ငါက ကျောက်ကော်နဲ့ ရင်းနှီးလို့လား
Vol. 2 Ch. 20
“ဝူတျဲက ငါ့ကို သစ္စာဖောက်မှာ မဟုတ်ဘူး၊ တစ်ခုခု ကွယ်ဝှက်ထားတဲ့ အကြောင်းပြချက် ရှိရမယ်။”
“ဟုတ်တယ်... သူက မုန့်ချင်ကျိုးကိုပြုစားဖို့၊ သူ့ရဲ့ အတွေးနဲ့ စိတ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ရမယ်...”
ကျောက်ကော်အတင်းအကျပ် ပြုံးလိုက်သော်လည်း သူ၏ မျက်နှာမှာ ပို၍ ညိုမှောင်လာကာ နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ပေါက်ကွဲထွက်သွားတော့သည်။
“ဒါပေမဲ့ လုပ်ကြံရမယ့် ပစ်မှတ်က ရှေ့မှာတင် ထိုင်နေတာလေ၊ ဘာကာကွယ်မှုမှလည်း မရှိဘူး၊ ဘေးမှာလည်း ဘယ်သူမှ မရှိဘူး။ ဘာဖြစ်လို့ သူ့ကို အချိန်ကုန်ခံပြီး ပြုစားနေရတာလဲ..”
“သူ့လည်ပင်းကို လှီးပြီး ခေါင်းကို ဖြတ်ယူလိုက်ရုံပဲလေ..”
ကျောက်ကော်က စိုးရိမ်စိတ်များကြောင့် မျက်လုံးများ နီမြန်းနေပြီး အလင်းဖန်သားပြင်ကို သားရဲတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေမိ၏။
မြင်ကွင်းထဲတွင်မူ...
မုန့်ချင်ကျိုးက ဘာကိုမျှ သတိမပြုမိဘဲ ရှိနေ၏။ သူ၏ နတ်ဘုရားအာရုံမှာ ချိတ်ပိတ်ခံထားရသဖြင့် သူ၏ အာရုံခံစားမှုမှာ သာမန်လူတစ်ယောက်နှင့် မခြားပေ။ ကျင့်ကြံသူတစ်ဦးက သူ၏ ရှေ့တွင် ရပ်၍ စွမ်းအားများ ထုတ်ဖော်နေလျှင်ပင် မုန့်ချင်ကျိုးအနေဖြင့် ထိုသူ၏ အဆင့်အတန်းကို ခွဲခြားရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် အဝေးတစ်နေရာမှ စောင့်ကြည့်နေသော နံနက်ခင်းအလင်းနယ်ပယ်ပညာရှင်ကြီး တစ်ဦးကို သတိပြုမိရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
“လူကြီးမင်း... ဧကရီရဲ့ မွေးနေ့ပွဲကို ဘယ်လိုမျိုး စီစဉ်သင့်တယ်လို့ ထင်လဲ...”
ဝူတျဲက သူ၏ ဆွဲဆောင်မှုရှိသော မျက်လုံးလေးများကို ပုတ်ခတ်ရင်း မေးလိုက်သည်။
မုန့်ချင်ကျိုးက အေးဆေးစွာပင် ပြန်ဖြေလိုက်၏။
“ရိုးရိုးလေးပါပဲ၊ ဒါက ကုမ္ပဏီတစ်ခုရဲ့ အဖွဲ့လိုက် စွမ်းဆောင်ရည်မြှင့်တင်တဲ့ ပွဲလိုမျိုးပေါ့။ ပထမဆုံးအနေနဲ့ တစ်လောကလုံးကို ကြေညာမယ်။ လူတိုင်း ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲဖို့ ဆိုလိုတာပေါ့။ ပြီးရင် နယ်ပယ်အသီးသီးက လူကြီးလူကောင်းတွေကို ထမင်းစားပွဲ ဖိတ်ရမယ်။”
“ထမင်းစားပြီးရင်တော့ အစီအစဉ်လေးတွေ လုပ်ရမယ်၊ လူတိုင်းကို တန်းစီပြီး လက်ဆောင်တွေ ပေးခိုင်းမယ်၊ နောက်ဆုံးမှာတော့ ကဗျာ၊ သီချင်း၊ အကနဲ့ ဖျော်ဖြေပွဲတွေပါဝင်တဲ့ သိုင်းပြိုင်ပွဲတစ်ခု ကျင်းပမယ်…”
“ဒါဆို အဆင်ပြေသွားပြီ..”
