← Chapters

အခန်း (၅၈၃-၅၈၅)

Vol. 39 Ch. 583-585

အခန်း (၅၈၃-၅၈၅)

Vol. 39 Ch. 583-585

အပိုင်း ( 583 )

အလယ်အလတ် သတ္တမအဆင့်၊ ရှုကျိုး၏ ရည်မှန်းချက်

လျူမိသားစုအတွင်းတွင် တိတ်ဆိတ်မှုသာ ကြီးစိုးနေခဲ့သည်။

ကိစ္စက ဤကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။

လျူမိသားစု၏ နဝမအဆင့် ပညာရှင်ကပင် ကြားဝင်စွက်ဖက်လာခဲ့သော်လည်း၊ လျူပေ့ချန်နှင့် တစ်ခြားလူများကို မကယ်ဆယ်နိုင်ခဲ့ပေ။

ရှုကျိုး၏ နောက်ခံသည် ကြောက်ခမမန်းလိလိ တောင့်တင်းအားကောင်းနေခဲ့သည်။

လူအုပ်အတွင်းရှိ လျူတျန်မုမှာလည်း ကြောက်လန့်တကြား ဖြစ်နေကာ၊ ဆောက်တည်ရာမရ ဖြစ်နေခဲ့သည်။

“ ဒီကောင်က …… လပိုင်းလေးအတွင်းမှာပဲ ပကတိ အထွတ်အထိပ် ပညာရှင်ရဲ့ တပည့်ဖြစ်လာတယ်ပေါ့။ ဒီကမ္ဘာကြီးထဲမှာ တရားမျှတမှုရော ရှိသေးရဲ့လား “

ယခင်က သူသည် တစ်နေ့နေ့တွင် ရှုကျိုးကို ကျော်တက်နိုင်လိမ့်မည်ဟု မျှော်မှန်းထားခဲ့သည်။

သို့သော် ယခုတွင်ကား တစ်ဖက်လူမှာ သတ္တမအဆင့်သို့ ရောက်ရှိသွားရုံတင်မဟုတ်ဘဲ၊ ကမ္ဘာနှစ်ခုစလုံး၏ အစွမ်းအထက်ဆုံး ကျောထောက်နောက်ခံဖြစ်သည့် ပကတိ အထွတ်အထိပ် ပညာရှင်တစ်ဦး၏ တပည့်ပါ ဖြစ်သွားခဲ့သည်။

ယခုတွင် ရှုကျိုးသည် အရေးအပါဆုံး ပုဂ္ဂိုလ်များအနက်မှ တစ်ဦးဖြစ်လာခဲ့ပြီဖြစ်ပြီး၊ နဝမအဆင့် ပညာရှင်များကပင် သူ့ကို သူတို့နှင့် အဆင့်တူသူတစ်ဦးအဖြစ် သတ်မှတ်ရတော့မည် ဖြစ်သည်။

လူငယ်မျိုးဆက်ဖြစ်သည့် လျူတျန်မုကဲ့သို့သော လူများကမူ သူနှင့် အလွန်တရာ အလှမ်းဝေးသွားခဲ့ပြီ ဖြစ်ပြီး၊ သူသည် ရှုကျိုး၏ ဒုတိယမြောက် အကြည့်ကိုပင် ခံယူရရန် အရည်အချင်း မပြည့်မှီတော့ပေ။

လျူပေ့ချန်၊ လျူပင်းအန်နှင့် တစ်ခြားလူများကမူ ပို၍ပင် စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။

သူတို့သည် သူတို့ကို မည်သူကမှ မကယ်နိုင်တော့ဘူးဆိုသည်ကို သိသွားကြသည်၊ ယခုလက်ရှိ အချိန်မှာစကာ သူတို့သည် ရှုကျိုးကို မြင်တွေ့ရသည့် အချိန်တိုင်းတွင် သူ့ကို မော်ကြည့်ရတော့မည် ဖြစ်သည်။

လက်စားချေခြင်းကမူ ……

ဤတစ်သက်တွင် လုံးဝမဖြစ်ပေါ်လာနိုင်တော့သည့် ကိစ္စတစ်ခု ဖြစ်သည်။

နာခံမှုရှိရှိဖြင့် ရှေ့တန်းသို့သွားကာ အပြစ်ခံယူလိုက်ခြင်းကသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

…

ရှုကျိုးကမူ တစ်ခြားလူများ၏ အတွေးများကို ဂရုစိုက်မနေခဲ့ပေ။

ဤအခိုင်အတန့်တွင် သူသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေခဲ့သည်။

အစောပိုင်း အချိန်များအတွင်းက တိကျွမ်းကို ဆရာဟု ခေါ်လိုက်သည့် အချိန်တွင်၊ သူသည် စွန့်စားပြောဆိုလိုက်ခြင်း ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ဧကရာဇ်တိကျွမ်းမှာ သူ့ထံသို့ ပကတိ အထွတ်အထိပ်အဆင့် နည်းစနစ်တစ်ခုသာ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ပြီး၊ ဆရာ-တပည့်ဆက်ဆံရေးနှင့် အလွန်တရာ ဝေးကွာနေသောကြောင့် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဧကရာဇ်တိသည် ၎င်းကို မငြင်းပယ်ခဲ့ဘဲ တိတ်တဆိတ် လက်ခံပေးခဲ့လေသည်။

