ဧကရာဇ်အဆင့်ဆုလာဘ်၊ ကောင်းကင်ကံထူးရှင်ခန္ဓာ
Vol. 2 Ch. 30
[ တွီ... ကောင်းကင်ဘုံ၏ ရွေးချယ်ခံ ကျောက်ကောက်ကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ပြီး၊ သူ၏ ကံတရားတန်ဖိုး ၁၀၀၀ လျော့ကျသွားခဲ့သည် ]
[ ကောင်းကင်ဘုံ၏ ရွေးချယ်ခံ ကျောက်ကောက်၊ ကံတရားတန်ဖိုး ၂၇၀၀ - ၁၀၀၀ = ၁၇၀၀ ]
[ ရရှိခဲ့သော (လုယူခဲ့သော) ဆုလာဘ်(၁) - ဧကရာဇ်အဆင့် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်၊ ကောင်းကင်ကံထူးရှင်ခန္ဓာ ]
[သတိပေးချက် - ကောင်းကင်ဘုံ၏ ရွေးချယ်ခံ ကျောက်ကောက်၏ ကံတရားတန်ဖိုး ၁၀၀၀ အောက်သို့ ကျဆင်းသွားပါက သူသည် ကောင်းကင်တာအို၏ ကာကွယ်မှုကို ဆုံးရှုံးသွားလိမ့်မည် ]
မုန့်ချင်ကျိုး၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီးနောက် ကြွက်သားနှင့် အရိုးများမှာ တုန်ခါသံများ ထွက်ပေါ်လာကာ သူ၏ သွေးကြောတန်ခိုးများမှာ သမုဒ္ဒရာကြီးသဖွယ် လှိုင်းထန်လာသည်။ ခန္ဓာကိုယ်ရှိ အကြောမှတ်အားလုံး လောကကြီး၏ ဝိညာဉ်စွမ်းအင်များကို တွင်းနက်ကဲ့သို့ အရူးအမူး စုပ်ယူနေတော့သည်။
နေရောင်ခြည်ပင်လျှင် ကြားဖြတ်ဟန့်တားခံရပြီး ကျင့်ကြံခြင်းစွမ်းအင်အဖြစ် အတင်းအဓမ္မ ပြောင်းလဲပစ်ခြင်း ခံလိုက်ရသည်။
“ကောင်းကင်ကံထူးရှင်ခန္ဓာ...” မုန့်ချင်ကျိုးသည် ပထမဆုံးအကြိမ်အဖြစ် တုန်လှုပ်အံ့သြသော အမူအရာ ပေါ်လာပြီး စကားလုံးဖြင့် ဖော်ပြမရနိုင်အောင် စိတ်လှုပ်ရှားသွားသည်။
ဧကရာဇ်အဆင့် ခန္ဓာကိုယ်ဆိုသည်မှာ ခေတ်အဆက်ဆက်တွင် အလွန်ပင် ရှားပါးလှသည်...
“ကောင်းကင်ကံထူးရှင်ခန္ဓာ”သည် တိုက်ခိုက်ရေးစွမ်းရည်ကို များစွာမြှင့်တင်ပေးရုံသာမက မိမိထက် အဆင့်မြင့် သူများကို အလွယ်တကူ ယှဉ်ပြိုင်နိုင်စွမ်းရှိစေသည်။ ထို့ပြင် ကျင့်ကြံခြင်းကိုလည်း အထောက်အကူပြုသည်။ ငြိမ်ငြိမ်လေး လှဲနေရုံနှင့်ပင် ခန္ဓာကိုယ်က ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေပြီး နေမင်းနှင့် လမင်းတို့၏ စွမ်းအားများကို ကျင့်ကြံခြင်းစွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် ယခုအချိန်မှစ၍ မုန့်ချင်ကျိုး ဘာမှမလုပ်ဘဲ နေပူစာလှုံခြင်း၊ လရောင်ခံခြင်းတို့ ပြုလုပ်ရုံဖြင့် သူ၏ကျင့်ကြံမှုမှာ ဒုံးပျံလို မြန်ဆန်လာမည်ဖြစ်သည်။
စနစ်မှ ပေးထားသည့် အလိုအလျောက်စွမ်းရည် ဖြစ်သော [မျက်စိကွယ်လေ အစွမ်းထက်လေ] နှင့် ပေါင်းစပ်လိုက်လျှင် မုန့်ချင်ကျိုး၏ ကျင့်ကြံမှု တိုးတက်နှုန်းမှာ မည်မျှမြန်ဆန်မည်ကို သူကိုယ်တိုင်ပင် မခန့်မှန်းနိုင်တော့ပေ...
