← Chapters

အခန်း (၅၈၀-၅၈၂)

Vol. 39 Ch. 580-582

အခန်း (၅၈၀-၅၈၂)

Vol. 39 Ch. 580-582

အပိုင်း ( 580 )

အားလုံးကို ခေါ်သွားရမယ်။ လျူမိသားစုကို စီရင်ခြင်း ၂

လျူပင်းအန်သည် ရက်စက်ကြမ်းကြုတ်မှု အရိပ်အငွေ့များ စွန်းထင်းနေသည့် အမူအရာမျိုးဖြင့် လေးလေးပင်ပင် ခေါင်းငြိမ့်ပြလိုက်သည်။

အစတွင် သူတို့သည် ရှုကျိုးကို ဖမ်းဆီး၍ ပြင်းထန်သော သင်ခန်းစာတစ်ချို့ ပေးရန်သာ စီစဥ်နေခဲ့ခြင်း ဖြစ်သည်၊ သို့သော် ယခုတွင်ကား သူ့ကို ပြင်းပြင်းထန်ထန် နှိမ်နင်းရတော့မည့်ပုံပင်။

ထိုကဲ့သို့သာ မဟုတ်ဘဲ၊ ဤကိစ္စသာ ပေါက်ကြားသွားမည်ဆိုပါက၊ လျူမိသားစုသည် တစ်ကမ္ဘာလုံး၏ ဟားတိုက်ရယ်မောခြင်းကို ခံလာရမည် ဖြစ်သည်။

“ ဘုမ်းးး ဝုန်းးး ဝုန်းးး “

လျူပင်းအန်နှင့် တစ်ခြားလူများသည် သူတို့အားလုံး၏ ကျင့်ကြံရေးကို တစ်ပြိုင်နက် ဖော်ထုတ်လာခဲ့ပြီး၊ မည်သည့်အရာကိုမှ ထိန်ချန်မထားတော့ဘဲ၊ ပိတ်လှောင်ခြင်း အစီအရင်ကို စတင်၍ အသက်သွင်းနေတော့သည်။

တစ်ချိန်တည်းမှာပင် လျူပေ့ချန်၏ လက်ထဲတွင် တလက်လက် တောက်ပနေသည့် အစိမ်းရောင် အလံတစ်ခု ပေါ်ထွက်လာခဲ့သည်။

လေထုအတွင်းသို့ ၎င်းကို ပစ်လွှတ်လိုက်ရာ၊ အစိမ်းရောင်အလံသည် လေတိုက်တိုင်းကြီးမားလာခဲ့ပြီး၊ လျူပင်းအန်နှင့် တစ်ခြားလူများ၏ ဂါထာရွတ်ဆိုမှုအောက်တွင် အစိမ်းရောင် အစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဘက်ပေါင်းစုံကို လွှမ်းခြုံလာခဲ့သည်။

၎င်းမှာ အစီအရင်အလံတစ်ခု ဖြစ်နေခဲ့ပြီး၊ ကြီးမားပြန့်ကားလာသောကြောင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်လာခဲ့သည်။

“ အဲ့တာက ပိတ်လှောင်ခြင်း အစီအရင်အလံလား “

“ အဲ့တာက ငါတို့လျူမိသားစုရဲ့ ထိပ်တန်းအဆင့် သတ်ဖြတ်ရေး အစီအရင်လေ။ အစီအရင် ဖန်တီးတဲ့လူက ပိုသန်မာလေလေ၊ လူအင်အား ပိုများလေလေ၊ အစီအရင်ရဲ့ စွမ်းအားက ကြောက်စရာပိုကောင်းလေလေပဲ “

“ အခု အကြီးအကဲတွေ အများကြီးက အစီအရင်ဖွဲ့နေတာဆိုတော့ အဲ့ကလေးက သေဖို့များသွားပြီ “

မလှမ်းမကမ်းရှိ လူငယ်ပါရမီရှင်တစ်စုသည် အခြေအနေကို စောင့်ကြည့်ကာ မှတ်ချက်ပေးပြောဆိုနေကြသည်။

သူတို့အတွက် ဤတိုက်ပွဲမှာ ရင်ခုန်စိတ်ရှားဖွယ် ကောင်းမနေခဲ့ဘဲ၊ ကျူးကျော်ဝင်ရောက်လာသူက အချိန်တိုအတွင်း သေဆုံးသွားရလိမ့်မည်ဟုသာ မှန်းဆထားခဲ့ကြသည်။

…

“ အငယ်လေး၊ ငါမင်းကို ပြောခဲ့သားပဲ၊ မင်းလွတ်မှာ မဟုတ်ဘူး “

လျူပေ့ချန်သည် ရှုကျိုးကို စိုက်ကြည့်ကာ အေးစက်စွာ ပြောဆိုလာခဲ့သည် “ တကယ်လို့ မင်းက ဒူးထောက်ပြီး တောင်းပန်လာမယ်ဆိုရင်တောင်မှ၊ ငါ့မိသားစုရဲ့ ဆုံးရှုံးသွားတဲ့ ဂုဏ်သိက္ခာအတွက် မင်းရဲ့ ခြေလက်တွေကို လျော်ကြေးအနေနဲ့ ထားခဲ့ရမယ် “

ထို့နောက်တွင် သူမှ လက်ညှိုးညွှန်လာခဲ့ရာ၊ အစီအရင်သည် ပိုက်ကွန်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကို ပိတ်ဆို့လာခဲ့သည်။

“ ပိတ်လှောင်ခြင်း အစီအရင်လား “

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် အေးအေးဆေးဆေး မှတ်ချက်ပေးနေခဲ့သည် “ စွမ်းအားကို တကယ်ကို ကြောက်ဖို့ကောင်းတယ်။ သာမန်နှောင်းပိုင်း အဆင့်၇ ပညာရှင်ကတောင် ဒီလိုပိတ်ဆို့မှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး “

“ အခုမှ ကြောက်နေပြီလား။ နောက်ကျလွန်းနေပြီ “

လျူပေ့ချန်မှ အေးစက်စွာ လှောင်ပြောင်ကာ၊ ထပ်မံ၍ လက်ညှိုးညွှန်လာခဲ့ပြန်သည်။

အစီအရင်အတွင်းရှိ စွမ်းအားသည် လျင်မြန်စွာ စုစည်းလာခဲ့ပြီး၊ တလက်လက် တောက်ပနေသည့် အစိမ်းရောင် ဓားရှည်တစ်လက်အဖြစ် ဖွဲ့တည်သွားကာ၊ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ထုတ်လွှတ်လာခဲ့သည်။

“ ခုတ် “

လျူပေ့ချန်မှ အော်ဟစ်လာခဲ့ရာ၊ ဓားရှည်သည် ရှုကျိုး၏ ခြေလက်များထံသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။

သူသည် ရှုကျိုး၏ ခြေလက်အကုန်လုံး အမှတ်တကယ် ဖြတ်တောက်ရန် ရည်ရွယ်ထားပုံရသည်။

အစိမ်းရောင် ဓားရှည်သည် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို သယ်ဆောင်ထားကာ၊ လေဟာနယ်ကို ထိုးဖောက်၍ ရှုကျိုးကို ခုတ်ပိုင်းလာခဲ့သည်။

အရေးအကြီးဆုံး အခိုက်အတန့်တွင် ရှုကျိုး၏ အနောက်ဘက်မှ ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ ကောင်းကင်ထက်သို့ ထောင်တက်သွားတော့သည်။

အဆိုပါ ဓားအလင်းတန်းသည် အမျိုးမျိုးသော ရောင်ခြည်တို့ဖြင့် ရောနှောနေသည့် သက်တံ့သဖွယ် ဓားအလင်းတန်းတစ်ခု ဖြစ်‌နေခဲ့ကာ၊ ကောင်းကင်ဘုံကို ချက်ချင်း ထိုးဖောက်လာခဲ့သည်။

ကောင်းကင်ထိန်းချုပ် ဆေဘာ

သတ္တမအဆင့်သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် ရှုကျိုး၏ ရှေးဦးဝိညာဥ်သည် ခရမ်းရောင် နန်းတော်အတွင်းတွင် အခြေချနေထိုင်နေလျက်ရှိပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ စွမ်းအင်အပေါ်တွင် ရှိနေသည့် သူ၏ကျွမ်းကျင်မှုမှာ ဓာတ်ကြီးငါးပါးနှင့်သာ အကန့်အသတ်မခံထားရတော့ပေ။

( ဓာတ်ကြီးငါးပါးတည်း မဟုတ်ဘဲ၊ တစ်ခြား မိုးကြိုး၊ လျှပ်စီးဘာညာ၊ စွမ်းအင် အမျိုးမျိုးကို ထိန်းချုပ် အသုံးပြုလာနိုင်တာကို ပြောတာပါ )

ယင်ယန်၊ မိုးကြိုးနှင့် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ တစ်ခြားသော စွမ်းအင်အမျိုးမျိုးသည် ကောင်းကင်ထိန်းချုပ် ဆေဘာနှင့် လာရောက်ပေါင်းစည်းနေခဲ့သည်။

