လမ်းပြနေတဲ့ မိစ္ဆာတစ်ကောင်ရှိနေမှာ သေချာတယ်
Vol. 2 Ch. 19
အနောက်မြောက်ဘက်၊ ရှုနယ်မြေ။
စစ်မက်ဘေးနှင့် ဆိုးရွားလှသော ရာသီဥတုဒဏ်ကို အစဉ်တစိုက် ခံစားနေရသော ရှုနယ်မြေသည် တစ်နှစ်ပတ်လုံး ခြောက်သွေ့ဖုန်ထူနေတတ်၏။ ခြောက်ကပ်နေသော မြေဆီလွှာသည် မည်သည့်သီးနှံကိုမျှ ဖြစ်ထွန်းအောင် မစွမ်းဆောင်နိုင်ဘဲ၊ ဆောင်းရာသီသို့ ရောက်လျှင်မူ ထူထပ်လှသော နှင်းများက မြေပြင်ပေါ်တွင် ထူထဲသည့် စောင်ကြီးတစ်ထည်ကဲ့သို့ ဖုံးလွှမ်းသွားတတ်လေသည်။
မဟာကျင်းမင်းဆက်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ကမ်းပါးယံတစ်ခုတွင်၊ အနက်ရောင် ကတ္တီပါဝတ်ရုံကို ဝတ်ဆင်ထားသော ရှုဘုရင် ကျောက်ယွီဟွမ်သည် သူ၏ နက်ရှိုင်းသော မျက်လုံးများဖြင့် အဝေးတစ်နေရာကို စိုက်ကြည့်နေ၏။
“စစ်သည်တော်တို့...”
“မဟာကျင်းမင်းဆက်က ဘယ်လောက်တောင် စည်ကားဝပြောသလဲ၊ အဲဒီကလူတွေက အေးချမ်းပျော်ရွှင်စွာ နေထိုင်နေကြပြီး အစာငတ်မွတ်တဲ့ဘေး၊ အအေးဒဏ်ခံရတဲ့ဘေးတွေကနေ ကင်းဝေးနေကြတယ်။ မင်းတို့ရော သူတို့ကို မနာလိုဖြစ်ကြလား...”
သူ၏နောက်ကွယ်တွင်မူ နိမ့်ဆင်းတော့မည့် နေမင်း၏ အလင်းရောင်သည် စစ်သည်သိန်းချီ၏ အနက်ရောင် သံချပ်ကာများပေါ်သို့ ကျရောက်နေပြီး တောက်ပသော လှိုင်းလုံးကြီးတစ်ခုအသွင် ဖြစ်ပေါ်နေ၏။ ကောင်းကင်ယံ တိမ်တိုက်များထဲတွင်မူ မရေမတွက်နိုင်သော ကျင့်ကြံသူများ ခပ်ဝါးဝါး ပျံသန်းနေသည်ကို တွေ့မြင်နိုင်ပေသည်။
“မနာလိုဖြစ်ပါတယ်..”
ရှုနယ်မြေမှ သွေးကြွနေသော အမျိုးသားအားလုံးမှာ ဟိန်းဟောက်လိုက်ကြရာ ထိုအသံမှာ ကောင်းကင်ယံကို ထိုးဖောက်သွားပြီး တားဆီး၍မရနိုင်သော အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။
သူတို့၏ ပြင်းပြသော အကြည့်များသည် ရှုဘုရင်၏ မတ်မတ်ရပ်နေသော ကိုယ်ဟန်ပေါ်သို့ စုပြုံကျရောက်နေပြီး နတ်ဘုရားတစ်ပါး၏ ရဲရင့်သော အမူအရာကို ကြည့်ရှုနေကြသကဲ့သို့ ရှိလေသည်။
သူတို့ ဘာလုပ်နေသည်ကို သူတို့အားလုံး သိကြ၏။ ဧကရီကို ဆန့်ကျင်ခြင်း၊ မျိုးဆက်ပေါင်းများစွာ ပြစ်တင်ရှုံ့ချခံရမည့် ပုန်ကန်မှုကို ပြုလုပ်ခြင်းပင် ဖြစ်သည်။ သို့သော် မည်သူမှ နောင်တမရကြချေ။ သူတို့၏ အမိမြေအတွက်၊ သူတို့နောက်ကွယ်ရှိ မုန်တိုင်းဒဏ်ကြောင့် မငြိမ်းသတ်ရမည့် မီးအိမ်လေးများအတွက် သူတို့သည် ထာဝရ အမုန်းခံရန် အသင့်ရှိနေကြပေသည်။
“မင်းတို့ မဟာကျင်းကို သိမ်းပိုက်ပြီး အစားအစာတွေနဲ့ နတ်မိမယ်တွေကို ရယူချင်ကြလား...”
