အခန်း (၂၅၀-၂၅၂)
Vol. 17 Ch. 250-252
အခန်း (၂၅၀) - မြို့စားမင်းအသစ်နှင့် အကြီးအကဲတာဝန် ပထမစမ်းသပ်မှု
~မြို့စားမင်းကြီး အလွန် ပျော်ရွှင်နေလေသည်။
အကြောင်းမူကား သူ အနားယူနိုင်တော့မည် ဖြစ်သောကြောင့်ပင်။
ကုန်းချင်းချိုး မြို့စားမင်း ဖြစ်သွားသည်နှင့် တပြိုင်နက် ရေပေါ်ဖြူ မြို့တော်၏ ကြယ်အဆင့် သတ်မှတ်ချက်မှာ ခိုင်မာသွားမည် ဖြစ်သည်။ ထို့အပြင် မြို့စားမင်းအသစ် တက်လာခြင်းကို အကြောင်းပြပြီး သူ ရာထူးမှ အနားယူလိုက်လျှင် ကျင့်ကြံခြင်း ပျက်စီးသွားသော အဖြစ်မှန်ကို ဖုံးကွယ်နိုင်မည် ဖြစ်သည်။
ဤနည်းဖြင့် သူ့မျက်နှာလည်း မပျက်တော့ပေ။
တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို အကျိုးရှိလှသော အခြေအနေပင်။
ထိုအကြောင်းများကို တွေးတောရင်း မြို့စားမင်းကြီးသည် `မြို့စားမင်း တံဆိပ်ပြား` နှင့် `မြို့စားမင်း တံဆိပ်တုံး` ကို ကပျာကယာ ထုတ်ယူကာ ကုန်းချင်းချိုးအား ပေးအပ်လိုက်လေသည်။
“တာအိုရောင်းရင်းကုန်း... ဒီနေ့ကစပြီး ခင်ဗျားက ကျုပ်တို့ ရေပေါ်ဖြူ မြို့တော်ရဲ့ မြို့စားမင်းအသစ် ဖြစ်သွားပါပြီဗျာ”
ထို့နောက် ယဲ့ဖုန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ဂိုဏ်းချုပ်ယဲ့... တာအိုရောင်းရင်းကုန်းက ခင်ဗျားတို့ဂိုဏ်းရဲ့ အကြီးအကဲဆိုတော့ စည်းမျဉ်းအရ ရေပေါ်ဖြူ မြို့တော်က မြူခိုးဂိုဏ်းရဲ့ လက်အောက်ခံ ဖြစ်သွားပါပြီ... ကောင်းကောင်း စောင့်ရှောက်ပေးပါဗျာ”
ယဲ့ဖုန်း ခေါင်းငြိမ့်လိုက်သည်။
“စိတ်ချပါ... ကျွန်တော် တာဝန်ယူပါတယ်”
...
မြို့စားမင်း လွှဲပြောင်းပွဲ အခမ်းအနားသည် ထိုမျှဖြင့် ပြီးဆုံးသွားလေသည်။ ရိုးရှင်းလွန်း၍ ဖြစ်ကတတ်ဆန်း နိုင်လှပေသည်။
တစ်နာရီခန့် ကြာပြီးနောက်...
ရေပေါ်ဖြူ မြို့တော် တစ်ခုလုံးတွင် သတင်းကြီး တစ်ခု ဂယက်ရိုက်သွားလေတော့သည်။
“ဟေ့... သတင်းထူးကွ... သတင်းထူး”
“မြို့စားမင်းကြီး အနားယူသွားပြီ... ကုန်းချင်းချိုး ဆိုတဲ့ အမျိုးသမီး တစ်ယောက် မြို့စားမင်း ဖြစ်လာတယ်တဲ့ဟေ့”
“ကုန်းချင်းချိုး ဆိုတာ ဘယ်သူလဲ”
“ရွှေယန်မြို့က ဒုတိယမြို့စားမင်းဟောင်းလေ... ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့် ရှိသတဲ့... ရုပ်ရည်ကလည်း ချော၊ စိတ်ထားကလည်း ကောင်းတယ်တဲ့... ပြီးတော့ မြူခိုးဂိုဏ်းရဲ့ အပြင်စည်း အကြီးအကဲလည်း ဟုတ်တယ်တဲ့”
“မြူခိုးဂိုဏ်းမှာ ဘယ်တုန်းက အကြီးအကဲ ရောက်လာတာလဲ... ငါလည်း မသိပါလား”
“မင်းမသိတာတွေ အများကြီး ရှိသေးတယ်ကွ”
ရေပေါ်ဖြူ မြို့တော်အတွင်းတွင် လူတိုင်း ထိုအကြောင်းကို ပြောဆိုနေကြလေသည်။
မြို့စားမင်းကြီး ရာထူးမှ အနားယူပြီး၊ မြူခိုးဂိုဏ်း၏ အပြင်စည်း အကြီးအကဲ ကုန်းချင်းချိုးက မြို့စားမင်းအသစ် ဖြစ်လာကြောင်း အားလုံး သိရှိသွားကြသည်။
ဒုတိယမြို့စားမင်း ကတော့ ဒုတိယမြို့စားမင်းအဖြစ် တည်မြဲနေဆဲပင်။ မပြောင်းလဲသော သစ္စာတရားဖြင့် မားမားမတ်မတ် ရပ်တည်နေလေသည်။
မြို့စားမင်းအိမ်တော် ရှေ့တွင်...
ယဲ့ဖုန်း၊ ကုန်းချင်းချိုး၊ မြို့စားမင်းကြီး၊ ဒုတိယမြို့စားမင်း၊ နီရှန် နန်းတော် သခင်မ၊ ဓားသိုင်းအရှင် ဂိုဏ်းချုပ်နှင့် ငှက်မွေးတောင် ဂိုဏ်းချုပ်တို့ အပါအဝင် အခြားသော ဂိုဏ်းချုပ်များသည် အသစ်ဆောက်လုပ်ထားသော မီတာ (၁၀၀) မြင့်သည့် စင်မြင့်ပေါ်တွင် ရပ်လျက် ရေပေါ်ဖြူ မြို့တော်ကြီး တစ်ခုလုံးကို စီးမိုးကြည့်နေကြလေသည်။
မြို့သူမြို့သားများကတော့ အိမ်ခေါင်မိုးများပေါ်သို့ တက်ကာ မရင်းနှီးသေးသော မြို့စားမင်းအသစ် ကုန်းချင်းချိုးကို လှမ်းမျှော်ကြည့်ရှုကြလေသည်။
“တကယ်ကို လှပတဲ့ မြို့စားမင်းလေးပါလား”
“ကြည့်ရတာ မျက်စိပသာဒ ဖြစ်လိုက်တာ”
ကုန်းချင်းချိုး၏ ရင့်ကျက်တည်ငြိမ်သော၊ ကျက်သရေရှိသော၊ လှပသော အသွင်အပြင်နှင့် ခန့်မှန်းရခက်သော အရှိန်အဝါတို့ကို မြင်တွေ့လိုက်ရသောအခါ မြို့သူမြို့သားများ ပျော်ရွှင်စွာ အော်ဟစ်ကြွေးကြော်လိုက်ကြလေသည်။
မြို့စားမင်းကြီးနှင့် ယှဉ်လိုက်လျှင် မြို့စားမင်း အသစ်ကို ပိုသဘောကျကြလေ၏။
မိန်းမလှလေးကို ဘယ်သူက မကြိုက်ဘဲ နေမည်လဲလေ။
မြို့သူမြို့သားများက ကန့်ကွက်ခြင်းမရှိဘဲ ကြိုဆို အားပေးနေကြသည်ကို မြင်သောအခါ ယဲ့ဖုန်း အလွန် ကျေနပ်သွားလေသည်။
“အားလုံးပဲ... ထောက်ခံ အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒီနေ့ကစပြီး ကျွန်မ.. ကုန်းချင်းချိုးက ရေပေါ်ဖြူ မြို့တော်ရဲ့ မြို့စားမင်းအသစ် ဖြစ်သွားပါပြီ... မြို့တော်ကြီး ပိုမို စည်ပင်တိုးတက်လာအောင် အားလုံး ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ် ရှင်”
ကုန်းချင်းချိုး၏ သာယာချိုမြိန်သော အသံလေးသည် မြို့တော် တစ်ခုလုံးသို့ ပျံ့လွင့်သွားရာ ကြားရသူအပေါင်း ရေပူစမ်းထဲ စိမ်နေရသကဲ့သို့ တစ်ကိုယ်လုံး သက်တောင့်သက်သာ ဖြစ်သွားကြလေသည်။
“မြို့စားမင်းကို အသက်ပေးပြီး ကာကွယ်မယ်”
“ဝိုး…မြို့စားမင်းက အလှဆုံးပဲ”
“မြို့စားမင်းခင်ဗျာ... အိမ်မှာ တံမြက်စည်းလှည်းမယ့်လူ လိုသလားခင်ဗျာ”
“မြို့စားမင်း... ကျွန်တော် ထမင်းဟင်း ချက်တတ်ပါတယ် နော်”
တချို့သော ကျင့်ကြံသူများသည် အရှက်မရှိ ကိုယ့်ကိုယ်ကို ကြော်ငြာဝင်နေကြသဖြင့် စင်မြင့်ပေါ်တွင် ရပ်နေသော ကုန်းချင်းချိုးမှာ ပန်းပွင့်လေး ပွင့်လန်းလာသကဲ့သို့ ပြုံးလိုက်မိလေတော့သည်။
...
