်လိုက်ရာ...

တောက်တီးနှင့် ဇာမဏီ သွေးမျိုးဆက်ရှိသော နတ်သားရဲ နေမင်းအရှင်သခင်က မြစ်များ၊ တောင်တန်းများ တလျှောက် ဟိန်းဟောက်နေပြီး ခန့်ညားနေခဲ့သည်။

မဟာကျင်းမင်းဆက် အစောပိုင်းနေ့များတွင် ပထမဆုံး ဧကရာဇ်နှင့် နေမင်းအရှင်သခင်တို့က ဘေးချင်းယှဉ် တိုက်ခိုက်ခဲ့ကြပြီး ကြီးမြတ်သူများစွာတို့ကို သုတ်သင်ခဲ့ကြသည်။

သူတို့က ဒဏ္ဍာရီပေါင်းများစွာ ချန်ထားရစ်ခဲ့၏။

တည်ထောင်သူ ဧကရာဇ်ကသာ ထိုအကြောင်းသိလျှင် အခေါင်းထဲမှ ထလာပြီး ဝါကြီးကို ဒေါသတကြီး ဆဲဆိုပေလိမ့်မည်။

“အရှက်မရှိတဲ့ သားရဲကောင်။ အဲဒီတုန်းက မင်း ငါ့ကိုတောင် ပေးမစီးခဲ့ဘူး။ အခုတော့ မင်းက စိတ်လိုလက်ရ ခွေးလို လုပ်နေတာလား...”

ဝူတျဲသည် စုချင်ချိုး၏ မျက်နှာအမူအရာကို အကဲခတ်နေခဲ့ပြီး ဝါကြီးအပေါ် ခဏခဏ ကြည့်နေသည်ကို သတိထားမိသွားကာ သိချင်စိတ်များ ပြင်းပြသွားခဲ့သည်။

“ဒီခွေးက မဖြစ်နိုင်တာ...” ဝူတျဲမှာ မေးရိုးပြုတ်ကျမတတ် ဖြစ်သွားပြီး သူ၏ မျက်လုံးအစုံမှာ ကြောက်ရွံ့မှုကြောင့် ကျဉ်းမြောင်းသွားသည်။

ဒဏ္ဍာရီတစ်ခု ရှိဖူးတယ်။ မဟာကျင်းမင်းဆက်မှာ သက်တမ်း နှစ်သောင်းချီ ရှိနေပြီဖြစ်တဲ့ အစောင့်အရှောက် နတ်သားရဲကြီး တစ်ကောင် ရှိတယ်တဲ့။ အမှားတစ်ခု လုပ်မိလို့ ကျင့်စဉ်နိမ့်ကျသွားပေမဲ့ ပင်လယ်ဖုံးလွှမ်းနယ်ပယ် အထွတ်အထိပ်မှာ ရှိနေတုန်းပဲ။ အားကုန်သုံးရင် လရောင်ထွန်းလင်းနယ်ပယ်က ကြီးမြတ်သူတွေကိုတောင် တိုက်ခိုက်နိုင်တယ်။

နောက်တော့ မဟာကျင်းမင်းဆက် တည်ငြိမ်ပြီး အင်အားကြီးလာတော့ အစောင့်အရှောက်သားရဲက အနားယူပြီး မဟာကျင်းတော်ဝင်မိသားစုရဲ့ ဘိုးဘေးနေအိမ်မှာ ပုန်းအောင်းပြီး အနားယူနေခဲ့တယ်။ ချင်းမိသားစုနေအိမ်ကို စောင့်ကြပ်ရင်းနဲ့ပေါ့။

ဝူတျဲ နောက်လှည့်ကြည့်လိုက်ရာ ခြံဝင်းတံခါးဝတွင် ရှေးဟောင်း စာလုံးတစ်လုံး ထွင်းထုထားသည်ကို တွေ့လိုက်ရသည်။

[ချင်း ]

ဧကရီနှင့် စုချင်ချိုးတို့၏ ဖော်ပြ၍မရသော မျက်နှာများကို ပြန်တွေးလိုက်မိရာ...

“ဝန်ကြီးမုန့် လမ်းလျှောက်ခေါ်လာတဲ့ ခွေးက မဟာကျင်းရဲ့ အစောင့်အရှောက် နတ်သားရဲကြီး ဖြစ်နေမလား...”