ပြောနေရင်းနှင့် မုန့်ချင်ကျိုးက သူ၏ ရင်ဘတ်ပေါ်သို့ လက်တင်ကာ အဝတ်အစားထဲတွင် ဝှက်ထားသော သိုလှောင်ဆွဲသီးထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူ၍ ဝူတျဲအား ကမ်းပေးလိုက်သည်။
“ဒါက ငါ ကြိုတင်ပြင်ဆင်ထားတာတွေ။ အဲဒီထဲက အစီအစဉ်အတိုင်းသာ လုပ်လိုက်ပါ...”
အမှန်စင်စစ် မုန့်ချင်ကျိုးမှာ ထိုအရာကို ယခုလေးတင် တိတ်တဆိတ် မှတ်တမ်းတင်လိုက်ခြင်း ဖြစ်သည်။ ပင်လယ်လွှမ်းနယ်ပယ်ကျင့်ကြံသူတစ်ဦးအနေဖြင့် သူက စိတ်ကူးတစ်ခုတည်းဖြင့် စာလုံးပေါင်း သန်းချီကို ရေးသားနိုင်ပေသည်။ အဖွဲ့လိုက် စားပွဲသောက်ပွဲ အစီအစဉ်တစ်ခု ရေးဆွဲခြင်းမှာ သူ့အတွက် အသာလေးသာ ဖြစ်၏။
ဝူတျဲသည် ကျောက်စိမ်းပြားကို ယူကာ အချက်အလက်များကို စစ်ဆေးရန် နဖူးပေါ်သို့ တင်လိုက်သည်။ အမွှေးတိုင် တစ်ဝက်ခန့် ကုန်ဆုံးသွားပြီးနောက် သူက အံ့အားသင့်စွာ ရေရွတ်လိုက်၏။
“လူကြီးမင်းက တကယ့်ကို ပါရမီရှင်ပဲ..”
“ဖိတ်စာတွေကို ရွှေချထားတဲ့ ကျောက်စိမ်းတွေနဲ့ လုပ်ရမယ်၊ မီးလျှံထဲက ထွက်လာတဲ့ ဇာမဏီငှက်ပုံကို ထွင်းထုရမယ်၊ ဒါက ကိုးပြည်ထောင်လုံးကို လင်းထိန်စေပြီး ဧကရီက ဒီမြေပြင်ကို စည်းလုံးစေမယ့်သူ ဖြစ်ကြောင်းနဲ့ သူရဲ့ အရှိန်အဝါကို ဖော်ပြရာ ရောက်တာပဲ။”
“စားပွဲသောက်ပွဲကလည်း သာမန်ကာလျှံကာ မဖြစ်စေရဘူး၊ အင်အား ဒါမှမဟုတ် အဆင့်အတန်းပေါ် မူတည်ပြီး သုံးမျိုး၊ ခြောက်မျိုး၊ ကိုးမျိုး ခွဲခြားထားရမယ်။”
ဝူတျဲ ခဏမျှ ရပ်တန့်ကာ ချီးမွမ်းစကားများကို စဉ်းစားလိုက်ပြီးနောက် ချိုသာစွာ ပြုံးလိုက်ပြန်သည်။
“ပြီးတော့ ဒီသိုင်းပြိုင်ပွဲကလည်း အသေးစိတ် စီစဉ်ထားတာပဲ။ အဆင့်တွေကို သတ်မှတ်ထားပြီး မဲနှိုက်ပြီးတော့ တစ်ယောက်ချင်းစီ ယှဉ်ပြိုင်ရမယ်၊ ထိပ်သီး ၁၀ယောက်အတွက်လည်း သင့်တော်တဲ့ ဆုလာဘ်တွေ ပေးရမယ်...”
...
