အခန်း (၂၄၇-၂၄၉)
Vol. 17 Ch. 247-249
အခန်း (၂၄၇) - ရွှေယန် လျှို့ဝှက်ကျမ်းနှင့် ဆန်းကြယ်သော ဝိညာဉ်မှတ်တမ်း၊ ကမ်းလှမ်းရန် လာရောက်ခြင်း
~ယဲ့ဖုန်းသည် အထောက်အကူပြု ကျင့်စဉ်တစ်ခု ဖြစ်သည့် `ရွှေယန် လျှို့ဝှက်ကျမ်း` ၏ ပထမစာမျက်နှာကို ဖွင့်လိုက်လေ၏။
အဆိုပါ ကျင့်စဉ်နှင့် ပတ်သက်သော မိတ်ဆက်စာသားကို ရေးသားထားလေ၏။
`ဤကျင့်စဉ်တွင် အဆင့် (၃) ဆင့် ရှိသည်။ ကျင့်ကြံသူသည် မိမိ၏ ဝိညာဉ်စွမ်းအင်ကို ရေနှင့်မီး စွမ်းအားအဖြစ် ပြောင်းလဲကာ ပေါင်းစပ်နိုင်သည်။ ထိုစွမ်းအားဖြင့် မည်သည့် သိုင်းနည်းစနစ် သို့မဟုတ် လျှို့ဝှက်သိုင်းကွက်ကိုမဆို စွမ်းအားမြှင့်တင်ပေးနိုင်သည်`
`ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိပါက စွမ်းအားကို (၃၀) ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်သည်`
`ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိပါက စွမ်းအားကို (၅၀) ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်သည်`
`တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိပါက စွမ်းအားကို (၁၀၀) ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်သည်`
ဤသည်မှာ ပထမစာမျက်နှာတွင် ရေးသားထားသော အချက်အလက်များပင်။
လူတိုင်းသည် ထိုမိတ်ဆက်စာသားကို ဖတ်ပြီးနောက် စိတ်လှုပ်ရှားသွားကြလေ၏။
“တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးတဲ့ အထောက်အကူပြု ကျင့်စဉ်ပဲ... တတိယအဆင့် အထွတ်အထိပ် ရောက်ရင် စွမ်းအားကို နှစ်ဆတိုးပေးနိုင်မယ်တဲ့လား... တကယ်ကို ကောင်းလွန်းတယ်”
ယဲ့ဖုန်းသည် လက်မထောင်လိုက်ပြီး ဤကျင့်စဉ်မှာ အရည်အသွေးမြင့် အမျိုးအစားထဲတွင် ပါဝင်ကြောင်း သုံးသပ်လိုက်လေ၏။
ယခင်က `ဒုတိယချီပင်လယ်` ကျင့်စဉ်ဖြင့် ဝိညာဉ်စွမ်းအင် ပမာဏကို တိုးမြှင့်ထားပြီး၊ ယခုအခါ `ရွှေယန် လျှို့ဝှက်ကျမ်း` ဖြင့် တိုက်ခိုက်ရေးစွမ်းရည်ကို ထပ်မံ မြှင့်တင်လိုက်ပါက မြူခိုးဂိုဏ်းသားများသည် ပိုမို အစွမ်းထက်လာတော့မည် ဖြစ်သည်။
ထို့အပြင် ကျယ်ကျယ်ပြန့်ပြန့် မသင်ကြားပေးရသေးသော `ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်` လည်း ရှိနေသေးသည်။ ၎င်းသည် ဝိညာဉ်အာရုံ စွမ်းအားကို ကျင့်ကြံနိုင်ပြီး ရန်သူကို အခိုက်အတန့် ချုပ်နှောင်ရန်နှင့် ခြုံခိုတိုက်ခိုက်ရန် အကောင်းဆုံး ဖြစ်သည်။
သို့သော် လူတစ်ယောက်၏ စွမ်းအင်မှာ အကန့်အသတ် ရှိပေသည်။
အထောက်အကူပြု ကျင့်စဉ် (၃) ခုစလုံးကို တစ်ပြိုင်နက်တည်း ကျင့်ကြံရန်မှာ အလွန် ခက်ခဲလှသည်။ သို့သော် ယဲ့ဖုန်းသည် ထိုကျင့်စဉ်များကို အထွတ်အထိပ်အဆင့်အထိ ကျွမ်းကျင်ထားပြီးဖြစ်၍ သူ၏ ကိုယ်တိုင် လမ်းညွှန်မှုအောက်တွင် ဂိုဏ်းသားများအတွက် များစွာ လွယ်ကူသွားစေမည် ဖြစ်သည်။
“ဒီ `ရွှေယန် လျှို့ဝှက်ကျမ်း` က ကျွန်မတို့ ရွှေယန်မြို့ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ပါ... ဒါပေမဲ့ ဂိုဏ်းချုပ်ယဲ့က ကျွန်မတို့အတွက် လက်စားချေပေးခဲ့ပြီဆိုတော့ ဒီကျင့်စဉ်ကို မြူခိုးဂိုဏ်းကို လွှဲပြောင်းပေးလိုက်ပါပြီ”
ဟု ကုန်းချင်းချိုးက ရှေးဟောင်းသိုင်းကျမ်း စာအုပ်ကို ညွှန်ပြရင်း ပြောလိုက်လေ၏။
“ဒါပေမဲ့ ဒီကျင့်စဉ်က ကျင့်ကြံရ အတော်ခက်တယ်... ကျွန်မတောင်မှ ပထမအဆင့် အထွတ်အထိပ်ပဲ ရောက်ပါသေးတယ်”
“အကြီးအကဲကုန်းတောင်မှ ပထမအဆင့်ပဲ ရောက်သေးတာလား... တကယ်ပဲ အဲဒီလောက် ခက်တာလားဟင်” ဂိုဏ်းသားများ အံ့သြသွားကြလေ၏။
“ကျွန်မ စမ်းကြည့်လိုက်မယ်”
ပါရမီအမြင့်ဆုံးဖြစ်သော ကျီဇီလင်းက ရှေ့ထွက်လာပြီး သိုင်းကျမ်း စာအုပ်ကို ဖွင့်ကာ ပထမဆုံး စာကြောင်းများကို ဖတ်လိုက်လေ၏။
`ကောင်းကင်နှင့် မြေကြီးအကြား၊ ယင်နှင့်ယန်ကို ခွဲခြား၊ ရေနှင့်မီးအဖြစ် ပြောင်းလဲစေ... ရေစွမ်းအားနှင့် မီးစွမ်းအားကို သန့်စင်ပြီး မူလအစအဖြစ် ပေါင်းစပ်ကာ သိုင်းနည်းစနစ်မျိုးစုံကို အားဖြည့်စေသတည်း`
ကျီဇီလင်းသည် တိုးညင်းစွာ ညည်းညူရင်း သဘောတရားကို နှလုံးသွင်းလိုက်လေ၏။
မကြာမီ သူမသည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံခြင်းကို စတင်လိုက်လေတော့သည်။
ကုန်းချင်းချိုးသည် ယဲ့ဖုန်းအနားသို့ တိုးကပ်လာပြီး တိုးတိုးလေး မေးလိုက်၏။
“ဂိုဏ်းချုပ်... ဇီလင်းရဲ့ ပါရမီက ဘယ်လိုနေလဲဟင်”
“မဆိုးပါဘူး... `အထွတ်အထိပ်အဆင့် အရိုးတည်ဆောက်ပုံ`ပါ”
“ဪ... မဆိုးဘူးပေါ့… ရှင်…အထွတ်အထိပ်အဆင့်လို့ ပြောလိုက်တာလား”
ကုန်းချင်းချိုး အံ့သြမှင်သက်သွားလေ၏။
အထွတ်အထိပ်အဆင့် အရိုးတည်ဆောက်ပုံ ဆိုတာ တောင်ပိုင်းမြစ်ကန် ဒေသတစ်ခုလုံးမှာတောင် ရှာမှရှားတဲ့ အရာလေ။ ဒါကို ဂိုဏ်းချုပ်ယဲ့က `မဆိုးဘူး` လို့ပဲ ပြောလိုက်တာလား။
ထိုစဉ် ကျီဇီလင်း၏ ခန္ဓာကိုယ်မှ အရှိန်အဝါများ ပြောင်းလဲလာလေ၏။
ဓာတ်ကြီးငါးပါး စွမ်းအင်များ ရောနှောတိုက်ခိုက်နေရာမှ `ရေ` နှင့် `မီး` တို့ ကွဲထွက်လာပြီး သန့်စင်သော စွမ်းအားနှစ်ခုအဖြစ် ဖြည်းညှင်းစွာ ပြောင်းလဲသွားလေတော့သည်။