ရေပေါ်ဖြူ မြို့တော် မြို့စားမင်း အပြောင်းအလဲ သတင်းသည် ဆက်လက် ပျံ့နှံ့သွားလေသည်။
ရောင်စုံငါးသွယ်မြို့တော်၊ မီးရှူးတိုင်မြို့၊ ဆန်းယွမ်မြို့ နှင့် လျိုယွင်ဂိုဏ်း၊ ချင်းယွင်ဂိုဏ်း စသည့် အင်အားစုများသည် သတင်းကို တရစပ် ရရှိနေကြလေသည်။
ချင်းယွင်ဂိုဏ်းဝယ်၊
“ကုန်းချင်းချိုးက မြူခိုးဂိုဏ်းရဲ့ အပြင်စည်း အကြီးအကဲ ဖြစ်သွားတယ်... ပြီးတော့ ရေပေါ်ဖြူ မြို့တော်ရဲ့ မြို့စားမင်း ဖြစ်လာတယ်တဲ့... ကြည့်ရတာ ရေပေါ်ဖြူ မြို့တော်က မြူခိုးဂိုဏ်းရဲ့ လက်အောက်ခံ ဖြစ်သွားပြီ ထင်ပါရဲ့”
ချင်းယွင်ကျန်းရန်သည် လေးနက်သော အသံဖြင့် ညည်းညူလိုက်လေသည်။
သူ မကျေမနပ် ဖြစ်မိသော်လည်း ဘာမှ လုပ်၍ မရပေ။
‘ကုန်းချင်းချိုး ဘာလို့များ မြူခိုးဂိုဏ်း ဝင်သွားရတာလဲ’ ဆိုသည့် မေးခွန်းက သူ့ကို စိတ်ပျက်စေသည်။
...
လျိုယွင်ဂိုဏ်း - ဂိုဏ်းချုပ် ခန်းမဆောင်အတွင်းဝယ်၊
ကုန်းချင်းချိုး မြူခိုးဂိုဏ်း ဝင်ပြီး မြို့စားမင်း ဖြစ်သွားကြောင်း ကြားသိရသောအခါ လျိုယွင်ဂိုဏ်းချုပ်သည် ရင်ဘတ်ကို ထုကာ ခြေဆောင့်ပြီး ယဲ့ဖုန်းနေရာ ဝင်ယူချင်စိတ် ပေါက်သွားလေသည်။
“နှမြောစရာ ကောင်းလိုက်တာကွာ... ဒီဂိုဏ်းချုပ်က နတ်သမီးကုန်းကို လျိုယွင်ဂိုဏ်း ဝင်ဖို့ ကမ်းလှမ်းချင်နေတာ... အခုတော့ သူက မြူခိုးဂိုဏ်းကို အရင်ဝင်သွားပြီ... တကယ်ကို ဒေါသထွက်စရာပဲ”
...
ယွင်ဟွာဂိုဏ်း၌၊
“ဒါ သတင်းကောင်းပဲ”
ယွင်ဟွာကျန်းရန်သည် သတင်းကြားပြီးနောက် အလွန် ပျော်ရွှင်သွားလေသည်။
ယွင်ဟွာဂိုဏ်းနှင့် မြူခိုးဂိုဏ်းသည် မဟာမိတ်များ ဖြစ်ကြ၏။ ကုန်းချင်းချိုး မြူခိုးဂိုဏ်း ဝင်သွားခြင်းသည် ယွင်ဟွာဂိုဏ်း အတွက်လည်း ဂုဏ်ယူစရာပင်။
...
ယဲ့ဖုန်းသည် အခြားဂိုဏ်းများ၏ တုံ့ပြန်မှုကို မသိသလို သိစရာလည်း မလိုပေ။
ယခု ကုန်းချင်းချိုး.. မြို့စားမင်း ဖြစ်သွားပြီ ဖြစ်၍ ပြဿနာ အများစုကို ဖြေရှင်းနိုင်ပြီ ဖြစ်သည်။ ရေပေါ်ဖြူ မြို့တော်သည်လည်း မြူခိုးဂိုဏ်း၏ လက်အောက်ခံ ဖြစ်သွားပြီ ဖြစ်၍ အကျိုးကျေးဇူးများစွာ ရရှိပေတော့မည်။
မြူခိုးတောင်ထိပ်ဝယ်၊
ကုန်းချင်းချိုးသည် ဂိုဏ်းချုပ် ခန်းမဆောင် အပြင်ဘက်ရှိ `တာဝန်ချပေးရေး နံရံ` တွင် ပထမဆုံးသော `အကြီးအကဲ တာဝန်` ကို ရေးသားလိုက်ရာ တပည့်များ ချက်ချင်း ဝိုင်းအုံလာကြလေသည်။
[အကြီးအကဲများ ခန်းမဆောင် - တာဝန် (၁)]
[အချိန် (၁) လ အတွင်း... သက်တမ်း (၁၀) နှစ်ရှိ `ငိုရှိုက်နေသော ကလေးငယ် ဝိညာဉ်သစ်သီး` ၊ သက်တမ်း (၁၀၀) ရှိ `ရွှေရောင်လွှမ်းသော လကြွေပုလဲ`... နှင့် သက်တမ်း (၃၀) ရှိ `ရှုလန် ရနံ့မြက်` အပါအဝင် ဆေးဖက်ဝင်အပင် (၂၃) မျိုးကို ရှာဖွေပါ... တပည့် (၅) ဦးအထိ ပူးပေါင်း ဆောင်ရွက်နိုင်သည်]
[အခက်အခဲအဆင့် - အလယ်အလတ်]
တပည့်များသည် တာဝန်ကို ဖတ်ပြီး တီးတိုး ဆွေးနွေးလိုက်ကြသည်။
“ဒါက ဂိုဏ်းချုပ် ပေးထားတဲ့ `အဆင့်နိမ့် မူလခိုင်မာ ဆေးလုံး`ရဲ့ ဆေးပါဝင်ပစ္စည်း စာရင်းပဲ” ကျီဇီလင်းက ပြောပြလိုက်သည်။
ရှီလေ့က သဘောပေါက်သွားသည်။
“ဒါဆို ဒီတာဝန်က မူလခိုင်မာဆေးလုံး ဖော်ဖို့ ကုန်ကြမ်းတွေ ရှာခိုင်းတာပေါ့”
“ငါ.. ဒီတာဝန်ကို ယူမယ်”
“ကျွန်တော်လည်း ယူမယ်” လုံထျန်းရှင်း လက်ထောင်လိုက်သည်။
“ကျွန်တော်က ဆေးဆရာလေ... ကျွန်တော်လည်း လိုက်မယ်” ဝမ်ဖင်းအန်းသည် ကျောပေါ်တွင် ဒယ်အိုးမည်းကြီး လွယ်ထားလျက် စိတ်လှုပ်ရှားစွာ ပြေးလာလေသည်။
“ငါလည်း လိုက်ခဲ့မယ်... ဒီရက်ပိုင်း ငါ့ရဲ့ ကျင့်ကြံခြင်းက ချီစုစည်းခြင်း ကိုးဆင့် အထွတ်အထိပ် ရောက်ခါနီးပြီ... အတွေ့အကြုံ ရှာရင်း ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို တက်လှမ်းဖို့ ကြိုးစားရမယ်” ဟိုယွင်ကျဲ ရှေ့ထွက်လာလေသည်။
ကုန်းချင်းချိုးက အခြားတပည့်များကို မေးလိုက်သည်။
“တခြား လိုက်ချင်တဲ့လူ ရှိသေးလား”
ကျန်သော တပည့်များ ခေါင်းခါလိုက်ကြသည်။
“ဒါဆိုရင် မင်းတို့ (၄) ယောက်... ဒီတာဝန်ကို (၁) လ အတွင်း ပြီးအောင် လုပ်ရမယ်”
“ဟုတ်ကဲ့ပါ”
တပည့် (၄) ဦးသည် အမိန့်ကို နာခံပြီး ပစ္စည်းများ သိမ်းဆည်းကာ တောင်အောက်သို့ ဆင်းရန် ပြင်ဆင်ကြလေတော့သည်။
ဂိုဏ်းချုပ် ခန်းမဆောင်တွင်...