“ဝူတျဲကို ငါ့နားမှာ ထားခဲ့ပြီး ရှုဘုရင် ပုန်းနေတဲ့နေရာကို ထုတ်ဖော်ဖို့ စွန့်စားခဲ့ရတာ တကယ်ကို ထိုက်တန်သွားပြီ...” မုန့်ချင်ကျိုးက စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
၎င်းက ကျောက်ကောက်လို ဇာတ်လိုက်တစ်ယောက်ကို တိုက်ရိုက်ရင်ဆိုင်ရန်သူ ပထမဆုံး ကြိုးစားခဲ့ခြင်းဖြစ်ပြီး သိသာထင်ရှားသော ရလဒ်များ ရခဲ့ခြင်းပင်။
ဒီလိုဆိုရင် “ဇာတ်လိုက်” ဆိုတာကြီးကလည်း အထင်ကြီးလောက်စရာ မဟုတ်ပါလား။ ဘယ်သူမှန်းမသိတဲ့ ကျေးဇူးရှင်ကြီးရဲ့ ခဏခဏ အရိုက်ခံရပြီး ပစ္စည်းတွေ တောက်လျှောက်ကျနေတာ မဆန်းတော့ပါဘူး။
ကျောက်ကောက်သည် သမိုင်းတစ်လျှောက် အင်အားကြီးရန်သူအားလုံးကို အနိုင်ယူပြီး အစွမ်းထက်ဇာတ်လိုက် ဖြစ်လာခဲ့ခြင်းမှာ ထိုကောင်းကင်ကံထူးရှင်ခန္ဓာကို အားကိုးခဲ့ခြင်းကြောင့် ဖြစ်သည်။
သို့သော် ကျောက်ကောက်က အသက်၂၀ ပြည့်မှသာ ဤခန္ဓာကိုယ်ကို နိုးထစေနိုင်ခဲ့သဖြင့် တိမ်တက်နယ်ပယ် အထွတ်အထိပ်သို့သာ ခက်ခက်ခဲခဲ ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် နောက်ထပ် သုံးနှစ်သာ အချိန်ရမည်ဆိုလျှင် သူက သမိုင်းတွင် အသက်အငယ်ဆုံး နံနက်ခင်းအလင်း နယ်ပယ် ထိပ်သီးကြီး ဖြစ်လာပေမည်...
“ငါ စိတ်မလောသင့်ဘူး။ သတိထားရမယ်...” မုန့်ချင်ကျိုးသည် စိတ်ကို အမြန်ငြိမ်အောင် ထိန်းလိုက်ပြီး သတိတရားဆိုသည့် ဂါထာကို ထပ်ခါတလဲလဲ ရွတ်ဆိုနေသည်။
“မြစ်အရှေ့ဘက်မှာ အနှစ်သုံးဆယ်၊ မြစ်အနောက်ဘက်မှာ အနှစ်သုံးဆယ်” ဆိုသည့် နာကျင်စရာ သင်ခန်းစာကို အမြဲနှလုံးသွင်းထားရမည်။
ကောင်းကင်ဘုံက မုန့်ချင်ကျိုးသည် သတိထားလွန်းနေခြင်းကို တွေ့၍ သူ့ကို နည်းနည်းမြှောက်ပင့်ပေးပြီး မာနတက်အောင်၊ နောက်ဆုံး ပျက်စီးသွားအောင် ဆုလာဘ် ပေးလိုက်ခြင်းလည်း ဖြစ်နိုင်သည်...
“အခုတော့ ကျောက်ကောက်မှာ ကောင်းကင်ကံထူးရှင်ခန္ဓာ ရှိသလို ငါ့မှာလည်း ရှိနေပြီ။ ငါက ဘာကို ကြောက်နေရဦးမှာလဲ..”
“တိုက်ရိုက်ရင်ဆိုင်တာက ပညာရှိရာမကျဘူး... ဘေးတိုက်ကနေ တိုက်ခိုက်တာကမှ အကောင်းဆုံး နည်းလမ်းပဲ...”
