အခန်း (၅၇၄-၅၇၆)
Vol. 39 Ch. 574-576
အပိုင်း ( 574 )
ရှာဖွေရေး ဝရမ်းနှင့် ဖမ်းဆီးမှု ဝရမ်း ၂
သို့သော် အစစ်အမှန် တိုက်ခိုက်ရေး စွမ်းအားကမူ စစ်ဌာနတွင်သာ စုစည်းနေခဲ့သည်။
သို့သော် ဝူမိသားစုသည် ထိုမျှလောက် ကံကောင်းမနေခဲ့ပေ။ သူတို့၏ တစ်ဦးတည်းသော အဌမအဆင့် ပညာရှင်ထံတွင် စစ်ရာထူး ရှိမနေခဲ့ပေ၊ နဝမအဆင့် ခေါင်းဆောင်တစ်ဦး မရှိဘူးဆိုပါက၊ လုံးဝအကာအကွယ်မဲ့သွားမည် ဖြစ်သည်။
“ စကားလုံးရွေးတာကို ဂရုစိုက် “
ထိုအခိုက်အတန့်တွင် ခေါင်းဆောင်ထိုင်ခုံတွင် ရှိနေသည့် ဝူကျွမ်းမှ စကားဝင်ပြောလာခဲ့သည်။
သူသည် ဤလူများက ဤကဲ့သို့ စောဒက ဆက်တက်နေပြီး၊ ထိုစကားများကို စစ်ဌာနမှ ကြားသိသွားမည်ဆိုပါက၊ ဒုက္ခရောက်သွားရမည်ကို စိုးရိမ်ပူပန်နေခဲ့သည်။
ဆဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးဖြစ်သည့် သူ၏ စကားလုံးများသည် အရေးပါ အရာရောက်နေခဲ့ပြီး၊ လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
ဝူကျွမ်းမှ စကားထပ်ပြောလာခဲ့သည် “ ငါက ဘိုးဘေးဆီကို စာပို့ထားပြီးပြီ၊ အဲ့တာကြောင့် စစ်ဌာနက ငါတို့ အဆင့်၆ ပညာရှင်တွေကို စစ်မြေပြင်ကို ထပ်မပို့ဘူးလို့ မျှော်လင့်ရတာပဲ “
လူအုပ်ကြီးသည် အကြည့်များ ဖလှယ်လိုက်ကြပြီး၊ စိတ်ခံစားချက်များ ရှုပ်ထွေးသွားတော့သည်။
ဘိုးဘေးကြီးက စစ်ဌာနမှာ ဘာရာထူးမှ မရှိဘူးလေ၊ သူက အဲ့တာကို ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ
ဟာသကြီးဟေ့
ဝူကျွမ်း၏ စကားလုံးများသည် သူတို့ကို နှစ်သိမ့်ရန်အတွက်သာ ဖြစ်နေခဲ့သည်။
ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် ဝူကျွမ်း၏ မျက်လုံးများထဲတွင် နာကျင်မှု အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။
ယခု၌ စစ်ရေးအခြေအနေ တင်းမာနေလျက်ရှိပြီး၊ အတွင်းမြို့တော်၏ မိသားစုကြီးများထံမှ ထိပ်တန်းအင်အားစုများက ရှေ့တန်း စစ်မြေပြင်သို့ ရောက်သွားရမည်မှာ အချိန်အတိုင်းအတာ တစ်ခုမျှသာ လိုအပ်တော့သည်။
“ ကြည့်ရတာတော့ အဲ့လူကို ဆက်သွယ်ဖို့ကလွဲပြီးတော့ တစ်ခြားရွေးချယ်စရာ မရှိတော့တဲ့ပုံပဲ “
ဝူကျွမ်း၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး၊ သူသည် ခန်းမအတွင်းမှ ချက်ချင်း ထွက်ခွာသွားတော့သည်။
စံအိမ်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည့်နောက်တွင် သူသည် အထူးစက်ပစ္စည်းတစ်ခုကို အသုံးပြုပြီး လျှို့ဝှက်နံပါတ်တစ်ခုကို ခေါ်ဆိုကာ စကားပြောနေတော့သည် “ ဆရာကြီးယွဲ့၊ ရှုကျိုးကို ဖမ်းဖို့အတွက် ကျွန်တော်က ခင်ဗျားနဲ့ ပူးပေါင်းဆောင်ရွက်ပေးနိုင်တယ်၊ ဒါပင်မဲ့ အခြေအနေတစ်ခု ……… “
ထိုစဥ်
ဘုမ်းးးး
အံ့ဖွယ်ကောင်းသည့် အစွမ်းထက် အရှိန်အဝါတစ်ခုသည် ဝူမိသားစု၏ ခံစစ်များကို ရုတ်တရက် ဆုတ်ဖြဲသွားပြီး၊ ဝူမိသားစုတည်ရှိရာ အထက်ကောင်းကင်ယံတွင် ပေါ်ထွက်လာခဲ့သည်။
“ စစ်ဌာနက ရှာဖွေရေး ဝရမ်းပါတယ်၊ ဝူကျွမ်းဘယ်မှာလဲ “
ငယ်ရွယ်သော အသံတစ်သံသည် ဝူမိသားစုတစ်ခုလုံးဆီသို့ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် စံအိမ်အတွင်းရှိ ဝူကျွမ်းသည် ကတုန်ကရင်ဖြစ်သွားခဲ့ပြီး၊ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
သူသည် ဖုန်းခေါ်ဆိုမှုကို အလောတကြီး ရပ်ဆိုင်းလိုက်ကာ၊ အထူးစက်ပစ္စည်းကို ဖွက်ထားလိုက်သည်။
တစ်ချိန်တည်းမှာပင် အစည်းအဝေးအခန်းထဲတွင် ရှိနေသည့် ဆဌမအဆင့် ပညာရှင်များသည် ဝူမိသားစု၏ အထက်ကောင်းကင်ယံသို့ ခုန်တက်လာကြသည်။
ထိုလူများ၏ မျက်နှာများပေါ်တွင် ဒေါသနှင့် စိတ်ရှုပ်ထွေးမှုများ ရောပြွန်းနေလျက်ရှိသည်။
သူတို့အရှေ့ရှိ လူငယ်သည် သူတို့ကိုပင် နှုတ်ပင်မဆက်ခဲ့ဘဲ၊ သူတို့ဝူမိသားစု၏ ခံစစ်များကို အင်အားသုံး တိုက်ခိုက်ကာ အတင်းအကြပ် ဖောက်ဝင်လာခဲ့သည်။
၎င်းမှာ ဝူမိသားစု၏ ဂုဏ်သိက္ခာကို လျစ်လျူရှုထားခြင်းပင် ဖြစ်သည်။
အကယ်၍ စစ်ဌာနမှ လူတစ်ဦး ဖြစ်နေမည်ဆိုလျှင်တောင်မှ၊ သူတို့သည် လုပ်ထုံးလုပ်နည်းများအတိုင်း ပြုလုပ်ကာ ကြိုတင်အကြောင်းကြားလေ့ရှိသည်။
ဆဌမအဆင့် ပညာရှင်တစ်ဦးမှ ကြိမ်းမောင်းလာခဲ့သည် “ အငယ်လေး၊ မင်းက ဝူကျွမ်းနဲ့ ဘာလုပ်မလို့လဲ “
ရှုကျိုးသည် သူ့ကို တစ်ချက်မျှငေးကြည့်ကာ စကားတစ်ခွန်းတည်းသာ ပြောလိုက်သည် “ စစ်ဆေးမလို့ “
သူသည် သူ့လက်ထဲတွင် ရှိနေသည့် ရှာဖွေရေး ဝရမ်းကိုပါ ပြသလိုက်သည်။
အဆိုပါ တံဆိပ်ပြားကို မြင်လိုက်ရသောအခါတွင် ဝူမိသားစု၏ လူတိုင်းမှာ အေးခဲတောင့်တင်းသွားကြသည်။
အမြင့်ဆုံး ရှာဖွေရေး ဝရမ်း
ဒီလူငယ်လေး၊ ဒီလောက်တောင် ရဲတင်းနေတာက အံ့ဩစရာ မဟုတ်တော့ဘူးပဲ
ချက်ချင်းဆိုသလိုပင် ဝူမိသားစု၏ ဆဌမအဆင့် ပညာရှင်များသည် အားတင်း၍ ပြုံးကာ ချိုချိုသာသာ ပြောဆိုလာခဲ့သည် “ ကျွန်တော်တို့က ဝူကျွမ်းကို ချက်ချင်း သွားခေါ်ပေးပါ့မယ် “
“ ခေါ်ဖို့ မလိုပါဘူး၊ ငါရောက်နေပြီ “
ထိုအခိုက်အတန့်တွင် အသံတစ်သံ ဟိန်းထွက်လာခဲ့သည်။