ဝူတျဲ၏ ပါးစပ်မှာ ကြက်ဥတစ်လုံး ဝင်ဆံ့နိုင်လောက်အောင် ဟသွားသည်။

ရုတ်တရက်...

ရှေ့မှသွားနေသော ဝါကြီးက ခေါင်းကို ရုတ်ခြည်းလှည့်ပြီး ဝူတျဲကို မျက်စိတစ်ဖက် မှိတ်ပြကာ နှာခေါင်းပေါက်ထဲမှ မီးတန်းနှစ်ခု မှုတ်ထုတ်လိုက်သည်။

“တကယ်ကြီးပဲ...”

“...”

“အို့...”

ဝူတျဲမှာ ခြေလှမ်းမှားကာ ရှေ့သို့ ယိုင်လဲသွားတော့သည်။

အဓိပ္ပာယ်မရှိတာ။ လုံးဝ အဓိပ္ပာယ် မရှိတာပဲ။

ဝူတျဲက ပုံရိပ်ယောင်ထဲ ရောက်သွားသည်ဟု ထင်လိုက်မိသည်။

ထို့နောက် မုန့်ချင်ကျိုး၏ အသံက သူ့ကို တကယ့်လက်တွေ့သို့ ပြန်ခေါ်လာခဲ့သည်။

“အဆင်ပြေရဲ့လား။”

“ဘာမှမဖြစ်ပါဘူး။” ဝူတျဲ အမြန်ထပြီး ဖုန်ခါကာ မုန့်ချင်ကျိုးအပေါ် အမြင်များ ပြောင်းသွားခဲ့သည်။

ဒီလူက သေချာ‌ပေါက် မရိုးရှင်းဘူး။ သူ့ရဲ့ ဇနီးက ဧကရီ၊ သူ့ရဲ့ အစေခံက အေးစက်ပြီးတော့ လှပတဲ့ ဓားနတ်ဘုရားမ၊ ပြီး‌တော့ သူက အစောင့်အရှေက် သားရဲနဲ့တောင် လမ်းလျှောက်ထွက်နေသေးတယ်။

သူ့တွင် ကျင့်ကြံခြင်းနှင့် နောက်ခံမဟု ပြောရှိလျှင် ဝူတျဲကိုယ်တိုင်ပင် ယုံကြည်မည် မဟုတ်ပေ။

ထိုအချိန်တွင်…

စစ်သူကြီး ချင်းဖုန်းဟော်က မည်သူမှ သတိမထားမိဘဲ ပြန်ရောက်လာခဲ့သည်။

“သစ္စာမရှိလိုက်တာ၊ သစ္စာမရှိတဲ့ကောင်တွေ...”

“မုန့်ချင်ကျိုး ခန့်မှန်ထားတဲ့အတိုင်း မဟာကျင်းက ပြည်နယ်တွေနဲ့ တိုင်းပြည်တွေထဲက အရာရှိ တဝက်လောက် ကျောက်ယွီဟွမ်ကို သစ္စာခံထားကြတယ်...”

“ငါတို့တွေ ခပ်စောစော ရှာတွေ့သွားလို့ တော်သေးတာပေါ့။ မဟုတ်ရင် အကျိုးဆက်တွေက စိတ်ကူးလို့ မရနိုင်အောင်ပဲ...”

ချင်းဖုန်းဟော်က စိတ်သက်သာရာ ရသွားခဲ့သည်။ ပညာရှိ မုန့်ချင်ကျိုးကြောင့်သာ မဟုတ်လျှင် သူတို့က အဆိပ်ပင် ရေလောင်းနေသလို ဖြစ်နေလိမ့်မည်။

အခြားသူများ မည်သို့တွေးနေပါစေ၊ ယခုတွင် ချင်းဖုန်း‌ဟော်ကတော့ မုန့်ချင်းကျိုးသည် ပညာရှင် ဖြစ်ကြောင်း အသေအချာ ယုံကြည်သွားပြီ ဖြစ်သည်။

သူ့စိတ်ထဲတွင် မုန့်ချင်ကျိုး၏ အဆင့်အတန်းက ဧကရီပြီးလျှင် ဒုတိယအထိ မြင့်တက်သွား၏။

ပင်ပန်းနေသော ချင်းဖုန်းဟော်က အိမ်သို့ ပြန်ရောက်ပြီးနောက် ကုလားထိုင်ပေါ် လှဲရင်း အော်ပြောလိုက်သည်။

“တစ်ယောက်ယောင်၊ မင်နဲ့ စုတ်တံ ယူလာခဲ့...”

