အခန်း (၅၇၁-၅၇၃)
Vol. 39 Ch. 571-573
အပိုင်း ( 571 )
ပထမအဆင့်မှာ နတ်စွမ်းရည် ကျင့်ကြံရမှာလား။ အစစ်အမှန် သိုင်းပညာဌာနက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ပြောင်းလဲလိုက်သည်
“ အဆင့်တက်တာ ကျရှုံးသွားတာလား “
ရှုကျိုးသည် လျူချင်းယွမ်ကို ကြည့်လိုက်သည်၊ ထို့နောက်၌ မလှမ်းမကမ်းတွင် ရှိနေသည့် ဝုချင်းရှန်နှင့် ရှန့်ဝမ်ချန်းတို့ကိုပါ ကြည့်ကာ၊ အပြုံးဖြင့် ခေါင်းခါပြလိုက်သည် “ ကျောင်းအုပ်ကြီးနဲ့ ဆရာတို့ကို စိတ်ပူစေခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်၊ ဒါပင်မဲ့ ကျွန်တော့် အဆင့်ထိုးဖောက်တာက တော်တော်ကြီးကို အောင်မြင်ခဲ့ပါတယ် “
“ အောင်မြင်တာလား “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လျူချင်းယွမ်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည် “ ကောင်းတယ် “
ဤရက်များအတွင်းတွင် သူသည် ဤအဖိုးတန်း တပည့်အတွက် သေချင်စော်နံလောက်သည်အထိ စိုးရိမ်ပူပန်နေခဲ့ရသည်။
မလှမ်းမကမ်းရှိ ဝုချင်းရှန်နှင့် ရှန့်ဝမ်ချန်းတို့မှာလည်း ဝန်ထုပ်ဝန်ပိုးများ ပျောက်ကွယ်သွားသကဲ့သို့ စိတ်သက်သာရာရသွားသော အမူအရာတို့ဖြင့် ဤနေရာဆီသို့ လျှောက်လှမ်းလာခဲ့ကြသည်။
ဝုချင်းရှန်မှ အပြုံးဖြင့် စကားပြောလာခဲ့သည် “ ရှုကျိုး၊ မင်းက ရွှေအူတိုင် ပဥ္စမ အသွင်ပြောင်းခြင်း အဆင့်ကို ရောက်သွားပြီဆိုတော့၊ ဉာဏ်အလင်းရခဲ့တာတွေ ဘာတွေများရှိလား “
ရွှေအူတိုင် ပဥ္စမ အသွင်ပြောင်းခြင်းဆိုသည်မှာ ဤကမ္ဘာကြီးတွင် အလွန်တရာ ရှားပါးလွန်းလှသည်။
သူတို့အားလုံသည် အဆင့်ထိုးဖောက်ခဲ့ပြီးသည့်နောက်တွင် ရှုကျိုးက မည်သည့်အရာများ ခံစားခဲ့ရလဲဆိုသည်ကို သိချင်နေကြသည်။
“ ရွှေအူတိုင် ပဥ္စမ အသွင်ပြောင်းခြင်းလား “
ရှုကျိုး၏ အမူအရာသည် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်၊ သူသည် သူတို့က နားလည်မှုလွဲနေသည်ဆိုသည်ကို လျင်မြန်စွာ သဘောပေါက်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် သူသည် ချောင်းတစ်ချက်ဟန့်ကာ၊ ပြန်ပြောလိုက်သည် ” ကျောင်းအုပ်ကြီး၊ ဆရာ၊ ကျွန်တော်က အဆင့်၇ကို ရောက်နေပါပြီ “
ဤတစ်ကြိမ်တွင် လူအိုကြီး သုံးဦးစလုံး အံ့ဩမှင်သက်သွားကြသည်။
တစ်ခဏခန့် အကြာတွင် ရှန့်ဝမ်ချန်းသည် တုန်တုန်ရင်ရင်ဖြင့် စကားစပြောလာခဲ့သည် “ ရှုကျိုး၊ မင်း ဘာပြောလိုက်တာလဲ။ မင်းက အဆင့်၇ကို ရောက်နေပြီလား။ အဲ့တာက အမှန်ပဲလား “
“ အမှန်ပါပဲ “
ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
“ ဘုမ်းးးး “
ချက်ချင်းဆိုသလိုပင် သူ၏ အရှိန်အဝါသည် တောက်လောင်နေသည့် နေမင်းကဲ့သို့ ပေါက်ထွက်လာခဲ့ကာ၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ဖြင့် ပဲ့တင်ထပ်သွားခဲ့သည်။
၎င်းမှာ လူသားခန္ဓာကိုယ်က တာအိုနှင့် အမြင့်ဆုံး အခြေအနေအထိ သဟဇာတ/ပေါင်းစည်း ဖြစ်နေခြင်း ဖြစ်သည်။ သူ၏ အရှိန်အဝါ ပေါ်ထွက်လာသည်နှင့်အမျှ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကပင် တက်တက်ကြွကြွ တုံ့ပြန်လှုပ်ရှားလာခဲ့သည်။
မြေပြင် တုန်ခါခြင်း၊ တိမ်တိုက်များ လွင့်ပျယ်သွားခြင်း၊ နတ်နဂါးတစ်ကောင်က လက်သည်းဆန့်ထုတ်ခြင်းနှင့် ကောင်းချီးမဂ်လာ လက္ခဏာရပ်များ ပေါ်ပေါက်လာခဲ့သည်။
ဝုချင်းရှန်မှ သူ၏ လက်ကို ချက်ချင်း ဝေ့ရမ်းကာ ဤနေရာကို ကမ္ဘာကြီးနှင့် ပိုင်းခြားလိုက်သည်။
အပြင်ဘက်မှ လှမ်းကြည့်လိုက်မည်ဆိုပါက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်တွင် မည်သည့်အရာမှ ဖြစ်ပျက်မနေဘူးဆိုသည်ကိုသာ မြင်တွေ့ရမည် ဖြစ်သည်။
သို့သော် ရှုကျိုးကမူ သူ့ဦးခေါင်းအထက်ရှိ ဟင်းလင်းပြင်တွင် ရွှေနဂါးများနှင့် ဖီးနစ်များကဲ့သို့သော ခမ်းနားထည်ဝါသည့် မြင်ကွင်းအမျိုးမျိုးကို မြင်တွေ့နေခဲ့ရသည်။
ရှုကျိုးမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်၊ သူသည် သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ရုံဖြင့် ဤကဲ့သို့သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဝုချင်းရှန်မှ ရှင်းပြလာခဲ့သည် “ မင်းက တာအိုနဲ့ ပထမဦးဆုံးအကြိမ်အဖြစ် ပေါင်းစပ်သွားတာပဲ။ ဒီနေရာက မင်းအတွက် အောင်ပွဲခံပေးနေတာ၊ အဲ့တာကြောင့် အဲ့ဒီ သဘာဝဖြစ်စဥ်ပြောင်းလဲမှုတွေ ပေါ်လာတာပဲ၊ ဒါပင်မဲ့ အဲ့တာက တစ်ကြိမ်ပဲ ဖြစ်တတ်တယ် “