ဤအခိုက်အတန့်တွင် ဓားအလင်းတန်း ပေါ်ထွက်လာခဲ့ပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ စွမ်းအင်ကို အရူးအမူး စုပ်ယူသွားခဲ့သောကြောင့် ပတ်ဝန်းကျင်ရှိ ကောင်းကင်ယံကပင် အနည်းငယ် မှိန်ဖျော့သွားခဲ့သည်။

အသက်ရှူကြိမ်တစ်ကြိမ်အတွင်းမှာပင် ကောင်းကင်ဘုံကိုပင် ခုတ်ပိုင်းနိုင်စွမ်းရှိသည့် ဓားအလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။

“ သွား “

ရှုကျိုးသည် သူ၏လက်ကို ဝေ့ရမ်းကာ အဆိုပါ ဓားအလင်းတန်းကို ပစ်ခွင်းလိုက်သည်။

“ ကလေးအကွက်တွေ “

လျူပေ့ချန်သည် ၎င်းကို မထီမဲ့မြင်ပြုစွာ လျစ်လျူရှုထားခဲ့သည်၊ အစောပိုင်း သတ္တမအဆင့်က နို့နံမစင်သေးတဲ့ သောက်ကလေးတစ်ယောက်က ငါတို့ သတ္တမအဆင့် ပညာရှင်တွေ ဖွဲ့စည်းထားတဲ့ အစီအရင်ကို ယှဥ်နိုင်မှာမို့လို့လား

လှည်းကို ရပ်တန့်ဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်ကောင်ပဲ

ဝရုန်းးးး

ဓားအလင်းတန်းသည် အစိမ်းရောင် ဓားရှည်နှင့် တိုက်မိသွားပြီး၊ ချက်ချင်းဆိုသလိုပင် ရောင်ခြည်တန်းငါးခုအဖြစ် ပေါက်ထွက်လာခဲ့သည်။

အစီမ်းရောင် ဓားရှည်သည် လျင်မြန်စွာ ဝါးမြိုခံလိုက်ရပြီး၊ ဓားအလင်းတန်းကို အညံ့ခံလိုက်ရသည်။

သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အနက်နှင့် အဖြူရောင် အလင်းတန်းတစ်ခုသည် ဓားအလင်းတန်းအတွင်းမှ တိုးထွက်လာခဲ့ပြီး၊ ယင်နှင့် ယန်ကို ပေါင်းစည်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် အနက်နှင့် အဖြူရောင် အလင်းတန်းသည် အစိမ်းရောင် ဓားရှည်တစ်ခုလုံးကို ဝါးမြိုလိုက်သည်။

ယင်ယန်သည် အရာအားလုံးကို မွေးဖွားပေးနိုင်သကဲ့သို့ အရာအားလုံးကို ဝါးမြိုနိုင်ပေသည်။

“ ခရက် “

ဓားအလင်းတန်း၏ စွမ်းအားမှာ တဟုန်ထိုး မြင့်တက်လာခဲ့ပြီး၊ ကျယ်လောင်သော အသံတစ်သံနှင့်အတူ ဓားရှည်ကို နှစ်ပိုင်းပိုင်းလိုက်သည်။

“ တစ်ကွက်တောင် မခံနိုင်ဘူးပဲ “

ရှုကျိုးသည် လက်တစ်ဖက်နောက်ပစ်ထားကာ အေးအေးလူလူ တွက်ချက်နေခဲ့သည်။

၎င်းမှာ သူ့အတွက် တိုက်ပွဲတစ်ပွဲမဟုတ်ဘဲ အပန်းဖြေခရီးစဥ်တစ်ခုကဲ့သို့သာ ဖြစ်နေပုံရသည်။

“ ဖူးးး “

လျူပေ့ချန်သည် ရုတ်တရက် သွေးအန်သွားခဲ့ရသည်။

သူသာလျှင် မဟုတ်ဘဲ၊ လျူပင်းအန်နှင့် တစ်ခြားလူများကပါ ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ကြရပြီး၊ အံ့ဩတကြီး ဖြစ်သွားကြသည်။

ရှုကျိုးက ဓားရှည်ကို တိုက်ကွက်တစ်ခုတည်းဖြင့် ချေဖျက်လိုက်ခြင်းသည် သူတို့အား ပြင်းထန်သော တန်ပြန်သက်ရောက်မှုကို ခံစားသွားရစေခဲ့သည်။

အေးစက်စက် ဟန်အမူအရာကို ဆင်မြန်းထားခဲ့သည့် ရှုကျိုးသည် သူတို့ အားနည်းနေသည်ကို အခွင့်ကောင်းယူကာ၊ လျင်မြန်သော တိုက်ခိုက်မှုကို စတင်၍ ပြုလုပ်လာခဲ့သည်။

“ ဇီ ဇီ “

သူ၏လက်ဝါးအတွင်းတွင် လျှပ်စီးတန်းများ ဖြစ်ပေါ်လာခဲ့သည်။

လျှပ်စီးတန်းတစ်ခုချင်းစီတိုင်းသည် ဟင်းလင်းပြင်ကို ကွဲအက်သွားစေခဲ့သည်၊ ၎င်းတို့က ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို သယ်ဆောင်ထားသည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်၊ သတ္တမအဆင့်နယ်ပယ်မှ အစွမ်းထက် ပညာရှင်များကပင် ၎င်းတို့ကို ခက်ခက်ခဲခဲ ရှောင်ရှားရမည် ဖြစ်သည်။

“ ပေါက်ကွဲစမ်း “

ရှုကျိုးမှ သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ၊ အဆိုပါ လျှပ်စီးတန်းများသည် မိုးကြိုးမြွေများသဖွယ် ပြောင်းလဲသွားကာ လျူပေ့ချန်၊ လျူပင်းအန်နှင့် တစ်ခြားလူများဆီသို့ တိုးဝင်သွားကြသည်။

၎င်းမှာ တိကျွမ်းဆီမှ အမွေဆက်ခံရရှိထားသည့် မိုးကြိုးဧကရာဇ် နည်းစနစ်ပင် ဖြစ်သည်။

ထိုအကွက်ကို လေ့ကျင့်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲမှာ အလွန်တရာ မြင့်မားနေခဲ့ပြီး၊ ရှုကျိုးကိုယ်တိုင် ၎င်း၏အနှစ်သာရကို အပြည့်အဝ မဖမ်းဆုပ်နိုင်သေးပေ။

သို့ရာတွင် သူက ၎င်းကို အသေအချာ မကျွမ်းကျင်သေးသောကြောင့် မိုးကြိုးများ ပေါက်ကွဲလာသည့်အချိန်တွင်၊ ၎င်းသည် ကြီးမားသော ဧရိယာတစ်ဝိုက်ကို ဖျက်စီးလာခဲ့မည် ဖြစ်သည်။

ဤအချိန်မှာ ပိတ်လှောင်ခြင်း အစီအရင်ကို ဖျက်စီးရန်အတွက် အသင့်တော်ဆုံးပင် ဖြစ်သည်။

“ ဂျိန်းးးးးး “

မိုးကြိုးဧကရာဇ် နည်းစနစ်၏ ဖျက်ဆီးမှုအောက်တွင် အစီအရင်မှာ ချက်ချင်း ပြိုကွဲပျက်စီးသွားခဲ့သည်။

တောက်ပနေသည့် အစီအရင်အလံများလည်း ပျက်စီးသွားခဲ့ကာ၊ ၎င်းတို့၏ တောက်ပမှုကို ဆုံးရှုံးသွားခဲ့သည်။

လျူပေ့ချန်နှင့် တစ်ခြားလူများသည် ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုကို ထပ်မံ၍ ခံစားလိုက်ရပြီး၊ မိုးကြိုးပါ အပစ်ခံလိုက်ရကာ၊ မီးလောင်ဒဏ်သင့်နေသော ခန္ဓာကိုယ်များဖြင့် လွင့်ထွက်သွားတော့သည်။

“ ဒီမိုးကြိုးဧကရာဇ် နည်းစနစ်က ပကတိ အထွတ်အထိပ် ပညာရှင်ရဲ့ အသက်ကယ် သိုင်းပညာဆိုတဲ့အတိုင်း တကယ်ကြီးကို ထူးခြားတာပဲဟ “

ရှုကျိုးသည် ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်နေတော့သည် “ အဲ့တာကို မကျွမ်းကျင်သေးတာတောင်မှ ဒီလိုစွမ်းအားမျိုးကို ထုတ်သုံးနေနိုင်ပြီ။ ကျွမ်းသာကျွမ်းသွားလို့တော့ ပေါက်ကွဲအားက ပိုပြီးတော့ ပြင်းထန်သွားနိုင်တယ် “

မိုးကြိုးဧကရာဇ် နည်းစနစ်မှာ ပကတိ အထွတ်အထိပ်အဆင့် သိုင်းပညာရပ်တစ်ခုဖြစ်နေခဲ့သော်လည်း၊ ၎င်း၏ အဆင့်ခွဲခြားမှုမှာ တစ်ခြားသော သိုင်းပညာရပ်များနှင့် တူညီနေခဲ့သည်။