ဤနည်းလမ်းဖြင့် ရှုကျိုသည် အခြေအနေ အချိန်အခါကိူ ဖမ်းဆုပ်ကာ၊ သူ၏ ဂုဏ်သိက္ခာ(သို့) အဆင့်အတန်းကို ချပြနိုင်ခဲ့သည်။

လျူမိသားစုကို ထပ်ကြည့်လိုက်သည့်အချိန်တွင် မြင်တွေ့ရသည့် မြင်ကွင်းမှာ လုံးဝကွဲပြားနေခဲ့ပြီ ဖြစ်သည်။

ယခင်က မောက်မာက စည်းကမ်းမလိုက်နာသည့် လျူမိသားစု၏ လူငယ်မျိုးဆက် ပါရမီရှင်များသည် သူ၏ အကြည့်ကို ရင်ဆိုင်လိုက်ရသောအခါတွင် စိတ်မသက်မသာဖြစ်ကာ အကြည့်လွှဲသွားကြသည်။

မကြာခင် အချိန်မှာပင် ရှုကျိုးမှ အေးအေးလူလူ ပြောလာခဲ့သည် “ လျူမိသားစုရဲ့ အဆင့်၃ အထက်က ပညာရှင် အကုန်လုံးက ဘာရာထူး၊ ဘာအဆင့်အတန်းပဲ ရှိရှိ၊ ဒီနေ့ကစပြီးတော့ ရှေ့တန်းကို သွားပြီးတော့ တိုက်ခိုက်ရမယ် “

လျုမိသားစု၏ ဘိုးဘေးကိုယ်တိုင်ကပင် သူ၏ လူငယ်မျိုးဆက်များကို ရှေ့တန်းသို့ သွားကာ ရန်သူများကို သတ်ဖြတ်ခိုင်းမည်ဟု ပြောထားခဲ့သောကြောင့် ရှုကျိုးသည် မည်သို့မျှ ယဥ်ကျေးနေလိမ့်မည် မဟုတ်ပေ။

အလယ်အလတ် သုံးဆင့်မှ သိုင်းပညာရှင်တို့သည် ရှေ့တန်းစစ်မြေပြင်၏ ကျောရိုး(သို့) ထောက်တိုင်များ ဖြစ်သည်။

သူတို့၏ အခန်းကဏ္ဍာသည် အနိမ့်ပိုင်းသုံးဆင့်မှ ပညာရှင်များထပ် ပိုမိုကြီးမားသောကြောင့် ဤလူများသည် သေချာပေါက် ဝင်ပါကြရမည် ဖြစ်သည်။

လျူမိသားစုအတွင်းရှိ အလယ်အလတ် သုံးဆင့်မှ ပညာရှင် ပမာဏမှာ အလွန်တရာ ကြီးမားနေခဲ့ပြီး၊ သူတို့၏ ထူးခြားသော စွမ်းရည်များနှင့် ဘိုးဘေးကို မှီခိုကာ ဤနေရာတွင်သာ ပုန်းအောင်းနေခဲ့ကြသည်။

ယနေ့တွင် ရှုကျိုးသည် သူတို့အားလုံးကို စစ်မြေပြင်သို့ စေလွှတ်တော့မည် ဖြစ်သည်။

သူ၏စကားလုံးများ ပေါ်ထွက်လာသည့် အချိန်တွင် လျူမိသားစု တစ်ခုလုံး ထပ်မံ၍ တုန်လှုပ်သွားကြရပြန်သည်။

လျူတျန်မုမှာလည်း တိတ်တဆိတ် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ ငါက အဆင့်၃ ပညာရှင် ဖြစ်နေတုန်းပဲလေ၊ အဆင့်၄ကို မရောက်သေးဘူး “

ရှုကျိုးရဲ့ စကားတွေအရဆိုရင် ငါက စစ်မြေပြင်ကို သွားဖို့ မလိုအပ်တဲ့ပုံပဲ

သို့သော် သူတွေးတောစဥ်းစားနေစဥ်အချိန်မှာပင်

ရှုကျိုး၏ အကြည့်သည် သူ့ထံသို့ ရုတ်တရက် ကျရောက်လာခဲ့သည် “ လျူတျန်မု၊ မင်းက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ရဲ့ ကျောင်းသားတစ်ယောက်အနေနဲ့၊ ရှေ့တန်းကို သေချာပေါက် သွားသင့်တယ်၊ မင်းလည်း တိုက်ခိုက်ရမယ် “

စကားတစ်ခွန်းသည် လျူတျန်မု၏ ကံကြမ္မာကို ဆုံးဖြတ်ပေးသွားခဲ့သည်။

အချိန်အတော်ကြာ မှင်သက်နေခဲ့ပြီးသည့်နောက်တွင် လျူတျန်မုသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။

