အခန်း (၂၅၃-၂၅၅)
Vol. 17 Ch. 253-255
အခန်း (၂၅၃) - ရက်စက်သော အပြုံးနှင့် ကျိန်စာသင့်သော မြှောက်ပင့်ဘုရင် ဝမ်ဖင်းအန်း
~သစ်နွယ်လှောင်အိမ် အတွင်း...
လုံထျန်းရှင်းသည် မည်းမှောင်လာသော ကောင်းကင်ကြီးကို မော့ကြည့်ရင်း ဝမ်ဖင်းအန်း၏ မြှောက်ပင့်စကားများကို ပြန်စဉ်းစားလိုက်လေသည်။
‘ဒီလောက်ဆိုရင် သူ့ရဲ့ `ကျိန်စာသင့် မြှောက်ပင့်စကား` တွေက အလုပ်ဖြစ်လောက်ပြီ ထင်တယ်။
ဒါပေမဲ့ မေးခွန်းက ဝမ်ဖင်းအန်းဟာ တကယ်ပဲ `ကျိန်စာသင့် မြှောက်ပင့်ဘုရင်` ဟုတ်ရဲ့လား။
အခုချိန်ထိ အားလုံးက ဝမ်ဖင်းအန်းရဲ့ အတိတ်က အဖြစ်အပျက်တွေကို အခြေခံပြီး ခန့်မှန်းထားတာလေ။ တကယ်လို့ ဝမ်ဖင်းအန်းရဲ့ စကားတွေက ကျိန်စာမသင့်ဘူး ဆိုရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ။
ဒီသစ်ပင်နတ်ဆိုးကြီးက အရမ်း ရက်စက်ကြမ်းကြုတ်တာ။ သူသာ အဆင့်တက်သွားလို့ကတော့ ငါတို့အားလုံး သေပြီပဲ။’
ထိုအတွေးကြောင့် လုံထျန်းရှင်းသည် မျက်နှာတွင် မျှော်လင့်ချက် ရောင်ခြည်များ သန်းလျက် ကောင်းကင်ကို မော့ကြည့်လိုက်လေသည်။
`ကောင်းကင်ဘုံ ၃၉ သွယ် မိုးကြိုးဘေး` က ပုံမှန်ထက် (၁၀) ဆ လောက် ပိုပြင်းထန်ပြီး ဒီသစ်ပင်နတ်ဆိုးကြီးကို မိုးကြိုးပစ်သတ်လိုက်ရင် ကောင်းမှာပဲ။
“ဆက်ပြီး မြှောက်ပြောလေ” ဟိုယွင်ကျဲကလည်း တိုက်တွန်းလိုက်သည်။
ဝမ်ဖင်းအန်းသည် နားမလည်နိုင်သော အမူအရာဖြင့် ဒူးထောက်လျက် ဆက်လက် မြှောက်ပင့်ပြောဆိုနေလေသည်။
“သစ်ပင်နတ်ဆိုး စီနီယာ... ခင်ဗျားက လျှပ်စစ်ပါ... ခင်ဗျားက အလင်းရောင်ပါ... ခင်ဗျားက တကယ့် ဒဏ္ဍာရီပါပဲဗျာ”
“စီနီယာ့ရဲ့ ပါရမီက ပြိုင်ဘက်ကင်းပါတယ်... သွေးမျိုးဆက်ကလည်း မြင့်မြတ်ပါတယ်... နောင်ကျရင် သေချာပေါက် အစွမ်းအထက်ဆုံး ဘုရင်ကြီး ဖြစ်လာမှာပါ”
“မဟုတ်သေးပါဘူး...”
“ဘုရင် ဆိုတဲ့ ဂုဏ်ပုဒ်လောက်နဲ့ စီနီယာ့ကို ဘယ်တန်ပါ့မလဲ”
“ကျွန်တော့်အမြင် ပြောရရင် စီနီယာက သစ်ပင်ဘိုးဘေးထက်တောင် သာလွန်တဲ့ ပုဂ္ဂိုလ်ထူး ဖြစ်လာမှာပါ”
“စီနီယာက အရမ်း စွမ်းအားကြီးတာပဲ... ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါခင်ဗျာ”
ဝမ်ဖင်းအန်း၏ မြှောက်ပင့်စကားများကို ကြားရသောအခါ သစ်ပင်နတ်ဆိုးကြီး နှာခေါင်းရှုံ့လိုက်လေသည်။ အပြင်ပန်းတွင် စိတ်ရှုပ်သလို ဟန်ဆောင်နေသော်လည်း အတွင်းစိတ်ထဲတွင်မူ ကျေနပ်ပီတိဖြာနေလေသည်။
မီတာ တစ်ထောင်ခန့် အကွာတွင်...
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် သစ်ပင်ပေါ်တွင် ပုန်းအောင်းနေရင်း ညည်းညူလိုက်သည်။
“ဒီကောင်လေး ဦးနှောက်ပျက်သွားပြီလား... အဖမ်းခံနေရတာတောင် တပည့်ခံပြီး အသက်ရှင်ဖို့ မျှော်လင့်နေသေးတယ်... မိုက်မဲလိုက်တာ”
နောက်ကွယ်တွင်...
ယဲ့ဖုန်းသည် တဟားဟား အော်ရယ်လိုက်လေသည်။
“ကောင်းတယ်... အဲဒီအတိုင်းသာ ဆက်ပြော...”
...
ကောင်းကင်ယံတွင်...
မိုးကြိုးဘေးအတွက် ပြင်ဆင်မှု ပြီးဆုံးသွားတော့၏။
မိုင် (၁၀) ကျော် ရှည်လျားသော တိမ်မည်းကြီးများသည် ချိုင့်ဝှမ်းတစ်ခုလုံးနှင့် ပတ်ဝန်းကျင် တောင်တန်းများကို ဖုံးလွှမ်းသွားပြီး အသက်ရှုကျပ်လောက်အောင် ဖိစီးနှိပ်စက်နေလေသည်။
သတ္တဝါအများစုမှာ ကြောက်လန့်တကြား ဝပ်တွားနေကြ၏။
လှောင်အိမ်ထဲမှ ကျင့်ကြံသူများသည်လည်း ငိုယိုအော်ဟစ်ခြင်းကို ရပ်တန့်လိုက်ပြီး မျှော်လင့်ချက်မဲ့သော မျက်လုံးများဖြင့် ကောင်းကင်ကိုသာ မော့ကြည့်နေကြလေသည်။
နတ်ဆိုးဗိုလ်ချုပ် အဆင့်နီးပါး ရှိသော သစ်ပင်နတ်ဆိုး (၁၀) ကောင်ခန့်မှာမူ စိတ်လှုပ်ရှားစွာဖြင့် အကိုင်းအခက်များကို လှုပ်ယမ်းကာ ခေါင်းဆောင်ကြီးကို ဂုဏ်ပြုနေကြလေသည်။
“ဒီနေ့ မိုးကြိုးဘေးက သိပ်မပြင်းလောက်ပါဘူး... ငါ့စွမ်းအားရဲ့ တစ်ဝက်လောက် သုံးလိုက်ရင် ရပြီ”
သစ်ပင်နတ်ဆိုးကြီးသည် ကောင်းကင်ကို မော့ကြည့်ရင်း သစ်နွယ်များကို ရက်လုပ်ကာ မီတာရာချီ ကျယ်ဝန်းသော အစိမ်းရောင် ထီးကြီးတစ်ချောင်းကို ဖန်တီးလိုက်လေသည်။
`ဂျိမ်း...`
ရွှေရောင် သန်းနေသော အပြာရောင် မိုးကြိုးတစ်စင်း ပစ်ချလိုက်ရာ လေထု တစ်ခုလုံး ပေါက်ကွဲသွားသကဲ့သို့ ပြင်းထန်သော အသံကြီး ထွက်ပေါ်လာလေသည်။
“ထူးဆန်းလိုက်တာ... ဘာလို့ မိုးကြိုးက တစ်မျိုးကြီး ဖြစ်နေရတာလဲ”
မိုးကြိုး၏ အစွန်းတွင် ရွှေရောင်သန်းနေသည်ကို မြင်လိုက်ရသောအခါ သစ်ပင်နတ်ဆိုးကြီး အံ့သြသွားလေသည်။
`ဂျိမ်း...`
သစ်နွယ်ထီးကြီးသည် နေရာတွင်ပင် ပေါက်ကွဲပျက်စီးသွားလေသည်။ သစ်ပင်နတ်ဆိုးကြီး မျက်လုံးပြူးသွားပြီး အော်ဟစ်လိုက်လေသည်။
“မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး... ဒါ `ကောင်းကင်ဘုံ ၃၉ သွယ် မိုးကြိုးဘေး` ရဲ့ စွမ်းအား မဟုတ်ဘူး”
လှောင်အိမ်ထဲတွင်...
လုံထျန်းရှင်း မျက်လုံးများ ပြူးကျယ်သွားလေသည်။
သူ၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာပြီး ကြောင်တောင်တောင် ဖြစ်နေသော ဝမ်ဖင်းအန်း၏ ပခုံးကို ကိုင်ကာ အမိန့်ပေးလိုက်သည်။
“ဂျူနီယာညီလေး... ဆက်ပြီး မြှောက်ပြော... သေတဲ့အထိ မြှောက်ပြောစမ်း”
“ဗျာ...”