“အထွတ်အထိပ်အဆင့် ပါရမီရှင် ဆိုတော့... နှလုံးသွင်းနိုင်စွမ်းက တကယ့်ကို ကောင်းကင်ဘုံကို ဆန့်ကျင်နေတာပဲ”
ကုန်းချင်းချိုး ချီးကျူးလိုက်မိလေ၏။
သူမ၏ ပါရမီမှာလည်း မဆိုးလှသော်လည်း အစ်ကိုကြီးနှင့် အခြားအကြီးအကဲများ၏ လမ်းညွှန်မှုဖြင့် ပထမအဆင့်ကို အောင်မြင်ရန် အချိန်အတော်ကြာ ကြိုးစားခဲ့ရသည်။ အကယ်၍ အမြီးသုံးချောင်း မြေခွေးဂိုဏ်း၏ တိုက်ခိုက်မှုသာ မရှိခဲ့လျှင် ဒုတိယအဆင့်ကို ဆက်လက် ကျင့်ကြံနိုင်မည် ဖြစ်သည်။
တတိယအဆင့်ကို ရောက်ဖို့ဆိုသည်မှာကား မလွယ်ကူလှပေ။
နားလည်ရခက်သော အချက်များစွာ ရှိနေပြီး မည်သို့ပင် ကြိုးစားတွေးတောစေကာမူ အဖြေရှာမရ ဖြစ်နေခဲ့သည်။
[တီ..တီ.. `ရွှေယန် လျှို့ဝှက်ကျမ်း` ၏ ပြီးပြည့်စုံသော မူကွဲကို နားလည်သဘောပေါက်သွားပါပြီ]
ကျီဇီလင်းက ပထမအဆင့် အစပျိုး အဆင့်သို့ ရောက်ရှိသွားချိန်တွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာလေ၏။
ယုတ္တိအရဆိုလျှင် ကုန်းချင်းချိုး ဂိုဏ်းဝင်လာကတည်းက ဤကျင့်စဉ်ကို ရရှိသင့်သည် မဟုတ်ပါလော။ သို့သော် ယခုတစ်ကြိမ်တွင် ဂိုဏ်းသားများက `အစပျိုး` အဆင့်ရောက်မှသာ စနစ်က အသိအမှတ်ပြုပုံ ရလေ၏။ ဆိုလိုသည်မှာ ဂိုဏ်းသားများ ကိုယ်တိုင် နားလည်သဘောပေါက်မှသာ ရရှိနိုင်မည် ဖြစ်သည်။
ယဲ့ဖုန်းသည် စာရွက်နှင့် စုတ်တံကို ယူကာ တစ်စုံတစ်ခုကို စတင် ရေးသားလိုက်လေ၏။
ကုန်းချင်းချိုးသည် စိတ်ဝင်တစားဖြင့် လှမ်းကြည့်လိုက်ရာ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပါးစပ်ကို လက်ဖြင့် အုပ်ကာ အံ့သြတကြီး ထုတ်ဖော်ပြောဆိုလိုက်မိလေ၏။
“ဒါတွေက... ရွှေယန် လျှို့ဝှက်ကျမ်းရဲ့ သဘောတရားတွေပဲ... ပြီးတော့ အသေးစိတ်ကျလိုက်တာ... ဒီအတိုင်းသာ လိုက်ကျင့်ရင် ကျွန်မ တတိယအဆင့်ကို သေချာပေါက် တက်လှမ်းနိုင်လိမ့်မယ်”
သူမသည် ယဲ့ဖုန်းကို ကြည့်လိုက်ရာ အံ့သြမှုမှ လေးစားမှုသို့ ပြောင်းလဲသွားလေ၏။
ယဲ့ဖုန်းသည် ပြင်ပအကူအညီများဖြင့်သာ နတ်ဆိုးဘုရင်ကို အနိုင်ယူခဲ့သည်ဟု သူမ ထင်မှတ်ခဲ့မိသည်။ သို့သော် ယခုအခါ စုတ်ချက်အနည်းငယ်ဖြင့် အဆင့်မြင့် သဘောတရားများကို ရေးချနိုင်သည်ကို တွေ့လိုက်ရသောကြောင့်ပင်။
'သူက ဘယ်လို ပညာရှင်မျိုးလဲ...'
ကုန်းချင်းချိုး၏ ရင်ခုန်သံများ မြန်ဆန်လာပြီး ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည် ဖြစ်လာလေ၏။
(၁၀) မိနစ် ကြာပြီးနောက်...
ကျီဇီလင်း မျက်လုံးဖွင့်လာ၏။
“ဒီကျင့်စဉ်က ကျင့်ရတာ တော်တော် ခက်တာပဲ... ဒီလောက်ကြာတာတောင် `အစပျိုး` အဆင့်မှာပဲ ရှိသေးတယ်... `အဆင့်ငယ် အောင်မြင်မှု` ကို မရောက်နိုင်သေးဘူး” ဟု ညည်းတွားလိုက်လေသည်။
ဘေးနားရှိ ကုန်းချင်းချိုးမှာ ရင်ဘတ်ကို မြှားနှင့် အပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
(၁၅) မိနစ်တောင် မကြာဘဲ `အစပျိုး` အဆင့် ရောက်တာကို နှေးတယ် ပြောနေတာလား။ ငါ့တုန်းက တစ်ရက်လောက် ကြာခဲ့တာဟဲ့။
ကုန်းချင်းချိုး ငိုချင်စိတ်ပင် ပေါက်သွားရသည်။
“အစပျိုး အဆင့်မှာ တစ်နေတယ်ဆိုရင် ဒီမှတ်စုကို ဖတ်ကြည့်လိုက်... နားမလည်တာရှိရင် မေးလို့ရတယ်”
ယဲ့ဖုန်းသည် ရေးပြီးသား စာရွက်ကို ခေါက်ပြီး သိုင်းကျမ်း စာအုပ်ထဲသို့ ညှပ်ထည့်ပေးလိုက်လေ၏။
“ဂိုဏ်းချုပ်ဦးလေးက တကယ်ကို တော်တာပဲ... ခဏလေးနဲ့ မှတ်စုတွေ အကုန်ရေးပေးနိုင်တယ်” ဝမ်ဖင်းအန်းက ဝင်ရောက်မြှောက်ပင့်လိုက်လေ၏။
နောက်ဆုံးတော့ `ဆရာ` လို့ မခေါ်တော့ဘဲ `ဦးလေး` လို့ ပြောင်းခေါ်သွားသဖြင့် ယဲ့ဖုန်း ကျေနပ်သွားလေ၏။
“ကဲ... နောက်တစ်ခုက စတုတ္ထအဆင့် သိုင်းနည်းစနစ် `ဆန်းကြယ်သော ဝိညာဉ်မှတ်တမ်း`ကို ကြည့်ရအောင်” ယဲ့ဖုန်းက ဒုတိယစာအုပ်ကို ဖွင့်လိုက်လေ၏။
“နှမြောစရာပဲ... မပြည့်စုံဘူး ဖြစ်နေတယ်” ဟု ဝမ်ဖင်းအန်း ညည်းညူလိုက်၏။
စီနီယာ အစ်ကိုကြီး ရှီလေ့က ပြုံးလိုက်၏။
“ဂျူနီယာညီလေးဝမ်... မင်း နားမလည်ပါဘူး... ဂိုဏ်းချုပ်ဦးလေးရဲ့ ဉာဏ်ရည်က သာမန် မဟုတ်ဘူးကွ... လိုနေတဲ့ အပိုင်းတွေကို သူ ဖြည့်စွက်ပေးနိုင်မှာပါ”
“တကယ်လား” ဝမ်ဖင်းအန်း အံ့သြသွားသည်။
ကုန်းချင်းချိုးကတော့ မဖြစ်နိုင်ဘူးဟု တွေးမိကာ မျက်မှောင်ကြုတ်လိုက်လေ၏။
ဒါက စတုတ္ထအဆင့် သိုင်းနည်းစနစ်လေ။ ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်တောင်မှ ပြန်လည်ဖြည့်စွက်နိုင်ဖို့ မလွယ်ဘူး။ အနည်းဆုံးတော့ `မူလနတ်ဘုရား` အဆင့်ရောက်ပြီး ဝိညာဉ်အာရုံ စုစည်းနိုင်မှသာ တွက်ချက်နိုင်မှာ။
ယဲ့ဖုန်းက မူလနတ်ဘုရား အဆင့်မှ မဟုတ်တာ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
“အင်း... ပြန်ဖြည့်စွက်ဖို့က ပြဿနာ မရှိပါဘူး” ယဲ့ဖုန်းက တည်ငြိမ်စွာ ပြောလိုက်လေ၏။
[ဂိုဏ်း ဂုဏ်သတင်းအမှတ် - ၂၃၉၈၅၇]
[သုံးစွဲနိုင်သော ပမာဏ - ၂၃၈၅၅၇]
“ဟူး... ငွေရဲ့ အင်အားကို ပြသပြီး အသာစီးရယူခြင်းရဲ့ အရသာကို ခံစားရမယ့် အချိန်ရောက်ပြီပေါ့”
ယဲ့ဖုန်းသည် သိုင်းကျမ်း စာအုပ်ကို ဟန်ပါပါ လှန်လှောဖတ်ရှုနေသော်လည်း စိတ်ထဲတွင်မူ...
