ရှင့်ကို ဒီနေ့ကစပြီး ငါးပိကောင်မုန့်လို့ပဲ ခေါ်တော့မယ်
Vol. 2 Ch. 21
ညနေခင်းအချိန်။
မုန့်ချင်ကျိုးသည် ညစာကို ကြိုတင်ပြင်ဆင်ထားပြီး အိုးထဲတွင် အပူပေးထားကာ လှုပ်ကုလားထိုင်ပေါ်တွင် လှဲလျက် နေဝင်ချိန်ကို ခံစားနေ၏။
မကြာသေးမီကပင် ဝူတျဲသည် ဧကရီနှင့် ထပ်မံဆုံတွေ့ရမည်ကို ကြောက်ရွံ့သဖြင့် အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ သူ မထွက်ခွာမီ မုန့်ချင်ကျိုးကို လေးနက်စွာ တွေးတောစေသော မေးခွန်းတစ်ခု မေးခဲ့သေးသည်။
“လူကြီးမင်းမုန့်၊ ဧကရီရဲ့ ကြင်ရာတော်ကို သိလား။ ရှင်တို့က မျိုးရိုးနာမည်လည်း တူကြတယ်။ နှစ်ယောက်စလုံးက ဧကရီရဲ့ မျက်နှာသာပေးမှုကို ခံရတာလည်း တူကြတယ်၊ တော်တော် တိုက်ဆိုင်တာပဲနော်...”
မုန့်ချင်ကျိုးက မသိကြောင်းသာ ပြောလိုက်သော်လည်း ထိုထူးခြားသော အမျိုးသားအကြောင်းကိုမူ သူ အလွန် သိချင်နေမိသည်။ သူက အရမ်းပဲ ချောမောနေလို့လား၊ ဒါမှမဟုတ် ထူးချွန်လွန်းနေလို့လား။
သို့မဟုတ်ပါက တစ်သက်လုံး အထီးကျန်နေမည့် ကံကြမ္မာရှိသော ဧကရီကို ဇာတ်လမ်းပြောင်းရေးစေကာ အိမ်ထောင်ပြုရန် စဉ်းစားလာအောင် သူ ဘယ်လို လုပ်နိုင်ခဲ့သနည်း။
အတော်ကြာ စဉ်းစားပြီးနောက် မုန့်ချင်ကျိုးက ဆက်လက် စုံစမ်းခြင်း မပြုရန် ဆုံးဖြတ်လိုက်သည်။
ဇာတ်ပို့များနှင့် လမ်းသွားလမ်းလာများက အများကြီး သိထားလျှင် မလိုအပ်သော ဒုက္ခများ ကြုံတွေ့ရတတ်ပြီး ဇာတ်လိုက်အဖွဲ့နှင့် ဗီလိန်အဖွဲ့တို့၏ ပဋိပက္ခကြားတွင် အသက်ဆုံးရှုံးရတတ်သည်။
ပြင်ပလောကကို လျစ်လျူရှုထားပြီး ငါ့ရဲ့ စာအုပ်အသေးလေးတွေ ဖတ်ဖို့ပဲ အာရုံစိုက်ထားလိုက်မယ်။ သေးနုပ်တဲ့ ကိစ္စတွေက ငါနဲ့ ဘာမှ မဆိုင်ဘူး။
ငါးပိကောင်မုန့်က ရခဲလှသော စိတ်ဝင်စားမှုကို ပြသကာ ပြောလိုက်သည်။
“ချင်ချိုး၊ မင်းကို ဓားသိုင်း နည်းနည်း သင်ပေးမယ်...”
တိတ်တဆိတ် ကျင့်ကြံနေသော စုချင်ချိုးသည် ထိုစကားကို ကြားသည်နှင့် ဝမ်းသာအားရ ပြေးလာခဲ့သည်။
“ကျေးဇူးတင်ပါတယ် သခင်လေး..”
