← Chapters

အချိန်နှင့်နေရာလွတ် ဓားအသိ၏ အစွမ်းထက်အရှိန်အဝါ အပြည့်အဝ ထွက်ပေါ်လာခြင်း

Vol. 2 Ch. 23

အချိန်နှင့်နေရာလွတ် ဓားအသိ၏ အစွမ်းထက်အရှိန်အဝါ အပြည့်အဝ ထွက်ပေါ်လာခြင်း

Vol. 2 Ch. 23

“ဓားအကြီးအကဲ၊ ရှင် ဒီကို ဘာလာလုပ်တာလဲ...”

ဝူတျဲ၏ မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မှု အရိပ်အယောင် ပေါ်လာခဲ့သည်။ သူသည် ကောက်ရိုးမိုးကာအင်္ကျီနှင့် အဘိုးအိုကို ကြောင်ငေးကြည့်နေပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် မုန့်ချင်ကျိုးက နှုတ်ဆက်အရက်ကို သောက်ပြီးနောက် လူသတ်ပြီး ပျော်ပါးမည်ဟု အရှက်မရှိ ကြွားလုံးထုတ်နေသည်ကို သတိထားမိလိုက်သည်။

“လူကြီးမင်း၊ ဒီနေရာကနေ အမြန်ထွက်သွားပြီး အရှင်မဆီမှာ အကာအကွယ် သွားယူပါ..”

မုန့်ချင်ကျိုးက ဖွဖွလေး ပြုံးပြီး ခေါင်းခါလိုက်သည်။ “မလိုပါဘူး။ ပင်လယ်ဖုံးလွှမ်းနယ်ပယ်တစ်ပိုင်း ကျင့်ကြံသူတစ်ယောက်အနေနဲ့ စိတ်ကူးတစ်ချက်တည်းနဲ့ မိုင်တစ်ထောင် ခရီးကို နှင်နိုင်တယ်၊ မြစ်တွေ၊ ပင်လယ်တွေကို အလိုရှိသလို မှောက်လှန်နိုင်တယ်၊ ကြီးမားတဲ့ နတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ထားတယ်။ ငါက ဘယ်ကို ထွက်ပြေးနိုင်မှာလဲ...”

ထိုစကားကို ကြားသောအခါ ဝူတျဲ စိုးရိမ်တကြီး တောင်းပန်လိုက်သည်။

“ဓားအကြီးအကဲ၊ ကျေးဇူးပြုပြီး လူကြီးမင်းမုန့်ကို လွှတ်ပေးလိုက်ပါ...”

မဟာကျင်းမင်းဆက်တွင် အဆင့်၉ နယ်ပယ်ရှိသူများကို သိုင်းပညာရှင်များဟု သတ်မှတ်နိုင်ပြီး၊ အဆင့်၁ နယ်ပယ်ရှိသူများမှာမူ သာမန်လူများ၏ မျက်စိထဲတွင် မြေပြင်ပေါ်မှ နတ်ဘုရားများ ဖြစ်ကြသည်။ တိမ်တက်နယ်ပယ်ရှိသူများသည် ဒေသတစ်ခုကို လွှမ်းမိုးနိုင်ပြီး၊ တောင်ရွှေ့နယ်ပယ်ရှိသူများသည် ဂိုဏ်းငယ် သို့မဟုတ် ဂိုဏ်းလတ်တစ်ခု၏ ခေါင်းဆောင်အဖြစ် ကိုယ်ပိုင်ဂိုဏ်း တည်ထောင်နိုင်သည်။

ပင်လယ်ဖုံးလွှမ်းနယ်ပယ် ကျင့်ကြံသူများမှာမူ သက်ရှိထင်ရှား နတ်ဘုရားများအဖြစ် သတ်မှတ်ခံရပြီး သူတို့၏ ရုပ်သွင်အမှန်ကို မြင်တွေ့ရခဲသော လျို့ဝှက်ဆန်းကြယ်သူများ ဖြစ်ကြသည်။

ဝူတျဲ၏ မျက်လုံးထဲတွင် ပင်လယ်ဖုံးလွှမ်းနယ်ပယ်တစ်ပိုင်းသို့ ရောက်ရှိနေသော ဓားအကြီးအကဲသည် နတ်ဘုရားတစ်ပါးကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