မုန့်ချင်ကျိုး၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။ မည်သို့ဖြစ်စေ သူသည် ဗီလိန်မကြီး ဧကရီ ချင်းလျူလီထံတွင် ခိုလှုံနေသူဖြစ်ရာ ကျောက်ကောက်ကို ခြေထိုးရန် သတင်းအချက်အလက်အချို့ကို ရံဖန်ရံခါ ပေးပို့နိုင်သည်။
သူ့၏ ကံတရားတန်ဖိုး ၁၀၀၀အထိ ကျဆင်းသွားပြီး ကောင်းကင်တာအို ကာကွယ်မှု မရှိတော့လျှင် သူက သာမန်ကျင့်ကြံသူတစ်ယောက်နှင့် မခြားတော့ပေ။
ထိုသို့ဆိုလျှင် မုန့်ချင်ကျိုးက ဧကရီနောက်တွင် အေးအေးဆေးဆေး လိုက်နေရုံပင်။
သူ၏ ကျင့်ကြံမှုမှာ တိုးတက်လာသည်ကို သူ သိသိသာသာ ခံစားနေရသည်။ ဤနှုန်းအတိုင်းဆိုလျှင် နောက်ထပ် ခြောက်လအတွင်း လရောင်ထွန်းလင်းနယ်ပယ် သို့ ကျိန်းသေပေါက် တက်လှမ်းနိုင်လိမ့်မည်...
အလန်းစားပဲ...
တကယ့်ကို လန်းတယ်..
မုန့်ချင်ကျိုး စိတ်အခြေအနေ အလွန်ကောင်းနေသဖြင့် သီချင်းလေး တညည်းညည်းနှင့် ခွေးဝါကြီးကို အစာအပို ကျွေးလိုက်သည်။
ထို့နောက် နေမင်းအရှင်သခင်၏ ထိတ်လန့်အံ့သြနေသော အကြည့်များအောက်တွင် ခွေးစာတစ်အိတ်လုံးကို ခွေးစာခွက်ထဲသို့ သွန်ချလိုက်ရာ တောင်ပုံရာပုံ ဖြစ်သွားတော့သည်...
“စား...” မုန့်ချင်ကျိုးက ပြုံးလျက် ခွေးဝါကြီး၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးသည်။
နေမင်းအရှင်သခင်က မိမိထက်ပင် မြင့်နေသော ခွေးစာပုံကြီးကို ကြည့်လိုက်၊ ထို့နောက် မုန့်ချင်ကျိုး၏ ကြောက်စရာကောင်းသော အပြုံးကို ကြည့်လိုက်နှင့် သူ၏ခွေးမျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။
ငါ ဘာအမှားလုပ်မိလို့လဲ။ ဒါ ငါ့ရဲ့ နောက်ဆုံးညစာလား...
ခွေးလေး ကြောက်နေပြီ၊ တစ်ယောက်ယောက် ကယ်ကြပါဦး။
ဒီမျက်မမြင်ကောင်က တစ်ခုခု ပြောင်းလဲသွားသလိုပဲ၊ သူ့ရဲ့ အဆင့်အတန်းက ကျော်လွန်သွားပြီး ပိုမြင့်မားတဲ့ တည်ရှိမှုတစ်ခု ဖြစ်သွားသလိုပဲ။
နေမင်းအရှင်သခင်က ကျင့်ကြံခြင်းစွမ်းအားများ လုံးဝ ထွက်ပေါ်မနေသည့် သာမန်လူငယ်လေးကို ကြည့်ကာ ကျောချမ်းသွားမိသည်။
ရှေးခေတ် အမှတ်တရများ ပြန်လည်ပေါ်ပေါက်လာသည်။ နတ်ဘုရားများ ခေတ်တွင် စစ်မှန်သောနဂါး တစ်ကောင်သည် ကောင်းကင်ထက်သို့ ပျံတက်ခဲ့ပြီး ကြယ်တာရာများမှာ နန်းတော်များအဖြစ် စုပုံနေကာ ကောင်းကင်တာအိုပင် ထိုနဂါးကို ဦးညွှတ်ခဲ့ရသည်။
နေမင်းအရှင်သခင်သည် မိမိရှေ့ရှိ လူငယ်လေးနှင့် ထိုရှေးဟောင်းစစ်မှန်သောနဂါးတို့၏ မြင့်မားသော ဘဝလက္ခဏာရပ်များမှာ အနည်းငယ် ဆင်တူနေသည်ကို ရေးရေးလေး ခံစားမိလိုက်သည်...