“ တာအိုနဲ့ ပေါင်းစပ်သွားတာလား “ ရှုကျိုးသည် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ဝုချင်းရှန်မှ ထပ်မံ၍ ရှင်းပြလာခဲ့သည် “ လူ့ခန္ဓာကိုယ်ထဲမှာ ကမ္ဘာအသေးစားလေးတစ်ခုရှိတယ်။ အဲ့ကမ္ဘာက ပြင်ကမ္ဘာကြီးနဲ့ တော်တော်ကြီးကို စည်းဝါးကိုက်နေရင်၊ ဒါမှမဟုတ် တော်တော်ကြီး လိုက်လျောညီထွေဖြစ်နေမယ်ဆိုရင်၊ တာအိုနဲ့ပေါင်းစပ်နေတဲ့ လက္ခဏာတွေ ပေါ်လာတတ်တယ် “
“ အဲ့အဆင့်အထိ ရောက်ဖို့က တော်တော်ကြီးကို ခက်တယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်က တော်တော်ကြီးကို သန့်စင်နေပြီးတော့ ကမ္ဘာ့အစိတ်အပိုင်းတစ်ခုဖြစ်လာဖို့အတွက် ကမ္ဘာကြီးနဲ့ တစ်သားတည်းဖြစ်နေဖို့ လိုအပ်တယ် “
ဝုချင်းရှန်သည် အလွန်တရာ အံ့အားသင့်နေခဲ့သည်၊ သူကိုယ်တိုင်ကပင် ထိုအဆင့်က များစွာခက်ခဲသည်ကို သိရှိနေခဲ့သည်။
ရှုကျိုးကမူ တွေးတွေးဆဆ ဖြစ်သွားခဲ့သည်၊ အဲ့တာက ဒြပ်စင်ငါးပါး နတ်နည်းစနစ်ကြောင့်ထင်တယ်
ဓာတ်ကြီးငါးပါးက ယင်ယန်နှင့် ပေါင်းစည်းပြီး၊ ယင်ယင်ကမူ အရာအားလုံးနှင့် ပေါင်းစည်းနေခဲ့သည်၊ သူ၏ မူလသည် တာအိုနှင့် အလွန်ရာ စည်းဝါးကိုက်နေခဲ့သည်။
သူ့ဘေးနားရှိ ရှန့်ဝမ်ချန်းကမူ ရှုကျိုး၏လက်ကို စိတ်လှုပ်ရှားစွာဖြင့် ဖမ်းဆုပ်လာခဲ့သည် “ နောက်ဆုံးတော့ ငါတို့ အစစ်အမှန် သိုင်းပညာဌာနက အဆင့်မြင့် ပညာရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီ “
“ ရှုကျိုး၊ မင်းက အဲ့တာကို ဘယ်လိုလုပ်လိုက်တာလဲ “
လျူချင်းယွမ်မှာလည်း တလေးတနက် ဖြစ်နေသော အမူအရာမျိုးဖြင့် မေးမြန်းလာခဲ့သည် “ ကောင်းကင်လမ်းကြောင်းက ပြတ်နေတယ်လေ၊ မင်းက ခရမ်းရောင် နန်းတော်ထဲကို ဘယ်လိုဝင်သွားတာလဲ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးမှာ ပြုံးစိစိ ဖြစ်သွားခဲ့သည် “ ဌာနမှူး၊ ဆရာ၊ ကျွန်တော်က ကျွန်တော်တို့ အစစ်အမှန် သိုင်းပညာဌာနနဲ့ သင့်တော်မဲ့ အသစ်စက်စက် လမ်းကြောင်း အသစ်တစ်ခုကို တွေ့ထားတယ် “
“ ဘာဖြစ်တယ် “
“ အသစ်စက်စက် လမ်းကြောင်းတစ်ခုလား “
လျူချင်းယွမ်နှင့် ရှန့်ဝမ်ချန်းတို့သည် အကြည့်များ ဖလှယ်လိုက်ကြပြီး၊ ဤကိစ္စက အတိမ်အနက်ကို နားလည်သွားခဲ့သည်။
ဝုချင်းရှန်ကပင် ရှုကျိုးကို အာရုံစိုက်၍ ကြည့်လာခဲ့သည်။
“ ကျွန်တော်တို့က အဆင့်၁ နယ်ပယ်မှာ သွေးကြောမှတ်တွေ အများကြီး ဖွင့်နေဖို့ မလိုဘူး၊ ကျွန်တော်တို့ လမ်းကြောင်းနဲ့ သင့်တော်မဲ့ သွေးကြောမှတ်တစ်ခုတည်းကိုပဲ ဖွင့်ရမှာပါ၊ အဲ့လိုလုပ်မှ နတ်တံတားကို တည်ဆောက်မယ်၊ ကလီစာငါးခုကို သန့်စင်မယ်၊ ပြီးတော့ နတ်စွမ်းရည်တွေ ဖွဲ့စည်းမယ် “
ရှုကျိုး၏ ပထမဦးဆုံး စကားလုံးသည် လူအိုကြီး သုံးဦးစလုံးကို အံ့ဩတကြီး တုန်လှုပ်သွားစေခဲ့သည်။
ပထမအဆင့်နယ်ပယ်မှာ သွေးကြောမှတ် တစ်ခုတည်းဖွင့်ဖို့ လိုအပ်တာလား
၎င်းမှာ သွေးကြောမှတ် ပေါင်းစည်းခြင်းဆိုသည့် ဒုတိယအဆင့်နယ်ပယ် ပျောက်ကွယ်သွားမည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
ဒါပင်မဲ့ …… အဲ့တာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
“ အဆင့်၁ နယ်ပယ်က သွေးကြောမှတ်တွေက သိုင်းပညာရှင်တစ်ယောက်ရဲ့ အခြေခံအုတ်မြစ်လေ “ ဝုချင်းရှန်သည် မျက်မှောင်ကြုတ်သွားခဲ့ကာ စကားပြောလာခဲ့သည် “ သွေးကြောမှတ် ပိုများလေလေ၊ အခြေခံ အုတ်မြစ်က ပိုခိုင်မာလေလေပဲ “
“ တကယ်လို့ သွေးကြောမှတ် တစ်ခုတည်း ဖွင့်ရမယ်ဆိုရင်၊ အဲ့တာက နတ်တံတားကျင့်ကြံရေးကို အားဖြည့်ပေးဖို့ လုံလောက်ပါ့မလား “
ရှန့်ဝမ်ချန်းနှင့် လျူချင်းယွမ်တို့မှာလည်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားကြသည်။
ရှုကျိုး အဆိုပြုနေသည့် အရာသည် အားလုံး၏ အခြေခံအုတ်မြစ်ကို ကိုင်လှုပ်ခြင်းနှင့် တူညီနေခဲ့သည်။
“ အခြေခံအုတ်မြစ်လား “
ရှုကျိုးသည် ပေါ့ပေါ့ပါးပါး ရယ်မောနေတော့သည် “ သွေးကြောမှတ် အရေအတွက်အပေါ်မှာ မှီခိုပြီးတော့ တည်ဆောက်ထားတဲ့ ဖရိုဖရဲဖြစ်နေတဲ့ အခြေခံအုတ်မြစ်က တာအိုနဲ့ ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲဗျ “
“ ဘာ … ဘာကိုဆိုလိုတာလဲ “ ဝုချင်းရှန်သည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားကာ၊ အမူအရာ ပြောင်းလဲသွားတော့သည်။
ရှုကျိုးမှ ပြောပြလိုက်သည် “ လူသားခန္ဓာကိုယ် ကိုယ်တိုင်ကိုက တာအိုရဲ့ သယ်ဆောင်သူတွေ ဖြစ်ပြီးတော့၊ သိုင်းပညာရှင် တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ရှိနေတဲ့ သွေးကြောမှတ်တွေက များပြားလွန်းတဲ့ တာအိုလမ်းစဥ်တွေပဲ “
“ လူသားခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ သွေးကြောမှတ် တစ်ခုချင်းစီတိုင်းက ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ တာအိုနဲ့ ဆက်စပ်နေတယ် “
“ ဥပမာအနေနဲ့ဆိုရင် မီးတာအိုက မီးသွေးကြောမှတ်နဲ့ ဆက်စပ်နေတယ်၊ ရေတာအိုက ရေသွေးကြောမှတ်နဲ့ ဆက်စပ်နေသလိုမျိုးပါ “
“ သွေးကြောမှတ်တွေထဲမှာ တာအိုရဲ့ နိယာစည်းမျဥ်းတွေ ရှိပါတယ်။ အဲ့တာကို အထူးသွေးကြောမှတ်လို့ ခေါ်ပါတယ်။ အထူးသွေးကြောမှတ်ကို ဖွင့်လိုက်တာက တာအိုနိယာမကို နားလည်သွားသလိုပါပဲ၊ အဲ့တာက တာအိုနတ်စွမ်းရည် ကျင့်ကြံမှုကို ပိုင်ဆိုင်ခွင့်ရစေပါတယ် “
“ လူတစ်ယောက်က အဆင့်၁မှာကတည်းက တာအိုကို နားလည်နေမယ်ဆိုရင်၊ အဲ့လောက်သန်မာတဲ့ အခြေခံအုတ်မြစ်မျိုး ရှိပါဦးမလားဗျ။ သွေးကြောမှတ်တွေ စုထားတဲ့ ဖရိုဖရဲ အုတ်မြစ်ကရော အဲ့တာနဲ့ ယှဥ်နိုင်ပါဦးမလား “
ရှုကျိုး၏ စကားပြောဆိုမှု ပြီးဆုံးသွားသည့်နောက်တွင် လူအိုကြီးသုံးဦးသည် ထပ်မံ၍ အံ့ဩတကြီး ဖြစ်သွားကြသည်။
ရှန့်ဝမ်ချန်းသည် တုန်တုန်ရင်ရင်ဖြင့် စကားစပြောလာခဲ့သည် “ အဲ့တာဆိုရင် လူတစ်ယောက်က အဆင့်၁မှာကတည်းက နတ်စွမ်းရည်တွေ ကျင့်ကြံနိုင်တယ်လို့ ပြောနေတာလား “
“ အထူးသွေးကြောမှတ်ကို ဖွင့်ထားနိုင်တယ်ဆိုရင်တော့၊ သီအိုရီပိုင်းအရ မှန်ပါတယ် “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလာခဲ့သည်။
ဝုချင်းရှန်သည် တင်းကြပ်စွာ မျက်မှောင်ကြုတ်သွားခဲ့သည် “ ဒါပင်မဲ့ အထူးသွေးကြောမှတ်လို့ ခေါ်တဲ့ဟာက တာအိုနဲ့ ကိုက်ညီတယ်ဆိုတာကို မင်းက ဘယ်လိုလုပ် သိတာလဲ “
ရှုကျိုးမှ အသာအယာ ပြုံးပြလိုက်သည် “ ဘာလို့လဲဆိုတော့ အမြင့်ပိုင်း အဆင့်ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ သွေးကြောမှတ်တွေ အကုန်လုံး ပြန်ပေါ်လာခဲ့တယ်လေ၊ ပြီးတော့ ကျွန်တော့်ရှုထောင့်ကနေ ကြည့်လိုက်မယ်ဆိုရင်၊ သူတို့တွေက သူတို့တွေရဲ့ သက်ဆိုင်ရာ လမ်းကြောင်းတွေနဲ့ ချိတ်ဆက်နေတာကြောင့်ပါ “
သူသည် သူ၏ကိုယ်ပိုင်တာအိုအကြောင်းကိုပင် ပြောပြလာခဲ့သည် “ ကျွန်တော်ကျင့်ကြံခဲ့တဲ့ သွေးကြောမှတ် လည်ပတ်မှုကလည်း အထူးသွေးကြောမှတ်ပဲလေ “
“ ကျွန်တော်ရဲ့ နည်းလမ်းက နည်းနည်းလေး ကရိကထ များနေရုံလေးပါပဲ၊ သွေးကြောမှတ် လည်ပတ်မှုရဲ့ နေရာကို ရှာဖို့အတွက် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ သွေးကြောမှတ်တွေ အကုန်လုံးကို ဖွင့်ခဲ့ရတယ် “
“ တကယ်တော့ နေရာကိုသာ ရှာနိုင်မယ်ဆိုရင်၊ သွေးကြောမှတ်ကို တိုက်ရိုက်ဖွင့်လိုက်ပြီးတော့ အဆင့်တွေ ကျော်လိုက်လို့ရပါတယ် “
………………………………………………………………………………………………………………………………………
အပိုင်း ( 572 )
ပထမအဆင့်မှာ နတ်စွမ်းရည် ကျင့်ကြံရမှာလား။ အစစ်အမှန် သိုင်းပညာဌာနက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ပြောင်းလဲလိုက်သည် ၂
သူသည် ထပ်မံ၍ သက်ပြင်းချနေတော့ပြန်သည် “ တကယ်လို့ အဲ့ဒီအချိန်တုန်းကသာ ဒီနည်းလမ်းကို သိခဲ့မယ်ဆိုရင်တောင်မှ၊ ကျွန်တော်က သွေးကြောမှတ် လည်ပတ်မှုကို ရှာနိုင်မှာ မဟုတ်ဘူး “
“ ခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုက အဆုံးမရှိဘူး။ အထူးသွေးကြောမှတ်လို့ ခေါ်တဲ့ဟာတွေက ခန္ဓာကိုယ်ထဲမှာ ရှိနေရမယ်လို့ မဆိုလိုဘူး၊ တစ်ချို့က အဆုံးမဲ့ ဟင်းလင်းပြင်ထဲမှာ ရှိနေကြတာ “
“ အဆုံးမဲ့ ဟင်းလင်းပြင်လား “ ဝုချင်းရှန်နှင့် တစ်ခြားလူများသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြသည်။
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ နတ်ဆေးလုံးနဲ့ ခရမ်းရောင် နန်းတော်လိုပါပဲ၊ နှစ်ခုစလုံးက ခန္ဓာကိုယ်ထဲမှာ ရှိပါတယ်၊ ဒါပင်မဲ့ ရှေးဦး ဝိညာဥ်ကတော့ ဆေးလုံးထဲကနေ ထွက်လာရပြီးတော့ ခရမ်းရောင် နန်းတော်ထဲကို ဝင်ဖို့အတွက် အဆုံးမဲ့ ဟင်းလင်းပြင်ကို မဖြစ်မနေ ကျော်ဖြတ်ရမှာပါ “
“ ခန္ဓာကိုယ်ထဲမှာက လျှို့ဝှက်ချက် အကြီးစားတွေ ပါနေတဲ့ မဖြေရှင်းရသေးတဲ့ ပဟေဠိတွေ ကျန်နေတဲ့ နေရာတွေ အများကြီး ရှိနေပါတယ် “
ဤတစ်ကြိမ်တွင် လူတိုင်း နားလည်သွားကြသည်။
အထူးသွေးကြောမှတ်ဟု ခေါ်ဆိုသော အရာသည် ခရမ်းရောင် နန်းတော်ကဲ့သို့ပင် လူသားတို့၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော်လည်း၊ တည်နေရာ ရှာဖွေရန်အတွက် အဆုံးမဲ့ ဟင်းလင်းပြင်ကို မဖြစ်မနေ ကျော်ဖြတ်ရမည် ဖြစ်သည်။