သူသည် ရှုကျိုး၏ ပစ်မှတ်ထားခံရခြင်းကို မကြောက်ဘဲ၊ သူက မည်သည့်စကားမှ မပြောလာမည်ကိုသာ ကြောက်လန့်နေခဲ့ခြင်း ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ယခင်က သူတို့ ကြားတွင် ရှိခဲ့ဖူးသည့် ပဋိပက္ခများကို ကောင်းစွာသိရှိနေသောကြောင့် ဖြစ်သည်။

ယခုတွင် ရှုကျိုးက သူတိုက်ခိုက်ရန် စီစဥ်ပေးလာခဲ့သောကြောင့် သူသည် အမှန်တကယ် စိတ်သက်သာရာရသွားခဲ့သည်၊ အနိမ့်ဆုံးအနေဖြင့် ရှုကျိုးက လက်စားချေလာမည်ကို နေ့တိုင်းတွေးပူနေစရာ လိုတော့မည် မဟုတ်ပေ။

“ သူက ငါ့ကို တာဝန်ပေးသွားတယ်ဆိုတော့ ဒီကိစ္စက ပြီးသွားပြီလို့ ယူဆလို့ရတယ် “

လျူတျန်မုသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။

…

လျူမိသားစု၏ တာဝန်များကို ခွဲဝေပေးခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ဧရာမ မြို့ကြီးအထက်တွင် မတ်တပ်ရပ်နေကာ ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။

“ လျူမိသားစုရဲ့ အဆင့်မြင့် ပညာရှင်တွေက ဒီဗိုလ်ချုပ်ကို စော်ကားခဲ့တယ်၊ မသင့်တော်တဲ့ အကြုံပြုချက်တွေ ပေးခဲ့တယ်၊ စိတ်ဓာတ်ကို ပျက်ပြားသွားစေခဲ့တယ်၊ အဲ့တာတွေက ရှေ့တန်းက စစ်သည်တော်တွေ အပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်သွားစေခဲ့တယ် “

“ အဲ့တာကြောင့် ဒီဗိုလ်ချုပ်က တစ်ခြားလူတွေကိုပါ သတိပေးတဲ့အနေနဲ့ လျူမိသားစုကို အဖွဲ့ချုပ် ဒဂ်ါး ဆယ်သန်းပေးဆောင်ဖို့ ဒဏ်ရိုက်လိုက်တယ် “

အဖွဲ့ချုပ် ဒဂ်ါးဆယ်သန်းဆိုသည်မှာ သေးငယ်သော ပမာဏ မဟုတ်သော်လည်း၊ ၎င်းမှာ လျူမိသားစု၏ အခြေခံအုတ်မြစ်ကို လှုပ်ခါသွားစေရန် လုံလောက်သည့် ပမာဏမျိုး ဟုတ်မနေခဲ့ပေ။

လျူပေ့ချန်၊ လျူပင်းအန်နှင့် တစ်ခြားလူတို့မှာ သူ့ကို ကမ္ဘာ့ကြယ်ဆီသို့ လွှဲပြောင်းပေးအပ်လိုကြသောကြောင့် တန်ကြေးတစ်ခုကို သေချာပေါက် ပေးချေရမည် ဖြစ်သည်။

အကယ်၍ စရောက်လာသည့် အချိန်မှာပင် ဤကြေညာချက်ကို ပြုလုပ်လာခဲ့မည်ဆိုပါက၊ မည်သူကမှ ၎င်းကို နားထောင်၊ လက်ခံခဲ့လိမ့်မည် မဟုတ်ပေ။

သို့သော် ယခုတွင်ကား အဆိုပါ ကြေညာချက်၏ သက်ရောက်မှုမှာ သိသိသာသာ အားကောင်းနေခဲ့သည်။

တစ်ခဏအကြာတွင် လျူမိသားစုခေါင်းဆောင် လျူတျန်ရှန် ပျံသန်းရောက်ရှိလာခဲ့ပြီး၊ ခေါင်းငြိမ့်ပြကာ စကားပြောလာခဲ့သည် “ နားလည်ပါတယ်၊ စစ်ဌာနကို ဒဏ်ကြေးပို့လိုက်ပါ့မယ် “

ရှုကျိုးသည် လျူတျန်ရှန်ကို ကြည့်ရှုနေတော့သည်၊ သူသည် ထိုလူ့ကို ကောင်းစွာ မှတ်မိနေခဲ့သည်။

လွန်ခဲ့သော လပိုင်းအတွင်းက သူသည် လျူမိသားစု၏ လူငယ်မျိုးဆက် ပါရမီရှင်တစ်ဦးအဖြစ် ရုပ်ဖျက်ခဲ့ကာ၊ ဘီလီယံဆယ်နှင့်ချီ၍ တန်ကြေးရှိသော ကျင့်ကြံရေး အရင်းအမြစ်များကို ထိုလူ့ထံမှ ရယူခဲ့လေသည်၊ အဆိုပါ ဖြစ်ရပ်မှာ လတ်လတ်ဆတ်ဆတ် ရှိနေသေးသည်။

