ဆုလာဘ်များ ပေါက်ကွဲထွက်ခြင်း၊ ပင်လယ်ဖုံးလွှမ်းနယ်ပယ် နှောင်းပိုင်း
Vol. 2 Ch. 18
“နေမင်းအရှင်သခင်လား ...”
ချင်းဖုန်းဟော်၏ နှုတ်ခမ်းများမှာ အနည်းငယ် လှုပ်ရှားသွားပြီး အသံလှိုင်းဖြင့် တိုးတိုးလေး မေးမြန်းလိုက်သည်။
ဝါကြီးမှာမူ နားမကြား၊ ငအတစ်ယောက်ကဲ့သို့ ဟန်ဆောင်နေပြီး သူ့ကို မသိသလို၊ စကားလည်း မပြောချင်သလို နေနေလေသည်။
“တကယ်ကြီးပဲကိုး ...”
ချင်းဖုန်းဟော်မှာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရ၏။ ဝါကြီး၏ ဂုဏ်ယူဝင့်ကြွားနေပြီး ရှက်ကိုးရှက်ကန်း ဖြစ်နေသော မျက်နှာပေးကို မြင်ရုံနှင့်ပင် ဤခွေးမှာ နေမင်းအရှင်သခင် ဖြစ်ကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။
သူ မှင်တက်နေစဉ်မှာပင် ...
မုန့်ချင်ကျိုးက ခွေးလည်ပတ်ကြိုးကို ဆွဲကာ ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ သူက ဤအားရပါးရရှိပြီး ရဲရင့်လှသော အသံကို အလွန်ပင် ရင်းနှီးနေသဖြင့် အံ့အားသင့်စွာဖြင့် လှမ်းအော်လိုက်သည်။
“ပန်းပဲဆရာကြီး။ ခင်ဗျားက ရွာမှာ ရှိနေတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး မြို့တော်ကို ရောက်လာတာလဲ...”
ချင်းဖုန်းဟော်၏မျက်နှာ တစ်ချက် တွန့်သွား၏။ သူက ပစ္စုပ္ပန်ရွာတွင် ပန်းပဲဆရာအဖြစ် သရုပ်ဆောင် ခဲ့ဖူးသည်ကို ရုတ်တရက် သတိရသွားသည်။ မုန့်ချင်ကျိုးမှာ နိုင်ငံတော်၏မဏ္ဍိုင်တိုင်ကြီး စစ်သူကြီးကို မသိဘဲ၊ ပန်းပဲဖိုမှ ပန်းပဲဆရာ ချင်းစန်းဟော်ကိုသာ သိခြင်း ဖြစ်သည်။
“ငါ ... အဲ ... မြို့တော်ကို ဆွေမျိုးတွေဆီ လာလည်တာပါ...”
ချင်းဖုန်းဟော်က ခြောက်ကပ်ကပ် ရယ်မောရင်း ပြောလိုက်သည်။
တစ်ရပ်တစ်ကျေးတွင် သူငယ်ချင်းဟောင်းနှင့် ဆုံရခြင်းက အပျော်ဆုံး အရာပင်။ မုန့်ချင်ကျိုးက ချင်းဖုန်းဟော်၏ ပခုံးကို ဖက်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။
“လာပါ၊ ကျုပ် ခင်ဗျားကို အရက်တိုက်ပါ့မယ်။ မမူးမချင်း အိမ်မပြန်ကြေးနော်...”
