← Chapters

အခန်း (၂၄၄-၂၄၆)

Vol. 17 Ch. 244-246

အခန်း (၂၄၄-၂၄၆)

Vol. 17 Ch. 244-246

အခန်း (၂၄၄) - ဝိညာဉ်သုံးပါး တစ်ကိုယ်တည်းဖြစ်ခြင်း၊ ကုန်းချင်းချိုး၏ အလည်အပတ်ခရီး

~[ဟူယွမ်၏ စကားများကြောင့် တုန်းချန် တစ်ယောက် အောင်နိုင်သူပမာ ရယ်မောလိုက်မိသည်။]

“နတ်ဆိုးလေး တစ်ကောင်ကများ ငါ့ရှေ့မှာ ဘုရင်ကြီး လုပ်ရဲတယ်ပေါ့... ငါ မူလနတ်ဘုရား အဆင့်ကို ရောက်တုန်းက မင်းတို့ ဘိုးဘေးတွေ ရွှံ့ထဲမှာ ဆော့နေကြတုန်းပဲကွ”

တုန်းချန် လှောင်ပြောင်လိုက်၏။

ပြောပြီးသည်နှင့် သူသည် ရုတ်တရက် အင်အားတိုးမြှင့်လိုက်ရာ၊ ဟူယွမ်၏ ဝိညာဉ်ခန္ဓာကိုယ်သည် မမြင်ရသော ဖိအားများ၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး၊ မျက်နှာပြင်ပေါ်မှ အစလေးများ တစ်စတစ်စ ကွဲထွက်သွားတော့သည်။

“မူလ... မူလနတ်ဘုရား အဆင့် ဟုတ်လား”

ဟူယွမ် ထိတ်လန့်သွားသည်။

သူ့ဝိညာဉ်ကို ဝါးမြိုချင်နေသည့် မျက်လုံးမှေးမှေးနှင့် ဒီလူငယ်က ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့် မဟုတ်ဘဲ၊ ပြန်လည်မွေးဖွားလာသည့် (သို့) ကိုယ်ခန္ဓာ လုယူထားသော မူလနတ်ဘုရား အဆင့် ပုဂ္ဂိုလ်ကြီး ဖြစ်နေခြင်းကိုး။

‘ဒီလောက် စွမ်းအားကြီးတဲ့ ရန်သူကို ငါ ဘယ်လို ယှဉ်နိုင်မှာလဲ... ကံတရားက ငါ့ကို တကယ်ပဲ သတ်ပစ်ချင်နေတာလား’

ဟူယွမ် လက်မခံချင်ပ်။

“ဟီးဟီးဟီး... ငါ့ရဲ့ စားစရာအဖြစ် ငြိမ်ငြိမ်လေး အသက်စွန့်လိုက်ပါကွာ... ငါ့ခွန်အားတွေ ပြန်ရလာရင် လျှို့ဝှက်ကျင့်စဉ်တွေ အများကြီး သုံးနိုင်တော့မယ်”

တုန်းချန် ထူးဆန်းစွာ ရယ်မောလိုက်၏။

ဝိညာဉ်အာရုံဖြင့် ဟူယွမ်၏ ဝိညာဉ်ကို စစ်ဆေးကြည့်လိုက်ရာ၊ တစ်စတစ်စ ကွဲကြေနေပြီး မကြာမီ အပြည့်အဝ သန့်စင်လို့ ရတော့မည်ကို တွေ့လိုက်ရသည်။

“မဖြစ်ဘူး”

ဟူယွမ် ဟိန်းဟောက်လိုက်ပြီး ဝိညာဉ်စွမ်းအား အကုန်ထုတ်ကာ ကြယ်ခုနစ်ပွင့် တံဆိပ်တုံးကို အဆက်မပြတ် တိုက်ခိုက်ပြီး ထွက်ပြေးဖို့ ကြိုးစားသည်။

သို့တိုင်၊ အချည်းနှီးပင်။

ကြယ်ခုနစ်ပွင့် တံဆိပ်တုံး၏ ချုပ်နှောင်မှုက အလွန် သန်မာလွန်းသည်။ ဘယ်လောက်ပဲ တိုက်ခိုက်တိုက်ခိုက် လှုပ်တောင် မလှုပ်ချေ။ ဟူယွမ် မျှော်လင့်ချက်မဲ့သွားသည်။

“အလကားပါပဲကွာ... ငါ လုပ်ဆောင်သမျှက အမြဲတမ်း စေ့စပ်သေချာတယ်... မင်းတို့လို လူငယ်လေးတွေရဲ့ စွမ်းအား ကန့်သတ်ချက်ကို ငါကြိုတွက်ပြီးသား... ဒီကာကွယ်ရေးကို မင်း ဘယ်လိုမှ ဖောက်ထွက်နိုင်မှာ မဟုတ်ဘူး”

တုန်းချန် အတော်လေး ဂုဏ်ယူနေသည်။

ဟူယွမ် တိတ်ဆိတ်သွား၏။

သူ့ဝိညာဉ် တဖြည်းဖြည်း ကွဲကြေလာတာကို ခံစားရင်း ရင်နာနေရသည်။

ဒါက သူ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ တည်ဆောက်ထားသော အခြေခံအုတ်မြစ် ဖြစ်သည်။ ယခုတော့ သူများအတွက် ခြေနင်းတုံး ဖြစ်သွားရတော့မည်။

အထူးသဖြင့် သူ့ပြိုင်ဘက်က မူလနတ်ဘုရား အဆင့် ပုဂ္ဂိုလ်ကြီး ဖြစ်နေတာက ပိုဆိုးလေသည်။

ဒီလိုလူမျိုးတွေက ဉာဏ်ရည်ထက်မြက်ပြီး ကောက်ကျစ်စဉ်းလဲတတ်၏။ အတွေ့အကြုံလည်း ရင့်ကျက်သည်။ သူလည်း စွမ်းအားကြီးသူ တစ်ယောက် ဖြစ်ပေမဲ့၊ ဘယ်လိုလုပ် ယှဉ်နိုင်မည်လဲ။

စဉ်းစားရင်း ဟူယွမ် သက်ပြင်းချလိုက်မိသည်။

ရုတ်တရက် သူ တစ်စုံတစ်ခုကို သတိရသွားသည်။ သူ့ဝိညာဉ် အက်ကွဲသွားပြီး၊ အတွင်းထဲမှ မသန့်စင်ရသေးသော ကြီးမားလှသည့် သွေးအနှစ်သာရနှင့် သက်စောင့်အားများ ထွက်ပေါ်လာ၏။

ဒါက အမြီးသုံးချောင်း မြေခွေးမျိုးနွယ်၏ ဘိုးဘေးမြေက သွေးကန်ထဲမှ သူ ယူလာသည့် နောက်ဆုံး လက်ကျန် သွေးမျိုးဆက် သလင်းကျောက်တုံးပင်။ ခန္ဓာကိုယ် လုယူဖို့အတွက် သိမ်းထားခြင်း ဖြစ်၏။

“သေစမ်းကွာ... ဒီဘုရင်ကြီးရဲ့ ဝိညာဉ်ကို မျိုချရဲတယ်ပေါ့... ငါ..သေရင်တောင် မင်းကို တိုက်ခိုက်သွားဦးမယ်”

ဟူယွမ် စိတ်ဓာတ် ပြင်းထန်လာ၏။

အထူးသဖြင့် မြေခွေးဘုရင်မ၏ အရှက်ခွဲခြင်းကို ခံရပြီး ရယ်စရာကောင်းသော သမက် ဖြစ်ခဲ့ရတာတွေ၊ ဒီနေ့ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရတာတွေကို တွေးမိလိုက်တော့၊ အဲဒီ မကောင်းသည့် ခံစားချက်တွေ အကုန် ပေါက်ကွဲထွက်လာပြီး အကန့်အသတ်မဲ့ ခွန်အားတွေ ဖြစ်လာလေ၏။

ကျန်ရှိနေသော သွေးမျိုးဆက် သလင်းကျောက်တုံးလည်း စတင် ပြိုကွဲလာသည်။

“ဘွား”

ဒီစွမ်းအားကို အသုံးပြုပြီး ဟူယွမ်သည် ခန္ဓာကိုယ် လုယူခြင်း ကျင့်စဉ်ကို စတင်လိုက်၏။၏။

“ဟေ... မင်းက ငါနဲ့ ခန္ဓာကိုယ် လုချင်နေတာလား... သေချင်နေတာပဲ”

တုန်းချန် မျက်လုံးများ ပြူးကျယ်သွားသည်။ မမျှော်လင့်ထားသော သွေးမျိုးဆက် သလင်းကျောက်တုံးကြောင့် အကြီးအကျယ် လန့်သွား၏။

ယခင်တုန်းက လုံခြုံအောင် ဆိုပြီး သူ သိပ်ကပ်မလိုက်ခဲ့ပေ။

ဒါကြောင့် ဟူယွမ် ဘိုးဘေးမြေကနေ ဘာယူလာလဲ ဆိုတာ တုန်းချန် မသိခဲ့ပေ။ ယခုမှပဲ သူ သတိကြီးလွန်းတာ မှားသွားမှန်း သိလိုက်ရသည်။

“ဟဲဟဲ... ဒီခန္ဓာကိုယ်က မူလကတည်းက မင်း ပိုင်တာမှ မဟုတ်တာ... ကြည့်ရတာ ငါ နိုင်ဖို့ အခွင့်အရေး ရှိလာပြီ ထင်တယ်”

သူ၏ တန်ပြန်တိုက်စစ်က နောက်ဆုံးတော့ အရာထင်လာပြီ ဆိုတာ ဟူယွမ် သိလိုက်ရသည်။

သူ၏ အသိစိတ် တစ်မျှင်သည် ကြယ်ခုနစ်ပွင့် တံဆိပ်တုံး၏ ချုပ်နှောင်မှုကို ကျော်ဖြတ်ပြီး၊ တုန်းချန်၏ နဖူးရှိ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားသည်။ ထိုနေရာတွင် တင်ပျဉ်ခွေ ထိုင်နေသော တုန်းချန်၏ ဝိညာဉ်ကို တွေ့လိုက်ရသည်။

ဒီအချိန်မှာ တုန်းချန်ရဲ့ ဝိညာဉ်က တစ်ပိုင်းတစ်စ ဖောက်ထွင်းမြင်နေရပြီး၊ အထွတ်အထိပ် အခြေအနေကို ပြန်ရောက်ဖို့ အများကြီး လိုပါသေးသည်။ သို့သော်၊ ဘုရားသခင် တစ်ပါးလိုမျိုး မြင့်မြတ်သော အလင်းရောင်တွေ ထုတ်လွှတ်နေသည်။

“မင်းက မူလနတ်ဘုရား အဆင့် ဖြစ်နေရင်တောင်မှ... ဒီဘုရင်ကြီးက ဒီနေ့ နတ်ဘုရားနဲ့ စစ်ခင်းပြမယ်”

ဟူယွမ်သည် အသိစိတ်များကို ပိုမို စုစည်းလိုက်ပြီး တုန်းချန်၏ ဝိညာဉ်ကို လွှမ်းခြုံကာ ခန္ဓာကိုယ် လုယူခြင်းကို စတင်လိုက်တော့သည်။

ကြယ်ခုနစ်ပွင့် တံဆိပ်တုံးက ဟူယွမ်ရဲ့ ဝိညာဉ်ကို ချုပ်နှောင်ထားနိုင်သော်လည်း၊ သူ့အသိစိတ် ရိုက်ခတ်မှုကိုတော့ မတားဆီးနိုင်ပါ။ တုန်းချန်ကိုယ်တိုင်လည်း ဟူယွမ်က သူ့ခန္ဓာကိုယ်ကို ပြန်လုရဲလိမ့်မည်ဟု မထင်ထားခဲ့ပေ။