[ တီ..တီ.. အကြီးအကဲများ ခန်းမဆောင်မှ အကြီးအကဲ ကုန်းချင်းချိုး သည် `အဆင့်နိမ့် မူလခိုင်မာ ဆေးလုံး ဖော်စပ်ရန် ဆေးဖက်ဝင် အပင်များ ရှာဖွေခြင်း` တာဝန်ကို အောင်မြင်စွာ ကြေညာလိုက်ပါပြီ... အခက်အခဲအဆင့် - အလယ်အလတ်... တာဝန်ယူသော တပည့်များ - ရှီလေ့၊ လုံထျန်းရှင်း၊ ဝမ်ဖင်းအန်း၊ ဟိုယွင်ကျဲ... တာဝန်ပြီးဆုံးပါက `အထူး လက်ဆောင်ထုပ်ငယ်`(၄) ခု ရရှိပါမယ်။ ]
စနစ်၏ အသိပေးသံ ထွက်ပေါ်လာလေသည်။
ယဲ့ဖုန်း ပြုံးလိုက်မိလေ၏။
“အကြီးအကဲ ရှိတာ တကယ် ကောင်းတာပဲ... တပည့်တွေအတွက် တာဝန်တွေ သေချာ ချပေးနိုင်တော့ ဂိုဏ်းက တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ် ရောက်လာပြီ”
ထို့နောက် ယဲ့ဖုန်းသည် `ကောင်းကင်မေးမြန်း ကြေးမုံ`အား ထုတ်ယူပြီး သံရည်ကျို မီးဖိုထဲသို့ ပစ်ထည့်ကာ ကုန်ကြမ်းများ ထပ်ဖြည့်ပြီး ပြန်လည် သွန်းလုပ်ရန် ပြင်ဆင်လိုက်လေသည်။
...
နေ့ဝက်ခန့် ကြာပြီးနောက်...
ရှီလေ့နှင့် အဖွဲ့ (၄) ဦး စတင် ထွက်ခွာကြလေသည်။
ဆေးဖက်ဝင်အပင်များ ရှာဖွေရန် ရွေးချယ်ထားသော နေရာမှာ `ထိုက်ယွဲ့ တောင်တန်း` ဖြစ်သည်။ နန်လု တောင်တန်းနှင့် ယှဉ်လျှင် ဆေးဖက်ဝင် အပင်များ ပိုမို ပေါများသော်လည်း အန္တရာယ်လည်း ပိုများပေ၏။
မြူခိုးတောင်ထိပ်ရှိ ကျောက်ဆောင်စွန်းတွင်...
ယဲ့ဖုန်းသည် လက်ပိုက်လျက် တပည့်များ ထွက်ခွာသွားရာ အရပ်ကို လှမ်းကြည့်ပြီး ညည်းညူလိုက်သည်။
“သူတို့ အန္တရာယ် မရှိလောက်ပါဘူးနော်”
“မရှိလောက်ပါဘူး ဂိုဏ်းချုပ်…” ကုန်းချင်းချိုးက ပြန်ဖြေလေ၏။
ထိုအခါ၊ ယဲ့ဖုန်း ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ယွင်ကျဲရဲ့ ကျင့်ကြံခြင်းက ချီစုစည်းခြင်း ကိုးဆင့် အထွတ်အထိပ် ရောက်ခါနီးနေပြီ... သူ့ရဲ့ `ဓားဆွဲထုတ်ခြင်း နည်းစနစ်`နဲ့ဆိုရင် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကိုတောင် ခြုံခို တိုက်ခိုက်ပြီး သတ်နိုင်တယ်... ဒါပေမဲ့ ကျွန်တော် စိတ်မသန့်ဘူးဗျာ”
“ဂိုဏ်းချုပ် လိုက်သွားမလို့လား”
“ကျွန်တော် မဟုတ်ဘူး... တခြားလူ လိုက်သွားလိမ့်မယ်”
ယဲ့ဖုန်းက လျှို့ဝှက်နက်နဲသော အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။
ထိုသို့ ပြောဆိုသည်ကို ကြားလိုက်ရသော အခါ၊ ကုန်းချင်းချိုး ခပ်ဖွဖွ မျက်မှောင်ကြုတ်လိုက်မိသည်။
မြူခိုးဂိုဏ်းမှာ တခြား စွမ်းအားကြီးတဲ့လူ ရှိသေးလို့လား။
မိုယင် များလား။
ကုန်းချင်းချိုးသည် သိုင်းကျမ်းဆောင်တွင် စာဖတ်နေသော မိုယင်ကို လှမ်းကြည့်လိုက်သည်။ ပါရမီ အမြင့်ဆုံး မဟုတ်သော်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို ရောက်ရှိနေပြီး ဓားတစ်လက်သဖွယ် ထက်ရှသော အရှိန်အဝါများ ထွက်ပေါ်နေ၏။
သို့သော် မိုယင် လှုပ်ရှားပုံ မရပေ။
ထိုအချိန်တွင် ယဲ့ဖုန်းသည် ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။
ကုန်းချင်းချိုး လှမ်းကြည့်လိုက်ပြီး မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
“နန်လု တောင်တန်း ဘက်ကိုပါလား... ဂိုဏ်းချုပ်က အဲဒီကို ဘာသွားလုပ်တာလဲ”
သိချင်သော်လည်း သူမ မလိုက်သွားတော့ပေ။ အပြင်စည်း အကြီးအကဲ တစ်ယောက်အနေဖြင့် ကိုယ့်တာဝန် ကိုယ်ကျေအောင် လုပ်ခြင်းက အကောင်းဆုံး ဖြစ်ပြီး ဂိုဏ်းချုပ်၏ ကိစ္စများကို ဝင်မစွက်ဖက်သင့်ဟု တွေးလိုက်လေသည်။
ထို့ကြောင့် ကုန်းချင်းချိုးသည် ဂိုဏ်းချုပ် ခန်းမဆောင်တွင် ထိုင်ကာ ပြန်လည်ပြင်ဆင်ထားသော `ဆန်းကြယ်သော ဝိညာဉ်မှတ်တမ်း` သိုင်းနည်းစနစ်ကို စတင် လေ့ကျင့်လိုက်လေတော့သည်။
နန်လု တောင်တန်း...
တောင်ခါးပန်းရှိ လိုဏ်ဂူ တစ်ခုအတွင်း...
ယဲ့ဖုန်းသည် နတ်သမီးလေးများနှင့် ပျော်ပါးနေသော `မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်`ကို ကြည့်ပြီး ပြုံးစစဖြင့် ပြောလိုက်လေသည်။
“မင်းအတွက် အလုပ် တစ်ခု ပေးစရာ ရှိတယ်”
“ဘာအလုပ်လဲ” နတ်ဆိုးဘုရင် ကြောင်သွားလေသည်။
...
ထိုက်ယွဲ့ တောင်တန်း၌ ၊
မြူခိုးဂိုဏ်း F4 အဖွဲ့ ရောက်ရှိလာတော့၏။
ရိုးသားသူကြီး၊ ဓားသမား၊ နဂါးလူသား နှင့် ဓားစာခံကောင်လေးတို့တည်း။
ရှီလေ့သည် တောင်ထိပ်တွင် ရပ်လျက် အဆုံးမရှိသော တောင်တန်းကြီးများကို ကြည့်ပြီး မေးလိုက်သည်။
“ဂျူနီယာညီလေး... ဘာတွေ့လဲ”
ဟိုယွင်ကျဲသည် ယဲ့ဖုန်းပေးလိုက်သော `ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်` အား ကိုင်ထားပြီး၊ လုံထျန်းရှင်းက `ဆေးဖက်ဝင်အပင် မှတ်တမ်း` ကို ကိုင်ထားလေသည်။
“သံလိုက်အိမ်မြှောင်ရဲ့ လမ်းညွှန်ချက်အရဆိုရင် ဒီနားမှာ ဆေးဖက်ဝင်အပင် (၃) မျိုး ရှိတယ်... သွားကြည့်ရအောင်”
“ကောင်းပြီ”
လုံထျန်းရှင်းနှင့် ဝမ်ဖင်းအန်း ခေါင်းငြိမ့်လိုက်ကြ၏။
(၁၅) မိနစ် ကြာပြီးနောက်...
ရေကန်တစ်ခု အရှေ့တွင်...