“ရယူချင်ပါတယ်..”
“ဒါပေမဲ့ ဧကရီက ရှုနယ်မြေကလူတွေကို လျစ်လျူရှုထားပြီး ငါတို့ကို ဒီအတိုင်း ပစ်ထားတယ်။ ပြောစမ်း၊ ငါ ပုန်ကန်သင့်သလား...”
“ပုန်ကန်သင့်ပါတယ်..”
ကျောက်ယွီဟွမ်၏ ရင့်ကျက်ပြီး အရေးအကြောင်းများ ထင်နေသော မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာ၏။
လူထု၏ စိတ်နှလုံးကို လှုံ့ဆော်ခြင်း၊ တရားမျှတမှုဟူသော ခေါင်းစဉ်အောက်တွင် ပြည်သူ့အကျိုးကို ရှေ့တန်းတင်ခြင်းမှာ ရှေးယခင်ကတည်းက သုံးစွဲခဲ့သော နည်းဗျူဟာဖြစ်သော်လည်း အထိရောက်ဆုံး နည်းလမ်းလည်း ဖြစ်ပေသည်။
အမှန်စင်စစ် ဧကရီသည် ရှုနယ်မြေမှ ပြည်သူများကို တစ်ခါမျှ စွန့်ခွာခြင်း မရှိခဲ့ချေ။ သူသည် နိုင်ငံတော် ဘတ်ဂျက်၏ လေးပုံတစ်ပုံကို ရှုနယ်မြေသို့ စီးဆင်းစေကာ မနားမတမ်း ကူညီပေးခဲ့သည်။ ကျောက်ယွီဟွမ်၏ သစ္စာဖောက်လိုသော ရည်မှန်းချက်ကို သိနေသည့်တိုင် သူ၏ တုံ့ပြန်မှုမှာ အမြဲတမ်း တစ်သမတ်တည်းရှိ၏။ ပြည်သူတွေမှာ အပြစ်မရှိဘူး၊ တကယ်လို့ ရှုဘုရင်သာ ပုန်ကန်ရဲရင် ငါကလည်း သတ်ရဲတယ် ဟူ၍ပင်။
သို့သော် လူမိုက်များမှာမူ ထိုအရာကို မသိကြချေ။ ရှုနယ်မြေ၏ ရာသီဥတုကို ပြောင်းလဲပေးနိုင်ပြီး ခြောက်သွေ့နေသော မြေဆီလွှာကို ပြန်လည် အသက်ဝင်လာစေမည့် နတ်ဘုရားအဆင့် ဝိညာဉ်ရတနာတစ်ခုကို ဧကရီက ဖန်တီးတော့မည် ဖြစ်ကြောင်းကိုလည်း သူတို့ မသိကြချေ။
ထိုအကြောင်းကြောင့်ပင် ကျောက်ယွီဟွမ်မှာ စိုးရိမ်စိတ် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဧကရီက ရှုပြည်သူများ၏ စိတ်နှလုံးကို လုံးဝ သိမ်းပိုက်သွားမည်ဆိုလျှင် သူ့အတွက် အခွင့်အရေး ရှိတော့မည် မဟုတ်ကြောင်း သူ စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူ၏ အစီအစဉ်ကို အချိန်မတိုင်မီ စတင်လိုက်ခြင်းပင် ဖြစ်သည်။
ကျောက်ယွီဟွမ်က စိတ်အားထက်သန်နေသော စစ်သည်များကို ကြည့်ကာ စိတ်ထဲမှ လှောင်ပြောင်လိုက်မိသည်။
လူမိုက်တွေ၊ ငါ့ကို ကောင်းကင်က စေလွှတ်လိုက်တဲ့ ကယ်တင်ရှင်လို့ ထင်နေကြတာလား။ သူတို့ကို ချောက်ထဲခေါ်သွားမယ့် မိစ္ဆာက ငါကိုယ်တိုင် ဖြစ်နေတာကို သူတို့မသိဘဲ တကယ့်နတ်ဘုရားမကိုမှ ရန်သူလို့ မှားယွင်းသတ်မှတ်လိုက်ကြတာပဲ။
“အစီရင်ခံစာ ရောက်ရှိလာပါပြီ… မိုင်ပေါင်းထောင်ချီအဝေးက အရေးပေါ် သတင်းပါ..”