ချင်းဖုန်းဟော်မှာ ဘေးရှိ ဝါကြီးကို ခိုးခိုးကြည့်ရင်း မရေမရာ ပြန်ဖြေနေရရှာသည်။
ထိတ်လန့်မှုမှ မရုန်းထွက်နိုင်သေးသော ဝူတျဲမှာ နောက်လှည့်ကြည့်လိုက်ရာ မုန့်ချင်ကျိုးနှင့် နိုင်ငံတော်၏ မဏ္ဍိုင်တိုင်ကြီး စစ်သူကြီးတို့မှာ တစ်ယောက်ပခုံး တစ်ယောက်ဖက်ကာ ပျော်ရွှင်စွာ စကားပြောနေကြသည်ကို တွေ့လိုက်ရသဖြင့် တစ်ကိုယ်လုံး ထုံကျင်သွားတော့သည်။
မဟာကျင်း၏ အထက်မြက်ဆုံး ဓားသွားအဖြစ် လူသိများပြီး၊ တိုင်းပြည်ပေါင်း ခြောက်ခုကို တစ်ဦးတည်း လက်ချက်ဖြင့် ချေမှုန်းခဲ့ကာ၊ တိုက်ပွဲတစ်ခုတည်းတွင် လရောင်ထွန်းလင်းနယ်ပယ် အဆင့်မြင့်ပိုင်း ဘိုးဘေးကြီး သုံးဦးကို ကွပ်မျက်ပြီး မဟာကျင်းမင်းဆက်၏ လက်ရှိ နယ်နိမိတ်ကို တည်ထောင်ပေးခဲ့သူ…
မဟာကျင်းမင်းဆက်တွင် အင်အားအကြီးဆုံးဟု ယူဆရပြီး ဧကရီကိုယ်တိုင်ပင် အလေးအမြတ်ထားရသော ချင်းဖုန်းဟော်က မုန့်ချင်ကျိုး၏ ရှေ့တွင် အဘယ်ကြောင့် ဤမျှ နှိမ့်ချပြီး သတိကြီးစွာ ထားနေရသနည်း။
ဝူတျဲမှာ ကြောင်အမ်းအမ်း ဖြစ်နေပြီး မိမိဘာသာ ရေရွတ်မိသည်။
“စိတ်ချောက်ခြားနေတာပဲ၊ ငါ စိတ်ချောက်ခြားနေတာ ဖြစ်ရမယ်...”
“သခင်လေး...”
စုချင်ချိုးက မုန့်ချင်ကျိုး၏ အင်္ကျီလက်ကို ဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။
“ဧကရီရဲ့ မွေးနေ့ပွဲအတွက် ပြင်ဆင်စရာတွေ ရှိနေတယ် မဟုတ်လား...”
မုန့်ချင်ကျိုးက နဖူးကို ရိုက်လိုက်ပြီး ပြောလိုက်သည်။
“ကျုပ် မေ့သွားတယ်။ ဒီနေ့တော့ အဆင်မပြေတော့ဘူး။ အစ်ကိုကြီးချင်း၊ နောက်ရက်မှ ပြန်ဆုံကြတာပေါ့...”
စကားအဆုံးတွင် မုန့်ချင်ကျိုးက ခွေးလည်ပိတ်ကြိုးကို ဆွဲကာ အိမ်ပြန်ရန် ပြင်လိုက်သည်။
“ချင်ကျိုး၊ နေဦး ...”
ချင်းဖုန်းဟော်က အရေးကြီးသော ကိစ္စကို သတိရသွားပြီး အမြန်ပင် ပြောလိုက်သည်။
“ငါ မေးချင်တာလေး တစ်ခု ရှိလို့ပါ။ မင်းနဲ့ မင်းရဲ့ဇနီး ဒီရက်ပိုင်း အဆင်ပြေကြရဲ့လား...”
ဤကိစ္စကို မေးရသည်မှာ ချင်းဖုန်းဟော်အတွက် အလွန်ပင် နေရခက်လှ၏။
မင်းရဲ့ ဇနီးဟုတ်လား ... တုန်းဖန်လျူလီကို ပြောတာလား...
မုန့်ချင်ကျိုးက မေးစေ့ကို ပွတ်သပ်ကာ ခေတ္တ စဉ်းစားပြီးမှ ပြောလိုက်သည်။
“ပြေပါတယ်။ ဒါပေမဲ့ နန်းတွင်းမှာ ပြဿနာရှာနေတဲ့ လူယုတ်မာ တစ်ယောက်ကြောင့် ကျုပ်ဇနီး ပိုပြီး အလုပ်ရှုပ်နေရတယ်...”