[တီ..တီ.. ဂုဏ်သတင်းအမှတ် (၁၀၀၀) နုတ်ယူလိုက်ပါပြီ... စတုတ္ထအဆင့် သိုင်းနည်းစနစ် `ဆန်းကြယ်သော ဝိညာဉ်မှတ်တမ်း`ရဲ့ ပြီးပြည့်စုံတဲ့ မူကွဲကို ရရှိတဲ့ အတွက် ဂုဏ်ယူပါတယ်... သာယာသော ဘဝလေး ဖြစ်ပါစေ]
[လက်ကျန် သုံးစွဲနိုင်သော ပမာဏ - ၂၃၇၅၆၀]
ဂုဏ်သတင်းအမှတ် တစ်ထောင် ပေးလိုက်ရသော်လည်း ယဲ့ဖုန်း၏ ဦးနှောက်ထဲတွင် ဗဟုသုတများ စီးဝင်လာပြီး နားလည်မှု ပင်လယ်ပြင်တွင် အသိပညာ အစို့အညှောက်များ ရှင်သန်လာသကဲ့သို့ ခံစားလိုက်ရလေ၏။
အလွန် ကောင်းမွန်သော ခံစားမှုပင်။
“တကယ်တော့... ဒီသိုင်းနည်းစနစ်က သိပ်မခက်ပါဘူး”
ယဲ့ဖုန်းသည် စာအုပ်ကို ချပြီး စာရွက်နှင့် စုတ်တံကို ယူကာ ဆက်လက် ရေးသားလိုက်ပြန်သည်။ ကုန်းချင်းချိုးနှင့် တပည့်များကလည်း ဝိုင်းအုံကြည့်ရှုနေကြလေ၏။
ကုန်းချင်းချိုးသည် ကိုယ်တိုင် လေ့ကျင့်ဖူးသူ ဖြစ်၍ ဖြည့်စွက်လိုက်သော အပိုင်းများကို ချက်ချင်း သတိထားမိပြီး ထပ်မံ တုန်လှုပ်သွားရပြန်သည်။
“ဪ... ဒီလိုကိုး... ဒါကြောင့် အရင်တုန်းက ငါ ဘယ်လောက်ကျင့်ကျင့် `အထွတ်အထိပ်`ကို မရောက်နိုင်ခဲ့တာပဲ” ကုန်းချင်းချိုး တစ်ယောက် ဉာဏ်အလင်း ပွင့်သွားလေတော့သည်။
(၁၅) မိနစ် မပြည့်ခင်မှာပင် ယဲ့ဖုန်းသည် ရေးသားပြီးစီးသွားပြီး စာအုပ်ကို စားပွဲပေါ် တင်လိုက်လေ၏။
“ဒီ စတုတ္ထအဆင့် သိုင်းနည်းစနစ်က မဆိုးဘူး... တိုက်ခိုက်ခြင်း၊ ကာကွယ်ခြင်းနဲ့ ချုပ်နှောင်ခြင်း (၃) မျိုးစလုံး ပါဝင်တဲ့ အလွန် အစွမ်းထက်တဲ့ သိုင်းနည်းစနစ်ပဲ... ကျားရှီး ကလွဲရင် ကျန်တဲ့လူတွေ အကုန်လုံး သင်ယူကြရမယ်”
“ဂိုဏ်းချုပ်ဦးလေး... ဒီသိုင်းနည်းစနစ်က ဘာတွေများ ဆန်းကြယ်နေလို့လဲဗျ”
ဝမ်ဖင်းအန်းက ခုန်ထွက်လာပြီး မေးလိုက်ခြင်းပါ။
“အကြီးအကဲကုန်း... တပည့်တွေကို သရုပ်ပြလိုက်ပါဦး”
“ဟုတ်ကဲ့ပါ”
ကုန်းချင်းချိုးသည် နှစ်တစ်ထောင် ထင်းရှူးပင်ကြီး အနီးသို့ လျှောက်သွားပြီး ငြိမ်သက်စွာ ရပ်နေလိုက်၏။ လေပြင်းများ တိုက်ခတ်နေသဖြင့် သူမ၏ ဝတ်ရုံနှင့် ဆံနွယ်များ လွင့်ပျံနေလေ၏။
“ဆန်းကြယ်ခြင်းရဲ့ အနှစ်သာရက နက်နဲမှုမှာ ရှိတယ်... ငါ့မှာ နတ်ဆိုးတွေကို နှိမ်နင်းနိုင်တဲ့၊ ရန်သူတွေကို သတ်ဖြတ်နိုင်တဲ့ မှတ်တမ်းတစ်ခု ရှိတယ်... ဆန်းကြယ်သော ဝိညာဉ်မှတ်တမ်း... စုစည်းစေ”
သူမသည် လက်ဖြင့် မုဒြာဖော်လိုက်လေ၏။
သရုပ်ပြခြင်း ဖြစ်၍ သိုင်းနည်းစနစ်စာသား အပြည့်အစုံ ရွတ်ဆိုလိုက်ခြင်း ဖြစ်သည်။ တိုက်ပွဲတွင်မူ `စုစည်းစေ` ဟု တစ်လုံးတည်း ရွတ်ဆိုလိုက်ရုံဖြင့် လုံလောက်ပြီး ပိုမို လျင်မြန်လေ၏။
`ဝှီး...`
လေပြင်းများ ဝေ့ယမ်းတိုက်ခတ်လာပြီး ကုန်းချင်းချိုး၏ နောက်ကျောတွင် ရောင်စုံအလင်းများ စုစည်းလာကာ မြေပြင်မှ တစ်မီတာခန့်အကွာတွင် ပေတံရှည်ပုံစံ မှတ်တမ်းလွှာ တစ်ခု ပေါ်လာလေ၏။ အလျား (၃) မီတာ၊ အမြင့် (၁) မီတာ ရှိပြီး ဟင်းလင်းပြင် စွမ်းအင်များ ထုတ်လွှတ်နေသဖြင့် ဆန်းကြယ်သော အငွေ့အသက်များကို ခံစားရစေ၏။
“မိုက်တယ်ဟေ့... ကြည့်ကောင်းလိုက်တာ”
ယဲ့ဖုန်း ချီးကျူးလိုက်ိ၏။
တပည့်များလည်း အံ့သြမင်သက်သွားကြပြီး မျက်လုံးများထဲတွင် လိုချင်တပ်မက်သော အရိပ်အယောင်များ ပေါ်လာလေ၏။
“ဒီသိုင်းနည်းစနစ်က ပန်းချီကားချပ် တစ်ခုကို ဖန်တီးပေးနိုင်တယ်... အဓိကအားဖြင့် ရှုခင်းပန်းချီကား ဖြစ်ပြီး `ရေဓားသွား` တွေနဲ့ `သစ်နွယ်` တွေကို ထုတ်လွှတ်တိုက်ခိုက်နိုင်တယ်... ကျင့်ကြံသူတွေကို ပန်းချီကားထဲ ဆွဲသွင်းပြီး ခေတ္တ ပိတ်လှောင်ထားလို့လည်း ရတယ်”
ကုန်းချင်းချိုး ရှင်းပြလိုက်၏။
ယဲ့ဖုန်းသည် ထင်းရှူးပင်ကြီးကို ကြည့်ပြီး အမိန့်ပေးလိုက်၏။
“လောင်စုန့်... ချပ်ဝတ် စောင့်ရှောက်သူတွေကို လွှတ်ပြီး အကြီးအကဲကုန်းကို တိုက်ခိုက်ခိုင်းလိုက်... ဒီသိုင်းနည်းစနစ်ရဲ့ စွမ်းအားကို စမ်းသပ်ချင်လို့”
“ကောင်းပါပြီ”
ထင်းရှူးသီး (၉) လုံး ကြွေကျလာပြီး မြေကြီးနှင့် ထိသည်နှင့် တပြိုင်နက် ဝိညာဉ်ဒိုင်းကာနှင့် ဓားတိုများ ကိုင်ဆောင်ထားသော ချပ်ဝတ် စောင့်ရှောက်သူ (၉) ဦးအဖြစ် ပြောင်းလဲသွားလေ၏။ ၎င်းတို့သည် အရပ်မျက်နှာပေါင်းစုံမှ ကုန်းချင်းချိုးကို တိုက်ခိုက်ကြလေ၏။
`တောက်... တောက်...`
`ချွင်...`
ပထမဆုံး ရေစက်ကျသံများ ကြားလိုက်ရပြီးနောက် ဓားမြည်သံများ ထွက်ပေါ်လာ၏။ `ဝှီး` ခနဲ အသံနှင့်အတူ ပန်းချီကားချပ်ထဲမှ ထက်ရှသော ဓား (၅) လက် ပျံထွက်လာပြီး ချပ်ဝတ် စောင့်ရှောက်သူ (၅) ဦးကို ခါးမှပိုင်းဖြတ်လိုက်လေသည်။
“အရမ်း စွမ်းတာပဲ” မိုယင် ညည်းညူလိုက်မိသည်။
ရေဓားတစ်လက်စီသည် အလွန် ထက်မြက်လှပြီး သူမ၏ အစွမ်းကုန် တိုက်ခိုက်မှုပင် တောင့်ခံနိုင်မည် မဟုတ်ပေ။
ကျန်ရှိနေသော ချပ်ဝတ် စောင့်ရှောက်သူများသည် ဓားများကို ဝှေ့ယမ်းပြီး ကုန်းချင်းချိုးအား ခုတ်ပိုင်းလိုက်ကြ၏။
သို့သော် ပန်းချီကားချပ် တုန်ခါသွားပြီး လှိုင်းလုံးများ ထွက်ပေါ်လာ၏။ လေထဲတွင် `ဖန်သားပြင် ဒိုင်းကာ` တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဓားချက်များကို ကာကွယ်လိုက်လေ၏။
ထို့နောက် ပန်းချီကားချပ်ထဲမှ သစ်နွယ်များ ထွက်ပေါ်လာပြီး ကျန်ရှိနေသော စောင့်ရှောက်သူ (၄) ဦးကို ရစ်ပတ်ကာ ပန်းချီကားထဲသို့ ဆွဲသွင်းလိုက်လေတော့သည်။
ကုန်းချင်းချိုးသည် သရုပ်ပြမှုကို အဆုံးသတ်လိုက်လေ၏။