ဝုချင်းရှန်၏ မျက်လုံးများထဲတွင် ထူးဆန်းသော အကြည့်တစ်ခု ပေါ်လာခဲ့သည်၊ သူသည် ရှုကျိုးက ဤမျှအသက်အရွယ်လေးဖြင့် ထိုကဲ့သို့သော အမြင်မျိုး ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သူသည် တစ်စုံတစ်ခုကို တွေးမိသွားကာ ရုတ်တရက် စကားထပ်ပြောလာခဲ့သည် “ မင်းဆီမှာ အထူးသွေးကြောမှတ်ကို ရှာနိုင်မဲ့ နည်းလမ်းတစ်ခု ရှိနေပြီလား “
လူတိုင်း၏ အထူးသွေးကြောမှတ်မှာ လုံးဝမတူညီ ကွဲပြားနေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် လူသားတို့၏ လမ်းကြောင်းက မတူညီသောကြောင့် ဖြစ်သည်။
လူတစ်ချို့သည် မီးတာအိုနှင့် သင့်တော်ကြသည်၊ တစ်ချို့ကမူ ရေတာအို၊ တစ်ခြားလူများကမူ ဓားတာအို၊ ဆေဘာတာအို …. စသည်ဖြင့် အမျိုးမျိုး ကွဲပြားနေခဲ့သည်။
ကမ္ဘာပေါ်ရှိ လမ်းကြောင်းများသည် တူညီသော အဆုံးမှတ်ဆီသို့ သွားနေကြသော်လည်း၊ အလွန်တရာ ကွဲပြားခြားနားနေခဲ့သည်။
ရှုကျိုးမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ သွေးကြောမှတ်တွေ ပြန်ပေါ်လာပါပြီ၊ အဲ့တာတွေ အကုန်လုံးက အထူးသွေးကြောမှတ်တွေ ချည်းပါပဲ။ ကျွန်တော်က အဲ့တာတွေကို ကိုဩဒိနိတ်တွေအဖြစ် သတ်မှတ်ပေးနိုင်ပြီးတော့၊ အဆင့်၁နဲ့ ၂ကလူတွေကို သူတို့ကိုယ်တိုင် ရှာခိုင်းလိုက်လို့ ရပါတယ် “
ကိုဩဒိနိတ်များ သတ်မှတ်ရန်မှာ အလွန်တရာ ရိုးရှင်းနေခဲ့သည်။
ယခင်က တိကျွမ်းက သူ့အား လမ်းကြောင်းနှစ်ခု ပြသသကဲ့သို့ပင် ဖြစ်သည်။
ခန္ဓာကိုယ်ထဲရှိ အဆုံးမဲ့ ဟင်းလင်းပြင်က အားထုံးထံတွင် တည်ရှိနေကြသောကြောင့်၊ လူထုကိုဩဒိနိတ်များကို သတ်မှတ်လိုက်သရွေ့ အထူးသွေးကြောမှတ်များကို မြင်တွေ့လာရမည် ဖြစ်သည်။
“ တကယ်လို့ အထူးသွေးကြောမှတ်ကို ရှာတွေ့တယ်ဆိုရင်၊ အထွတ်အထိပ် အဆင့်အထိ ကျင့်ကြံလို့ရပါတယ်။ အထူးသွေးကြောမှတ်မှာက ခရမ်းရောင် နန်းတော်နဲ့ တိုက်ရိုက်ချိတ်ဆက်နေတဲ့ လမ်းကြောင်းတစ်ခု ပါပါတယ် “
ရှုကျိုးမှ အပြုံးဖြင့် ပြောပြလာခဲ့သည် “ ကောင်းကင်လမ်းကြောင်း ပြတ်နေတာက ပြဿနာတစ်ခု မဟုတ်တော့ပါဘူး “
သူ၏ စကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ရှန့်ဝမ်ချန်းမှာ ကတုန်ကရင် ဖြစ်သွားခဲ့သည်။
အစစ်အမှန် သိုင်းပညာဌာနအတွက် အဖြေတစ်ခု တကယ်ရှိတာပြီလား
အစစ်အမှန် သိုင်းပညာဌာန၏ ဌာနမှူးဖြစ်သည့် သူ့အတွက် ၎င်းထပ် စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ကိစ္စမှာ ဤကမ္ဘာတွင် ပေါ်မလာနိုင်တော့ပေ။
ထိုစဥ် လျူချင်းယွမ်မှ ရုတ်တရက် စကားဝင်ပြောလာခဲ့သည် “ ရှုကျိုး၊ အထူးသွေးကြောမှတ်ရဲ့ နေရာတွေကို မျှဝေလိုက်တာက မင်းအတွက် သက်ရောက်မှုတစ်ချို့ မဖြစ်သွားစေနိုင်ဘူးလား။ အဲ့တာက မင်းရဲ့ လျှို့ဝှက်ချက်တစ်ချို့ကို ဖော်လိုက်သလို မဖြစ်သွားစေဘူးလား “
၎င်းမှာ ရှုကျိုး၏ ကိုယ်ပိုင်ကိစ္စဖြစ်ပြီး၊ ယခု သူသည် ၎င်းကို လူသိရှင်ကြား ထုတ်ဖော်ကြေညာရန် ကြံရွယ်နေလျက်ရှိပြီး၊ အကယ်၍ လနတ်ဘုရား ဂိုဏ်းသားများကဲ့သို့သော လူများကသာ ၎င်းကို သိသွားမည်ဆိုပါက၊ အန္တရာယ် ဖြစ်လာစေနိုင်သည်။
ရှုကျိုးသည် ရယ်ရယ်မောမောဖြင့် ခေါင်းခါပြလိုက်သည် “ စိတ်မပူပါနဲ့၊ အဲ့တာက ကျွန်တော့်အတွက် ဘာသက်ရောက်မှု ဖြစ်လာစေမှာမို့လို့လဲ “
အမှန်တိုင်း ပြောရမည်ဆိုပါက ၎င်းက လျှို့ဝှက်ချက် တစ်ချို့ကို ဖော်လိုက်သကဲ့သို့ ဖြစ်သွားသည်ဆိုသည်မှာ မှန်ကန်နေပေသည်၊ သွေးကြောမှတ်များကိုယ်တိုင်က သိုင်းပညာရှင်တစ်ဦး၏ လျှို့ဝှက်ချက်များထဲတွင် ပါဝင်နေသောကြောင့် ဖြစ်သည်။
သို့ရာတွင် ရှုကျိုးကမူ ၎င်းကို ဂရုစိုက်မနေခဲ့ပေ။
သူ၏အကြီးမားဆုံး လျှို့ဝှက်ချက်မှာ သူ၏ကိုယ်ပွားသာလျှင် ဖြစ်သည်။
၎င်းတို့က သွေးကြောမှတ်များသာ ဖြစ်နေသောကြောင့် အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ချေ။
ရှန့်ဝမ်ချန်းသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ လေးလေးနက်နက် ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းက ဒါကိုလုပ်ဖို့အတွက် ကိုယ့်ကိုကိုယ် အန္တရာယ်ထဲ ပစ်သွင်းလိုက်တာပဲ၊ အစစ်အမှန် သိုင်းပညာဌာနရဲ့ ကိုယ်စား ငါက မင်းကို ကျေးဇူးအများကြီး တင်ပါတယ် “
ရှုကျိုးသည် အလောတကြီး လက်ဝေ့ရမ်းပြလိုက်သည် “ ဆရာ၊ ကျွန်တော့်ကို အသက်တိုအောင် လုပ်နေတာလား “
ရှန့်ဝမ်ချန်း၏ အမူအရာမှာ အလွန်တရာ လေးနက်နေခဲ့သည်၊ သူသည် လူတစ်ဦး၏ သွေးကြောမှတ်များကို ဖော်ထုတ်လိုက်ခြင်းက မည်မျှအရေးပါလဲဆိုသည်ကို ကောင်းစွာသိနေခဲ့သည်။