“ဘာ ဗျာ လဲ... ဆက်ပြောလေ”
“အဲ... ဟုတ်... ဟုတ်ကဲ့”
ဝမ်ဖင်းအန်း ခေါင်းငြိမ့်လိုက်ပြီး ဆက်ပြောလေသည်။
“ခဏတာ ရှုံးနိမ့်ခြင်းက ထာဝရ ရှုံးနိမ့်ခြင်း မဟုတ်ပါဘူး စီနီယာ... ပထမအဆင့်ကို ထိခိုက်မှု မရှိဘဲ ခုခံနိုင်ခဲ့တာ တကယ် အံ့သြစရာပါပဲ... ဒုတိယအဆင့်ကိုလည်း လွယ်လွယ်ကူကူ ရှောင်တိမ်းနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”
“ပါးစပ်ပိတ်ထားစမ်း” သစ်ပင်နတ်ဆိုးကြီး အော်ငေါက်လိုက်သည်။
သစ်နွယ်ထီးကြီးကို ဖန်တီးဖို့ သူ့စွမ်းအား တစ်ဝက်လောက် သုံးလိုက်ရသည်။ အရင်တုန်းကဆိုလျှင် မိုးကြိုး (၃) ချက်စလုံးကို တောင့်ခံနိုင်သည်။
ယခုကျတော့ တစ်ချက်တည်းနှင့် ပျက်စီးသွားရပြီ။
“ဘာတွေ ဖြစ်ကုန်တာလဲ”
“ငါ့ရဲ့ သွေးမျိုးဆက် အဆင့်တက်တာ မြန်လွန်းလို့ မိုးကြိုးဘေးက ပိုပြင်းထန်လာတာများလား”
သစ်ပင်နတ်ဆိုးကြီး အဖြေရှာမရ ဖြစ်နေလေသည်။
`ဂေါက်... ဂေါက်...`
ဒုတိယမြောက် မိုးကြိုးဘေး ကျရောက်လာတော့မည်။
“မဖြစ်တော့ဘူး” သစ်ပင်နတ်ဆိုးကြီးသည် ကျန်ရှိသော စွမ်းအားများကို စုစည်းပြီး ဒုတိယမြောက် သစ်နွယ်ထီးကြီးကို ဖန်တီးလိုက်လေ၏။
`ဂျိမ်း...`
ဒုတိယမိုးကြိုးသည် ရွှေရောင် တစ်ဝက်ခန့် ပါဝင်နေပြီး ပထမမိုးကြိုးထက် ပိုမို ကြောက်မက်ဖွယ် ကောင်းလှသည်။ ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ ဖိအားများကို ခံစားနေရသည်။
“ပြင်းထန်လိုက်တာ”
မိုးကြိုးသည် သစ်နွယ်ထီးကြီးကို ဆွေးမြေ့နေသော သစ်သားတုံး တစ်တုံးကဲ့သို့ အလွယ်တကူ ဖျက်ဆီးပစ်လိုက်လေသည်။ ထို့နောက် အရှိန်မသေဘဲ ဆက်လက် ပစ်ခတ်လိုက်ရာ သစ်ပင်နတ်ဆိုးကြီး၏ အကိုင်းအခက်များ မီးလောင်ကျွမ်းသွားပြီး အကြီးအကျယ် ထိခိုက်သွားလေတော့သည်။
“ဒါ ကောင်းကင်ဘုံ ၃၉ သွယ် မိုးကြိုးဘေး မဟုတ်ဘူး”
သစ်ပင်နတ်ဆိုးကြီး ကြောက်လန့်သွားလေသည်။
ဒုတိယမိုးကြိုးအပြီးတွင် သူ၏ နှစ်တစ်ရာ ကျင့်ကြံခြင်းများ ဆုံးရှုံးသွားပြီး အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ် ဖြစ်လာမည့် အခွင့်အရေး လက်လွတ်သွားရုံမက၊ လက်ရှိ အဆင့်မှပင် လျော့ကျသွားတော့၏။ နောက်ဆုံးမိုးကြိုးကို ခံနိုင်ရည် ရှိတော့မည် မဟုတ်ပေ။
“ရှုံးနိမ့်ခြင်းက အောင်မြင်ခြင်းရဲ့ မိခင်ပါ စီနီယာ... နှစ်ခါ ရှုံးရုံနဲ့ ဘာမှ မဖြစ်ပါဘူး... တတိယအကြိမ်ကျရင် သေချာပေါက် အောင်မြင်မှာပါ”
ဝမ်ဖင်းအန်းသည် ဇွဲမလျှော့ဘဲ ဆက်လက် မြှောက်ပင့်နေလေသည်။
အစပိုင်းတွင် သူ နားမလည်ခဲ့ပေ။
သို့သော် ခုနလေးတင် လုံထျန်းရှင်းက `ဂျူနီယာညီလေးဝမ်... မင်းက ကျိန်စာသင့် မြှောက်ပင့်ဘုရင်ပဲ`ဟု ကပ်ပြောလိုက်မှ သဘောပေါက်သွားလေသည်။
ဂိုဏ်းချုပ်က ဘာကြောင့် သူ့ကို တပည့်အဖြစ် လက်မခံလဲ ဆိုတာ ယခုမှ နားလည်တော့သည်။
သူက `ကျိန်စာသင့် မြှောက်ပင့်ဘုရင်` ဖြစ်နေ၍ကိုး။
သူ့ကို ဆရာတင်သည့် လူတိုင်း ကံဆိုးမိုးမှောင် ကျကုန်တာကိုး။
ဒါကြောင့် ဝမ်ဖင်းအန်း အစွမ်းကုန် ကြိုးစားတော့သည်။
“သစ်ပင်နတ်ဆိုး အကြီးအကဲ... ခင်ဗျားက ကောင်းကင်ထက် မြင့်တယ်... ပင်လယ်ထက် နက်တယ်... ခင်ဗျားက...”
“မင်း ပါးစပ် ပိတ်ထားစမ်းကွာ”
သစ်ပင်နတ်ဆိုးကြီးသည် ဝမ်ဖင်းအန်း၏ အစွမ်းကို မသိသော်လည်း စိတ်အခြေအနေ အလွန် ဆိုးရွားနေသဖြင့် ဒေါသထွက်ကာ လှံ တစ်ချောင်းကဲ့သို့ ထက်ရှသော သစ်နွယ် တစ်ခုဖြင့် ဝမ်ဖင်းအန်းကို ထိုးစိုက်လိုက်လေသည်။
“သတိထား”
အားလုံးက ဝမ်ဖင်းအန်းကို ဆွဲဖယ်လိုက်သဖြင့် သီသီလေး လွတ်သွားလေသည်။ ထိုအချိန်မှာပင် တတိယမြောက် မိုးကြိုးဘေး ကျရောက်လာလေ၏။
ဒီတစ်ခါတော့ ရွှေရောင် သက်သက်။
မြင့်မြတ်ခြင်း၊ လွှမ်းမိုးခြင်းနှင့် အန္တရာယ်များခြင်းတို့ ပေါင်းစပ်ထားသော ဖိအားကြီးတစ်ခု ကျဆင်းလာပြီး သစ်ပင်နတ်ဆိုးကြီးကို နေရာ၌ပင် ချုပ်နှောင်ထားလိုက်လေ၏။ သူသည် မိုးကြိုး၏ ရိုက်ခတ်မှုကို ရှောင်တိမ်းနိုင်ခြင်း မရှိဘဲ နှစ်ပိုင်းကွဲကာ `ဗိုင်း` ခနဲ လဲကျ
သေဆုံးသွားလေတော့သည်။
“သောက်ကျိုးနည်း... မင်းက ကျိန်စာသင့် မြှောက်ပင့်ဘုရင်ကိုး”
မသေခင်လေးမှာမှ သစ်ပင်နတ်ဆိုးကြီး သဘောပေါက်သွားလေသည်။ သူ၏ နောက်ဆုံးစကားများမှာ ဒေါသ၊ မကျေနပ်ချက်နှင့် နာကြည်းချက်များဖြင့် ပြည့်နှက်နေလေ၏။
`ခွပ်...`
သစ်ပင်နတ်ဆိုးကြီး သေဆုံးသွားသည်နှင့် တပြိုင်နက် ဟိုယွင်ကျဲ၏ မျက်ခုံးကြားမှ `ဝိညာဉ်ချုပ် သစ်သားဆူး` ကြွေကျသွားပြီး ကျင့်ကြံခြင်း စွမ်းအားများ ပြန်လည် ရရှိလာလေသည်။ သူသည် ဓားဖြင့် သစ်နွယ်လှောင်အိမ်ကို ခုတ်ပိုင်းလိုက်ပြီး ရှီလေ့တို့နှင့်အတူ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်လေ၏။
“ငါတို့ လွတ်ပြီဟေ့”
အခြား လှောင်အိမ်များမှ ကျင့်ကြံသူများလည်း ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
တချို့ဆိုလျှင် အားပါးတရ အော်ရယ်ကာ လှောင်အိမ်များကို ဖောက်ထွက်လျက် မြေပြင်ပေါ်သို့ ဆင်းသက်လာကြလေ၏။
နောက်ကွယ်တွင်...