ဝူတျဲသည် အချိန်အတော်ကြာ စကားများ ပြောနေခဲ့ပြီး မရေမတွက်နိုင်သော မျက်စိမှိတ်ပြခြင်းများကိုလည်း ပြုလုပ်ခဲ့၏။
သို့သော် မုန့်ချင်ကျိုးမှာမူ မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။
သူက ခြောက်ကပ်နေသော သူ၏ မျက်လုံးများကို ပွတ်သပ်ရင်း စိတ်ထဲမှ ခါးသီးမှုကို ခံစားလိုက်ရသည်။ ဤသည်မှာ ကျွဲပါးစောင်းတီးနေသကဲ့သို့ပင်။
ဒီလူ့ရဲ့ စိတ်ဓာတ်က သံမဏိလိုပဲ ခိုင်မာလှချေလား။ သူ့ရဲ့ စိတ်ခံစားချက်တွေကို လှည့်စားဖို့ ငါ့ရဲ့ နတ်ဘုရားအာရုံကို သုံးခဲ့ပေမဲ့ တစ်စက်ကလေးတောင် မလှုပ်ခတ်သွားဘူး။ ပုံမှန်ဆိုရင် ငါ့ထက် နည်းနည်း ပိုသန်မာတဲ့ ကျင့်ကြံသူတွေတောင် ငါ့ရဲ့ လှည့်စားမှုကို ခံရတာ။
ဒါပေမဲ့ ခုနကတော့ သံမဏိတိုင်ကြီးကို သွားရိုက်မိသလိုပဲ၊ ကိုယ့်ကိုယ်ကိုယ်တောင် ပြန်နာသွားတယ်..
ဝူတျဲ၏ရင်ထဲတွင် ဗရဗြဲ ဖြစ်နေ၏။
ဤကဲ့သို့သော အခြေအနေမျိုးအတွက် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိသည်။ တစ်ခုမှာ တစ်ဖက်လူ၏ ကျင့်ကြံခြင်း အဆင့်မှာ မိမိထက် အဆပေါင်းများစွာ မြင့်မားနေခြင်း ဖြစ်၏။ ဝူတျဲသည် တိမ်တက်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူဖြစ်ပြီး ထိပ်တန်း အရည်အချင်းရှိသူ ဖြစ်သလို စိတ်ဝိညာဉ်လမ်းစဉ်ကိုလည်း ကျင့်ကြံထားသဖြင့် အခြားသူများ၏ စိတ်ခံစားချက်ကို လွယ်ကူစွာ ထိန်းချုပ်နိုင်သည်။ တစ်ဖက်လူမှာ တောင်ရွှေ့နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိမနေပါက သူအနေဖြင့် ဤမျှအထိ အစွမ်းမဲ့စရာ အကြောင်းမရှိပေ။
သို့မဟုတ်ပါက ထိုသူ၏ စိတ်ဓာတ်မှာ ပြင်းထန်လှသော အခက်အခဲပေါင်းစုံကို ဖြတ်ကျော်ကာ သံမဏိကဲ့သို့ မာကျောနေခြင်း ဖြစ်ရပေမည်။
ဥပမာအားဖြင့် ရှေးဦးဒဏ္ဍာရီလာခေတ်တွင် ကျင့်ကြံခြင်းအဆင့် မရှိဘဲ သာမန်လူများကဲ့သို့ အားနည်းသော အသက်ရှည်မျိုးနွယ်စုများ ရှိခဲ့ဖူးသည်။ သို့သော် သူတို့မှာ နှစ်သန်းပေါင်းများစွာ အသက်ရှင်နေထိုင်ကြပြီး လောက၏ အနိမ့်အမြင့်၊ တိုင်းပြည်များ၏ အတက်အကျများကို မြင်တွေ့ခဲ့ရသဖြင့် သူတို့၏ စိတ်ဓာတ်များမှာ အချိန်မြစ်အတွင်း ကျောက်တုံးများကဲ့သို့ ဖြစ်နေကြခြင်း ဖြစ်သည်။
သို့သော် အသက်ရှည်မျိုးနွယ်စုများမှာ ကျင့်ကြံခြင်း မပြုနိုင်ကြဘဲ သာမန်လူတစ်ယောက်က ဓားဖြင့် ခုတ်လျှင်ပင် သေဆုံးနိုင်သဖြင့် သမိုင်းစာမျက်နှာများမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။
ကျင့်ကြံခြင်း အငွေ့အသက် လုံးဝမရှိဘူး။ ဒီလို သံမဏိလို စိတ်ဓာတ်မျိုးရဖို့အတွက် သူ ဘာတွေ ဖြတ်ကျော် ခဲ့ရတာလဲ။
ဝူတျဲအနေဖြင့် စဉ်းစား၍ပင် မရနိုင်တော့ချေ။
ဤယောက်ျားအကြောင်းကို သူ ပို၍ သိရှိလာလေလေ၊ သူ ပို၍ နားမလည်နိုင် ဖြစ်လာလေလေပင်။ သူသည် တိမ်တိုက်များ၊ မြူခိုးများဖြင့် ဖုံးလွှမ်းထားသော ဝင်္ကပါတစ်ခုကဲ့သို့ ရှိနေတော့သည်။
ရုတ်တရက်...