အကယ်၍ ကျိန်စာစွမ်းရည်ကို တတ်ကျွမ်းသည့် လူတစ်ချို့သာ ရှိနေမည်ဆိုပါက၊ သူတို့သည် ၎င်းကို အသုံးပြု၍ ရှုကျိုးကို ကျိန်စာတိုက်လာနိုင်ပေသည်။
သို့သော် ရှုကျိုးကမူ ၎င်းတို့ကို မည်သို့မျှ ဂရုစိုက်မနေခဲ့ပေ။
သူသည် ဤအရာအားလုံးကို အစစ်အမှန် သိုင်းပညာဌာနအတွက်သာ ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ဦးက အမှန်တကယ် ကျိန်စာတိုက်လာမည်ဆိုလျှင်တောင်မှ၊ ရှုကျိုးသည် ၎င်းကို ကြောက်နေမည် မဟုတ်ပေ။
သူ၏ ရှေးဦး ဝိညာဥ်က အလွန်တရာ သန်မာအားကောင်းနေပြီ ဖြစ်ပြီး၊ ကောင်းကင်ဘုံ ကမ္ဘာမြေတို့နှင့် ကိုက်ညီနေသည့် သွေးကြောမှတ်များနှင့် တာအိုက အားဖြည့်ပေးထားသည့် ခရမ်းရောင် နန်းတော်တို့ပါ ရှိနေသည့်အတွက် မည်သည့်ကျိန်စာမဆို ဖိနှိပ်ခံလိုက်ရမည် ဖြစ်သည်။
၎င်းတို့ကို ပကတိ အထွတ်အထိပ် ပညာရှင်က ပြုလုပ်လာခဲ့မည်ဆိုလျှင်တောင်မှ၊ ထိုအရာများသည် သူ၏ ခရမ်းရောင် နန်းတော်အတွင်းတွင် ဖိနှိပ်ခံလိုက်ရမည် ဖြစ်သည်။
ခရမ်းရောင် နန်းတော်သည် တာအို၏ ပုံရိပ်/ကိုယ်စားလှယ် ဖြစ်နေသည့်အတွက် တာအိုကို မကျော်လွန်သရွေ့/တာအိုထပ် ပိုမစွမ်းသရွေ့၊ သူတို့သည် မည်သည့်အရာကိုမှ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သူ့ဘေးနားရှိ ဝုချင်းရှန်မှာလည်း သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ ရှုကျိုး၊ တကယ်လို့ ဒီနေ့မင်းပြောခဲ့တာတွေကသာ မှန်နေခဲ့မယ်ဆိုရင်၊ ကြယ်ပြာဂြိုဟ်က ကြီးကြီးမားမား ပြောင်းလဲသွားမှာ သေချာတယ် “
ပထမအဆင့်နယ်ပယ်တွင် နတ်စွမ်းရည် ကျင့်ကြံခြင်း၊ ၎င်းသည် မူလကျင့်ကြံရေး နည်းစနစ်တစ်ခုလုံးကို ပြောင်းပြန်လှန်လိုက်မည် ဖြစ်သည်။
အထူးသွေးကြောမှတ်ကို ကျင့်ကြံနိုင်သည်နှင့်တစ်ပြိုင်နက်၊ လူတစ်ဦးသည် ဒုတိယအဆင့်ကို ကျော်ကာ တတိယအဆင့်သို့ တိုက်ရိုက်ရောက်ရှိသွားမည် ဖြစ်သည်။
ထိုနည်းလမ်းနှင့်သာဆိုပါက အနိမ့်ပိုင်း သုံးဆင့်အတွက် ပေးဆပ်ရမည့် ကျင့်ကြံရေး အချိန်မှာ ကြီးကြီးမားမား တိုတောင်းသွားမည် ဖြစ်သည်။
အချိန်တိုအတွင်းမှာပင် ကြယ်ပြာဂြိုဟ်သည် အတိတ်တစ်ချိန်ကထပ် သာလွန်သည့် အရည်အသွေးများကို ပိုင်ဆိုင်ထားသော အလယ်ပိုင်း သုံးဆင့်မှ ပညာရှင် အများအပြား ပေါ်ထွက်လာမှုကို မြင်တွေ့လာရမည် ဖြစ်သည်။
“ အရေးအကြီးဆုံး အချက်တော့ ကောင်းကင်တံတားမဟုတ်ဘဲ သွေးကြောမှတ် လမ်းကြောင်းကနေတစ်ဆင့် အဆင့်၇ကို တက်သွားတာပဲ၊ အဲ့တာက အစစ်အမှန် သိုင်းပညာဌာနရဲ့ ပညာရှင်အကုန်လုံးက အဆင့်မြင့် ပညာရှင်တွေ ဖြစ်လာလိမ့်မယ်လို့ ပြောနေတာပဲ “
“ အဲ့ဒီအချိန်ကျရင် ကမ္ဘာ့ကြယ်ကို ပြုတ်သောက်လို့တောင် ရတယ် “
ဝုချင်းရှန်သည် ပိုတွေးလေလေ ပို၍ အံ့ဩသွားရလေလေ ဖြစ်သွားခဲ့သည်။
အကယ်၍ ရှုကျိုးပြောခဲ့သည့် အရာအားလုံးကသာ မှန်ကန်နေမည်ဆိုပါက၊ ၎င်းသည် ကမ္ဘာတစ်ဝှမ်းလုံးကို တုန်လှုပ်သွားစေမည် ဖြစ်သည်။
ရှန့်ဝမ်ချန်းမှ ပြောလာခဲ့သည် “ ငါ နည်းနည်းလောက် သွားလိုက်ပြင်ဆင်လိုက်မယ် ပြီးတော့၊ အဆင့်၁နဲ့ ၂က ကျောင်းသူကျောင်းသားတွေကို အစမ်းလုပ်ခိုင်းကြည့်လိုက်မယ် “
ဝုချင်းရှန်မှာလည်း စကားဝင်ပြောလာခဲ့သည် “ ငါလည်း သွားပြင်ဆင်လိုက်ဦးမယ် “
…
တစ်ခဏအကြာတွင် လျူချင်းယွမ်တစ်ဦးတည်းသာ ကျန်နေခဲ့လေသည်။
ရှုကျိုးသည် တစ်ဖက်လူ၏ တလေးတနက် ဖြစ်နေသော အမူအရာကို မြင်လိုက်ရသောအခါတွင် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလိုက်သည် “ ဆရာ၊ ဘာဖြစ်လို့လဲ “
လျူချင်းယွမ်သည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ စကားစပြောလာခဲ့သည် “ ကွမ်ဟန်စစ်မြေပြင်မှာ၊ ပကတိ အထွတ်အထိပ် ပညာရှင်တွေက ဖိအားထပ်ပေးနေကြတယ်၊ အဲ့တာကြောင့် အခု အပြင်ဘက်မှာ မကောင်းတဲ့ အသံတွေ ထွက်လာကြတယ် “
ရှုကျိုးသည် အနည်းငယ် အံ့ဩသွားတော့သည်။
သူသည် ကျင့်ကြံရေးထဲတွင် နစ်မြုပ်နေခဲ့သောကြောင့် ပြင်ပကမ္ဘာမှ ကိစ္စများကို သတိမပြုမိခဲ့ပေ။
သူသည် အပြင်ကမ္ဘာရှိ အခြေအနေများက ဤမျှပြင်းထန်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကမ္ဘာ့ကြယ်ရဲ့ ပကတိ အထွတ်အထိပ် ပညာရှင်တွေက အတူတူ ဖိအားပေးလာကြတာလား
ရှုကျိုးသည် သူ၏ ဖုန်းကို ဖွင့်ကာ သတင်းများကို ကြည့်ရှု စစ်ဆေးနေတော့သည်။
မကြာခင် အချိန်မှာပင် သူ၏မျက်လုံးများထဲတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
“ ကမ္ဘာ့ကြယ်ရဲ့ ပကတိ အထွတ်အထိပ် ပညာရှင်တွေက ကျွန်တော့်ကို လွှဲပြောင်းဖို့ ဖိအားပေးနေကြတာလား “
ဒီလူတွေဆီမှာ အလုပ်မရှိကြဘူးလားဟ။ ငါ့ကို ဘာကိစ္စ လိုချင်နေရတာလဲ