ယဲ့ဖုန်းသည် တပည့်များ လွတ်မြောက်သွားသည်ကို မြင်ပြီး ကျေနပ်သွားလေသည်။ ထို့နောက် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်ကို အမိန့်ပေးလိုက်သည်။
“သစ်ပင်နတ်ဆိုးကြီးရဲ့ အလောင်းကို သယ်ခဲ့... ဒါပေမဲ့ သတိထား... မင်းဘယ်သူလဲ ဆိုတာ မပေါ်စေနဲ့... တိတ်တိတ်လေး လုပ်”
“စိတ်ချပါ”
နတ်ဆိုးဘုရင် ခေါင်းငြိမ့်လိုက်သည်။
ချိုင့်ဝှမ်းအတွင်းတွင်...
သစ်ပင်နတ်ဆိုး (၁၀) ကောင်ခန့်နှင့် သစ်နွယ်စစ်သည်တော်များသည် ခေါင်းဆောင်ကြီး သေဆုံးသွားသည်ကို မယုံနိုင်ဘဲ စူးစူးဝါးဝါး အော်ဟစ်နေကြလေသည်။
‘ပထမမိုးကြိုး နှစ်ချက်တုန်းက ခေါင်းဆောင်ကြီး အလွယ်တကူ ခုခံနိုင်ခဲ့တာပဲ။ ဘာလို့ ဒီတစ်ခါ မိုးကြိုးက ဒီလောက် ပြင်းထန်သွားရတာလဲ။’
ရှီလေ့တို့ အဖွဲ့ကလွဲလျှင် ဘယ်သူမှ အဖြေမှန်ကို မသိကြပေ။
“သောက်ကျိုးနည်း နတ်ဆိုးတွေ... သေကြစမ်း”
ဝတ်ရုံဖြူနှင့် ဓားသမားတစ်ဦးသည် စွမ်းအားများ ပြန်ရလာသည်နှင့် `ချီစုစည်းခြင်း အထွတ်အထိပ်` အရှိန်အဝါကို ထုတ်လွှတ်ပြီး ဓားပျံဖြင့် သစ်ပင်နတ်ဆိုးများကို ဝင်ရောက် တိုက်ခိုက်လေတော့သည်။
“ဒီကောင်တွေ လူတွေ အများကြီးကို သတ်ခဲ့တာ... ငါတို့လည်း ဝင်ကူရအောင်” ဟိုယွင်ကျဲသည် `အေးစက် အလင်းဓား`အား ဆွဲထုတ်ပြီး တိုက်ပွဲဝင်လိုက်လေသည်။
“နဂါးအသွင် ပြောင်းလဲခြင်း”
လုံထျန်းရှင်းသည် မြင်းစီးသိုင်းကွက် ပုံစံ ထိုင်ပြီး အော်ဟစ်လိုက်ရာ ခန္ဓာကိုယ်မှ အလင်းရောင်များ ထွက်ပေါ်လာတော့၏။ သူသည် နဂါးလူသားအသွင် ပြောင်းလဲသွားကာ တိုက်ခိုက်ရေးစွမ်းရည်များ ရုတ်ချည်း မြင့်တက်လာလေသည်။
“ငါတို့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပဲ လိုတာ”
ရှီလေ့သည် `မှော်လိပ်ခွံဒိုင်း`နှင့် `လိပ်နက် ချပ်ဝတ်` သိုင်းနည်းစနစ်ကို ထုတ်သုံးပြီး ဝမ်ဖင်းအန်းနှင့် သူ့ကိုယ်သူ ကာကွယ်လိုက်လေသည်။
“တောက်ပသော ဓားအလင်း”
ဟိုယွင်ကျဲသည် လက်တစ်ဖက်ဖြင့် မုဒြာဖော်ပြီး ကျန်တစ်ဖက်ဖြင့် ဓားကို ဝှေ့ယမ်းလိုက်သည်။ တောက်ပသည့် ဓားအလင်းတန်းများက သစ်နွယ်စစ်သည်တော် ဒါဇင်ပေါင်းများစွာကို ပိုင်းဖြတ်လိုက်လေသည်။
“မင်းတို့ သေချင်နေတာလား”
ကျန်ရစ်သော သစ်ပင်နတ်ဆိုး (၁၀) ကောင်ခန့် ဒေါသထွက်သွားကြလေ၏။
သူတို့ မလှုပ်ရှားနိုင်သော်လည်း ကျင့်ကြံခြင်းအဆင့်မှာ `အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ်` နီးပါး ရှိကြသည်။ ပုဆိန်ကဲ့သို့ လေးလံပြီး လှံကဲ့သို့ ထက်ရှသော သစ်နွယ်များဖြင့် ကျင့်ကြံသူများကို ထိုးစိုက် တိုက်ခိုက်ကြလေသည်။
“ကြည့်ရတာ ဒီသိုင်းကွက်ကို မသုံးလို့ မရတော့ဘူး”
ဟိုယွင်ကျဲသည် တိုက်ပွဲမြေပြင်နှင့် လွတ်ကင်းရာသို့ ခုန်ထွက်လိုက်ပြီး ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်၏။ ဘယ်လက်ဖြင့် ဓားအိမ်ကို ကိုင်ကာ ညာလက်ဖြင့် ဓားရိုးကို ပြောင်းပြန်ကိုင်ပြီး အရှိန်ယူလိုက်လေသည်။
“အားလုံး ဖယ်ကြပါ” ရှီလေ့ အော်ဟစ်သတိပေးလိုက်သည်။
ဟိုယွင်ကျဲ၏ ဟန်ပန်ကို မြင်သည်နှင့် လုံထျန်းရှင်းသည် `ဓားဆွဲထုတ်ခြင်း နည်းစနစ်`သုံးတော့မည်ကို သိလိုက်ပြီး စစ်မြေပြင်မှ အမြန် ခွာလိုက်လေ၏။ ဝတ်ရုံဖြူ ဓားသမားသည်လည်း ပြင်းထန်သော ဓားအရှိန်အဝါကို ခံစားမိသဖြင့် နောက်ဆုတ်လိုက်ပြီး ဟိုယွင်ကျဲကို စိတ်ဝင်တစား ကြည့်နေမိသည်။
“ပြင်းထန်လိုက်တဲ့ အရှိန်အဝါ”
ဝတ်ရုံဖြူ ဓားသမား မျက်လုံးများ ကျဉ်းမြောင်းသွားလေ၏။
သူသည်လည်း ဓားသိုင်းပါရမီရှင် တစ်ယောက် ဖြစ်သော်လည်း ဟိုယွင်ကျဲ၏ ထက်ရှသော ဓားအရှိန်အဝါကို ရင်ဆိုင်ရချိန်တွင် မပေါ့ဆရဲပေ။
“ထွက်ခဲ့”
ဟိုယွင်ကျဲ ဓားကို ဆွဲထုတ်လိုက်လေသည်။
`ရွှပ်...`
လခြမ်းကွေးပုံသဏ္ဌာန် ဓားအလင်းတန်းကြီးသည် မြေပြင်အထက် (၃) မီတာခန့် အမြင့်မှနေ၍ ဖြတ်သန်းသွားရာ သစ်ပင်ကြီး (၅) ပင်ကို ထောပတ်တုံး လှီးဖြတ်လိုက်သကဲ့သို့ အလွယ်တကူ ပိုင်းဖြတ်သွားလေတော့သည်။
ကျန်ရစ်သော သစ်ပင်နတ်ဆိုးများမှာလည်း ဒဏ်ရာအပြင်းအထန် ရသွားကြလေ၏။
“ကြောက်စရာကောင်းတဲ့ ဓားသိုင်းပဲ”
ဝတ်ရုံဖြူ ဓားသမား အံ့သြသွားလေသည်။
“အဟွတ်... အဟွတ်...”