စဦး၊ သေးငယ်သော အောင်မြင်မှု၊ ကြီးမားသော အောင်မြင်မှု၊ ပြည့်ဝခြင်း

အကယ်၍ ၎င်းကို ကြီးမားသော အောင်မြင်မှုအဆင့်အထိ ရောက်ရှိသွားအောင် လေ့ကျင့်နိုင်ခဲ့မည်ဆိုပါက၊ အသုံးပြုသူ သတ္တမအဆင့်နယ်ပယ်တွင် ရှိနေမည်ဆိုလျှင်တောင်မှ ၎င်း၏စွမ်းအားသည် အဌမအဆင့် ပညာရှင်ကိုပင် ခြိမ်းခြောက်နိုင်လိမ့်မည် ဖြစ်သည်။

အကယ်၍ ပြည့်ဝခြင်းအဆင့်အထိ လေ့ကျင့်နိုင်ခဲ့မည်ဆိုပါက၊ စွမ်းအားမှာ ပိုမိုတိုးတက်လာပြီး၊ ပကတိ အထွတ်အထိပ်နယ်ပယ်တွင် ရှိနေမည်ဆိုလျှင်တောင်မှ ထူးဆန်း‌သော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်လာမည် ဖြစ်သည်။

ရှုကျိုးသည် သူ၏အတွေးများကို ရပ်တန့်ကာ သူ့အရှေ့တွင် ရှိနေသည့် လျူပေ့ချန်၊ လျူပင်းအန်နှင့် တစ်ခြားလူများကို ထပ်မံ၍ ကြည့်ရှုနေတော့သည်။

“ ဒီတပ်မှူးကို စော်ကားတာ၊ အမှန်တရားကို ဖုံးကွယ်တာ၊ တရားဥပဒေကို ဆန့်ကျင်တာ၊ မင်းတို့မှာ ပြစ်မှုကြီးတွေ လုပ်ထားခဲ့တယ် “

“ အခု တစ်ခြားလူတွေကိုပါ သတိပေးတဲ့အနေနဲ့ မင်းတို့ရဲ့ ခြေလက်တွေကို ငါဖြတ်မယ် “

ရှုကျိုးသည် သူ၏လက်ချောင်းများကို ဓားတစ်လက်သဖွယ် အသုံးပြုကာ သူတို့၏ ခြေလက်များကို ခုတ်ပိုင်းလိုက်သည်။

“ အားးးးး “

ချက်ချင်းဆိုသလိုပင် လျူပေ့ချန်နှင့် တစ်ခြားလူများသည် ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်လာကြပြီး၊ သူတို့၏ ‌ခြေလက်များ ပြတ်တောက်သွားကာ၊ သူတို့၏ ခန္ဓာကိုယ်များသည် မြေပြင်ပေါ်သို့ ပြိုလဲသွားခဲ့သည်။

သို့ရာ၌ လျူပေ့ချန်၏ မျက်လုံးများထဲတွင် သံသယဖြစ်နေသည့် အရိပ်အငွေ့များ စွန်းထင်းနေခဲ့သည်။

“ ဥပဒေကို ဆန့်ကျင်တာလား “

ဘယ်သူက တရားဥပဒေကို ပြဌာန်းတာလဲ။ ငါတို့ထဲက ဘယ်သူကရော တရားဥပဒေကို ဆန့်ကျင်ခဲ့လို့လဲဟ

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုးသ် သူ၏ ဖမ်းဆီးမှု ဝရမ်းကို ထုတ်ပြကာ အော်ပြောလာခဲ့သည် “ မင်းတို့ အားလုံးကို ရုံးတင်စစ်ဆေးဖို့နဲ့ ပြစ်ဒဏ်ချမှတ်ဖို့အတွက် စစ်ဌာနကို ပို့မယ် “

တလက်လက်တောက်ပနေသည့် ရွှေရောင်တံဆိပ်ပြားကို မြင်လိုက်ရသောအခါတွင် လူတိုင်း မျက်လုံးပြူးသွားကြသည်။

“ အဆင့်အမြင့်ဆုံး ဖမ်းဆီးမှု ဝရမ်းလား “

“ သူ့ဆီမှာ ဒီလို အခွင့်အာဏာမျိုး ရှိတယ်ဆိုတာကို ဘာလို့ စောစောမပြောခဲ့ရတာလဲ “

ထိုအခိုက်အတန့်တွင် လျူပေ့ချန်သည် ဒေါသတို့ဖြင့် သွေးတစ်လုပ် အန်လိုက်ရပြီး၊ မျက်နှာ ပြာနှမ်းသွားခဲ့သည်။

တစ်ပြိုင်နက်ဆိုသလိုပင် သူသည် လျူချောင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်၊ သူ၏ အကြည့်သည် ရှုကျိုးဆီမှာ အဲ့လိုအာဏာမျိုး ရှိတယ်ဆိုတာကို ဘာလို့ စောစောစီးစီးမပြောရတာလဲဟု မေးမြန်းနေသည့်အလား ဖြစ်နေခဲ့သည်။

အဆင့်အမြင့်ဆုံး ဖမ်းဆီးမှု ဝရမ်းကို ကိုင်ဆောင်ထားသည့် ရှုကျိုးက စစ်ဌာနတစ်ခုလုံး၏ ဆန္ဒကို ကိုယ်စားပြုသည်ဆိုသည်ကို သိကြရမည် ဖြစ်သည်။

ရှုကျိုးအပေါ်တွင် ပြုလုပ်ခဲ့သည့် သူတို့၏ တိုက်ခိုက်မှုများသည် တရားဥပဒေကို ဆန့်ကျင်သည့် ရာဇဝတ်မှုပင် ဖြစ်သည်။

အဆိုပါ ရာဇဝတ်မှုသည် အနိမ့်မှ အမြင့်အထိ အမျိုးမျိုး ရှိနိုင်သော်လည်း၊ ရှုကျိုး၏ လက်အတွင်းသို့ ကျရောက်သွားသောအခါတွင် ၎င်းသည် ခွင့်လွှတ်၍ မရနိုင်သည့် ရာဇဝတ်မှုကြီးတစ်မှုဖြစ်လာခဲ့သည်။

လျူပေ့ချန်နှင့် တစ်ခြားလူများသည် သူတို့က မည်သည့်အရာများ ပြုလုပ်မိခဲ့လဲဆိုသည်ကို ကောင်းစွာသိနေခဲ့သည်။

သူတို့သည် ရှုကျိုးကို ကမ္ဘာ့ကြယ်သို့ လွှဲပြောင်းပေးအပ်ရန် ကြံစည်ခဲ့ကြသည်၊ ထိုကဲ့သို့သော လုပ်ရပ်မျိုးကို ပြုလုပ်ထားခဲ့သောကြောင့် ရှုကျိုးက သူတို့အား မည်ကဲ့သို့ အလွတ်ပေးလိမ့်မည်နည်း

ထို့ကြောင့်သာလျှင် ဖမ်းဆီးမှု ဝရမ်းကို မြင်ခဲ့ရသောအချိန်တွင် လျူချောင်က ချက်ချင်းထွက်ပြေးသွားခဲ့ရခြင်း ဖြစ်သည်။

ဖမ်းဆီးမှု ဝရမ်းနှင့် ခိုင်လုံသော သက်သေအထောက်အထားတို့ကို ပေါင်းစည်းလိုက်မည်ဆိုပါက၊ ခုခံခြင်းမှာ သေကြောင်းကြံနေခြင်းသာလျှင် ဖြစ်သည်။

လျူပေ့ချန်၏ အကြည့်ကိုမြင်လိုက်ရသောအခါတွင် လျူချောင်၏ မျက်နှာပေါ်တွင်လည်း ကူရာကယ်ရာမဲ့နေသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ငါလည်း မင်းတို့ကို ပြောပြချင်ပါတယ်ကွာ၊ ဒါပင်မဲ့ ငါစကားပြောလို့မရဘူးကွလို့ သူပြောပြချင်နေခဲ့လေသည်။

…

ရှုကျိုးကမူ ထိုလူများ၏ အတွေးများကို လျစ်လျူရှုထားကာ၊ လျူပေ့ချန်၊ လျူပင်းအန်နှင့် သူ့ကိုတိုက်ခိုက်ခဲ့သည့် လူအားလုံးကို ချုပ်နှောင်နေတော့သည်။

လျူပေ့ချန်ခန့်မှန်းထားခဲ့သည့်အတိုင်းပင် ဖမ်းဆီးမှု ဝရမ်းကို စောစောထုတ်မပြခဲ့ရခြင်းမှာ ဤလူအားလုံးကို ဥပဒေကို ဆန့်ကျင်သည်ဆိုသည့် စွဲချက်အောက်သို့ ရောက်ရှိလာအောင် အကွက်ဆင်နေခဲ့ခြင်း ဖြစ်သည်။

ယခုတွင် သူ၏ရည်ရွယ်ချက်မှာ အောင်မြင်သွားခဲ့ပြီဖြစ်သည်။

“ လျူမိသားစုမှာ အာဏာနဲ့ လွှမ်းမိုးမှုတွေကို ချုပ်ကိုင်ထားတဲ့ အဆင့်မြင့် ပညာရှင်တွေ အများကြီး ကျန်နေသေးတယ်၊ သူတို့တွေကိုပါ ဖမ်းဖို့အတွက် ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိတာကတော့ တကယ်ကို နှမြောဖို့ကောင်းတယ်ကွာ “

ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်၊ သူသည် လျူမိသားစု၏ အဆင့်မြင့် ပညာရှင်အကုန်လုံးကို ဖမ်းဆီးကာ ကွမ်ဟန်သို့ ပို့ချင်နေလျက်ရှိသည်။

အကယ်၍ လျူပေ့ချန်ကသာ ထိုအတွေးကို သိရှိသွားမည်ဆိုပါက၊ ဒေါသထွက်လွန်းသဖြင့် ထပ်မံ၍ သွေးအန်လိုက်ရမည် ဖြစ်သည်။

အရာအားလုံး တည်ငြိမ်သွားသည်ကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် လျူပေ့ချန်နှင့် တစ်ခြားလူများကို ခေါ်ဆောင်ကာ လျူမိသားစုမှ ထွက်သွားရန် ပြင်ဆင်လိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် မထင်မှတ်ထားသည့် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

……………………………………………………………………………………………………………………………………..