ရှုကျိုးသည် ထိုအချိန်က လျူမိသားစုခေါင်းဆောင်မှာ အလွန်တရာ ဒေါသထွက်သွားခဲ့ပြီး၊ သူပြန်ပေးဆပ်ရအောင် ပြုလုပ်မည်ဟု ကျိန်ဆိုခဲ့သည်ကို ကြားထားခဲ့သည်။

လပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီးသည့်နောက် နောက်တစ်ကြိမ် ပြန်ဆုံတွေ့ရသည့် အချိန်တွင် လျူမိသားစုခေါင်းဆောင်သည် အတိတ်က ဖြစ်ရပ်အကြောင်းကို မည်သို့မှ စကားမဟလာခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် အဌမအဆင့် ပညာရှင်တစ်ဦး ဖြစ်နေခဲ့သော်လည်း၊ သူသည် သူက ရှုကျိုးထပ် သာလွန်နေသည်ဟု မတွေးဘဲ တန်းတူရည်တူ ပြောဆိုဆက်ဆံနေခဲ့သည်။

ရှုကျိုးမှ အပြုံးဖြင့် ပြန်ပြောလိုက်သည် “ ဒါဆိုရင်လည်း ခင်ဗျားကိုပဲ ပြဿနာ ပေးရတော့မယ်၊ လျူမိသားစု ခေါင်းဆောင် “

ထိုကဲ့သို့ ပြောခဲ့ပြီးသည့်နောက်၌ သူသည် ဤနေရာတွင် ကြာကြာဆက်မနေတော့ဘဲ၊ လျူပေ့ချန်၊ လျူပင်းအန်နှင့် တစ်ခြားလူများကို သယ်ဆောင်ကာ၊ လျူမိသားစုအတွင်းမှ ထွက်ခွာသွားတော့သည်။

သူထွက်သွားခဲ့သည့်နောက်တွင် လျူမိသားစု၏ လူငယ်မျိုးဆက် ပါရမီရှင်များသည် မအောင့်ထားနိုင်တော့ဘံ အရှေ့သို့ ပြေးတက်လာခဲ့ကာ လျူတျန်ရှန်ကို စကားပြောလာကြသည် “ မိသားစုခေါင်းဆောင်၊ ကျွန်တော်တို့က …… သူ့ကို ဒီတိုင်းလွှတ်ပေးလိုက်ရမှာလား “

လျူတျန်ရှန်သည် သူ့ကို လှည့်ကြည့်ကာ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ တစ်ခြားလုပ်စရာ ရှိသေးလို့လား “

ထိုလူငယ်လေးမှ ဆက်ပြောလာခဲ့သည် “ သူက အရင်တုန်းကလည်း ကျင့်ကြံရေး အရင်းအမြစ် ဘီလီယံ ဆယ်နဲ့ချီပြီးတော့ ယူသွားခဲ့တယ်လို့ ကျွန်တော်ကြားခဲ့ရတယ်၊ အခုလည်း ပြဿနာ ထပ်ရှာသွားပြန်ပြီ။ နောင်အနာဂတ်မှာ ကျွန်တော်တို့က အတွင်းမြို့တော်မှာ မျက်နှာပြနိုင်တော့မှာ မဟုတ်ဘူး “

“ သောက်ရူးကောင် “

လျူတျန်ရှန်သည် အမူအရာ တင်းမာသွားကာ အော်ငေါက်လာခဲ့သည် “ အခု ရှုကျိုးက ပကတိ အထွတ်အထိပ် ပညာရှင်ရဲ့ တပည့်ဖြစ်နေပြီလေ၊ ဘီလီယံ ဆယ်ဂဏန်းမပြောနဲ့ ရာဂဏန်းပေးရမယ်ဆိုရင်တောင်မှ ဘာဖြစ်လဲ “

“ ဘာဖြစ်တယ် “

လူတိုင်း အံ့ဩမှင်သက်သွားကြသည်၊ သူတို့သည် လျူတျန်ရှန်က ထိုကဲ့သို့ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

လျူတျန်ရှန်မှ ဆက်ပြောလာခဲ့သည် “ လွန်ခဲ့တဲ့ လပိုင်းတုန်းက ရှုကျိုးက အဆင့်၅နယ်ပယ်မှာပဲ ရှိနေခဲ့တာ။ အခု လအနည်းငယ်ကြာတော့ သူက အဆင့်၇နယ်ပယ်ကိုတောင် ရောက်နေခဲ့ပြီ “

“ သူ့ရဲ့ အနာဂတ်လမ်းကြောင်းက မှန်းဆလို့ရတဲ့ အဆုံးသတ်တစ်ခုပဲ၊ သူက အနှေးနဲ့ အမြန်ဆိုသလို အဆင့်၉ကို ရောက်သွားမှာပဲ၊ အဲ့ထပ်ပိုဝေးတဲ့ နေရာကိုတောင် ရောက်သွားလောက်တယ်၊ ပကတိ အထွတ်အထိပ် ပညာရှင် ဖြစ်လာနိုင်မဲ့ အခွင့်အလမ်းကလည်း တော်တော်မြင့်တယ် “

……………………………………………………………………………………………………………………………………..