မုန့်ချင်ကျိုးက မေးလိုက်၏။
“မင်းနာမည်က ယွီတျဲ... ဟုတ်တယ်မလား။”
ဝူတျဲက အများကြီး မစဉ်းစားဘဲ ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်...”
မုန့်ချင်ကျိုးက မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။ ခုနက ခဏတာမျှ သူ၏ စိတ်ခံစားချက်များမှာ ပြင်ပအင်အားတစ်ခုကြောင့် လှုပ်ခတ်သွားခဲ့သည်။ ကံကောင်းသည်မှာ ထိုသူ၏ အဆင့်မှာ မမြင့်မားလှသဖြင့်သာ ဖြစ်၏၊ သို့မဟုတ်ပါက ရလဒ်မှာ တွေးဝံ့စရာပင် မဟုတ်ချေ။
သေချာ စဉ်းစားပြီးနောက် မုန့်ချင်ကျိုးသည် ဝူတျဲကို သံသယဝင်လာခဲ့သည်။
ဝတ္ထု၏ ဇာတ်လမ်းထဲတွင် ယွီတျဲ အမည်ရှိသော ဇာတ်ကောင် မပါဝင်ချေ၊ သို့သော် ဝူတျဲဆိုသော အမျိုးသမီး ဇာတ်ပို့တစ်ဦး ပါဝင်သည်။
သို့သော် ဝူတျဲမှာ ဇာတ်လိုက်၏ လုပ်ကြံသတ်ဖြတ်သူတစ်ဦး ဖြစ်သည်။
ထို့ကြောင့် သူက စမ်းသပ်ကြည့်လိုက်၏။
“ရှုနယ်မြေက လက်ဝေခံဘုရင် ကျောက်ကော်ကို မင်း ဘယ်လို ထင်သလဲ။”
ဝူတျဲမှာ ပထမဆုံးတွင် လန့်သွားသော်လည်း၊ ထို့နောက်တွင်မူ မထီမဲ့မြင် ပြုံးကာ နှာခေါင်းရှုံ့လိုက်သည်။
“သူ့အဖေ အရှိန်အဝါကို အားကိုးပြီး ယောကျ်ားတွေကို နှိပ်စက်၊ မိန်းမတွေကို စော်ကားနေတဲ့ မောက်မာတဲ့ သူဌေးသားပဲ။ အသက်ရှူနေတာတောင် အလကားဖြစ်တဲ့ အကောင်၊ လောက်ကောင်၊ အမှိုက်ပဲ…”
ထိုသို့ ပြောပြီးနောက် ဝူတျဲက စကားကို ခဏရပ်ကာ မုန့်ချင်ကျိုးကို ကြည့်၍ တိုးတိုးလေး ပြောလိုက်၏။
“ကျောက်ကော်က လူကြီးမင်းနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး။ ဆရာ့ရဲ့ ချောမောတဲ့ ရုပ်ရည်ကိုတောင် မပြောနဲ့ဦး၊ ကျောက်ကော်က ဖားပြုပ်တစ်ကောင်လို ရုပ်ဆိုးတာ…”
မုန့်ချင်ကျိုးက တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
ဟုတ်ပြီ…အတည်ပြုလိုက်ပြီ၊ ဒီလောက်အထိ ပြင်းထန်တဲ့ အမုန်းတရား ရှိနေတာဆိုတော့ သူက ဝူတျဲ ဖြစ်ရမယ်။
ကျောက်ကော်က ဘာကို ဆိုလိုတာလဲ။ ငါနဲ့ သူနဲ့က ရန်ငြိုးမရှိဘဲနဲ့ ဘာလို့ လုပ်ကြံသတ်ဖြတ်သူကို ငါ့နား စေလွှတ်ထားရတာလဲ။