အပိုင်း ( 581 )

ကမ္ဘာနှစ်ခု၏ အစွမ်းအထက်ဆုံး ကျောထောက်နောက်ခံ

မလှမ်းမကမ်းတွင် မတ်တပ်ရပ်နေကာ တိုက်ပွဲကို စောင့်ကြည့်နေခဲ့သည့် လျူမိသားစု၏ လူငယ်ပါရမီရှင်မျိုးဆက်အားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

လျူတျန်မု၏ မျက်နှာပေါ်တွင်လည်း အထိတ်တလန့်ဖြစ်နေသည့် အမူအရာတစ်ခု တည်ရှိနေခဲ့သည်။

“ အများနဲ့တစ်ယောက် တိုက်ခိုက်ခဲ့တာတောင်မှ၊ အကြီးအကဲတွေက သူ့ကို မယှဥ်နိုင်ခဲ့ဘူးလား “

“ ဒီကောင်၊ အခုဆိုရင် သူက ဘယ်လောက်တောင် အစွမ်းထက်နေခဲ့ပြီလဲ “

လျူမိသားစု၏ လျူပေ့ချန်ကဲ့သို့သော အကြီးအကဲများသည် လျူမိသားစုထဲတွင် အဆင့်မြင့် တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ လျူတျန်မုကဲ့သို့သော မျိုးဆက်ခွဲပါရမီရှင်များအတွက်မူ၊ သူတို့သည် နဂါးများကဲ့သို့ ရှားပါးသော ပုဂ္ဂိုလ်ကြီးများ ဖြစ်နေခဲ့သည်။

သို့သော် ယခုတွင်ကား အဆိုပါ အစွမ်းထက် အကြီးအကဲအားလုံးသည် ရှုကျိုးကို ရှုံးနိမ့်သွားခဲ့သည်။

ယခု၌ သူတို့သည် ခွေးသေ၊ ဝက်သေများသဖွယ် အဖမ်းခံလိုက်ရပြီး၊ မည်သို့မျှ မခုခံနိုင်ခဲ့ပေ။

လျူတျန်မုသည် ကြောက်လန့်တကြား ဖြစ်နေခဲ့ပြီး၊ အားလုံးကို သူ့အရှေ့တွင် တိတ်တဆိတ် စုဝေးစေလိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် ရှုကျိုးက သူ့ကို မမှတ်မိပါစေနှင့်ဟုသာ ဆုတောင်းနေခဲ့သည်။

အမှန်တိုင်းပြောရမည်ဆိုပါက ရှုကျိုးအတွက်မူ လျူတျန်မုကဲ့သို့သော လူတစ်ယောက်မှာ သတိပြုမိရန် ထိုက်တန်မနေတော့ပေ။

တတိယအဆင့် ပညာရှင်တစ်ဦးအား သူ၏လက်ညှိုးတစ်ချောင်းနှင့်ပင် အလွယ်တကူ ချေမှုန်းနိုင်ပေသည်။

သို့ရာတွင် ယခုလက်ရှိ သူ၏အဆင့်အတန်းနှင့်ဆိုပါက သက်သေအထောက်အထား လုံလုံလောက်လောက်မရှိဘဲ၊ အလျင်စလို လုပ်ဆောင်ခြင်းက သင့်တော်လိမ့်မည် မဟုတ်ပေ။

ဤအခိုက်အတန့်တွင် ရှုကျိုးသည် လျူပေ့ချန်နှင့် တစ်ခြားလူများကို သယ်ဆောင်ကာ လျူမိသားစု အပြင်ဘက်သို့ လျှောက်လှမ်းသွားတော့သည်။

ထိုစဥ် အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

“ ဗွီ “

ရုတ်တရက်ဆိုသလိုပင် လျူမိသားစု၏ အထက်ကောင်းကင်ယံတွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့ပြီး၊ နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား ဖြစ်နေခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကမ္ဘာကြီးတစ်ခုလုံးသည် ရုန်းထွက်ရခက်သော အခြေအနေများ အတွင်းသို့ ကျဆင်းသွားသည့်အလား၊ အရာအားလုံး ရပ်တန့်သွားခဲ့သည်။

နဝမအဆင့် ပညာရှင်

ရှုကျိုးသည် စိတ်ထဲတွင် ချက်ချင်းမှန်းဆမိသွားခဲ့သည်။

နဝမအဆင့် ပညာရှင်ကသာလျှင် တွေးလိုက်ရုံဖြင့် ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်ပေသည်။

“ ဘုတ် “

“ ဘုတ် “

လျူမိသားစု၏ လူငယ်မျိုးဆက်ပါရမီရှင် အကုန်လုံးသည် တစ်ပြိုင်နက် ဒူးထောက်လိုက်ကြသည်။

“ ဘိုးဘေး “

သူတို့သည် တလေးတစား အော်ပြောလာကြသည်။

တစ်ချိန်တည်းမှာပင် ချုပ်နှောင်ခံထားရသည့် လျူပေ့ချန်နှင့် တစ်ခြားလူများမှာလည်း အံ့အားသင့်ကာ စိတ်လှုပ်ရှားသွားကြသည်။

“ ကောင်းတယ်၊ ဘိုးဘေးက ကောင်းကင်ပေါ်ကနေ ဆင်းသက်လာပြီ၊ ငါတို့တော့ ကယ်တင်ခံရပြီ “

လျူပင်းအန်သည် အလွန်အဆိပ်ပြင်းသော အမူအရာမျိုးဖြင့် ရှုကျိုးကို ကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ ကောင်စုတ်လေး၊ မင်းတော့ ဒီနေ့မှာ သေချာပေါက် သေပြီပဲ “

ရှုကျိုးကမူ ထိုကဲ့သို့သော တုံ့ပြန်မှုများကြောင့် မည်သို့မျှ မအံ့ဩသွားခဲ့ပေ။

လျူမိသားစုက အရှေ့ပိုင်းပြည်နယ်တွင် ဝူမိသားစုထပ်ပင် ပိုမိုအားကောင်းသည့် ထိပ်တန်းမိသားစုကြီးတစ်ခု ဖြစ်လာရသည့် အကြောင်းအရင်းမှာ နဝမအဆင့် ပညာရှင်တစ်ဦး၏ တည်ရှိမှုကြောင့် ဖြစ်သည်။

ကြယ်ပြာဂြိုဟ်ပေါ်ရှိ နဝမအဆင့် ပညာရှင် အရေအတွက်က ကမ္ဘာ့ကြယ်ထပ် သာလွန်နေခဲ့သော်လည်း၊ စုစုပေါင်းအနေဖြင့် နှစ်ရာဝန်းကျင်မျှသာ ရှိနေခဲ့သည်။

ရန်ပြည်ထောင်အတွင်းရှိ ဒါဇင်နှင့်ချီသော နဝမအဆင့် ပညာရှင်များအနက်၊ အများစုသည် စစ်ဌာ(သို့) လုံခြုံရေးဗျူရို၏ ပြုစုပျိုးထောင်ခြင်းကို ခံခဲ့ရသောကြောင့်၊ မိသားစုကြီးများနှင့် ပတ်သက်ဆက်နွယ်မနေခဲ့ဘဲ၊ စစ်ဌာ(သို့) လုံခြုံရေးဗျူရိုတို့နှင့်သာ တိုက်ရိုက်ဆက်စပ်နေခဲ့သည်။

ကျန်ရှိသည့် အနည်းငယ်မျှသော လူဆယ်ဂဏန်းကသာလျှင် မိသားစုကြီးများနှင့် အမှန်တကယ် ဆက်စပ်နေခဲ့ပြီး၊ လျူမိသားစုမှာ ၎င်းတို့အနက် တစ်ခု ဖြစ်သည်။

အကယ်၍ ရှုကျိုး၏မှတ်ဉာဏ်ကသာ မှန်ကန်နေမည်ဆိုပါက၊ လျူမိသားစု၏ ဘိုးဘေးသည် စစ်ဌာနတွင်လည်း ရာထူးတစ်ခု ကိုင်စွဲထားပြီး၊ ကြီးမားသော အာဏာကို ဆုပ်ကိုင်ထားခဲ့သည်။