မှန်ပေသည်။ သူ ပြောနေသည်မှာ ရှုဘုရင် ကျောက်ယွီဟွမ်ကို ဆိုလိုခြင်း ဖြစ်သည်။ သူတို့မှာ ဟန်ဆောင် လင်မယားများသာ ဖြစ်သော်လည်း တုန်းဖန်လျူလီက သူ့ကို အမြဲ ဂရုစိုက်ပေးခဲ့သည်။ မုန့်ချင်ကျိုးမှာ အသည်းနှလုံး မရှိသူ မဟုတ်သဖြင့် ထိုအရာကို သဘာဝအတိုင်းပင် နားလည်ထား၏။ တုန်းဖန်လျူလီက ဧကရီအတွက် အလုပ်လုပ်ပေးနေသူ ဖြစ်ရာ၊ သူ အလုပ်ရှုပ်နေခြင်းမှာ ကျောက်ယွီဟွမ်၏ ပုန်ကန်မှုနှင့် ဆက်စပ်နေမည်မှာ သေချာသည်။
လူတစ်ယောက်ကို ချစ်လျှင် သူနှင့် ပတ်သက်သမျှကိုပါ ချစ်ရသည် မဟုတ်ပါလား။ ထို့ကြောင့် သူက ရှုဘုရင် အပေါ်တွင် မကျေမနပ် ဖြစ်နေခြင်း ဖြစ်သည်။
ချင်းဖုန်းဟော်မှာ ထိတ်လန့်သွားပြီး တွေးလိုက်မိသည်။
ထင်တဲ့အတိုင်းပဲ..
နန်းတွင်းမှာ ပြဿနာရှာနေတဲ့ လူယုတ်မာကြောင့် ဧကရီ ပိုအလုပ်ရှုပ်နေရတယ် ဟုတ်လား။ ဒါ မြေခွေး တစ်ကောင်က ဧကရီကို ဖြားယောင်းနေတယ်လို့ ဆိုလိုတာ မဟုတ်လား။
ဧကရီနဲ့ ဧကရီ့ကြင်ရာတော်တို့ကြားမှာ အဖုအထစ်တွေ ရှိနေပြီပဲ။
အဲဒီသေနာ မုန့်ချင်းဆိုတဲ့ကောင်ကြောင့် ဖြစ်မှာသေချာတယ်။
တကယ်လို့ ဧကရီ့ကြင်ရာတော်သာ သာမန်လူတစ်ယောက် ဖြစ်နေရင် ဧကရီက ဘယ်နှစ်ယောက်ပဲ ထပ်ယူယူ ကိစ္စမရှိဘူး။
ဒါပေမဲ့ ကံဆိုးတာက ဧကရီ့ကြင်ရာတော်က ပညာရှိတစ်ပါး ဖြစ်နေတာပဲ။
“စိတ်မပူပါနဲ့၊ ငါ အားလုံး ရှင်းပေးပါ့မယ်...”
ချင်းဖုန်းဟော်က လေးနက်စွာ ပြောလိုက်ပြီး မုန့်ချင်ကျိုး၏ ပခုံးကို ပုတ်ကာ လူအုပ်ထဲသို့ ပျောက်ကွယ် သွားတော့သည်။
မုန့်ချင်ကျိုးမှာ ကြောင်တောင်တောင်ဖြင့် လေထဲတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့ကာ အတော်ကြာအောင် ဇဝေဇဝါ ဖြစ်နေမိသည်။ ထို့နောက် သူက စုချင်ချိုးဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ပန်းပဲဆရာကြီးက ဘာကို ဆိုလိုတာလဲ။ သူက ငါ့အတွက် ဘာကို ရှင်းပေးမယ်လို့ ပြောတာလဲ...”
စုချင်ချိုးက ပခုံးတွန့်ကာ ပြန်ပြောလိုက်သည်။
“ကျွန်မလည်း မသိဘူး...”