အချိုအရသာကို မြည်းစမ်းဖူးသော ကလေးလေးမှာ ဆက်လက် စောင့်ဆိုင်းနိုင်ခြင်း မရှိတော့ဘဲ ခုံပုလေး တစ်လုံးကို ယူကာ မုန့်ချင်ကျိုးကို မျှော်လင့်တကြီး ကြည့်နေလေသည်။
“မင်းကို ထိပ်တန်း ကောင်းကင်အဆင့် ဓားသိုင်းတစ်ခု သင်ပေးမယ်။ ဒါကတော့ ဆံပင်ဖြူဖြူနဲ့ စိတ်ကောင်းတဲ့ အဘိုးအိုတစ်ယောက် သင်ပေးခဲ့တာပေါ့..”
မုန့်ချင်ကျိုးက ရှင်းလင်းစွာ ချောင်းဟန့်ရင်း ပြောလိုက်သည်။
စုချင်ချိုး နှုတ်ခမ်းစူလိုက်သည်။
ဘာ ဆံပင်ဖြူဖြူနဲ့ စိတ်သဘောထားကောင်းတဲ့ အဘိုးအိုလဲ။ ငါ့ကို တကယ်ပဲ အရူးမလေးလို့ ထင်နေတာလား။
သို့သော် စုချင်ချိုးက သံသယတော့ မဝင်ပေ။ ပညာရှိဆိုသည်မှာ လောကကြီးတစ်ခုလုံးကို သိရှိနားလည်သူများ ဖြစ်ကြရာ ကျင့်ကြံခြင်း နည်းလမ်းများကို သိရှိသည်မှာ မဆန်းပေ။
သခင်လေးက ပညာရှိတစ်ပါးပဲ၊ ဒါကြောင့် ဖြစ်နိုင်တာပေါ့။
ခွေးတစ်ကောင်လို သံကြိုးဖြင့် အချည်ခံထားရသော နေမင်းအရှင်သခင်က မျက်လုံးတစ်ဖက်ကို ပျင်းရိစွာ ဖွင့်လိုက်ပြီး သူ၏ ခွေးမျက်နှာထားတွင် အထင်သေးမှုများ ပြည့်နှက်နေ၏။
ဟွန်း… မဟုတ်တာကို အဟုတ်လုပ်ပြီး ဟန်ဆောင်နေတာ။
ဘာ ဆံပင်ဖြူဖြူနဲ့ စိတ်သဘောထားကောင်းတဲ့ အဘိုးအိုလဲ။ မင်းက ဓားသူတော်စင် ဆိုတာ ရှင်းနေတာပဲဟာ။
နေမင်းအရှင်သခင်မှာ အရာအားလုံးကို ထိုးထွင်းသိမြင်နေရသကဲ့သို့ နက်ရှိုင်းစွာ ဆွေးမြည့်နေပုံ ပေါက်နေသည်။
ကံဆိုးစွာနဲ့ပဲ ငါက အတိတ်တုန်းက ခွင့်မလွှတ်နိုင်တဲ့ အပြစ်တွေ ကျူးလွန်ခဲ့မိလို့ စကားမပြောနိုင်တော့တာ။ မဟုတ်ရင် မင်းကို ဖွင့်ချလိုက်ပြီ။
လင်မယားနှစ်ယောက်၊ တစ်ယောက်က သိက္ခာရှိတဲ့ ဇနီးသည်အဖြစ် ဟန်ဆောင်၊ နောက်တစ်ယောက်က မျက်မမြင် အိမ်ဖော်အဖြစ် ဟန်ဆောင်။
သခင်ကြီးအနေနဲ့ သူတို့အစား ပင်ပန်းတယ်။
တဖြည်းဖြည်းနှင့် နေမင်းကြီးမှာ မိုးကုတ်စက်ဝိုင်းအောက်သို့ ဝင်သွားပြီး ကြယ်တာရာများက လပြည့်ဝန်းနှင့် အတူ ထွက်ပေါ်လာကြသည်။
ကျွီ…
ခြံဝင်းတံခါး ပွင့်သွားပြီး ရိုးရှင်းသော အဖြူရောင် ဂါဝန်ကို ဝတ်ဆင်ထားသည့် တုန်းဖန်လျူလီသည် ပင်ပန်း နွမ်းနယ်နေသော ပုံစံဖြင့် ဝင်ရောက်လာ၏။
“ပြန်ရောက်လာပြီလား...”