သူမသည် ပန်းချီကားချပ်ကို လေထဲတွင် ဒီအတိုင်း ထားခဲ့ပြီး ယဲ့ဖုန်းအနားသို့ လျှောက်လာကာ ရှင်းပြလိုက်၏။
“ဒီသိုင်းနည်းစနစ်ရဲ့ ကမ္ဘာထဲကို ဘယ်သူ့ကိုမဆို ဆွဲသွင်းလို့ ရပါတယ်... ဒါပေမဲ့ ရန်သူက စွမ်းအားကြီးရင် အလွယ်တကူ ဖောက်ထွက်နိုင်ပါတယ်... တကယ်လို့ ကိုယ့်ထက် အများကြီးသာတဲ့ ရန်သူနဲ့ တွေ့ရင် ပန်းချီကားထဲ ဆွဲသွင်းပြီး ထွက်ပြေးဖို့ အချိန်ဆွဲတဲ့
နေရာမှာ သုံးဖို့ပါ”
“ဪ... အဲဒီလို သုံးရတာကိုး” တပည့်များ သဘောပေါက်သွားကြ၏။
သိုင်းနည်းစနစ် မတတ်သော ချောင်ကျားရှီးသည် လေထဲရှိ ပန်းချီကားချပ်ကို လက်ညှိုးထိုးပြီး မေးလိုက်၏။
“အကြီးအကဲ... တကယ်လို့ ပန်းချီကားကို ဖောက်ထွက်နိုင်လောက်တဲ့ ခွန်အားမရှိရင် ဘယ်လိုလုပ်မလဲခင်ဗျ”
ကုန်းချင်းချိုးက ပြုံးလိုက်ပြီး ဖြေသည်။
“ပန်းချီကားရဲ့ စွမ်းအားက အသုံးပြုသူဆီက လာတာလေ... အသုံးပြုသူက စွမ်းအားမပို့ပေးတော့ရင် ပန်းချီကား ပျက်သွားပြီး အထဲကလူ ပြန်ထွက်လာမှာပေါ့... ဒါပေမဲ့ ရန်သူက စွမ်းအားကြီးရင်တော့ ပိုမြန်မြန် ထွက်လာနိုင်တာပေါ့”
“ဪ... နားလည်ပါပြီ... ကျေးဇူးပါ အကြီးအကဲ” ချောင်ကျားရှီး ဦးညွှတ်လိုက်လေ၏။
ထိုအချိန်တွင် ယဲ့ဖုန်းက ချောင်းဟန့်လိုက်ပြီး ပြောလိုက်တော့သည်။
“ကဲ... မင်းတို့လည်း ဒီသိုင်းနည်းစနစ်ရဲ့ အစွမ်းကို သိပြီဆိုတော့ ဒီနေ့ကစပြီး လေ့ကျင့်ကြတော့”
“ဟုတ်ကဲ့ပါ”
တပည့်များသည် ပြိုင်တူ ဖြေကြားလိုက်ပြီး ကုန်းချင်းချိုးထံမှ အကြံဉာဏ်များ ရယူကြလေတော့သည်။
ကုန်းချင်းချိုးသည်လည်း ယဲ့ဖုန်း ဖြည့်စွက်ပေးထားသော သိုင်းနည်းစနစ်အပြည့်အစုံကို လေ့လာရင်း `အထွတ်အထိပ်` အဆင့်သို့ ရောက်ရန် ကြိုးစားနေလေ၏။
သိုင်းကျမ်းဆောင် အပေါ်ထပ်မှနေ၍ ယဲ့ဖုန်း လှမ်းကြည့်လိုက်လေ၏။
တပည့်များသည် ကုန်းချင်းချိုးကို ဝိုင်းရံလျက် သင်ယူနေကြသည်ကို တွေ့ရသဖြင့် ကျေနပ်သွားလေသည်။ အပြင်စည်း အကြီးအကဲ တစ်ယောက်အနေဖြင့် ကုန်းချင်းချိုးသည် အလွန် တာဝန်ကျေပွန်လှပေသည်။
“နောက်ဆုံးတော့ ငါလည်း လက်ပိုက်ကြည့်နေလို့ ရပြီ”
ယဲ့ဖုန်း စိတ်သက်သာရာ ရသွားပြီး ရေပေါ်ဖြူ မြို့တော် ဘက်သို့ လှမ်းကြည့်လိုက်လေ၏။
“စကားမစပ်... ကုန်းချင်းချိုးက ရွှေယန်မြို့ရဲ့ ဒုတိယမြို့စားမင်း လုပ်ဖူးတာပဲ... အခု ရေပေါ်ဖြူမြို့စားမင်းကြီးက ကျင့်ကြံခြင်းတွေ ပျက်စီးပြီး တာဝန်မထမ်းဆောင်နိုင်တော့ဘူးဆိုတော့... သူ့ကိုများ...”
“ဆရာယဲ့...”
ဟိန်းထွက်သော အသံကြီး တစ်သံသည် မိုးခြိမ်းသံပမာ အဝေးမှ ပျံ့လွင့်လာသဖြင့် လူတိုင်း မော့ကြည့်လိုက်ကြလေ၏။
ကောင်းကင်ယံတွင်...
မဟာမိတ်ခေါင်းဆောင် မိုထျန်းလုံ၊ သမီးဖြစ်သူ မိုမင်ရှီ၊ မဟာအကြီးအကဲ နဂါးပြာဘုရင်ကြီးနှင့် ကျွန်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့မှ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အကြီးအကဲ (၁၀) ဦးတို့သည် ဘေးချင်းယှဉ်လျက် ရောက်ရှိလာကြလေ၏။
သူတို့၏ မျက်နှာတွင် အပြုံးကိုယ်စီ ရှိနေကြသည်။
“သူတို့က ဘာကိစ္စ လာကြတာပါလိမ့်”
ယဲ့ဖုန်းသည် မိုထျန်းလုံနှင့် အဖွဲ့ကို ကြည့်ရင်း စိတ်ထဲတွင် သိချင်စိတ်များ ပြည့်နှက်သွားလေတော့သည်။
အခန်း (၂၄၈) - နားလည်မှုလွဲခြင်းနှင့် ယဲ့ဖုန်း၏ ပြတ်ပြတ်သားသား ငြင်းပယ်မှု
~“ဂိုဏ်းချုပ်ယဲ့... မတွေ့တာ ကြာပြီပဲဗျာ”
မိုထျန်းလုံသည် လက်ပိုက်လျက် ရပ်နေပြီး သူ၏ မျက်လုံးများသည် ကလေးငယ်တစ်ဦးကဲ့သို့ ကြည်လင်တောက်ပနေလေ၏။
သူ့နောက်တွင် မိုမင်ရှီ၊ နဂါးပြာဘုရင်ကြီးနှင့် အခြားသူများ တိတ်ဆိတ်စွာ ရပ်နေကြပြီး မြူခိုးတောင်ထိပ်ကို စူးစမ်းကြည့်ရှုနေကြလေ၏။
ယဲ့ဖုန်းသည် မိုမင်ရှီကို တစ်ချက် ကြည့်လိုက်ရာ သူမ၏ မျက်နှာတွင် စိတ်ကောက်နေသော အရိပ်အယောင်များကို တွေ့လိုက်ရသဖြင့် အံ့သြသွားလေ၏။
'ထူးဆန်းလိုက်တာ... ငါက သူ့ကို ဘာလုပ်မိလို့လဲ... ဘာလို့ ငါ့ကို အငြိုးအတေးတွေနဲ့ ကြည့်နေရတာလဲ'
ယဲ့ဖုန်းသည် ခေါင်းကုတ်ရင်း စဉ်းစားမရ ဖြစ်နေလေ၏။
“မဟာမိတ်ခေါင်းဆောင်ကြီး... ဘာကိစ္စများ ရှိလို့ ဒီအထိ ကြွရောက်လာရတာလဲဗျ” ယဲ့ဖုန်းက မေးလိုက်၏။
မိုထျန်းလုံ ပြုံးလိုက်ပြီး ပြန်ဖြေလေ၏။
“အရေးကြီးကိစ္စ ဆွေးနွေးစရာ ရှိလို့ပါ... ဒါပေမဲ့ မဆွေးနွေးခင် ဂိုဏ်းချုပ်ယဲ့က လက်ဖက်ရည်လေး ဘာလေး မတိုက်တော့ဘူးလားဗျ”
ယဲ့ဖုန်းသည် နဖူးကို ရိုက်လိုက်ပြီး `ဓာတ်ငါးပါး ဆက်နွယ်ခြင်း ဝင်္ကပါ` ကို ဖွင့်ပေးလိုက်လေ၏။
“ကြွပါ... ကြွပါ... ကျွန်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့က ဧည့်သည်တော်ကြီးများ... အထဲကို ကြွကြပါဗျာ”
မြက်ခင်းပြင်ပေါ်တွင်...
အကြီးအကဲ ကုန်းချင်းချိုးသည် တပည့်များကို သင်ကြားပြသပေးနေလေ၏။
သူတို့သည် ခေါင်းမော့ကြည့်လိုက်ရာ မိုထျန်းလုံ ဦးဆောင်သော အဖွဲ့ကြီး ဆင်းသက်လာသည်ကို မြင်လိုက်ရပြီး ကြီးမားသော ဖိအားများကို ခံစားလိုက်ကြရလေ၏။
‘သူတို့ အကုန်လုံးက အနည်းဆုံး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်မြင့် ပိုင်းတွေပဲ... ဘယ်သူတွေပါလိမ့်’
မိုယင်သည် မိုထျန်းလုံနှင့် နဂါးပြာဘုရင်ကြီးကို ကြည့်ရင်း ပင်လယ်ပြင်ကြီးသဖွယ် နက်ရှိုင်းသော အရှိန်အဝါများကို ခံစားလိုက်ရလေ၏။
ဒါက... ဝိညာဉ်ပင်လယ်အဆင့်...