ဓားအကြီးအကဲက အရက်အိုးထဲမှ ကျန်နေသော အရက်များကို သူ၏ ရှေးဟောင်း ကြေးဓားပေါ်သို့ လောင်းချလိုက်ပြီး အေးဆေးတည်ငြိမ်စွာ လှုပ်ရှားရင်း ပြောလိုက်သည်။

“အိမ်ရှေ့စံက ဒီလူကို သတ်၊ မင်းရဲ့ ကျင့်ကြံခြင်းကို ဖျက်ဆီးပြီး ပြန်ခေါ်လာခဲ့ဖို့ ငါ့ကို စေခိုင်းလိုက်တယ်။ မင်း ကိုယ့်အတွက်ကိုယ် အရင် တောင်းပန်သင့်တာ ထင်တယ်...”

ထိုစကားကို ကြားသောအခါ ဝူတျဲရော မုန့်ချင်ကျိုးပါ မှင်တက်သွားကြပြီး မျက်နှာများတွင် ဇဝေဇဝါ ဖြစ်သွားကြသည်။

ဟမ်...

မုန့်ချင်ကျိုး ထိတ်လန့်သွားသည်။

အစွမ်းထက် ဇာတ်လိုက်ကြီးက ရူးသွားပြီလား။ အနာဂတ်မှာ နံနက်ခင်းအလင်းနယ်ပယ် ပညာရှင် ဖြစ်လာမယ့်သူကို ကျင့်ကြံခြင်း ဖျက်ဆီးပစ်ချင်နေတာလား။

မင်း ဦးနှောက် ပျက်နေပြီလား။

“ရှင် ဘာကို ဆိုလိုတာလဲ...”

ဝူတျဲ နားမလည်စွာ မေးလိုက်သည်။

ဓားအကြီးအကဲက ပြန်ဖြေလိုက်သည်။

“ငါ မသိဘူး၊ သိလည်း စိတ်မဝင်စားဘူး။ မင်းဘာသာမင်း ဖျက်ဆီးမလား၊ ငါ ကူညီပေးရမလား...”

ဝူတျဲ ကြောင်အမ်းအမ်း ဖြစ်သွားသည်။

ဒါက ဘာ အဓိပ္ပာယ်မရှိတဲ့ စကားလဲ။ ကျွန်မက ရှင့်အတွက် လူသတ်ပေးဖို့ အသက်စွန့်ခဲ့ရတာလေ၊ တာဝန်တောင် မပြီးသေးဘူး၊ အခု ရှင်က လူလွှတ်ပြီး ကျွန်မကို ဒုက္ခပေးနေတာလား။

ကိုယ့်လူအချင်းချင်း နောက်ကျော ဓားနဲ့ ထိုးတယ်ပေါ့လေ...

“လုံးဝကို အရှက်မရှိတာပဲ...”

ဝူတျဲ စိတ်ပျက်အားငယ်သွားသော်လည်း တည်ငြိမ်အောင် ထိန်းထားလိုက်သည်။ သူ၏ အေးစက်သော မျက်လုံးများက ဓားအကြီးအကဲကို စိုက်ကြည့်ရင်း ပြတ်သားစွာ ပြောလိုက်သည်။

“လူကြီးမင်း၊ တောင်ပေါ်ကနေ အမြန်ဆုံး ဆင်းပြေးပါ... ကျွန်မ သူ့ကို တားထားလိုက်မယ်။”

ထိုမြင်ကွင်းကို ကြည့်ရင်း မုန့်ချင်ကျိုး စိတ်သက်သာရာ ရသွားသည်။ မူလက သူ အနည်းငယ် မကျေမနပ် ဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤအမျိုးသမီးက သူ့ကို ပင်မဇာတ်လမ်းကြောင်းထဲ ဆွဲခေါ်လာခဲ့၍ပင် ဖြစ်သည်။

သို့သော် သူ့မှာလည်း ရွေးချယ်စရာ မရှိခဲ့ရှာပေ။ သေမင်းနှင့် ရင်ဆိုင်နေရချိန်တွင် သူ၏ တာဝန်ယူစိတ်က သူ၏ စိတ်ရင်းအမှန်မှာ ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ပြသနေသည်။

“စကားများတာ တော်တော့...”