ဝူကျွမ်းသည် ပျံသန်းရောက်ရှိလာခဲ့ကာ ရှုကျိုးကို ကြည့်၍ ပြုံးနေတော့သည် “ မိတ်ဆွေလေး၊ ငါက ဘာတွေများ လုပ်ခဲ့မိလို့ ….. ရှာဖွေ စစ်ဆေးချင်ရတာလဲ “
သူ၏မျက်နှာတစ်ခုလုံးမှာ ပြုံးပြုံးရွှင်ရွှင်ရှိနေသောကြောင့်၊ အကြောင်းမသိသည့် လူများသာဆိုပါက ဤနှစ်ဦးက အသိမိတ်ဆွေများဟုပင် ထင်သွားကြမည် ဖြစ်သည်။
သို့သော် ရှုကျိုးကမူ ဤလူက နယ်မြေနှစ်ခု ငြိမ်းချမ်းရေးအတွက် သူ့အား ကမ္ဘာ့ကြယ်ဆီသို့ လွှဲပြောင်းပေးအပ်သင့်သည်ဟု ဆောင်းပါးထုတ်ခဲ့သည့် အမည်ဝှက် အင်တာနက်သုံးစွဲသူတစ်ဦးက ဤလူဆိုသည်ကို ကောင်းစွာသိရှိနေခဲ့သည်။
ရှုကျိုးမှ အေးစက်စွာ ပြောဆိုလိုက်သည် “ ငါ့နာမည်က ရှုကျိုးပဲ “
“ ဘာကြီး “
ထိုအချိန်တွင် ဝူကျွမ်း၏ အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
ဝူမိသားစု၏ တစ်ခြားသော ပညာရှင်များမှာလည်း တအံ့တဩ ဖြစ်သွားကြသည်။
ရှုကျိုးဟူသည့် အမည်က ထင်ရှားကျော်ကြားသော်လည်း၊ အိမ်တွင်သာ နေ၍ အမိန့်ပေးလေ့ရှိသည့် မိသားစုကြီးများမှ ဤပုဂ္ဂိုလ်များကမူ ရှုကျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးကြပေ။
သူတို့သည် ရှုကျိုး၏ အောင်မြင်မှုများအကြောင်းကို ကြားသိထားခဲ့သော်လည်း သူ၏ အသွင်အပြင်က မည်သည့်ပုံစံမျိုး ဖြစ်နေလဲဆိုသည်ကို မသိကြပေ။
ယခု ရှုကျိုးက သူ၏အမည်ကို ထုတ်ပြောလာသည့် အချိန်တွင် လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။
အထူးသဖြင့် ဝူကျွမ်းဖြစ်ပြီး၊ သူ၏ အမူအရာမှာ မှန်းဆရခက်ခဲနေခဲ့သည်။
သူမည်သည့်ကိစ္စများ ပြုလုပ်ထားလဲဆိုသည်ကို သူကောင်းကောင်းကြီး သိနေခဲ့သည်။
သို့သော် ရှုကျိုးက အဆင့် အမြင့်ဆုံး ရှာဖွေရေး ဝရမ်းနှင့် ဤမျှမြန်ဆန်စွာ ရောက်ရှိလာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
ရှုကျိုးကမူ သူ၏အတွေးများကို ဂရုစိုက်မနေဘဲ အေးအေးလူလူ စကားပြောလာခဲ့သည် “ ခင်ဗျားရဲ့ အိမ်က ဘယ်မှာလဲ “
ဝူကျွမ်း၏ အမူအရာ မည်းမှောင်သွားခဲ့သည်၊ သို့သော် သူသည် ရှုကျိုးတို့ကို သူ့အိမ်ဆီသို့ လမ်းပြခေါ်ဆောင်သွားရုံမှတစ်ပါး တစ်ခြားသော အရာများကို မပြုလုပ်နိုင်ခဲ့ပေ။
စစ်ဌာန၏ ရှာဖွေရေး ဝရမ်းကို ဆန့်ကျင်မည်ဆိုပါက ကြောက်မက်ဖွယ်ရာ အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး၊ သူသည် ပထမဦးဆုံး စံပြပုဂ္ဂိုလ်ဖြစ်မသွားချင်ခဲ့ပေ။
တစ်ခဏအကြာတွင် ရှုကျိုးသည် ဝူကျွမ်းနေထိုင်ရာ စံအိမ်သို့ ရောက်ရှိလာခဲ့သည်။
ဇိမ်ခံစံအိမ်ကြီးကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် မအံ့ဩဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။
ဆဌမအဆင့် ပညာရှင်တစ်ဦး၏ စံအိမ်မှာ သုံးထပ်တိုက်တစ်ခုဖြစ်နေခဲ့ပြီး၊ စတုရန်းမီတာ ထောင်နှင့်ချီ၍ ကျယ်ဝန်းကာ၊ ရေကူးကန်နှင့် ဥယျာဥ်ပေါင်းများစွာပင် ပါဝင်နေခဲ့သည်။
အရှေ့ပိုင်းပြည်နယ်၏ မြေတစ်လက်မချင်းစီတိုင်းက တန်ဖိုး ရှိနေခဲ့သော်လည်း၊ ဤကဲ့သို့သော ဇိမ်ခံစံအိမ်များက အလွန်အကျွံ တည်ရှိနေလေသည်။
ကမ္ဘာနှစ်ခု စစ်ပွဲတွင် အံ့ဖွယ်ကောင်းသည့် မြင်ကွင်းများကို မြင်တွေ့ခဲ့ရသည့် ရှုကျိုးကပင်၊ မအံ့ဩဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။
ရှုကျိုးသည် အဆိုပါ ဇိမ်ခံစံအိမ်အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့ပြီး၊ ရေကန်များအနက်မှ တစ်ခုတွင် အသက် ၁၆(သို့) ၁၇အရွယ်မျှရှိသည့် ရေကူးဝတ်စုံများကို ဝတ်ဆင်ထားသော လှပသည့် မိန်းမပျို အများအပြား ရှိနေသည်ကို မြင်တွေ့လိုက်ရသည်၊ သူမတို့သည် သူစိမ်းများ ဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါတွင် ချက်ချင်း ရှောင်တိမ်းသွားကြတော့သည်။
“ စစ်သည်တော်တွေကတော့ ရှေ့တန်းစစ်မြေပြင်မှာ အသက်စွန့်နေရတယ်၊ ဒီကောင်ကတော့ စည်းစိမ်ဥစ္စာတွေကို ကောင်းကောင်းကြီး ခံစားနေရတာပဲ “
ရှုကျိုး၏ မျက်လုံးများ ပိုမိုအေးစက်လာခဲ့သည်၊ သူ၏ စစ်ဆေးမှုမှာလည်း ပိုမိုအသက်ဝင်လာခဲ့ပြီ ဖြစ်သည်။
သူ၏ စိတ်ဝိညာဥ်စွမ်းအားက အလွန်တရာ အားကောင်းနေသောကြောင့် စံအိမ်တစ်ခုလုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားခဲ့ပြီး၊ နေရာတစ်ခုလုံးကို မြန်မြန်ဆန်ဆန် ရှာဖွေနိုင်ခဲ့သည်၊ သို့သော် သူသည် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် မည်သည့်သက်သေအထောက်အထားကိုမှ ရှာမတွေ့ခဲ့ပေ။
ဝူကျွမ်းမျက်နှာပေါ်တွင် ဘဝင်ခိုက်သွားသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်၊ သူသည် အပြုံးဖြင့် စကားထပ်ပြောလာခဲ့သည် “ ညီငယ်လေး၊ အဆင့်၆ အထွတ်အထိပ် ပညာရှင်တစ်ယောက်ဖြစ်တဲ့ ငါက ဥပဒေကို လုံးဝချိုးဖောက်မှာ မဟုတ်ဘူး။ စိတ်ချထားလိုက်လို့ရပါတယ်၊ ဘာကိုမှ ရှာတွေ့မှာ မဟုတ်ဘူး “
သူ၏ စကားလုံးများသည် ရှုကျိုးအား သူက ဆဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦး ဖြစ်သည်ဆိုသည်နှင့် အကယ်၍ သူ့အပေါ်တွင် လှုပ်ရှားချင်သည်ဆိုပါက နှစ်ခါပြန်စဥ်းစားသင့်သည်ဟုပါ သတိပေးနေခဲ့သည်။