သုံးရက်တိုင်တိုင် ချင်းဖုန်းဟော်သည် နံနက်ခင်းအလင်း နယ်ပယ်တစ်ပိုင်း ကျင့်ကြံခြင်းအဆင့်ကို အားကိုးပြီး ကီလိုမီတာ သောင်းနှင့်ချီ သိန်းနှင့်ချီ ခရီးသွားခဲ့ပြီး ပြည်နယ်ကြီး အများအပြားကို ဖြတ်ကျော်ခဲ့သည်။

သူက ပုန်ကန်သော အရာရှိ ငါးထောင်ကျော်ကို ဖမ်းဆီးခဲ့ပြီး နှစ်ထောင်ကျော်ကို ကိုယ်တိုင် ကွက်မျက်ကာ စုစုပေါင်း ခုနစ်ထောင်နီးပါး ဖြစ်သွားခဲ့သည်။

ထိုကဲ့သို့ အရေအတွက်က ချင်းဖုန်းဟော်ကို ချွေးစေးများ ပြန်သွားစေသည်။ သူက အလျင်အမြန်ပင် စုတ်တံကို ကောက်ယူပြီး လွန်ခဲ့သော နေ့ရက်များကို ဧကရီထံ အစီအရင်ခံရန် အကျဉ်းချုပ် ရေးသားတော့သည်။

ကျောက်ယွီဟွမ်ကို အထင်မသေးသင့်ပေ။ ထိုသစ္စာဖောက် ဝံပုလွေတွင် လောကကြီးကို ဝါမျိုချင်သော ရည်မှန်းချက်များ ရှိနေ၏။

“ဒါက အရှင်မဆီ ပေးပို့လိုက်...” ချင်းဖုန်း‌ဟော်က ထိုသို့ ပြောလိုက်ပြီး စာရွက်ကိုခေါက်ကာ ယုံကြည်ရသော လူယုံ တစ်ယောက်ကို ကမ်းပေးလိုက်သည်။

“အမိန့်အတိုင်းပါ...” လူယုံက အမှောင်ထုထဲ တိတ်တိတ်လေး ပျောက်ကွယ်သွား၏။

ထို့နောက်မှသာ ချင်းဖုန်းဟော် သက်ပြင်းချနိုင်တော့သည်။

“သတ်တာတွေ၊ တိုက်ခိုက်တာတွေတော့ လုပ်ပြီးသွားပြီ။ ကျန်တာကတော့ ကျန်းစန်းဟိုင် တာဝန်ပဲ...”

ချင်းဖုန်းဟော်က အားရပါးရ ရယ်လိုက်ပြီး တံခါးကို ဆွဲဖွင့်လိုက်သည်။

သူက မုန့်ချင်ကျိုးထံ သွားလည်ပြီး ကျောက်ယွီဟွမ်ကို အနိုင်ယူရန် ပညာရှိထံမှ ‌ဟောကိန်းများ ရနိုင်မလား သိချင်နေခဲ့သည်။

သာမန်အဝတ်အစားများ လဲပြီးနောက် ချင်းဖုန်းဟော်က လမ်းမများပေါ်တွင် လျှောက်သွားနေစဉ် သက်ရှိငရဲမင်း နှင့် ဧကရီရဲ့ချစ်သူ ဆိုသော သတင်းများကို ကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်သွား၏။

“မင်း...လာခဲ့စမ်း။” ချင်းဖုန်းဟော် သံသယ ဖြစ်လာပြီး အနီးအနားမှ ဖြတ်သွားသူတစ်ယောက်ကို ဆွဲကိုင်ကာ မေးလိုက်သည်။

“ဧကရီရဲ့ချစ်သူ နဲ့ သက်ရှိငရဲမင်း အသစ်ဆိုတာက ဘာကို ပြောတာလဲ...”