ထိုအချိန်တွင်။
စနစ်၏ အချက်ပေးသံမှာ မုန့်ချင်ကျိုး၏ နားထဲတွင် မြည်ဟည်းသွားသဖြင့် သူ နေရာမှာတင် မှင်တက် သွားတော့သည်။
[ တွီ။ ကောင်းကင်ဘုံ၏ ရွေးချယ်ခံ ဇာတ်လိုက် ကျောက်ကော်ကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သဖြင့် သူ၏ ကံကြမ္မာတန်ဖိုး ၈၀၀ လျော့နည်းသွားပါသည် ]
[ ဇာတ်လိုက် ကျောက်ကော်၊ ကံကြမ္မာတန်ဖိုး ၃၅၀၀ - ၈၀၀ = ၂၇၀၀ ]
[ ဆုလာဘ် (၁) နတ်ဘုရားအဆင့် အန္တိမကျင့်စဉ် - အသက်တစ်ရှိုက်သုံးပါးသန့်စင် ]
(ကျင့်စဉ်၊ ခန္ဓာကိုယ်၊ လက်နက် စသည်တို့၏ အဆင့်အတန်းများ ဝါ၊ နက်၊ မြေ၊ မိုး၊ မသေမျိုး၊ ဧကရာဇ်၊ မဟာဧကရာဇ်၊ အန္တိမ ... )
[ဆုလာဘ် (၂) (၁၀) နှစ်စာ အတွေ့အကြုံ (မျက်မမြင် ဓားသူတော်စင်သည် မျက်စိကွယ်နေသည့် သက်တမ်း ကြာမြင့်လေလေ ပိုမို အစွမ်းထက်လေ ဖြစ်သည်။ လက်ခံသူသည် မျက်စိကွယ်ခဲ့သည်မှာ ၃နှစ် ရှိပြီ ဖြစ်ရာ ဤဆုလာဘ်သည် ၁၀နှစ်စာ အတွေ့အကြုံကို အလိုအလျောက် ပေါင်းထည့်ပေးမည် ဖြစ်သည်)]
ခဏချင်းမှာပင် မုန့်ချင်ကျိုးက မိမိခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ ဆူပွက်လာပြီး ဒီရေလှိုင်းများကဲ့သို့ တိုးဝှေ့လာသည်ကို ခံစားလိုက်ရသည်။
ချက်အောက် သုံးလက်မခန့်ရှိ ဒန်တျန်အတွင်းတွင် ဝိညာဉ်စွမ်းအင် ဝဲဂယက်တစ်ခု ပေါက်ကွဲထွက်သွားပြီး ဝိညာဉ်စွမ်းအင် ပင်လယ်ပြင်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဝိညာဉ်စွမ်းအင်များ ပင်လယ်အသွင် ပြောင်းသွားခြင်းက ပင်လယ်ဖုံးလွှမ်းနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ အမှတ်အသားပင် ဖြစ်၏။
တစ်ချိန်တည်းမှာပင် ပင်လယ်ဖုံးလွှမ်း ဆိုသည်မှာ ထိုနယ်ပယ်ရှိ ကျင့်ကြံသူတစ်ဦးသည် တောင်များကို ရွှေ့ပြောင်းနိုင်ပြီး ပင်လယ်များကို မှောက်လှန်နိုင်သော စွမ်းအားရှိသည်ကို ဆိုလိုခြင်း ဖြစ်သည်။
စနစ်ကြောင့် မုန့်ချင်ကျိုးက လှုပ်ရှားမှု မပြုသရွေ့ ကောင်းကင်ထောက်တိုင်နယ်ပယ်ကျွမ်းကျင်သူတစ်ဦးပင်လျှင် သူ၏ ကျင့်ကြံမှုအဆင့်ကို ထိုးဖောက် မြင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် စည်ကားလှသော လမ်းမပေါ်တွင် ရပ်နေသော်လည်း မည်သူမှ ထူးခြားမှုကို သတိမထားမိကြချေ။
အဆင့်တက်သွားပါပြီ။ တောင်ရွှေ့နယ်ပယ် အလယ်အလတ်အဆင့်...
အဆင့်တက်သွားပါပြီ။ တောင်ရွှေ့နယ်ပယ် အဆင့်မြင့်ပိုင်း...
အဆင့်တက်သွားပါပြီ။ တောင်ရွှေ့နယ်ပယ် အထွတ်အထိပ်...
အဆင့်တက်သွားပါပြီ။ ပင်လယ်ဖုံးလွှမ်းနယ်ပယ်တစ်ပိုင်း...
အဆင့်တက်သွားပါပြီ။ ပင်လယ်ဖုံးလွှမ်းနယ်ပယ် အစောပိုင်းအဆင့်......
အဆင့်တက်သွားပါပြီ။ ပင်လယ်ဖုံးလွှမ်းနယ်ပယ် အဆင့်မြင့်ပိုင်း...