ဓားအကြီးအကဲက မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး မုန့်ချင်ကျိုးကို စိုက်ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“မင်း... သွားရမယ့်အချိန် ရောက်ပြီ။”

ဝူတျဲက မုန့်ချင်ကျိုး၏ ရှေ့သို့ ဝင်ရပ်လိုက်ပြီး နောက်ပြန်လှည့်ကာ ပြုံးပြရင်း ပြောလိုက်သည်။

“တောင်းပန်ပါတယ်၊ လူကြီးမင်းကို ဒီကိစ္စထဲ ဆွဲထည့်မိတာ ကျွန်မ အပြစ်ပါ... မြန်မြန် ပြေးပါတော့။”

စကားဆုံးသည်နှင့် ဝူတျဲသည် လျှာကို ကိုက်ကာ သွေးများကို လောင်ကျွမ်းစေပြီး အင်အားကို အတင်းအကျပ် မြှင့်တင်လိုက်ကာ ဓားအကြီးအကဲကို နှောင့်နှေးစေရန် သူ၏ အသက်ကို စတေးဖို့ ပြင်ဆင်လိုက်သည်။

တောက်...

တောက်၊ တောက်..

တောက်၊ တောက်၊ တောက်...

ဓားအကြီးအကဲသည် သူတို့နှစ်ဦးထံသို့ အလျင်စလို မဟုတ်ဘဲ လျှောက်လှမ်းလာရာ ခြေလှမ်း တစ်လှမ်းချင်းစီတိုင်းတွင် လေညင်းတောင်တစ်ခုလုံး စည်းချက်ညီညီ တုန်ခါသွားပြီး မြေကြီးထဲတွင် နဂါးတစ်ကောင် လူးလွန့်နေသကဲ့သို့ ဖြစ်နေသည်။

ချလွမ်...

စူးရှပြတ်သားသော ဓားသံတစ်သံ ထွက်ပေါ်လာသည်။ ချေးတက်နေသော ကြေးဓားက ပြင်းထန်သော ဓားအရှိန်အဝါဖြင့် ဖုံးလွှမ်းသွားတော့သည်။

ဓားအကြီးအကဲ၏ ပတ်ဝန်းကျင်တွင် နေရာလွတ်မှာ အပိုင်းအစငယ်လေးများအဖြစ် ပြတ်တောက်သွားပြီး နေရာလွတ်အတွင်း ဝှက်ထားသော ရှုပ်ထွေးသည့် စီးကြောင်းများက ဟိန်းဟောက်နေကြရာ သူသည် ရှေးခေတ်မှ ပြန်လည်ရောက်ရှိလာသော ဓားဧကရာဇ်တစ်ပါးကဲ့သို့ ထင်ရသည်။

အွတ်...

ဝူတျဲ သွေးအန်လိုက်သည်။ တိုက်ပွဲပင် မစရသေးမီ ဆံခြည်မျှင်လောက်သာ ရှိသော ဓားအသိတစ်ခုက အဝေးမှနေ၍ သူကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။

“အရမ်း သန်မာတာပဲ...”

ဝူတျဲ မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားပြီး မျှော်လင့်ချက် ကင်းမဲ့နေသော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။

“မောင်လေးရေ၊ အစ်မ နင့်ကို မကယ်နိုင်တော့ဘူး...”

ရုတ်တရက်...

အားကောင်းလှသော ဓားအသိတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားပြီး လေညင်းလေးများပင်လျှင် ထက်မြက်သော ဓားရာများအဖြစ် ပြောင်းလဲသွားတော့သည်။

ဝူတျဲ ပထမတွင် ကြောင်သွားပြီးနောက် ထိတ်လန့်တကြား နောက်လှည့်ကြည့်လိုက်ရာ သူ၏ နောက်တွင် မတ်မတ်ရပ်နေသော မုန့်ချင်ကျိုးကို တွေ့လိုက်ရသည်။ သူ၏ ကိုယ်ဟန်အနေအထားမှာ ဖြောင့်မတ်နေပြီး မျက်နှာထားမှာ အေးစက်ကာ ရှေ့ကို စိုက်ကြည့်နေသည်။

“လူကြီးမင်း၊ ရှင်... “

ဝူတျဲ မျက်နှာ ဖြူဖျော့သွားသည်။

သူသည် အလွန် ဉာဏ်ကောင်းသူဖြစ်ရာ ချက်ချင်းပင် အရာများစွာကို တွေးမိလိုက်သည်။

လူကြီးမင်းက ကျင့်ကြံခြင်းမရှိတဲ့ သာမန်လူ မဟုတ်ဘူး..