ဓားဆွဲထုတ်ပြီးနောက် ဟိုယွင်ကျဲသည် မောဟိုက်သွားပြီး မြေကြီးပေါ်သို့ လဲကျမလို ယိုင်သွားသော်လည်း လုံထျန်းရှင်းက အချိန်မီ ဝင်တွဲလိုက်လေသည်။
“ဒုတိယ စီနီယာအစ်ကို... ရော့... ဆေးသောက်လိုက်ပါဗျ” ဝမ်ဖင်းအန်းက `အဆင့်နိမ့် ပြန်လည်နုပျိုဆေး` ပုလင်းကို ကပျာကယာ ထုတ်ပေးလိုက်သည်။
ဆေးလုံးအနည်းငယ် သောက်ပြီးနောက် ဟိုယွင်ကျဲ အသက်ရှုမှန်လာလေသည်။
သူသည် ကျန်နေသေးသော သစ်ပင်နတ်ဆိုးများကို ကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားကာ နောက်တစ်ကြိမ် ဓားဆွဲထုတ်ရန် ပြင်ဆင်လိုက်ပြန်သည်။
“မလုပ်ပါနဲ့... လွှတ်ပေးကြပါ”
“ငါတို့ကို လွှတ်ပေးပါ”
“အကုန်လုံးက ခေါင်းဆောင်ကြီး အပြစ်ပါ... ငါတို့ အပြစ်မရှိပါဘူး”
သစ်ပင်နတ်ဆိုးများ အော်ဟစ် တောင်းပန်ကြသော်လည်း ဟိုယွင်ကျဲက ဂရုမစိုက်ဘဲ ဒုတိယအကြိမ် ဓားချက်ကို ထုတ်လွှတ်လိုက်ရာ ကျန်ရှိနေသမျှ နတ်ဆိုးများအားလုံး ပြာကျသွားလေတော့သည်။
တိုက်ပွဲကြီးမှာ ပြီးဆုံးသွားတော့၏။
အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူ (၁၀) ဦးခန့်သည် ဟိုယွင်ကျဲတို့ အဖွဲ့အနားသို့ ရောက်လာပြီး ကျေးဇူးတင်စကား ဆိုကြလေသည်။
“ကျွန်တော်က `ဓားဘုရင်ဂိုဏ်း` ရဲ့ အတွင်းစည်း တပည့် `လော့ဟယ်တုံ` ပါ... မိတ်ဆွေတို့က `မြင့်မြတ်သော လေဓားဂိုဏ်း`က တပည့်တွေ မဟုတ်လား”
ဝတ်ရုံဖြူ ဓားသမားသည် (၃) မီတာ အကွာတွင် ရပ်လျက် ဟိုယွင်ကျဲတို့အား ဓားကိုင်ဂါရဝပြုလိုက်လေသည်။
“ဓားဘုရင်ဂိုဏ်း လား”
ဟိုယွင်ကျဲနှင့် အခြား ကျင့်ကြံသူများ၏ မျက်နှာတွင် လေးစားအားကျသော အရိပ်အယောင်များ ပေါ်လာလေသည်။
ဓားဘုရင်ဂိုဏ်း ဆိုသည်မှာ တောင်ပိုင်းမြစ်ကန် ဒေသရှိ ကြယ်နှစ်ပွင့်အဆင့် အင်အားစုကြီး တစ်ခု ဖြစ်သည်။
မြင့်မြတ်သော လေဓားဂိုဏ်း ကဲ့သို့ပင် ဓားသိုင်းကို အဓိကထားသော ဂိုဏ်းဖြစ်ပြီး၊ တပည့်တိုင်းသည် ဓားသိုင်းအပြင် အထောက်အကူပြု ကျင့်စဉ်များကိုပါ လေ့ကျင့်ကြရသည်။
သို့သော် ဓားဘုရင်ဂိုဏ်းသည် ထိုက်ယွဲ့ တောင်တန်းနှင့် မိုင်တစ်သောင်းကျော် ဝေးကွာသည်။ ခရိုင်ဘုရင်မြို့တော်ထက်ပင် ပိုဝေးသေးသည်။ လော့ဟယ်တုံ ဒီလောက် ဝေးလံခေါင်ဖျားတဲ့ နေရာကို ဘာလာလုပ်တာလဲ ဆိုတာ အားလုံး သိချင်နေကြသည်။
နောက်ကွယ်တွင်...
ယဲ့ဖုန်းသည်လည်း `ကောင်းကင်မေးမြန်း ကြေးမုံ` မှတဆင့် လော့ဟယ်တုံကို ကြည့်ရင်း စပ်စုချင်စိတ်များ ဖြစ်ပေါ်လာလေတော့သည်။
အခန်း (၂၅၄) - ဓားဘုရင်ဂိုဏ်းမှ လော့ဟယ်တုံနှင့် ယဲ့ဖုန်းအဖြစ် ဟန်ဆောင်သူ
~တောင်ပိုင်းမြစ်ကန် ဒေသတွင် ကြယ်နှစ်ပွင့် အဆင့် အင်အားစုဟူ၍ လက်ချိုး ရေတွက်ကြည့်လျှင် လက်တစ်ဆုပ်စာသာ ရှိပေသည်။
ခရိုင်ဘုရင်မြို့တော်၊ မြင့်မြတ်သော လေဓားဂိုဏ်း၊ ကျွန်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့နှင့် ဓားဘုရင်ဂိုဏ်း တို့သာ ဖြစ်ကြ၏။
ထိုလေးဖွဲ့မှလွဲ၍ ကျန်ရှိသော ကြယ်နှစ်ပွင့်အဆင့် အင်အားစုများသည် လူလုံးထွက်ပြလေ့ မရှိကြဘဲ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည့်အလား ငြိမ်သက်နေကြသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် တောင်ပိုင်းမြစ်ကန် ဒေသ၏ အဓိက အင်အားစုကြီးများကို "မြို့တစ်မြို့၊ အဖွဲ့တစ်ဖွဲ့၊ ဓားဂိုဏ်းနှစ်ဂိုဏ်း" ဟု တင်စားခေါ်ဝေါ်ကြ၏။
ဓားဘုရင်ဂိုဏ်း၏ အင်အားသည် မြင့်မြတ်သော လေဓားဂိုဏ်းနှင့် ယှဉ်လျှင် တူညီသည်ဟု ဆိုနိုင်သော်လည်း တစ်ခုက တောင်ပိုင်း၊ တစ်ခုက မြောက်ပိုင်းတွင် တည်ရှိပြီး အတော်လေး ဝေးကွာပေသည်။
လော့ဟယ်တုံသည် မြောက်ပိုင်းမှ ဤမျှ ဝေးကွာသော နေရာသို့ အဘယ်ကြောင့် ရောက်လာရသည်၊ အဘယ်ကြောင့် သစ်ပင်နတ်ဆိုး၏ ဖမ်းဆီးခြင်းကို ခံရသည် ဆိုသည်မှာ သူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စ ဖြစ်၍ အခြားသူများ မမေးမြန်းကြပေ။
“မိတ်ဆွေက ဓားဘုရင်ဂိုဏ်းရဲ့ အတွင်းစည်း တပည့် ဖြစ်နေတာကိုး... ကျွန်တော်တို့ မသိလို့ ခွင့်လွှတ်ပါ”
ရှီလေ့သည် လက်အုပ်ချီပြီး တောင်းပန်လိုက်လေသည်။
“ကျွန်တော်တို့က ရေပေါ်ဖြူ မြို့တော် အပြင်ဘက်က မြူခိုးဂိုဏ်းကပါ” ဟိုယွင်ကျဲက မိတ်ဆက်ပေးလိုက်သည်။
“ဒါက ကျွန်တော့်ရဲ့ စီနီယာ အစ်ကိုကြီး ရှီလေ့ ပါ... ကျွန်တော်က ဒုတိယတပည့် ဟိုယွင်ကျဲ... သူတို့နှစ်ယောက်က ဂျူနီယာညီလေးတွေ ဖြစ်တဲ့ လုံထျန်းရှင်း နဲ့ ဝမ်ဖင်းအန်း ပါ”
လော့ဟယ်တုံနှင့် အခြား ကျင့်ကြံသူများသည် နားမလည်နိုင် ဖြစ်သွားကြ၏။
“ရေပေါ်ဖြူ မြို့တော်ကိုတော့ သိတယ်... မြူခိုးဂိုဏ်း ဆိုတာကိုတော့ တစ်ခါမှ မကြားဖူးဘူး”
“အခုမှ နာမည်ကြီးလာတဲ့ ဂိုဏ်းသစ်လေး ဖြစ်မယ်... သူတို့ရဲ့ ပါရမီနဲ့ စွမ်းရည်တွေကို ကြည့်ရတာ ကြယ်တစ်ပွင့် အဆင့် ဂိုဏ်းသစ်လေး ဖြစ်လောက်တယ်”
“ဖြစ်နိုင်တယ်... ငါတို့ အဖမ်းခံနေရတာ လနဲ့ချီနေပြီဆိုတော့ အပြင်လောက အကြောင်း မသိတာ မဆန်းပါဘူး”
“ဘာပဲဖြစ်ဖြစ်... ညီအစ်ကိုဟိုရဲ့ ဓားသိုင်းကတော့ တကယ် ကြောက်စရာ ကောင်းတယ်... နတ်ဆိုးဗိုလ်ချုပ် နီးပါး စွမ်းအားရှိတဲ့ သစ်ပင်နတ်ဆိုးကိုတောင် ခုတ်ပိုင်းနိုင်တယ်”
ကျင့်ကြံသူများသည် တီးတိုး အကဲခတ်ရင်း အံ့သြနေကြလေသည်။
သူတို့သည် တောင်တန်းထဲသို့ လေ့ကျင့်ရန် လာရင်း သစ်ပင်နတ်ဆိုး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ရာချီသော လူအုပ်ကြီးမှ ယခုအခါ (၁၅) ယောက်ခန့်သာ အသက်ရှင် ကျန်ရစ်တော့သည်။ ကိုးဆယ်ရာခိုင်နှုန်းသော လူများမှာ ယဇ်ကောင်အဖြစ် အသက်စွန့်ခဲ့ရတော့၏။
ထိုအကြောင်းကို တွေးမိသောအခါ အားလုံး ဝမ်းနည်းသွားကြသည်။
ကျင့်ကြံခြင်း လောက၏ သဘာဝမှာ ဤသို့ပင်။
တစ်ချက်လေး ပေါ့ဆလိုက်သည်နှင့် အသက်ပေးလိုက်ရတတ်သည်။
“မိတ်ဆွေတို့... နောက်မှ ပြန်ဆုံကြမယ်”
“ပြန်ဆုံကြတာပေါ့”
“ကျွန်တော်တော့ သေသွားတဲ့ ဂိုဏ်းသားတွေကို အရင် သင်္ဂြိုဟ်လိုက်ဦးမယ်... ပြီးရင် သူတို့ရဲ့ မိသားစုတွေကို စောင့်ရှောက်ပေးရဦးမယ်... ဟူး...”