အထူးသဖြင့် မိုထျန်းလုံ... သူ၏ အရှိန်အဝါသည် နဂါးပြာဘုရင်ကြီးထက် များစွာ သာလွန်နေပြီး ခံ့ညားထည်ဝါသော ဘုရင် တစ်ပါး၏ အငွေ့အသက်များ ထွက်ပေါ်နေသဖြင့် ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦး ဖြစ်လောက်ပေသည်။
“ဒါ ကျွန်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့ ပဲ”
ကုန်းချင်းချိုးသည် မိုမင်ရှီ၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ပြီး ခန့်မှန်းလိုက်လေ၏။
“ဒီမိန်းကလေးက မဟာမိတ်ခေါင်းဆောင်ရဲ့ သမီး မိုမင်ရှီ ဖြစ်မယ်... သတင်းတွေအရဆိုရင် သူက အထွတ်အထိပ်အဆင့် ပါရမီရှင် ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်မြင့်ပိုင်းကို ရောက်နေပြီတဲ့”
‘အဲဒီလောက်တောင်လား’
မြူခိုးဂိုဏ်းသားများ တုန်လှုပ်သွားကြလေ၏။
ထိုအချိန်တွင် မိုထျန်းလုံနှင့် အဖွဲ့သည် မြေပြင်သို့ ဆင်းသက်လာပြီး ယဲ့ဖုန်းအား လက်အုပ်ချီ နှုတ်ဆက်လိုက်လေ၏။
“ဆရာယဲ့ရဲ့ မြူခိုးဂိုဏ်းက မဆိုးဘူးပဲ”
မြူခိုးတောင်ထိပ်သည် မကျယ်ဝန်းသော်လည်း ဝိညာဉ်စွမ်းအင် သိပ်သည်းမှု မြင့်မားလှသည်။ အထူးသဖြင့် `သန့်စင်ခြင်း ကြာစိမ်း`မှ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်နေသဖြင့် မိုထျန်းလုံနှင့် အဖွဲ့ကို ဆွဲဆောင်နေလေ၏။
သူတို့အမြင်တွင် မြူခိုးဂိုဏ်းသည် ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းများထက်ပင် သာလွန်နေသေးသည်။ ကြယ်အဆင့် သတ်မှတ်ချက် မရသေးသော်လည်း မိုထျန်းလုံအတွက်မူ အချိန်ကိစ္စသာ ဖြစ်ပေသည်။
ဂိုဏ်းချုပ် ခန်းမဆောင်တွင်...
ယဲ့ဖုန်းသည် ထိပ်ဆုံးထိုင်ခုံတွင် ထိုင်ပြီး မိုထျန်းလုံသည် ပထမဆုံး ဧည့်သည်တော် ထိုင်ခုံတွင် ထိုင်လေ၏။ မိုမင်ရှီ၊ နဂါးပြာဘုရင်ကြီးနှင့် အခြားသူများသည် ဘေးဘက် ထိုင်ခုံများတွင် အသီးသီး နေရာယူကြလေ၏။
ဂိုဏ်းချုပ် နှစ်ဦး တွေ့ဆုံပွဲ ဖြစ်သဖြင့် မိုယင်နှင့် ရှီလေ့ကဲ့သို့သော တပည့်များသည် ခန်းမထဲသို့ ဝင်ခွင့်မရှိဘဲ အပြင်တွင်သာ စောင့်ဆိုင်းနေရသည်။
အပြင်စည်း အကြီးအကဲ ဖြစ်သော ကုန်းချင်းချိုး တစ်ဦးသာ ဝင်ခွင့်ရလေ၏။
ထိုင်ခုံတွင်...
ကုန်းချင်းချိုးသည် စိတ်လှုပ်ရှားမှုကို မနည်း ထိန်းချုပ်နေရလေ၏။
ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် ပညာရှင် မိုထျန်းလုံကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်ကြီးက ယဲ့ဖုန်းကို လာရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း တွေးမိသောအခါ သူမ ရင်တွင်း ပို၍ပင် အံ့သြရလေ၏။
မြူခိုးဂိုဏ်းကို ဝင်ခဲ့ခြင်းသည် အလွန် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ကြောင်း သူမ ပိုမို ယုံကြည်လာတော့သည်။
ယဲ့ဖုန်းသည် လူပြည့်ကျပ်နေသော ခန်းမဆောင်ကို ကြည့်ပြီး နောင်တစ်ချိန်တွင် ပိုမို ကြီးကျယ်ခမ်းနားသော ခန်းမဆောင် တစ်ခု တည်ဆောက်ရန် ဆုံးဖြတ်လိုက်လေ၏။ သို့မဟုတ် ခန်းမဆောင်ကို `အသေးစား ကောင်းကင်ဘုံ ဝင်္ကပါ` အဖြစ် ပြောင်းလဲပြီး လူရာပေါင်းများစွာ ဆံ့အောင် လုပ်ဆောင်ရမည်။
လက်ဖက်ရည် နှစ်ခွက် သောက်ပြီးနောက် မိုထျန်းလုံသည် ခွက်ကို ချလိုက်၏။
“ဆရာယဲ့... ကျုပ်... လက်ဆောင်ပစ္စည်းတချို့ ယူလာပါတယ်... လက်ခံပေးပါဦး”
မိုထျန်းလုံသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ရတနာသေတ္တာ (၅) လုံး မြေပြင်ပေါ်သို့ ကျရောက်လာလေသည်။
သေတ္တာပွင့်သွားသည်နှင့် တပြိုင်နက် ဝိညာဉ်စွမ်းအင်များ ဘွားခနဲ
ထွက်ပေါ်လာတော့သည်။
အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများ၊ အထူး လက်နက်သွန်းလုပ်ရေး ပစ္စည်းများ၊ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်များ...
သေတ္တာ (၅) လုံးထဲရှိ ပစ္စည်းတန်ဖိုး စုစုပေါင်းသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော် တန်ဖိုးရှိပေသည်။ သာမန် ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းတစ်ခုလုံး ရောင်းစားလျှင်တောင် ဒီလောက် တန်ဖိုးရှိမှာ မဟုတ်ပေ။
ယဲ့ဖုန်းနှင့် ကုန်းချင်းချိုးတို့ မျက်လုံးချင်းဆုံသွားပြီး နားမလည်နိုင် ဖြစ်နေကြလေ၏။
“မဟာမိတ်ခေါင်းဆောင်ကြီး... ဒါက ဘာသဘောလဲဗျ” ယဲ့ဖုန်း မေးလိုက်၏။
“ဟားဟား... မေတ္တာလက်ဆောင်ပါဗျာ... အဓိကကတော့ ဆရာယဲ့ကို ကျုပ်သမီး မင်ရှီ နဲ့ လက်ထပ်ဖို့ လာကမ်းလှမ်းတာပါ... တကယ်လို့ ဆရာယဲ့ သဘောတူရင် ဒီပစ္စည်းတွေက မြူခိုးဂိုဏ်းပိုင် ဖြစ်သွားမှာပါ”
မိုထျန်းလုံက လိုရင်းကို ဒဲ့ပြောချလိုက်လေ၏။
`ဖူး...`
ယဲ့ဖုန်းသည် ပါးစပ်ထဲရှိ လက်ဖက်ရည်များကို မှုတ်ထုတ်လိုက်မိလေ၏။
“ဘာဖြစ်တာလဲ ဆရာယဲ့... သဘောမတူဘူးလား”
နဂါးပြာဘုရင်ကြီးသည် မျက်နှာပေါ်မှ လက်ဖက်ရည်များကို သုတ်ရင်း မကျေမနပ် မေးလိုက်လေ၏။
မှုတ်ထုတ်တာတော့ ထားပါတော့... ဘာလို့ ငါ့မျက်နှာကို လာမှန်ရတာလဲ။ ပြီးတော့ ဘာလို့ ငါတစ်ယောက်တည်းကိုပဲ မှန်ရတာလဲ။
နဂါးပြာဘုရင်ကြီး စိတ်ပျက်သွားလေ၏။
ယဲ့ဖုန်းသည် လက်ဖက်ရည်ခွက်ကို အမြန်ချလိုက်ပြီး ခေါင်းမော့ထားသော မိုမင်ရှီကို ကြည့်လိုက်မိသည်။ သူမ၏ မျက်နှာတွင် မကျေနပ်သော အရိပ်အယောင်များ ပေါ်နေသည်ကို မြင်မှ သဘောပေါက်သွား
လေတော့သည်။
'ကြည့်ရတာ မိုမင်ရှီက သဘောမတူဘူး ထင်တယ်... ငါလည်း သဘောမတူပါဘူး' ယဲ့ဖုန်း တွေးလိုက်လေ၏။
ဒါက သူ့ရဲ့ ရင်ထဲက စကားအစစ်အမှန် ဖြစ်သည်။
မိုမင်ရှီသည် နတ်သမီးလေးတစ်ပါးကဲ့သို့ လှပသော်လည်း ယဲ့ဖုန်းတွင် လျှို့ဝှက်ချက်များ များပြားလွန်းသဖြင့် လောလောဆယ် ကျင့်ကြံဖော် ထားရန် မသင့်တော်သေးပေ။
ယဲ့ဖုန်း၏ အမြင်တွင် သူသည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီး မည်သူ့ကိုမျှ ဂရုစိုက်စရာ မလိုတော့သည့် အချိန်ကျမှသာ မိန်းမယူရန် စဉ်းစားမည် ဖြစ်သည်။
လောလောဆယ်တွင် ဂိုဏ်းဖွံ့ဖြိုးတိုးတက်ရေးကိုသာ အာရုံစိုက်ထားသည်။ ဂိုဏ်း အင်အားကြီးမှသာ သူလည်း ပိုမို စွမ်းအားကြီးလာမည် ဖြစ်သည်။
ထို့ကြောင့် ယဲ့ဖုန်း ပြောလိုက်လေ၏။
“မဟာမိတ်ခေါင်းဆောင်ကြီးရဲ့ ကမ်းလှမ်းမှုကို ကျေးဇူးတင်ပါတယ်... တာအိုရောင်းရင်း မိုမင်ရှီကလည်း တကယ့်ကို ပန်းတွေငုံ့ပြီး လမင်းတောင် ရှောင်ဖယ်ပေးရလောက်အောင် လှပတဲ့ နတ်သမီးလေးပါ... ဒါပေမဲ့ ကျွန်တော် ငြင်းပယ်ပါတယ်”
အစပိုင်း ချီးကျူးစကားများ ကြားရသောအခါ မိုမင်ရှီ၏ မျက်နှာလေး ရဲသွားပြီး စိတ်ကျေနပ်သွားလေ၏။ ယဲ့ဖုန်းက စကားပြော အလွန် ကောင်းသည်ဟု တွေးမိလိုက်၏။
သို့သော် နောက်ဆုံးစကားကြောင့် အားလုံး ကြောင်အသွားကြလေ၏။
ဒါ မိုမင်ရှီ လေ။
အထွတ်အထိပ်အဆင့် ပါရမီရှင်၊ မဟာမိတ်အဖွဲ့ရဲ့ အနာဂတ် ခေါင်းဆောင်၊ သူမကို ယူလိုက်ရင် ကြယ်နှစ်ပွင့်အဆင့် အင်အားစုကြီး တစ်ခုလုံးကို ရလိုက်သလို ဖြစ်နေမှာ။
ဒါကို ယဲ့ဖုန်းက ငြင်းလိုက်တယ်တဲ့လား။
“ရှင်က ကျွန်မ လှတယ်လို့ ပြောပြီးတော့ ဘာလို့ ငြင်းရတာလဲ” မိုမင်ရှီ မကျေမနပ် ဖြစ်သွားသလို သိချင်စိတ်လည်း ဖြစ်ပေါ်လာလေ၏။
ယဲ့ဖုန်း ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြုံးကာ ပြောလိုက်၏။
“အတင်း ခူးထားတဲ့ သခွားသီးက မချိုမြိန်ဘူးလေ... အချစ်ဆိုတာ နှစ်ဦးနှစ်ဖက် သံယောဇဉ် ရှိမှ ခိုင်မြဲတာ... ဒီသဘောတရားကို ဒီမှာရှိတဲ့ လူကြီးမင်းတွေ ပိုနားလည်မှာပါ”
သူ့စကားက အလွန် ကျိုးကြောင်းဆီလျော်လှသည်။
ရှိနေသူများအားလုံးသည် မြေခွေးကြီးများ ဖြစ်ကြသဖြင့် ချက်ချင်း သဘောပေါက်လိုက်ကြ၏။ မိုမင်ရှီနှင့် ယဲ့ဖုန်းအကြားတွင် သံယောဇဉ် အခြေခံ မရှိသေးပေ။ ‘မြင်မြင်ချင်း ချစ်တယ်’ ဆိုတာကလည်း တပ်မက်မှု သက်သက်သာ ဖြစ်သည်။
ထို့ကြောင့် ယဲ့ဖုန်း ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။
သို့သော် မိုထျန်းလုံသည် အဓိကအချက်ကို သဘောပေါက်သွားပြီး သဘောတကျ ရယ်မောလိုက်လေ၏။
“ဟားဟား... ဒါဆိုရင်လည်း ကောင်းပြီလေ... ဂိုဏ်းချုပ်ယဲ့က သံယောဇဉ်ကို အဓိက ထားတယ်ဆိုတော့ ဒီလိုလုပ်ကြတာပေါ့... မင်ရှီ... သမီး နောက်ပိုင်း ဆရာယဲ့နဲ့ မကြာခဏ တွေ့ဆုံပြီး ရင်းနှီးအောင် လုပ်လိုက်... သံယောဇဉ် ရှိလာတဲ့ အချိန်ကျမှ တရားဝင် ကမ်းလှမ်းကြတာပေါ့”
ယဲ့ဖုန်း - “???”