[တုန်းချန်၏ အသိစိတ်ပင်လယ်ထဲတွင် ဖြစ်သည်။]

အသိစိတ် နှစ်ခု လေထဲတွင် တွေ့ဆုံပြီး ထိပ်တိုက် တွေ့ကြ၏။၏။ စစ်မြေပြင်ပေါ်က စစ်သည်တော်တွေလိုပဲ အလျှော့မပေးဘဲ တိုက်ခိုက်နေကြ၏။

အချိန် ကြာမြင့်စွာ တိုက်ခိုက်ပြီးနောက်၊ တတိယမြောက် အသိစိတ် တစ်ခု အသိစိတ်ပင်လယ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။ တုန်းချန် (မူလပိုင်ရှင်) သည် သူ့ဘိုးဘေးကြီးက ဟူယွမ်ကို ဖိနှိပ်ထားစဉ်၊ တုန်းချန် (ဘိုးဘေး) ၏ ဝိညာဉ်ကို ပြင်းထန်စွာ ဝင်တိုက်လိုက်ရာ တုန်ခါသွားစေ၏။၏။

“သေစမ်း”

တုန်းချန် (ဘိုးဘေး) ဒေါသထွက်သွားပြီး လှည့်ကြည့်လိုက်ရာ၊ တုန်းချန် (မူလပိုင်ရှင်) ၏ လက်ကျန် အသိစိတ် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားသည်။

“ကောင်လေး... မင်း မသေသေးဘူးလား”

တုန်းချန် (ဘိုးဘေး) မယုံနိုင် ဖြစ်နေသည်။

“ဘိုးဘေး... ကျွန်တော်က ခင်ဗျားရဲ့ သွေးသားရင်းချာပါဗျာ... ဒါကို ခင်ဗျားက ရက်ရက်စက်စက် ခန္ဓာကိုယ် လုယူရက်တယ်... တုန်းမိသားစု ဂုဏ်ရောင်ပြန်ထွန်းပြောင်ဖို့ မျှော်လင့်ခဲ့ကြတဲ့ ဘိုးဘေးတွေကို မျက်နှာပြရဲသေးလား”

တုန်းချန် (မူလပိုင်ရှင်) က အံကြိတ်ပြီး ပြောလိုက်၏။

ဒါ သူ့ခန္ဓာကိုယ်ပင်။

ဘိုးဘေးကြီး ခန္ဓာကိုယ် မလုခင် ရက်အနည်းငယ်တုန်းက၊ တုန်းချန် (မူလပိုင်ရှင်) က သူ့အသိစိတ် တစ်စိတ်တစ်ပိုင်းကို သွေးထဲမှာ ဖြန့်ထားခဲ့၏။ သွေးမျိုးဆက် အဆင့်မြှင့်ဖို့အတွက် ရည်ရွယ်၍ပင်။

ထိုသို့ စီမံခဲ့၍၊ သူ့ပင်မဝိညာဉ်ကို ဘိုးဘေးကြီး လုယူသွားသော်လည်း ဝိညာဉ်အစအနလေး ကျန်ရစ်ခဲ့ခြင်းပင်။ ပြီးတော့ ဘိုးဘေးကြီးက သွေးမျိုးဆက်ကို နတ်ဆိုးဗိုလ်ချုပ် အဆင့်ထိ မြှင့်တင်ပေးလိုက်တော့၊ သွေးထဲမှာ ပါနေသည့် ဝိညာဉ်အစအနလေးလည်း ပိုသန်မာလာရသည်။

“ဟားဟားဟား... မင်း ဆိုတဲ့ အဘိုးကြီးက ကိုယ့်သွေးသားရင်းချာရဲ့ ခန္ဓာကိုယ်ကို လုယူထားတာကိုး... အခုတော့ ကိုယ့်မြေးက ကိုယ့်ကို ပြန်လုပ်ကြံပြီ... ဝဋ်လည်တာကွ”

ဟူယွမ် အားရပါးရ ရယ်မောလိုက်ပြီး ဆက်လက် ရုန်းကန်နေသည်။

“ဝုန်း... ဝုန်း... ဝုန်း”

တုန်းချန် (မူလပိုင်ရှင်) ၏ ဝိညာဉ်အစအနလေးကလည်း တိုက်ခိုက်နေသည်။

နှစ်ဖက်ညှပ်တိုက်ခြင်းကို ခံလိုက်ရသဖြင့်၊ ဝိညာဉ်အကြွင်းအကျန် အခြေအနေသာ ရှိသေးသော တုန်းချန် (ဘိုးဘေး) သည် လုံးဝ မခုခံနိုင်တော့ဘဲ တဖြည်းဖြည်း နောက်ဆုတ်ပေးလိုက်ရသည်။

“မင်းတို့နှစ်ကောင် သေချင်နေမှတော့... ငါ့ကို အပြစ်မတင်နဲ့တော့... လျှို့ဝှက်ကျင့်စဉ်... ဝိညာဉ်ပေါင်းစပ်ခြင်း”

လမ်းဆုံးရောက်နေပြီ ဖြစ်သဖြင့် တုန်းချန် (ဘိုးဘေး) သည် ဤကြောက်မက်ဖွယ် လျှို့ဝှက်ကျင့်စဉ်ကို သုံးရတော့သည်။ သူ့ကိုယ်ပိုင် ဝိညာဉ်စွမ်းအားကို စတေးပြီး ဟူယွမ်နှင့် တုန်းချန် (မူလပိုင်ရှင်) တို့၏ ဝိညာဉ်များကို ပေါင်းစပ်ပစ်လိုက်၏။

အေးစက်သော ဝိညာဉ်မီးတောက်များသည် အသိစိတ်ပင်လယ် တစ်ခုလုံးကို တခဏချင်း လွှမ်းခြုံသွားတော့သည်။

...

[အချိန်အတန်ကြာပြီးနောက်၊ တုန်းချန် (မူလပိုင်ရှင်) မျက်လုံးဖွင့်လိုက်၏။]

သူ့လက်သူ ပြန်ကြည့်လိုက်ရာ ခန္ဓာကိုယ်ခွန်အား လျော့မသွားဘဲ ယခင်ကထက် ပိုသန်မာလာသည်ကို သတိထားမိလိုက်၏။ ဆိုလိုသည်မှာ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်ပြီးနောက် ကျင့်ကြံခြင်းအဆင့် ကျဆင်းမသွားဘူး ဆိုသည့် သဘောပါပဲ။

“ငါ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်မှာ ရှိနေတုန်းပဲ... အရမ်းကောင်းတာပဲ”

တုန်းချန် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။

သူ နေရာမှာတင် ခုန်ပေါက်နေပြီး ပျော်လွန်းလို့ ဘာလုပ်ရမှန်း မသိတော့ပေ။

“ကြည့်ရတာ ဘိုးဘေးကြီးနဲ့ ဟိုနတ်ဆိုးဘုရင်တို့ သေသွားကြပြီ ထင်တယ်... သူတို့ရဲ့ ကျန်ရှိနေတဲ့ မှတ်ဉာဏ်တွေကို သေချာ ချေဖျက်လိုက်ရင်... ငါ့ဘဝရဲ့ အထွတ်အထိပ်ကို ရောက်တော့မှာပဲ”

တုန်းချန် အနာဂတ်အတွက် မျှော်လင့်ချက်တွေ ထားနေပြီ ဖြစ်သည်။

“ငတုံးကောင်... မင်းရဲ့ အသိစိတ်ကို သုံးပြီး အသိစိတ်ပင်လယ်ထဲ ဝင်ကြည့်လိုက်စမ်း... မင်းဘိုးဘေးနဲ့ ဒီနတ်ဆိုးလေး မသေသေးဘူးကွ”

တုန်းချန် (ဘိုးဘေး) ၏ ဒေါသသံကြီး သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်သွားသည်။

တုန်းချန် မျက်ခွံများ လှုပ်ရှားသွားသည်။

သူ အသိစိတ်ပင်လယ်ထဲသို့ အမြန် ဝင်ရောက်ကြည့်ရှုလိုက်ရာ၊ ကျောချမ်းဖွယ် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

ဟူယွမ်နှင့် တုန်းချန် (ဘိုးဘေး) ၏ ဝိညာဉ်ခန္ဓာကိုယ်များကို မရေမတွက်နိုင်သော အမည်းရောင် ပိုးချည်မျှင်များက ရစ်ပတ်ထားသည်။ သူတို့၏ စွမ်းအားများ ပေါင်းစပ်သွားပြီးနောက်၊ နောက်ထပ် ပိုးချည်မျှင်များ ထွက်ပေါ်လာပြီး တုန်းချန် (မူလပိုင်ရှင်) ၏ ဝိညာဉ်ခန္ဓာကိုယ်ကိုပါ ရစ်ပတ်လိုက်၏။

“ဘယ်လိုဖြစ်တာလဲ”

တုန်းချန် ခြေတွေ လက်တွေ ပျော့ခွေကုန်သည်။

ဟူယွမ်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ဒါတွေအားလုံးက ဒီအဘိုးကြီးကြောင့်ပဲ... ရှေးဟောင်း လျှို့ဝှက်ကျင့်စဉ်ကို သုံးတာ မအောင်မြင်ဘဲ၊ ငါတို့ ဝိညာဉ် (၃) ခု ပေါင်းစပ်သွားရတာ... ဘယ်တော့မှ ပြန်ခွဲလို့ရမှာ မဟုတ်တော့ဘူး... အခုဆိုရင် ငါတို့ တစ်ယောက်ချင်းစီက ဒီခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့် ရှိနေပြီ”

သူ့အသံ ခေတ္တ ရပ်တန့်သွားပြီး၊ လက်လျှော့လိုက်သော လေသံဖြင့် ဆက်ပြောသည်။

“ဒါက ဒဏ္ဍာရီလာ... ကုဋေတစ်ထောင်မှာ တစ်ယောက် ဖြစ်ခဲတဲ့ 'ဝိညာဉ်သုံးပါး တစ်ကိုယ်တည်း'ဖြစ်စဉ်ပဲ”

ထိုသို့ ရှင်းပြချက်အား ကြားတော့၊ တုန်းချန် (ဘိုးဘေး)က နှာခေါင်းရှုံ့လိုက်ပြီး ဘာမှ မပြောပေ။

တုန်းချန် (မူလပိုင်ရှင်) မျက်လုံးပြူးသွားသည်။

“ဝိညာဉ်သုံးပါး တစ်ကိုယ်တည်း ဟုတ်လား။ ဒါဆို နောက်ဆို ကျွန်တော် ဘယ်လို လုပ်ရမလဲ။ ကျွန်တော်သာ ကျင့်ကြံဖော် ရှာတွေ့ရင်... မွေးလာတဲ့ ကလေးက ဘယ်သူ့ကလေး ဖြစ်မှာလဲ”

ထိုစကားကို ကြားသောအခါ တုန်းချန် (ဘိုးဘေး) နှင့် ဟူယွမ် နှစ်ယောက်စလုံး မျက်လုံးလှန်ကြည့်လိုက်ကြ၏။

“ဒီခန္ဓာကိုယ်က မင်းပိုင်တာပဲလေ... မွေးလာတဲ့ ကလေးကလည်း မင်းကလေးပဲ ဖြစ်မှာပေါ့... ပုံမှန်အားဖြင့် မင်းရဲ့ အသိစိတ်ကပဲ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားမှာ... ဒါပေမဲ့ အရေးကြီးတဲ့ အချိန်ကျရင်တော့ ငါတို့ထဲက တစ်ယောက်ယောက်လည်း ထိန်းချုပ်လို့ ရတယ်”

ဟူယွမ်က ရှင်းပြလိုက်၏။

သူက လူသားတွေကို မကြိုက်သော်လည်း၊ အရေးကြီးသည့် အချိန်မှာ တုန်းချန် (မူလပိုင်ရှင်) သာ ဝင်မပါလျှင်၊ သူ သေချာပေါက် အဝါးစားခံရမည်ပဲလေ။

အချစ်အမုန်း ကွဲပြားသော ဟူယွမ်သည် တုန်းချန်ကို ကျေးဇူးရှင်အဖြစ် မသိစိတ်က သတ်မှတ်လိုက်ပြီ ဖြစ်သည်။

“ဟူး...”