“အားလုံး ဂရုစိုက်ကြပါနော်”
မျက်စိတစ်မှိတ်အတွင်း အသက်ရှင်ကျန်ရစ်သူများသည် ထွက်ခွာသွားကြလေသည်။ သစ်ပင်နတ်ဆိုးများထံမှ ရရှိနိုင်သော ပစ္စည်းများကိုပင် မယူတော့ပေ။
သေမင်းနှင့် မျက်နှာချင်းဆိုင် တွေ့ပြီးနောက် ပစ္စည်းဥစ္စာများသည် အရေးမပါတော့ဟု ခံစားနေကြတော့၏။ သူတို့၏ တစ်ခုတည်းသော ဆန္ဒမှာ ဂိုဏ်းသို့ အမြန်ပြန်၊ ရေချိုးပြီး ကောင်းကောင်း အနားယူရန်သာ ဖြစ်ပါ၏။
လော့ဟယ်တုံ ကတော့ မပြန်သေးပေ။
သူသည် ဝိညာဉ်ဓားကို အိမ်ထဲပြန်ထည့်ပြီး ဟိုယွင်ကျဲအား လက်အုပ်ချီလိုက်သည်။
“ညီအစ်ကိုဟို... ခုနက ခင်ဗျား သုံးလိုက်တဲ့ သိုင်းကွက်က `ဓားဆွဲထုတ်ခြင်း နည်းစနစ်` နဲ့ တူတယ်... ဒါပေမဲ့ ဘာလို့ ဒီလောက် စွမ်းအားကြီးနေရတာလဲဗျ”
“ဒါက ကျွန်တော်တို့ ဂိုဏ်းချုပ် ကိုယ်တိုင် ဖန်တီးထားတဲ့ ဓားသိုင်းပါ... ပဉ္စမအဆင့် သိုင်းနည်းစနစ်နဲ့ စွမ်းအားတူတယ်လို့ ပြောကြတယ်... ဘာလို့ ဒီလောက် စွမ်းအားကြီးလဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး”
ဟိုယွင်ကျဲ ရှင်းပြလိုက်သည်။
သူ ဓားဆွဲထုတ်ခြင်း နည်းစနစ်ကို တတ်မြောက်ပြီးနောက် ယဲ့ဖုန်းက ကြိုတင် သိရှိနေသည်ကို တွေ့လိုက်ရသဖြင့် ယဲ့ဖုန်း ကိုယ်တိုင် ဖန်တီးထားသည်ဟု ထင်မှတ်နေခြင်း ဖြစ်သည်။
“ခင်ဗျားတို့ ဂိုဏ်းချုပ် ဖန်တီးထားတာ ဟုတ်လား... ကြည့်ရတာ ခင်ဗျားတို့ ဂိုဏ်းချုပ်က တကယ့် ပညာရှင်ကြီး ဖြစ်ပုံရတယ်”
လော့ဟယ်တုံ လေးစားသွားလေတော့သည်။
သူ့စိတ်ထဲတွင် ယဲ့ဖုန်းကို ဘယ်လက်တွင် အဆောင်လက်ဖွဲ့ ကိုင်ဆောင်ပြီး ညာလက်တွင် ဓားပျံကို ထိန်းချုပ်ထားသော နတ်ဘုရား တစ်ပါးအဖြစ် ပုံဖော်ကြည့်နေမိသည်။
“ဒါပေါ့... ကျွန်တော်တို့ ဂိုဏ်းချုပ်က တကယ့် နတ်ဘုရားပါပဲ... အု... အု...”
`ကျိန်စာသင့် မြှောက်ပင့်ဘုရင်` ဝမ်ဖင်းအန်းသည် မျက်လုံးများ အရောင်လက်လျက် ဝင်ရောက် ချီးကျူးလိုက်လေသည်။
သို့သော် စကားမဆုံးခင်မှာပင် ပါးစပ် ပိတ်ဆို့ခံလိုက်ရသည်။
“ဟုတ်တယ်... ဟုတ်တယ်... ငါတို့ ဂိုဏ်းချုပ်က ပါရမီရှင်ကြီးပါ... လူတိုင်း လေးစားရတဲ့ ပုဂ္ဂိုလ်ကြီးပါ... ဂျူနီယာညီလေး... တော်တော့... ဆက်မပြောနဲ့တော့”
လုံထျန်းရှင်းသည် ဝမ်ဖင်းအန်း၏ ပါးစပ်ကို အမြန် ပိတ်လိုက်ရလေသည်။
“မေ့သွားလို့... ငါက `ကျိန်စာသင့် မြှောက်ပင့်ဘုရင်` ဆိုတာ သတိမရဘူး... ကိုယ့်လူကို ပြန်ပြီး မမြှောက်သင့်ဘူးပဲ”
ဝမ်ဖင်းအန်း သဘောပေါက်သွားပြီး ပါးစပ်ကို ကျစ်ကျစ်ပါအောင် ပိတ်ထားလိုက်လေတော့သည်။
နောက်ကွယ်တွင်...
ယဲ့ဖုန်းသည် ဝမ်ဖင်းအန်း၏ ချီးကျူးစကားကို ကြားလိုက်ရသဖြင့် ကြက်သီးမွေးညှင်းများ ထသွားပြီး ပြေးကန်ချင်စိတ် ပေါက်သွားလေသည်။ တော်သေးတာပေါ့... လုံထျန်းရှင်းက ပါးနပ်လို့ အချိန်မီ တားလိုက်နိုင်တာ။
“ကံကောင်းလို့... ကံကောင်းလို့...”
ယဲ့ဖုန်းသည် သက်ပြင်းချရင်း ခေါင်းကုတ်လိုက်ရာ ဆံပင်အနည်းငယ် ကျွတ်ပါလာသည်ကို တွေ့လိုက်ရသဖြင့် လန့်ဖျပ်သွားလေ၏။
“အား... ဝမ်ဖင်းအန်း... မင်း ပါးစပ်ကို ငါ အသေချုပ်ပစ်မယ်”
ယဲ့ဖုန်း နားလည်လိုက်ရသည်။
သူ `ကျိန်စာသင့် မြှောက်ပင့်စကား` မိသွားလို့ ဆံပင်ကျွတ်သွားတာပဲ။
“မဖြစ်သေးဘူး”
“ဝမ်ဖင်းအန်း ပါးစပ်ပိတ်ထားဖို့ နည်းလမ်းရှာမှ ဖြစ်မယ်”
ကျိန်စာသင့် မြှောက်ပင့်စကား၏ အစွမ်းကို မြင်တွေ့ပြီးနောက် ယဲ့ဖုန်း ထိတ်လန့်သွားလေသည်။
‘ဝမ်ဖင်းအန်းက နှစ်ဖက်သွားဓားပဲ။
သူက ဆေးဖော်တဲ့ နေရာမှာ ပါရမီရှင် ဖြစ်ပြီး မြူခိုးဂိုဏ်းအတွက် အရေးပါပေမဲ့...
သူ့ပါးစပ်ကလည်း တကယ့် ပြဿနာကောင်ကြီး။ လျှောက်ပြောလိုက်ရင် ဂြိုဟ်ဝင်နိုင်တယ်။’
...
သစ်ပင်နတ်ဆိုး ချိုင့်ဝှမ်းတွင်...
လော့ဟယ်တုံသည် ဓားရှည်ကို ကျောတွင် လွယ်ပြီး ဟိုယွင်ကျဲတို့ကို နှုတ်ဆက်လိုက်လေသည်။
“ကျွန်တော့်မှာ လုပ်စရာ ကိစ္စလေး ရှိသေးလို့ သွားခွင့်ပြုပါဦး”
သူသည် မြောက်ပိုင်းမှ တောင်ပိုင်းသို့ မိတ်ဆွေဟောင်း တစ်ဦးကို လာတွေ့ရင်း လမ်းတွင် အဖမ်းခံရခြင်း ဖြစ်သည်။ အချိန်အတော်ကြာ ပျောက်ဆုံးနေသဖြင့် သေပြီဟု အထင်ခံရမည် စိုးရိမ်သောကြောင့် အမြန်သွားမှ ဖြစ်မည်။
“နောက်မှ ပြန်တွေ့ကြမယ်” ဟိုယွင်ကျဲ ခေါင်းငြိမ့်လိုက်သည်။
“ကျွန်တော် အားရင် မြူခိုးတောင်ထိပ်ကို လာလည်ပါ့မယ်”
လော့ဟယ်တုံသည် လက်ဖြင့် မုဒြာဖော်လိုက်ရာ ကျောပေါ်မှ ဓားရှည်သည် အလိုအလျောက် ထွက်ပေါ်လာပြီး သူ့ကို တင်ဆောင်ကာ လေထဲသို့ ပျံတက်သွားလေတော့သည်။
မြေပြင်ပေါ်ရှိ သစ်ပင်နတ်ဆိုး အလောင်းများကို ကြည့်ပြီး လုံထျန်းရှင်း စိတ်လှုပ်ရှားနေလေသည်။
“စီနီယာ အစ်ကိုကြီးနဲ့... ဒုတိယ စီနီယာအစ်ကို... ဒီပစ္စည်းတွေက တန်ဖိုးကြီးတယ်... ကျွန်တော်တို့ အခုပဲ ဂိုဏ်းကို ပြန်သယ်သွားကြမလားဗျ”
ထိုအခါ၊ ဟိုယွင်ကျဲက ထောက်ပြလိုက်သည်။
“ဒါပေမဲ့ ဒီလို အခေါက်ခေါက်အခါခါ လုပ်နေရင် အချိန်ကုန်ပြီး ဆေးပင်ရှာတဲ့ တာဝန် ပြီးမှာ မဟုတ်ဘူး”
“အဟမ်း...”