မိုမင်ရှီ - “???”
နှစ်ယောက်စလုံး ခေါင်းထဲတွင် မေးခွန်းထုတ်စရာများ ပြည့်နှက်သွားလေ၏။
'ငါ ပြောချင်တာက ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ကြပါစို့... ဘာသံယောဇဉ်မှ ဆက်မမွေးချင်ပါဘူးလို့'
ယဲ့ဖုန်း စိတ်ထဲတွင် အော်ဟစ်လိုက်မိလေ၏။
‘ငါ.. ငြင်းလိုက်ရတဲ့ အကြောင်းရင်းက လွတ်လပ်မှု လိုချင်လို့လေ။
ဒါကို မိုထျန်းလုံက လွဲမှားပြီး ကောက်ယူလိုက်ပြန်ပြီ။
တကယ်ပါပဲ... မကောင်းမှု စိတ်ဓာတ်တွေကို ဖြတ်တောက်ထားတဲ့ လူတွေက အရမ်း ရိုးသားပြီး အတွေးအခေါ် ရိုးစင်းလွန်းတယ်... တခါတလေကျရင် သူတို့နဲ့ စကားပြောရတာ တကယ် ပင်ပန်းတယ်။’
“ကဲ... ဒါဆို ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ကြတာပေါ့... ဒီနေ့ကစပြီး ကျွန်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့နဲ့ မြူခိုးဂိုဏ်း မကြာခဏ ကူးလူးဆက်ဆံကြမယ်... ဆရာယဲ့လည်း ကျုပ် သမီးနဲ့ ပိုပြီး ရင်းနှီးအောင် ပေါင်းသင်းပေးပါ... ပြန်လိုက်ပါဦးမယ်”
မိုထျန်းလုံသည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး မတ်တပ်ရပ်ကာ အပြင်သို့ ထွက်သွားလေ၏။
“ကြမ်းပြင်ပေါ်က လက်ဆောင်တွေကတော့...”
“ဒါက ကျုပ်ဘက်က ပေးတဲ့ မိတ်ဆက်လက်ဆောင်လို့ သဘောထားလိုက်ပါ... တကယ်လို့ ဆရာယဲ့နဲ့ ကျုပ်သမီး ညားသွားရင်တော့ နောက်ထပ် လက်ဆောင်တွေ အများကြီး ထပ်ပေးဦးမှာပါ... ဟားဟားဟား”
မိုထျန်းလုံ၏ ရယ်မောသံကြီး ဟိန်းထွက်လာလေ၏။
ယဲ့ဖုန်း ကြည့်နေစဉ်မှာပင် မိုထျန်းလုံ၏ ခြေထောက်အောက်တွင် ကြီးမားသော နဂါးပြာကြီးတစ်ကောင် ပေါ်လာပြီး မိုမင်ရှီ၊ နဂါးပြာဘုရင်ကြီးနှင့် အခြားသူများကို တင်ဆောင်ကာ ကောင်းကင်ယံသို့ ပျံတက်သွားလေတော့သည်။
“ဒီလိုနဲ့ပဲ ပြီးသွားပြီလား”
ယဲ့ဖုန်းသည် နေရာတွင် ကျောက်ရုပ် တစ်ရုပ်အလား ရပ်ကျန်ခဲ့လေတော့သည်။
အခန်း (၂၄၉) - ကုန်းချင်းချိုး၏ ထင်ကြေးပေးမှုနှင့် မြို့စားမင်းကြီးထံ အလည်သွားခြင်း
~မိုထျန်းလုံကြီးက တကယ်ကို ထူးဆန်းတာပဲ။
ယဲ့ဖုန်းကို ရှင်းပြခွင့်တောင် မပေးဘဲ ထွက်သွားလိုက်တာ။
ကုန်းချင်းချိုးသည် အဝေးသို့ ပျံထွက်သွားသော သူများကို ကြည့်ရင်း ဂိုဏ်းချုပ် ခန်းမဆောင်ထဲတွင် ကျန်ခဲ့သည့် ရတနာသေတ္တာ (၅) လုံးကို ပြန်ကြည့်လိုက်ရာ ရင်ထဲတွင် လှုပ်ရှားသွားလေ၏။
ဝိညာဉ်ကျောက်တုံး သောင်းချီ တန်ဖိုးရှိသော ရတနာများ... တကယ့်ကို တောင်ပိုင်းမြစ်ကန် ဒေသတစ်ခုလုံးကို လွှမ်းမိုးထားနိုင်သည့် ရှေးဟောင်း ကြယ်နှစ်ပွင့်အဆင့် အင်အားစုကြီး တစ်ခုအနေနှင့် ထိုက်တန်ပါပေသည်။
သူတို့အတွက် ဝိညာဉ်ကျောက်တုံး တစ်သောင်းဆိုသည်မှာ သာမန် ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းများအတွက် ဝိညာဉ်ကျောက်တုံး တစ်ရာလောက်သာ တန်ဖိုးရှိသကဲ့သို့ပင်။ စိတ်ထဲတွင် ဘာမှ မဖြစ်ဘဲ လွယ်လွယ်ကူကူ ပေးနိုင်သောအရာ ဖြစ်သည်။
“ဂိုဏ်းချုပ်... မိုထျန်းလုံက ကျွန်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ကြီးပါ... ရှင်နဲ့ ပထမဆုံးအကြိမ် တွေ့တာတောင် ဘာလို့ မိတ်ဆွေဟောင်းတွေလို ဆက်ဆံသွားရတာလဲဟင်” ကုန်းချင်းချိုးသည် နားမလည်နိုင်စွာ မေးလိုက်လေ၏။
ယဲ့ဖုန်း ခေတ္တမျှ စဉ်းစားလိုက်ပြီး ဖြေလိုက်၏။
“ကျွန်တော် သူတို့အတွက် `အသေးစား ကောင်းကင်ဘုံ ဝင်္ကပါ` (၃၆) ခု ထွင်းထုပေးခဲ့လို့ ဖြစ်မှာပါ”
“ဘုရားရေ... ကောင်းကင်ဘုံ ဝင်္ကပါ ဟုတ်လား” ကုန်းချင်းချိုး အာမေဋိတ်သံ ထွက်သွားလေ၏။
“မေ့လို့... ကျွန်တော်တို့ မြူခိုးဂိုဏ်းမှာလည်း `အသေးစား ကောင်းကင်ဘုံ ဝင်္ကပါ` တစ်ခု ရှိတယ်... လာ... ကျွန်တော် လိုက်ပြမယ်”
ယဲ့ဖုန်းသည် ခြံဝင်းနောက်ဖက်သို့ ထွက်သွားပြီး ဝိညာဉ်စမ်းရေတွင်းအနီးရှိ ကြီးမားသော ကျောက်တုံးကြီးရှေ့တွင် ရပ်လိုက်လေ၏။
“ဒါက ကျွန်တော်တို့ရဲ့ အသေးစား ကောင်းကင်ဘုံ ကမ္ဘာလေးပေါ့”
နှစ်ဦးသား ကျောက်တုံးထဲသို့ ဝင်ရောက်သွားကြလေ၏။
အတွင်းတွင် တည်ဆောက်ထားသော ဝိညာဉ်ဆေးဥယျာဉ်၊ ဟင်းသီးဟင်းရွက် စိုက်ခင်း၊ ရေကန်နှင့် အခြား အဆောက်အအုံများကို မြင်လိုက်ရသောအခါ ကုန်းချင်းချိုး၏ လှပသော မျက်ဝန်းများတွင် အံ့သြမှုများ ပြည့်နှက်သွားလေတော့သည်။
ဤကျောက်တုံးကြီးကို အလှဆင်ပစ္စည်း သက်သက်ဟုသာ ထင်မှတ်ခဲ့မိသည်။ အဖိုးတန်လှသော အသေးစား ကောင်းကင်ဘုံ ကမ္ဘာတစ်ခု ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့မိပေ။