“ခင်ဗျားက အသာစီးရနေပြီလို့ ထင်နေတာလား...”

မုန့်ချင်ကျိုးက လူသတ်လိုသော လေသံဖြင့် ပြောလိုက်သည်။

“အဘိုးကြီး၊ ခင်ဗျားထက် သာတဲ့လူ အမြဲ ရှိတယ်ဆိုတာ သိထားသင့်တယ်...”

မုန့်ချင်ကျိုး၏ စကားလုံးများသည် ဧကရာဇ် အမိန့်တော်ကဲ့သို့ အစွမ်းထက်လှပြီး စကားလုံးတစ်လုံးစီတိုင်းသည် ခမ်းနားထည်ဝါသော ဓားစီးကြောင်းများအဖြစ် ပြောင်းလဲကာ ဓားအကြီးအကဲ၏ ဓားအသိအားလုံးကို ဖိနှိပ်လိုက်သည်။

“ကျုပ် ခင်ဗျားကို အခွင့်အရေး ပေးခဲ့တယ်၊ ဒါပေမဲ့ ခင်ဗျားက တန်ဖိုးမထားခဲ့ဘူး...”

ဓားအကြီးအကဲက မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားကာ မုန့်ချင်ကျိုးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

“သတင်းအချက်အလက်တွေ မှားနေတာပဲ၊ မင်းက ဓားကျင့်ကြံသူလား။ ပြီးတော့ အတော်လေး အောင်မြင်နေတာပဲ၊ စိတ်ဝင်စားစရာပဲ...”

မုန့်ချင်ကျိုး၏ လူသတ်လိုစိတ် ပိုမို ပြင်းထန်လာပြီး သည်းခံနိုင်စွမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေလေပြီ။

သူက ပင်မဇာတ်လမ်းကြောင်းထဲ မပါဝင်မိအောင်၊ အစွမ်းထက် ဇာတ်လိုက်နှင့် ဗီလိန်ကြီးများကို မရန်စမိအောင် အတတ်နိုင်ဆုံး သတိထားခဲ့ပြီး အိမ်ထောင်ပြုကာ ဘာမှမလုပ်ဘဲ နေခဲ့သည်။

သို့သော် အေးချမ်းသော နေ့ရက်များ တစ်လလောက်သာ ကြာပြီးနောက် ကျောက်ကော်က အကြောင်းပြချက် မရှိဘဲ လူလွှတ်ကာ ပြဿနာ လာရှာသည်။

ငါ မင်းကို ဘာလုပ်မိလို့လဲ။ ငါ မင်းနဲ့ တစ်ခါမှတောင် မတွေ့ဖူးဘူး။

မုန့်ချင်ကျိုး လှောင်ပြောင်လိုက်သည်။

“သေခါနီးတောင်မှ ပညာရှင်ဟန် ဖမ်းနေသေးတယ်၊ အဘိုးကြီး၊ ခင်ဗျား ဦးနှောက်အားဆေးတွေ အသောက် လွန်နေပြီ ထင်တယ်...”

ဒုန်း...