အတော်ကြာပြီးနောက် မုန့်ချင်ကျိုးက အနက်ရောင် ပိုးသားပတ်ထားသော မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ ဗလာဖြစ်နေသော မျက်လုံးသူငယ်အိမ်၏ နက်ရှိုင်းသော နေရာတွင် စူးရှလှသော ဓားအသိများ လှိုင်းထနေတော့သည်။
သူ၏ ကျင့်ကြံမှု နယ်ပယ်မှာ ပင်လယ်ဖုံးလွှမ်းနယ်ပယ် အဆင့်မြင့်ပိုင်းတွင် တည်ငြိမ်သွားခဲ့သည်။ အကယ်၍ အခြေခံ မခိုင်မာမည်ကို မစိုးရိမ်ပါက သူသည် ပင်လယ်ဖုံးလွှမ်းနယ်ပယ် အထွတ်အထိပ်သို့ တစ်ရှိန်ထိုး ထိုးဖောက်သွားနိုင်မည် ဖြစ်သည်။
ယခုအချိန်တွင် မုန့်ချင်ကျိုးသည် လက်ညှိုးတစ်ချက်တည်းဖြင့် ကောင်းကင်ကို ထိုးဖောက်နိုင်ပြီး ဓားတစ်လက်တည်းဖြင့် ရန်သူအားလုံးကို သုတ်သင်နိုင်သည်ဟု ခံစားနေရသည်။ သို့သော် ဤသည်မှာ ရုတ်တရက် အားအင်များ တိုးပွားလာခြင်းကြောင့် ဖြစ်ပေါ်လာသော ခံစားချက်သာ ဖြစ်သည်။
သို့သော်လည်း လရောင်ထွန်းလင်းနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးကို တိုက်ခိုက်ပြီး သတ်ဖြတ်ရန်မှာမူ သူ့အတွက် ခက်ခဲမည် မဟုတ်ပေ။ လရောင်ထွန်းလင်းနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူနှင့် ဆိုလျှင်ပင် ပြန်လည်သတ်ဖြတ်နိုင်ရန် သုံးပုံတစ်ပုံ အခွင့်အရေး ရှိနေသည်။
“ဒီဆုလာဘ်က အရမ်းကို ရက်ရောလွန်းတယ်...”
မုန့်ချင်ကျိုး မယုံနိုင်အောင် ဖြစ်နေမိသည်။ ဇာတ်လိုက် ကျောက်ကော်ကို မည်သူက နှိမ်နင်းနေသည်ဖြစ်စေ၊ ထိုသူမှာ စိတ်ကောင်းရှိသော နှောင့်ယှက်သူတစ်ဦး ဖြစ်ရမည်ဟု မုန့်ချင်ကျိုး တွေးလိုက်သည်။ အကယ်၍သာ ဆုံဖြစ်ခဲ့လျှင် သူသည် ထိုသူနှင့် အတူ အရက်သောက်ပြီး ကျေးဇူးတင်စကား ပြောမည်မှာ သေချာသည်။
သို့သော် ဤဆုလာဘ်တစ်ခုတည်းက သူ မျက်စိကွယ်နေခဲ့သည့် ၃နှစ်အတွင်း ရရှိခဲ့သမျှ ဆုလာဘ်အားလုံး ပေါင်းသည်ထက်ပင် သာလွန်နေသေးသည်။ ထို့ကြောင့် မုန့်ချင်ကျိုးက နိဂုံးချုပ်လိုက်သည်။ စနစ်သည် သူ့ကို ဇာတ်လိုက် ကျောက်ကော်အား ပစ်မှတ်ထားရန် သွေးဆောင်နေခြင်း ဖြစ်သည်။
“ဘာလို့ ဒုက္ခရှာရမှာလဲ။ ငါ့မှာ ကျောက်ကော်နဲ့ ရန်ငြိုးမရှိပါဘူး။ ဘာလို့ အသေအလဲ တိုက်နေရမှာလဲ...”
မုန့်ချင်ကျိုးက သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ဆုလာဘ်များကို သေချာစွာ စစ်ဆေးကြည့်လိုက်သည်။
“နတ်ဘုရားအဆင့် ကျင့်စဉ်.. အသက်တစ်ရှိုက်သုံးပါးသန့်စင်။ ဒါက တာအိုဘိုးဘေးရဲ့ ကျင့်စဉ်ပဲ..”
မုန့်ချင်ကျိုး၏ ဦးရေပြားများပင် ရှိန်းတိန်းရှိန်းတိန်း ဖြစ်သွားရသည်။
ဒဏ္ဍာရီလာခေတ်မှ သုံးပါးသန့်စင် တာအိုဘိုးဘေး၏ ကျင့်စဉ်က အချိန်နှင့် နေရာလွတ် ဓားအသိထက် မနိမ့်ကျသော ဘုရားပေး အခွင့်အရေးပင်။
“ဘယ်သူကများ ကျောက်ကော်ရဲ့ ကံကြမ္မာတန်ဖိုးကို ၈၀၀တောင် တစ်ခါတည်း လျော့ကျအောင် လုပ်လိုက်တာလဲ။ ပြီးတော့ ဒီကျောက်ကော်က ... ရတနာသိုက်ကြီးလိုပဲ...”