“ဝင်္ကပါ (၃၆) ခု ထွင်းပေးလိုက်တယ် ဆိုတာက အံ့သြစရာ ကောင်းပေမဲ့... ဂုဏ်သတင်းကြီးမားလှတဲ့ ကြယ်နှစ်ပွင့်အဆင့် အင်အားစု ခေါင်းဆောင်ကြီးက ဒီလောက်ထိ ယဉ်ကျေးပျူငှာနေတာကတော့ သိပ်မဖြစ်နိုင်ဘူး ထင်တယ်”
ကုန်းချင်းချိုး တစ်ယောက်တည်း ညည်းညူလိုက်လေ၏။
ယဲ့ဖုန်းကတော့ ဘာမှ ဝင်မရှင်းပြတော့ပေ။
သူ့အထင်တော့ မိုထျန်းလုံသည် မကောင်းမှုစိတ်ဓာတ်များကို ဖြတ်တောက်လိုက်ပြီးနောက် ကလေး တစ်ယောက်လို ဖြူစင်ရိုးသားသွားကာ ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်သွားခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
အကယ်၍သာ မြင့်မြတ်သော လေဓားဂိုဏ်း ၏ ဂိုဏ်းချုပ် သို့မဟုတ် အခြား ကြယ်နှစ်ပွင့်အဆင့် ခေါင်းဆောင်များသာ ဆိုလျှင် ဝင်္ကပါ ထွင်းပေးရုံလောက်ဖြင့် သမီးပေးစားဖို့အထိ ကမ်းလှမ်းလာမည် မဟုတ်ပေ။ အလွန်ဆုံး ကျေးဇူးတင်စကားပြောပြီး ဆက်ဆံရေး ကောင်းမွန်အောင် လုပ်ရုံသာ ရှိလိမ့်မည်။
“သေချာတာကတော့... ကျွန်တော့်ရဲ့ စွမ်းအားကြောင့်လည်း ပါမှာပေါ့”
ယဲ့ဖုန်း ဖြည့်စွက်ပြောလိုက်၏။
ထိုအခါမှ ကုန်းချင်းချိုး သဘောပေါက်သွားလေ၏။
“ဟုတ်တယ်... ဂိုဏ်းချုပ်က ငယ်ငယ်ရွယ်ရွယ်နဲ့ ဝိညာဉ်ပင်လယ်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားတာဆိုတော့ မိုထျန်းလုံက ဒါကို မြင်ပြီး သမီးပေးစားပြီး စည်းရုံးချင်တာ နေမှာပါ”
သူမ ဆက်လက် တွေးတောလိုက်ပြီး...
“တကယ်ကို ဉာဏ်များတဲ့ လူကြီးပဲ... ဂိုဏ်းချုပ်က လက်ခံရဲမှာ မဟုတ်ဘူးဆိုတာ သူ ကြိုသိနေလို့ ရတနာသေတ္တာ (၅) လုံးကို တမင် ချန်ထားခဲ့တာ... ဒီလိုဆိုတော့ သူ့သမီးလည်း အိမ်ထောင်မကျတော့ဘူး... စေတနာရှိကြောင်းလည်း ပြပြီးသား ဖြစ်သွားတယ်... လက်ဆောင်လည်း ပေးခဲ့ပြီးသား ဖြစ်သွားတယ်”
“ဒီနည်းနဲ့ ဂိုဏ်းချုပ်က မဟာမိတ်အဖွဲ့နဲ့ ဆက်ဆံရေး ကောင်းမွန်အောင် မနေလို့ မရတော့ဘူးလေ... ရှေးလူကြီးတွေ ပြောသလို `လက်ဆောင်ယူမိရင် အားနာရစမြဲ` ဆိုတာမျိုးပေါ့”
“တကယ့်ကို ကြယ်နှစ်ပွင့်အဆင့် အင်အားစု ခေါင်းဆောင် ပီသပါပေတယ်... အကြံအစည်တွေက သိပ်နက်နဲတာပဲ”
ကုန်းချင်းချိုးသည် သူမ၏ ထင်မြင်ချက်များကို တရစပ် ပြောဆိုနေလေ၏။
ဘေးတွင် ရပ်နေသော ယဲ့ဖုန်းမှာ မျက်နှာမဲ့နေရလေ၏။
‘အစ်မရေ...
မိုထျန်းလုံက ရိုးသားလွန်းလို့ပါဗျာ... ခင်ဗျား ထင်သလို ဉာဏ်မများပါဘူး... ခင်ဗျားဘာသာ လျှောက်တွေးနေတာပါ…’
ယဲ့ဖုန်း မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်မိလေ၏။
မကြာမီ သူတို့နှစ်ဦး ဂိုဏ်းချုပ် ခန်းမဆောင်သို့ ပြန်ရောက်လာကြတော့သည်။
တပည့်များသည် ရတနာသေတ္တာ (၅) လုံးကို ဝိုင်းအုံကြည့်ရှုနေကြပြီး မျက်လုံးများ အရောင်လက်နေကြ၏။
“ဟေ့ကောင်တွေ... ကြည့်မနေနဲ့တော့... ကိုယ့်အလုပ်ကိုယ် သွားလုပ်ကြ”
ယဲ့ဖုန်းသည် တပည့်များကို မောင်းထုတ်လိုက်ပြီး ရတနာသေတ္တာများကို သိမ်းဆည်းလိုက်တော့၏။
ထို့နောက် အပြင်ထွက်ရန် ပြင်နေသော ကုန်းချင်းချိုးကို လှမ်းခေါ်လိုက်၏။
“အကြီးအကဲကုန်း... ကျွန်တော်နဲ့ ရေပေါ်ဖြူ မြို့တော်ကို ခဏ လိုက်ခဲ့ပါဦး”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
...
ရေပေါ်ဖြူ မြို့တော် - မြို့စားမင်းအိမ်တော်
နောက်ဖေး တောင်ကုန်းပေါ်ရှိ တိတ်ဆိတ်ငြိမ်သက်သော ခြံဝင်းတစ်ခုထဲတွင်...
မြို့စားမင်းကြီးသည် ကုလားထိုင်ပေါ်တွင် ထိုင်လျက် အစေခံမလေးများ၏ ပြုစုမှုကို ဇိမ်ကျကျ ခံယူနေလေ၏။
“ဒီလောက် ဇိမ်ကျမှန်း သိရင် စောစောကတည်းက မြို့စားမင်း မလုပ်ဘဲ နေပါတယ်... ဒါနဲ့ ဂိုဏ်းချုပ်ယဲ့က ဘယ်တော့များ မြို့စားမင်း ရာထူးကို လာယူမလဲ မသိဘူး... သူ ယူလိုက်ရင် ငါ လုံးဝ အနားယူလို့ ရပြီ”
မြို့စားမင်းကြီး တစ်ယောက်တည်း ညည်းညူနေလေ၏။
ယခင်က သူသည် နေ့တိုင်း ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့ပြီး အနားတွင် အစေခံမလေး တစ်ယောက်မျှ မထားခဲ့ပေ။ သို့သော် အဆင့်တက်ရန် ကြိုးစားရင်း မအောင်မြင်ဘဲ ကျင့်ကြံခြင်း ပျက်စီးသွားပြီးနောက် ဒုတိယမြို့စားမင်းက အစေခံမလေး များကို ခေါ်ဆောင်လာပေးခဲ့သည်။ အစပိုင်းတွင် မနေတတ်သော်လည်း နောက်ပိုင်းတွင် အစေခံမလေးများ၏ ပြုစုယုယမှုအောက်တွင် သာယာသွားလေတော့သည်။
ကျင့်ကြံဖို့ ကြိုးစားနေရတာ ဘာအဓိပ္ပာယ် ရှိလို့လဲ။
ဒီလို ဘဝမျိုးကမှ တကယ့် သုခဘုံပဲ။
“အဟမ်း...”