တပည့် (၄) ဦးသည် အရွက်ပေါ်တွင် အပြာရောင် အစက်အပြောက်များ ပါဝင်ပြီး နေရောင်အောက်တွင် သက်တံရောင်များ ဖြာထွက်နေသော ဆေးပင် တစ်ပင်ကို တူးဖော်လိုက်ကြသည်။
“ဒါက `သက်တံရောင်မြက်`ပဲ... သက်တမ်း (၁၅) နှစ် ရှိပြီ... ဆေးဖော်ဖို့ လိုအပ်ချက်နဲ့ ကိုက်ညီတယ်”
ဆေးဆရာ ဖြစ်သော ဝမ်ဖင်းအန်းက ချက်ချင်း အတည်ပြုပေးလိုက်၏။
“ကောင်းပြီ... ဆက်ရှာကြတာပေါ့”
အဖွဲ့သည် ခရီးဆက်ထွက်ကြပြန်သည်။
မြူခိုးဂိုဏ်း F4 အဖွဲ့၏ နောက်တွင် အရောင်အသွေးစုံလင်သော ငှက်တစ်ကောင်သည် တိတ်တဆိတ် လိုက်ပါလာလေသည်။
“ဂိုဏ်းချုပ်က ငါ့ကို သူတို့နောက် လိုက်ခိုင်းထားတာ... အရေးကြုံမှ ဝင်ကူညီတဲ့... ကျန်တဲ့အချိန် ဝင်မပါနဲ့တဲ့”
ငှက်ရောင်စုံလေးက ညည်းတွားလိုက်လေသည်။
“ရွှီး…”
ရုတ်တရက် သစ်ပင်ပေါ်မှ အဆိပ်မြွေ တစ်ကောင် ခုန်ဆင်းလာပြီး ငှက်ကို ကိုက်ရန် ကြိုးစားလိုက်သည်။ သို့သော် ငှက်၏ အတောင်ပံသည် ရုတ်တရက် လက်ဝါးကြီး တစ်ဖက်အဖြစ် ပြောင်းလဲသွားပြီး မြွေကို ရိုက်ချလိုက်ရာ တစစီ ဖြစ်သွားလေတော့သည်။
“အဆင့်နိမ့် နတ်ဆိုးသားရဲလောက်ကများ ဒီနတ်ဆိုးဘုရင်ကြီးကို စားချင်နေသေးတယ်... မိုက်မဲလိုက်တာ”
ငှက်ရောင်စုံလေးသည် နှာခေါင်းရှုံ့လိုက်ပြီး ဆက်လက် ပျံသန်းလိုက်လေသည်။
နေ့ဝက်ခန့် ကုန်ဆုံးသွားပြီးနောက်...
ရှီလေ့တို့ အဖွဲ့သည် လိုအပ်ချက်နှင့် ကိုက်ညီသော ဆေးပင် (၁၃) မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် တိုက်ပွဲငယ်များ ကြုံတွေ့ခဲ့ရပြီး နတ်ဆိုးသားရဲ အကောင်ရေ အတော်များများကို သတ်ဖြတ်နိုင်ခဲ့သည်။ အစွမ်းအထက်ဆုံး သားရဲမှာ `အဆင့်မြင့် နတ်ဆိုးစစ်သည်` အဆင့် ရှိသော်လည်း ဟိုယွင်ကျဲ၏ ဓားချက်အောက်တွင် မခံနိုင်ခဲ့ပေ။
ညချမ်းအချိန်...
တပည့် (၄) ဦးသည် ကွင်းပြင်ကျယ်တစ်ခုတွင် စုဝေးလိုက်ကြသည်။
မြူခိုးဂိုဏ်း၏ `ဆောက်လုပ်ရေးသမားကြီး` ရှီလေ့၏ အကျင့်ဟောင်း ပေါ်လာပြန်သည်။ သူသည် သိုင်းနည်းစနစ်ဖြင့် ရွှံ့အုတ်ခဲများကို ဖန်တီးပြီး၊ `မီးတိမ်တိုက်လက်ဝါး` ဖြင့် အပူပေးကာ အုတ်နီခဲများအဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် မိုးဒဏ်လေဒဏ် ခံနိုင်သော အုတ်တဲလုံးလေး တစ်လုံးကို မိနစ်ပိုင်းအတွင်း.. တည်ဆောက်လိုက်လေတော့သည်။
“စီနီယာ အစ်ကိုကြီးက တကယ့်ကို အိမ်တွင်းမှုရော ခရီးသွားတာရော အားကိုးရတာပဲ” လုံထျန်းရှင်းက ထုတ်ဖော် ချီးကျူးလိုက်သည်။
ရှီလေ့ကတော့ ရိုးသားစွာ ပြုံးလိုက်ပြီး ခေါင်းကုတ်နေလေသည်။
မီတာ (၁၀၀) ခန့် အကွာရှိ သစ်ပင်ပေါ်တွင်...၊
ငှက်ရောင်စုံအဖြစ် ပြောင်းလဲထားသော `မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်` သည် သစ်ကိုင်းပေါ်တွင် နားလျက် ခေါင်းကို အတောင်ပံအောက် ထိုးထည့်ကာ အိပ်ပျော်နေလေသည်။
“ရှပ်... ရှပ်... ရှပ်…”
ထိုက်ယွဲ့ တောင်တန်း၏ ညဉ့်နက်ချိန်သည် ပုံမှန်ထက် ပိုမို တိတ်ဆိတ်နေပြီး သစ်ရွက်ချင်း ပွတ်တိုက်သံ သဲ့သဲ့သာ ကြားနေရသည်။ အိပ်စက်ရန် ကောင်းမွန်သော အချိန်အခါပင်။
ရှီလေ့တို့ (၄) ဦးနှင့် အိပ်ပျော်နေသော နတ်ဆိုးဘုရင်ကြီးတို့သည် အနီးနားရှိ မြူခိုးများကြားတွင် အရိပ်မည်း (၁၀) ခုခန့် ချောင်းမြောင်းနေသည်ကို သတိမထားမိကြပေ။
ထိုအရိပ်များသည် အမှောင်ထုကို အကာအကွယ်ယူပြီး တိတ်တဆိတ် တိုးကပ်လာနေကြတော့၏။
အခန်း (၂၅၁) - သစ်ပင်နတ်ဆိုးကြီး၏ ခြုံခိုတိုက်ခိုက်မှု
စက်ဝိုင်းခြမ်းပုံ အုတ်တဲလုံးလေးအတွင်း...
ရှီလေ့သည် ညကင်းစောင့်နေလေသည်။
ကျန် (၃) ယောက်မှာ တင်ပျဉ်ခွေထိုင်ပြီး နှလုံးသွင်း လေ့ကျင့်နေကြသည်။ အပြင်ပန်းတွင် အိပ်ပျော်နေသယောင် ရှိသော်လည်း အနည်းငယ်သော အသံကြားလိုက်သည်နှင့် ချက်ချင်း နိုးထလာနိုင်ကြသည်။
သို့သော် အမှောင်ထုထဲတွင် ပုန်းအောင်းနေသော အရိပ်များသည် အလွန် ထူးဆန်းလှပေသည်။
လရောင်အောက်တွင် သစ်နွယ်အရိပ်များသည် ရေဘဝဲလက်တံများသဖွယ် တွန့်လိမ်ရှုပ်ထွေးနေပြီး မြေပြင်ပေါ်သို့ တိုးချဲ့လာနေလေသည်။
`ရှပ်... ရှပ်... ရှပ်...`
လေပြေအေး တိုက်ခတ်လာသောကြောင့် သစ်ရွက်များ တုန်ခါသွားကြလေသည်။
အန္တရာယ်က အနီးကပ် လိုက်ပါလာချေပြီ။
အမှောင်ထုထဲတွင်...
ရှီလေ့သည် မီးပုံကို ထပ်မံ မွှေးလိုက်ပြီး တဲပေါက်ဝ ဘေးတစ်ဖက်တစ်ချက်တွင် မီးတိုင်များ ထွန်းညှိလိုက်လေသည်။ ပတ်ဝန်းကျင် လင်းထိန်သွားသော်လည်း အနီးနားရှိ သစ်ပင်များမှ သစ်နွယ်များသည် ရေဘဝဲလက်တံများသဖွယ် တိုးကပ်လာနေသည်ကို သူ သတိမထားမိပေ။
“တစ်ခုခုတော့ မှားနေပြီ”
ရှီလေ့ မျက်လုံးဖွင့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း သစ်နွယ်အရိပ်များသည် ချုံပုတ်များထဲသို့ ပြန်လည် ဆုတ်ခွာသွားကြသဖြင့် ဘာမှ မတွေ့ရပေ။
စိတ်မချသဖြင့် သူသည် `အရပ်မျက်နှာ ပေါင်းစုံ ဝိညာဉ်အာရုံခံနိုင်စွမ်း`ကို ဖွင့်ပြီး စစ်ဆေးကြည့်သော်လည်း နတ်ဆိုးအငွေ့အသက် သို့မဟုတ် အခြား ကျင့်ကြံသူများ၏ အရိပ်အယောင်ကို မတွေ့ရပေ။
“ငါ စိတ်ထင်နေတာ ဖြစ်မှာပါ”
ရှီလေ့ ခေါင်းကုတ်လိုက်ပြီး တဲပေါက်ဝတွင် ပြန်လည်ထိုင်ကာ `ဆန်းကြယ်သော ဝိညာဉ်မှတ်တမ်း` ကို ဆက်လက် လေ့ကျင့်နေလိုက်လေသည်။
ဤသိုင်းနည်းစနစ်သည် ခက်ခဲသော်လည်း ယဲ့ဖုန်း၏ လမ်းညွှန်မှုကြောင့် `အစပျိုး` အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရှီလေ့၏ ပါရမီမှာ သာမန်သာ ရှိသဖြင့် `အဆင့်ငယ် အောင်မြင်မှု` ရောက်ရန် အချိန်ယူရဦးမည်။ လေ့ကျင့်နေစဉ် နားမလည်သည်များ ရှိလာပါက မြူခိုးတောင်ထိပ်သို့ ပြန်ရောက်မှ ယဲ့ဖုန်းကို မေးမြန်းရမည် ဖြစ်သည်။
ကျင့်ကြံခြင်းသည် ပျင်းစရာကောင်းသော လုပ်ငန်းစဉ် တစ်ခုပင်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားလေသည်။
အပြင်ဘက်တွင် လေပြင်းများ ဆက်လက် တိုက်ခတ်နေသည်။
ရေဘဝဲလက်တံကဲ့သို့သော သစ်နွယ်များသည် သစ်ပင်များကြားမှ လည်းကောင်း၊ မြေပြင်ပေါ်မှ လည်းကောင်း၊ မြေကြီးအောက်မှ လည်းကောင်း တိတ်တဆိတ် တိုးကပ်လာနေကြလေသည်။
တိမ်တိုက်တစ်ခု ဖြတ်သန်းသွားပြီး...