ရုတ်တရက် တောင်ရွှေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးက ဟင်းလင်းပြင်ကို ထိုးဖောက်ကာ အင်အားကုန်သုံး၍ ပြေးဝင်လာပြီး အော်ဟစ်လိုက်သည်။
“အရှင်မင်းကြီး၊ ကျွန်တော်တို့ တိတ်တဆိတ် စည်းရုံးထားတဲ့ ခရိုင်အရာရှိ အများစု အသတ်ခံလိုက်ရပါပြီ။ စစ်သူကြီး ချင်းဖုန်းဟော် ကိုယ်တိုင် အရေးယူခဲ့တာပါ။ မဟာကျင်းတစ်ဝန်းက သူပုန်ပြဿနာတွေကိုလည်း စစ်တပ်က နှိမ်နင်းလိုက်ပါပြီ…”
“ဘာ….”
ကျောက်ယွီဟွမ်၏ စိတ်ဓာတ်များ ချက်ချင်း ပြိုလဲသွား၏။ သူက ထိုကျင့်ကြံသူ၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ ဟောက်လိုက်သည်။
“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဧကရီက ဘယ်လောက်ပဲ တုံ့ပြန်မှု မြန်မြန်၊ အမှန်တရားကို မသိဘဲနဲ့ အရာရှိတွေကို ဒီအတိုင်း သတ်ပစ်လို့ မရဘူးလေ...”
သတင်းပို့သူ ကျင့်ကြံသူက တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေလိုက်သည်။
“ကျွန်တော်လည်း မသိပါဘူး၊ ဒါပေမဲ့ ဒါက အမှန်တရားပါ။ စစ်သူကြီး ချင်းဖုန်းဟော်က ခရိုင်အရာရှိရဲ့ ခေါင်းကို ခုတ်ချလိုက်တာကို ကျွန်တော့်မျက်စိနဲ့တောင် မြင်ခဲ့ရပါတယ်... “
ကျောက်ယွီဟွမ်မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး ထိုကျင့်ကြံသူကို ကြမ်းတမ်းစွာ တွန်းဖယ်လိုက်သည်။
ဧကရီသည် အမှန်တရားကို အစအဆုံး မသိရဘဲ၊ ထိတ်လန့်မှုများ ဖြစ်လာမှာကိုလည်း မကြောက်ဘဲ ဘာကြောင့် အရာရှိတွေကို အစုလိုက်အပြုံလိုက် သတ်ရဲရသလဲဆိုသည်ကို သူ နားမလည်နိုင် ဖြစ်နေ၏။
ထို့ပြင် ဧကရီသည် သူ့ကို အမြဲ အထင်သေးခဲ့ပြီး ကျောက်ယွီဟွမ်ကို အရေးပါသော ခြိမ်းခြောက်မှုတစ်ခုဟု တစ်ခါမျှ မသတ်မှတ်ခဲ့ချေ။ သူ၏ လုပ်ရပ်များကိုလည်း လွှတ်ထားပေးတတ်သည်။ သို့သော် ယခုတစ်ကြိမ်တွင် ဘာကြောင့် ရုတ်တရက် ပြောင်းလဲသွားရသနည်း။
ကျောက်ယွီဟွမ်သည် ကျောက်ကော်ကို ချက်ချင်း ဆက်သွယ်ကာ မေးခွန်းထုတ်လိုက်သည်။
“ငါ စည်းရုံးထားတဲ့ အရာရှိတွေကို နှိမ်နင်းဖို့ ဧကရီက ဘာလို့ ချင်းဖုန်းဟော်ကို ရုတ်တရက် စေလွှတ် လိုက်တာလဲဆိုတာ မင်း သိလား...”