“မဖြစ်နိုင်တာ။ ငါ ဒီကောင် ကျင့်ကြံနေတာ တစ်ခါမှ မတွေ့ဖူးပါဘူး၊ ဘယ်လိုလုပ် ဒီလောက်မြန်မြန် တိုးတက် နေရတာလဲ,,,”
နေမင်းအရှင်သခင် နားမလည်နိုင်တော့ပေ။ မူလက သူသည် မုန့်ချင်ကျိုးကို မဟာကျန်း၏ စတုတ္ထမြောက် အသန်မာဆုံးဟု သတ်မှတ်ထားပြီး သူကိုယ်တိုင်က တတိယဟု သတ်မှတ်ထားသည်။ ယခုတော့ မသေချာတော့ပေ။
“ငါ သူ့ကို တကယ်ပဲ နိုင်ပါ့မလား...” နေမင်းအရှင်သခင်သည် မိမိကိုယ်ကိုယ် သံသယများ ဝင်လာတော့သည်။
...
အချိန်အတော်ကြာပြီးနောက် မုန့်ချင်ကျိုးသည် ကောင်းကင်ကံထူးရှင်ခန္ဓာနှင့် နောက်ဆုံးတွင် တစ်သားတည်း ဖြစ်သွားခဲ့သည်။ သူ၏ကျင့်ကြံမှုမှာ ပင်လယ်လွှမ်းမိုးနယ်ပယ် နှောင်းပိုင်းတွင်သာ ရှိသေးသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆပေါင်းများစွာ တိုးတက်သွားခဲ့လေပြီ...
ယခင်က လရောင်ထွန်းလင်းနယ်ပယ် အစောပိုင်း ကျင့်ကြံသူကို ခက်ခက်ခဲခဲ ယှဉ်နိုင်ခဲ့လျှင် ယခုမူ အလွယ်တကူ ချေမှုန်းနိုင်သည်။ လရောင်ထွန်းလင်းနယ်ပယ် အလယ်အလတ်အဆင့်နှင့် ပတ်သက်၍မူ ပြောရခက်သော်လည်း ထွက်ပြေးဖို့ကတော့ ပြဿနာမရှိပေ။
“နှမြောစရာပဲ၊ ဧကရာဇ်အဆင့် ခန္ဓာကိုယ်နဲ့ ပေါင်းစပ်လိုက်တာတောင် ငါ့ရဲ့ နတ်ဘုရားအာရုံကို မသုံးနိုင်သေးဘူး၊ သာမန်လူနဲ့ ဘာမှမထူးသေးဘူး...” မုန့်ချင်ကျိုးက ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။
တစ်ချိန်တည်းမှာပင်...
မဟာကျန်းအင်ပါယာ၏ နယ်စပ်ရှိ နတ်ဘုရားမြှုပ်နှံရာတောင်တန်း၌...
ချင်းဖုန်းဟော်က သူ၏ ကောင်းကင်နှင့်မြေကြီး တန်ခိုးစွမ်းအားကို အသုံးပြုကာ တားမြစ်နယ်မြေ၏ အပြင်ဘက်အကာအရံများကို ထိုးဖောက်ရန် စစ်တပ်ကို ဦးဆောင်နေသည်။
သိန်းနှင့်ချီသော ကျင့်ကြံသူစစ်သည်တော်များသည် နတ်စစ်သည်များကဲ့သို့ ထိုးစစ်ဆင် တိုက်ခိုက်နေကြသည်။ ထူးဆန်းသော သတ္တဝါများဖြစ်စေ၊ ပုန်းအောင်းနေသော ကျွမ်းကျင်သူများဖြစ်စေ ခုခံသူအားလုံး အသတ် ခံလိုက်ရသည်...