ယဲ့ဖုန်းနှင့် ကုန်းချင်းချိုးသည် မြို့စားမင်းကြီး၏ နောက်တွင် ရပ်လျက် ချောင်းဟန့်လိုက်ကြ၏။
“ဟိုက်... ဂိုဏ်းချုပ်ယဲ့ ရောက်လာတာကိုး... ဟော... ရွှေယန်မြို့က တာအိုရောင်းရင်းကုန်းလည်း ပါတာပဲ... နှစ်ယောက်လုံး ရောက်လာတော့ ဒီခြံဝင်းလေးတောင် ကျက်သရေ ရှိသွားသလိုပဲဗျာ”
မြို့စားမင်းကြီးသည် သူတို့ကို မြင်လိုက်သည်နှင့် အစေခံမလေးများကို ဘေးဖယ်လိုက်ပြီး ချက်ချင်း တည်တည်ငြိမ်ငြိမ် ပြန်နေလိုက်လေသည်။
ယဲ့ဖုန်းနှင့် ကုန်းချင်းချိုးတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်ချင်စိတ်ကို မနည်း ထိန်းလိုက်ရသည်။
နှုတ်ဆက်စကား ပြောပြီးနောက် ယဲ့ဖုန်းက လိုရင်းကို စပြောလိုက်၏။
“မြို့စားမင်းကြီး... တာအိုရောင်းရင်း ကုန်းချင်းချိုးက အခုဆိုရင် ကျွန်တော်တို့ မြူခိုးဂိုဏ်းရဲ့ မိသားစုဝင် ဖြစ်သွားပါပြီ... အပြင်စည်း အကြီးအကဲ ရာထူးကို ယူထားပါတယ်”
“ဟေ... ဟုတ်လား... ဝမ်းသာစရာပဲဗျာ... ဒီလောက် စွမ်းအားကြီးတဲ့ အကြီးအကဲတစ်ယောက် ရလိုက်တာ မြူခိုးဂိုဏ်းအတွက် ဂုဏ်ယူစရာပဲ”
မြို့စားမင်းကြီးက ကပျာကယာ ဂုဏ်ပြုစကား ပြောလိုက်၏။
ကုန်းချင်းချိုးသည် လှပပြီး စိတ်ထားကောင်းမွန်သူ ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့် မြင့်မားပြီး စွမ်းအားကြီးမားသဖြင့် ဂိုဏ်းချုပ်အများစု၏ အိပ်မက်နတ်သမီးလေး ဖြစ်သည်။
သူမ မြူခိုးဂိုဏ်းသို့ ဝင်သွားသည်ကို ကြားသောအခါ မြို့စားမင်းကြီး စိတ်ထဲတွင် မနာလို ဖြစ်သွားမိလေ၏။
“မြို့စားမင်းကြီး... အကြီးအကဲကုန်းကို ဘယ်လို မြင်ပါသလဲ” ယဲ့ဖုန်းက မေးလိုက်၏။
မြို့စားမင်းကြီး မျက်လုံးများ အရောင်လက်သွားလေသည်။
ဂိုဏ်းချုပ်ယဲ့က ငါ အစေခံမလေးတွေနဲ့ ပျော်ပါးနေတာကို မြင်ပြီး ငါ့အတွက် အောင်သွယ်ပေးမလို့များလား။
မြို့စားမင်းကြီး စိတ်လှုပ်ရှားသွားလေ၏။
“အကြီးအကဲကုန်းက နတ်သမီးလေးလို လှပပြီး ဆွဲဆောင်မှု ရှိပါတယ်... ကျင့်ကြံဖော် လုပ်ဖို့ အသင့်တော်ဆုံးပါပဲ”
သူ့စကားကြောင့် ကုန်းချင်းချိုး မျက်နှာ ရဲခနဲ ဖြစ်သွားလေ၏။
ယဲ့ဖုန်း၏ မျက်နှာထားမှာ ထူးဆန်းသွားလေ၏။
သူ့ရည်ရွယ်ချက်က ကုန်းချင်းချိုး၏ စွမ်းရည်၊ ကျင့်ကြံခြင်းအဆင့်နှင့် စီမံခန့်ခွဲမှု အတွေ့အကြုံများကို အသိအမှတ်ပြုပြီး ရေပေါ်ဖြူ မြို့တော်၏ မြို့စားမင်းအဖြစ် တာဝန်ပေးရန် ဖြစ်သည်။
ကုန်းချင်းချိုးသည် မြူခိုးဂိုဏ်း၏ အပြင်စည်း အကြီးအကဲ ဖြစ်သဖြင့် သူမ မြို့စားမင်း ဖြစ်လာလျှင် ရေပေါ်ဖြူ မြို့တော် တစ်ခုလုံးသည် မြူခိုးဂိုဏ်း၏ လက်အောက်ခံ ဖြစ်လာမည် မဟုတ်ပါလော။
သူကိုယ်တိုင် မြို့စားမင်း လုပ်တာထက် အများကြီး ပိုကောင်းသည်။
ဒါကြောင့် ယဲ့ဖုန်းက ကုန်းချင်းချိုးကို ခေါ်လာခြင်း ဖြစ်သည်။
“မြို့စားမင်းကြီး... ကျင့်ကြံဖော် ကိစ္စ ပြောနေတာ မဟုတ်ပါဘူး... ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်... ပြောပြသင့်မလားလို့ပါ”
အောင်သွယ်ပေးတာ မဟုတ်ဘူး ဆိုသည်ကို သိလိုက်ရသောအခါ မြို့စားမင်းကြီး စိတ်ပျက်သွားပြီး လေသံပျော့သွားလေ၏။
“ပြောပါ... ဂိုဏ်းချုပ်ယဲ့”
“အကြီးအကဲကုန်းက ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့် ရှိပါတယ်... ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းချုပ်တွေနဲ့ တန်းတူပါပဲ... ပြီးတော့ ရွှေယန်မြို့ရဲ့ ဒုတိယမြို့စားမင်းလည်း လုပ်ဖူးတယ်... အဆောင်လက်ဖွဲ့၊ ဝင်္ကပါနဲ့ ဆေးပညာတွေမှာလည်း ကျွမ်းကျင်တယ်... ရေပေါ်ဖြူ မြို့တော်ရဲ့ မြို့စားမင်းအဖြစ် တာဝန်ယူဖို့ အသင့်တော်ဆုံးပါပဲ”
ယဲ့ဖုန်းက လေးလေးနက်နက် ပြောလိုက်လေ၏။
ထိုစကားကို ကြားသောအခါ မြို့စားမင်းကြီးရော ကုန်းချင်းချိုးပါ အံ့သြသွားကြလေ၏။
မြို့စားမင်းကြီး ခေတ္တမျှ စဉ်းစားလိုက်ပြီး လက်ခုပ်တီးကာ ထောက်ခံလိုက်လေ၏။
“ကောင်းတယ်... အရမ်း ကောင်းတယ်... ဒါဆိုရင် ငါ စိတ်ချလက်ချ အနားယူလို့ ရပြီ... တစ်ခါမှ မရဖူးတဲ့ အေးချမ်းတဲ့ ဘဝကို ခံစားလို့ ရပြီ... အကြီးအကဲကုန်းလို လူမျိုး မြို့စားမင်း ဖြစ်လာရင် ရေပေါ်ဖြူ မြို့တော်ရဲ့ အဆင့်အတန်းလည်း ပိုခိုင်မာသွားမှာပေါ့... တကယ့်ကို ကောင်းမွန်တဲ့ အစီအစဉ်ပဲ”
သူသည် မြို့စားမင်း လုပ်ရတာ ငြီးငွေ့နေပြီ ဖြစ်သည်။
ကုန်းချင်းချိုး လွှဲယူမည်ကို ကြားရသဖြင့် အလွန် ဝမ်းသာသွားလေ၏။
ကုန်းချင်းချိုးကတော့ အံ့သြနေမိသည်။ ယဲ့ဖုန်းက သူမကို ဂိုဏ်းမှ မောင်းထုတ်ချင်နေသည်ဟု ထင်မှတ်ပြီး ကပျာကယာ မေးလိုက်လေ၏။
“ဂိုဏ်းချုပ်... ကျွန်မကို သဘောမကျတော့ဘူးလားဟင်”
‘ဟေ... ဂိုဏ်းချုပ်ယဲ့နဲ့ တာအိုရောင်းရင်းကုန်းက... ညားနေကြပြီလား’
မြို့စားမင်းကြီး မျက်လုံးပြူးသွားလေ၏။
ယဲ့ဖုန်းက ရှင်းပြလိုက်၏။
“တာအိုရောင်းရင်းကုန်း မသိသေးလို့ပါ... မြို့စားမင်းကြီးက ကျင့်ကြံခြင်းတွေ ပျက်စီးသွားလို့ အခုဆိုရင် အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် လောက်ပဲ ခွန်အားရှိတော့တာပါ”
ကုန်းချင်းချိုး သဘောပေါက်သွားလေ၏။
“ဂိုဏ်းချုပ် ပြောချင်တာက... ရေပေါ်ဖြူ မြို့တော်မှာ အဆင့်မြင့် ပညာရှင် မရှိတော့ဘူး... သတင်းပေါက်ကြားသွားရင် ကြယ်အဆင့် သတ်မှတ်ချက် ပျက်စီးသွားနိုင်တယ် ဆိုတဲ့ သဘောလား”
“အကြီးအကဲကုန်းက တကယ့်ကို ဉာဏ်ကောင်းတာပဲ... ဒါကြောင့် ခင်ဗျားကို ရေပေါ်ဖြူ မြို့တော်ရဲ့ မြို့စားမင်းအဖြစ် တာဝန်ယူစေချင်တာပါ... ဒါပေမဲ့ ဂိုဏ်းမှာတော့ အပြင်စည်း အကြီးအကဲအဖြစ် ဆက်ရှိနေဦးမှာပါ”
‘တာအိုရောင်းရင်းကုန်းက အပြင်စည်း အကြီးအကဲပဲလား... ငါသာ မြူခိုးဂိုဏ်းချုပ် ဆိုရင် ဒီလို နတ်သမီးလေးကို အတွင်းစည်း အကြီးအကဲ ခန့်ထားမှာ... အိပ်ယာထဲအထိ ခေါ်ထားမယ့် အကြီးအကဲပေါ့’
မြို့စားမင်းကြီး စိတ်ထဲတွင် ကျိတ်ပြီး ဝေဖန်နေလေ၏။
ယဲ့ဖုန်း၏ အစီအစဉ်ကို ကြားပြီးနောက် ကုန်းချင်းချိုး စိတ်သက်သာရာ ရသွားပြီး ခေါင်းငြိမ့်လိုက်လေ၏။
“ဂိုဏ်းချုပ်ရဲ့ ဆန္ဒအတိုင်းဆိုရင်... ကျွန်မ လက်ခံပါတယ်... ရေပေါ်ဖြူ မြို့တော်ရဲ့ မြို့စားမင်းအဖြစ် တာဝန်ထမ်းဆောင်ပါမယ်”