“ချင်ချိုး၊ ဟင်းတွေကို နွှေးလိုက်တော့၊ ပြီးရင် ငါ ပြင်ဆင်ထားတဲ့ ကြာစေ့နဲ့ ငွေနားမှို ဟင်းချိုကို ယူလာခဲ့။”
မုန့်ချင်ကျိုးက အသံကြားသည်နှင့် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ဟုတ်ကဲ့...”
ဓားသိုင်းကျမ်းစာများကို နားလည်သဘောပေါက်ရန် ကြိုးစားရင်း ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော စုချင်ချိုးက ထလိုက်ပြီး ဦးညွှတ်ကာ မီးဖိုချောင်သို့ သွားလိုက်သည်။
တုန်းဖန်လျူလီသည် စုချင်ချိုး၏ ကျောပြင်ကို ကြည့်ကာ အနည်းငယ် အံ့သြသွားသည်။
သူ မမှားဘူးဆိုလျှင် စုချင်ချိုး၏ ဓားအသိမှာ ထပ်မံ တိုးတက်လာခဲ့ပြီး တိမ်တက်နယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ထိုတိုးတက်မှုက မြန်လွန်းနေသည်။
စုချင်ချိုး ဟင်းပွဲများ ယူဆောင်လာသောအခါ သူတို့ သုံးဦးသား စားပွဲဝိုင်းတွင် ထိုင်လိုက်ကြသည်။ တုန်းဖန်လျူလီက အသံလှိုင်းဖြင့် မေးလိုက်၏။
“ချင်းကျိုးက နင့်ကို ဓားသိုင်းတွေ ရှင်းပြပေးနေတာလား...”
“ဟုတ်ပါတယ်..”
စုချင်ချိုးက ပြုံးရွှင်စွာ ပြောလိုက်ပြီး သူ၏ အေးစက်ချောမောသော မျက်နှာထက်တွင် ချစ်စရာကောင်းသော အပြုံးလေးတစ်ခု ပေါ်လာသည်။
“အရှင်မရဲ့ ကြင်ရာတော် သင်ပေးလိုက်တဲ့ ကျမ်းစာက အတိုင်းအဆမရှိ နက်နဲလှပြီး ကျွန်မကို အများကြီး အလင်းပွင့်သွားစေပါတယ်…”
တုန်းဖန်လျူလီသည် မုန့်ချင်ကျိုးကို တိတ်တဆိတ် ကြည့်လိုက်ပြီး တွေးလိုက်မိသည်။
ဒီလူ ဘယ်လောက်တောင် ဖုံးကွယ်ထားဦးမှာလဲ
သူက အမြဲတမ်း လျို့ဝှက်ဆန်းကြယ်လွန်းတယ်၊ အလွှာတစ်ထောင် ကိတ်မုန့်လိုပဲ၊ တစ်လွှာပြီး တစ်လွှာ ပေါ်လာနေတာ။
“ကြာစေ့နဲ့ ငွေနားမှို ဟင်းချို၊ ဒါက နှလုံးသားကို ကြည်လင်စေပြီး အဆုတ်ကို အားဖြည့်ပေးတယ်၊ ပင်ပန်းတာကို ဖြေဖျောက်ဖို့ အကောင်းဆုံးပဲ...”