ညဉ့်နက်ပိုင်း ရောက်သောအခါ လမင်းကြီးကို တိမ်တိုက်များ ဖုံးအုပ်သွားလေတော့၏။
ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်ကျသွားပြီး လေပြင်းတစ်ချက်အဝှေ့တွင် မီးတိုင်များ ငြိမ်းသွားကာ အရာအားလုံး အမှောင်ထုထဲ နစ်မြုပ်သွားတော့သည်။
“အန္တရာယ်ရှိတယ်”
ရှီလေ့၏ အာရုံခံနိုင်စွမ်းသည် လျင်မြန်လှပေသည်။
သူသည် ချက်ချင်းပင် `မီးတိမ်တိုက်လက်ဝါး`အား အလျင်အမြန်
အသက်သွင်းပြီး ပတ်ဝန်းကျင်ကို အလင်းပေးလိုက်ရာ မြောက်မြားလှစွာသော သစ်နွယ်များ လျှပ်စီးလက်သကဲ့သို့ ပြေးဝင်လာသည်ကို တွေ့လိုက်ရလေသည်။
“ခြုံခိုတိုက်ခိုက်ခံရပြီ”
ရှီလေ့ အော်ဟစ်လိုက်ပြီး `မြေလျှိုးသိုင်းနည်းစနစ်`ကို သုံးကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် ခန္ဓာကိုယ် တစ်ဝက်ခန့် မြေကြီးထဲ ဝင်သွားချိန်တွင် အပေါ်ပိုင်းကို တစ်စုံတစ်ခုက ချုပ်နှောင်လိုက်သဖြင့် လှုပ်၍ မရတော့ပေ။
နောက်တစ်ခဏတွင် သစ်နွယ်များက သူ့ကို တင်းကျပ်စွာ ရစ်ပတ်လိုက်လေတော့သည်။
အုတ်တဲလုံးလေး အတွင်းတွင်...
တပည့် (၃) ဦး ချက်ချင်း နိုးလာကြသော်လည်း နောက်ကျသွားရတော့၏။
ဟိုယွင်ကျဲသည် ဓားကို ဆွဲထုတ်လိုက်သော်လည်း သစ်နွယ်များက သူ့တစ်ကိုယ်လုံးကို ရစ်ပတ်ထားပြီး ဖြစ်၍ လှုပ်ရှားမရတော့ဘဲ သတိမေ့သွားလေသည်။
လုံထျန်းရှင်းသည် `နဂါးအသွင်` ပြောင်းလဲရန် ကြိုးစားသော်လည်း နောက်စေ့ကို ဆူးပါသော သစ်သားတုတ်ဖြင့် အရိုက်ခံလိုက်ရသဖြင့် သတိလစ်သွားလေသည်။
ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးဖြစ်သော ဝမ်ဖင်းအန်း မှာမူ စောစောစီးစီး အဖမ်းခံလိုက်ရပြီး ဖြစ်သည်။
`ရှပ်... ရှပ်... ရှပ်...`
တိမ်တိုက်များ ကင်းစင်သွားပြီး လရောင် ပြန်ပေါ်လာချိန်တွင် သစ်တောထဲရှိ အုတ်တဲလုံးလေးမှာ အပျက်အစီးများသာ ကျန်ရစ်ခဲ့လေတော့သည်။
“ဟေ... သူတို့ ဘယ်ရောက်သွားတာလဲ”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် အတောင်ပံကြားမှ ခေါင်းပြူထွက်လာပြီး ကြည့်လိုက်ရာ အပျက်အစီးများကိုသာ တွေ့ရပြီး ရှီလေ့တို့ (၄) ယောက် ပျောက်ဆုံးနေသည်ကို သိလိုက်ရသဖြင့် ထိတ်လန့်သွားလေသည်။
“ဟိုက်၊ ဂိုဏ်းချုပ်သာ သိသွားရင် ငါ့ကို အရေခွံနွှာပစ်တော့မှာပဲ”
နတ်ဆိုးဘုရင်သည် အလွန်အမင်း စိုးရိမ်သွားပြီး ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ သစ်ပင်နတ်ဆိုးများ၏ အနံ့ကို ခြေရာခံလိုက်လေသည်။
နောက်တစ်နေ့ နံနက် အရုဏ်တက်ချိန်တွင်...
ရှီလေ့ ဖြည်းညှင်းစွာ နိုးလာလေသည်။
“မဖြစ်သေးဘူး”
သူ၏ ဦးရေပြားတွင် ကျဉ်ခနဲ ခံစားလိုက်ရပြီး မျက်ခုံးနှစ်ခုကြားတွင် အစိမ်းရောင် သစ်သားဆူးချွန်တစ်ခု စိုက်ဝင်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ ကျင့်ကြံခြင်း စွမ်းအားများမှာ သုံးမရတော့ပေ။
ဘေးဘီဝဲယာကို ကြည့်လိုက်ရာ ဟိုယွင်ကျဲ၊ လုံထျန်းရှင်းနှင့် ဝမ်ဖင်းအန်း တို့သည်လည်း အလားတူ အခြေအနေဖြင့် နိုးထလာကြသည်ကို တွေ့လိုက်ရသည်။
“ဘာဖြစ်ကုန်တာလဲ”
“ငါတို့ အဖမ်းခံလိုက်ရပြီ”
“အား... နာလိုက်တာ... မျက်ခုံးကြားမှာ စိုက်နေတာ ဘာကြီးလဲကွ... ထိလိုက်ရင် သေလောက်အောင် နာတယ်... ဆွဲထုတ်လို့လည်း မရဘူး... ဒါကြောင့် ငါတို့ စွမ်းအားတွေ သုံးမရတာ ဖြစ်မယ်”
“ငါတို့ ရောက်နေတဲ့နေရာက ဘာလို့ သစ်နွယ်လှောင်အိမ်ကြီးလို ဖြစ်နေရတာလဲ”
အံ့သြမှင်သက်ပြီးနောက် သူတို့သည် မီတာ (၁၀၀) ကျော် မြင့်သော သစ်ပင်ကြီးတစ်ပင်၏ အကိုင်းအခက်များတွင် ချိတ်ဆွဲထားသော သစ်နွယ်လှောင်အိမ်များထဲ ရောက်နေကြောင်း သတိပြုမိလိုက်ကြသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အခြားသော လှောင်အိမ်များတွင်လည်း ဖမ်းဆီးခံထားရသူ ဒါဇင်ပေါင်းများစွာ ရှိနေသည်ကို တွေ့လိုက်ရလေသည်။
“မိတ်ဆွေ... ဒါ ဘယ်နေရာလဲ သိလားဗျ”
ရှီလေ့သည် (၁၀) မီတာခန့် အကွာရှိ လှောင်အိမ်မှ လူကို လှမ်းမေးလိုက်သည်။
“အား... ငါ မသေချင်ဘူး... မသေချင်ဘူး”
ဆံပင်ဖားလျားနှင့် လူနှစ်ယောက်သည် ငိုယိုအော်ဟစ်နေကြပြီး စိတ်ဓာတ်ကျဆုံးကာ ရူးသွပ်မတတ် ဖြစ်နေကြသည်။
“သူတို့ ရူးနေကြပြီ... ဒါလည်း မပြောနဲ့လေ... ရက်ပိုင်းနေရင် တခြားလူတွေကို ယဇ်ပူဇော်တာ မြင်နေရတော့ ကိုယ့်အလှည့် ဘယ်တော့ရောက်မလဲ ဆိုပြီး ကြောက်နေကြတာပေါ့”
အဘိုးအို တစ်ဦး၏ အသံ ထွက်ပေါ်လာလေသည်။
ရှီလေ့တို့ လှမ်းကြည့်လိုက်ရာ မီတာ (၁၀) ကျော် အကွာရှိ လှောင်အိမ်တစ်ခုတွင် ဆံပင်ဖြူနှင့် အဘိုးအိုတစ်ဦး တင်ပျဉ်ခွေထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူသည် အခြားသူများနှင့်မတူ တည်ငြိမ်နေပုံ ရသည်။
“စီနီယာ... ကျွန်တော်တို့က မြူခိုးဂိုဏ်းကပါ... စီနီယာက ဘယ်ဂိုဏ်းကလဲ ခင်ဗျာ... ပြီးတော့ ဒီသစ်ပင်နတ်ဆိုးတွေက ကျွန်တော်တို့ကို ဘာလို့ ဖမ်းထားတာလဲ” ရှီလေ့က ယဉ်ကျေးစွာ မေးလိုက်သည်။
“မြူခိုးဂိုဏ်း ဟုတ်လား... မကြားဖူးပါဘူး”
အဘိုးအိုသည် ကောင်းကင်ကို မော့ကြည့်ရင်း သက်ပြင်းချလိုက်လေသည်။