ရှုကျိုးကမူ အေးအေးလူလူ ဖြစ်နေစဲသာဖြစ်သည်၊ သူသည် သူ၏ ရှေးဦး ဝိညာဥ်ကို ခရမ်းရောင် နန်းတော်အတွင်းမှ ထွက်ခွင့်ပေးလိုက်သည်၊ ၎င်းသည် ကမ္ဘာကြီးနှင့် ပေါင်းစပ်သွားပုံရကာ၊ သူ၏ အာရုံငါးပါးမှာလည်း သိသိသာသာ မြင့်တက်သွားခဲ့သည်။
မည်သည့်အရာကမှ သူ၏ထောက်လှမ်းမှုမှ မလွတ်မြောက်သွားခဲ့ပေ။
ဤတစ်ကြိမ်တွင် ရှုကျိုးသည် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ရှုကျိုးသည် အရပ်မျက်နှာတစ်ဖက်သို့ ချက်ချင်းဦးတည်သွားတော့သည်။
မကြာခင် အချိန်မှာပင် သူသည် ရေမရှိသော ရေကူးကန်တစ်ခု အရှေ့သို့ ရောက်ရှိလာခဲ့သည်။
ဝူကျွမ်း၏ မျက်လုံးများထဲတွင် တုန်လှုပ်သွားသည့် အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့ကာ၊ အလောတကြီး ပြောဆိုလာခဲ့သည် “ မိတ်ဆွေလေး၊ ဒီရေကူးကန်ရဲ့ ရေထောက်ပံ့မှု စနစ်က ချို့ယွင်းနေတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ပဲ စက်ပြင်ဆရာကို ခေါ်ထားတယ်၊ ပြင်လို့ရမလား ကြည့်လိုက်မယ် “
“ မလိုပါဘူး “
ဝူကျွမ်းက လှုပ်ရှားတော့မည့် အချိန်တွင် ရှုကျိုးသည် ရုတ်တရက် လက်မြှောက်ပြလိုက်သည်။
ရှုကျိုးသည် သူ့ကို ‘ငါသိနေတယ်’ဟု ပြောဆိုနေပုံရသည့် အကြည့်မျိုးဖြင့် ကြည့်ကာ ပြုံးပြလိုက်သည်။
ရှုကျိုးသည် အရှေ့သို့ ဆက်တက်သွားခဲ့ကာ၊ သူ၏ စိတ်စွမ်းအားဖြင့် ရေကန်ကို အသေအချာ စစ်ဆေးနေတော့သည်။
သူသည် ရေကူးကန်ထဲတွင် ရှိနေသည့် လျှို့ဝှက်တံခါးပေါက်တစ်ခုကို မြန်မြန်ဆန်ဆန် ရှာတွေ့သွားခဲ့သည်။
“ ပွင့် “
ရှုကျိုးသည် လက်ဆန့်ထုတ်၍ လျှို့ဝှက်တံခါးပေါက်ကို ချက်ချင်း ဆွဲထုတ်လိုက်ရာ၊ မြေအောက်လမ်းကြောင်း တစ်ခု ပေါ်ထွက်လာခဲ့သည်။
ဝူကျွမ်း၏ မျက်နှာပေါ်တွင် သွေးကြောများပင် ထောင်ထလာခဲ့သည်၊ သို့သော် သူသည် မည်သည့်စကားကိုမှ ထုတ်မပြောလာခဲ့ပေ။
ရှုကျိုးသည် သူ့ကို ကြည့်လိုက်ပြီး၊ မည်သည့်စကားမှ မပြောဘဲ၊ အဆိုပါ လမ်းကြောင်းအတွင်းသို့ တိုက်ရိုက်ဝင်သွားတော့သည်။
ဝူကျွမ်းမှာလည်း သူ့နောက်သို့ ချက်ချင်းလိုက်လာခဲ့လေသည်၊ တစ်ခဏအကြာတွင် သူတို့သည် လျှို့ဝှက်မြေအောက်ခန်းတစ်ခုစီသို့ ရောက်ရှိလာခဲ့သည်။
ဤနေရာတွင် ဆေးလုံးများ၊ ဆေးဖက်ဝင် ဆေးပင်/ဆေးမြစ်များနှင့် အမျိုးမျိုးသော ကျင့်ကြံရေး နည်းစနစ်မျာ်ကဲ့သို့ ကျင့်ကြံရေး အရင်းအမြစ်များ စုပြုံနေခဲ့သည်။
ဝူကျွမ်း၏ အမူအရာမှာလည်း အလွန်တရာ ဆိုးရွားနေခဲ့ပြီး၊ လေးလေးနက်နက် စကားပြောလာခဲ့သည် “ မိတ်ဆွေလေး၊ ဒါက ဝူမိသားစုရဲ့ အနာဂတ် ကျင့်ကြံရေး လမ်းကြောင်းအတွက် တည်ဆောက်ထားတဲ့ လျှို့ဝှက်သိုလှောင်ရုံပါ။ ဒါတွေကို အရေးပေါ် စစ်ရေးလိုအပ်ချက်အတွက်လည်း သုံးနိုင်ပါတယ် “
“ စစ်ဌာနက ဒီလို အလွန်အကျွံ ရှာဖွေမှုအကြောင်းကို သိသွားမယ်ဆိုရင်၊ သူတို့က မင်းကို သေချာပေါက် အပြစ်တင်လာကြလိမ့်မယ် “
ဝူကျွမ်း၏ လေသံမှာ တိုးညှင်းနေခဲ့သော်လည်း၊ အနည်းငယ် မကျေမနပ်ဖြစ်နေပုံရသည့် အရိပ်အယောင်များ ပါရှိနေခဲ့သည်။
ရှုကျိုးသည် သူ့ကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောဆိုလာခဲ့သည် “ ဘာမှ မရှိတဲ့ပုံပဲ၊ ဒီတစ်ခါတော့ ဘာရလဒ်မှ မတွေ့ခဲ့ရဘူး “
ဝူကျွမ်း၏ မျက်လုံးများထဲတွင် ဘဝင်ခိုက်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်၊ သို့သော် သူ၏ အမူအရာကမူ မည်သို့မျှ မပြောင်းလဲသွားခဲ့ဘဲ၊ လေသံတိုးတိုးလေးဖြင့် စကားထပ်ပြောလာခဲ့သည် “ မိတ်ဆွေလေး၊ မင်းငါ့ကို အထင်မှားနေတာက ကိစ္စမရှိပါဘူး။ ဒါပင်မဲ့ တစ်ခြားမိသားစုတွေကိုတော့ ဒီလိုမျိုး ရဲရဲတင်းတင်း သွားမလုပ်နဲ့၊ သူတို့က ငါ့လိုမျိုး သဘောထားကြီးနေမှာ မဟုတ်ဘူး “
“ ငါ့အတွက် ချိုးဖျက်လိုက် “
ထိုအခိုက်အတန့်တွင် ရှုကျိုးသည် ရုတ်တရက် အော်ဟစ်ကာ၊ ကြမ်းပြင်ကို ပြင်းထန်စွာ ဆောင့်နင်းလိုက်သည်။
ဝရုန်းးးး
အစွမ်းထက် တုန်ခါမှု လှိုင်းလုံးတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ လျှို့ဝှက်လမ်းကြောင်းမှာ ချက်ချင်း ပြိုကျသွားခဲ့သည်။
ဝူကျွမ်း၏ အမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွားကာ အော်ဟစ်လာခဲ့သည် “ မင်းဘာလုပ် ……. “
သူသည် စကားကို ပြီးဆုံးအောင် မပြောနိုင်ခဲ့ဘဲ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူတို့၏ အရှေ့၊ ပြိုကျပျက်စီးသွားသော လမ်းကြောင်း၏ နောက်ဘက်တွင် နောက်ထပ်နေရာလွတ်တစ်ခု ပေါ်ထွက်လာသောကြောင့် ဖြစ်သည်။
ဤတစ်ကြိမ်၌ ဝူကျွမ်း၏ အမူအရာမှာ လုံးဝတင်းမာသွားခဲ့သည်။
……………………………………………………………………………………………………………………………………
အပိုင်း ( 575 )
အတွင်းမြို့တော်ကို ဆေးကြောခြင်း၊ တစ်ယောက်မှ အလွတ်မပေးဘူး
ရှုကျိုးသည် ဝူကျွမ်းကို တစ်ချက်ကြည့်လိုက်ပြီး၊ သူ၏အမူအရာကို လျစ်လျူရှုထားကာ၊ နေရာလွတ်၏ အနက်ရှိုင်းဆုံး နေရာဆီသို့ လျှောက်လှမ်းသွားတော့သည်။
ယခင်က ရှေးဦးဝိညာဥ်ကို အသုံးပြုကာ၊ အာရုံခံခဲ့သည့် အချိန်တွင်၊ သူသည် ဤရေကူးကန်နှင့် ပတ်သက်၍ တစ်ခုခု ထူးဆန်းနေသည်ဟု သတိပြုမိနေခဲ့သည်။ ၎င်းမှာ လျှို့ဝှက်တံခါးတစ်ခုသာလျှင် ဟုတ်မနေခဲ့ဘဲ၊ အခန်းအတွင်းတွင် နောက်ထပ် အခန်းတစ်ခု တည်ရှိနေသည့် တည်ဆောက်မှု ပုံစံမျိုး ရှိနေခဲ့ခြင်း ဖြစ်သည်။