တစ်ရက်အတွင်းမှာပင် တားမြစ်နယ်မြေ၏ အပြင်ဘက်ဧရိယာမှာ လုံးဝကျရှုံးသွားခဲ့သည်။ ဧကရီ အမိန့်တော်စာ၏ ရွှေရောင်မန္တန်များက ရှေးဟောင်းအစီအရင်များကို နှိမ်နင်းထားသဖြင့် တိုက်ရခိုက်ရသည်မှာ အလွန်လွယ်ကူနေသည်။
အတွင်းပိုင်းရှိ လျှို့ဝှက်နေရာတစ်ခုတွင် တယ်လီပို့အစီအရင်တစ်ခု ရုတ်တရက် လင်းထိန်လာသည်။
ကိုယ်ခန္ဓာတစ်ခုလုံး သွေးချင်းချင်းနီကာ ရင်ဘတ်တွင် လှံတစ်စင်း စိုက်လျက်၊ ကိုယ်တွင်းအင်္ဂါများ ကြေမွလုနီးပါး ဖြစ်နေသော ကျောက်ကောက် ပေါ်လာသည်။
“ဘာဖြစ်တာလဲ...” ကျောက်ယွီဟွမ် လှည့်ကြည့်လိုက်ပြီးနောက် အလွန်အဖိုးတန်သော ဆေးလုံးတစ်လုံးကို အမြန်ထုတ်ကာ ကျောက်ကောက်ကို တိုက်လိုက်သည်။
ကျောက်ကောက်၏ အသက်ရှူသံမှာ အားနည်းနေသော်လည်း ကုသရေးဆေး၏ အကူအညီဖြင့် အတန်ငယ် သက်သာလာကာ အသက်အန္တရာယ်မှ လွတ်မြောက်သွားသည်။ သူက ခက်ခက်ခဲခဲ ပြောလိုက်သည်။
“ခမည်းတော်.. သားတော်ရဲ့ ပြိုင်ဘက်ကင်းခန္ဓာ... အဲဒါ... အဲဒါ...”
ကျောက်ယွီဟွမ်က ဇဝေဇဝါဖြင့် မေးလိုက်သည်။ “ဆက်ပြောဦး...”
ကျောက်ကောက်၏ မျက်လုံးများမှာ သွေးတက်နေပြီး ဒေါသကို မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။
“သားတော်ရဲ့ ခန္ဓာကိုယ် ပျောက်သွားပြီ...”
“ရန်သူကို ကြားဖြတ်တိုက်ခိုက်ဖို့နဲ့ နန်းတွင်းတပ်တွေ တက်မလာနိုင်အောင် အချိန်ဆွဲဖို့ သားတော် တပ်တွေကို ဦးဆောင်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်နေတုန်း အသက်၂၀မှာ ရရှိခဲ့တဲ့ ကောင်းကင်ကံထူးရှင်ခန္ဓာက ရုတ်တရက်ကြီး ပျောက်ကွယ်သွားတယ်။ သားတော်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ချက်ချင်း တစ်ဝက်လောက် ကျဆင်းသွားပြီး ရန်သူရဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာပေးတာ ခံလိုက်ရတယ်။ သားတော် ဦးဆောင်တဲ့တပ်တွေလည်း အကုန်လုံး ချေမှုန်းခံလိုက်ရတယ်...”
၎င်းကို ကြားလိုက်သော် ကျောက်ယွီဟွမ် မှင်တက်သွား၏။
သူ၏ သက်တမ်းတစ်လျှောက် အစွမ်းထက်သော ခန္ဓာကိုယ်ကြီး ထိုအတိုင်း အငွေ့ပျံသွားတာမျိုး တစ်ခါမှ မကြားဖူးခဲ့ပေ။
ကျောက်ယွီဟွမ်၏ အမူအရာမှာ ထူးဆန်းသွားသည်။ “မင်း မအောင်မြင်တာကို ဖုံးကွယ်ဖို့ အကြောင်းပြချက်တွေ လျှောက်ပြောနေတာ မဟုတ်ဘူးမလား...”