“ငါက အဆင့်မြင့်ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်ပါ... နာမည်တော့ မပြောတော့ပါဘူးကွာ... လွန်ခဲ့တဲ့ (၃) လ လောက်က တပည့်တွေကို ခေါ်ပြီး နတ်ဆိုး လာသတ်တာ... ညဘက်ကျတော့ ခြုံခိုတိုက်ခိုက်ခံရပြီး အဖမ်းခံလိုက်ရတယ်... ငါတောင်မှ `ဝိညာဉ်ချုပ် သစ်သားဆူး` အစိုက်ခံလိုက်ရပြီး စွမ်းအားတွေ သုံးမရတော့ဘူး”
“ဝိညာဉ်ချုပ် သစ်သားဆူး ဟုတ်လား”
ရှီလေ့တို့ နားမလည်စွာ ကြည့်လိုက်ကြသည်။
အဘိုးအိုက ဆက်ရှင်းပြသည်။
“ဝိညာဉ်ချုပ် သစ်သားဆူး ဆိုတာ ဒီသစ်ပင်နတ်ဆိုးရဲ့ မွေးရာပါ ပါရမီပဲ... သူက `အလယ်အလတ် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ်` အဆင့် ရှိတယ်... သူ့အဆင့်အောက် နိမ့်တဲ့လူတိုင်း ဒီဆူး အစိုက်ခံရရင် စွမ်းအား လုံးဝ သုံးမရတော့ဘူး”
“ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
ရှီလေ့တို့ ကြောက်လန့်သွားကြသည်။
အလယ်အလတ် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် ဆိုသည်မှာ သူတို့ထက် များစွာ သာလွန်သော အဆင့် ဖြစ်သည်။ မြူခိုးဂိုဏ်း တစ်ခုလုံးတွင် ဂိုဏ်းချုပ်တစ်ယောက်သာ ယှဉ်နိုင်မည် ဖြစ်သည်။
ပြဿနာမှာ စွမ်းအားများ ချိတ်ပိတ်ခံထားရသဖြင့် `သိုလှောင်လက်စွပ်` ကို ဖွင့်မရသလို၊ `အချက်ပြ တံဆိပ်ပြား` ကိုလည်း သုံး၍ မရပေ။
ဒါကို တွေးမိသောအခါ သူတို့၏ ရင်ထဲတွင် အေးစက်သွားကြလေသည်။
“ဘာလုပ်ရမလဲ ဟုတ်လား” အဘိုးအိုက ခါးသီးစွာ ပြုံးလိုက်သည်။ “သေမယ့်နေ့ကို စောင့်ရုံပဲ ရှိတာပေါ့... မင်းတို့ မသိသေးဘူးလား... သစ်ပင်နတ်ဆိုးက သူ့ရဲ့ `သစ်ပင် ဘိုးဘေး`ကို ယဇ်ပူဇော်ဖို့ ဖမ်းထားတာ... သစ်ပင်ဘိုးဘေးက ငါတို့ရဲ့ `သစ်သား ဝိညာဉ်စွမ်းအင်` ကို စုပ်ယူပြီး အဆင့်တက်ဖို့ လုပ်နေတာ”
“ယဇ်ပူဇော်မယ် ဟုတ်လား”
ရှီလေ့တို့ မျက်လုံးပြူးသွားကြသည်။
ဒါဆို ငါတို့ သေရတော့မှာပေါ့။
*
ကောင်းကင်ယံထက် မီတာရာပေါင်းများစွာ အမြင့်တွင်...
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် တိမ်တိုက်အသွင် ပြောင်းလဲပြီး အောက်ဘက်ရှိ ချိုင့်ဝှမ်းကြီးကို ငုံ့ကြည့်နေလေသည်။ အလယ်အလတ် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်ရှိသော သစ်ပင်နတ်ဆိုးကြီး အပြင်၊ အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အဆင့်ရှိသော သစ်ပင်နတ်ဆိုး (၁၀) ကောင်ခန့်လည်း ရှိနေသည်။
မြေပြင်ပေါ်တွင် မျက်လုံးနှင့် နှာခေါင်းပါသော သစ်နွယ်များစွာ တွားသွားနေကြသည်မှာ သစ်ပင်နတ်ဆိုးကြီး၏ လက်ပါးစေများ ဖြစ်ပေလိမ့်မည်။
“ရန်သူက ဒီလောက်များတာ... ငါတစ်ယောက်တည်း ဘယ်နိုင်မလဲ”
နတ်ဆိုးဘုရင်သည် ခေတ္တမျှ စဉ်းစားပြီးနောက် `နတ်ဆိုးသားရဲဆောင်` မှတစ်ဆင့် ယဲ့ဖုန်းကို အဆက်မပြတ် ဆက်သွယ်လိုက်လေတော့သည်။
ဂိုဏ်းချုပ် ခန်းမဆောင်တွင်...
ယဲ့ဖုန်းသည် သံရည်ကျိုမီးဖိုကို ဖွင့်ပြီး ပြန်လည် မွမ်းမံထားသော `ကောင်းကင်မေးမြန်း ကြေးမုံ` ကို ထုတ်ယူလိုက်လေသည်။
“အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် အထွတ်အထိပ် အဆင့်ပဲ ရောက်သေးပေမဲ့... စောင့်ကြည့်နိုင်စွမ်းက မိုင် (၁၀၀၀) ကနေ (၁၅၀၀) အထိ တိုးလာတယ်... ပြီးတော့ ဝင်္ကပါ ခံထားတဲ့ နေရာတွေကိုတောင် ဖောက်ထွင်းမြင်နိုင်တယ်”
ယဲ့ဖုန်းသည် ကြေးမုံကို ကြည့်ရင်း သဘောကျနေလေသည်။
ထိုအချိန်မှာပင် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ ဆက်သွယ်မှုကို ရရှိလိုက်သဖြင့် ယဲ့ဖုန်း မျက်လုံးများ အရောင်လက်သွားပြီး ကြေးမုံကို ချက်ချင်း အသက်သွင်းလိုက်လေတော့သည်။
အခန်း (၂၅၂) - ယဇ်ပူဇော်ခြင်း၊ သစ်ပင်ဘိုးဘေးနှင့် လုံထျန်းရှင်း၏ အကြံအစည်
~“အလယ်အလတ် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်ရှိတဲ့ သစ်ပင်နတ်ဆိုးကြီးပါလား”
ယဲ့ဖုန်းသည် `ကောင်းကင်မေးမြန်း ကြေးမုံ` မှတဆင့် သစ်ပင်ကြီး၏ ပုံရိပ်ကို ကြည့်ရှုနေလေသည်။
“ငါ့တပည့်တွေကို ဖမ်းထားတာ ကြည့်ရင် မင်းက သေချင်နေပြီ ထင်တယ်”
ထိုနေရာသည် မြူခိုးတောင်ထိပ်မှ မိုင်ပေါင်းရာချီ ဝေးကွာနေသဖြင့် ယဲ့ဖုန်းအနေဖြင့် ချက်ချင်း ရောက်ရှိသွားရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်နှင့် အရင် ဆက်သွယ်လိုက်လေသည်။
“အခြေအနေ ဘယ်လိုလဲ” ယဲ့ဖုန်း မေးလိုက်သည်။
“အဲဒီ သစ်ပင်နတ်ဆိုးမှာ `ဝိညာဉ်ချုပ် သစ်သားဆူး` ဆိုတဲ့ မွေးရာပါ ပါရမီ ပါတယ်... အဲဒီဆူးက မျက်ခုံးကြားမှာ စိုက်သွားတာနဲ့ စွမ်းအားတွေကို ချိတ်ပိတ်လိုက်တော့တာပဲ... သူ့အဆင့်ထက် နိမ့်တဲ့လူ ဘယ်သူမှ မခံနိုင်ဘူး”
နတ်ဆိုးဘုရင်သည် ရှီလေ့နှင့် အဘိုးအိုတို့ ပြောစကားများကို ခိုးနားထောင်ရင်း သတင်းရယူခဲ့ခြင်း ဖြစ်သည်။
`ဝှီး...`
ထိုအချိန်မှာပင် ချိုင့်ဝှမ်းအတွင်း၌ လေပြင်းတစ်ချက် တိုက်ခတ်လာလေသည်။
သစ်ပင်များ တုန်ခါသွားပြီး သစ်ရွက်ကြွေများ တလိပ်လိပ် ကျဆင်းလာကာ မြေပြင်ပေါ်တွင် ထုထည်ကြီးမားစွာ စုပုံသွားလေတော့သည်။
“ဘာဖြစ်တာလဲ”
ရှီလေ့ အပါအဝင် တပည့် (၄) ဦး တုန်လှုပ်သွားကြလေသည်။
ဘေးလှောင်အိမ်မှ အဘိုးအိုက ကောင်းကင်ကို မော့ကြည့်ရင်း ညည်းညူလိုက်သည်။
“စပြီ... (၇) ရက် တစ်ခါ လုပ်တဲ့ ယဇ်ပူဇော်ပွဲ... ဒီတစ်ခါ ဘယ်သူက `ကံထူးရှင်` ဖြစ်မလဲ မသိဘူး”
“အား... ကြောက်တယ်ဗျာ...”