အဝေးဆက်သွယ်ရေး ကျောက်စိမ်းပြားကို ကိုင်ထားသော ကျောက်ကော်မှာ မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားပြီး ရေရွတ်လိုက်သည်။
“ဘာ… ဒါဆို ကျွန်တော်တို့ အစီအစဉ်ရဲ့ ပထမအဆင့်က လုံးဝ ကျရှုံးသွားပြီပေါ့...”
ပထမအဆင့် အစီအစဉ်မှာ ဤသို့ ဖြစ်သည်။ ကျောက်ကော်က မြို့တော်ထဲသို့ ခိုးဝင်ပြီး ဧကရီ၏ အကြံပေး နန်းရင်းဝန် ကျန်းစန်းဟိုင်ကို လုပ်ကြံကာ ဧကရီကို ခေါင်းမပါသော ကြက်တစ်ကောင်ကဲ့သို့ ဖြစ်အောင် လုပ်မည်။ ထို့နောက် သူပုန်ပြဿနာများကို ဖန်တီးကာ အရပ်မျက်နှာ အစုံမှ တိုက်ခိုက်ခြင်းဖြင့် ဧကရီကို အလုပ်များစေကာ မဟာကျင်းမင်းဆက်ကို ပရမ်းပတာ ဖြစ်အောင် လုပ်မည်။ ထိုအချိန်တွင် ကျောက်ယွီဟွမ်က သူ ဝှက်ထားသော စစ်သည် ၁.၅ သန်းကို ထုတ်ကာ မြို့တော်ကို သိမ်းပိုက်ရန် ဖြစ်သည်။
သို့သော် ယခုတွင်မူ ကျောက်ကော်မှာ ဖော်ထုတ်ခံလိုက်ရပြီး ဘာမှ မလုပ်နိုင်သည့်အပြင် အဖိုးတန်လှသော ကိုယ်ပွားတစ်ခုကိုပင် ဆုံးရှုံးခဲ့ရသည်။
ကျန်းစန်းဟိုင်မှာ သက်ရှိထင်ရှား ရှိနေဆဲ။
သူပုန်ပြဿနာများမှာ နှိမ်နင်းခြင်း ခံလိုက်ရပြီး သူတို့ဘက်ပါသော အရာရှိများမှာလည်း သေကုန်ကြလေပြီ။
ဤသည်မှာ ပထမအဆင့် အစီအစဉ် လုံးဝ ကျရှုံးသွားခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ယခု ကျန်ရှိသော တစ်ခုတည်းသော နည်းလမ်းမှာ အစီအစဉ်အားလုံးကို စွန့်လွှတ်ပြီး ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန်သာ ရှိတော့သည်။
အောင်မြင်နိုင်ခြေမှာ ၅၀%ကျော် ကျဆင်းသွားခဲ့ပြီ ဖြစ်၏။
ကျောက်ကော်မှာ စိတ်ဓာတ်ကျနေပြီး အသက်ရှူပင် ခက်ခဲနေကာ ခက်ခဲစွာ ပြောလိုက်သည်။
“သားတော်လည်း မသိဘူး။ ဧကရီက ချင်းဖုန်းဟော်ကို တိတ်တဆိတ် စေလွှတ်လိုက်တာပဲ...”
ကျောက်ယွီဟွမ်က ဒေါသတကြီး ပြန်အော်လိုက်သည်။
“မဖြစ်နိုင်တာ… ဧကရီက အနာဂတ်ကို မြင်နိုင်နေလို့လား။ တကယ်လို့ မြင်နိုင်နေရင် ငါ ဘာလို့ ပုန်ကန် နေတော့မှာလဲ...”
“ဒါလည်း ဟုတ်တာပဲ...”