အပိုင်း ( 584 )

အလယ်အလတ် သတ္တမအဆင့်၊ ရှုကျိုး၏ ရည်မှန်းချက် ၂

“ တကယ်လို့ ငါတို့က အဲ့လိုလူမျိုးနဲ့ မိတ်ဖွဲ့နိုင်မယ်ဆိုရင်၊ လျူမိသားစုက စည်းစိမ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဘာကိစ္စ တွေးပူနေရမှာလဲ “

လျူတျန်ရှန်သည် ရှုကျိုးထွက်သွားရာ ဦးတည်ချက်ကို ကြည့်ကာ၊ သက်ပြင်းချနေတော့သည် “ တကယ်လို့ သူကသာ မကျေနပ်ချက်တွေကို လက်လွှတ်လိုက်မယ်ဆိုရင်၊ အဲ့တာက လျူမိသားစုအတွက် အကောင်းဆုံး ရလဒ်ပဲ “

…

ရှုကျိုးကမူ ထိုကိစ္စများကို မသိဘဲ လျူမိသားစုထံမှ လျူပေ့ချန်၊ လျူပင်းအန်နှင့် တစ်ခြားလူများနှင့်အတူ ထွက်ခွာလာခဲ့ပြီးပြီဖြစ်သည်။

လျူချင်းယွမ်သည် အလောတကြီး ချဥ်းကပ်လာခဲ့သည်။

“ ရှုကျိုး၊ မင်းက ဘယ်အချိန်ကတည်းက ပကတိ အထွတ်အထိပ် ပညာရှင်ရဲ့ တပည့်ဖြစ်သွားရတာလဲ “

လျူချင်းယွမ်မှာလည်း လျူမိသားစုအတွင်းရှိ ကိစ္စများကို အာရုံစိုက်နေခဲ့ပြီး၊ ထိုအကြောင်းကို သိလိုက်ရသောအခါတွင် သူသည်လည်း အတော်လေး အံ့ဩတုန်လှုပ်သွားခဲ့သည်။

ရှုကျိုးမှ ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ ကျွန်တော့်ရဲ့ စွမ်းရည်နဲ့ဆိုရင် ပကတိ အထွတ်အထိပ် ပညာရှင်ရဲ့ တပည့်ဖြစ်လာဖို့ဆိုတာက မခက်ခဲဘူးလေ၊ ဟုတ်တယ်ဟုတ် “

“ မင်း၊ ကောင်စုတ်လေး “

လျူချင်းယွမ်သည် ရယ်ရယ်မောမောဖြင့် ကျိန်ဆဲလာခဲ့သည်၊ မည်သို့မျှ ပြန်လည်မတုံ့ပြန်နိုင်ခဲ့ပေ။

တစ်နှစ်မပြည့်ခင် အချိန်မှာပင် ပထမအဆင့်မှ သတ္တမအဆင့်အထိ တက်လှမ်းလာနိုင်ခဲ့သည့် ထိုကဲ့သို့သော စွမ်းရည်မျိုးမှာ အမှန်ပင် ထူးခြားလွန်းနေခဲ့သည်။

လျူချင်းယွမ်သည် တအံ့တဩဖြစ်နေသော အမူးအရာဖြင့် လျူပေ့ချန်နှင့် တစ်ခြားလူများကို ကြည့်နေတော့သည် “ မင်းက လျူမိသားစုထဲမှာ ငါးကြီးတော်တော်များများ ဖမ်းမိခဲ့လိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ လုပ်တာကောင်းတယ် “

လျူပေ့ချန်နှင့် တစ်ခြားလူများသည် ထိုစကားကို ကြားလိုက်ရသောအခါတွင် အတော်လေး မကျေမနပ်ဖြစ်သွားကြသည်၊ ငါးကြီးလို့ ဘယ်သူ့ကို ခေါ်နေတာလဲဟ

ကံဆိုးစွာဖြင့် သူတို့သည် ဖမ်းဆီးမှု ဝရန်း၏ ချုပ်နှောင်ခြင်းကို ခံထားကြရသည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူတို့သည် ယခုတွင် လျူချင်းယွမ်နှင့် စကားစစ်ထိုးနေလောက်ပြီ ဖြစ်သည်။

ရှုကျိုးမှ ပြန်ပြောလာခဲ့သည် “ အစကတော့ ဒီလူတွေကို စစ်ဌာနဆီ အရင်ပို့ပြီးတော့မှ၊ တစ်ခြားမိသားစုကြီးတွေဆီ သွားမလို့ပဲ “