ကျယ်လောင်သော ချောင်းဟန့်သံ တစ်သံ ထွက်ပေါ်လာလေသည်။
တပည့် (၄) ဦး လှည့်ကြည့်လိုက်ရာ လေထဲတွင် လက်ပိုက်လျက် ရပ်နေသော `ယဲ့ဖုန်း` ကို တွေ့လိုက်ရလေသည်။ သူ၏ မျက်နှာထားမှာ အေးစက်တည်ငြိမ်ပြီး ခံ့ညားထည်ဝါသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
“ဒီနေရာကို ငါ့ကို ထားခဲ့လိုက်... မင်းတို့ တာဝန်ကို ဆက်လုပ်ကြပါ” `ယဲ့ဖုန်း` က တည်ငြိမ်စွာ ပြောလိုက်လေသည်။
“ဟုတ်ကဲ့ပါ”
တပည့်များသည် ဂိုဏ်းချုပ် ဘာလို့ ရောက်လာသလဲ ဆိုတာ မသိသော်လည်း ရင်းနှီးသော အရှိန်အဝါကြောင့် သံသယ မဝင်ကြဘဲ အရိုအသေပေးကာ ထွက်ခွာသွားကြလေသည်။
သူတို့ ထွက်သွားသည်ကို ကြည့်ပြီး `ယဲ့ဖုန်း` သည် သက်ပြင်းချလိုက်ရာ ကိုယ်ခန္ဓာပုံစံ ပြောင်းလဲသွားပြီး `မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်` အသွင် ပြန်ပေါ်လာလေသည်။
“မင်းက ငါ့ပုံစံနဲ့ ဟန်ဆောင်ရဲတယ်ပေါ့လေ”
ယဲ့ဖုန်း၏ ဒေါသသံသည် နတ်ဆိုးဘုရင်၏ ခေါင်းထဲတွင် ဟိန်းထွက်လာသဖြင့် တုန်လှုပ်သွားပြီး ကပျာကယာ ရှင်းပြလိုက်ရသည်။
“ဂိုဏ်းချုပ်... ကျွန်တော်က ဂိုဏ်းချုပ် စိတ်မပူရအောင် ကူညီပေးတာပါဗျာ... ဟီးဟီး”
“ဟွန်း... ချိုင့်ဝှမ်းထဲက အသုံးဝင်မယ့် ပစ္စည်းမှန်သမျှ မင်းရဲ့ နေရာကို သယ်သွားလိုက်... နောက်မှ ငါ လာယူမယ်”
“ကောင်းပါပြီ”
နတ်ဆိုးဘုရင်သည် ဧရာမ လက်ဝါးကြီးအသွင် ပြောင်းလဲပြီး သစ်ပင်နတ်ဆိုး အလောင်းများကို ကောက်ယူကာ နန်လု တောင်တန်းဘက်သို့ ပျံသန်းသွားလေတော့သည်။
မြူခိုးတောင်ထိပ်တွင်...
ယဲ့ဖုန်းသည် `ကောင်းကင်မေးမြန်း ကြေးမုံ` မှတဆင့် နတ်ဆိုးဘုရင်၏ ဟန်ဆောင်မှုကို ကြည့်ရင်း အတော်လေး ပိရိသေသပ်ကြောင်း တွေ့ရှိလိုက်ရသည်။
သေချာ အာရုံစိုက် မကြည့်လျှင် အတုမှန်း သိသာမှာ မဟုတ်ပေ။
“ကြည့်ရတာ... ငါ အားတဲ့အချိန်ကျရင် နတ်ဆိုးဘုရင်ကို `ဝိညာဉ်သွေး` တချို့ လွှဲပြောင်းပေးပြီး သူ့ပါရမီကို မြှင့်တင်ပေးမှ ဖြစ်မယ်... သူ့ရဲ့ `ရုပ်ဖျက်စွမ်းရည်` က နောင်ကျရင် အများကြီး အသုံးဝင်လာမှာ”
ယဲ့ဖုန်း စိတ်ကူးများ ယဉ်နေမိလေသည်။
...
ထိုက်ယွဲ့ တောင်တန်း အတွင်း...
တပည့် (၄) ဦးသည် အခက်အခဲကို ကျော်ဖြတ်ပြီးနောက် ပိုမို ရင့်ကျက်လာကြပြီး ဆေးပင်များကို ဆက်လက် ရှာဖွေနေကြလေသည်။
ထိုအချိန်တွင် လော့ဟယ်တုံသည် ဓားပျံစီးကာ တောင်ဘက်သို့ ဦးတည်သွားနေလေ၏။ သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ သန်းနေသည်။
“ညီအစ်ကိုကျိ နဲ့ မတွေ့တာ နှစ်နှစ်တောင် ရှိပြီပဲ... သူ့ပါရမီနဲ့ဆိုရင် အခုလောက်ဆို ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို ရောက်နေလောက်ပြီ”
“နှမြောစရာ ကောင်းလိုက်တာ... ငါသာ အဖမ်းမခံရရင် အခုချိန် ငါလည်း အဆင့်တက်နေလောက်ပြီ”
“ပြီးတော့ ဒီနေ့ တွေ့ခဲ့တဲ့ ဟိုယွင်ကျဲ... နောက်ထပ် ဓားသိုင်းပါရမီရှင် တစ်ယောက်ပဲ... မြူခိုးဂိုဏ်း ဆိုတာ ဘယ်လို ဂိုဏ်းမျိုးလဲ ဆိုတာ တကယ် စိတ်ဝင်စားစရာပဲ”
အတွေးပေါင်းစုံဖြင့် လော့ဟယ်တုံသည် ခရီးဆက်နေလေသည်။
ထိုကဲ့သို့ ခရီးနှင်လာသည်မှာ တစ်ရက်ခန့်ပင် ကြာမြင့်သွားချေပြီ။
အခန်း (၂၅၅) - ထင်းရှူးပင်ကြီး၏ ပါရမီအသစ်နှင့် လော့ဟယ်တုံ၏ အံ့သြမှု
~နန်လု တောင်တန်း...
ချိုင့်ဝှမ်းတစ်ခု၏ အထက်တွင်...
ယဲ့ဖုန်းသည် လေထဲတွင် ရပ်နေလေသည်။
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် သစ်ပင်နတ်ဆိုးချိုင့်ဝှမ်းမှ သိမ်းဆည်းရမိသော အနိုင်ရ ပစ္စည်းများကို မြေပြင်ပေါ်သို့ ပုံချလိုက်လေသည်။ မီတာ (၁၀၀) ခန့် ရှည်လျားသော သစ်ပင်နတ်ဆိုးကြီး၏ ပင်စည်၊ အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် နီးပါး စွမ်းအားရှိသော သစ်ပင်နတ်ဆိုး (၁၀) ကောင်ခန့်၏ ပင်စည်များနှင့် သစ်နွယ်နတ်ဆိုး အပိုင်းအစများ ပါဝင်သည်။
“ကောင်းတယ်”
ယဲ့ဖုန်းသည် ချီးကျူးစကားဆိုပြီး မြေပြင်သို့ ဆင်းသက်လိုက်လေသည်။
နတ်ဆိုးဘုရင်၏ အံ့သြနေသော မျက်လုံးများရှေ့မှာပင် ယဲ့ဖုန်းသည် လက်ဝါးနှစ်ဖက်ဖြင့် သစ်ပင်နတ်ဆိုးကြီး၏ ပင်စည်ကို ကိုင်လိုက်ပြီး အစိမ်းရောင် အလင်းတန်းများကို စုပ်ယူလိုက်လေသည်။ ထိုအလင်းတန်းများသည် စုစည်းသွားပြီး လူခေါင်းအရွယ်အစားရှိသော အစိမ်းရောင် အလင်းလုံးကြီး ဖြစ်လာလေသည်။
အထဲတွင် သွေးမျိုးဆက် အငွေ့အသက်များ ပြင်းထန်စွာ ပါဝင်နေသည်။
“ဒါက `ဝိညာဉ်သွေး` ပဲ... အရမ်း သန့်စင်တာပဲ... ဂိုဏ်းချုပ်... ကျွန်တော့်ကို ပေးလို့ ရမလားဗျာ” နတ်ဆိုးဘုရင် မျက်လုံးများ အရောင်တောက်သွားလေသည်။
ယဲ့ဖုန်းသည် ဝိညာဉ်သွေးကို သိမ်းဆည်းလိုက်ပြီး ငြင်းပယ်လိုက်သည်။
“မရဘူး”
“ဘာလို့လဲ ဂိုဏ်းချုပ်”
နတ်ဆိုးဘုရင် မျက်နှာငယ်သွားလေသည်။
“ဒီဝိညာဉ်သွေးက မင်းနဲ့ မကိုက်ညီဘူး”
ပြောပြီးသည်နှင့် တစ်ပြိုင်နက် နတ်ဆိုးဘုရင်၏ မျက်စိရှေ့တွင် ရောင်စုံ ဝိညာဉ်သွေး ဒါဇင်ပေါင်းများစွာ လေထဲတွင် ပေါ်လာလေသည်။
“မင်းနဲ့ ကိုက်ညီတာ ရွေးလိုက်”
ယဲ့ဖုန်းက ရက်ရောစွာ ပေးလိုက်လေသည်။
နတ်ဆိုးမြို့တော် တိုက်ပွဲအပြီးတွင် သူသည် ဝိညာဉ်သွေး အများအပြား ရရှိခဲ့သည်။ တချို့ကို ဂိုဏ်းစောင့် ဝိညာဉ်သားရဲများအား ပေးခဲ့သော်လည်း အများစုမှာ ကျန်ရှိနေသေးသည်။
“ကျွန်တော် ဒါလိုချင်တယ်... ပြီးတော့ ဒါလေးရော...”