ကျောက်ကော်သည် ကိုယ်ပွားကို ဆုံးရှုံးစေခဲ့သော မုန့်ချင်ကျိုးကို ရုတ်တရက် သတိရသွားပြီး ပြောလိုက်သည်။
“သားတော် တစ်ယောက်ကို သတိရတယ်…ဧကရီရဲ့ ကြင်ရာတော် မုန့်ချင်ကျိုး… သူ့မှာ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ ထူးဆန်းတဲ့ စွမ်းအားရှိတယ်။ သူက ရှုနယ်မြေက ပုန်ကန်လိမ့်မယ်လို့ သားတော့်ကို ပြောခဲ့ဖူးတယ်၊ ပြီးတော့ သားတော့်ရဲ့ အစီအစဉ်ကိုပါ ကွက်တိ ပြောပြနိုင်ခဲ့လို့ သားတော့်ရဲ့ ကိုယ်ပွား ဖမ်းခံလိုက်ရတာပဲ။”
ကျောက်ယွီဟွမ်သည် ကျောက်ကော်က ထိုအကြောင်းကို တစ်ခါ ပြောဖူးသည်ကို သတိရသွားသော်လည်း ထိုအချိန်က သူ အလေးအနက် မထားခဲ့ချေ။ ယခုမူ သူ အလွန်ပင် နောင်တရနေမိသည်။
သူသည် သူပုန်ထရန် ကြံစည်နေမည့်အစား မုန့်ချင်ကျိုးကို ကြိုတင် နှိမ်နင်းထားသင့်ခဲ့ခြင်း ဖြစ်သည်။ ဤယောက်ျားသည် ဧကရီထက်ပင် ပို၍ ခြိမ်းခြောက်မှု ဖြစ်စေနိုင်သည်။
ထူးတော့ထူးသား..
ဧကရီက ဘာလို့ ဒီလောက် ရုတ်တရက် တော်သွားရတာလဲလို့ ငါ တွေးနေတာ။ သူ့နောက်ကွယ်မှာ လမ်းပြနေတဲ့ မိစ္ဆာတစ်ကောင် ရှိနေတာကိုး… အောက်တန်းစား မုန့်ချင်ကျိုး၊ ငါ့အစီအစဉ်တွေကို ထပ်ခါ ဖျက်ဆီးနေတာပဲ..
“မုန့်ချင်ကျိုးကို သုံးရက်အတွင်း ပါးစပ်ပိတ်အောင် လုပ်စေချင်တယ်။ မင်း လုပ်နိုင်မလား...”
ကျောက်ယွီဟွမ်က အမိန့်ပေးလိုက်သည်။
ကျောက်ကော်က လေးနက်စွာ ပြန်ဖြေလိုက်သည်။
“သားတော် ခမည်းတော်ကို စိတ်မပျက်စေရပါဘူး...”
ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ချလိုက်ပြီးနောက် ကျောက်ကော်၏ မျက်နှာမှာ တည်ကြည်သွား၏။ နှစ်ပေါင်းများစွာ အသေးစိတ် စီစဉ်ခဲ့သော အစီအစဉ်ကြီးမှာ ဘယ်ကမှန်းမသိ ပေါ်လာသည့် မျက်မမြင် ကြင်ရာတော် တစ်ဦးကြောင့် တစ်ပတ်အတွင်းမှာပင် လုံးဝ ဇောက်ထိုးမိုးမျှော် ဖြစ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
“တောင်ရွှေ့နယ်ပယ် ခြေတစ်လှမ်းအလိုမှာရှိတဲ့ ဝူတျဲက သူရဲ့ ရုပ်ရည်ကို ပြောင်းလဲနိုင်ပြီး တခြားသူတွေရဲ့ အရှိန်အဝါကိုလည်း အလိုရှိသလို တုပနိုင်တယ်။ သာမန် လူတစ်ယောက်ကို လုပ်ကြံဖို့ဆိုတာ ခက်ခဲမှာ မဟုတ်ဘူး...”