ရှုကျိုးသည် ၃၈မျဥ်းပြိုင်တွင် ရှိနေခဲ့စဥ်အချိန်က ကြုံတွေ့ခဲ့ရသည့် သေခြင်းရှင်ခြင်း ဖြစ်ရပ်ကို လျင်မြန်စွာ မှတ်မိသွားခဲ့သည်။
“ ကမ္ဘာ့ကြယ်ရဲ့ ပကတိ အထွတ်အထိပ် ပညာရှင်တွေက ငါ့ကို မျက်စိကျသွားတာလား “
ရှုကျိုး၏ အမူအရာမှာ မည်းမှောင်သွားခဲ့သည်။
ငါက ကမ္ဘာ့ကြယ်သား နည်းနည်းလေးပဲ သတ်လိုက်တာ မဟုတ်ဘူးလားဟ
အဲ့ကိစ္စလေးအတွက်နဲ့တော့ ကမ္ဘာ့ကြယ်ရဲ့ ပကတိ အထွတ်အထိပ်ပညာရှင်တွေက ငါ့ကို လာမဖမ်းသင့်ဘူးလေ
ရှုကျိုး၏ စိတ်ရှုပ်ထွေးနေသော အမူအရာကို မြင်လိုက်ရသောအခါတွင် လျူချင်းယွမ်မှ ရှင်းပြလာခဲ့သည် “ ကမ္ဘာ့ကြယ်မှာက ကောင်းကင်ဘုံ ချိတ်ဆက်မှု စက်ဝန်းလို့ခေါ်တဲ့ ရတနာတစ်ခု ရှိတယ်။ အဲ့တာက ကမ္ဘာ့ကြယ်ရဲ့ မြင့်မြတ်ရတနာဆယ်ပါးရဲ့ နံပါတ်၁ နေရာကို သိမ်းပိုက်ထားတယ်၊ အဲ့တာက အတိတ်နဲ့ အနာဂတ်ကို တွက်ချက်နိုင်တယ် “
“ မင်းက နောင်အနာဂတ်မှာ စစ်ပွဲရဲ့ အခြေအနေကို ပြောင်းလဲပေးနိုင်တယ်လို့ ကမ္ဘာ့ကြယ်က တွက်ချက်မိထားတာ ဖြစ်နေနိုင်တယ် “
အစပိုင်းတွင် လျူချင်းယွမ်သည် ထိုသတင်းကို မည်သို့မျှ မယုံကြည်ခဲ့ပေ။
သို့သော် ယနေ့ ရှုကျိုးက လမ်းကြောင်းအသစ်တစ်ခုအား ရှာဖွေခဲ့သည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးသည့်နောက်တွင်၊ သူသည် ကောင်းကင်ဘုံ ချိတ်ဆက်မှု စက်ဝန်း၏ တွက်ချက်မှုကို မလေးစားဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားတော့လေသည်။
အကယ်၍ သူကသာ ကမ္ဘာ့ကြယ်၏ ခေါင်းဆောင်ဖြစ်နေပြီး၊ ကြယ်ပြာဂြိုဟ်တွင် ဤကဲ့သို့သော တည်ရှိမှုတစ်ခု ရှိနေသည်ဆိုသည်ကို သိလိုက်ရမည်ဆိုပါက၊ မည်သည့်တန်ဖိုးကိုပင် ပေးဆပ်ရပါစေ၊ ၎င်းကို လုံးဝချေမှုန်းဖျက်စီးလိုက်မည် ဖြစ်သည်။
ထိုကဲ့သို့သာ မဟုတ်ဘဲ ရှုကျိုး၏ အဆက်မပြတ် ကြီးထွားလာမှုနှင့်ဆိုပါက မည်သည့်အရာများ ဖြစ်ပျက်လာမလဲဆိုသည်ကို မည်သူက သိကြမည်နည်း။
ရှုကျိုး၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်၊ အမှောင်နယ်မြေက လပိုင်းအတွင်း ဆင်းသက်လာတော့မည်ဆိုသည်ကို သူသိနေခဲ့သည်။
သူကိုယ်တိုင်ကပင် သူက အခြေအနေများကို ပြောင်းပြန်လှန်နိုင်မည်လားဆိုသည်ကို သိမနေခဲ့ပေ။
မထင်မှတ်ထားစွာဖြင့် ကမ္ဘာ့ကြယ်၏ ပကတိ အထွတ်အထိပ် ပညာရှင်များသည် သူ့အား မြင့်မြင့်မှန်းထားကြပုံရသည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူ့ကို ဖမ်းဆီးရန်အတွက် မည်သည့်အတွက်ကြောင့် ဤမျှလောက် စိတ်အားထက်သန်နေကြမည်နည်း။
ဤအခိုက်အတန့်တွင် ရှုကျိုးသည် လျူချင်းယွမ်ပြောခဲ့သည့် မကောင်းသော အသံများဆိုသည့် အရာကိုလည်း သတိပြုမိသွားခဲ့သည်။
မီဒီယာ အများအပြားသည် သူ့အား ကမ္ဘာ့ကြယ်ဘက်သို့ လွှဲပြောင်းပေးအပ်လိုက်ရန်အတွက် ပေါ်ပေါ်တင်တင် ထောက်ခံကြေညာနေခဲ့ပြီး၊ ၎င်းမှာ ရှေ့တန်းစစ်မြေပြင်ရှိ အသက်ပေါင်းများစွာကို ကာကွယ်ပေးနိုင်လိမ့်မည်ဟုပင် ပြောဆိုနေကြသည်။
လျူုမိသားစုကဲ့သို့သော တစ်ချို့သော မိသားစုကြီးများကမူ ထိုကြေညာချက်ကို ထောက်ခံခဲ့ကြသည်။
ထို့အပြင် တစ်ချို့သော လူများသည် ရှုကျိုးက ရှေ့တန်း စစ်မျက်နှာပြင်ရှိ မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှသည့် စစ်သည်တော်များ၏ အသက်ကို ဆုံးရှုံးစေခဲ့ကာ၊ အကယ်၍ သူ့အတွက်သာ မဟုတ်ဘူးဆိုပါက စစ်ပွဲဆက်ဖြစ်လာလိမ့်မည် မဟုတ်ဘူးဟုပင် ပြောဆိုနေကြသည်။
တစ်ချို့ကမူ အကယ်၍ ရှုကျိုးကသာ လူသားတို့၏ အကျိုးစီးပွားများကို အမှန်တကယ် အရေးစိုက်သည်ဆိုပါက၊ သူကိုယ်တိုင် ကမ္ဘာ့ကြယ်တွင် သွားရောက် အဖမ်းခံသင့်သည်ဟုပင် ပြောဆိုထားကြသည်။
“ ဟားဟားဟား “
ရှုကျိုးသည် ဒေါသတကြီး ရယ်မောနေတော့သည် “ ဒီကောင်တွေက လနတ်ဘုရားဂိုဏ်းရဲ့ သူလျှိုတွေပဲ ဖြစ်ရမယ်၊ ဆရာရော၊ ဘယ်လိုထင်လဲ “
လျူချင်းယွမ်၏ မျက်လုံးများ လှုပ်ခတ်သွားကာ ခေါင်းငြိမ့်ပြလိုက်သည် “ ငါလည်း အဲ့လိုပဲ ထင်တယ် “
ရှုကျိုးမှ ထပ်မံ၍ မေးမြန်းလာခဲ့သည် “ ဆရာ၊ ဒီကောင်တွေရဲ့ အထောက်အထားကို ခြေရာခံလို့ ရလား “
လျူချင်းယွမ်မှ ပြန်ပြောလာခဲ့သည် “ စစ်ဌာနမှာ သူတို့ကို ခြေရာခံနိုင်တဲ့ နည်းလမ်းတွေ ရှိတယ် “
ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
သူသည် စစ်ဌာနဆီသို့ ချက်ချင်း ဖုန်းဆက်ကာ၊ အဆိုပါ အင်တာနက် ရာဇဝတ်သားများကို ဖော်ထုတ် ခြေရာခံရန်အတွက် ပညာရှင်တစ်ဦး လွှတ်ပေးရန် တောင်းဆိုလိုက်သည်။
………………………………………………………………………………………………………………………………………..