စစ်ဌာနတွင် ရာထူးတစ်ခု ရှိနေခြင်းနှင့် စစ်ဌာနလက်အောက်တွင် ရှိနေခြင်းတို့မှာ လုံးဝမတူညီသော ကိစ္စရပ်များ ဖြစ်သည်။ ဒုတိယတစ်ခုသည် မိသားစုကြီးများနှင့် ဆက်ဆံရေး ဖြတ်တောက်ထားပြီး၊ မိသားစု အရေးကိစ္စများအတွင်းတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုကြပေ။

သို့သော် ပထမတစ်ခုကမူ စစ်တပ်ရာထူး အထောက်အထားတစ်ခု ရှိနေခဲ့သော်လည်း၊ သူကိုယ်တိုင်ကမူ မိသားစုဝင်တစ်ဦးသာ ဖြစ်နေသေးသည်။

၎င်းမှာ သူသည် အချိန်မရွေး အိမ်ပြန်လာနိုင်ပြီး၊ မိသားစုအတွက် တိုက်ခိုက်နိုင်သည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

ထို့ကြောင့်သာလျှင် လျူမိသားစုက တစ်ခြားမိသားစုထပ် သာလွန်သည့် အဆင့်အတန်းကို ရရှိခဲ့ခြင်း ဖြစ်သည်။

လျူမိသားစုကို ဆန့်ကျင်ခြင်းသည် နဝမအဆင့် ပညာရှင်ကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်။

ယခု၌ လျူမိသားစု၏ ဘိုးဘေးသည် မိသားစုက ပြဿနာတက်နေသည်ကို အာရုံခံမိသွားပုံရပြီး၊ ကောင်းကင်ထက်မှ ချက်ချင်းဆင်းသက်လာခဲ့သည်။

“ ဗွီ “

လျူမိသားစု ဘိုးဘေး၏ ပုံရိပ်သည် ကောင်းကင်ဘုံကို ဖုံးအုပ်နေသည့် ဗုဒ္ဓတစ်ပါးသဖွယ် ခမ်းနားထည်ဝါနေခဲ့သည်။

၎င်းမှာ သူ၏ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ ဓမ္မပုံရိပ်ဖြစ်ပြီး၊ မီတာသောင်းနှင့်ချီ၍ မြင့်မားကာ တောက်လောင်နေသည့် နေမင်းကိုပင် မှိန်ဖျော့သွားစေခဲ့သည်။

ထို့နောက်တွင် အလွန်တရာ ကျက်သရေရှိသည့် လေးထောင့်ပုံသဏ္ဍာန် မေးရိုးပါရှိသည့် မျက်နှာတစ်ခု ပေါ်လာခဲ့ပြီး၊ မီးလျှံကဲ့သို့သော မျက်လုံးများဖြင့် ရှုကျိုးကို ကြည့်နေခဲ့သည်။

“ ဗိုလ်ချုပ်ရှု “

လျူမိသားစု ဘိုးဘေးမှ စကားပြောလာခဲ့သည် “ မင်းလွန်နေပြီ “

သူသည် အလွန်တရာ တည်ငြိမ်နေခဲ့ပြီး၊ လျူပေ့ချန်နှင့် တစ်ခြားလူများက ခြေလက်များ ဖြတ်တောက်ခံထားရသည်ကို မြင်တွေ့ထားရသော်လည်း၊ မည်သည့်စိတ်ခံစားချက်မှ မဖြစ်ပေါ်လာခဲ့ဘဲ၊ ရှုကျိုးက လွန်သွားပြီဟုသာ ပြောလာခဲ့သည်။

“ လွန်သွားတာလား “

ရှုကျိုးမှာလည်း ထပ်တူထပ်မျှ တည်ငြိမ်နေခဲ့ကာ အေးအေးလူလူ ပြန်ပြောလိုက်သည် “ သူတို့က မလုပ်သင့်တဲ့ အရာတွေကို လုပ်ခဲ့ပြီးတော့ ဒီအရာရှိကိုတောင် လာထိခဲ့တယ်။ ကျွန်တော်က သူတို့ကို အပြစ်ပေးဖို့ လုပ်သင့်တာပေါ့၊ ဘယ်လိုလုပ် လွန်သွားရတာလဲ “

သူသည် ဒီဗိုလ်ချုပ်ဟူသော စကားလုံးအစား ဒီအရာရှိဆိုသည့် စကားလုံးကိုသာ အသုံးပြုခဲ့သည်။

၎င်းမှာ သူက အဆင့်အမြင့်ဆုံး ရှာဖွေရေး ဝရမ်းနှင့် ဖမ်းဆီးမှု ဝရမ်းတို့ကို ပိုင်ဆိုင်ထားသည့် သူ၏ အထောက်အထားကို အလေးပေး ဖော်ပြလိုက်ခြင်း ဖြစ်သည်။

နဝမအဆင့် ပညာရှင်နှင့် စစ်ဌာနမှ လူတစ်ဦးဖြစ်သည့်အလျောက် လျူမိသားစုဘိုးဘေးသည် ရှုကျိုးက ထိုအထောက်အထားအား ကိုင်ဆောင်ထားသည်ဆိုသည်ကို သေချာပေါက်သိနေမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရှုကျိုးသည် အလွန်ခိုင်မာသည့် စိတ်သဘောထားကို ပြသခဲ့ပြီး၊ အကယ်၍ နဝမအဆင့် ဘိုးဘေးကပေါ်လာမည်ဆိုလျှင်တောင်မှ၊ ဤလူများကို ခေါ်သွားမည်ဟု ပြသနေခဲ့သည်။

လျူမိသားစုဘိုးဘေး၏ မျက်လုံးများသည် တောက်လောက်နေသည့် နေမင်းသဖွယ် ဖြစ်နေခဲ့ပြီး၊ အလွန်အစွမ်းထက်နေသောကြောင့် မည်သူကမှ စေ့စေ့မကြည့်ဝံ့ခဲ့ပေ။ သူသည် ပွင့်ပွင့်လင်းလင်း စကားထပ်ပြောလာခဲ့သည် “ စာရင်းထဲက လူတွေကို ခေါ်သွားလို့ရတယ်၊ ဒါပင်မဲ့ တစ်ခြားလူတွေကိုတော့ ချန်ခဲ့လိုက်ပါ “

စာရင်းလား။ ဘာစာရင်းလဲ

အဝေးရှိ လျူမိသားစု၏ လူငယ်ပါရမီရှင်များမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။

လျူပေ့ချန်၊ လျူပင်းအန်နှင့် တစ်ခြားလူများကသာ သူတို့ဘိုးဘေးက ဘာကိုဆိုလိုလဲဆိုသည်ကို သိနေကြသည်။

စာရင်းဟုခေါ်ဆိုသော အရာသည် ရှုကျိုးကို ကမ္ဘာ့ကြယ်ဘက်သို့ လွှဲပြောင်းပေးအပ်မည်ဟု ပြောဆိုထားခဲ့သည့် လူများကို ရည်ညွှန်းခြင်း ဖြစ်သည်။

၎င်းတို့ထဲတွင် လျူပေ့ချန်၊ လျူပင်းအန်နှင့် တစ်ခြားလူများပါ ပါဝင်နေခဲ့သည်။

ယခုလက်ရှိ ရှုကျိုး ဖမ်းထားသည့် လူများထဲတွင် စာရင်းတွင် မပါဝင်သည့် လူများပါ ပါရှိနေခဲ့သည်၊ သူသည် သူ့ကို တိုက်ခိုက်ခဲ့သူတိုင်းကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ရှုကျိုးသည် တစ်ခဏခန့် တွေးတော စဥ်းစားနေတော့သည်။ သူသည် နဝမအဆင့် ပညာရှင်တစ်ဦးကို လုံးဝမဆန့်ကျင်လိုပေ။

သို့သော် သူသဘောတူလိုက်တော့မည့် အချိန်တွင် လျူမိသားစု၏ ဘိုးဘေးမှ စကားထပ်ပြောလာခဲ့သည် “ လျူပေ့ချန်နဲ့ လျူပင်းအန်တို့က လျူမိသားစုရဲ့ အဆင့်မြင့် တိုက်ခိုက်ရေး အင်အားစုတွေပဲ။ သူတို့ပါ ထားခဲ့ရမယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လျူပေ့ချန်နှင့် လျူပင်းအန်တို့မှာ မျက်ရည်များ လျှံထွက်သွားခဲ့ပြီး၊ အော်ဟစ်ပြောဆိုလာခဲ့သည် “ ကျေးဇူးတင်ပါတယ်၊ ဘိုးဘေး “

သူတို့သည် သူတို့ဘိုးဘေးက သူတို့ကို စွန့်ပစ်သွားသည်ဟု တွေးထင်နေခဲ့ကာ စိတ်ပျက်အားလျော့နေခဲ့သည်။

မထင်မှတ်ထားစွာဖြင့် ဘိုးဘေးသည် သူတို့ကို ထားခဲ့ရမည်ဟု ကိုယ်တိုင်ထုတ်ပြောလာခဲ့သည်။