ဝမ်ဖင်းအန်း တစ်ကိုယ်လုံး တုန်ယင်နေလေသည်။
“မပူပါနဲ့ အဘိုးရယ်... အဘိုးက ကံကောင်းမယ့်ပုံ ပေါက်ပါတယ်... နောက်ဆုံးအချိန်အထိ အသက်ရှင်ကျန်ရစ်မှာပါ”
“ဖြစ်ပါစေကွာ...” အဘိုးအို ညည်းတွားလိုက်သည်။
အဖမ်းခံရပြီးကတည်းက ကျင့်ကြံသူများကို တစ်ယောက်ပြီးတစ်ယောက် ယဇ်ပူဇော်နေသည်ကို မြင်တွေ့ခဲ့ရသဖြင့် မျှော်လင့်ချက် ကုန်ဆုံးနေပြီ ဖြစ်သည်။
`ဗြိ...`
ရုတ်တရက် အဘိုးအို၏ လှောင်အိမ် ပေါက်ထွက်သွားလေသည်။
အဆင့်နိမ့် ဝိညာဉ်လက်နက်ထက်ပင် ပိုမို မာကျောထက်မြက်သော သစ်နွယ်ကြီးတစ်ပင်သည် အဘိုးအိုကို ထိုးဖောက်ပြီး လေထဲသို့ ပစ်တင်လိုက်လေသည်။ ထို့နောက် အပေါ်တွင် စောင့်ကြိုနေသော `ကြယ်ခြောက်ထောင့် ဝင်္ကပါ` ထဲသို့ ပစ်ထည့်လိုက်တော့သည်။
`ဘုန်း...`
ဓာတ်ကြီးငါးပါး စုစည်းခြင်း ဒုတိယအဆင့် ရှိသော အဘိုးအိုသည် စွမ်းအားများ ချိတ်ပိတ်ခံထားရသဖြင့် ခုခံနိုင်ခြင်း မရှိဘဲ ဝင်္ကပါ၏ ဝါးမြိုမှုကို ခံလိုက်ရကာ သွေးမြူမှုန်များအဖြစ် ပြောင်းလဲသွားလေတော့သည်။
“သောက်ပလုတ်တုတ်...”
တပည့် (၄) ဦး မျက်လုံးပြူးသွားကြလေသည်။
ခုနလေးတင် စကားပြောနေတဲ့ အဘိုးကြီးက ချက်ချင်း ပျောက်ကွယ်သွားပြီလား။ တကယ်ကို စိတ်မကောင်းစရာပဲ။
ထိုအချိန်တွင် ရှီလေ့၊ ဟိုယွင်ကျဲနှင့် လုံထျန်းရှင်းတို့သည် တစ်စုံတစ်ခုကို သတိရလိုက်ပြီး ဝမ်ဖင်းအန်းဘက်သို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။
“ဂျူနီယာညီလေး... ခုနက မင်း ဘာပြောလိုက်တာလဲ”
ဝမ်ဖင်းအန်း မျက်တောင် ပေကလပ် ပေကလပ် ဖြစ်သွားသည်။
“ကျွန်... ကျွန်တော်က အဘိုးကို အားပေးတဲ့အနေနဲ့ နောက်ဆုံးထိ ရှင်ကျန်လိမ့်မယ်လို့ ပြောလိုက်တာပါ... ဒါပေမဲ့ သူက ပထမဆုံး သေသွားမယ်လို့ ဘယ်သူ ထင်မှာလဲ”
`ပြောင်းပြန်ကျိန်စာ`
ထိုအတွေးသည် တပည့် (၃) ဦး၏ ခေါင်းထဲသို့ ပြိုင်တူ ဝင်ရောက်လာလေသည်။
‘ဝမ်ဖင်းအန်း `ဆရာ` တင်လိုက်တဲ့လူတိုင်း သေကုန်တယ်... `အသက်ရှည်မယ်` လို့ ပြောလိုက်တဲ့လူတိုင်း ချက်ချင်း သေတယ်...
ဒါဆိုရင် `ပြောင်းပြန်ကျိန်စာ` ဆိုတဲ့ ကောလာဟလက အမှန် ဖြစ်နေတာလား။’
ထိုအချက်ကို တွေးမိသည်နှင့် ရှီလေ့တို့ စိတ်လှုပ်ရှားသွားကြလေသည်။
‘လွတ်မြောက်ဖို့ လမ်းစ မြင်ပြီ။’
နောက်ကွယ်တွင်...
ယဲ့ဖုန်းသည် `ကောင်းကင်မေးမြန်း ကြေးမုံ` မှတဆင့် အဖြစ်အပျက်များကို ကြည့်ရင်း ကြယ်ခြောက်ထောင့် ဝင်္ကပါ အတွင်းမှ ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။
‘ဒီအထဲမှာ ကြောက်စရာ ကောင်းတဲ့ အကောင်ကြီး တစ်ကောင် ရှိနေတယ်။’
“ဂျိမ်း... ဂျိမ်း…”
မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ဝင်္ကပါ အလယ်ဗဟိုတွင် အရိပ်တစ်ခု ဝေဝါးလာလေသည်။
ဧရာမ လူမျက်နှာကြီး တစ်ခုပင်။
ဆံပင်များနေရာတွင် သစ်နွယ်များ ရှုပ်ထွေးနေပြီး အေးစက်သော မျက်လုံးများဖြင့် သက်ရှိသတ္တဝါများကို စီးမိုးကြည့်နေလေသည်။ ပါးစပ် မလှုပ်သော်လည်း အသံကြီး ထွက်ပေါ်လာသည်။
“အရသာ ရှိလိုက်တာ... မင်းကို `သစ်သား ဝိညာဉ်စွမ်းအင်` ဆုချလိုက်မယ်”
လူမျက်နှာကြီးသည် ဆံချည်မျှင်ခန့် ရှိသော အစိမ်းရောင် အလင်းတန်း (၃) ခုကို မှုတ်ထုတ်လိုက်လေသည်။ ထိုအလင်းတန်းများသည် သစ်ပင်နတ်ဆိုးကြီးထဲသို့ ဝင်ရောက်သွားပြီး သူ၏ စွမ်းအားများကို သိသိသာသာ မြင့်တက်လာစေတော့သည်။ `အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ်`အဆင့်သို့ တက်ရောက်ရန် နီးစပ်လာပြီ ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် သစ်ပင်ဘိုးဘေး...”
သစ်ပင်နတ်ဆိုးကြီး၏ ပင်စည်ပေါ်တွင် အိုမင်းသော လူမျက်နှာ တစ်ခု ထွက်ပေါ်လာပြီး ကျေးဇူးတင်စကား ပြောလိုက်လေသည်။
သစ်ပင်ဘိုးဘေးသည် ဆက်လက် စကားမပြောတော့ဘဲ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားလေတော့သည်။
မြေပြင်တွင်...
သစ်ပင်နတ်ဆိုးကြီးသည် ကောင်းကင်ကို မော့ကြည့်ရင်း ကျေနပ်နေလေသည်။
“ကောင်းလိုက်တာ... ငါ့စွမ်းအားတွေ ပြည့်ဝနေပြီ... `ကောင်းကင်ဘုံ ၃၉ သွယ် မိုးကြိုးဘေး` ကို ကျော်ဖြတ်ပြီးရင် အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ် ဖြစ်လာတော့မယ်”
သူသည် နိမ့်ကျသော သွေးမျိုးဆက်မှ လာသူဖြစ်ပြီး နှစ်ပေါင်းများစွာ ကျင့်ကြံသူများကို ယဇ်ပူဇော်ရင်း စွမ်းအား စုဆောင်းခဲ့ရသည်။ ယခုအခါ အောင်မြင်မှု ပန်းတိုင်ကို ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သည်။
သစ်နွယ်လှောင်အိမ် အတွင်း...