တစ်ခဏ အကြာတွင် ရှုကျိုးသည် ဤနေရာ၏ အနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိလာခဲ့ပြီး၊ ၎င်းက သံသေတ္တာများစွာ ရှိနေသည့် ဆယ်မီတာ ကျယ်ဝန်းသော လျှို့ဝှက်အခန်းတစ်ခန်း ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။
ရှုကျိုးသည် သူ၏လက်ကို ဆန့်တန်းကာ အဝေးတွင် ရှိနေသည့် အဆိုပါ သေတ္တာများကို ဖွင့်လှစ်လိုက်သည်။
“ ဒါက ဘာတွေလဲ “
ရှုကျိုးသည် သံသေတ္တာများအနက်မှ တစ်ခုအတွင်း၌ မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော ရုန်းများ ထွင်းထုထားသည့် အစီအရင် စက်ဝိုင်းတစ်ခု ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။
ထို့အပြင် ထူးဆန်းသော ပုံစံကွက်များ ပါရှိသည့် မျက်နှာဖုံးတစ်ခု ရှိနေခဲ့ပြီး၊ ယဇ်ပူဇော်ပွဲများတွင် ဝတ်ဆင်ပုံရသည့် အနက်ရောင် လခြမ်းပုံကို ခြယ်မှုန်းထားသည့် ဝတ်ရုံတစ်ခုပါ ရှိနေခဲ့သည်။
နောက်ထပ် သံသေတ္တာတစ်ခုအတွင်း၌ ရွှေ၊ ငွေနှင့် အဖိုးတန် ကျင့်ကြံရေး အရင်းအမြစ်များစွာ စုပုံနေခဲ့သည်။
“ အဆင့်၇ ဆေးလုံးတွေလား “
၎င်းတို့အနက် ရှုကျိုးသည် သတ္တမအဆင့် ဆေးလုံးများကိုပါ ရှာတွေ့ခဲ့ပြီး၊ ပမာဏမှာ သေးငယ်မနေခဲ့ပေ။
ရှုကျိုးသည် လုံးဝအံ့ဩမှင်သက်သွားခဲ့သည်။
သူသည် သတ္တမအဆင့် ဆေးလုံးများက မဟာဗျူဟာမြောက် ကျင့်ကြံရေး အရင်းအမြစ်များ ဖြစ်သည်ဆိုသည်နှင့် ၎င်းတို့က အလွန်တရာ တန်ဖိုးကြီးသည်ဆိုသည်ကို သိနေခဲ့ပြီး၊ ဤနေရာတွင် အများအပြား သိုလှောင်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထို့နောက်၌ ရှုကျိုးသည် နောက်ဆုံးသော သံသေတ္တာထဲတွင် ထူးဆန်းသော ပုံစံရှိသည့် ကျောက်တုံးတစ်တုံးကို ရှာတွေ့ခဲ့သည်။
အဆိုပါ ကျောက်တုံး၏ မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော လခြမ်းတစ်ခုကို ထွင်းထုထားခဲ့ပြီး၊ တစ်ချက်မျှ ကြည့်ရှုလိုက်ရုံဖြင့် စိတ်ကို တုန်လှုပ်သွားစေသည့် အကျိုးသက်ရောက်မှုမျိုး ရှိနေခဲ့သည်။
“ ဒါတွေက ဘာအတွက် သုံးတာလဲ “
ရှုကျိုးသည် ဝူကျွမ်းကို ပြန်လှည့်ကြည့်လိုက်သည်။
ဝူကျွမ်းသည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းနေခဲ့ပြီးမှ စကားပြောလာခဲ့သည် “ အဲ့တာက …. ငါလည်း မသိဘူး။ မိသားစု ဘဏ္ဍာတိုက်ရဲ့ နောက်မှာ ဘာလို့ ဒီပစ္စည်းတွေ ရောက်နေရတာလဲဆိုတာကို ငါမသိဘူး “
သူသည် မည်သည့်အရာကိုမှ မသိသည့်အတိုင်း အံ့ဩတကြီး ဖြစ်နေသော အကြည့်မျိုးဖြင့် ပြန်ကြည့်လာခဲ့သည်။
ရှုကျိုးမှ နှာခေါင်းရှုံ့ကာ ပြောဆိုလိုက်သည် “ ဒါဆိုလည်း ငါနဲ့လိုက်ခဲ့ “
ဝူကျွမ်း၏ အမူအရာ ပြောင်းလဲသွားကာ၊ လေးလေးနက်နက် ဖြစ်နေသော လေသံမျိုးဖြင့် စကားဆက်ပြောလာခဲ့သည် “ မိတ်ဆွေလေး၊ မင်းက အဆင့်မြင့် ရှာဖွေရေး ဝရမ်းကို ကိုင်ထားလို့ ငါမင်းနဲ့ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီးပြီ။ အခုအားလုံးကို စစ်ဆေးပြီးသွားပြီး၊ ဘာသက်သေမှ ရှာမတွေ့ခဲ့ဘူးလေ၊ မင်းက ငါ့ကို ခေါ်သွားနိုင်လိမ့်မယ်လို့ ထင်နေတာလား “
“ သက်သေလား “
ရှုကျိုးသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ ကျောက်တုံးနှင့် မျက်နှာဖုံးတို့ကို လက်ညှိုးထိုးပြလိုက်သည် “ အဲ့တာတွေက ဘာအတွက်သုံးလဲဆိုတာကို မင်းက ငါ့ထပ်ပိုသိနေမှာ သေချာပါတယ် “
ဝူကျွမ်းမှ မျက်နှာပြောင်တိုက်၍ ထပ်ပြောလာခဲ့သည် “ မိတ်ဆွေလေး၊ မင်းက ဘာပြောချင်နေတာလဲ။ မင်းပြောနေတာတွေကို ငါနားမလည်ဘူး “
ထိုလူက ဆက်လက်၍ ဟန်ဆောင်နေစဲဆိုသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် တဟားဟား ရယ်မောနေတော့သည်။
သူသည် သူ၏လက်ကို ဆန့်ထုတ်ကာ ထူးဆန်းသော ကျောက်တုံးကို သူ့ဆီသို့ လွင့်မျောလာစေလိုက်သည်။
“ ဒါကို ချီ-သွေးနဲ့ အသက်သွင်းကြည့်လိုက် “ ရှုကျိုးမှ ဝူကျွမ်းကို ကြည့်ကာ ပြောလိုက်သည်။
ဝူကျွမ်း၏ အမူအရာသည် လုံးဝ ပြောင်းလဲသွားခဲ့သည်၊ သူသည် ငြိမ်သက်ရပ်တန့်နေသေးသော်လည်း၊ လက်တစ်ဖက်ကို နောက်ပစ်ကာ စွမ်းအားများ တိတ်တဆိတ် စုစည်းနေခဲ့သည်။
“ ဒီအကွာအဝေးအတွင်းမှာ ငါက ဒီကလေးကို ချက်ချင်း သတ်နိုင်သင့်တယ် “
ဝူကျွမ်းမှာ တစ်ကိုယ်တည်း အတွေးများနေတော့သည် “ အဆိုးဆုံး ဖြစ်လာမယ်ဆိုရင် ဝူမိသားစုက ထွက်ပြီးတော့ လနတ်ဘုရားဂိုဏ်းကို သွားလိုက်ရုံပဲပေါ့ကွာ “
သူ၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် တိုက်ကွက်ထုတ်၍ လှုပ်ရှားလာခဲ့သည်။
“ ဆွစ်ရှ် “
သူတို့နှစ်ဦးကြားတွင် မီတာဝက်မျှသာ ဝေးကွာနေခဲ့သည်၊ ဤအကွာအဝေးအတွင်းတွင် ဆဌမအဆင့် ပညာရှင်တစ်ဦးက သူ၏စွမ်းအားကို အပြည့်အဝ ထုတ်သုံးလိုက်မည်ဆိုပါက၊ ပြိုင်ဘက်သည် ၎င်းကို မည်သို့မျှ ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဝူကျွမ်းမှာ ကြောင်တောင်တောင် ဖြစ်သွားခဲ့ရသည်။