ဒီအချိန်မှာ တုန်းတုန်းချန် (ဘိုးဘေး) သက်ပြင်းချလိုက်၏။

တုန်းချန် (မူလပိုင်ရှင်) ၏ မျက်လုံးများမှတဆင့် ပြင်ပကမ္ဘာကြီးကို ကြည့်ရင်း၊ သူ့မျက်လုံးများတွင် လွမ်းဆွတ်မှုများ ပြည့်နှက်နေသည်။

“ငါ တုန်းတုန်းချန်ဆိုတဲ့ လူက... တစ်သက်လုံး ဉာဏ်ပညာကြီးပြီး ပြိုင်ဘက်ကင်းခဲ့တာ... လျှို့ဝှက်ဆန်းကြယ် တိုင်းပြည်မှာ ရှားပါးတဲ့ မူလနတ်ဘုရား အဆင့် ပညာရှင်ကြီး တစ်ပါး ဖြစ်ခဲ့တာ... အခုတော့ ဒီလို အဆုံးသတ်ရတယ်ပေါ့”

“တုန်း... တုန်းတုန်းချန်”

ဟူယွမ် ရုတ်တရက် လန့်သွားသည်။

“မင်းက... ဟိုတစ်ချိန်တုန်းက 'ကောင်းကင် သွေးနတ်ဆိုး' လို့ နာမည်ကြီးခဲ့တဲ့ မူလနတ်ဘုရား အဆင့် ပညာရှင်ကြီးလား”

“ဟုတ်တယ်... ငါပဲ”

တုန်းချန် (ဘိုးဘေး) ရုတ်တရက် ဂုဏ်ယူသွားသည်။

“နှစ်တွေ အများကြီး ကြာသွားတာတောင်... ငါ့နာမည်ကို မှတ်မိတဲ့သူ ရှိနေသေးတာပဲ”

တုန်းချန် (မူလပိုင်ရှင်) လည်း အံ့ဩသွားသည်။

“ကျွန်တော့် ဘိုးဘေးက အဲဒီလောက်တောင် နာမည်ကြီးခဲ့တာလား”

ထိုအခါ၊ ဟူယွမ် လှောင်ပြောင်လိုက်၏။

“ဟွန်း... အဲဒီတုန်းက ကောင်းကင် သွေးနတ်ဆိုး ဆိုတဲ့ အဘိုးကြီးက နာမည်ဆိုးနဲ့ ကျော်ကြားတာလေ... စံပြ လူယုတ်မာကြီးပဲ... ငါ့ထက် အဆပေါင်းများစွာ ပိုရူးသွပ်တယ်... နာမည်လည်း ပျက်တယ်လေ”

ထိုစကားကို ကြားတော့ တုန်းချန် (ဘိုးဘေး) ဒေါသထွက်သွားသည်။

သို့သော်၊ ယခု သူတို့ ဝိညာဉ် (၃) ခုက ပေါင်းစပ်နေပြီ ဖြစ်သည်။ တစ်ယောက်ယောက် ပျက်စီးသွားလျှင် ကျန်သည့် လူတွေပါ လိုက်ပျက်စီးကုန်မည်။

ဒေါသထွက်လည်း ဘာမှ မလုပ်နိုင်ဘဲ စိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

တုန်းချန် (မူလပိုင်ရှင်) လည်း လက်ရှိ အခြေအနေကို သဘောပေါက်သွားပြီး ကပျာကယာ ဝင်ပြောလိုက်၏။

“စီနီယာနှစ်ယောက်... ရန်မဖြစ်ကြပါနဲ့ဗျာ။ အခု ကျွန်တော်တို့က တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေကြရတာလေ။ အေးအေးဆေးဆေး နေပြီး အတူတူ ကြီးပွားအောင် လုပ်ကြတာပေါ့”

“ဟွန်း”

ဟူယွမ်နှင့် တုန်းချန် (ဘိုးဘေး) တစ်ယောက်ကို တစ်ယောက် ဂျိုကြည့် ကြည့်လိုက်ကြ၏။

တုန်းချန် (မူလပိုင်ရှင်) မှာတော့ ကြားညှပ်ပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေရှာသည်။

...

[မြူခိုးတောင်ထိပ်။]

ယဲ့ဖုန်းသည် ကုလားထိုင်ရှည်ပေါ်တွင် ထိုင်လျက်၊ ဝိညာဉ်စမ်းရေဖြင့် ပန်းများကို ရေလောင်းနေလေ၏။

“ဒင်..ဒေါင်”

တောင်ကုန်းအလယ်မှ သာယာသော ခေါင်းလောင်းသံလေး ထွက်ပေါ်လာသည်။

ယဲ့ဖုန်း မြူခိုးများကို ဖယ်ရှားကြည့်လိုက်ရာ၊ သိမ်မွေ့ပြီး အဆင့်အတန်းမြင့်ပုံ ရသော သက်လတ်ပိုင်း အမျိုးသမီး တစ်ဦး တောင်ကုန်းအလယ်ရှိ ဇရပ်အောက်တွင် ငြိမ်သက်စွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ယဲ့ဖုန်းကို လှမ်းကြည့်ပြီး ယဉ်ကျေးစွာ ဦးညွှတ်လိုက်၏။

“ကျွန်မ ကုန်းချင်းချိုး... ဂါရဝပြုဖို့ လာရောက်တာပါ”

သူမ၏ အသံသည် သစ်ရွက်ပေါ် ကျဆင်းသော မိုးဖွဲလေးများကဲ့သို့ နူးညံ့သိမ်မွေ့နေသည်။

ယဲ့ဖုန်း အံ့ဩသွားသည်။

ကုန်းချင်းချိုးက ဒီကို ဘာလာလုပ်တာလဲ။

ကျေးဇူးတင်စကား လာပြောတာလား။

ဇဝေဇဝါ ဖြစ်နေသော်လည်း ယဲ့ဖုန်း ခေါင်းညိတ်ပြလိုက်၏။

“တာအိုရောင်းရင်း ကုန်း... စကားပြောဖို့ တောင်ပေါ် တက်ခဲ့ပါ”

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ယဲ့”

ကုန်းချင်းချိုး တောင်ပေါ်တက်လာပြီး ယဲ့ဖုန်းကို နှုတ်ဆက်လိုက်၏။ ထို့နောက် ဂိုဏ်းချုပ် ခန်းမဆောင်ကြီးထဲတွင် အတူတူ ထိုင်လိုက်ကြ၏။၏။

ရှဟဲနှင့် ချိုကျူတို့က ဂရုတစိုက် ပြုစုပြီး၊ မကြာမီ ဝိညာဉ်လက်ဖက်ရည် လာချပေးကြ၏။

“ရုတ်တရက်ကြီး လာလည်တာ... အားနာစရာပါပဲ”

ကုန်းချင်းချိုးက အနည်းငယ် အားနာနေပုံ ရသည်။

“မလိုပါဘူးဗျာ”

ယဲ့ဖုန်း လက်ကာပြလိုက်၏။

“တာအိုရောင်းရင်း ကုန်း..ဒီနေ့ လာရတဲ့ အကြောင်းရင်းကို မေးလို့ ရမလားဗျ”

ကုန်းချင်းချိုး ပြုံးလိုက်၏။

“သေချာတာပေါ့... ကျေးဇူးတင်စကား လာပြောတာပါ။ ဂိုဏ်းချုပ်ယဲ့သာ ကူညီလက်ကမ်း မပေးခဲ့ရင်... ကျွန်မတို့ နတ်ဆိုးမြို့တော်ကို နှိမ်နင်းနိုင်မှာ မဟုတ်ဘူး။ ကျဆုံးသွားတဲ့ အစ်ကိုကြီး၊ မောင်နှမတွေနဲ့ အပြစ်မဲ့ ပြည်သူတွေအတွက် လက်စားချေပေးနိုင်မှာ မဟုတ်ဘူး”

“ဒါ ကျွန်တော့် တာဝန်ပါပဲ”

ယဲ့ဖုန်း လက်ကာပြလိုက်၏။

သူသာ ဝင်မပါလျှင်၊ ရေပေါ်ဖြူ မြို့တော်နှင့် မြူခိုးဂိုဏ်းလည်း နောက်ထပ် ပစ်မှတ်တွေ ဖြစ်လာနိုင်သည်လေ။ နတ်ဆိုးဘုရင် ဟူယွမ်ကို လက်ဦးမှု ရယူပြီး ရှင်းလင်းလိုက်တာက မှန်ကန်ပြီး လိုအပ်သော လုပ်ရပ်ပါပင်။

“ဂိုဏ်းချုပ်ယဲ့က တကယ် နှိမ့်ချတတ်တာပဲ... သဘောကျစရာ ကောင်းလိုက်တာ”

ကုန်းချင်းချိုး ပြုံးလိုက်ရာ၊ ပီအိုနီပန်းခင်းကြီး ပွင့်လန်းလာသကဲ့သို့ ယဲ့ဖုန်း၏ စိတ်ကို လန်းဆန်းသွားစေ၏။

သူ၏ အံ့ဩနေသော အကြည့်အောက်မှာပဲ၊ ကုန်းချင်းချိုးသည် ရတနာသေတ္တာ တစ်လုံးကို စားပွဲပေါ် တင်လိုက်၏။

“ဒါ ဘာလဲ”

ယဲ့ဖုန်း စူးစမ်းစွာ မေးလိုက်၏။

“သေတ္တာထဲမှာ ရှေးဟောင်းစာအုပ် နှစ်အုပ် ရှိပါတယ်။ နှစ်အုပ်စလုံးက ရွှေယန်မြို့ မြို့စားမင်းအိမ်တော်ရဲ့ လျှို့ဝှက်ချက်တွေပါ။ တစ်ခုက အထောက်အကူပြု ကျင့်စဉ် ဖြစ်ပြီး၊ နောက်တစ်ခုကတော့ ပျက်စီးနေတဲ့ စတုတ္ထအဆင့် သိုင်းနည်းစနစ် ပါ။ အကြာကြီး စဉ်းစားပြီးတဲ့နောက်... ဂိုဏ်းချုပ်ယဲ့သာ မငြင်းပယ်ဘူးဆိုရင်... ကျွန်မ ဒီစာအုပ်နှစ်အုပ်နဲ့အတူ ရှင်တို့ဂိုဏ်းကို ဝင်ချင်ပါတယ်”

ကုန်းချင်းချိုးက သူမ၏ ရည်ရွယ်ချက်ကို ဖွင့်ဟလိုက်၏။

ထို့နောက် ရတနာသေတ္တာကို ဖွင့်လိုက်ရာ၊ သာမန် ကျင့်ကြံသူတွေ ဖွင့်လို့မရအောင် အထူး "အဆောင်လက်ဖွဲ့"များနှင့် ချိတ်ပိတ်ထားသည့် တောက်ပနေသော စာအုပ် နှစ်အုပ်ကို ပြသလိုက်၏။