ထိုသို့ ပြောပြီးနောက် မုန့်ချင်ကျိုးသည် ဟင်းလင်းပြင်ကို သူ၏ မျက်မမြင်တောင်ဝှေးဖြင့် ဖွဖွလေး တို့လိုက်သည်။ ချက်ချင်းပင် ပြိုကွဲနေသော နေရာလွတ်နှင့် ဟိန်းဟောက်နေသော စီးကြောင်းများအားလုံး မူလအတိုင်း ပြန်ဖြစ်သွားသည်။

ပတ်ဝန်းကျင် ရှုခင်းများမှာ အရောင်များ ပျောက်ကွယ်သွားပြီး အနက်နှင့် မီးခိုးရောင်အဖြစ် ပြောင်းလဲသွားသည်။

အဖြူအမည်း ဓာတ်ပုံတစ်ပုံကဲ့သို့ပင်၊ ပျံသန်းနေသော ငှက်များမှာ နောက်ပြန်ပျံသန်းသွားကြပြီး၊ ကြွေကျနေသော သစ်ရွက်များမှာ အကိုင်းအခက်များဆီသို့ တစ်စစီ ပြန်လည် ရောက်ရှိသွားကြသည်...

ဓားအကြီးအကဲမှာ မှင်တက်သွားပြီး ဘေးဘီဝဲယာကို ဇဝေဇဝါ ကြည့်လိုက်ရာ သူ၏ မျက်နှာထားမှာ တဖြည်းဖြည်း လေးနက်သွားသည်။

“ဓားမန္တန်၊ ဖျက်ဆီးစမ်း”

ဓားအကြီးအကဲ အော်ဟစ်လိုက်ပြီး သူ၏ ဓားမှာ နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားသည်။

ကြီးမားကျယ်ပြန့်သော ဓားအလင်းတန်းကြီးတစ်ခု မုန့်ချင်ကျိုးထံသို့ တိုးဝင်လာရာ ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားသည် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်သည်။

မုန့်ချင်ကျိုး၏ နှုတ်ခမ်းများ ကွေးညွတ်သွားပြီး အေးစက်စွာ ပြောလိုက်သည်။

“ဖိနှိပ်စမ်း...”

ခဏချင်းမှာပင် ဓားအသိသည် မမြင်ရသော အတားအဆီးတစ်ခုကို တိုက်မိသကဲ့သို့ ဆက်လက် မတိုးဝင် နိုင်တော့ပေ။

ထို့နောက် ကြီးမားသော ဓားအသိသည် ဝုန်းခနဲ ပေါက်ကွဲသွားပြီး အပိုင်းအစများစွာအဖြစ် ပြောင်းလဲကာ ဓားအကြီးအကဲ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။

မုန့်ချင်ကျိုး နောက်ထပ် စကားတစ်လုံး ပြောလိုက်သည်။

“ပြန်လှည့်စမ်း..”

ချက်ချင်းပင် ကမ္ဘာလောကကြီးသည် အရောင်အသွေး ကင်းမဲ့သွားပြီး အဖြူအမည်းအဖြစ် ပြောင်းလဲကာ ရှုခင်းများမှာ မြန်နှုန်းမြင့် ရထားပေါ်မှကဲ့သို့ နောက်ပြန် စီးဆင်းသွားတော့သည်။

“ဘာ... ဒါ ဘာလဲ...”

ဓားအကြီးအကဲ တည်ငြိမ်မနေနိုင်တော့ချေ။ သူ ထုတ်လွှတ်လိုက်သော ဝိညာဉ်စွမ်းအင်များ ဖြည်းညှင်းစွာ ပြန်လည် ရောက်ရှိလာသည်ကို၊ အပိုင်းပိုင်း ပြတ်တောက်သွားသော ဟင်းလင်းပြင်များ ပြန်လည် ဆက်စပ်သွားသည်ကို တွေ့လိုက်ရသဖြင့် သူ ထိတ်လန့်သွားသည်။

“အချိန် နိယာမတွေ...”

မူလနေရာသို့ အထိန်းအကွပ်မရှိ နောက်ပြန်ဆုတ်သွားသော ဓားအကြီးအကဲက ပြောလိုက်သည်။

“ဒါ မဖြစ်နိုင်ဘူး၊ ဓားသိုင်းပညာထဲမှာ အချိန်နိယာမတွေကို ပေါင်းစပ်လိုက်တာလား၊ တစ်ခါမှ မကြားဖူးဘူး.. အဓိပ္ပာယ်မရှိလိုက်တာ...”

“ပိုင်းဖြတ်စမ်း...”