ရှုကျိုးသည် သူလှုပ်ရှားလာမည်ကို မှန်းဆနေမိပုံရပြီး၊ ချက်ချင်းတုံ့ပြန်လာခဲ့ကာ၊ ပိုမိုမြန်ဆန်သော အမြန်နှုန်းဖြင့် သူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာခဲ့သည်။
“ ခရက် “
ကြည်လင်သော အသံတစ်သံ ပေါ်ထွက်လာခဲ့ကာ ဝူကျွမ်း၏ လက်ကောက်ဝတ်မှာ ကျိုးပဲ့ပျက်စီးသွားခဲ့သည်။
“ မင်း …. “
ဝူကျွမ်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ငါက ဆဌမအဆင့် အထွတ်အထိပ်လေ၊ သူက နည်းနည်းလောက် ညှစ်လိုက်တာနဲ့ ငါ့လက် ကျိုးသွားပြီလား
“ အားးးးးး ……. “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ ဝူကျွမ်းသည် ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်လာခဲ့ပြီး၊ သူ၏လက်ကောက်ဝတ်မှ သွေးများ ကျဆင်းလာခဲ့သည်။
သို့သော် သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင်
“ ဝုန်းးးး “
ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုသည် ရှုကျိုး၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါက်ထွက်လာခဲ့သည်။
ဝူကျွမ်းသည် အံ့ဩတုန်လှုပ်သွားခဲ့ပြီး၊ မယုံကြည်နိုင်ဖြစ်နေသော အမူအရာမျိုးဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည်။
“ ခု ….. အဆင့်ခုနစ်လား “
“ ဒီကောင်စုတ်လေးက အဆင့်၇ကို ဘယ်အချိန်တုန်းက ရောက်သွားတာလဲ “
ဝူကျွမ်းမှာ လုံးဝ အံ့အားသင့်သွားခဲ့သည်။
လနတ်ဘုရားဂိုဏ်း၏ ထောက်လှမ်းရေး အချက်အလက်များအရ၊ ရှုကျိုးသည် ဆဌမအဆင့် အထွတ်အထိပ်တွင် ရှိနေစဲဖြစ်ပြီး၊ ရွှေအူတိုင် ဒုတိယ အသွင်ပြောင်းခြင်းကိုပင် မဖွဲ့စည်းခဲ့ရသေးပေ။
သူက သတ္တမအဆင့်ကိုတောင် ရောက်နေပြီလားဟ။ ဘယ်တုန်းက ရောက်သွားတာလဲ
ရှုကျိုးမှ အေးအေးလူလူ စကားပြောလိုက်သည် “ သက်သေအထောက်အထားက ခိုင်လုံတယ်၊ ဝူကျွမ်း၊ ငါနဲ့လိုက်ခဲ့ “
စကားပြောနေရင်းဖြင့် သူသည် ဖမ်းဆီးမှု ဝရမ်းကိုပါ ထုတ်ပြလိုက်သည်။
“ အထွတ်အထိပ် ဖမ်းဝရမ်းလား “
ဝူကျွမ်းသည် ထပ်မံ၍ အံ့ဩတုန်လှုပ်သွားရပြန်သည်။
သူသည် အသက်ဆယ့်ရှစ်နှစ်ပင် မပြည့်သေးသည့် ဤလူငယ်လေးထံတွင် အဆင့်မြင့် ရှာဖွေရေး ဝရမ်းအပြင် အထွတ်အထိပ် ဖမ်းဆီးမှု ဝရမ်းပါ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထိုတံဆိပ်ပြားနှစ်ခုသာ ရှိနေမည်ဆိုပါက ဝူမိသားစုပင် မဆိုထားနှင့်၊ အရှေ့ပိုင်းပြည်နယ် ထိပ်တန်းမိသားစုကြီးဖြစ်သော လျူမိသားစုမှာပင် သူသည် လွှမ်းမိုးမှုအပြည့်ဖြင့် လျှောက်လှမ်းသွားနိုင်ပေသည်။
သို့သော် ဖမ်းဆီးမှု ဝရမ်းရှိနေမည်ဆိုလျှင်တောင်မှ တိကျခိုင်လုံသော သက်သေအထောက်အထားကို လိုအပ်နေဦးမည် ဖြစ်သည်။
အစောပိုင်း အချိန်က သူ၏တိုက်ခိုက်မှုသည် အကြီးမား၊ အထင်ရှားဆုံးသော သက်သေအထောက်အထားပင် ဖြစ်သည်။
ထို့ကြောင့် ယခုတွင် ရှုကျိုးသည် သူ့ကို လုံးဝဖမ်းဆီးနိုင်ပြီ ဖြစ်သည်။
ရှုကျိုးသည် ဖမ်းဆီးမှု တံဆိပ်ပြားကို အသက်သွင်းလိုက်သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ရွှေရောင်သန်းနေသည့် ချိန်းကြိုးတစ်ခုသည် တံဆိပ်ပြားထံမှ ပေါ်ထွက်လာခဲ့ပြီး၊ ဝူကျွမ်းကို အခိုင်အမာ ချည်နှောင်လိုက်သည်။
အဆိုပါ ချိန်းကြိုး၏ အောက်တွင် ဝူကျွမ်း၏ ဆဌမအဆင့် အထွတ်အထိပ် ကျင့်ကြံရေးမှာ လုံးဝ ချိတ်ပိတ်ခံလိုက်ရသည်။
ဆဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးဖြစ်သည့် ဝူကျွမ်းသည် သာမန်သေမျိုး လူသားတစ်ဦးအဖြစ် ချက်ချင်းပြောင်းလဲသွားခဲ့သည်။
“ ဒီတံဆိပ်က တကယ်ကြီးကို အသုံးဝင်တာပဲဟ “
ရှုကျိုးသည် ထိုမြင်ကွင်းကို ကြည့်ရှုနေကာ၊ မအံ့ဩဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်၊ ဤတံဆိပ်ပြားနှင့်သာဆိုပါက သူသည် နဝမအဆင့် ပညာရှင်ကိုပင် ကြောက်ရွံ့နေစရာ လိုတော့မည် မဟုတ်ပေ။
…
တစ်ခဏအကြာတွင် ရှုကျိုးသည် အချုပ်နှောင်ခံထားရသည့် ဝူကျွမ်းနှင့်အတူ ရေကန်အတွင်းမှ ပြန်ထွက်လာခဲ့သည်။
ထိုအချိန်တွင် ဝူမိသားစုမှ တစ်ခြားသော ပညာရှင်များကလည်း ရေကန်အနီးအနားတွင် စောင့်ဆိုင်းနေကြသည်။
အချုပ်နှောင်ခံထားရသည့် ဝူကျွမ်းကို မြင်လိုက်ရသောအခါတွင် သူတို့၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားတော့သည်။
သူတို့ စကားမပြောနိုင်ခင် အချိန်မှာပင် ရှုကျိုးမှ အရင်ဦးဆုံး စကားပြောလာခဲ့သည် “ ဝူကျွမ်းက လူသားမျိုးနွယ်စုကို သစ္စာဖောက်ထားပြီး၊ လနတ်ဘုရားဂိုဏ်းနဲ့ တိတ်တဆိတ် ပူးပေါင်းထားတယ်။ သက်သေအထောက်အထား ခိုင်လုံတဲ့အတွက် စစ်ဆေးရေးမှူး တစ်ဦးဖြစ်တဲ့ ကျွန်တော်က ဒီနေ့မှာ သူ့ကို တရားဝင် ဖမ်းဆီးလိုက်ပြီ “
ထို့နောက်တွင် သူသည် သူ၏ ဖမ်းဆီးမှု ဝရမ်းကိုပါ ထုတ်ပြလိုက်သည်။
………………………………………………………………………………………………………………………………………
အပိုင်း ( 576 )
အတွင်းမြို့တော်ကို ဆေးကြောခြင်း၊ တစ်ယောက်မှ အလွတ်မပေးဘူး ၂
ချက်ချင်းဆိုသလိုပင် ရှုကျိုးမှ စကားဆက်ပြောလာခဲ့သည် “ ဝူကျွမ်းရဲ့ တစ်ကိုယ်ရေ ပိုင်ဆိုင်မှုအားလုံးကို သိမ်းယူမယ် “
သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ အောက်ဘက်တွင် ရှိနေသည့် ရေကန်သည် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ ပြိုကျသွားခဲ့သည်။