အဖြေရှာမရသဖြင့် မုန့်ချင်ကျိုးလည်း ဆက်၍ မစဉ်းစားတော့ပေ။
ဝူတျဲမှာ သာမန်အမျိုးသမီး မဟုတ်ဘဲ စိတ်ဝိညာဉ်နှင့် ဝိညာဉ်လမ်းစဉ်တွင် ပါရမီရှင်တစ်ဦး ဖြစ်သည်။ ဝတ္ထု၏ နောက်ပိုင်းတွင် သူသည် နံနက်ခင်းအလင်းနယ်ပယ် ပညာရှင်ကြီးတစ်ဦးပင် ဖြစ်လာခဲ့သည်။
သူသည် ကျောက်ကော်ကို များစွာ ကူညီပေးခဲ့ပြီး သူ၏ စိုးမိုးရေးခရီးစဉ်တွင် မရှိမဖြစ်သော လက်ရုံးတစ်ခု ဖြစ်ခဲ့သည်။
သို့သော် ဝူတျဲ၏ဘဝမှာ သနားစရာ ကောင်းလှ၏။ သူ၏ မောင်ဖြစ်သူမှာ သေဆုံးသွားခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း သူ မသိဘဲ ကျောက်ကော်အတွက် မိုက်မိုက်ကန်းကန်း သတ်ဖြတ်ပေးနေခဲ့ခြင်း ဖြစ်သည်။
သူ သေဆုံးသွားသည့်တိုင်အောင် သူ့မောင်ဖြစ်သူ သေဆုံးရခြင်း၏ အမှန်တရားကို မသိရှိခဲ့ရှာပေ။
တစ်ချိန်တည်းမှာပင်...
မြို့တော်၏ အပြင်ဘက် မိုင်တစ်ရာခန့်အကွာရှိ ဂူတစ်ခုအတွင်း၌။
ခွမ်း…
ကျောက်ကော်က ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေပြီး အဖိုးမဖြတ်နိုင်သော နဂါးကိုးကောင်ဖလားကို ရိုက်ခွဲပစ်လိုက်ရာ ဝိုင်များမှာ နေရာအနှံ့ ပျံ့နှံ့သွားတော့သည်။
“ခွေးမ…”
ကျောက်ကော်သည် အံကြိတ်ကာ ဆဲဆိုလိုက်ပြီး သူ၏ အရှိန်အဝါများ ထွက်ပေါ်လာကာ ဟောက်လိုက်သည်။
“ဓားအကြီးအကဲ.. အဲဒီကောင်နဲ့ ကောင်မနှစ်ယောက်လုံးကို ငါ့အတွက် သတ်ပေးစမ်း...”
ကျောက်ကော်သည် ဧကရီက ဒုတိယဝန်ကြီးတစ်ယောက် ခန့်အပ်လိုက်သည်ကို သိသော်လည်း ထိုကဲ့သို့ သေးနုပ်သော ကိစ္စရပ်များကို သူ စုံစမ်းခြင်း မပြုခဲ့ချေ။
ထို့ကြောင့် မုန့်ချင်းနှင့် မုန့်ချင်ကျိုးမှာ တစ်ဦးတည်း ဖြစ်သည်ကို သူ မသိရှိခဲ့ပေ။
ကျောက်ကော်သည် ဝူတျဲက မိမိကို သစ္စာဖောက်လိုက်ပြီဟု ထင်ကာ ဒေါသတကြီး အော်ဟစ်နေခြင်းဖြစ်၏။
အနက်ရောင်နှင့် အဖြူရောင် ရောယှက်နေသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ချေးတက်နေသော ရှေးဟောင်းဓားကို လွယ်ထားသည့် ပိန်ပိန်ပါးပါး အဘိုးကြီးတစ်ဦးမှာ တိတ်တဆိတ် ပေါ်လာပြီး အေးဆေးစွာ မေးလိုက်သည်။
“ဝူတျဲ အပါအဝင်လား...”