“ဗျာ... ကျွန်တော်တို့ မြူခိုးဂိုဏ်းကို ဝင်မယ် ဟုတ်လား”

ယဲ့ဖုန်း လန့်သွားပြီး ထိုင်ခုံမှ ထရပ်လိုက်မိတော့သည်။

အခန်း (၂၄၅) မြူခိုးဂိုဏ်း၏ ပထမဆုံး အပြင်စည်းအကြီးအကဲ

~“ဂိုဏ်းချုပ်ယဲ့ နားကြားမမှားပါဘူး... ကျွန်မ မြူခိုးဂိုဏ်းကို ဝင်ချင်တာပါ”

ကုန်းချင်းချိုးသည် ထိုင်ရာမှထပြီး ယဲ့ဖုန်းကို တလေးတစား ဦးညွှတ်လိုက်၏။

သူမမှာ ပြန်စရာအိမ် မရှိတော့ပါ။

နတ်ဆိုးဘုရင် ဟူယွမ်ကို သတ်ဖြတ်ပေးခဲ့ခြင်းကြောင့်၊ ယဲ့ဖုန်းသည် သူမနှင့် ရွှေယန်မြို့သူမြို့သား အားလုံး၏ ကျေးဇူးရှင်ကြီး ဖြစ်လာခဲ့သည်။

သူမအနေဖြင့် ပြန်လည် ပေးဆပ်စရာ ဘာမှမရှိသောကြောင့် “ကိုယ့်ကိုယ်ကို ပေးအပ်ခြင်း” ဖြင့်သာ ပြန်လည်ကျေးဇူးဆပ်နိုင်တော့မည်။

သို့သော်၊ သူမ ဆိုလိုတာက မြူခိုးဂိုဏ်းကို ဝင်ရောက်ခြင်းသာ ဖြစ်သည်။

ကုန်းချင်းချိုး၏ စကားကို ကြားသောအခါ ယဲ့ဖုန်း တိတ်ဆိတ်သွား ၏။

ရွှေယန်မြို့ တိုက်ပွဲတွင် ကုန်းချင်းချိုးသည် သူမ၏ ကျင့်ကြံခြင်းအဆင့်ကို လျှော့ချကာ ပိတ်ဆို့ထားမှုများကို ဖောက်ထွက်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ရသည်။ ဆုံးရှုံးမှုများ ကြီးမားခဲ့သော်လည်း၊ ယခုအချိန်တွင် သူမသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့် စံချိန်မီ ဝါရင့်ပညာရှင် တစ်ဦး ဖြစ်နေဆဲပင်။

ဒီလို ကျင့်ကြံခြင်းအဆင့်မျိုးက ဟင်းရွက်ကန်စွန်းလို ပေါပေါများများ ရနိုင်တာ မဟုတ်ပါချေ။

တောင်ပိုင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးကို ကြည့်လိုက်မည် ဆိုလျှင်၊ ကုန်းချင်းချိုးဟာ ယွင်ဟွာကျန်းရန်၊ လျိုယွင်ဂိုဏ်းချုပ် တို့နှင့် ရင်ပေါင်တန်းနိုင်သည့် ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းချုပ် တစ်ယောက်၏ စံနှုန်းရှိသူပင်။

အကယ်၍သာ၊ ရနိုင်မည် ဆိုလျှင် ယဲ့ဖုန်းက သူမကို သေချာပေါက် လက်ခံမည်ပင်။

ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့် ပညာရှင် တစ်ဦး၊ အထောက်အကူပြု ကျင့်စဉ်တစ်ခု၊ ပျက်စီးနေတဲ့ စတုတ္ထအဆင့် သိုင်းနည်းစနစ် တစ်ခု... ဒါတွေအားလုံးက မြူခိုးဂိုဏ်းအတွက် ရတနာတွေ ဖြစ်လေ၏။

သို့သော် ယဲ့ဖုန်းသည် ချက်ချင်း သဘောမတူသေးပေ။

“စနစ်... ကုန်းချင်းချိုးက အသက်ကြီးနေပြီ... တပည့်အဖြစ် လက်ခံလို့ ရသေးလားဟေ့”

ယဲ့ဖုန်းသည် အပေါ်ယံတွင် စဉ်းစားနေသယောင် ဆောင်ထားသော်လည်း၊ တကယ်တမ်းကျတော့ စနစ် ကို မေးမြန်းနေခြင်း ဖြစ်သည်။

“တပည့်အဖြစ် လက်ခံဖို့ စည်းကမ်းချက်များနဲ့ မကိုက်ညီပါ။ ဒါပေမယ့်၊ အကြီးအကဲအဖြစ် လက်ခံနိုင်ပါတယ်”

စနစ် က ရှင်းပြလိုက်၏။

စနစ် ၏ အဖြေ ပထမပိုင်းကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း စိတ်ပျက်သွားသော်လည်း၊ ဒုတိယပိုင်းကို ဆက်ကြားလိုက်ရသည်နှင့် ချက်ချင်း ရွှင်ပျသွားသည်။

သူသည် မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေသော ကုန်းချင်းချိုးကို ကြည့်လိုက်၏။

ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် သူမ၏ လက်ကို ဆုပ်ကိုင်လိုက်မိသည်။

“တာအိုရောင်းရင်း ကုန်း... တကယ်ပဲ မြူခိုးဂိုဏ်းကို ဝင်ချင်တာလား”

ဟု ယဲ့ဖုန်းက မျှော်လင့်တကြီး မေးလိုက်၏။

ကုန်းချင်းချိုးသည် ဆုပ်ကိုင်ခံထားရသော သူမ၏ လက်ကို ငုံ့ကြည့်လိုက်၏။ ပါးပြင်များ ရဲတက်သွားပြီး ရှက်သွေးဖြာနေသည့် အသံလေးဖြင့် တိုးတိုးလေး ဖြေလိုက်၏။

“ဂိုဏ်းချုပ်ယဲ့သာ လက်ခံမယ်ဆိုရင်... ဒီနေ့ကစပြီး ကျွန်မက မြူခိုးဂိုဏ်းသားပါပဲ”

“တာအိုရောင်းရင်း ကုန်းရဲ့ စေတနာကို ကျွန်တော် ဘယ်လိုလုပ် ငြင်းပယ်ရက်မှာလဲ”

ယဲ့ဖုန်းသည် အမည်စာရင်းမှတ်တမ်း စာအုပ်ကို ကပျာကယာ ထုတ်လိုက်၏။

“တာအိုရောင်းရင်း ကုန်း... ခင်ဗျားရဲ့ နာမည်၊ နောက်ခံ၊ ပါရမီ၊ ကျင့်ကြံခြင်းအဆင့်၊ အထူးပြုဘာသာရပ်... အဲ... ဆိုလိုတာက ခင်ဗျား ဘာတွေ ကျွမ်းကျင်လဲ... ဥပမာ - ဆေးဖော်တာ၊ ဝင်္ကပါခင်းတာ၊ အဆောင်လက်ဖွဲ့ ရေးဆွဲတာမျိုးပေါ့... အဲဒါတွေ ပြောပြပါဦး”

“ကုန်းချင်းချိုး၊ ရွှေယန်မြို့ဇာတိ၊ အဆင့်မြင့် ပါရမီ၊ ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့်... အဆောင်လက်ဖွဲ့နဲ့ ဝင်္ကပါတွေကို လေ့လာရတာ နှစ်သက်ပါတယ်... ဆေးဖော်တာလည်း နည်းနည်းပါးပါး လေ့လာထားပါတယ်... ပန်းစိုက်တာ၊ သစ်ပင်စိုက်တာနဲ့ ဝိညာဉ်သားရဲတွေကို ပြုစုရတာ ဝါသနာပါတယ်”

သူမက ပြန်ဖြေလိုက်၏။

ဒီမိတ်ဆက်စကားကို နားထောင်ရင်း ယဲ့ဖုန်း၏ အပြုံးသည် ပိုမို ပီပြင်လာသည်။

‘ဟဲဟဲ၊ ကုန်းချင်းချိုးက နေရာစုံသုံးလို့ရတဲ့ ဘက်စုံသုံး ကိရိယာလေးပါလား။

ဒီလိုလူမျိုး မြူခိုးဂိုဏ်းကို ရောက်လာတာ... တကယ့်ကို ကြီးမားတဲ့ အမြတ်အစွန်းကြီးပါပဲ။’

ယဲ့ဖုန်းသည် အမြန် မှတ်တမ်းတင်လိုက်ပြီး ဂိုဏ်းချုပ်တံဆိပ်တုံးကို တွန့်ဆုတ်ခြင်းမရှိဘဲ ထုနှိပ်လိုက်တော့သည်။

“တီ..တီ.. အပြင်စည်းအကြီးအကဲ 'ကုန်းချင်းချိုး' ကို လက်ခံရရှိပါတယ်”

“တီ..တီ.. မြူခိုးဂိုဏ်းမှာ ပထမဆုံး အကြီးအကဲအဆင့် ပညာရှင် ပေါ်ထွက်လာတဲ့ အတွက် 'အကြီးအကဲများ ခန်းမဆောင်'ကို စတင် တည်ဆောက်ပါပြီ”

စနစ် က အချက်ပေးသံ နှစ်ခု ဆက်တိုက် ထုတ်လွှင့်လိုက်၏။

မကြာမီ ယဲ့ဖုန်း၏ မြင်ကွင်းတွင် အောက်ပါ စာသားများ ပေါ်လာ၏။

[အကြီးအကဲများ ခန်းမဆောင်: အဆင့် ၁]

[အပြင်စည်း အကြီးအကဲ: ကုန်းချင်းချိုး (ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့်)]

[မှတ်ချက်: အကြီးအကဲများ ခန်းမဆောင်မှ အကြီးအကဲများသည် 'အကြီးအကဲ တာဝန်' များကို တိုက်ရိုက် ချမှတ်ပေးနိုင်သည်။

(အပြင်စည်းအကြီးအကဲများအတွက် တစ်လလျှင် အများဆုံး ၁၀ ခု)...

တာဝန်ထမ်းဆောင်သော ဂိုဏ်းသားများသည် သက်ဆိုင်ရာ ဆုလာဘ်များကို ရရှိမည် ဖြစ်သည်။ ]

ဒါကို မြင်တော့ ယဲ့ဖုန်းက ကုန်းချင်းချိုးကို ရွှန်းစားသော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။

ထိုအကြည့်ကြောင့် ကုန်းချင်းချိုးမှာ မျက်နှာရဲသွားပြီး အမြန် မျက်နှာလွှဲလိုက်ရသည်။

'ဘာလို့ ဂိုဏ်းချုပ်ယဲ့က ငါ့ကို အဲဒီလို စူးစူးရဲရဲ ကြည့်နေရတာလဲ... သူက မိန်းကလေးငယ်လေးတွေကို မကြိုက်ဘဲ... ငါ့လို သက်လတ်ပိုင်း အမျိုးသမီးတွေကို ကြိုက်တာများလား'

'ငါက အသက်ရနေပြီ ဆိုပေမဲ့... တစ်ခါမှ ကျင့်ကြံဖော် မထားဖူးပါဘူး... တကယ်လို့ ဂိုဏ်းချုပ်ယဲ့သာ လိုအပ်မယ်ဆိုရင်... မဖြစ်နိုင်စရာတော့ မရှိပါဘူးလေ... ဘာပဲဖြစ်ဖြစ် သူက ငါ့ရဲ့ ကျေးဇူးရှင်ကြီးပဲ... အဓိက အချက်ကတော့ သူက တော်တော် ချောတာကိုး...'