အပိုင်း ( 573 )
ရှာဖွေရေး ဝရမ်းနှင့် ဖမ်းဆီးမှု ဝရမ်း
မကြာခင် အချိန်မှာပင် စစ်ဌာန၏ အကြီးအကဲတစ်ဦး ရောက်ရှိလာခဲ့သည်။
သူသည် အသက်လေးဆယ်ကျော်(သို့) ငါးဆယ်ကျော် ဖြစ်ပုံရသည့် သက်လတ်ပိုင်း အမျိုးသား ဖြစ်နေခဲ့ပြီး၊ ခေါင်းတုံးဖြစ်နေခဲ့ကာ အတွေ့အကြုံရင့်သည့် ဝါရင့်ပညာရှင်တစ်ဦး ဖြစ်နေပုံရသည်။
သူသည် ရှုကျိုးကို သတင်းပို့လာခဲ့သည် “ ဒုဗိုလ်ချုပ်ကြီးရှု၊ ကျွန်တော်ရဲ့နာမည်က ဟဲ့ခွန်ပါ။ ကျွန်တော်က စစ်ဌာနရဲ့ အမိန့်တွေအရ သတင်းလာပို့လာပါ။ ဒါက စစ်ဌာနက ပို့ခိုင်းလိုက်တဲ့ ရှာဖွေရေး ဝရမ်းပါ “
ဟဲ့ခွန်သည် စကားပြောဆိုနေရင်းဖြင့် တံဆိပ်ပြားတစ်ခုကို ကမ်းပေးလာခဲ့သည်။
“ ရှာဖွေရေး ဝရမ်းလား “ ရှုကျိုးသည် တံဆိပ်ပြားကို ယူလိုက်ကာ တအံ့တဩ ဖြစ်သွားခဲ့သည်။
သူ့ဘေးနားရှိ လျူချင်းယွမ်မှာလည်း ထိုတံဆိပ်ကို မြင်တွေ့သွားခဲ့ကာ၊ အံ့ဩတကြီး ဖြစ်သွားခဲ့သည် “ အဲ့တာက စစ်ဌာနရဲ့ အဆင့်မြင့် ရှာဖွေရေး ဝရမ်းလေ၊ ကြည့်ရတာတော့ သူတို့က ဒီကိစ္စကို ဖြေရှင်းဖို့အတွက် မင်းကို အာဏာကုန်လွှဲပေးလိုက်တဲ့ပုံပဲ “
ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
အဆင့်မြင့် ရှာဖွေရေး ဝရမ်းနှင့်သာဆိုပါက သူသည် မည်သည့်နေရာကိုမဆို အတားအဆီးမရှိဘဲ ရှာဖွေစစ်ဆေးနိုင်တော့မည် ဖြစ်သည်။
နဝမအဆင့် ပညာရှင်တို့ကပင် ဤတံဆိပ်ပြားကို မြင်တွေ့ရပါက လိုလိုလားလား တံခါးဖွင့်ပေးကြရမည် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ဤရှာဖွေရေး ဝရမ်းက အမြင့်ဆုံး အာဏာကို ကိုယ်စားပြုသောကြောင့်ဖြစ်ပြီး၊ ပကတိ အထွတ်အထိပ် ပညာရှင်မှတစ်ပါး မည်သူကမှ ၎င်းကို လွန်ဆန်နိုင်လိမ့်မည် မဟုတ်ပေ။
ဟဲ့ခွန်မှ ပြောပြလာခဲ့သည် “ စစ်ဌာနရဲ့ ဒုဗိုလ်ချုပ်ကြီး တစ်ဘောက်အနေနဲ့၊ ခင်ဗျားက ဒီလိုအခွင့်အာဏာမျိုးကို ပိုင်ဆိုင်ထားတာက မထူးဆန်းပါဘူး။ ပြီးတော့ ဒါက အဲ့တာနဲ့ အဆင့်အတူ ဖမ်းဝရမ်းပါ “
သူသည် ရွှေရောင်တံဆိပ်ပြားတစ်ခုကို ထပ်မံ၍ ထုတ်ယူလာပြန်သည်။
ဤတံဆိပ်ပြားနှင့်ဆိုပါက နဝမအဆင့် ပညာရှင်ကပင် အဖမ်းခံရနိုင်ပေသည်။
သို့သော် သက်သေအထောက်အထား လုံလုံလောက်လောက် ရှိရမည် ဖြစ်သည်။
“ ကြည့်ရတာတော့ ဒုဗိုလ်ချုပ်ကြီးဆိုတဲ့ အထောက်အထားက ငါထင်ထားတာထပ် ပိုပြီးတော့ အသုံးဝင်နေတဲ့ပုံပဲ “
ရှုကျိုးသည် မအောင့်ထားနိုင်တော့ဘဲ၊ သူ၏အတွေးများကို ထုတ်ပြောမိသွားခဲ့သည်။
အစပိုင်းတွင် သူသည် သူ၏ ဒုဗိုလ်ချုပ်ကြီးဆိုသည့် အဆင့်အတန်းက များများစားစား အသုံးဝင်လိမ့်မည် မဟုတ်ဘူးဟုသာ ထင်နေခဲ့သည်။
သို့သော် ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရမည့် အချိန်သို့ ရောက်ရှိလာသည့် အချိန်တွင် ၎င်းမှာ သူတွေးထင်ထားသည်ထပ်ပင် ပိုမိုအသုံးတည့်နေခဲ့သည်။
ဥပမာအားဖြင့် အကယ်၍ သူက ဒုဗိုလ်ချုပ်အဆင့်တွင်သာ ရှိနေဦးမည်ဆိုပါက၊ စစ်ဌာနသည် ဤကဲ့သို့သော အခွင့်အာဏာမျိုးကို သူ့ထံသို့ ပေးအပ်လာခဲ့မည် မဟုတ်ပေ။
၎င်းမှာ သူ၏ အထောက်အထားက ၎င်းနှင့် မသင့်တော်သောကြောင့် ဖြစ်သည်။
အတွင်းမြို့တော်၏ မိသားစုကြီး တော်တော်များများထံတွင် ဒုဗိုလ်ချုပ်(သို့) ၎င်း၏ အထက်မှ ပညာရှင်တစ်ချို့ ရှိနေခဲ့သည်။ ထိုကဲ့သို့ ရာထူးအဆင့်အတန်း ကွာချက်ကြောင့် အဆင့်မြင့် ရှာဖွေရေး ဝရမ်းကို ပေးအပ်ရန်မှာ မဖြစ်နိုင်လှပေ။
ရှုကျိုးသည် တံဆိပ်ပြားနှစ်ခုကို ယူလိုက်ပြီး ဟဲ့ခွန်ကို ကြည့်ကာ စကားပြောလိုက်သည် “ အကြီးအကဲဟဲ့၊ အဲ့ဒီ အမည်ဝှက် အသုံးပြုသူတွေကို ဖော်ထုတ်ဖို့ ကူညီပေးပါဦး “
“ ပြဿနာ မရှိပါဘူး “
ဟဲ့ခွန်မှ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ သူ၏ ပစ္စည်းများကို ထုတ်ယူကာ ချက်ချင်း ရှာဖွေနေတော့သည်။
ရှုကျိုသည် ၎င်းကို ဘေးတစ်ဖက်မှ ရပ်ကြည့်နေခဲ့ပြီး၊ ၎င်းက အတော်လေး စိတ်ဝင်စားဖွယ်ကောင်းသည်ဟု တွေးတောနေခဲ့သည်။
တစ်ဖက်လူ၏ ကျင့်ကြံရေးသည် တတိယအဆင့်ပင် ဟုတ်မနေခဲ့ပေ။ သို့သော် သူ၏နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများမှာ လုံးဝထိပ်တန်းဖြစ်နေခဲ့သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် စစ်ဌာန၏ ဌာနချုပ်တွင် ရာထူးတစ်ခု သိမ်းပိုက်ထားနိုင်လိမ့်မည် မဟုတ်ပေ။
အင်တာနက်ပေါ်မှ လူတစ်ဦးကို ရှာဖွေရန်အတွက် ပကတိ အထွတ်အထိပ် ပညာရှင်တစ်ဦးကပင် အနည်းငယ် အားစိုက်ထုတ်၍ ကြိုးစားရမည်ဖြစ်သည်။
ကောင်းကင်ဘုံ ချိတ်ဆက်မှု စက်ဝန်းကဲ့သို့သော ရတနာမျိုး မရှိဘူးဆိုပါက အနည်းငယ် ခက်ခဲနေလိမ့်မည် ဖြစ်သည်။
ထိုကဲ့သို့သော် နည်းလမ်းများအပြင်၊ ပကတိ အထွတ်အထိပ်အထက်မှ တစ်စုံတစ်ဦး၊ အကြောင်းနှင့် အကျိုးကို ထိန်းချုပ်နိုင်သည့် နယ်ပယ်နှင့် နီးကပ်နေသည့် လူတစ်ဦးကသာလျှင် တွေးလိုက်ရုံဖြင့် အရာအားလုံးကို သိရှိမည် ဖြစ်သည်။