နတ်ဆိုးဘုရင်သည် (၃) မျိုး ရွေးချယ်လိုက်လေသည်။
“ရော့... ယူလိုက်ပါ”
ယဲ့ဖုန်းသည် လက်ညှိုးဖြင့် တောက်လိုက်ရာ လက်သီးဆုပ်အရွယ်အစားရှိသော ဝိညာဉ်သွေး (၃) လုံးသည် နတ်ဆိုးဘုရင်၏ ကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။ နတ်ဆိုးဘုရင်သည် တစ်ကိုယ်လုံး သက်တောင့်သက်သာ ဖြစ်သွားပြီး သွေးမျိုးဆက် အဆင့် မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။
“ကျေးဇူးပါ ဂိုဏ်းချုပ်... ကျွန်တော့်ရဲ့ ပါရမီတွေ အများကြီး တက်လာတယ်... နောက်ထပ် အလုံး (၁၀၀) လောက် ထပ်ပေးရင် `အလယ်အလတ် နတ်ဆိုးဗိုလ်ချုပ်` အဆင့်ကို တက်နိုင်လောက်တယ်ဗျ... ဟီးဟီး”
“အင်း... ဟုတ်တာပေါ့”
ယဲ့ဖုန်းသည် မျက်စောင်းထိုးလိုက်ရာ နတ်ဆိုးဘုရင် လန့်ဖျပ်သွားပြီး လည်ပင်းကျုံ့ကာ ပါးစပ်ပိတ်သွားလေတော့သည်။
(၁၀) မိနစ် ခန့် ကြာပြီးနောက်...
ယဲ့ဖုန်းသည် သစ်ပင်နတ်ဆိုးများ၏ ဝိညာဉ်သွေးများကို ထုတ်ယူပြီး ရေဇလုံအရွယ်အစား ရှိသော အစိမ်းရောင် အလင်းလုံးကြီးအဖြစ် ပေါင်းစပ်လိုက်လေသည်။
“ကျန်တဲ့ သစ်သားတွေက ဆောက်လုပ်ရေးအတွက် အသုံးဝင်တယ်... ဒီမှာပဲ ခဏ ထားခဲ့လိုက်... နောက်မှ ပြန်လာယူမယ်”
ယဲ့ဖုန်းသည် မှာကြားပြီးနောက် မြူခိုးတောင်ထိပ်သို့ ပြန်လည် ပျံသန်းသွားလေသည်။
“ဟီးဟီး၊ ဂိုဏ်းချုပ်... ကောင်းကောင်း ပြန်ပါဗျာ”
နတ်ဆိုးဘုရင်သည် ရယ်မောရင်း သူ့လိုဏ်ဂူထဲသို့ ပြန်ဝင်သွားလေတော့သည်။
*
မြူခိုးတောင်ထိပ်ဝယ်...၊
ယဲ့ဖုန်းသည် နှစ်တစ်ထောင် ထင်းရှူးပင်ကြီး ရှေ့တွင် ရပ်လိုက်ပြီး ကြီးမားသော ဝိညာဉ်သွေး အလင်းလုံးကြီးကို ထင်းရှူးပင်ထဲသို့ ထည့်သွင်းပေးလိုက်၏။
ထင်းရှူးပင်ကြီး တစ်ခုလုံးတွင် အစိမ်းရောင် အလင်းတန်းများ ယှက်သန်းသွားပြီး သက်ရှိစွမ်းအားများ တိုးပွားလာလေသည်။
`ဝေါင်း...`
ထင်းရှူးပင်ကြီးသည် ကောင်းကင်ကို တုန်ဟည်းသွားစေလောက်အောင် စူးရှစွာ အော်ဟစ်လိုက်လေသည်။
`ဝရော... ဝရော...`
မြေကြီးများ တုန်ခါသွားပြီး ထင်းရှူးပင်၏ အမြစ်များသည် ပိုမို ကြီးထွားသန်မာလာကာ (၃) ပုံ (၁) ပုံခန့် ပိုရှည်ထွက်လာသည်။ အပင်အမြင့်သည်လည်း (၅၀) မီတာနီးပါး မြင့်တက်လာပြီး ပင်စည်လုံးပတ်သည် စားပွဲဝိုင်းကြီး တစ်ခုစာမျှ ကြီးမားလာလေသည်။
လေပြင်းမုန်တိုင်း တိုက်ခတ်သကဲ့သို့ `အလယ်အလတ် နတ်ဆိုးဗိုလ်ချုပ်` အဆင့် အရှိန်အဝါများ ရုန်းကြွလာတော့သည်။
“နောက်ဆုံးတော့ အဆင့်တက်နိုင်ပြီ”
ထင်းရှူးပင်ကြီးသည် ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။
အကယ်၍ ဝိညာဉ်သွေး နှစ်ကြိမ်သာ မရရှိခဲ့လျှင် နောက်ထပ် နှစ်တစ်ရာလောက် ကြိုးစားရင်တောင် အဆင့်တက်နိုင်မည် မဟုတ်ပေ။
“စီနီယာ ထင်းရှူးပင်ကြီး အဆင့်တက်သွားပြီလား”
“ဒါက အလယ်အလတ် နတ်ဆိုးဗိုလ်ချုပ်ရဲ့ အရှိန်အဝါလား... အရမ်း အစွမ်းထက်တာပဲ”
တပည့်များ ဝိုင်းအုံလာကြလေသည်။
ကုန်းချင်းချိုးသည်လည်း ဂိုဏ်းချုပ် ခန်းမဆောင်မှ ထွက်လာပြီး ထင်းရှူးပင်ကြီးကို မော့ကြည့်လိုက်ရာ သူမထက်ပင် ပိုမို နက်ရှိုင်းသော အရှိန်အဝါကို ခံစားလိုက်ရသည်။
“ဒါက မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းစောင့် သစ်ပင်ကြီးလား... ဒီလောက် မြန်မြန်ဆန်ဆန် အဆင့်တက်နိုင်တာ ဂိုဏ်းချုပ်ရဲ့ လက်စွမ်းပဲ ဖြစ်မယ်”
ကုန်းချင်းချိုး စိတ်ဝင်စားသွားလေသည်။
ရှေးဟောင်းဂိုဏ်းကြီးများတွင် သက်တမ်းရှည်ကြာသော `ဂိုဏ်းစောင့် ဝိညာဉ်သားရဲ` များ ရှိတတ်ကြသည်။ နှစ်ထောင်ချီ၊ သောင်းချီ အသက်ရှင်ကြပြီး မျိုးဆက်ပေါင်းများစွာကို စောင့်ရှောက်ပေးကြသည်။ တချို့ဂိုဏ်းများဆိုလျှင် မွေးရာပါ ဝိညာဉ်သစ်ပင်များကို စိုက်ပျိုးထားကြသည်။ သစ်သားဓာတ် သားရဲများသည် အခြားသားရဲများထက် အသက်ရှည်ကြလေ၏။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်... လောင်ဆု အဆင့်တက်သွားပါပြီ... ပြီးတော့ `ဝိညာဉ်ချုပ် ထင်းရှူးရွက်` ဆိုတဲ့ ဒုတိယမြောက် ပါရမီကိုလည်း ရရှိပါတယ်... ကျွန်တော့်ထက် အဆင့်နိမ့်တဲ့ ဘယ်သူမဆို ဒီအရွက် ထိမှန်ရင် စွမ်းအားတွေ ချိတ်ပိတ်ခံရမှာပါ”
ဟူ၍၊ ထင်းရှူးပင်ကြီးက ရှင်းပြလိုက်သည်။
ယဲ့ဖုန်း ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
ဒီပါရမီက သစ်ပင်နတ်ဆိုးခေါင်းဆောင်၏ `ဝိညာဉ်ချုပ် သစ်သားဆူး`မှ ဆင်းသက်လာခြင်းပင်။
“ဝိညာဉ်ချုပ်နိုင်တယ် ဟုတ်လား”
ကုန်းချင်းချိုး အံ့သြသွားလေ၏။
“ကျွန်မက အခု ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့် ရှိပါတယ်... လောင်ဆုက အလယ်အလတ် နတ်ဆိုးဗိုလ်ချုပ် ဆိုတော့ ကျွန်မနဲ့ အဆင့်တူလောက် ရှိမယ်... ကျွန်မကိုရော ချိတ်ပိတ်နိုင်မလား မသိဘူး”
သူမ သိချင်စိတ် ပြင်းပြလာပြီး စမ်းသပ်ခံကြည့်ချင်လာသည်။
`ရွှီး...`
ထင်းရှူးရွက် တစ်ရွက်သည် ကုန်းချင်းချိုး၏ မျက်ခုံးကြားသို့ ပျံသန်းသွားပြီး ထိမှန်လိုက်လေသည်။