ယခင်ကဆိုလျှင် ကျောက်ယွီဟွမ်က ကျောက်ကောက်ကို ခြွင်းချက်မရှိ ယုံကြည်ပေလိမ့်မည်။
သို့သော် ယခုတော့ ကျောက်ကောက်၏ ထပ်ခါတလဲလဲ ကျရှုံးမှုများကြောင့် ကျောက်ယွီဟွမ်၏ စိတ်ထဲတွင် သူက အရည်အချင်းမရှိသူတစ်ယောက်အဖြစ် သတ်မှတ်ခြင်း ခံထားရသည်။ မျက်နှာပန်းလှအောင် လိမ်တာမျိုးလည်း ဖြစ်နိုင်သည်ဟု သူ ထင်နေသည်။
ကျောက်ကောက် မျက်လုံးပြူးသွား၏။ ကျောက်ယွီဟွမ်၏ မျက်လုံးထဲမှ သံသယများကို မြင်လိုက်ရသောအခါ သူက ချက်ချင်းပင် သွေးတစ်လုတ် ထွေးထုတ်လိုက်ပြီး အော်ပြောလိုက်သည်။
“ခမည်းတော်ရဲ့ မျက်လုံးထဲမှာ သားတော်တော်က အဲဒီလောက်တောင် အသုံးမကျတဲ့သူလား...”
ကျောက်ယွီဟွမ် ဘာမှမပြောဘဲ ဘေးတိုက်တစ်ချက် ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် သံသယနှင့် စစ်ဆေးမေးမြန်းချင်သော အမူအရာများ ပြည့်နှက်နေသည်။
ကျောက်ကောက် လိမ်နေမနေကို သူ အကဲဖြတ်နေသည့်အလားပင်။
“သားတော်..ထွီး...” ကျောက်ကောက် မျက်လုံးပြူးကာ ဒေါသကြောင့် သွေးသုံးလီတာခန့် ထွေးထုတ်လိုက်ပြီး သတိလစ်လဲကျသွားတော့သည်။
သူ၏ ကျင့်ကြံမှုမှာလည်း တိမ်တက်နယ်ပယ် အထွတ်အထိပ်မှ အလယ်အလတ်အဆင့်သို့ သိသိသာသာ ထိုးဆင်းသွားခဲ့သည်။
ထိုနေ့တွင် ကျောက်မိသားစု ပုန်ကန်သူတပ်များကြား၌ သတင်းတစ်ခုမှာ တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
...
အိမ်ရှေ့မင်းသား ကျောက်ကောက် အပြင်းအထန် ဖျားနာနေပြီး ကျင့်ကြံမှုများ ထိုးဆင်းသွားကာ သူ၏ အစွမ်းထက်ဆုံးခန္ဓာကို လုယူခံလိုက်ရသည်ဟု သံသယရှိကြသည်။ ကျောက်ယွီဟွမ်မှာ ထိတ်လန့်သွားပြီး နန်းတွင်းတပ်များကို အသေခံတိုက်ခိုက်ရန်နှင့် ကျောက်ကောက်ကို မဟာကျန်း အပြင်ဘက်သို့ ပို့ဆောင်ကာ နာမည်ကြီးဆရာဝန်များနှင့် ကုသရန် ဆုံးဖြတ်လိုက်သည်။
ရှုဘုရင်သည် နောက်ထပ် ၇ရက် အကြာတွင် ကျရောက်မည့် ဧကရီ၏ မွေးနေ့ပွဲတော်နေ့တွင် တားမြစ်နယ်မြေကို ဖောက်ခွဲရန် ဆုံးဖြတ်လိုက်သည်...'
“၇ရက်မြောက်နေ့က အဆုံးအဖြတ်ပေးမည့်နေ့ပဲ... တပ်သားအားလုံး အနားယူပြီး ပြင်ဆင်ထားကြ...”
...
နှစ်ပေါင်းများစွာ ကြာရှည်နေခဲ့သော စစ်ပွဲက ကျောက်ကောက် ဖျားနာသွားသည့် အချိန်မှစ၍ အလှည့်အပြောင်း ဖြစ်လာခဲ့သည်။
ရုတ်တရက်ဆိုသလို ရှုဒေသမှ သူပုန်တပ်များမှာ ဆူညံပွက်လောရိုက်သွားကြသော်လည်း မည်သူမျှ မကြောက်ကြပေ။ ထိုအစား သူတို့မှာ စိတ်လှုပ်ရှားနေကြပြီး ဧကရီကို နန်းချရန်နှင့် ရှုဒေသခံများက မဟာကျန်းနယ်မြေများကို သိမ်းပိုက်နိုင်ရန် ကောင်းကင်သို့ အော်ဟစ် ကြွေးကြော်နေကြတော့သည်။