မုန့်ချင်ကျိုးက ပန်းကန်လုံးတစ်လုံးကို ညွှန်ပြရင်း ပြောလိုက်သည်။
တုန်းဖန်လျူလီ ရယ်မောလိုက်ပြီး သူ၏ သံသယများကို ဘေးဖယ်ကာ ဤအဖိုးတန်လှသော ငြိမ်းချမ်းမှု အခိုက်အတန့်ကို ခံစားလိုက်သည်။
မုန့်ချင်ကျိုး ရောက်လာသည့်အချိန်မှစ၍ စာရွက်စာတမ်းများနှင့် အစီရင်ခံစာ ပုံများအပေါ်တွင် သူ အိပ်ပျော်သွားခြင်း ရှားပါးလာသည်ကို သူ သတိမထားမိလိုက်ချေ။
အိမ်လေးသို့ ပြန်ရောက်တိုင်း သူ၏ အရေးပေါ် စိတ်ဖိစီးမှုများမှာ အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ် သွားတတ်သည်။
“ရာထူးက အေးဆေးပါ၊ မပင်ပန်းပါဘူး...”
တုန်းဖန်လျူလီက အေးဆေးစွာ ပြောလိုက်သည်။
“မင်း တခြားသူတွေကို လှည့်စားလို့ရပေမဲ့ ငါ့ကိုတော့ မရဘူး။ ပြဿနာကောင် ကျောက်ယွီဟွမ်က ရည်မှန်းချက်ကြီးပြီး မဟာကျင်းကို ရှုပ်ထွေးအောင် လုပ်နေတာ။ ဧကရီရဲ့ ဝန်ကြီးတစ်ယောက်အနေနဲ့ မင်းရဲ့ အလုပ်တာဝန်တွေ တိုးလာမှာပေါ့...”
မုန့်ချင်ကျိုးက ပြောလိုက်သည်။
တုန်းဖန်လျူလီက ကြာစေ့ဟင်းချိုကို တစ်ငုံ သောက်လိုက်ရာ ထိုကြာစေ့များမှာ နေကိုးစင်း လောင်ကျွမ်းနှလုံးသား ကြာပန်းမှ ရရှိကြောင်း သိလိုက်ရသည်။ ငွေနားမှိုမှာလည်း ကောင်းကင်အဆင့် ဝိညာဉ်အပင် ဖြစ်နေသည်…
“ဒီဟင်းချိုတစ်ခွက်ရဲ့ တန်ဖိုးကို ရှင် သိရဲ့လား...”
တုန်းဖန်လျူလီက မော့ကြည့်ရင်း မေးလိုက်သည်။
မုန့်ချင်ကျိုးက ပခုံးတွန့်ကာ ပြောလိုက်သည်။
“ထိပ်တန်း ကောင်းကင်အဆင့် ဝိညာဉ်အပင်၊ တောင်ရွှေ့နယ်ပယ် ကျင့်ကြံသူတစ်ယောက်ရဲ့ အသက်ကို ဝယ်လို့ရလောက်မယ် ထင်တယ်...”
“ဒါပေမဲ့ ရတနာကို ပိုင်ဆိုင်ထားတဲ့ အပြစ်မရှိသူက အပြစ်ရှိတာပဲ။ ဒါကြောင့် ဒီအန္တရာယ်တွေကို ရှင်းထုတ်ပေးဖို့ မင်းကို အကူအညီတောင်းရတာပေါ့...”
မုန့်ချင်ကျိုးက ထိုပစ္စည်းများကို သူကြိုက်သလောက် ရနိုင်သည်ဟု ပြောပြီး ဟိတ်ဟန်ထုတ်ချင်သည့် ပုံစံမျိုး မဖမ်းချင်ပေ။
တုန်းဖန်လျူလီ ရယ်မောလိုက်သည်။ “ရှင်က တကယ့်ကို သဘောထားကြီးတာပဲ...”