သူမ၏ အရှိန်အဝါများ လျော့ကျသွားပြီး ခန္ဓာကိုယ် အားနည်းသွားကာ ကျင့်ကြံခြင်း စွမ်းအားများကို အသုံးပြု၍ မရတော့ပေ။
သို့သော် ခဏအကြာတွင် သူမသည် ကိုယ်ပိုင်အစွမ်းဖြင့် ထင်းရှူးရွက်ကို တွန်းထုတ်လိုက်နိုင်ပြီး စွမ်းအားများ ပြန်လည် ရရှိသွားလေသည်။
“တကယ် အစွမ်းထက်တဲ့ ချိတ်ပိတ်ခြင်းပဲ... ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့်ကို အခုမှ ရောက်တဲ့လူဆိုရင် လုံးဝ ခုခံနိုင်မှာ မဟုတ်ဘူး” ကုန်းချင်းချိုး သုံးသပ်လိုက်လေသည်။
“မဆိုးပါဘူး... တော်တော် ကောင်းတယ်”
ယဲ့ဖုန်း ချီးကျူးလိုက်သည်။
“လောင်ဆု... အဆင့်တက်သွားပြီဆိုတော့ ပထမ ပါရမီဖြစ်တဲ့ `ချပ်ဝတ် အစောင့်အရှောက်` ရော တိုးတက်လာလား”
“စမ်းကြည့်လိုက်မယ်”
လောင်ဆုသည် ကိုယ်ကိုခါလိုက်ရာ လက်သီးဆုပ်အရွယ် ထင်းရှူးသီးတစ်လုံး ကြွေကျလာပြီး `ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့်` ရှိသော ချပ်ဝတ် စောင့်ရှောက်သူ တစ်ဦးအဖြစ် ပြောင်းလဲသွားလေသည်။ ယခင်ကထက် များစွာ သာလွန်ပေသည်။
“ကျွန်တော့်ရဲ့ အဆင့်တက်လာတာနဲ့အမျှ စောင့်ရှောက်သူတွေရဲ့ စွမ်းအားလည်း တက်လာမှာပါ... ကျွန်တော် `အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ်` ဖြစ်လာရင် သူတို့က `ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့်` အထိ ရောက်လာမှာပါ”
လောင်ဆု ရှင်းပြလိုက်သည်။
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း၊ ကုန်းချင်းချိုးနှင့် မိုယင်တို့ မျက်လုံးများ အရောင်လက်သွားကြလေသည်။
`ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့်` စောင့်ရှောက်သူ (၉) ဦးအထိ ဖန်တီးနိုင်တယ် ဆိုတော့ လက်ရှိ မြူခိုးဂိုဏ်းအတွက် အတော်လေး အားကိုးရပြီ ဖြစ်သည်။
ထင်းရှူးပင်ကြီး တစ်ပင်တည်းနဲ့တင် ရန်သူအများစုကို ကာကွယ်နိုင်ပြီ။
“လောင်ဆု... ဒီနေ့ကစပြီး ခင်ဗျားက မြူခိုးဂိုဏ်းရဲ့ `ဂိုဏ်းစောင့် သစ်ပင်ကြီး` ဖြစ်သွားပြီ... အပြင်စည်း အကြီးအကဲ အဆင့်အတန်းနဲ့ ညီမျှတယ်... `ဂိုဏ်းစောင့် အကြီးအကဲ` လို့ ခေါ်ကြမယ်” ယဲ့ဖုန်း ဆုံးဖြတ်ချက် ချလိုက်လေသည်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်” လောင်ဆု ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ဂိုဏ်းစောင့် အကြီးအကဲကို ဂါရဝပြုပါတယ်” ကုန်းချင်းချိုးနှင့် တပည့်များ ဦးညွှတ်လိုက်ကြလေသည်။
[ တီ..တီ.. ဂိုဏ်းချုပ် ကိုယ်တိုင် `ဂိုဏ်းစောင့် ဝိညာဉ်သားရဲ - နှစ်တစ်ထောင် ထင်းရှူးပင်အို` အား `ဂိုဏ်းစောင့် အကြီးအကဲ` အဖြစ် ခန့်အပ်လိုက်ပါပြီ... နတ်ဆိုးသားရဲဆောင် အဖွဲ့ဝင် (၁) ဦး လျော့နည်းသွားပြီး၊ အကြီးအကဲများ ခန်းမဆောင် အဖွဲ့ဝင် (၁) ဦး
တိုးလာပါပြီ ]
စနစ်က အလိုအလျောက် ပြင်ဆင်သတ်မှတ်ပေးလိုက်လေသည်။
ယဲ့ဖုန်း အနည်းငယ် အံ့သြသွားသော်လည်း ကောင်းသော ပြောင်းလဲမှု ဖြစ်၍ စိတ်မပူတော့ပေ။
...
နောက်တစ်နေ့သို့ ကူးပြောင်းရောက်ရှိလာပြန်၏။
လော့ဟယ်တုံသည် တစ်ရက်တိတိ ပျံသန်းလာပြီးနောက် မိုင်ထောင်ချီ ဝေးကွာသော `လေနတ်ဘုရား မြို့တော်`သို့ ရောက်ရှိလာလေသည်။ ပန်းခြံတစ်ခုထဲတွင် သူ့ကို စောင့်နေသော ကျိဝူရွှမ်းအား တွေ့လိုက်ရသည်။
“ညီအစ်ကိုကျိ... နောက်ဆုံးတော့ တွေ့ပြီဗျာ”
“ဟား..ညီအစ်ကိုလော့... မင်း.. သတင်းမကြားတာ လနဲ့ချီနေပြီ... တစ်ခုခု ဖြစ်နေပြီလို့ ထင်နေတာ”
“ဟုတ်တယ်... ပြဿနာတက်ခဲ့တယ်... ချိုင့်ဝှမ်းတစ်ခုထဲမှာ သစ်ပင်နတ်ဆိုးရဲ့ ခြုံခိုတိုက်ခိုက်တာ ခံရပြီး အဖမ်းခံလိုက်ရတယ်... ယဇ်ပူဇော်ခံရခါနီးမှ သစ်ပင်နတ်ဆိုးက မိုးကြိုးဘေး မခံနိုင်လို့ သေသွားတာနဲ့ ငါတို့..လွတ်လာတာ”
“ငါတို့ ဟုတ်လား”
“ငါ့အပြင် တခြား ကျင့်ကြံသူတွေ အများကြီးပါတယ်... အဲဒီအထဲမှာ မင်းတို့.. ငါတို့လိုပဲ ဓားသိုင်းပါရမီရှင် တစ်ယောက် ပါတယ်။ နာမည်က ဟိုယွင်ကျဲ တဲ့... မြူခိုးဂိုဏ်းက တပည့်ပဲ”
“မြူခိုးဂိုဏ်း လား”
ကျိဝူရွှမ်း မျက်လုံးပြူးသွားလေသည်။
ထိုအခါ၊ လော့ဟယ်တုံက နားမလည် ဖြစ်သွားသည်။
“ညီအစ်ကိုကျိက မြူခိုးဂိုဏ်းကို သိလို့လား”
“သိတာပေါ့... ရေပေါ်ဖြူ မြို့တော် အရှေ့ဘက် (၁၀) မိုင်လောက်မှာ ရှိတဲ့ အဆင့်မြင့်ဂိုဏ်းလေ... ငါ ရောက်ဖူးတယ်”
“အဆင့်မြင့်ဂိုဏ်း အဆင့်ပဲ ရှိတာလား... ဟိုယွင်ကျဲရဲ့ ပါရမီက အရမ်းကောင်းတော့ ကြယ်အဆင့် ဂိုဏ်းကြီးများလားလို့ ထင်နေတာ” လော့ဟယ်တုံ စိတ်ပျက်သွားလေသည်။
‘အဆင့်မြင့်ဂိုဏ်း သေးသေးလေးမှာ အဲဒီလို ပါရမီရှင်မျိုး ရှိတာလား။’
သူ၏ အမူအရာအား မြင်တော့၊ ကျိဝူရွှမ်းက ခါးသက်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ကြည့်ရတာ ညီအစ်ကိုလော့က အဖမ်းခံနေရတာ ကြာလို့ အပြင်လောက အကြောင်း မသိတော့ဘူး ထင်တယ်... မြူခိုးဂိုဏ်းက အဆင့်မြင့်ဂိုဏ်း ဆိုပေမဲ့ ဂိုဏ်းချုပ်ယဲ့ဖုန်းက `ဝိညာဉ်ပင်လယ် အဆင့် အထွတ်အထိပ်` ပညာရှင်ကြီးဟ”
“ဟာ... ဝိညာဉ်ပင်လယ် အဆင့် …”
လော့ဟယ်တုံ ပါးစပ်အဟောင်းသား ဖြစ်သွားလေတော့သည်။