သူမသည် လက်ချောင်းလေးကို ဖျောက်ခနဲ တီးလိုက်ရာ၊ လက်ဖက်ရည်ခွက်ထဲမှ ရေများသည် ကြေးမုံပြင်အဖြစ် ပြောင်းလဲသွားပြီး သူမရှေ့တွင် ပေါ်လာသည်။

ကြေးမုံထဲက နုနယ်သော မျက်နှာလေးကို ကြည့်လိုက်တော့၊ အသက်အရွယ် နည်းနည်း ရနေပြီ ဆိုပေမဲ့၊ သူမရဲ့ ရုပ်ရည်က (၃၀) ဝန်းကျင် အမျိုးသမီး တစ်ယောက်လိုပါပင်။ ထူးခြားသော အလှတရား၊ ပြိုင်ဘက်ကင်းသည့် ကျက်သရေနှင့် ပြည့်ဖြိုးရင့်ကျက်သည့် ခန္ဓာကိုယ် အချိုးအစားတွေ ပိုင်ဆိုင်ထားပြီး၊ မိန်းမပျိုလေးတွေထက် ပိုမို နက်ရှိုင်းသည့် ဆွဲဆောင်မှုမျိုး ရှိနေပါသည်။

'ငါလည်း လှသားပဲ...'

ကုန်းချင်းချိုး စိတ်အေးချမ်းသွားသည်။

အတိတ်တုန်းက ရွှေယန်မြို့ ဒုတိယမြို့စားမင်း အနေနှင့် ၊ သူမအစ်ကိုကြီးကို ကူညီပြီး တစ်မြို့လုံးကို စီမံခန့်ခွဲဖို့အတွက်... ဝင်္ကပါ၊ အဆောင်လက်ဖွဲ့၊ ဆေးပညာနဲ့ မြို့ပြစီမံခန့်ခွဲရေး အပါအဝင် ပညာရပ်ပေါင်းစုံကို ကိုယ်တိုင် လေ့လာသင်ယူခဲ့ရသည်။

ထိုအချက်ကြောင့် သူမဟာ ရွှေယန်မြို့မှာ အရည်အချင်းအရှိဆုံး လူတစ်ယောက် ဖြစ်လာခဲ့ခြင်းပါ။

သို့ကြောင့်လည်း ရွှေယန်မြို့ တိုက်ခိုက်ခံရသည့် အချိန်မှာ၊ တခြား အကြီးအကဲတွေက အသက်နှင့် လဲပြီး ကုန်းချင်းချိုး လွတ်မြောက်ဖို့ ကူညီပေးခဲ့ကြသည် ပေါ့။

သူမက ရွှေယန်မြို့၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်လေသည်။

သို့သော် ယဲ့ဖုန်း လိုချင်နေတာက သူမ၏ အလှတရား မဟုတ်ဘဲ၊ သူမ၏ စွမ်းရည်တွေ ဖြစ်သည် ဆိုတာကိုတော့ ကုန်းချင်းချိုး မသိရှာပါ။

ထိုအချိန်တွင် ယဲ့ဖုန်းသည် အမည်စာရင်းမှတ်တမ်း စာအုပ်နှင့် ဂိုဏ်းချုပ်တံဆိပ်တုံးကို သိမ်းဆည်းလိုက်ပြီး၊ အလွန် ကျေနပ်အားရနေသည်။

ပထမဆုံး အပြင်စည်းအကြီးအကဲကို ခန့်အပ်လိုက်နိုင်ပြီ ဆိုတော့၊ မြူခိုးဂိုဏ်း၏ ကိစ္စရပ် အတော်များများကို ဂိုဏ်းချုပ်ကိုယ်တိုင် လိုက်လုပ်စရာ မလိုတော့ပေ။ အများကြီး သက်သာသွားရသည်။

“တာအိုရောင်းရင်း ကုန်း... အဲ... မဟုတ်ဘူး... အကြီးအကဲကုန်း... ဒီနေ့ကစပြီး ခင်ဗျားက ကျွန်တော်တို့ မြူခိုးဂိုဏ်းရဲ့ အပြင်စည်းအကြီးအကဲ ဖြစ်သွားပါပြီ။ နောင်အနာဂတ်မှာ ခင်ဗျား စွမ်းဆောင်ရည် ကောင်းမယ်ဆိုရင်... အတွင်းစည်းအကြီးအကဲအဖြစ် သေချာပေါက် ရာထူးတိုးပေးပါမယ်”

ယဲ့ဖုန်းက ပြုံးပြီး ပြောလိုက်၏။

ကုန်းချင်းချိုးအပေါ် သူက မျှော်လင့်ချက်တွေ အများကြီး ထားထားသည်။

ဘက်စုံစွမ်းရည်ရှိသော ပါရမီရှင်တစ်ယောက် အနေနှင့်၊ ကုန်းချင်းချိုးဟာ မြူခိုးဂိုဏ်းအတွက် ကြီးမားသည့် တွန်းအား တစ်ခု ဖြစ်လာမှာ အသေအချာပင်။

“နောင်... နောင်အနာဂတ်လား”

ကုန်းချင်းချိုး၏ မျက်နှာလေး ရဲတက်သွားပြီး ခေါင်းကို အမြန် ငုံ့လိုက်၏။ အချိန်အတော်ကြာမှ ရှက်သွေးဖြာစွာဖြင့် “အင်း” ဟု ပြန်ထူးလိုက်၏။

သို့သော် သူမ ခေါင်းပြန်မော့လိုက်သောအခါ၊ ယဲ့ဖုန်းသည် ထူးဆန်းသော မီးဖိုတစ်ခုကို ထုတ်ယူလိုက်ပြီး၊ ပစ္စည်းအမျိုးမျိုးနှင့် ဝိညာဉ်ကျောက်တုံးများကို ပစ်ထည့်နေသည်ကို တွေ့လိုက်ရသည်။ ချက်ချင်းဆိုသလိုပင် "ချွင်... ချွင်" ဟူသော အသံများ ထွက်ပေါ်လာသည်။

“ဒါ ဘာလုပ်နေတာလဲ”

ကုန်းချင်းချိုး နားမလည်နိုင် ဖြစ်နေသည်။

‘လက်နက်သွန်းလုပ်နေတာနဲ့လည်း မတူဘူး။ ဆေးဖော်နေတာနဲ့လည်း မတူဘူး။

ပြီးတော့ လက်နက်သွန်းလုပ်တာ၊ ဆေးဖော်တာတွေမှာ ဝိညာဉ်ကျောက်တုံးတွေ ဘယ်တုန်းက လိုအပ်သွားတာလဲ။

မြူခိုးဂိုဏ်းကို ရောက်တဲ့ ပထမဆုံးနေ့မှာပဲ နားမလည်နိုင်စရာတွေ ကြုံနေရပြီလား။’

ယဲ့ဖုန်းက ပြုံးပြီး ပြောလိုက်၏။

“ဒါက 'သံရည်ကျိုမီးဖို' လို့ ခေါ်တယ်။ ကျွန်တော့် စီနီယာအစ်ကိုကြီး၊ ဂိုဏ်းချုပ်ဟောင်း မဆုံးပါးခင် ပေးခဲ့တဲ့ အထွတ်အထိပ် လက်နက်သွန်းလုပ်ရေး ပစ္စည်းပေါ့ဗျာ။ ဝိညာဉ်လက်နက် အများကြီးကို သွန်းလုပ်ပေးနိုင်တယ်။ ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားနဲ့ အရိုးဖြူ ဓားဝင်္ကပါ ဆိုတာ ဒီမီးဖိုထဲက ထွက်လာတာလေ”

ထိုစကားကို ကြားသောအခါ ကုန်းချင်းချိုး၏ မျက်နှာအရိပ်အကဲ ပြောင်းလဲသွားတော့ သည်။

လျိုယွင်ဂိုဏ်း တိုက်ပွဲပြီးနောက်၊ ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားနှင့် အရိုးဖြူ ဓားဝင်္ကပါတို့သည် နာမည်ကျော်ကြားလာခဲ့ပြီး၊ လူအများ ကြားလိုက်ရုံဖြင့် ကြောက်လန့်သွားစေခဲ့၏။

ယခုမှပဲ သူမ သိလိုက်ရတာက... အဲဒီ အထွတ်အထိပ် ရတနာနှစ်ပါးလုံးက ဒီထူးဆန်းသည့် မီးဖိုထဲက ထွက်လာတာတဲ့လား။

ဒါက သဘာဝလွန်နေပြီ။

မကြာမီ ယဲ့ဖုန်းသည် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် အဆင့်ရှိသော တံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်၏။

တံဆိပ်ပြား တစ်ခုလုံး အပြာရောင်ဖျော့ဖျော့ ဖြစ်ပြီး၊ အပြင်စည်းအကြီးအကဲ ရာထူးကို ကိုယ်စားပြုလေသည်။

ရှေ့ဘက်တွင် “မြူခိုးဂိုဏ်း” ဟူသော စာလုံးများ ဖောင်းကြွနေပြီး၊ နောက်ကျောဘက်တွင် “အပြင်စည်းအကြီးအကဲ ကုန်းချင်းချိုး” ဟု ရေးထိုးထားသည်။

မျက်နှာပြင်ပေါ်တွင် လက်ရာမြောက် အနုစိတ်သော ပုံစံများ ပါရှိပြီး၊ သတင်းပို့ခြင်း၊ ကာကွယ်ရေး ဒိုင်းကာ နှင့် ဓားစွမ်းအင် ထုတ်လွှတ်ခြင်း စသည့် လုပ်ဆောင်ချက်များ ပါဝင်သည်။

အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ဖြစ်တဲ့အတွက်၊ ၎င်း၏ အစွမ်းသတ္တိတွေက တပည့်တံဆိပ်ပြားတွေထက် ပိုကောင်းပါသည်။

“ဒါက အကြီးအကဲ တံဆိပ်ပြားပါ... သူ့မှာ လုပ်ဆောင်ချက်တွေ အများကြီး ပါတယ်...”