လခွမ်း...ငါက သုံးရက်ပဲ ပျောက်သွားတာ၊ သုံးနှစ်ကြာသလို ခံစားလိုက်ရတယ်။

ဘယ်ကောင်လေးချောချောကများ သတ္တိကောင်းကောင်းနဲ့ ဧကရီကို ဖြားယောင်းပြီး ဧကရီနဲ့ ဧကရီ့ကြင်ရာတော် ကြားက ဆက်ဆံရေးကို ဖျက်ဆီးရဲတာလဲ။

ဧကရီရဲ့ကြင်ရာတော် ဒေါသထွက်သွားပြီး ဟောကိန်းတွေ ဆက်မဟောပေးတော့ရင် ငါတို့ ဘယ်လို လုပ်ကြမလဲ။

“ကျွန်တော်လည်း သိပ်မသိဘူး။ ကျွန်တော် ကြားတာက...” လမ်းသွားလမ်းလာက စကားထစ်နေပြီး ချင်းဖုန်းဟော်က မမှတ်မိသော်လည်း အရှိန်အဝါကြောင့် ကြောက်လန့်သွားပြီး သိထားသမျှကို အမှန်အတိုင်း ထုတ်ပြောတော့သည်။

ချင်းဖုန်းဟော် မျက်မှောင်ကြုတ်လိုက်ပြီး ကြောက်လန့်နေသော လမ်းသွားလမ်းလာကို လွှတ်ပေးလိုက်သည်။ “သွားတော့။ ဧကရီကို အတင်းအဖျင်းတွေပြောတာ ထပ်ကြားရင် မင်းကို ခေါင်းဖြတ်ပစ်မယ်...”

“ဟုတ်..ဟုတ်ကဲ့ပါ။” လမ်းသွားလမ်းလာက စကားတစ်လုံးမှ မပြောရဲဘဲ စိတ်ထဲ၌ ကျိန်ဆဲကာ ထွက်ပြေး သွားတော့သည်။

ချင်းဖုန်းဟော်က နေရာတွင်သာ ရပ်နေပြီး အတွေးနက်နေ၏။

“ဧကရီက မျက်မမြင်တွေကို သဘောကျတာလား...” ချင်းဖုန်းဟော် ရေရွတ်လိုက်သည်။ “အနာဂတ်ကို မြင်နိုင်တဲ့ မျက်မမြင် မုန့်ချင်း...”

“မဖြစ်ဘူး။ ဧကရီနဲ့ ကြင်ရာတော်ကြားက ဆက်ဆံရေးကို ဘယ်သူမှ နှောင့်ယှက်လို့ မဖြစ်ဘူး။ ဒါကို မှန်အောင် ပြင်ပေးရမယ်။”

အနာဂတ်ကို မြင်တာက ဘာထူးလို့လဲ။ အလွန်ဆုံး သူက အဆင့်မြင့် ဗေဒင်စရာပဲ။

ပညာရှိနဲ့ယှဉ်ရင် ဘာမှ မဟုတ်ဘူး။

ဧကရီရဲ့ ကြင်ရာတော်က မဟာကျင်းမင်းဆက်ထဲမှာ ရှိနေသရွေ့ တိုင်းပြည်ကို ပေါင်းစည်းဖို့က အိပ်မက်တစ်ခု မဟုတ်တော့ဘူး။

“စိတ်ချလိုက်။ လူမြင်ကွင်းမှာတော့ ဧကရီက ဧကရီ၊ ဝန်ကြီးက ဝန်ကြီးပဲ။ အတွင်းထဲမှာတော့ ငါက တုန်းဖန်လျူလီရဲ့ ဦးလေးပဲ...”

“ချင်ကျိုး၊ စိတ်မပူနဲ့။ မင်းရဲ့ဦးလေး ဂရုစိုက်ပေးမယ်...”

ချင်းဖုန်းဟော်က ခေါင်းမော့ထားပြီး တုန်းဖန်လျူလီနှင့် စကားပြောရန် သွားတွေ့တော့မြင် အချိန်တွင် ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

“ဧက...ချင်ကျိုး...” ချင်းဖုန်းဟော်က အသံကျယ်ကျယ်နှင့် အော်ပြောလိုက်သည်။

မနီးမဝေးတွင်...