ဘိုးဘေးတောင် ပြောနေပြီဆိုတော့၊ ရှုကျိုးက ရူးရူးမိုက်မိုက်လုပ်လို့မရတော့ဘူး

သို့သော် ထိုအခိုက်အတန့်တွင် ရှုကျိုးသည် ကောင်းကင်ထက်သို့ အေးစက်စွာ မော့ကြည့်လာခဲ့သည် “ မင်းနဲ့ငါ၊ နှစ်ယောက်စလုံးက ဒုဗိုလ်ချုပ်တွေပဲ၊ မင်းဆီမှာ ငါ့ကို အမိန့်ပေးပိုင်ခွင့်မရှိဘူး “

………………………………………………………………………………………………………………………………………

အပိုင်း ( 582 )

ကမ္ဘာနှစ်ခု၏ အစွမ်းအထက်ဆုံး ကျောထောက်နောက်ခံ ၂

လျူမိသားစု၏ ဘိုးဘေးက နဝမအဆင့် ပညာရှင်တစ်ဦးဖြစ်သော်လည်း၊ သူထံတွင် ဂုဏ်ထူးဆောင် ရာထူးသာလျှင် ရှိနေခဲ့ပြီး၊ လက်တွေ့ အောင်မြင်မှုများစွာ ရှိမနေခဲ့ပေ။

ထို့ကြောင့် သူ၏ စစ်တပ်ရာထူးမှာ ရှုကျိုးနှင့် တူညီနေခဲ့သည်။

“ ဗွီ “

ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ဤတစ်နေရာတစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

လျူပေ့ချန်အပါအဝင် လူတိုင်း အံ့ဩမှင်သက်သွားကြသည်။

သူတို့သည် ရှုကျိုးက သူတို့၏ ဘိုးဘေးကို ဤကဲ့သို့ ပြန်ပြောရဲသည်အထိ ရဲတင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ ဝိုးးး “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဝိုးခနဲဟူသည့် အာမေဋိတ်သံများ ပေါ်ထွက်လာခဲ့သည်။

လျူမိသားစု၏ လူငယ်ပညာရှင် အကုန်လုံးမှာ အံ့ဩတကြီး ဖြစ်သွားကြသည်။ ရှုကျိုးမှ သူတို့၏ ဘိုးဘေးကို ထိုကဲ့သို့ ပြောဆိုလာခဲ့ခြင်းမှာ မလေးမစားလုပ်ခြင်းဖြစ်သကဲ့သို့ ကြီးလေးသော ပြစ်မှုတစ်ခုလည်း ဖြစ်သည်။

လူငယ်မျိုးဆက် ပါရမီရှင်တစ်ဦးသည် မတ်တပ်ထရပ်ကာ ကျယ်လောင်စွာ အော်ငေါက်လာခဲ့သည် “ ကျေးဇူးကန်းတဲ့ အမှိုက်ကောင်၊ မင်းက ဘိုးဘေးကို ဒေါသထွက်အောင် လုပ်လိုက်ပြီ၊ မင်းနဲ့ ထိုက်တန်တဲ့ အကျိုးဆက်ကို သေချာပေါက် ပြန်ရလိမ့်မယ် “

ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ ထိုလူငယ်ကို လှည့်ကြည့်လိုက်သည်။

“ ဘုမ်းးးး “

ဖျတ်ခနဲကြည့်လိုက်ရုံဖြင့် ထိုလူငယ်သည် ချက်ချင်းပေါက်ကွဲထွက်သွားခဲ့ကာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

“ အထက်လူကြီးကို မလေးစားဘဲ၊ ဒီဗိုလ်ချုပ်ကို စော်ကားရင် သေသင့်တယ် “

ရှုကျိုးမှ အေးအေးလူလူ ပြန်ပြောလိုက်သည်။

သူ၏ယခုလက်ရှိ စွမ်းအားနှင့်သာဆိုပါက အကြည့်ဖြင့် သတ်ဖြတ်ခြင်းမှာ ခက်ခဲသော အလုပ်မဟုတ်ပေ။

ဤဂျူနီယာ အားလုံးမှာ တတိယအဆင့်နှင့် ဒုတိယအဆင့်မှ လူများသာ ဖြစ်နေခဲ့ပြီး၊ သူသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ စွမ်းအားကို စုစည်းကာ၊ ယင်ယန်ဓာတ်ကြီးငါးပါးကို ဖောက်ခွဲလိုက်ရုံဖြင့် ချက်ချင်း သတ်ဖြတ်နိုင်ပေသည်။

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါတွင် လျူမိသားစု၏ ဂျူနီယာအားလုံး အံ့ဩတုန်လှုပ်သွားကာ၊ မည်သူကမှ စကားမပြောရဲကြတော့ပေ။

အဘယ့်ကြောင့်ဆိုသော် ရှုကျိုး၏ ယခုလက်ရှိ အဆင့်အတန်းနှင့် ရာထူးများအရသာဆိုပါက၊ သူ့ကို စော်ကားခြင်းမှာ ပြင်းထန်သော ပြစ်မှုတစ်ခုဖြစ်ပြီး၊ သူထံတွင် ကျူးလွန်သူကို တိုက်ရိုက်သတ်ဖြတ်ရန် အကြောင်းပြချက် ရှိနေသောကြောင့် ဖြစ်သည်။

သို့သော် သူတို့၏ ဘိုးဘေးအရှေ့မှာပင် ထိုကဲ့သို့ ပြုလုပ်လိုက်ခြင်းမှာ လျူမိသားစုတစ်ခုလုံး၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။

“ ရှုကျိုး “

လျူမိသားစုဘိုးဘေး၏ အသံမှာ အလွန်တရာ အေးစက်သွားပြီး၊ သတ်ဖြတ်လိုစိတ်များပင် ပါဝင်လာခဲ့သည် “ တကယ်လို့ ငါက စစ်ဌာနကနေ အနားယူလိုက်မယ်ဆိုရင်၊ ငါက စစ်ဌာနရဲ့ တရားစီပိုင်ခွင့်အောက်မှာ ရှိနေတော့မှာ မဟုတ်ဘူး “

သူ၏ ခြိမ်းခြောက်မှုမှာ အလွန်တရာ ရှင်းလင်းနေခဲ့သည်။

ငါတို့နှစ်ယောက်စလုံးက ဒုဗိုလ်ချုပ်တွေလို့ မင်းပြောခဲ့တယ်ပေါ့။ ရတယ်လေ၊ စစ်ဌာနက ငါထွက်လိုက်မယ်ဟု ပြောဆိုလာခဲ့ခြင်းပင် ဖြစ်သည်။

ထိုအချိန်၌ နဝမအဆင့် ပညာရှင်တစ်ဦးအနေဖြင့် ရှုကျိုးကို သတ်ဖြတ်လိုက်မည်ဆိုပါက သူ့အား မည်သူက တားဆီးနိုင်တော့မည်နည်း

ရှုကျိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ယခင်က သူသဘောတူ လိုက်လျောရန် ရည်ရွယ်လိုက်သော်လည်း၊ လျူမိသားစု၏ ဘိုးဘေးသည် စည်းထပ်ကျော်လာခဲ့ကာ၊ လျူပေ့ချန်နှင့် လျူပင်းအန်တို့ကိုပါ ချန်ထားခဲ့ရန် တောင်းဆိုလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူသည် လူနှစ်ဦးသာ ခေါ်သွားနိုင်မည် ဖြစ်သည်။

လျူမိသားစုတွင် ပြဿနာအကြီးအကျယ်ရှာခဲ့ပြီး၊ ငါးသေးသေးလေးနှစ်ကောင်ကိုသာ ဖမ်းနိုင်ခဲ့မည်ဆိုပါက၊ ၎င်းသည် သူ၏နောင်အနာဂတ် လုပ်ရပ်များကို ဆိုးကျိုးများ ဖြစ်ပေါ်သွားစေလိမ့်မည် ဖြစ်သည်။

အကယ်၍ အတွင်းမြို့တော်ရှိ မိသားစုတိုင်းက သူတို့၏ ဘိုးဘေးများကို ခေါ်ဆိုကာ ခုခံလာခဲ့မည်ဆိုပါက၊ စုံစမ်းစစ်ဆေးရေးမှူးဖြစ်သည့် သူ့ထံတွင် မည်သည့်အာဏာမျိုး ကျန်ရှိနေတော့မည်နည်း

ထို့ကြောင့် ရှုကျိုး၏ သဘောထားက အလွန်တရာ တင်းမာနေခဲ့ခြင်း ဖြစ်သည်။

ယနေ့တွင် သူသည် သူတို့အားလုံးကို ခေါ်ဆောင်သွားမည် ဖြစ်သည်။

အကယ်၍ ဧကရာဇ်တစ်ပါးက လူကိုယ်တိုင် ကိုယ်ထင်ပြလာခဲ့မည်ဆိုလျှင်တောင်မှ၊ မည်သို့မျှ ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။

“ မင်းတို့အားလုံး၊ ငါနဲ့လိုက်ခဲ့ “

ရှုကျိုးသည် စွမ်းအင်လက်ကြီး တစ်ဖက်ကို ဖန်တီးကာ လျူပေ့ချန်၊ လျူပင်းအန်နှင့် လျူချောင်တို့ကို ဖမ်းယူလိုက်သည်။

သူသည် အဆင့်အမြင့်ဆုံး ဖမ်းဆီးမှု ဝရမ်းကို ကိုင်ဆောင်ထားပြီး၊ ထိုလူများနှင့်အတူ လျူမိသားစု၏ ထွက်ပေါက်ဆီသို့ ပျံသန်းသွားတော့သည်။