ဟု ယဲ့ဖုန်းက မိတ်ဆက်ပေးလိုက်၏။

ကုန်းချင်းချိုးသည် တံဆိပ်ပြားကို သန့်စင်ပြီးနောက်၊ ၎င်း၏ နက်ရှိုင်းသော လျှို့ဝှက်ချက်များကို တကယ်ပဲ တွေ့ရှိလိုက်ရသဖြင့် မတ်တတ်ထရပ်လိုက်မိသည်။

သူမ၏ ဗာဒံစေ့ပုံစံ မျက်ဝန်းများတွင် အံ့ဩမှုများ ပြည့်နှက်နေသည်။

‘ဒီလောကကြီးမှာ ဒီလို အံ့ဖွယ်ကောင်းတဲ့ ဝိညာဉ်လက်နက်မျိုး တကယ် ရှိတာလား... ပြီးတော့ မြူခိုးဂိုဏ်းက လူတိုင်းမှာ တစ်ခုစီ ရှိကြတယ်တဲ့... ဂိုဏ်းချုပ်ယဲ့က တကယ်ပဲ ချမ်းသာပြီး ရက်ရောတာပဲ’

'ပိုပြီး မယုံနိုင်စရာ ကောင်းတာက... ကုန်ကြမ်းပစ္စည်းတွေကို မီးဖိုထဲ ပစ်ထည့်လိုက်ရုံနဲ့ ဝိညာဉ်လက်နက်တွေကို အလိုအလျောက် သွန်းလုပ်ပေးနိုင်တယ် ဆိုတာပဲ... တစ်သက်နဲ့တစ်ကိုယ် မကြားဖူးပါဘူးရှင်’

ကုန်းချင်းချိုး အံ့ဩမဆုံး ဖြစ်နေသည်။

အရင်တုန်းက သူမ သိထားတာတွေနှင့် ယှဉ်လိုက်လျှင်၊ သူမ၏ ဗဟုသုတတွေက ဘာမှ မဟုတ်တော့သလို ခံစားလိုက်ရသည်။ ယဲ့ဖုန်းနှင့် ယှဉ်လျှင် ပြောပလောက်စရာတောင် မရှိပါချေ။

“အခု အကြီးအကဲကုန်းက ကျွန်တော်တို့ မြူခိုးဂိုဏ်းကို ဝင်ရောက်လာပြီ ဆိုတော့... အပြင်စည်းအကြီးအကဲ တစ်ယောက် အနေနဲ့၊ လတိုင်းလတိုင်း ဂိုဏ်းသားတွေအတွက် တာဝန် (၁၀) ခု ချမှတ်ပေးလို့ ရပါတယ်။ ပြောရရင်တော့ ကျွန်တော်တို့ တပည့်တွေကို တွန်းအားပေးတဲ့ သဘောပေါ့ဗျာ။ ပြီးမြောက်သွားရင် ဆုလာဘ်တွေကို ကျွန်တော် ကိုယ်တိုင် ချီးမြှင့်ပေးပါ့မယ်”

ယဲ့ဖုန်းက အကြီးအကဲများ ခန်းမဆောင်မှ မှတ်ချက်ကို ပြောပြလိုက်၏။

“ကဲ... နောက်တစ်ဆင့် အနေနဲ့... အကြီးအကဲကုန်း... တခြား တပည့်တွေနဲ့ မိတ်ဆက်ပေးဖို့ လိုက်ခဲ့ပါဦး”

“ဟုတ်ကဲ့ပါ”

ကုန်းချင်းချိုး ခေါင်းညိတ်လိုက်ပြီး၊ ကျော့ရှင်းသော ခြေလှမ်းများဖြင့် ယဲ့ဖုန်းနောက်မှ လိုက်ပါသွားကာ ဂိုဏ်းချုပ် ခန်းမဆောင်ကြီး အပြင်ဘက်သို့ ထွက်ခွာသွားလေ၏။

ဂိုဏ်းချုပ် ခန်းမဆောင်ကြီး ရှေ့တွင် ဖြစ်သည်။

တပည့်များအားလုံး စုရုံးရောက်ရှိနေကြ၏။

“ဒီနေ့ကစပြီး... ရောင်းရင်း ကုန်းချင်းချိုးဟာ ငါတို့ မြူခိုးဂိုဏ်းကို တရားဝင် ဝင်ရောက်လာပြီ ဖြစ်သလို... ဂိုဏ်းရဲ့ ပထမဆုံး အပြင်စည်းအကြီးအကဲလည်း ဖြစ်သွားပါပြီ။ နောက်ဆိုရင် မင်းတို့မှာ မေးစရာရှိရင် အကြီးအကဲကုန်းကို မေးလို့ ရပါပြီ”

ယဲ့ဖုန်းက တရားဝင် ကြေညာလိုက်၏။

ပြောပြီးသည်နှင့် သူသည် ခေါင်းလှည့်လိုက်ပြီး၊ လေးနက်သော မျက်နှာထားဖြင့် ကုန်းချင်းချိုးကို သတိပေးလိုက်၏။

“မှတ်ထားနော်... ဘာပဲဖြစ်ဖြစ် ဝမ်ဖင်းအန်းကို တပည့်အဖြစ် လက်မခံမိပါစေနဲ့ တကယ်လို့ သူက ခင်ဗျားကို ဆရာတင်ဖို့ ကြိုးစားရင်... တောင်ပေါ်ကနေ ကန်ချပြီး သူ့အမှားသူ ပြန်စဉ်းစားခိုင်းလိုက်”

“အဲ... ဟုတ်... ဟုတ်ကဲ့ပါ”

ဘာကြောင့်လဲ ဆိုတာ နားမလည်ပေမဲ့၊ ယဲ့ဖုန်း၏ လေးနက်ပြီး အတည်ပေါက် ဖြစ်နေသော ပုံစံကို ကုန်းချင်းချိုး ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပါသည်။ နတ်ဆိုးဘုရင် ဟူယွမ်ကို ရင်ဆိုင်တုန်းကထက်တောင် ပိုပြီး လေးနက်နေသေးသည်။

'ဝမ်ဖင်းအန်း ဆိုတဲ့ တပည့်က... နတ်ဆိုးဘုရင်ထက်တောင် ပိုကြောက်စရာ ကောင်းနေတာလား... တကယ်ကို နားမလည်နိုင်စရာပါပဲ'

ကုန်းချင်းချိုးသည် ဒယ်အိုးကြီး ကျောပိုးထားသော ဝမ်ဖင်းအန်းကို ခိုးကြည့်လိုက်မိပြီး၊ ရင်ထဲတွင် ဗလောင်ဆူနေတော့သည်။

အခန်း (၂၄၆) - ဝရုန်းသုန်းကား အခြေအနေနှင့် လက်နက်သွန်းလုပ်ခြင်း နိယာမ (ပထမတွဲ)

~မြူခိုးဂိုဏ်းသို့ ကုန်းချင်းချိုး ရောက်ရှိနေသည်မှာ မျက်စိတစ်မှိတ်အတွင်း (၃) ရက်ပင် ကြာမြင့်ခဲ့တော့၏။

ထိုအချိန်ကာလအတွင်း လျိုယွင်ဂိုဏ်းနှင့် တိုက်ခိုက်ခဲ့သော သတင်းမှာ တောမီးပမာ ရိုက်ခတ်လောင်မြိုက်သွားခဲ့ပြီး တောင်ပိုင်းမြစ်ကန် ဒေသတစ်ခုလုံးရှိ ကျင့်ကြံသူများကို တုန်လှုပ်ချောက်ချားစေခဲ့သည်။

လမ်းကြားများ၊ လက်ဖက်ရည်ဆိုင်များနှင့် ဘုရားကျောင်းများအထိ နေရာတိုင်းတွင် ယဲ့ဖုန်းအကြောင်း ပြောဆိုနေကြလေ၏။

“မြူခိုးဂိုဏ်းက အဆင့်မြင့်ဂိုဏ်း အဆင့်ပဲ ရှိသေးပေမဲ့ ဂိုဏ်းချုပ်ယဲ့က အဆင့်မြင့် ဝိညာဉ်ဓားနဲ့ အလယ်အလတ်အဆင့် ဓားဝင်္ကပါကို သုံးပြီး နတ်ဆိုးဘုရင် ဟူယွမ်ကို သတ်ဖြတ်လိုက်တယ်တဲ့ဗျာ... ဝိညာဉ်ပင်လယ်အဆင့်အောက်မှာတော့ ပြိုင်ဘက်ကင်းပဲ”

“ဝိညာဉ်ပင်လယ်အဆင့်အောက်တင် ဘယ်ကမလဲ... ဂိုဏ်းချုပ်ယဲ့ရဲ့ တကယ့်စွမ်းအားက ဝိညာဉ်ပင်လယ်အဆင့်နဲ့တောင် ယှဉ်လို့ရတယ်လို့ ကြားတယ်”

“မိတ်ဆွေ... ခင်ဗျားပြောတာ နည်းနည်း များသွားပြီ ထင်တယ်”

“ခင်ဗျား မသိလို့ပါဗျာ... နတ်ဆိုးဘုရင် ဟူယွမ်က ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့်ပဲ ရှိသေးတာ... သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကသာ နတ်ဆိုးဘုရင်အဆင့် ရှိတာ... ဒါကြောင့် ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်အစစ်တွေနဲ့ ယှဉ်ရင် လိုပါသေးတယ်”

“ဒါတော့ ဟုတ်ပါတယ်... ဒါပေမဲ့ ဂိုဏ်းချုပ်ယဲ့က နတ်ဆိုးဘုရင် ဟူယွမ်ကို အလွယ်တကူ အနိုင်ယူလိုက်တာပဲလေ... ဒါကို ကြည့်ရင် ဝိညာဉ်ပင်လယ်အဆင့်နဲ့ ယှဉ်လို့ရနေပြီ မဟုတ်ဘူးလား”

“အင်း... စဉ်းစားစရာပဲနော်”

“...”

“အဖေ... သား မြူခိုးဂိုဏ်းကို ဝင်ချင်တယ်”

မြူခိုးဂိုဏ်းနှင့် ပတ်သက်သော ပြောဆိုဆွေးနွေးမှုများမှာ ရပ်တန့်မသွားဘဲ ပိုမိုကျယ်လောင်လာလေ၏။

ရေပေါ်ဖြူ မြို့တော်နှင့် မီးရှူးတိုင်မြို့တော်တို့တွင်လည်း ထိုသတင်းကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။

လုံကျန့်ချွမ်း၊ ကျားလီအန်း၊ အိုးယန်ဟောက်၊ ဟိုတာ့ရှုံနှင့် ဟိုယွင်ဟောက် တို့ကဲ့သို့သော မိသားစုခေါင်းဆောင်များမှာ အပျော်ကြီး ပျော်နေကြလေ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ တူ၊ သမီးနှင့် သားများသည် မြူခိုးဂိုဏ်းသားများ ဖြစ်နေကြသောကြောင့်ပင်။

“ဂိုဏ်းချုပ်ယဲ့က လူသားတွေကြားထဲက နဂါးတစ်ကောင်မှန်း ငါ စောစောကတည်းက သိသားပဲ... ယွိလန် မြူခိုးဂိုဏ်းထဲ ဝင်သွားတာ တကယ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ”

“ငါ့သား ယွင်ကျဲက ဓားဘုရင် ဖြစ်လာတော့မှာကွ”

“ငါ့အစ်ကိုက အတော်ဆုံးပဲ...”

မြူခိုးဂိုဏ်းသားများ၏ ဆွေမျိုးသားချင်းများမှာ စိတ်လှုပ်ရှား ဂုဏ်ယူနေကြလေ၏။

...