ထို့နောက် တစ်ခဏအကြာတွင် ကျင့်ကြံရေး အရင်းအမြစ်များ၊ ရွှေ၊ ငွေနှင့် တစ်ခြားသော အဖိုးတန် ရတနာအားလုံးသည် ရှုကျိုး၏ ဟင်းလင်းပြင် နေရာလွတ်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။
စစ်ဆေးရေးမှူးတစ်ဦးနှင့် ဒုဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်သည့်အလျောက် ရှုကျိုးထံတွင် တရားမဝင်သော အဆိုပါ ပစ္စည်းများကို သိမ်းယူနိုင်မည့် အခွင့်အာဏာမျိုး ရှိနေခဲ့သည်။
ဝူကျွမ်းသည် ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် မျက်ရည်များ စီးကျလာခဲ့သော်လည်း၊ မည်သည့်ငြင်းခုန်မှုကိုမှ မပြုလုပ်လာခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် ၎င်းတို့က အသုံးမဝင်ဘူးဆိုသည်ကို သူသိနေသောကြောင့် ဖြစ်သည်။ ရှုကျိုးထံတွင် အထွတ်အထိပ် ဖမ်းဆီးမှု ဝရမ်း ရှိနေခဲ့ပြီး၊ အကယ်၍ သူကသာ ဆက်လက်၍ ရုန်းကန်နေဦးမည်ဆိုပါက၊ သူ့အတွက် အဆုံးသတ်ကောင်းလိမ့်မည် မဟုတ်ပေ။
ဝူမိသားစု၏ တစ်ခြား ပညာရှင်များကလည်း ဝူကျွမ်းကိုယ်တိုင်က ပါးစပ်ပိတ်နေသည်ကို မြင်တွေ့နေခဲ့ရသည့်အတွက်၊ မည်သူကမှ သူ့အတွက် ကာကွယ်မပြောဆိုပေးလာခဲ့ပေ။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူတို့ကပါ ရောကြိတ်ခံလိုက်ရမည် ဖြစ်သည်။
ထို့နောက်တွင် ရှုကျိုးသည် သူ၏အောင်ပွဲရ ပစ္စည်းများနှင့်အတူ ဝူမိသားစုထံမှ ထွက်ခွာလာခဲ့သည်။
…
“အခြေအနေ ဘယ်လိုလဲ “
ဝူမိသားစုထံမှ ထွက်လာခဲ့ပြီးသည့်နောက်တွင် လျူချင်းယွမ်သည် သူ့အနားသို့ ရောက်လာခဲ့ကာ မေးမြန်းလာခဲ့သည်။
ရှုကျိုးသည် အချုပ်ခံထားရသည့် ဝူကျွမ်းကို လွှဲပြောင်းပေးကာ စကားပြောလိုက်သည် “ ကိစ္စကတော့ ချောချောမွေ့မွေ့ပါပဲ။ ဒီတစ်ခါမှာ ကျွန်တော်တို့က အဆင့်၇ ဆေးလုံးတစ်ချို့နဲ့ အဖိုးတန် အရင်းအမြစ်တော်တော်များကိုလည်း သိမ်းနိုင်ခဲ့တယ်။ အဲ့တာတွေကို ကျောင်းသူကျောင်းသားငယ်လေးအတွက် ချန်ထားသင့်တယ် “
လျူချင်းယွမ်သည် အစပိုင်းတွင် သတ္တမအဆင့်ဆေးလုံးများအကြောင်း ကြားသိရလိုက်ကာ စိတ်ကျေနပ်သွားခဲ့သည်၊ သို့သော် သူသည် ချက်ချင်း မျက်မှောင်ကြုတ်သွားခဲ့သည် “ ဘာလို့ အဲ့တာတွေ အကုန်လုံးကို ကျောင်းသူကျောင်းသားငယ်လေးတွေဆီ ပေးရတာလဲ။ မင်းအရင်သုံးပြီးတော့ ပိုတာတွေကိုပဲ ငါတို့ကို ပေးလေ “
တစ်ဖက်ရှိ ဝူကျွမ်းကမူ ဒေါသကြောင့် မျက်နှာတစ်ခုလုံး ရဲတွတ်သွားခဲ့သည်။
၎င်းတို့မှာ သူခက်ခက်ခဲခဲ ကြိုးစားအားထုတ်၍ ရှာဖွေစုဆောင်းခဲ့ရသည့် အဖိုးတန် အရင်းအမြစ်များ ဖြစ်သည်၊ ယခုတွင် ဤနှစ်ကောင်သည် ၎င်းတို့ကို သူ့အရှေ့မှာပင် ဝေစုခွဲနေကြလေသည်။
၎င်းမှာ အသတ်ခံလိုက်ရသည်ထပ်ပင် ပို၍နာကျင်ရလေသည်။
“ မလိုပါဘူးဗျာ “ ရှုကျိုးမှ အပြုံးဖြင့် ပြန်ပြောလိုက်သည် “ အဆင့်၇ ကျင့်ကြံရေးမှာ ကျွန်တော်က ဆေးလုံးတွေကို မလိုတော့ဘူး၊ သိပ်မကြာခင် အချိန်မှာပဲ အဆင့်၇ အထွတ်အထိပ်ကို ရောက်သွားသင့်တယ် “
သူ၏ ခရမ်းရောင် နန်းတော်ထဲတွင် စွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့ပြီး၊ ၎င်းတို့က အလွန်များပြား၊ သိပ်သည်းလွန်းသဖြင့် အရည်ဖြစ်လုနီးပါးအထိပင် ဖြစ်နေခဲ့သည်။
ရှေးဦး ဝိညာဥ်က အဆိုပါ စွမ်းအင်များကို စုပ်ယူလိုက်သည်နှင့်တစ်ပြိုင်နက်၊ အခြေခံအားဖြင့် သူသည် သတ္တမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
ဆေးလုံးများသောက်သုံးခြင်းက တိုးတက်မှုဖြစ်စဥ်ကို အရှိန်မြှင့်တင်ပေးနိုင်လိမ့်မည် မဟုတ်ပေ။
တစ်နည်းဆိုရသော် ဆေးလုံးများသောက်သုံးခြင်းသည် ခရမ်းရောင် နန်းတော်အတွင်းရှိ စွမ်းအင်ကိုသာ တိုးပွားသွားစေမည် ဖြစ်သည်၊ သို့သော် ရှေးဦးဝိညာဥ်၏ စုပ်ယူမှုအမြန်နှုန်းကို တိုးမြှင့်ပေးနိုင်မည် မဟုတ်ပေ။
လျူချင်းယွမ်မှာ စိတ်ထဲတွင် တအံ့တဩ ဖြစ်သွားခဲ့သည်၊ ရှုကျိုးရဲ့ အဆင့်တက်နှုန်းက တကယ်ကြီးကို ဒီလောက်တောင် မြန်နေတာလားဟ
အကယ်၍ တစ်ခြားလူတစ်ဦးဦးကသာ ဤအကြောင်းကို ပြောလာခဲ့မည်ဆိုပါက၊ သူသည် ၎င်းက ယုတ္တိမရှိဘဲ ကြွားဝါပြောဆိုနေခြင်းသာ ဖြစ်နေသည်ဟု သေချာပေါက် ထင်သွားမည် ဖြစ်သည်။
သို့သော် ထိုစကားကို ရှုကျိုးမှ ပြောလာခဲ့ခြင်းကြောင့်၊ ၎င်းက မှန်နိုင်ခြေများနေခဲ့လေသည်။
“ မင်းက ဝူမိသားစုထဲမှာ ခုခံမှုတွေဘာတွေနဲ့တော့ မရင်ဆိုင်ခဲ့ရဘူးမလား “ လျူချင်းယွမ်မှ စိုးရိမ်တကြီး မေးမြန်းလာခဲ့သည်။
ရှုကျိုးမှ ပြန်ပြောလာခဲ့သည် “ ဘာမှ မဖြစ်ပါဘူး။ ရှာဖွေရေးနှင့် ဖမ်းဆီးမှု ဝရမ်းတွေက တော်တော်လေးကို အသုံးဝင်တယ်၊ အဲ့ဒီမိသားစုကြီးတွေကတောင် ဒီဟာတွေကို ကြောက်နေသလိုပဲ “
သူက ရှာဖွေရေးနှင့် ဖမ်းဆီးမှု ဝရမ်းကို ထုတ်ယူခဲ့သည့် အချိန်တွင်၊ ဝူမိသားစုဝင်များသည် သူတို့၏ သဘောထားများကို ချက်ချင်းပြောင်းလဲလိုက်ကြသည်။
လျူချင်းယွမ်မှ ပြောပြလာခဲ့သည် “ ရှာဖွေရေးနှင့် ဖမ်းဆီးမှု ဝရမ်းတွေက စစ်ဌာနရဲ့ ပကတိ အထွတ်အထိပ်ကို ကိုယ်စားပြုတယ်လေ၊ တျန်းကျိုးရဲ့ စူပါ မိသားစုကြီးတွေကတောင် အလွယ်တကူ မခုခံရဲကြဘူး “