မုန့်ချင်ကျိုး စကားတစ်လုံး ပြောလိုက်သည်။

နောက်တစ်စက္ကန့်တွင် ဓားအကြီးအကဲ၏ စိတ်ထဲ၌ မှတ်ဉာဏ်တစ်ခု ရုတ်တရက် ပေါ်လာသည်။

လွန်ခဲ့သော ဆယ်နှစ်ခန့်က ဖြစ်သည်။

သူ ပင်လယ်ဖုံးလွှမ်းနယ်ပယ်တစ်ပိုင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့သည့် နေ့ရက်ဖြစ်ပြီး သူ၏ ရုပ်ရည်မှာ ယခုနှင့် များစွာ မကွာခြားလှပေ။

ဓားအကြီးအကဲသည် ဂူအတွင်း၌ တင်ပလ္လင်ခွေ ထိုင်နေပြီး ချွေးများ ရွှဲနစ်နေသည်။

အရေးကြီးသော အခိုက်အတန့်တွင် အလင်းတန်းတစ်ခုသည် မှောင်မည်းနေသော ဂူအတွင်းသို့ ရုတ်တရက် ထိုးဖောက်ဝင်ရောက်လာသည်။ အချိန်မြစ်လက်တက်တစ်ခုမှ ဖွဲ့စည်းထားသော ဓားတိုတစ်လက်သည် ရွှပ်ခနဲမြည်အောင် သူ၏ လက်မောင်းတစ်ဖက်ကို ဖြတ်တောက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အနှောင့်အယှက် ခံလိုက်ရသော ဓားအကြီးအကဲသည် အဆင့်တက်ရန် ကျရှုံးသွားပြီး သူ၏ ကျင့်ကြံမှု နယ်ပယ်မှာ တောင်ရွှေ့နယ်ပယ် အထွတ်အထိပ်သို့ ကျဆင်းသွားခဲ့ရသည်။

“စိတ်ကူးယဉ်နေတာလား...”

ဓားအကြီးအကဲ သတိပြန်ဝင်လာပြီး ဂရုမစိုက်သလို နေလိုက်သော်လည်း အောက်ငုံ့ကြည့်လိုက်သောအခါ သူ၏ လက်မောင်းတစ်ဖက် ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရ၏။

ပြတ်တောက်သွားသော လက်မောင်းရင်းတွင် ရုပ်ဆိုးသော အမာရွတ်တစ်ခု ရှိနေသည်။

ထိုမျှမက ဓားအကြီးအကဲက အကြောင်းပြချက်မရှိဘဲ တောင်ရွှေ့နယ်ပယ် အထွတ်အထိပ်သို့ ကျဆင်းသွား၏။

“မင်းရဲ့ ဓားအသိက ပစ်မှတ်ကို အမှတ်အသားလုပ်ပြီး အတိတ်ကို ပြန်သွားပြီးတော့ ဝင်ရောက်စွက်ဖက်နိုင်တယ်၊ ပြီးတော့ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ ဖြစ်ပြီးသား အမှန်တရားတစ်ခု ဖြစ်လာအောင် လုပ်နိုင်တယ်ပေါ့...”

ဓားအကြီးအကဲ၏ မျက်နှာတွင် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး စကားပြောနေစဉ် သွားများ တခေါက်ခေါက် ရိုက်နေသည်။

သောက်ကျိုးနည်း ကျောက်ကော်၊ မင်း ဘယ်လိုလူမျိုးကို သွားရန်စလိုက်တာလဲ...

ပြီးတော့ အဲဒီ ထောက်လှမ်းရေးအဖွဲ့တွေက ချေးစားနေကြတာလား။ ဒီလောက် ကြောက်စရာကောင်းတဲ့ ဓားသူတော်စင်ကို သာမန်လူပါလို့ ငါ့ကို လာပြောတယ်...

မင်းရဲ့ ဝက်လို အဖွဲ့သားတွေကြောင့် ငါ ဒုက္ခရောက်ပြီ...

ကျောက်ကော်၊ မင်း ငါ့ကို တော်တော် ဒုက္ခပေးတာပဲ...

ဓားအကြီးအကဲ ပြတ်သားစွာ တောင်းပန်လိုက်သည်။

“သခင်ကြီး၊ ကျုပ်အသက်ကို ချမ်းသာပေးပါ၊ ဘာပဲ ပေးရ ပေးရပါ...”