မြင့်မြတ်သော လေဓားဂိုဏ်း၊

စည်းကမ်းထိန်းသိမ်းရေး တောင်ထိပ် ပေါ်တွင် ဓားတစ်လက်သဖွယ် မတ်မတ်ရပ်နေသော `ဓားကလေး မုရူရွှဲ့` သည် မိုင်ပေါင်းထောင်ချီ ဝေးကွာသော မြူခိုးတောင်ထိပ်ဆီသို့ လှမ်းမျှော်ကြည့်လိုက်လေ၏။ သူမ၏ လှပသော မျက်ဝန်းများထဲတွင် ထူးဆန်းသော အရိပ်အယောင်များ လက်ခနဲ ဖြတ်ပြေးသွား၏။

“ယဲ့ဖုန်း... ရှင်က တကယ်ကို အံ့သြစရာ ကောင်းလွန်းတယ်... ရှင့်ရဲ့ အစွမ်းအစတွေကို ဒီလောက် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားလိမ့်မယ်လို့ ထင်မထားမိဘူး... ရှင့်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က... ဝိညာဉ်ပင်လယ်အဆင့်နဲ့တောင် ယှဉ်လို့ ရနေပြီပဲ”

`မူလနတ်ဘုရား` အဆင့်သို့ တက်လှမ်းနိုင်မည့် ပါရမီရှင်အဖြစ် သတ်မှတ်ခံထားရသော ကောင်းကင်ဘုံ၏ သမီးတော် ဖြစ်လင့်ကစား၊ နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ်နှစ်ကောင်နှင့် နတ်ဆိုးဘုရင်ကြီး တစ်ကောင်ကို သတ်ဖြတ်ခဲ့သော ယဲ့ဖုန်းနှင့် ယှဉ်လိုက်သောအခါ ဖိအားများ ခံစားလိုက်ရလေ၏။

သာမန်လူတစ်ယောက်ဟု ထင်ရသော ယဲ့ဖုန်းသည် မည်သည့်အချိန်တွင် ကြောက်မက်ဖွယ် စွမ်းအားများကို ရုတ်တရက် ထုတ်သုံးလာမည်ကို မည်သူမျှ မသိနိုင်ပေ။

အနည်းဆုံးတော့ ယဲ့ဖုန်း၏ စွမ်းအားအစစ်အမှန်မှာ အကုန်ပေါ်မလာသေးကြောင်း မုရူရွှဲ့ ယုံကြည်ထားလေ၏။

“ကြည့်ရတာ... နောက်နှစ် ခရိုင်ဘုရင်မြို့တော်မှာ ကျင်းပမယ့် `နတ်ဆိုးသတ်ပွဲတော်` ကတော့ ကြည့်ကောင်းတော့မှာပဲ... ပြီးတော့ `ဆန်းကြယ်သော တိုင်းပြည်`ရဲ့ ဘိုးဘေးကြီးကလည်း ကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်လောက်ပြီ... အချိန်ကို တွက်ကြည့်ရင် ကောင်းကင်ဘုံ နိမိတ်လက္ခဏာတွေ ပေါ်လာတော့မယ် ထင်တယ်”

...

ခရိုင်ဘုရင်မြို့တော်ဝယ်၊

ရှုဟုန်ယွီသည် လက်ရန်းကို မှီလျက် `ပေါက်စီ`ကို အေးဆေးစွာ စားနေလေ၏။

“သူက ဝိညာဉ်ပင်လယ်အဆင့် စွမ်းအားကို ရောက်နေပြီပေါ့လေ... ဟုတ်လား... မြူခိုးဂိုဏ်းက... တကယ်ကို ဆန်းကြယ်လာပြီပဲ”

ညည်းညူပြီးနောက် သူမသည် မုန့်ကို ဆက်စားနေလိုက်လေ၏။

ဆယ်မိုင်ခန့် ဝေးကွာသော နေရာရှိ...

တိုက်မြင့်ကြီး တစ်ခုပေါ်တွင်...

အကြီးအကဲ ဟုန်မုံသည် သတင်းကို ကြားပြီးနောက် အကြီးအကျယ် တုန်လှုပ်သွားရလေ၏။

ယဲ့ဖုန်းတွင် ဤမျှ ကြောက်စရာကောင်းသော စွမ်းအားများ ရှိနေလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့မိပေ။ နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် နှစ်ကောင်ကို သတ်ဖြတ်ခြင်းက တစ်ကဏ္ဍ၊ ယခု နတ်ဆိုးဘုရင်ကိုပါ သတ်ဖြတ်လိုက်ခြင်းက ပို၍ ထိတ်လန့်စရာ ကောင်းနေသည်။

နောင်အနာဂတ်ကျရင် `မူလနတ်ဘုရား` အဆင့်ကိုတောင် သူ ဂရုစိုက်ပါဦးမည်လား။

“ဂိုဏ်းချုပ်ယဲ့က တကယ်ကို ခန့်မှန်းရ ခက်တာပဲ... ခရိုင်ဘုရင်မြို့တော်က လူကြီးတွေ ဒီသတင်းကို ကြားရင် ဘယ်လို တုံ့ပြန်ကြမလဲ မသိဘူး... သူတို့လည်း ဖိအားတွေ ခံစားနေရလောက်ပြီ”

“ဘာပဲဖြစ်ဖြစ်... ဂိုဏ်းချုပ်ယဲ့ရဲ့ တက်လမ်းက အရမ်း မြန်ဆန်လွန်းတယ်”

“မကြာခင် ကျင်းပမယ့် နတ်ဆိုးသတ်ပွဲတော်ကတော့ စိတ်ဝင်စားစရာ ကောင်းတော့မှာပဲ”

အကြီးအကဲ ဟုန်မုံသည် တစ်ကိုယ်တည်း အသံထွက် ပြောဆိုလိုက်လေ၏။

...

ကျွန်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့ - ဝမ်ရန်တောင်ထိပ်တွင်မူ၊

မဟာမိတ်ခေါင်းဆောင် မိုထျန်းလုံသည် ပလ္လင်ပေါ်တွင် ထိုင်လျက် ဩရှသော အသံဖြင့် ပြောလိုက်လေ၏။

“ဆရာယဲ့က ဝင်္ကပါပိုင်းမှာလည်း ထူးချွန်သလို တိုက်ခိုက်ရေးမှာလည်း ပြိုင်ဘက်ကင်းနေပြီ... သူက ငါ့ရဲ့ သားမက်လောင်း ဖြစ်ဖို့ အသင့်တော်ဆုံးပဲ... မဟာအကြီးအကဲ... လက်ဆောင်ပစ္စည်းတွေ ပြင်ဆင်ထားလိုက်... ငါကိုယ်တိုင် သွားပြီး ကမ်းလှမ်းမယ်”

“ဘာ... ဘာပြောလိုက်တာလဲ”

နဂါးပြာဘုရင်ကြီး လန့်ဖျပ်သွားလေ၏။

အခြား အကြီးအကဲ (၄) ဦးမှာလည်း မျက်လုံးများ ပြူးကျယ်ကုန်ကြ၏။

သမီးပျိုလေးကို ဒီလောက် အလောတကြီး ယောက်ျားပေးစားတော့မလို့လား။

မိုမင်ရှီ မျက်လုံးပြူးသွားလေ၏။ သူမ၏ ဖခင်သည် အလွန်တရာ စိတ်မြန်လွန်းသည်ဟု ခံစားလိုက်ရ၏။ တစ်ဖက်လူနှင့် ရင်းနှီးအောင်တောင် မလုပ်ရသေးဘဲ လက်ထပ်ဖို့ ကမ်းလှမ်းမယ်တဲ့လား။

“ကမ်းလှမ်းတာပဲ ရှိသေးတာပါ... လက်ထပ်ဖြစ်မယ်လို့ မသေချာသေးပါဘူး... တကယ်လို့ လက်ထပ်ဖြစ်သွားရင်လည်း ငါက မဟာမိတ်ခေါင်းဆောင်ပဲ... ဘာနစ်နာစရာ ရှိလို့လဲ”

မိုထျန်းလုံက ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်လေ၏။

ထိုစကားကို ကြားသောအခါ မိုမင်ရှီ၏ ရင်ထဲတွင် `ကုလားအုတ်` ကောင်ရေ သန်းပေါင်းများစွာ ဖြတ်ပြေးသွားသကဲ့သို့ ခံစားလိုက်ရလေ၏။

လက်ထပ်မယ့်ကိစ္စကို ဒီလောက် ပေါ့ပေါ့တန်တန် သဘောထားရသလား။

တကယ်လို့များ အောင်မြင်သွားခဲ့ရင်...

သူမ ယောက်ျားယူရတော့မှာပေါ့... ဟုတ်လား။

ထိုအတွေးကြောင့် မိုမင်ရှီသည် လက်ချောင်းလေးများကို တင်းတင်းဆုပ်ထားမိလေ၏။ သူမ၏ ရင်ထဲတွင် ဗြောင်းဆန်နေသော ခံစားချက်များကို ဖော်ပြနေသယောင် ရှိပေသည်။

...

လျိုယွင်ဂိုဏ်းဝယ်၊

တုန်းချန်သည် အခန်းထဲတွင် တင်ပျဉ်ခွေ ထိုင်နေလေ၏။

“သောက်ကျိုးနည်း ယဲ့ဖုန်း... ဒီဘုရင်ကြီးကို သတ်ပြီးမှ နာမည်ကြီးသွားတာပေါ့လေ... အခုဆိုရင် မြူခိုးဂိုဏ်းက ပြိုင်ဘက်ကင်း ဖြစ်နေပြီ... တကယ် စိတ်ပျက်စရာ ကောင်းလိုက်တာ”

နတ်ဆိုးဘုရင် ဟူယွမ်၏ ဝိညာဉ်သည် အလွန်အမင်း ဝမ်းနည်းပက်လက်ဖြစ်သော အသံဖြင့် ညည်းတွားလိုက်လေ၏။

ထိုအခါ၊ တုန်းတုန်းချန်က လှောင်ပြုံးပြုံးပြီး ဝင်ပြောလိုက်၏။

“ နတ်ဆိုးဘုရင်တစ်ပါး ဖြစ်ပြီးတော့ အဆင့်မြင့်ဂိုဏ်းချုပ် တစ်ယောက်ကိုတောင် မနိုင်ဘူး... သုံးသပ်ချက်အရတော့... မင်းက အမှိုက်ပဲ”

“သောက်ရေးမပါတာတွေ လာမပြောနဲ့... မင်း အရမ်းတော်နေရင် သွားလုပ်ပါလား” ဟူယွမ် ဒေါသတကြီး ပြန်၍ အော်ဟစ်လိုက်၏။

“ငါက တစ်ချိန်တုန်းက `မူလနတ်ဘုရား` အဆင့် မဟာပညာရှင်ကြီးကွ... အဲဒီ ကောင်စုတ်လေးကို ကြောက်စရာလား” တုန်းတုန်းချန်က ပြန်အော်သည်။

“သောက်အဘိုးကြီး... အခု ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကိုတောင် မနိုင်ဘဲနဲ့များ မဟာပညာရှင်ကြီး လုပ်ချင်နေသေးတယ်... `မဟာ` မဟုတ်ဘူး `ဟာမ` ပညာရှင်ကြီးဆို ပိုမှန်လိမ့်မယ်” ဟူယွမ်က လှောင်ပြောင်လိုက်၏။

“ခွေးကောင်... မင်း သေချင်နေတာလား” တုန်းတုန်းချန် ကြိမ်းမောင်းလိုက်၏။

“စီနီယာတို့ နှစ်ယောက်လုံး... တော်ကြပါတော့ဗျာ”

တုန်းချန် တစ်ယောက် စိတ်ကုန်နေပြီ ဖြစ်သည်။ နှစ်ပေါင်း (၃၀၀၀) ကျော် သက်တမ်းရှိသော ဤအဘိုးကြီးနှစ်ယောက်သည် သူ့ခေါင်းထဲတွင် တစ်ချိန်လုံး ရန်ဖြစ်နေကြသဖြင့် ကျင့်ကြံမည့်အချိန်၌ပင် ငြိမ်းချမ်းမှု မရနိုင်ပေ။ တကယ်ကို စိတ်ပျက်စရာ ကောင်းလှပါသည်။

“ဒီဘုရင်ကြီး ဆုံးဖြတ်လိုက်ပြီ... ဒီနေ့ကစပြီး ငါတတ်သမျှ ပညာတွေအကုန်လုံးကို `တုန်းလေး` ဆီ လက်ဆင့်ကမ်းပေးမယ်... ပြီးရင် ယဲ့ဖုန်းကို သွားပြီး နှိပ်ကွပ်ခိုင်းမယ်”

ဟူယွမ်က ရုတ်တရက် လေသံပြောင်းပြီး ပြောလိုက်လေ၏။

“ဘယ်သူ့ကို တုန်းလေး လို့ ခေါ်နေတာလဲ... ရိုင်းလိုက်တာ” တုန်းတုန်းချန်က ဒေါသတကြီး အော်ပြန်သည်။

“ငါ မင်းကို ပြောနေတာ မဟုတ်ဘူး... ပါးစပ်ပိတ်ထားစမ်း.. သောက်အဘိုးကြီး” ဟူယွမ်လည်း ပြန်အော်သည်။

“သောက်ကျိုးနည်း... ကမောက်ကမတွေ ဖြစ်ကုန်ပြီ”

တုန်းတုန်းချန်သည် ဟူယွမ်နှင့်အတူ သေပွဲဝင်ချင်စိတ် ပေါက်သွားသော်လည်း ထိုသို့လုပ်လျှင် သူ၏ တစ်ဦးတည်းသော သွေးမျိုးဆက် ဖြစ်သည့် တုန်းချန်ပါ သေဆုံးသွားမည် ဖြစ်သဖြင့် သည်းခံလိုက်ရလေ၏။

ရန်ဖြစ်နေသော အဘိုးကြီးနှစ်ယောက်ကို ကြည့်ပြီး တုန်းချန်ခမျာ ငိုချင်စိတ်ပင် ပေါက်လာလေတော့သည်။

...