“ ကျွန်တော် သိပြီ “ ရှုကျိုးသည် သဘောပေါက်သွားကာ၊ အတွေးနက်သွားတော့သည်။ အဲ့တာက စီနီယာ တိကျွမ်းရဲ့ ရည်ရွယ်ချက်များလား
“ ရှုကျိုး “ လျူချင်းယွမ်မှ မေးမြန်းလာခဲ့သည် “ ဒီတစ်ခေါက်မှာရော ဘယ်ကိုသွားမှာလဲ “
“လျူမိသားစုပါ “
“ လျူမိသားစုလား “ လျူချင်းယွမ်မှာ တအံ့တဩ ဖြစ်သွားခဲ့သည် “ အဲ့တာက အရှေ့ပိုင်းပြည်နယ်ရဲ့ တကယ့်စူပါမိသားစုကြီးတစ်ခုပဲ။ အဲ့မှာက အဆင့်၈ ပညာရှင်တစ်ယောက် ရှိနေနိုင်တယ်။ ဒီတစ်ခါတော့ မင်းက သေချာဂရုစိုက်မှဖြစ်မယ် “
“ မင်းက အဆင့်အမြင့်ဆုံး ရှာဖွေရေးနှင့် ဖမ်းဆီးမှု ဝရမ်းကို ကိုင်ထားတယ်ဆိုရင်တောင်မှ၊ လျူမိသားစုမှာက ဘာကိုမှ မကြောက်တဲ့ လူအိုကြီးတွေ ရှိနေတုန်းပဲ “
လျူချင်းယွမ်မှ သတိပေး ပြောကြားလာခဲ့သည်။
ရှုကျိုးသည် သူနားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်ပြီး၊ ချက်ချင်းထွက်ခွာသွားတော့သည်။
လျူနှင့် ဝူမိသားစုနှစ်ခုစလုံးက အရှေ့ပိုင်းပြည်နယ်တွင် တည်ရှိကြသော်လည်း၊ သူတို့၏ ပထဝီဝင် အနေအထားမှာ လုံးဝကွဲပြားခြားနားနေခဲ့သည်။
ဝူမိသားစုမှာ မိသားစုကြီးတစ်ခု ဖြစ်သော်လည်း၊ အနည်းငယ် ဂျောင်ကျသည့်နေရာတွင် နေထိုင်နေခဲ့ပြီး၊ ၎င်း၏ အလုံးစုံအခြေအနေမှာ အနည်းငယ် နိမ့်ကျနေခဲ့သည်။
သို့သော် လျူမိသားစုကမူ အရှေ့ပိုင်းပြည်နယ်၏ အလွန်ဖွံ့ဖြိုးတိုးတက်သော နေရာတွင် တည်ရှိပြီး၊ မြေဧကရာနှင့်ချီ၍ ပိုင်ဆိုင်ထားသည့်အတွက် ကိုယ်ပိုင်မြို့တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။
ထို့အပြင် ထိုနေရာရှိ နည်းပညာနှင့် စီးပွားရေးမှာလည်း အလွန်တရာ ဖွံ့ဖြိုးတိုးတက်နေလျက်ရှိပြီး၊ အရှေ့ပိုင်းပြည်နယ်၏ သိုင်းပညာရှင် အများဆုံး တည်ရှိရာ ဒေသတစ်ခု ဖြစ်နေခဲ့သည်။
ဤဒေသတစ်ခုတည်းမှာပင် တတိယအဆင့် ပညာရှင် ထောင်နှင့်ချီ၍ ရှိနေခဲ့ပြီး၊ အဆင့်မြင့် ပညာရှင်မှာလည်း ဒါဇင်နှင့်ချီ၍ တည်ရှိနေခဲ့သည်။
စစ်ပွဲကာလအတွင်း၌ တတိယအဆင့် ပညာရှင် အများစုမှာ ကွမ်ဟန်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် အဆင့်မြင့် ပညာရှင် အများစုက ကြယ်ပြာဂြိုဟ်ကို ကာကွယ်စောင့်ကြပ်ရန်အတွက် လျူမိသားစုအတွင်းမှာပင် ဆက်လက်၍ နေထိုင်ခဲ့ကြသည်။
ထိုအကြောင်းကို သိလိုက်ရသောအခါတွင် လျူမိသားစု အပေါ်တွင် ရှိနေသည့် ရှုကျိုး၏ အထင်အမြင်မှာ ပိုမိုဆိုးရွားသွားခဲ့သည်။
“ အရှေ့ပိုင်းပြည်နယ်ရဲ့ ထိပ်တန်းမိသားစုကြီးတစ်ခုဖြစ်တဲ့ လျူမိသားစုက စံပြမဖြစ်ဘူးဆိုတာကတင် တော်တော်လေးကို ဆိုးနေပြီ။ သူတို့ရဲ့ အဆင့်မြင့် ပညာရှင်တွေကပါ တွင်းထဲ ပုန်းနေကြပြီး၊ တိုက်ပွဲကို မသွားတာကတော့ လုံးဝခွင့်လွှတ်လို့မရဘူး “
ရှုကျိုးသည် အရှေ့ဘက်ရှိ မြို့ကြီးကို ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့နေတော့သည်။
သူ့ဘေးနားရှိ လျူချင်းယွမ်မှာလည်း မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်၊ သူကပင် သတ္တမအဆင့် ပညာရှင်များကို ထိုကဲ့သို့ စော်ကားမပြောဆိုရဲပေ၊ အထူးသဖြင့် သူတို့၏ တံခါးဝတွင် ရှိနေသော အချိန်မျိုးတွင် ဖြစ်သည်။
တကယ်လို့ တစ်ယောက်ယောက်သာ ကြားသွားမယ်ဆိုရင် ……
သို့သော် သူသည် ရှုကျိုးကိုယ်ကိုင်က သတ္တမအဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီဆိုသည်ကို လျင်မြန်စွာ အမှတ်ရသွားခဲ့သည်၊ ထို့ကြောင့် အနည်းငယ်မျှ ဆဲဆိုခြင်းမှာ ကိစ္စမရှိပေ။
လျူချင်းယွမ်သည် ချောင်းဟန့်ကာ စကားထပ်ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းက လျူမိသားစုကို အထင်မကြီးဘူးဆိုတာကို ငါသိပါတယ်၊ ဒါပင်မဲ့ ငါတို့က တရားမျှတမှုရှိရှိ လှုပ်ရှားပြီးတော့၊ ကိစ္စကြီးမဖြစ်ရအောင် ရှောင်ရှားသင့်တယ် “
သူသည် ရှုကျိုးက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်သို့ ရောက်လာခဲ့စဥ်အချိန်ကတည်းက လျူမိသားစု၏ ပစ်မှတ်ထားခြင်းအား ခံခဲ့ရသည်ဆိုသည်ကို သိနေခဲ့သည်။
ပထမဦးဆုံးအနေဖြင့် လျူတျန်မု၊ ထို့နောက်တွင် လျူဟိုင်ဖုန်း
လျူမိသားစု၏ ပညာရှင်တစ်ချို့မှာလည်း ရှုကျိုးနှင့် အစစ်အမှန် သိုင်းပညာဌာနကို တိတ်တဆိတ် ချောက်ချကာ သူ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားခဲ့သေးသည်။
သို့သော် ယခုတွင်ကား ရှုကျိုးသည် သတ္တမအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သောကြောင့် အကြွေးပြန်တောင်းရတော့မည် ဖြစ်သည်။
သို့သော် လျူချင်းယွမ်သည် အကယ်၍ ရှုကျိုးကသာ စည်းမဲ့ကမ်းမဲ့ သတ်ဖြတ်မှုများကို ပြုလုပ်ခဲ့မည်ဆိုပါက၊ တစ်ခြားသော မိသားစုကြီးမှာ ဘုံရန်သူကို ဆန့်ကျင်ရန်အတွက် စည်းလုံးညီညွတ်သွားကြမည်ဆိုသည်ကို သိနေခဲ့သည်။
ကြယ်ပြာဂြိုဟ်ပေါ်တွင် ပဋိပက္ခများ ပေါ်ပေါက်လာခဲ့မည်ဆိုပါက၊ ၎င်းသည် လက်ရှိအခြေအနေကို ကြီးကြီးမားမား ပြောင်းလဲသွားစေလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် သူသည် သူ့ကို ဖြောင်းဖြရန်အတွက် အလောတကြီး ကြိုးစားခဲ့ခြင်း ဖြစ်သည်။