ကျောက်ကော်သည် ဝူတျဲကို အလွန်ပင် ယုံကြည်ထားပြီး သူ၏ မောင်ဖြစ်သူကို သူက ချုပ်ကိုင်ထားသဖြင့် သူ သစ္စာရှိမည်ကိုလည်း ယုံကြည်နေ၏။
ထိုအရာကို တွေးတောရင်း ကျောက်ကော်က သူ၏ သိုလှောင်လက်စွပ်ထဲမှ ပြင်းထန်ပြီး အန္တိမ အရှိန်အဝါများ ထွက်ပေါ်နေသော ထူးဆန်းသည့် မျက်လုံးတစ်လုံးကို ထုတ်ယူလိုက်သည်။
ဤမျက်လုံးမှာ တစ်ချိန်က အနှိုင်းမဲ့ မျက်လုံးသူငယ်အိမ်နှစ်ထပ်ဟု လူသိများခဲ့သော နံနက်ခင်းအလင်းနယ်ပယ် ပညာရှင်ကြီးတစ်ဦး၏ အကြွင်းအကျန် ဖြစ်သည်။
ဤမျက်လုံး၏ အမှတ်အသား အပြုခံရသူ မည်သူဆို အကွာအဝေး မည်မျှပင် ဝေးပါစေ၊ ပတ်ဝန်းကျင်ရှိ တားမြစ်ချက်များ မည်မျှပင် ပြင်းထန်ပါစေ အဝေးမှ စောင့်ကြည့်ခြင်း ခံရမည် ဖြစ်သည်။ ဝူတျဲသည်လည်း သဘာဝအတိုင်းပင် သူ၏ အမှတ်အသား အပြုခံထားရသူ ဖြစ်သည်။
ကျောက်ကော်က ထိုမျက်လုံးကို အသက်သွင်းလိုက်ရာ မှောင်မည်းနေသော ဂူအတွင်း၌ တောက်ပသော အလင်းရောင်များ ချက်ချင်း ထွက်ပေါ်လာတော့သည်။ ထို့နောက် မျက်လုံးမှတစ်ဆင့် အလင်းဖန်သားပြင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ကျောက်ကော် မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်ရာ....
ထူးဆန်းသော ဝိညာဉ်အပင်များ ပြည့်နှက်နေသော ခြံဝင်းအတွင်းရှိ မက်မွန်ပင်အောက်တွင်၊ မျက်လုံးကို အနက်ရောင် ပိုးသားဖြင့် စည်းထားပြီး အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ချောမောသည့် လူငယ်တစ်ဦးသည် ရုပ်ရည်နှင့် အရှိန်အဝါ ပြောင်းလဲထားသော ဝူတျဲနှင့် မျက်နှာချင်းဆိုင် ထိုင်နေသည်ကို တွေ့လိုက်ရ၏။
“ဝန်ကြီးမုန့်... ဧကရီရဲ့ မွေးနေ့ပွဲအတွက် ဘယ်လို လက်ဆောင်မျိုး ပြင်ဆင်နေတာလဲ။”
ဝူတျဲက သူ၏မေးစေ့ကို လက်ဖြင့်ထောက်ကာ မုန့်ချင်ကျိုးကို စိုက်ကြည့်ရင်း မေးလိုက်သည်။
မုန့်ချင်ကျိုးက ပြုံးကာ ပြန်ဖြေလိုက်၏။
“ကျုပ် မဆုံးဖြတ်ရသေးဘူး...”
ဝူတျဲက ထပ်မေးပြန်သည်။
“ဒါဆို ရှင်က ဝါကြီးကို ဘယ်လိုမျိုး လေ့ကျင့်ပေးတာလဲ...”
မုန့်ချင်ကျိုးက တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။
“စကားမနားထောင်ရင် ရိုက်တယ်၊ စကားနားထောင်ရင်တော့ မုန့်ကျွေးတာပေါ့..”
ထိုသူနှစ်ဦးမှာ တစ်ယောက်မေး တစ်ယောက်ဖြေဖြင့် ရှိနေကြပြီး သူတို့ပတ်ဝန်းကျင်တွင် မက်မွန်ပွင့်လေးများ ကြွေကျနေခြင်းမှာ လှပသော ပန်းချီကားတစ်ချပ်ကဲ့သို့ပင်။
ချောမောသော အမျိုးသားနှင့် လှပသော အမျိုးသမီး၊ ကြည်နူးစရာကောင်းသော လေထုမှာ ချစ်သူနှစ်ဦး စနောက်နေကြသကဲ့သို့ ရှိနေတော့သည်။
“ချီးတဲ့မှ…”
ဤမြင်ကွင်းကို မြင်လိုက်ရသော ကျောက်ကော်မှာ မျက်စိထဲ ပြာခနဲ ဖြစ်သွားပြီး နောက်သို့ ပက်လက်လန် လဲကျသွားတော့သည်။