“ကျုပ်ရဲ့ ဇာတိမှာတော့ လူတွေက အဲဒီလိုလူမျိုးကို ငါးပိကောင် လို့ ခေါ်ကြတယ်” မုန့်ချင်ကျိုးက လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်သည်။
တုန်းဖန်လျူလီ ရယ်မောလိုက်ရာ လရောင်သည် သူ၏ မျက်နှာထက်သို့ ကျရောက်နေပြီး လမင်းထက် ပိုမို တောက်ပကာ ကြယ်တာရာများထက် ပိုမို စူးရှနေစေသည်။
ကံဆိုးစွာဖြင့် တစ်စုံတစ်ယောက်မှာမူ စစ်မှန်သော မျက်မမြင်တစ်ဦး ဖြစ်နေသဖြင့် ဤလှပသော မြင်ကွင်းကို ခံစားနိုင်စွမ်း မရှိချေ။
“စိတ်ဝင်စားစရာပဲ၊ ရှင့်ကို ဒီနေ့ကစပြီး ငါးပိကောင်မုန့်လို့ ခေါ်တော့မယ်...”
တုန်းဖန်လျူလီက ပြုံးရင်း ပြောလိုက်သည်။
မုန့်ချင်ကျိုးက အသာအယာ ပြုံးလိုက်သည်။ “မင်း ပျော်ရင် ပြီးတာပါပဲ...”
တုန်းဖန်လျူလီသည် ညင်သာစွာ ပြုံးရင်း ကြာစေ့ဟင်းချိုကို ကုန်အောင် သောက်လိုက်သည်။ သူ များစွာ သက်သာသွားပြီး သွေးကြောများထဲမှ အအေးဓာတ်များ သိသိသာသာ လျော့ပါးသွားသည်ကို ခံစားလိုက်ရသည်။
“သခင်လေး၊ နေကိုးစင်း လောင်ကျွမ်းနှလုံးသား ကြာပန်းက သခင်မလေးအတွက် အကျိုးရှိပါတယ်။ သခင်ကြီး လုပ်ပေးနိုင်မလား... “
စုချင်ချိုးက ဝင်ပြောလိုက်သည်။
တုန်းဖန်လျူလီမှာ ထုတ်မပြောရဲသော်လည်း စုချင်ချိုးကမူ ညတိုင်း အအေးမိရောဂါ ဝေဒနာကို ခံစားနေရသော သူအတွက် စိတ်မကောင်းဖြစ်ပြီး ဧကရီကို အမြန်ဆုံး ပျောက်ကင်းစေချင်နေသည်။
“ရတာပေါ့၊ နောက်ဆို နေ့တိုင်း လုပ်ပေးမယ်...”
မုန့်ချင်ကျိုးက ချက်ချင်း သဘောတူလိုက်သည်။
“အင်း..”
တုန်းဖန်လျူလီသည် ပန်းကန်လုံးကို ကိုင်ထားရင်း သူ၏ ခေါင်းကို ရင်ဘတ်ထဲသို့ နှစ်ထားလိုက်မိသည်။
ထိုအချိန်တွင် မဖိတ်ခေါ်သော ဧည့်သည်တစ်ဦး ရောက်ရှိလာသည်။ ချင်းဖုန်းဟော်က တံခါးနားတွင် ချောင်းမြောင်းနေ၏။
နှာခေါင်းအာရုံခံ ကောင်းမွန်သော နေမင်းအရှင်သခင်က ချက်ချင်းပင် ခွေးကြိုးကို ဖြတ်တောက်လိုက်ပြီး ခြေနှစ်ချောင်းဖြင့် မတ်တတ်ရပ်ကာ ပျံဝဲကန်ချက်ဖြင့် ပြေးဝင်သွားသည်။
သူသည် ချင်းဖုန်းဟော်၏ ခေါင်းကို တိတိကျကျ ထိမှန်သွားပြီး အားပါးတရ ခွေးခြေကန်ချက်ဖြင့် လွင့်ထွက်သွားစေလိုက်သည်။
သွားစမ်း..