“ဟုတ်တယ်”
ကျောက်ကော်က အမုန်းတရားများဖြင့် ပြောလိုက်သည်။
ထိုမိန်းမသည် သူ့နောက်သို့ ငါးနှစ်၊ ခြောက်နှစ်ခန့် လိုက်ခဲ့သော်လည်း သူက လက်ကိုပင် မထိခဲ့ရချေ။ စကားပြောလျှင်လည်း ငါးမီတာ၊ ခြောက်မီတာခန့် အမြဲ ခွာနေတတ်ပြီး သူ့ကို တစ်ခါမျှ ဖော်ဖော်ရွေရွေ မရှိခဲ့ချေ။
သူ့ကို မြင်တိုင်း အဆိပ်အတတ်များကို သုံး၍ သူခိုးတစ်ယောက်ကို ကာကွယ်သလို အမြဲ သတိထားနေတတ်သည်။
သို့သော် မုန့်ချင်ကျိုးအပေါ်တွင်မူ သူ၏ သဘောထားမှာ လုံးဝ ကွဲပြားနေပြီး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပြီး သူ့ဆီ အပ်နှင်းချင်နေသကဲ့သို့ ရှိနေသည်။
“မလုပ်နဲ့ဦး…”
ကျောက်ကော်က စိတ်ကူးပြောင်းသွားပြီး ယုတ်မာစွာ ပြုံးလိုက်သည်။
“မုန့်ချင်ကျိုးကို သတ်လိုက်၊ ဝူတျဲရဲ့ ကျင့်ကြံခြင်းကို ဖျက်ဆီးပြီး ငါ့ဆီ ပြန်ခေါ်လာခဲ့... ငါ့ကို သစ္စာဖောက်ရတဲ့ အကျိုးဆက်ကို သူ သိစေရမယ်...”
“နားလည်ပါပြီ။”
ဓားအကြီးအကဲက ခေါင်းညိတ်လိုက်ပြီး ကျဉ်းမြောင်းသော မျက်လုံးများထဲတွင် မည်သည့် ခံစားချက်မျှ မရှိပေ။
နောက်တစ်စက္ကန့်တွင် ဓားအကြီးအကဲ ပျောက်ကွယ်သွားတော့သည်။
ခဏအကြာတွင် ကျောက်ကော်က တစ်စုံတစ်ခုကို သတိရသွားပြီး မေးစေ့ကို ပွတ်လိုက်မိသည်။
“ဝူတျဲက မုန့်ချင်ကျိုးကို သိချင်မှ သိမှာပါ...”
ဝူတျဲက မုန့်ချင်ကျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ...
“ထားလိုက်ပါတော့။”
ကျောက်ကော်က ခေါင်းခါလိုက်သည်။ သူက ဝူတျဲ၏ ခန္ဓာကိုယ်ကိုသာ မက်မောနေခြင်း ဖြစ်သည်။ အကောင်းပြော၍ မရလျှင် အတင်းအကျပ် လုပ်ယူမည်သာ ဖြစ်သည်။ အမှားအမှန်ဆိုသည်မှာ သူ့အတွက် အရေးမကြီးပေ။
အခြားတစ်ဖက်တွင်မူ...
မုန့်ချင်ကျိုး၏ နားထဲတွင် စနစ်၏ အသိပေးချက် ထပ်မံ ထွက်ပေါ်လာပြန်သည်။
[ ကျောက်ကော် အလွန်အမင်း ဒေါသထွက်နေပြီး စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်ကြောင့် စိတ်ဖောက်ပြန် နေပါသည် ]
[ ကံကြမ္မာ ဇာတ်လိုက်၏ ကံတရားတန်ဖိုး ၁၀၀ လျော့နည်းသွားပါပြီ (၂၄၀၀ မှ ၂၃၀၀ သို့) ]
[ ဆုလာဘ် ရရှိသည်။ ထိပ်တန်း ကောင်းကင်အဆင့် ကျင့်စဉ် - ကျောက်ကော်၏ လိပ်ပြာအိပ်မက် ]
“ဝိုး..”
နောက်ထပ် ပစ္စည်းတစ်ခု ရပြန်ပြီ…
မုန့်ချင်ကျိုးက မျက်ခုံးပင့်လိုက်မိ၏။ ဇာတ်လိုက်ကို အဆက်မပြတ် ထိုးနှက်ချက်တွေ ပေးနေတဲ့ အဲဒီ လူစွမ်းကောင်းက ဘယ်သူပါလိမ့်။
“ဒါက စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ကျင့်စဉ်ပဲ။ ငါ့အတွက်တော့ သိပ်အသုံးမဝင်ဘူး။”
မုန့်ချင်ကျိုး အနည်းငယ် စိတ်ပျက်သွားသည်။
“ဒါပေမဲ့ ဒါက ဝူတျဲအတွက်တော့ ကွက်တိပဲ...”