လျူချင်းယွမ်သည် တစ်ခဏခန့် မှင်သက်သွားခဲ့ပြီးမှ စကားထပ်ပြောလာခဲ့သည် “ မင်းက အတွင်းမြို့တော်က မိသားစုကြီး အကုန်လုံးကို ရှင်းထုတ်ဖို့ ပြင်နေတာတော့ မဟုတ်ဘူးမလား “

“ သူတို့တွေက မြို့ထဲမှ ဇိမ်ခံနေတဲ့ အချိန်မှာ ကျွန်တော်တို့ စစ်သည်တော်တွေကတော့ သွေးတွေ အသက်တွေကို စတေးနေရတယ်၊ အဲ့လိုဖြစ်ခွင့်ပေးလို့ မဖြစ်ဘူး “

ရှုကျိုး၏ မျက်လုံးများထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက်တွင် သူသည် လျူချင်းယွမ်ကို ကြည့်လာခဲ့သည် “ ဆရာ၊ စိတ်ချထားလို့ ရပါတယ်၊ လာမဲ့ အခြေအနေတွေကတော့ ပိုပြီးတော့ ချောချောမွေ့မွေ့ ဖြစ်နေသင့်ပါပြီ “

…

ရှုကျိုးမှန်းဆထားခဲ့သည့်အတိုင်းပဲ သူ၏လုပ်ငန်းစဥ်မှာ အလွန်တရာ ချောမွေ့လွယ်ကူနေခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် လျူမိသားစုတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များက ရန်ပြည်ထောင်အနှံ့ ပျံ့နှံ့ရောက်ရှိသွားသောကြောင့် ဖြစ်သည်။

ရန်ပြည်ထောင်၏ ပြည်နယ်ဆယ့်နှစ်ခုလုံးမှ အဓိက မိသားစုကြီး အကုန်လုံးသည် ထိုအကြောင်းကို ကြားသိထားကြသည်။

ထို့ကြောင့် ရှုကျိုးကိ ထိုမိသားစုများဆီသို့ သွားလည်ခဲ့သည့် အချိန်တွင် မိသားစုခေါင်းဆောင် အများစုသည် သူ့ကိုကြိုဆိုရန်အတွက် လူကိုယ်တိုင် ထွက်လာခဲ့ကြသည်။

သူတို့သည် သူ၏ စုံစမ်းစစ်ဆေးရေးကိုပင် အပြည့်အဝ ပါဝင်အားဖြည့်ပေးခဲ့ကြသည်‌။

မည်သူကမှ ပကတိ အထွတ်အထိပ် ပညာရှင်တစ်ဦး၏ တပည့်ကို မစော်ကားလိုကြပေ။

ထို့အပြင် ရှုကျိုးကိုယ်တိုင်ကပင် ရန်သူများကို အများနှင့်တစ်ယောက်အဖြစ် တစ်ကိုယ်တော်တိုက်ခိုက်ခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော သတ္တမအဆင့် ပညာရှင်တစ်ဦး ဖြစ်နေခဲ့သည်။

နောက်ဆက်တွဲ ခရီးစဥ်သည် သူ့အတွက် အံ့ဖွယ်ကောင်းလောက်အောင် ချောမွေ့နေခဲ့သည်။

သို့သော် မိုက်မဲစွာ ခုခံခဲ့သည့် မိသားစုတစ်ချို့လည်း ရှိနေသေးသည်။

ရှုကျိုးသည် သူတို့အပေါ်တွင် သနားညှာတာခြင်း မရှိဘဲ၊ အာဏာနှင့် စွမ်းအားနှစ်ခုစလုံးကို အသုံးပြုကာ သူတို့မိသားစုတစ်ခုလုံးကို စစ်မြေပြင်သို့ ပို့လိုက်သည်။

ဤကာလအတွင်းတွင် ရှုကျိုးသည် အဆိုပါ အတွင်းမြို့တော်၏ မိသားစုကြီးများထံမှ အလယ်အလတ်အဆင့် ကျင့်ကြံရေး အရင်းအမြစ်များစွာ သိမ်းဆည်နိုင်ခဲ့သည်။

သတ္တမအဆင့် ကျင့်ကြံရေး အရင်းအမြစ် အနည်းငယ်ပင် ရှိနေခဲ့သည်။

ရှုကျိုးကိုယ်တိုင်ကပင် အတွင်းမြို့တော်မှ မိသားစုကြီးများ၏ နှစ်ပေါင်းရာနှင့်ချီသော ရှာဖွေစုဆောင်းမှုများကြောင့် မအံ့ဩဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။

သူသည် ထိုအရင်းအမြစ်အကုန်လုံးကို စစ်ဌာနနှင့် အစစ်အမှန် သိုင်းပညာဌာန၏ သိုင်းပညာရှင်များအတွက် ခွဲဝေပေးအပ်လိုက်သည်။

လူတန်းစား ခွဲခြားမှုကို ဖြိုခွင်းခြင်း၊ အရင်းအမြစ်များကို ဖြန့်ဝေခြင်းဖြင့် ကမ္ဘာကြီးပေါ်တွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။