အဘိုးကြီး၊ ငါ့ကို လာလှောင်နေတုန်းပဲလား...
“သခင်ကြီး၊ ကျုပ်က ဧကရီကို လာတွေ့တာပါ...” ချင်းဖုန်းဟော်က နေမင်းအရှင်သခင် ရှက်ရွံ့နေသည်ကို သိသဖြင့် တမင် မရှောင်ဘဲ အကန်ခံလိုက်ခြင်း ဖြစ်သည်။ သို့သော် ထိုခွေးသေကောင်က သူ့ကို ကိုက်ရန် ပါးစပ်ဟလိုက်သောအခါ ချင်းဖုန်းဟော် အလျင်အမြန် အသံလှိုင်းဖြင့် ရှင်းပြလိုက်ရသည်။
ဘာ…
နေမင်းအရှင်သခင် ပို၍ပင် ဒေါသထွက်သွားပြီး နှာခေါင်းပေါက်များမှ မီးများ မှုတ်ထုတ်လိုက်ကာ ခွေးမျက်လုံးများတွင် ပြင်းထန်သော ဒေါသများ ပြည့်နှက်သွားသည်။
ငါ လမ်းဘေးမှာ သစ်ပင်ကို အမှတ်အသား လုပ်နေတာကို ဧကရီကို ပြန်ပြောပြချင်နေတာလား..
ဦးရီးတော်က သည်းခံနိုင်ပေမဲ့ ငါကတော့ သည်းမခံနိုင်ဘူး... မင်းကို အသေကိုက်မကိုက် ကြည့်နေလိုက်...
“သခင်ကြီး သစ်ပင်ကို အမှတ်အသား လုပ်နေတဲ့အကြောင်း ပြောမလို့ မဟုတ်ပါဘူး၊ ပိုအရေးကြီးတဲ့ ကိစ္စ ရှိလို့ပါ”
ချင်းဖုန်းဟော်က အသံလှိုင်းဖြင့် ထပ်မံ ရှင်းပြလိုက်သည်။
ခဏအကြာတွင် ဒဏ်ရာများ ပြည့်နှက်နေပြီး ခွေးရူးပြန်ရောဂါ ရလုနီးပါး ဖြစ်နေသော ချင်းဖုန်းဟော်က နေမင်းအရှင်သခင်၏ ဒေါသကို ငြှိမ်းသတ်နိုင်ခဲ့ပြီး ခြံဝင်းထဲသို့ ခြေထောက်တစ်ဖက် ဆွဲကာ ဝင်လာခဲ့သည်။
“အရှင်... အဲ၊ လျူလီမိန်းကလေး...”
ချင်းဖုန်းဟော်က ပြောမလို့ ပြင်လိုက်သော်လည်း မုန့်ချင်ကျိုးကို မြင်လိုက်ရသဖြင့် လေသံကို အမြန်ပြောင်းကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“အော်၊ ချင်းကျိုး၊ မင်းလည်း ဒီမှာ ရှိနေတာကိုး၊ ဟား ... ဟားဟား...”
မုန့်ချင်ကျိုးက ထူးဆန်းသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
“ဒါက ကျုပ်အိမ်လေ၊ ကျုပ် မရှိသင့်ဘူးလား”
အစ်ကိုကြီး၊ ခင်ဗျား ဘာကို ဆိုလိုတာလဲ။ ခင်ဗျားစကားထဲမှာ တစ်မျိုးကြီး ဖြစ်နေပါလား...
“စကားမှားသွားတာပါ၊ စကားမှားသွားတာပါ...”
ချင်းဖုန်းဟော်က ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
“တကယ်တော့ ငါက လျူလီမိန်းကလေးရဲ့ ဦးလေးပါ”
“ဦးလေး ဟုတ်လား..”