ရှုကျိုးကမူ အသာအယာ ပြုံး၍ ပြန်ပြောလာခဲ့သည် “ စိတ်ချထားလိုက်ပါ၊ ဆရာရာ၊ ကပ်ပါးကောင်တွေက ဘယ်သူတွေလဲဆိုတာကို ကျွန်တော်သိပါတယ် “
“ မသတ်သင့်တဲ့လူတွေကို ထိမှာမဟုတ်ပါဘူး “
“ ပြီးတော့ သတ်သင့်တဲ့လူတွေကိုလည်း တစ်ကောင်မှ အလွတ်မပေးဘူး “
ဤအခိုက်အတန့်တွင် ရှုကျိုးသည် သူ၏သတ်ဖြတ်လိုစိတ်ကို ဖော်ထုတ်လိုက်သည်။
ဘေးဘက်ရှိ အချုပ်နှောင်ခံထားရသည့် ဝူကျွမ်းကပင် ကြက်သီးများထသွားပြီး၊ ရှုကျိုးက သူ့ဘက်သို့ ဓားဦးလှည့်လာမည်ကို စိုးရိမ်နေသောကြောင့် လိပ်ခွံထဲတွင် ပုန်းနေသကဲ့သို့ ခန္ဓာကိုယ်ကို ကျုံ့လိုက်သည်။
လျူချင်းယွမ်ကမူ ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းနေတော့သည် “ ကောင်းပြီလေ၊ မင်းလုပ်တာကို မင်းသိနေသရွေ့တော့၊ ငါက ဒီကောင်ကို မြို့ပြင်ဘက်မှာ ကြည့်ပေးထားမယ်။ သွားတော့ “
ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်ကာ ရှေ့သို့ တက်သွားပြီး၊ ဤနေရာမှ ပျောက်ကွယ်သွားတော့သည်။
လျူချင်းယွမ်သည် ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် မျက်မှောင်ကြုတ်သွားကာ ရေရွတ်ပြောဆိုနေတော့သည် “ အပြစ်ပေးရမဲ့ အချိန်ကျလာပြီ၊ လျူမိသားစု၊ မင်းတို့ရဲ့ အကြွေးကို ပြန်ဆပ်ရတော့မယ် “
…
လျူမိသားစုအတွင်းရှိ
စံအိမ်တစ်ခုအတွင်း၌
လျူတျန်မုသည် လေ့ကျင့်ရေး အခန်းထဲတွင် တင်ပျဥ်ခွေထိုင်နေကာ၊ ကြိုးစားအားထုတ်၍ ကျင့်ကြံနေလျက်ရှိသည်။
“ တီ တီ “
ရုတ်တရက်ဆိုသလိုပင် ဖုန်းသံအော်မြည်လာခဲ့သည်။
လျူတျန်မုသည် သူ၏လေ့ကျင့်ရေးကို ဖြည်းဖြည်းချင်း ရပ်တန့်လိုက်ပြီး၊ မျက်လုံးများဖွင့်ကာ ဖုန်းကို ကြည့်လာခဲ့သည်။
“ ဟမ်။ ရှေ့တန်းမှာ စစ်ပွဲနောက်တစ်ကျော့ စနေပြီလား။ ဒီတစ်ခါလည်း လူသောင်းနဲ့ချီပြီး ထပ်သေရဦးမှာပဲ “
လျူတျန်မုသည် မတ်တပ်ထရပ်လာခဲ့ပြီး၊ မျက်နှာကျက်ရှိ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက် ကောင်းကင်ယံကို ငေးကြည့်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည် “ လျူမိသားစုက အဆင့်မြင့် ပညာရှင်တွေရဲ့ အကာအကွယ်ကို ရထားခဲ့တာက တကယ်ကံကောင်းတယ်၊ အဲ့တာကြောင့် ငါက စစ်ပွဲကို သွားစရာမလိုဘဲ၊ အေးအေးဆေးဆေး ကျင့်ကြံနေနိုင်တယ် “
သူသည် ၎င်းက မှားယွင်းနေသည်ဟု မထင်ပေ။
စစ်ပွဲသို့ မသွားရဘဲ လျူမိသားစုအတွင်းမှာပင် ဆက်နေကာ တိတ်တဆိတ် ကျင့်ကြံနိုင်ရန်အတွက် လူတစ်ဦး၏ စွမ်းရည်နှင့် ခွန်အားတို့က လုံလုံလောက်လောက် အားကောင်းနေရမည် ဖြစ်သည်။
လျူတျန်မုကဲ့သို့ပင်၊ သူသည် သူ၏ ထူးချွန်သော စွမ်းရည်ကြောင့် သူသည် လျူမိသားစုမှ အဆင့်မြင့် ပုဂ္ဂိုလ်များ၏ အကာအကွယ်ကို ရရှိခဲ့ပြီး၊ စစ်မှုထမ်းကင်းလွတ်ခွင့်ကို ရရှိခဲ့သည်။
တစ်နည်းဆိုရသော် လျူမိသားစုတွင် ကျန်နေခဲ့သည့် လူအားလုံးမှာ ပါရမီရှင်များသာလျှင် ဖြစ်နေခဲ့သည်။
“ အခုဆိုရင် ငါက အဆင့်၃ အထွတ်အထိပ်ကို ရောက်နေပြီ၊ ရက်ပိုင်းအတွင်းမှာပဲ အဆင့်၄ကို ရောက်သွားလောက်တယ် “
လျူတျန်မု၏ မျက်လုံးများမှာ ယုံကြည်မှုတို့ဖြင့် တောက်ပနေခဲ့သည် “ ငါက အလယ်လတ်အဆင့် သိုင်းပညာရှင် ဖြစ်လာတာနဲ့၊ မိသားစုတွင်းမှာရှိတဲ့ ငါ့ရဲ့လွှမ်းမိုးမှုကလည်း လိုက်ပြီးတော့ ကြီးထွားလာလိမ့်မယ် “
ထိုအကြောင်းကို တွေးမိသွားသောအခါတွင် တစ်ခြားသော ပုံရိပ်တစ်ခုသည် သူ၏ စိတ်ထဲတွင် အလိုအလျောက် ပေါ်ပေါက်လာခဲ့သည်။
ထိုပုံရိပ်သည် သူကဲ့သို့ပင် ကွမ်ဟန်တက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်နေခဲ့ပြီး၊ လွန်ခဲ့သော နှစ်ဝက်က သူ တတိယအဆင့်သို့ စရောက်သည့် အချိန်တွင် တစ်ဖက်လူသည် ပထမအဆင့်တွင်သာ ရှိနေခဲ့သည်။
သို့ရာ၌ နှစ်ဝက်အကြာတွင် သူသည် တတိယအဆင့် အထွတ်အထိပ်မှာပင် ရုန်းကန်နေရသေးသည်၊ သို့သော် တစ်ဖက်လူကမူ ဆဌမအဆင့်သို့ပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
“ အဲ့လူ၊ သူ့ရဲ့ စွမ်းရည်က တကယ်ကြီးကို ပုံမှန်မဟုတ်တာပဲ ……. “
လျူတျန်မု၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
သို့သော် မကြာခင်အချိန်မှာပင် သူသည် ထပ်မံ၍ စိတ်သက်သာရာရသွားခဲ့ပြန်သည် “ အခုဆိုရင် သူက စစ်ပွဲကြောင့် အလုပ်ရှုပ်နေလောက်ပြီ၊ ငါ့ကို အာရုံစိုက်ဖို့ အချိန်ရမှာ မဟုတ်ဘူး “
“ ပြီးတော့ အစစ်အမှန် သိုင်းပညာဌာနရဲ့ အဆင့်၇ လမ်းကြောင်းကလည်း ပိတ်ဆို့နေတယ်။ သူက အဆင့်၆မှာပဲ ပိတ်မိနေဖို့များတယ် “
“ ငါလုပ်ဖို့ လိုအပ်တာဆိုလို့ ဒီကာလအတွင်းမှာ သူ့ကို ကျော်ဖြတ်ရတာပဲ၊ တစ်နေ့မှာတော့ ငါက သူ့ကို ထပ်ပြီးတော့ ကျော်တက်နိုင်လိမ့်မယ် “
“ ငါက အမြင့်ပိုင်းအဆင့်ကို ရောက်သွားတဲ့အချိန်ကျရင်၊ သူက ငါ့ကို ထပ်ပြီးတော့ မော့ကြည့်နေရလိမ့်မယ် “
လျူတျန်မု၏ အမူအရာသည် တိုက်ပွဲဝင်လိုစိတ်များနှင့် ထပ်မံ၍ တောက်ပလာခဲ့ပြန်သည်။
ထိုစဥ်
“ ဘုမ်းးးး “
ရုတ်တရက်ဆိုသလိုပင် လျူမိသားစု၏ အထက်ကောင်းကင်ယံတွင် အစွမ်းအထက် အရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ထွက်လာခဲ့သည်။