ဤအဆင့်၌ ရှုကျိုး၏ အတွင်းမြို့တော် ခရီးစဥ်မှာ အမှန်တကယ် ပြီးမြောက်သွားပြီဟု သတ်မှတ်နိုင်ပေသည်။

…

ငါးရက်အကြာတွင်

ရှုကျိုးသည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ရှုကျိုး ပြန်ရောက်လာသည်ကို သိလိုက်ရသောအခါတွင် ရှန့်ဝမ်ချန်းနှင့် ဝုချင်းရှန်တို့သည် သူ့ကို ချက်ချင်း လာရှာခဲ့ကာ ဟောပြောပွဲအကြောင်းကို မေးမြန်းလာခဲ့သည်။

“ ဟောပြောပွဲလား။ ဘာဟောပြောပွဲလဲ “

ရှုကျိုးသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ရှန့်ဝမ်ချန်းမှ ပြောပြာလာခဲ့သည် “ အထူးသွေးကြောမှတ်တွေ အကြောင်းလေ၊ မင်းမေ့သွားပြီလား “

ရှုကျိုးသည် ရုတ်တရက် နားလည်သွားခဲ့သည်၊ သူသည် အတွင်းမြို့တော် သန့်စင်ခြင်း ကိစ္စများနှင့် အလုပ်များနေခဲ့သောကြောင့် ထိုကိစ္စကို မေ့သွားခဲ့သည်။

“ နားလည်ပါပြီ၊ အခုသွားလို့ရပါတယ် “ ဟုရှုကျိုးမှ ပြန်ပြောလာခဲ့သည်။

ဝုချင်းရှန်မှ မေးမြန်းလာခဲ့သည် “ တစ်ခုခု ပြင်ဆင်ဖို့ လိုသေးလား။ လူသားပုံစံ ပစ္စည်းလိုဟာမျိုးပေါ့ “

ရှုကျိုးမှ ခေါင်းခါပြလိုက်သည် ” အဲ့လောက်ကြီးအထိ ပြဿနာမများပါဘူးဗျာ။ ကျွန်တော်က သဘောတရားကို မိတ်ဆက်ပေးပြီးတော့ အထူးသွေးကြောမှတ်တွေရဲ့ နေရာတွေကို ပြောပြပေးမှာပါ။ သူတို့က သူတို့ကိုယ်တိုင် စူးစမ်းလေ့လာလို့ရပါတယ် “

“ အဆင့်၂ကို ရောက်နေပြီဆိုရင်တောင်မှ အထူးသွေးကြောမှတ်ကို ဖွင့်လို့ရတာကြောင့် တစ်သီးတစ်သန့် ပြန်လေ့ကျင့်နေစရာ မလိုပါဘူး “

ရှုကျိုးမှ ပြောပြလိုက်သည်။

ရှန့်ဝမ်ချန်းနှင့် ဝုချင်းရှန်တို့သည် ဟောပြောပွဲအတွက် ပြင်ဆင်ရန် ချက်ချင်း ထွက်ခွာသွားတော့သည်။

တစ်ခဏ အကြာတွင် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်တွင် ကျန်နေခဲ့သည့် အရေအတွက် နှစ်ရာကျော်သော ဆရာ၊ ဆရာမနှင့် ကျောင်းသူကျောင်းသားတို့မှာ ခန်းမအတွင်းသို့ စုစည်းရောက်ရှိလာခဲ့သည်။

ထိုလူများအနက် ရှုကျိုးသည် ရင်းနှီးသော မျက်နှာတော်တော်များများကို မြင်တွေ့လိုက်ရသည်။

လျူယောင်တုန်၊ ကျန်းချွမ်၊ လင်းရွှယ်၊ ကျန်းလန်နှင့် တစ်ခြားလူများပင် ဖြစ်သည်။

သို့ရာတွင် အများစုသည် ဒုတိယအဆင့်တွင်သာ ရှိနေစဲဖြစ်ပြီး၊ တတိယအဆင့်သို့ မရောက်ရှိကြသေးသောကြောင့် ကွမ်ဟန်သို့သွားကာ စစ်မှုမထမ်းခဲ့ရပေ။

ယခုတွင် အချိန်များစွာ ကုန်ဆုံးသွားခဲ့ပြီး၊ အခြေအနေများမှာလည်း ကြီးကြီးမားမား ပြောင်းလဲသွားခဲ့ပြီ ဖြစ်သောကြောင့်၊ ရှုကျိုးကို ကြည့်နေသည့် သူတို့၏ အကြည့်များထဲတွင် စိတ်ခံစားချက်များ ရောပြွန်းနေသည့် အရိပ်အငွေ့များ စွန်းထင်းနေလျက်ရှိသည်။

ရှုကျိုးက အတွင်းမြို့တော်ကို သန့်စင်လိုက်သည့် သတင်းသည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်အနှံ့ပျံ့နှံ့နေခဲ့ပြီ ဖြစ်ပြီး၊ ၎င်းသည် လူတော်တော်များများကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။