မုန့်ချင်ကျိုးက အံ့အားသင့်စွာဖြင့် အမြန် ထရပ်လိုက်သည်။
“ဟေး သမက်လေး၊ ထိုင်ပါ...”
ချင်းဖုန်းဟော်မှာ ချွေးများ ရွှဲနေပြီး စိတ်ထဲတွင် ရှုပ်ထွေးနေ၏။
မူလက ချင်းဖုန်းဟော်သည် ဧကရီအား စိတ်မများရန်နှင့် မုန့်ချင်းကို စွန့်လွှတ်ပြီး မုန့်ချင်ကျိုးနှင့် ကောင်းမွန်စွာ နေထိုင်ရန် အကြံပေးရန် လာခဲ့ခြင်းဖြစ်သည်။
မုန့်ချင်ကျိုးလည်း ဒီမှာ ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
မုန့်ချင်ကျိုး အရှေ့တွင် “အရှင်မ၊ မုန့်ချင်းကို အမြန် ကွာရှင်းပြီး မုန့်ချင်ကျိုးကို ဖောက်ပြန်နေတာတွေ ရပ်လိုက်ပါတော့” ဟူ၍ ပြောရန် မဖြစ်နိုင်ပေ။
တုန်းဖန်လျူလီသည် ချင်းဖုန်းဟော်ကို တစ်ချက် ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် စစ်ဆေးမေးမြန်းလိုသော အရိပ်အယောင်များ ပါဝင်နေပြီး “ကျွန်မရဲ့ အေးချမ်းမှုကို နှောင့်ယှက်တာ၊ ခိုင်လုံတဲ့ အကြောင်းပြချက် မပေးနိုင်ရင် တွေ့မယ်”ဟု ပြောနေသကဲ့သို့ ရှိလေသည်။
ချင်းဖုန်းဟော် ချွေးစေးများ ပြန်နေပြီး အတော်ကြာမှ စကားတစ်ခွန်း ညှစ်ထုတ်လိုက်သည်။
“ငါက နေရာလေး လာကြည့်တာပါ၊ ဘာမှ မဟုတ်ပါဘူး၊ ပြန်လိုက်ပါဦးမယ်...”
ထို့နောက် ချင်းဖုန်းဟော်သည် လျှပ်စီးကဲ့သို့ ပြေးထွက်သွားတော့သည်။
သုံးမိုင်ခန့် ပြေးပြီးမှ ချင်းဖုန်းဟော် သဘောပေါက်သွားသည်။
အစွမ်းထက်တဲ့ အုပ်ချုပ်သူ ဧကရီတစ်ပါးက စကားနည်းနည်းလောက်နဲ့ ယိမ်းယိုင်သွားမှာ မဟုတ်ဘူး။
ဧကရီကို ရွေးချယ်ခိုင်းမှ ဖြစ်မယ်...
ချင်းဖုန်းဟော်၏ နှုတ်ခမ်းများ ကွေးညွတ်သွားပြီး ပြောင်မြောက်သော အကြံတစ်ခုရသွားသည်။
“ဧကရီရဲ့မွေးနေ့ပွဲမှာ အဲဒီ အချောလေး မုန့်ချင်းရဲ့ အရည်အချင်းကို လူသိရှင်ကြား စိန်ခေါ်ပြီးတော့ ခက်ခဲတဲ့ ပြဿနာတစ်ခု ပေးလိုက်မယ်။ တကယ်လို့ သူ မဖြေရှင်းနိုင်ရင်... “
“ဒါဆို အချောလေး မုန့်ချင်းက မြို့တော်ကနေ ထွက်ခွာပြီး သူ့ဇာတိကို ပြန်သွားရလိမ့်မယ်...”
“ငါ တော်လိုက်တာ။ ကျန်းစန်းဟိုင်လို လူမျိုးက ငါနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ဟားဟား..”