မုန့်ချင်ကျိုး စိတ်ဝင်စားသွားသည်။ မည်မျှပင် ဖြောင့်မတ်သော လူဖြစ်ပါစေ၊ အကျိုးအမြတ်၏ သွေးဆောင်မှု အောက်တွင် ယိုင်နဲ့သွားနိုင်သည် မဟုတ်ပါလား။
“တကယ်လို့ နောက်ထပ် အခွင့်အရေး ရခဲ့ရင် တစ်ကြိမ်လောက်တော့ ယူဦးမယ်။ ဒါပေမဲ့လည်း လောဘတော့ မကြီးပါဘူး...”
မုန့်ချင်ကျိုးက စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။
[ တွီ။ လက်ခံသူတွင် မသင်ယူရသေးသော ကျင့်စဉ် ရှိနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် နတ်ဘုရားအဆင့် အထွတ်အထိပ် ကျင့်စဉ် အသက်တစ်ရှိုက်သုံးပါးသန့်စင်ကို အလိုအလျောက် သင်ယူစေပါသည်။ ]
[သင်ယူနေပါသည် ... ]
[ လက်ခံသည် နတ်ဘုရားအဆင့် အထွတ်အထိပ် ကျင့်စဉ် အသက်တစ်ရှိုက်သုံးပါးသန့်စင်ကို အောင်မြင်စွာ နားလည် သဘောပေါက်သွားသည့်အတွက် ဂုဏ်ယူပါသည် ]
မုန့်ချင်ကျိုး၏ စိတ်ထဲတွင် ကျင့်စဉ်နှင့် ပတ်သက်သော အချက်အလက်သစ်များ ရောက်ရှိလာသည်။
“တာအိုဘိုးဘေးရဲ့ ကျင့်စဉ်ဆိုတော့ ထင်တဲ့အတိုင်းပဲ၊ အကယ်၍ ငါသာ ဖြည်းဖြည်းချင်း နားလည်အောင် လုပ်ရမယ်ဆိုရင် အစပြုဖို့တောင် ဘယ်လောက်ကြာမယ်မှန်း မသိဘူး၊ ကျွမ်းကျင်ဖို့ဆိုတာ ဝေးသေး...”
“ကိုယ်ပွား သုံးခု ခွဲထုတ်နိုင်တယ်၊ တစ်ခုချင်းစီက မူလကိုယ်ထည်ရဲ့ ခွန်အား ၆၀% ရှိပြီး ကိုယ်ပွားတစ်ခုချင်းစီက မူလကိုယ်ထည်နဲ့ စိတ်ချင်း ဆက်သွယ်နေတယ်…”
“ကောင်းကင်ကို ဆန့်ကျင်တာပဲ။ ဒါက တကယ့်ကို ကောင်းကင်ဆန့်ကျင်တဲ့ အစွမ်းပဲ...”
မုန့်ချင်ကျိုး အံ့သြချီးကျူးမိသည်။ ခဏချင်းအတွင်းမှာပင် မုန့်ချင်ကျိုး၏ အင်အားမှာ ကြီးမားသော ပြောင်းလဲမှု ဖြစ်သွားခဲ့သည်။ အသက်တစ်ရှိုက်သုံးပါးသန့်စင်ကို တတ်မြောက်ပြီးနောက် သူ၏ အင်အားမှာ ပိုမိုတိုးပွားလာပြီး ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။
မုန့်ချင်ကျိုး သတိပြန်ဝင်လာသောအခါ စိုးရိမ်တကြီး ခေါ်နေသော အသံကို ကြားလိုက်ရသည်။
“သခင်လေး၊ သခင်လေး...”
မုန့်ချင်ကျိုးက စုချင်ချိုး၏ ခေါင်းကို ပွတ်ပေးလိုက်ရင်း စိတ်ကြည်လင်စွာဖြင့် ပြောလိုက်သည်။
“ဘာမှမဟုတ်ပါဘူး၊ သွားကြစို့...”