ကြယ်ပြာဂြိုဟ်အတွက် အဆိုပါ အခြေအနေတို့မှာ အလွန်အကျွံ ဖြစ်နေခဲ့ပြီး၊ အကြီးအကဲ/ကော်မရှင်နာတစ်ဦး၏ လုပ်နိုင်စွမ်းထပ် ကျော်လွန်နေခဲ့သည်။
မကြာခင် အချိန်မှာပင် ဟဲ့ခွန်သည် အဆိုပါ အမည်ဝှက် အသုံးပြုသူတစ်ချို့၏ အထောက်အထားများကို ရှာဖွေနိုင်ခဲ့သည်။
“ ဒုဗိုလ်ချုပ်ကြီးရှု၊ ဒါက သူတို့ရဲ့ တကယ့်အထောက်အထားတွေပါ၊ ကြည့်ကြည့်ပါဦး “
ဟဲ့ခွန်သည် စာရင်းတစ်ခုကို ရှုကျိုးထံသို့ လွှဲပြောင်းပေးအပ်လာခဲ့သည်။
ရှုကျိုးမှ ၎င်းကို ကြည့်ရှုစစ်ဆေးလိုက်ရာ၊ လူအများစုက မိသားစုကြီးများ၏ အဖွဲ့ဝင်များဖြစ်နေသည်ကို မြင်တွေ့သွားခဲ့သည်။
“ ဝူကျွမ်း : အရှေ့ပိုင်းပြည်နယ် ဝူမိသားစု၊ အဆင့်၆ အထွတ်အထပ် “
“ လျူပေ့ချန် : အရှေ့ပိုင်းပြည်နယ် လျူမိသားစု၊ နှောင်းပိုင်း အဆင့်၇ “
“ လျူချောင် : အရှေ့ပိုင်းပြည်နယ် လျူမိသားစု၊ အစောပိုင်း အဆင့်၇ “
…
စာရင်းတွင် အချက်အလက်များကို အသေးစိတ် ဖော်ပြထားခဲ့သည်။
လူတစ်ချို့သည် သတ္တမအဆင့် ပညာရှင်များပင် ဖြစ်နေခဲ့သည်။
လျူချင်းယွမ်သည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ အဲ့ဒီမိသားစုတွေက ရှေ့တန်းမှာ ဆုံးရှုံးမှုကြီးခဲ့တယ်။ သူတို့က မင်းကို မကျေမနပ်ဖြစ်နေတာပဲ “
ရှုကျိုးသည် သူ၏ဦးခေါင်းကို အသာအယာ ခါရမ်းနေတော့သည်။
“ စွမ်းအားကြီးတဲ့ အဆင့်၇ ပညာရှင်တွေက ကွမ်ဟန်စစ်မြေပြင်ကို မသွားပဲနဲ့၊ ကြယ်ပြာဂြိုဟ်ပေါ်မှာ မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်နေကြတယ်၊ အဲ့တာက တော်တော်လေးကို မေးခွန်းထုတ်ဖို့ ကောင်းနေပြီ “ ဟုရှုကျိုးမှ ပြောလာခဲ့သည်။
လျူချင်းယွမ်မှာလည်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည် “ သူတို့တွေထဲမှာ လနတ်ဘုရားဂိုဏ်းနဲ့ ပူးပေါင်းထားတဲ့ လူတွေ ရှိနေမယ်လို့ ငါလည်း သံသယဖြစ်နေတယ် “
ရှုကျိုးမှ စကားထပ်ပြောလာခဲ့သည် “ ရှာဖွေရေး ဝရမ်းနဲ့ ဖမ်းဝရမ်းရဲ့ စွမ်းအားကို စမ်းသပ်ဖို့အတွက် အဆင့်၆ အထွတ်အထိပ်က ဝူကျွမ်းနဲ့ အရင်စလိုက်ကြတာပေါ့ဗျာ “
စစ်ဌာနမှ ပေးအပ်ထားသည့် ရှာဖွေရေးနှင့် ဖမ်းဆီးမှု ဝရမ်းတို့မှာ သာမန်တံဆိပ်ပြားလေးများသာလျှင် မဟုတ်ပေ။
၎င်းတို့ထဲတွင် ထူးခြားသည့် စွမ်းအားတစ်ခု ပါဝင်နေခဲ့သည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက နဝမအဆင့် ပညာရှင်တို့ကိုပါ ဖမ်းဆီးနိုင်လိမ့်မည် မဟုတ်ပေ။
“ အခုပဲ သွားလိုက်ရအောင် “
ရှုကျိုးသည် အချိန်ဆွဲမနေတော့ဘဲ၊ လျူချင်းယွမ်နှင့်အတူ ချက်ချင်း ထွက်ခွာသွားတော့သည်။
…
ဝူမိသားစု
အရှေ့ပိုင်းပြည်နယ်၏ မိသားစုကြီးတစ်ခု ဖြစ်သည့်အလျောက်၊ ဝူမိသားစု၏ အဆင့်အတန်းမှာ လျူမိသားစုကို မယှဥ်နိုင်သော်လည်း၊ သူတို့သည် ပေါ့သေးသေး အင်အားစုတစ်ခု ဟုတ်မနေခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် ဝူမိသားစုတွင် အဌမအဆင့် ဘိုးဘေးတစ်ဦးက သက်ရှိထင်ရှားရှိနေစဲ ဖြစ်နေသောကြောင့် ဖြစ်သည်။
ဤအချိန်၌ ဝူမိသားစု၏ ဘိုးဘေးသည် ကွမ်ဟန် စစ်မြေပြင်သို့ ထွက်သွားခဲ့ပြီးပြီ ဖြစ်သည်။
ယခုလက်ရှိ အချိန်၌ ဝူမိသားစုတွင် အစွမ်းထက် ပုဂ္ဂိုလ်တစ်ချို့ ကျန်နေသေးစဲဖြစ်ပြီး၊ အများစုသည် ဆဌမအဆင့် ပညာရှင်များဖြစ်နေခဲ့ကာ၊ မိသားစုအတွင်းတွင်သာ အခြေချနေထိုင်နေလျက်ရှိသည်။
ဆဌမအဆင့် ပညာရှင်ဆိုသည်မှာ မိသားစုကြီးများအတွက် အဆင့်မြင့် တိုက်ခိုက်ရေး အင်အားစုဖြစ်နေခဲ့ပြီး၊ လနတ်ဘုရားဂိုဏ်းမှာပင် ၎င်းသည် ခန်းမသခင်အဆင့်ရာထူးကို ကိုင်စွဲနိုင်ထားကြသည်။
ဤအခိုက်အတန့်တွင် ဝူကျွမ်းသည် မိသားစု အစည်းအဝေးအခန်းထဲတွင် ထိုင်နေကာ၊ ဝူမိသားစု၏ တစ်ခြားသော ဆဌမအဆင့် ပညာရှင်များနှင့် ဆွေးနွေးပြောဆိုနေလျက်ရှိသည်။
“ ရှေ့တန်းက အခြေအနေက ပိုပြီးတော့ တင်းမာလာပြီ၊ သိပ်မကြာခင် အချိန်မှာပဲ ငါတို့ အဆင့်၆ ပညာရှင်တွေကပါ ကွမ်ဟန်ကို သွားရလိမ့်မယ် “
“ တကယ်လို့ ဒီတိုင်းသာ ဆက်သွားနေမယ်ဆိုရင်၊ ငါတို့ဝူမိသားစုရဲ့ အဆင့်မြင့် တိုက်ခိုက်ရေး အင်အားစုက လုံးဝပျောက်ကွယ်သွားလိမ့်မယ် “
“ မိသားစုလေးတွေနဲ့ ပြင်ပခရိုင်က ထိပ်သီးအင်အားစုတွေကို ဦးဆောင်ခိုင်းလိုက်လို့ မရဘူးလား။ ဘာလို့ ငါတို့မိသားစုကြီးတွေကိုပဲ ပစ်မှတ်ထားနေရတာလဲ “
လူတော်တော်များများမှာ မကျေမနပ် ဖြစ်နေကြသည်။
အဘယ့်ကြောင့်ဆိုသော် စစ်ပွဲသည် သူတို့ထံသို့ ရောက်ရှိလာတော့မည်ဖြစ်ပြီး၊ မကြာခင် အချိန်မှာပင် သူတို့ကပါ စစ်မှုထမ်းရမည်ဖြစ်သောကြောင့် ဖြစ်သည်။
၎င်းမှာ ရှောင်တိးမ်၍ မရနိုင်သော ဖြစ်ရပ်တစ်ခုဖြစ်သည်။ အတွင်းမြို့တော်မှ သူတို့လို မိသားစုကြီးကပင် စစ်မိန့်ကို နာခံလိုက်ရုံမှတစ်ပါး မည်သည့်အရာကိုမှ မပြုလုပ်နိုင်ကြပေ။
နေ့စဥ်ဘဝတွင် မိသားစုကြီးများသည် အရာအားလုံးထပ် သာလွန်သည့် တည်ရှိမှုတစ်ခု ဖြစ်နေခဲ့သည်။