မုန့်ချင်ကျိုး ပြုံးလိုက်သည်။

“ကျုပ်ရဲ့ ကျင့်ကြံမှုအဆင့်ကို သိသွားမှတော့ ခင်ဗျားက ခွင့်မလွှတ်နိုင်တဲ့ အပြစ်သား ဖြစ်သွားပြီ။ ဓားကျင့်ကြံသူ တစ်ယောက်အနေနဲ့ ဒီအချိန်နဲ့နေရာလွတ် ဓားအသိကို မြင်တွေ့ခွင့်ရတာ နောင်တရစရာ မရှိပါဘူး။”

“သိက္ခာရှိရှိ သွားပါ၊ ကျုပ် ခင်ဗျားကို အမြင့်ဆုံး လေးစားမှု ပေးပါတယ်...”

ထိုစကားကို ကြားသောအခါ ဓားအကြီးအကဲ၏ နဖူးတွင် ချွေးစေးများ ပြန်လာပြီး အံကြိတ်ကာ ပြောလိုက်သည်။

“သခင်ကြီး၊ ကျုပ်ကို အတင်း မဖိအားပေးပါနဲ့။ တကယ်လို့ အတင်း ဖိအားပေးမယ်ဆိုရင် ကျုပ်အသက်ကို စတေးပြီး ခင်ဗျားကို ပြင်းထန်တဲ့ ဒဏ်ရာရအောင် လုပ်နိုင်တယ်နော်...”

မုန့်ချင်ကျိုး စကားမပြောဘဲ ပြုံးနေသော်လည်း သူ၏ လူသတ်လိုစိတ်မှာ ပိုမို ပြင်းထန်လာသည်။

အသက်ကို စတေးပြီး ဒဏ်ရာရအောင် လုပ်မယ် ဟုတ်လား။

ဆောရီးပဲ၊ ခင်ဗျားက အချိန်နဲ့နေရာလွတ် ဓားအသိ စွမ်းအားကို လျှော့တွက်နေတာပဲ။

ရုတ်တရက်။

ဓားအကြီးအကဲ၏ မျက်လုံးများ ကြောင်ငေးသွားပြီး ခေါင်းကို ပုတ်ကာ တုံးအစွာ ရယ်မောလိုက်သည်။

“ငါ ဘာတွေ ပြောနေတာလဲ၊ အတိတ်ကို ဝင်ရောက်စွက်ဖက်တာ၊ အချိန် ဓားအသိ... “

“ငါက အမြဲတမ်း တောင်ရွှေ့နယ်ပယ် အထွတ်အထိပ်မှာပဲ ရှိနေခဲ့တာ။ အရင်တုန်းက ပင်လယ်ဖုံးလွှမ်းနယ်ပယ် တစ်ပိုင်းကို ရောက်အောင် ကြိုးစားခဲ့ပေမဲ့ ကံဆိုးစွာနဲ့ပဲ ကျရှုံးခဲ့တယ်...”

“ငါ့ရဲ့ လက်မောင်းကတော့... မမှတ်မိတော့ဘူး၊ တိုက်ပွဲတစ်ခုခုမှာ ဒဏ်ရာရသွားတာ ဖြစ်မှာပါ...”

မုန့်ချင်ကျိုး၏ အပြုံးမှာ တောက်ပနေပြီး ဖြူဖွေးသော သွားတန်းများ ပေါ်လာကာ နွေးထွေးစွာ ပြောလိုက်သည်။

“ခင်ဗျား ပြောတာ အမှန်ပဲ...”

သို့သော် ဘေးမှ ကြည့်နေသော ဝူတျဲအတွက်မူ ဤအပြုံးသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှသဖြင့် သူ၏ နှုတ်ခမ်းများ သွေးဆုတ်သွားပြီး မုန့်ချင်ကျိုးကို ကြောင်ငေးကြည့်နေမိသည်။

ပထမဆုံးအကြိမ်အဖြစ် သူက စစ်မှန်သော ကြောက်ရွံ့မှုကို ခံစားလိုက်ရခြင်းပင်။

All Chapters