ဝူတျဲမှာ သက်ပြင်းချနိုင်တော့သည်။ မုန့်ချင်ကျိုးက ရုတ်တရက် အကြံအစည်သစ်တစ်ခု ပေါ်လာပြီး ထပ်ပြီး ဒုက္ခရှာဦးမလားဟု သူ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင်တော့ တစ်ယောက်တည်း နေရမည့် အခွင့်အရေး ရရှိပြီ ဖြစ်သည်။ စိတ်အနှောင့်အယှက် ပေးနေသော စုချင်ချိုးကိုသာ ဖယ်ရှားနိုင်လျှင် သူက မုန့်ချင်ကျိုးကို ဖြားယောင်းနိုင်ပြီး၊ ဧကရီကိုယ်တိုင်ပင် ထမင်းချက် အဝတ်လျှော်ပေးချင်နေသော ဤယောက်ျားကို တဖြည်းဖြည်း ချုပ်ကိုင်နိုင်မည် ဖြစ်သည်။
“ငါ ဘာလို့ စိတ်မအေးဖြစ်နေတာလဲ၊ တစ်ခုခုက ငါ့ကို ဒါမလုပ်ဖို့ သတိပေးနေသလိုပဲ၊ တကယ်လို့ လုပ်လိုက်ရင် ငါ သေသွားလိမ့်မယ်လို့ ပြောနေသလိုပဲ ... “
ဝူတျဲက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။
“စိတ်ထင်နေတာ ဖြစ်မှာပါ...”
ဂုဏ်သိက္ခာများ စုံးစုံးမြုပ်ခဲ့ရသော နေမင်းအရှင်သခင်က ရုတ်တရက် ရင်တုန်သွားစေသော လှိုင်းတစ်ခုကို ခံစားလိုက်ရသော်လည်း ထိုအရာမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
“ဘယ်သူလဲ..”
နေမင်းအရှင်သခင်၏ အမွှေးများ ထောင်ထသွားပြီး တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် ကျောကုန်းကို ကုန်းလိုက်သည်။
“ကြည့်ရတာ ... အဲဒီ မျက်မမြင်ကောင်ပဲ...”
နေမင်းအရှင်သခင်၏ အကြည့်များက မရေမရာဖြင့် နောက်သို့ ပြန်လှည့်သွားသည်။
မကြာသေးမီကပင် နေမင်းအရှင်သခင်သည် မိမိအား အရှက်ခွဲခဲ့သည့်အတွက် မုန့်ချင်ကျိုးကို မည်သို့ ကလဲ့စားချေရမလဲဟု တွေးနေခဲ့ခြင်း ဖြစ်သည်။ ယခု စိတ်ငြိမ်သွားသောအခါမှ သူ၏ အာရုံများ ကြည်လင်လာခဲ့သည်။
သူ၏ ရှည်လျားလှသော သက်တမ်းနှင့် ထက်မြက်လှသော အာရုံခံစားမှုအရ ခုနက ကြောက်မက်ဖွယ်လှိုင်းမှာ လုံးဝ စိတ်ကူးယဉ်နေခြင်း မဟုတ်ပေ။ နေမင်းအရှင်သခင်မှာ ထိတ်လန့်သွားရ၏။
ဒီမျက်မမြင် ဓားသူတော်စင်က အကြောင်းရင်း မရှိဘဲ ထပ်မံ အစွမ်းထက်လာပြန်ပြီ..
သူ ကျင့်ကြံအားထုတ်နေတာလည်း မတွေ့ရဘဲ ဘာလို့ သူ့ရဲ့ အရှိန်အဝါက ပိုကြောက်စရာ ကောင်းလာရတာလဲ။ သူက အရင်က စွမ်းအားတွေကို ပြန်ရနေတဲ့ မိစ္ဆာအိုကြီးတစ်ကောင်များလား။
ထားလိုက်ပါတော့လေ။ မျက်မမြင်ကောင်က တမင်လုပ်တာမှ မဟုတ်တာပဲ။ ဒီတစ်ခါတော့ သူ့ကို လွှတ်ပေးလိုက်ပါ့မယ်။
“ဒါက ကြောက်လို့ မဟုတ်ဘူး။ ငါ့ရဲ့ သဘောထားကြီးမှုကြောင့်ပဲ...”
နေမင်းအရှင်သခင်မှာ မိမိဘာသာ ဖြေသိမ့်လိုက်လေတော့သည်။