ရှီလေ့၊ လုံထျန်းရှင်းနှင့် ဟိုယွင်ကျဲ တို့သည် `ကောင်းကင်ဘုံ ၃၉ သွယ် မိုးကြိုးဘေး` ဆိုသည့် စကားကို ကြားလိုက်ရသဖြင့် မျက်လုံးချင်းဆုံကာ ခေါင်းငြိမ့်ပြလိုက်ကြ၏။
လုံထျန်းရှင်းသည် ဝမ်ဖင်းအန်းနားသို့ တိုးကပ်သွားပြီး တီးတိုး ပြောလိုက်သည်။
“ဖင်းအန်း... မင်း ဒီသစ်ပင်နတ်ဆိုးကြီးကို မြှောက်ပြောပေးစမ်းပါ... မိုးထိအောင် မြှောက်ပြောလိုက်... ပြီးတော့ မင်း ဆရာရှာနေတာ မဟုတ်လား... သူ့ကို မြန်မြန် ဆရာတင်လိုက်... ဒါမှ ငါတို့ လွတ်မှာ”
“ဟင်...” ဝမ်ဖင်းအန်း ကြောင်သွားသည်။
ရိုးအသော ဝမ်ဖင်းအန်းသည် လုံထျန်းရှင်း၏ အကြံကို နားမလည်ဘဲ တကယ်ပဲ မြှောက်ပင့်ပေးလျှင် လွှတ်ပေးမည်ဟု ထင်နေရှာသည်။
ထို့ကြောင့် သူသည် တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်လေသည်။
“သစ်... သစ်ပင်နတ်ဆိုး အကြီးအကဲ... ခင်ဗျားက သဘောထားကြီးပါတယ်... ကျွန်တော်တို့ကို လွှတ်ပေးလို့ ရမလားဗျာ”
သစ်ပင်နတ်ဆိုးကြီး အံ့သြသွားပြီး လှောင်အိမ်ကို ဆွဲယူကာ သူ့မျက်နှာနားသို့ ကပ်လိုက်လေသည်။
“မင်းတို့က ဂိုဏ်းတစ်ဂိုဏ်းက တပည့်တွေပဲ... မင်းတို့ကို လွှတ်ပေးလိုက်ရင် နောက်ပိုင်း ငါ့ကို ပြန်တိုက်ခိုက်ကြမှာပေါ့... မဟုတ်ဘူးလား”
ဝမ်ဖင်းအန်း လက်ကာပြလိုက်သည်။
“ဟာ... မဟုတ်ပါဘူး အကြီးအကဲရယ်... အကြီးအကဲက သစ်ပင်ဘိုးဘေးနဲ့တောင် စကားပြောနိုင်တာဆိုတော့ တကယ့် ပါရမီရှင်ကြီးပါ... နောင်ကျရင် `နတ်ဆိုးဘုရင်` မကလို့ `နတ်ဆိုးဧကရာဇ်` တောင် ဖြစ်လာမှာပါ”
ရှီလေ့၊ ဟိုယွင်ကျဲနှင့် လုံထျန်းရှင်းတို့သည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံလိုက်ကြသည်။
စိတ်ထဲတွင်မူ... `ဟုတ်တယ်... အဲဒီအတိုင်းပဲ... သေအောင် မြှောက်ပြောလိုက်စမ်းကွာ` ဟု အော်ဟစ်အားပေးနေကြလေသည်။
ဝမ်ဖင်းအန်း၏ မြှောက်ပင့်စကားများကို ကြားရသောအခါ သစ်ပင်နတ်ဆိုးကြီး သဘောကျသွားလေသည်။
“မင်းတို့ကို လွှတ်ပေးဖို့တော့ မဖြစ်နိုင်ဘူး... ဒါပေမဲ့ မင်းက စကားပြောတတ်သားပဲ... ခဏလောက် အသက်ဆက်ရှင်ခွင့် ပေးမယ်”
“ဆက်ပြောလေကွာ” လုံထျန်းရှင်းက ဝမ်ဖင်းအန်းကို တံတောင်နှင့် တွတ်လိုက်သည်။
အသက်ဆက်ရှင်ခွင့် ရမယ်ဆိုသော စကားကြောင့် ဝမ်ဖင်းအန်း အားတက်သွားပြီး ဒူးထောက်ကာ ဦးခိုက်လိုက်လေတော့သည်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲ... ကျေးဇူးဆပ်တဲ့အနေနဲ့ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ ခင်ဗျာ”
“ကျွန်တော်က ဆေးဖော်တတ်ပါတယ်... ဆေးပင်တွေအကြောင်းလည်း နားလည်ပါတယ်... ဆရာကြီး အသွင်ပြောင်းပြီးရင် ဆရာကြီးအတွက် ဆေးကောင်းတွေ ဖော်ပေးပါမယ်”
“ပြီးတော့... မကြာခင် ကျရောက်တော့မယ့် `ကောင်းကင်ဘုံ ၃၉ သွယ် မိုးကြိုးဘေး` ကိုလည်း အောင်မြင်စွာ ကျော်ဖြတ်ပြီး `အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ်` ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်”
ဝမ်ဖင်းအန်းသည် တရစပ် မြှောက်ပင့်ပြောဆိုလိုက်လေသည်။
သစ်ပင်နတ်ဆိုးကြီး ပီတိဖြာသွားလေသည်။
“မင်း မဆိုးပါဘူးကွာ... ပါးစပ်ကလေးက ချိုသားပဲ... ပြီးတော့ ဆေးဆရာလည်း ဖြစ်နေတယ်... ကောင်းပြီလေ... ငါ အဆင့်တက်ပြီးရင် မင်းကို အစေခံအဖြစ် လက်ခံပေးမယ်”
ထို့နောက် သစ်ပင်နတ်ဆိုးကြီးသည် မည်းမှောင်လာသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်လေသည်။
မိုးကြိုးဘေး ကျရောက်တော့မည်။
သူ့လို နိမ့်ကျသော သွေးမျိုးဆက်အတွက် အဆင့်တက်တိုင်း မိုးကြိုးဘေး ကြုံရစမြဲ။ သို့သော် သာမန် မိုးကြိုးလောက်သာ ဖြစ်၍ အန္တရာယ် သိပ်မရှိလှပေ။
အရင်နှစ်ကြိမ်တုန်းကလည်း အေးဆေး ကျော်ဖြတ်နိုင်ခဲ့တာပဲ။
ဒီတစ်ခါလည်း ထူးမခြားနားပါဘူးကွာ။
ဝမ်ဖင်းအန်းကို ပြန်ကြည့်ပြီး တွေးလိုက်လေသည်။
'ငါ့ကို ဒီလောက် မြှောက်ပြောနေတဲ့ ကောင်က မကောင်းကြံစည်မှာ မဟုတ်ပါဘူး... ထားလိုက်ပါတော့... ငါ အဆင့်တက်ပြီးမှ သူ့ကို စားလိုက်မယ်... ဒါဆိုရင် ငါလည်း စကားပြော ကောင်းလာမလား မသိဘူး... ဟားဟား... မိုက်တယ်ဟေ့'
`ဂျိမ်း... ဂျိမ်း...`
ကောင်းကင်တွင် မိုးခြိမ်းသံများ ဆူညံလာလေသည်။
တတိယအကြိမ်မြောက် `ကောင်းကင်ဘုံ ၃၉ သွယ် မိုးကြိုးဘေး` စတင်တော့မည်။
“သာမန် မိုးကြိုး ၃-ချက် လောက်နဲ့များ ငါ့ကို တားချင်နေသေးတယ်... ဟားဟား... ရယ်စရာ ကောင်းလိုက်တာ”
သစ်ပင်နတ်ဆိုးကြီးသည် မိုးကြိုးဘေးကို အထင်သေးစွာ ကြည့်ရင်း စွမ်းအားများကို စုစည်းလိုက်လေသည်။
နောက်ကွယ်တွင်...
ယဲ့ဖုန်းသည် `ကောင်းကင်မေးမြန်း ကြေးမုံ` မှတဆင့် ဝမ်ဖင်းအန်း၏ မြှောက်ပင့်ခန်းကို ကြည့်ရင်း လုံထျန်းရှင်း၏ အကြံပိုင်မှုကို သဘောပေါက်သွားလေသည်။
“ဆရာတင်မယ်... ပြီးတော့ အဆိပ်သင့် မြှောက်ပင့်စကားတွေ ပြောမယ်... ဟုတ်လား... မိုက်တယ်ဟေ့”
ယဲ့ဖုန်းသည် ကျေနပ်အားရစွာ ပြောဆိုလိုက်ပြီး သူ၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာလေတော့၏။