ယခုတွင် ဖမ်းဆီးမှု ဝရမ်းကို ကိုင်ဆောင်ထားသောကြောင့် လျူမိသားစု၏ ဘိုးဘေးကသာ လှုပ်ရှားလာခဲ့မည်ဆိုပါက၊ ၎င်းမှာ စစ်ဌာနကို ဆန့်ကျင်ခြင်း ဖြစ်သွားမည် ဖြစ်သည်။

“ ဘိုးဘေးးး “

လျူပေ့ချန်သည် ရှုကျိုးက နဝမအဆင့် ပညာရှင်တစ်ဦး၏ စောင့်ကြည့်မှုအောက်မှာပင် ဤမျှလောက် မောက်မာနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ဤအခိုက်အတန့်တွင် သူ၏စိတ်နှလုံးသားမှာ အလွန်တရာ တုန်လှုပ်သွားခဲ့သည်၊ ငါက တကယ်ကြီးကို ပြစ်ဒဏ်ခံရတော့မှာလား

ကောင်းကင်ထက်ရှိ ပုံရိပ်၏မျက်နှာပေါ်တွင် ဒေါသထွက်နေသည့် အရိပ်အငွေ့များ စွန်းထင်းလာခဲ့သည်။

“ ခေါင်းမာချက်ကတော့ “

လျူမိသားစု၏ ဘိုးဘေးမှ လှုပ်ရှားလာခဲ့ရာ၊ ကောင်းကင်ကို ဖုံးလွှမ်းနေသည့် ကြီးမားသော လက်ကြီးတစ်ဖက် ပေါ်လာခဲ့ကာ၊ ရှုကျိုးကို ဖမ်းဆုပ်လာခဲ့သည်။

နဝမအဆင့် ပညာရှင်တစ်ဦး၏ လှုပ်ရှားမှုသည် တစ်ကမ္ဘာလုံးကို သက်ရောက်သွားစေခဲ့သည်။

ဤအခိုက်အတန့်တွင် မိုင်ထောင်နှင့်ချီသော ဧရိယာတစ်ဝိုက်ရှိ ဟင်းလင်းပြင်မှာ လုံးဝပိတ်ဆို့သွားခဲ့ပြီး၊ ထိပ်တန်းဟင်းလင်းပြင်း စွမ်းရည်အသုံးပြုသူများကပင် ၎င်းကို ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသည့် ဖိနှိပ်မှု အားတစ်ခုသည် ရှုကျိုးကို ဖုံးလွှမ်းလာခဲ့သည်။

ရှုကျိုးကမူ ထိုနေရာတွင် ရပ်နေရင်းဖြင့် ကျဆင်းလာသည့် ဧရာမ လက်ကြီးကို အေးဆးတည်ငြိမ်သော အမူအရာဖြင့် ကြည့်ရှုနေခဲ့သည်။

“ ဒင် “

လက်ကြီးက သူ့ကို ဖမ်းဆုပ်လာတော့မည့်အချိန်တွင် ဖိနှိပ်မှုအားသည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်ပြင်ကို ဖုံးအုပ်နေသည့် လက်ကြီးမှာလည်း ပုံရိပ်ယောင်တစ်ခုသဖွယ် ဖြစ်နေသည့်အလား ပျောက်ကွယ်သွားခဲ့သည်။

ရှုကျိုးသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်၊ လျူမိသားစု၏ ဘိုးဘေးသည် သူ့ကို အမှန်တကယ် မဆန့်ကျင်ရဲပေ၊ ၎င်းမှာ နောက်ဆုံးသော ကြိုးစားမှုဖြစ်သည့် အယောင်ပြ ခြိမ်းခြောက်မှုသာလျှင် ဖြစ်နေခဲ့သည်။

“ ငါက မှန်မှန်ကန်ကန် လောင်းကြေးထပ်နိုင်ခဲ့တာပဲ “

သူသည် လေဟာနယ်ကို ဆုတ်ဖြဲရန်အတွက် ချိုးဖျက်ခြင်းအဆောင်ကို အသုံးပြုရန် ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။

ရှုကျိုးသည် စိတ်သက်သာရာရစွာဖြင့် တိတ်တဆိတ် သက်ပြင်းချနေတော့သည်။

ကံကောင်းထောက်မစွာဖြင့် သူသည် အလျင်စလို မလုပ်ခဲ့သောကြောင့်၊ အဖိုးတန် အဆောင်တစ်ခုကို လက်မလွှတ်ခဲ့ရပေ။

“ ဒီလိုခိုင်မာတဲ့ စိတ်ဓာတ်မျိုး၊ တစ်ခြားလူတွေက မင်းဆီမှာ အလားအလာကောင်းတွေ ရှိနေတယ်လို့ ပြောနေတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “

လျူမိသားစု ဘိုးဘေးသည် သက်ပြင်းချ၍ ပြောလာခဲ့သည်၊ သူ၏ အသံထဲတွင် လေးစားမှု အရိပ်အငွေ့များ စွန်းထင်းနေလျက်ရှိသည်။

ယခုတွင် လူတိုင်း ကြောင်တောင်တောင် ဖြစ်သွားကြသည်။

ဘာတွေ ဖြစ်နေတာလဲ။ ဘိုးဘေးက ရှုကျိုးကို ဘာလို့ချီးကျူးနေရတာလဲ

ပြီးတော့ ဘိုးဘေး ပြောခဲ့တဲ့ တစ်ခြားလူတွေဆိုတာကိ တစ်ခြား နဝမအဆင့် ပညာရှင်တွေပဲ ဖြစ်ရမယ်။ သူတို့တွေကပါ ရှုကျိုးကို မျက်နှာသာပေးကြတာလား

လူတော်တော်များများသည် ဘိုးဘေး၏ သွယ်ဝိုက်ပြောဆိုနေသည့် အဓိပ္ပါယ်ကို နားလည်သွားကာ၊ မအံ့ဩဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။

နဝမအဆင့် ပညာရှင် အများအပြားက မျက်နှာသာ ပေးထားသည့် ရှုကျိုးအား မည်သူက ဆန့်ကျင်ဝံ့ကြမည်နည်း

“ ဟားဟားဟား “

ထိုအခိုက်အတန့်တွင် ရယ်မောသံတစ်သံသည် ကောင်းကင်ထက်မှ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်။

ထို့နောက်၌ ချက်ချင်းဆိုသလိုပင် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

အဆိုပါ ပုံရိပ်သည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ ဓမ္ဓပုံရိပ်ကို မဖော်ထုတ်ထားဘဲ၊ ပုံမှန်အသွင်အပြင်နှင့်သာ ရှိနေခဲ့ပြီး၊ လျူမိသားစု၏ ဘိုးဘေးနှင့် ယှဥ်လိုက်မည်ဆိုပါက မထင်မရှား ဖြစ်နေပုံရသည်။

သို့ရာ၌ ထိုပုံရိပ်ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် လျူမိသားစုဘိုးဘေးထပ် ပိုမိုကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး၊ အဆုံးမဲ့ ကျယ်ပြန်သည့် ဟင်းလင်းပြင်တစ်ခုသဖွယ် ခံစားနေခဲ့ရသည်။

လျူမိသားစု၏ လူငယ်မျိုးဆက် ပါရမီရှင် တော်တော်များများသည် ထိုလူကြီးက မည်သူလဲဆိုသည်ကို ဇဝေဇဝါ ဖြစ်သွားကြသည်။

“ စီနီယာတိကျွမ်းလား “

ရှုကျိုးသည် အရင်ဦးဆုံး စကားစပြောလာခဲ့ကာ၊ လက်သီးဆုပ်၍ အဝေးရှိ ပုံရိပ်ကို အရိုအသေပေးလိုက်သည်။

“ တိကျွမ်းလား “

“ အဲ့တာက အဲ့ဒီ ပကတိ အထွတ်အထိပ်အဆင့် ပညာရှင်လား “

လျူမိသားစု၏ လူငယ်မျိုးဆက် ပါရမီရှင်တစ်ချို့သည် သူ့ကို မှတ်မိသွားကာ အလွန်တရာ အံ့ဩတုန်လှုပ်သွားကြသည်။ သူ့ရဲ့ အရှိန်အဝါက ငါတို့ဘိုးဘေးထပ် ပိုပြီးတော့ နက်ရှိုင်းနေတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ

ဒဏ္ဍာရီလာ ပကတိ အထွတ်အထိပ် ပညာရှင်တစ်ယောက် ဖြစ်နေတာကိုး

တိကျွမ်းသည် ဒဏ္ဍာရီများအတွင်းတွင်သာ ပေါ်လာခဲ့ဖူးသည့် လွန်ခဲ့သော ရာစုနှစ်တစ်ခုက ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ဤအခိုက်အတန့်တွင် တိကျွမ်းသည် လျူမိသားစု၏ ဘိုးဘေးကို ကြည့်ကာ အပြုံးဖြင့် ပြောလိုက်သည် “ ဆိုတော့၊ အခု မင်းက ငါပြောတာကို ယုံသွားပြီလား “