မြူခိုးတောင်ထိပ်၊

[ဂိုဏ်း ဂုဏ်သတင်းအမှတ် +၇၈၉၂]

[ဂိုဏ်း ဂုဏ်သတင်းအမှတ် +၆၆၇၈]

ယဲ့ဖုန်းသည် ဆက်တိုက် ထွက်ပေါ်လာသော စနစ်၏ အသိပေးချက်များကို နားထောင်ရင်း စိတ်လှုပ်ရှားနေလေ၏။ သူ၏ ဂိုဏ်းဂုဏ်သတင်းအမှတ်များသည် ယခင်က (၁) သိန်းခွဲခန့်သာ ရှိရာမှ ယခုအခါ (၂) သိန်းအထိ ထိုးတက်သွားပြီ ဖြစ်သည်။

ထိုမျှမက၊ ဆက်လက် မြင့်တက်နေဆဲပင်။

‘ဒီနှုန်းအတိုင်းဆိုရင် (၁) သန်း ပြည့်ဖို့ဆိုတာ အိပ်မက် မဟုတ်တော့ဘူး။

ဒါပေမဲ့ အချိန်တော့ နည်းနည်း ပေးရဦးမှာပေါ့။’

“ဟုတ်သားပဲ... ငါ အရေးကြီးတာ တစ်ခု မေ့နေတယ်”

ပျော်ရွှင်မှုများကြားတွင် သတိလွတ်နေသော ယဲ့ဖုန်းသည် `လက်နက်သွန်းလုပ်ရေးဆောင်` ၏ အချက်အလက်များကို ကပျာကယာ ဖွင့်ကြည့်လိုက်လေ၏။

[လက်နက်သွန်းလုပ်ရေးဆောင် - အဆင့် (၂)]

[အခြေခံ အဆောက်အဦ - သံရည်ကျိုမီးဖို (အဆင့်မြင့် ဝိညာဉ်လက်နက်)]

[အဆင့်မြှင့်တင်ရန် လမ်းညွှန် - သံရည်ကျိုမီးဖိုကို `အထွတ်အထိပ် ဝိညာဉ်လက်နက်` အဖြစ် အဆင့်မြှင့်တင်ပြီးပါက၊ လက်နက်သွန်းလုပ်ရေးဆောင်ကို အဆင့် (၃) သို့ မြှင့်တင်နိုင်မည် ဖြစ်ပြီး `လက်နက်သွန်းလုပ်ခြင်း နိယာမ ကျင့်စဉ် - ဒုတိယတွဲ` ကို ရရှိမည် ဖြစ်သည်]

ယခင်က လက်နက်သွန်းလုပ်ရေးဆောင်သည် အဆင့် (၁) သာ ရှိခဲ့သည်။

သံရည်ကျိုမီးဖိုကို အဆင့်မြင့် ဝိညာဉ်လက်နက်အဖြစ် အဆင့်မြှင့်တင်ပြီးနောက် လက်နက်သွန်းလုပ်ရေးဆောင်သည် အဆင့် (၂) သို့ ရောက်ရှိသွားပြီး၊ ယဲ့ဖုန်းသည် `လက်နက်သွန်းလုပ်ခြင်း နိယာမ ကျင့်စဉ် - ပထမတွဲ` ကို ရရှိခဲ့သည်။

သို့သော် မကြာသေးမီက အလုပ်ရှုပ်နေသောကြောင့် ထိုဆုလက်ဆောင်ကို ထုတ်ယူရန် မေ့နေခဲ့ခြင်း ဖြစ်သည်။

[တီ..တီ.. `လက်နက်သွန်းလုပ်ခြင်း နိယာမ ကျင့်စဉ် - ပထမတွဲ` ကို ထုတ်ယူလိုက်ပါပြီ]

စနစ်၏ အသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အဝါရောင် အဖုံးပါသော စာအုပ်ပါးလေး တစ်အုပ်သည် ယဲ့ဖုန်း၏ လက်ထဲသို့ အလိုအလျောက် ရောက်ရှိလာလေ၏။

စာအုပ်ကို ဖွင့်လိုက်သောအခါ စာမျက်နှာတိုင်းမှ အလင်းရောင်များ ဖြာထွက်လာလေ၏။

ဤစာအုပ်သည် အပြင်ပန်းတွင် ပါးလွှာပုံရသော်လည်း အတွင်း၌ အထူးဝင်္ကပါများ စီရင်ထားသဖြင့် စာမျက်နှာပေါင်း (၉၀၀၀) ကျော် ပါဝင်ကြောင်း ယဲ့ဖုန်း တွေ့ရှိလိုက်ရသည်။ လှန်လိုက်တိုင်း စာမျက်နှာများ ကုန်ဆုံးသွားခြင်း မရှိဘဲ အဆုံး မရှိသော ပညာရပ်များကို တွေ့မြင်နေရသကဲ့သို့ပင်။

“ထူလိုက်တဲ့ စာအုပ်ကြီး...”

ယဲ့ဖုန်း အံ့သြသွားလေ၏။ သူသည် ထိုစာအုပ်ကို ကိုင်ဆောင်လျက် `သိုင်းကျမ်းဆောင်` သို့ အမြန်သွားကာ ကျီဇီလင်း အား ပေးအပ်လိုက်လေ၏။

“ဒါက `လက်နက်သွန်းလုပ်ခြင်း နိယာမ ကျင့်စဉ် - ပထမတွဲ` ပဲ... လက်နက်သွန်းလုပ်နည်းရဲ့ အခြေခံ အကျဆုံး နည်းစနစ်တွေ ပါဝင်တယ်... ဒါကို ကျွမ်းကျင်အောင် လေ့လာနိုင်ရင် အစွမ်းထက်တဲ့ လက်နက်တွေကို ဖန်တီးနိုင်လိမ့်မယ်”

“လက်နက်သွန်းလုပ်ခြင်း နိယာမ... လား”

သိုင်းကျမ်းဆောင်တွင် ရှိနေသော တပည့်များ ဝိုင်းအုံလာကြလေ၏။

ကုန်းချင်းချိုးသည်လည်း ထိုနေရာတွင် ရှိနေသဖြင့် စားပွဲနားသို့ လျှောက်လာပြီး ရှေးဟောင်းသိုင်းကျမ်း စာအုပ်ကို ဖွင့်လှစ်ကြည့်ရှုလိုက်လေ၏။ သူမ၏ မျက်လုံးများထဲတွင် အံ့သြမှုများ အပြည့် နေရာယူလာတော့၏။

“လက်နက်သွန်းလုပ်တာက ဒီလောက် ရိုးရှင်းတဲ့ နည်းလမ်းတွေ ရှိတယ်ပေါ့လေ... ဝင်္ကပါ ခင်းကျင်းတဲ့ နည်းစနစ်တွေကလည်း အရမ်း ရှင်းလင်းပြတ်သားတယ်... ဒါက တကယ်ကို ရှားပါးတဲ့ ရတနာပဲ”

ကုန်းချင်းချိုးသည် ဖတ်လေလေ အံ့သြလေလေ ဖြစ်နေပြီး ချီးကျူးစကားများ မပြတ် ပြောဆိုနေလေ၏။

“မင်းတို့ လက်နက်သွန်းလုပ်တာကို စိတ်ဝင်စားရင် အားတဲ့အချိန် လေ့ကျင့်လို့ ရတယ်”

ထိုသို့ပြောပြီးနောက် ယဲ့ဖုန်းသည် ကုန်းချင်းချိုးဘက်သို့ လှည့်လိုက်လေ၏။

“အကြီးအကဲကုန်း... အခုဆိုရင် (၃) ရက် ပြည့်သွားပြီ... ရတနာသေတ္တာထဲက `အထောက်အကူပြု ကျင့်စဉ်` နဲ့ `စတုတ္ထအဆင့် သိုင်းနည်းစနစ်` တို့ရဲ့ ချိတ်ပိတ်စည်းတွေ ပွင့်လောက်ပြီ မဟုတ်လား”

“အချိန်ကျပါပြီ...”

ကုန်းချင်းချိုးသည် ရတနာသေတ္တာကို ထုတ်ယူပြီး စားပွဲပေါ် တင်လိုက်လေ၏။

တပည့်များသည် ခုံပုလေးများ ယူလာပြီး စားပွဲနားတွင် ဝိုင်းထိုင်ကာ စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။ ကုန်းချင်းချိုးသည် သေတ္တာကို ဖွင့်လိုက်ရာ အထူး အဆောင်လက်ဖွဲ့များ ကပ်ထားသော ရှေးဟောင်းသိုင်းကျမ်း စာအုပ် နှစ်အုပ်ကို တွေ့လိုက်ရလေ၏။

“ချိတ်ပိတ်စည်း ဖွင့်လှစ်မယ်...”

ကုန်းချင်းချိုးသည် လက်နှစ်ဖက်ဖြင့် လက်ဟန်များ ဆွဲသားလိုက်ရာ အပြာရောင် အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး အဆောင်လက်ဖွဲ့များဆီသို့ တိုးဝင်သွားလေ၏။ ထို့နောက် အဆောင်လက်ဖွဲ့များသည် လေထဲသို့ ဖြည်းညှင်းစွာ မြောက်တက်သွားပြီး အလင်းစက်လေးများအဖြစ် ပြိုကွဲပျောက်ကွယ်သွားလေတော့သည်။

“ဂိုဏ်းချုပ်... ပွင့်သွားပါပြီ”

ကုန်းချင်းချိုးသည် သက်ပြင်းချလိုက်ပြီး သိုင်းကျမ်း စာအုပ် နှစ်အုပ်ကို စားပွဲပေါ်တွင် ဖြန့်ခင်းကာ ယဲ့ဖုန်းအား ပြုံးပြလိုက်လေ၏။

“ကျေးဇူးပါပဲဗျာ” ယဲ့ဖုန်း ခေါင်းငြိမ့်လိုက်၏။

“အထောက်အကူပြု ကျင့်စဉ် - ရွှေယန် လျှို့ဝှက်ကျမ်း”

“စတုတ္ထအဆင့် သိုင်းနည်းစနစ် - ဆန်းကြယ်သော ဝိညာဉ်မှတ်တမ်း”

အားလုံးသည် စာအုပ်မျက်နှာဖုံးပေါ်ရှိ စာတန်းများကို ကြည့်ပြီး ပြိုင်တူ ညည်းညူလိုက်မိကြလေတော့သည်။

All Chapters