မုန့်ချင်ကျိုးက ဝါကြီး၏ လည်ပတ်ကြိုးကို ကိုင်ထားရင်း တိုက်တွန်းနေသည်။

“မြန်မြန်လုပ်။ ငါတို့လမ်းလျှောက်တာ နေ့တစ်ဝက် ရှိနေပြီ။ အီးပါရမယ့် နေရာကောင်း မတွေ့သေးဘူးလား။”

စိတ်ကုန်နေသော နေမင်းအရှင်သခင်မှာ လမ်းဘေးတွင် ထိုင်ပြီး အညစ်အကြေး မစွန့်ထုတ်နိုင်ပေ။

“မြန်မြန်လုပ်...” မုန့်ချင်ကျိုး ငေါက်လိုက်သည်။

နေမင်းအရှင်သခင်က သက်ပြင်းချပြီး အနီးအနားတွင် လူရင်းများ မရှိကြောင်း တွေးမိလိုက်သည်။ စုချင်ချိုးက ငယ်သေးသည်။ သုံးလေးရက်ကြာလျှင် မေ့သွားနိုင်၏။

ဝူတျဲကိုတော့ သူက အခွင့်အရေးရှာပြီး ဝါးမျိုလိုက်ပေမည်။ မုန့်ချင်ကျိုး စိတ်ထဲထားမည် မဟုတ်ပေ။ သူက မိမိ၏ သရုပ်မှန်ကို မသိသေးပေ။

ထိုသို့တွေးပြီးနောက် နေမင်းအရှင်သခင်က သစ်ပင်တစ်ပင်ဆီသို့ ခြေထောက်ကို မြှောက်လိုက်တော့သည်...

ထိုအချိန်မှာပင်...

“ချင်ကျိုး ...”

ထိုအသံကို ကြားလိုက်ရသောအခါ နေမင်းအရှင်သခင်က နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရ၏။

သွားပြီ။

အားလုံးသွားပြီ။

တစ်သက်လုံး တည်ဆောက်လာခဲ့တဲ့ ဂုဏ်သိက္ခာတွေတော့ စုံးစုံးမြုပ်ပါပြီ။

ထိုအချိန်တွင် ရပ်၍ မရ‌တော့၊ ပြီးသည်အထိသာ တိတ်တိတ်လေး စောင့်နေနိုင်တော့သည်။

ထို့နောက်တွင်...

နေမင်းအရှင်သခင်က ခန္ဓာကိုယ်ကို လှုပ်ခါပြီး ခြေထောက်ကို ပြန်ချလိုက်သည်။ သို့သော်လည်း သူ၏ မျက်လုံးများက အရောင်မရှိတော့ပေ။ ဘဝကြီးကို နားလည်သွားသော ဗုဒ္ဓတစ်ပါးလို ဖြစ်နေပြီး လန့်နေသော ချင်းဖုန်းဟော်ကို တည်တည်ငြိမ်ငြိမ်ပင် ပြန်ကြည့်လိုက်လေသည်။

“နေမင်း... ခင်ဗျား ...” ချင်းဖုန်းဟော်မှာ ဆွံ့အသွားပြီး ဘာပြောရမှန်း မသိတော့ပေ။

နိုင်ငံတော်ရဲ့ ကျက်သရေဆောင် နေမင်းအရှင်သခင်က လမ်းဘေးမှာ ခွေးတစ်ကောင်လို ထိုင်ပြီး သစ်ပင်ကို အမှတ်အသား လုပ်နေတယ်တဲ့လား။

ကြောက်စရာပဲ။ လောကကြီး အဆုံးသတ်တော့မှာလား။

ချင်းဖုန်းဟော်က စိတ်ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုပင် သံသယ ရှိနေခဲ့သည်။

နေမင်းအရှင်သခင်က ချင်းဖုန်းဟော်ကို မသိချင်ယောင်ဆောင်ပြီး ပြန်ကြည့်လိုက်သည်။

ငါ့ရဲ့ နက်မှောင်တဲ့ သမိုင်းကြောင်းကို မင်း မြင်လိုက်တဲ့အချိန်မှာပဲ ငါတို့ရဲ့ နှစ်ရှည်လများ ခင်မင်ရင်းနှီးမှုက ပြတ်စဲသွားခဲ့ပြီ။

“ထွက်သွားစမ်း.. မီးအရှင်သခင်”

All Chapters