လျူမိသားစု ဘိုးဘေးသည် သက်ပြင်းချ၍ ပြန်ပြောလာခဲ့သည် “ အကြီးအကဲ နိုင်ပါတယ်၊ ဒီလူငယ်လေးက တကယ်ထူးခြားတယ်ဆိုတာကို ကျွန်တော် ဝန်ခံပါတယ် “

ရှုကျိုးသည် ထိုမြင်ကွင်းကို ကြည့်ကာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်၊ ဒါက ဘာအခြေအနေကြီးလဲဟ

“ ခုနတုန်းက ငါနဲ့ လျူကလေးက အလောင်းအစားတစ်ခု လုပ်ခဲ့တယ်လေ။ မင်းက သူ့ကို ဦးမညွတ်ဘူးလို့ ငါပြောခဲ့တယ်လေ၊ သူက အဲ့တာကို မယုံလို့ လာစမ်းသပ်ကြည့်တာပဲ “

တိကျွမ်းသည် ရှုကျိုးကို ကြည့်ကာ စိတ်ကျေနပ်စွာဖြင့် ပြုံးနေတော့သည် “ ရလဒ်ကတော့ ငါထင်ထားခဲ့တဲ့အတိုင်းပဲလေ “

ရှုကျိုးသည် အနည်းငယ် အံ့ဩမှင်သက်သွားခဲ့သည်။

ဆိုတော့ စီနီယာ တိကျွမ်းက ဘေးကနေ တစ်ချိန်လုံး စောင့်ကြည့်နေခဲ့တာလား

ထိုအချိန်တွင် လျူမိသားစု၏ ဘိုးဘေးမှာလည်း စကားဝင်ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းက စီနီယာ တိရဲ့ ဆက်ခံသူပဲ၊ အဲ့တာကြောင့် မင်းကို ငါထိမှာ မဟုတ်ဘူး။ ခုနတုန်းက ကိစ္စက စမ်းသပ်မှုတစ်ခုပဲ၊ ဘာရည်ရွယ်ချက်မှ မပါဘူး၊ စိတ်ထဲ မထားထားနဲ့ “

လျူမိသားစုတစ်ခုလုံး အံ့ဩတုန်လှုပ်သွားကြသည်။

အထူးသဖြင့် လူငယ်မျိုးဆက် ပါရမီရှင်များ ဖြစ်သည်။

သူတို့၏ မြင့်မြတ်သော ဘိုးဘေးသည် ရှုကျိုးကို အမှန်တကယ် တောင်းပန်နေခဲ့သည်။

ဒါ ….. ဒါကြီးက …….. ငါတို့က အိမ်မက်မက်နေကြတာလား

တစ်ချိန်တည်းမှာပင် လျူပေ့ချန်၊ လျူပင်းအန်နှင့် တစ်ခြားလူများမှာလည်း ထပ်တူထပ်မျှ အံ့အားသင့်သွားကြသည်။

“ ရှုကျိုးက စီနီယာ တိကျွမ်းရဲ့ အမွေဆက်ခံသူဆိုတာက တကယ်ကြီးလားဟ “

“ ပကတိ အထွတ်အထိပ် အမွေဆက်ခံမှုလား “

နှောင်းပိုင်း သတ္တမအဆင့် ပညာရှင်ဖြစ်သည့် လျူပေ့ချန်ကပင် အလွန်တရာ မနာလိုအားကျ ဖြစ်သွားခဲ့သည်။ ၎င်းမှာ ပကတိ အထွတ်အထိပ် အမွေဆက်ခံမှုဖြစ်ပြီး၊ ကြယ်ပြာဂြိုဟ်နှင့် ကမ္ဘာ့ကြယ်နှစ်ခုစလုံး၏ အထွတ်အထိပ် အမွေအနှစ် ဖြစ်သည်။

ရှုကျိုး၏ ကံတရားမှာ အလွန်တရာ ကောင်းမွန်နေခဲ့သည်။

…

ဤအခိုက်တန့်တွင် ရှုကျိုးသည် တစ်ခြားလူများ၏ အတွေးများကို လျစ်လျူရှုထားပြီး၊ အဝေးရှိ လျူမိသားစု၏ ဘိုးဘေးကို လှည့်ကြည့်ကာ လက်သီးဆုပ်၍ အရိုအသေပြုလိုက်သည် “ ကိစ္စမရှိပါဘူး၊ ကျွန်တော်က စိတ်ထဲမထားထားပါဘူး။ ဒါပင်မဲ့ ဒီလူတွေကိုတော့ စစ်ဌာနကို ခေါ်သွားမှရမယ် “

( အရိုအသေပေးတယ်ဆိုတာက လေးစားမှုနဲ့ လုံးဝခါးကိုင်းပြီး ဂါဝရပြုတာပါ၊ အရိုအသေပြုတယ်ဆိုတာက လက်သီးဆုပ်ရုံဆုပ်ပြီး ခေါင်းငြိမ့်ပြလိုက်တာမျိုးပါ )

“ သေချာတာပေါ့ “

ဤတစ်ကြိမ်တွင် လျူမိသားစု၏ ဘိုးဘေးသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ပြောဆိုလာခဲ့သည် “ ငါ့ရဲ့ လူငယ်မျိုးဆက်တွေကို ရှေ့တန်းမှာ ရန်သူတွေကို သွားသတ်ခိုင်းလိုက်မယ်၊ ဒါပင်မဲ့ အဲ့ကိစ္စမတိုင်ခင် အချိန်မှာတော့ သူတို့ရဲ့ ဒဏ်ရာတွေကို အရင်ကုသခွင့်ပေးဖို့ မျှော်လင့်ပါတယ် “

ရှုကျိုးမှ ပြန်ပြောလိုက်သည် “ အဲ့တာက စစ်ဌာနရဲ့ အစီအစဥ်တွေပေါ်မှာ မူတည်ပါတယ် “

“ အင်း “

လျူမိသားစုဘိုးဘေးသည် အေးအေးလူလူ ခေါင်းငြိမ့်ပြလာခဲ့ကာ၊ တိကျွမ်းကို လှည့်ကြည့်လိုက်သည် “ စီနီယာတိ၊ ဒါဆိုရင် ကျွန်တော်သွားတော့မယ် “

“ ဆက်လုပ်ပါ “ တိကျွမ်းမှ ခေါင်းငြိမ့်ပြလိုက်သည်။

လျူမိသားစုဘိုးဘေးသည် မည်သည့်စကားမှ ထပ်မပြောလာခဲ့ပေ၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ ဓမ္ဓပုံရိပ်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။

မကြာခင် အချိန်မှာပင် ကမ္ဘာကြီးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

တိကျွမ်းသည် ရှုကျိုးကို ကြည့်ကာ ပြုံးနေတော့သည် “ အငယ်လေး၊ မင်းက မကြောက်ဘူးလားဟ “

ရှုကျိုးမှ ခေါင်းခါပြလိုက်သည် “ မကြောက်ပါဘူး၊ ဒါပင်မဲ့ အဆင့်၉ ပညာရှင်ရဲ့ ဖိနှိပ်မှုအားကတော့ တကယ်ကြီးကို စွမ်းလွန်းတယ် “

“ ဒါဆိုရင်လည်း အဆင့်၉ကို မြန်မြန်ရောက်အောင် လုပ်ပေါ့ဟ “

တိကျွမ်းသည် အသာအယာပြုံး၍ ပြောဆိုလာခဲ့သည် “ မင်းရဲ့စွမ်းရည်နဲ့ဆိုရင် အဲ့လိုလုပ်ဖို့ မခက်ပါဘူး “

“ ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဆရာ “ ရှုကျိုးသည် လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည်။

တိကျွမ်းသည် အနည်းငယ် အံ့ဩသွားခဲ့ကာ၊ အပြုံးဖြင့် ခေါင်းခါရမ်းနေတော့သည် “ ငါက ဒီနေရာမှာ အကြာကြီး နေနိုင်မှာ မဟုတ်ဘူး၊ အတွင်းမြို့တော်က ကိစ္စတွေကို စည်းမျဥ်းတွေအတိုင်းပဲ ကိုင်တွယ်ပါ၊ အလွန်အကျွံ မလုပ်နဲ့ “

“ ဟုတ်ကဲ့ “ ရှုကျိုးမှ အလျင်အမြန် ခေါင်းငြိမ့်ပြလိုက်သည်။

တိကျွမ်းသည် သူ့ကို နက်နက်နဲနဲ ကြည့်ရှုကာ၊ သူ၏ပုံရိပ်သည် ဖြည်းဖြည်းချင်း မှုန်ဝါး ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လျူမိသားစုတစ်ခုလုံးမှာ သေချင်စော်နံလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

တိကျွမ်းသည် သူက ရှုကျိုး၏ နည်းပြဖြစ်ကြောင်းကို ယခုလေးတင် ဝန်ခံခဲ့သည်။

၎င်းမှာ ရှုကျိုးထံတွင် ပကတိ အထွတ်အထိပ်အဆင့် ဆရာတစ်ယောက်ရှိသည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

အဆိုပါ သတင်းသည် မ‌ရေမတွက်နိုင်လောက်သည်အထိ များပြားလွန်းလှသော လူများကို အံ့ဩတုန်လှုပ်သွားစေလိမ့်မည် ဖြစ်သည်။

All Chapters