“ အားလုံးတိတ်ကြ “

လူတိုင်း ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ဝုချင်းရှန်မှ စကားစပြောလာခဲ့သည် “ ဒီနေ့မှာတော့ လမ်းကြောင်း အသစ်ကို စမ်းသပ်ဖို့အတွက် မင်းတို့အားလုံးကို လူစုလိုက်ရတာပဲ “

“ အသေးစိတ် အချက်အလက်တွေကိုတော့ ရှုကျိုးက ရှင်းပြပေးလိမ့်မယ် “

တစ်ခဏ အကြာတွင် ရှုကျိုးသည် စတင်ပေါ်သို့ တက်လာခဲ့ကာ လမ်းကြောင်းအသစ်အကြောင်းကို စတင်၍ မိတ်ဆက်ပေးနေတော့သည်။

နာရီဝက်အကြာတွင်

ခန်းမအတွင်းရှိ ဆရာ၊ဆရာမနှင့် ကျောင်းသူကျောင်းသား အားလုံး အံ့ဩတုန်လှုပ်သွားကြသည်။

အထူးသွေးကြောမှတ် အယူအဆမှာ အလွန်တရာ ထူးခြားလွန်းနေခဲ့သည်။

နတ်စွမ်းရည်ကို ပထမအဆင့်တွင် ကျင့်ကြံရန်မှာ အံ့ဖွယ်ကောင်းသည့် လမ်းကြောင်းဖြစ်ပေသည်။

၎င်းသည် သံသယများကို မွေးဖွားပေးခဲ့သည်။

သို့သော် ရှုကျိုးကိုယ်တိုင်က ထိုလမ်းကြောင်းကို လျှောက်ခဲ့သည်ဟု သိလိုက်ရသောအခါတွင် လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ထို့အပြင် လူတော်တော်များများ၏ မျက်နှာပေါ်တွင် တောင့်တမှု အရိပ်အငွေ့များပင် ဖြစ်တည်လာခဲ့သည်။

၎င်းမှာ ဦးဆောင်သူ၏ လွှမ်းမိုးမှုဖြစ်သည်၊ ခေါင်းဆောင်ဖြစ်သူ၏ စွမ်းအားကို ကိုယ်တိုင် မြင်တွေ့ထားရသောအခါတွင်၊ သူလျှောက်လှမ်းနေသည့် လမ်းကြောင်းမှာလည်း သေချာပေါက် အသိအမှတ်ပြုခံရလိမ့်မည် ဖြစ်သည်။

…

အဆိုပါ ဟောပြောပွဲသည် ရှုကျိုးအတွက် သေးငယ်သော ကြိုးစားအားထုတ်မှုလေးတစ်ခုသာ ဖြစ်နေခဲ့သည်။

သို့သော် အစစ်အမှန် သိုင်းပညာဌာန တစ်ခုလုံးနှင့် ကြယ်ပြာဂြိုဟ်၏ ကျင့်ကြံရေးစနစ်တစ်ခုလုံးအတွက်မူ ၎င်းသည် ကြီးမားသော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်လာစေမည် ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ရှုကျိုးရှင်းပြခဲ့သည့် လမ်းကြောင်းမှာ မူလအစစ်အမှန် သိုင်းပညာဌာနကို လုံးဝအစားထိုးလိုက်ပြီး၊ ကြယ်ပြာဂြိုဟ်အတွက် အနာဂတ်အသစ်တစ်ခုကို ဖောက်လုပ်ပေးခဲ့သောကြောင့် ဖြစ်သည်။

ဟောပြောပွဲပြီးဆုံးသွားသည့်နောက်၌ ရှုကျိုးသည် ဤနေရာတွင် ကြာကြာဆက်မနေတော့ဘဲ သူ၏စံအိမ်ဆီသို့သာ ခပ်သုတ်သုတ် ပြန်သွားခဲ့သည်။

သို့ရာတွင် ဝုချင်းရှန်သည် ကျောင်းတွင် ကျန်ရှိနေသည့် ပညာရှင်များကို စုစည်းကာ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။

ဝုချင်းရှန်သည် စားပွဲခုံ၏ ခေါင်နေရာတွင် ထိုင်နေခဲ့ကာ လေးလေးနက်နက် စကားပြောလာခဲ့သည် “ အခုကစပြီးတော့ မင်းက ကွမ်ဟန်တက္ကသိုလ်ကို ယာယီကိုင်တွယ်ရလိမ့်မယ်။ ငါက တောင်ပိုင်းစစ်မြေပြင်ကို ခရီးထွက်ရမှာ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှန့်ဝမ်ချန်းအပါအဝင် ဤနေရာတွင် ရှိနေသည့် လူတိုင်းမှာ အံ့ဩတုန်လှုပ်သွားကြသည်။

“ အဘိုးကြီးဝု၊ မင်းက ကွမ်ဟန်တက္ကသိုလ်ရဲ့ ကျောင်းအုပ်လေ၊ ဘာလို့ မင်းကပါ ကွမ်ဟန်စစ်မြေပြင်ကို သွားဖို့လိုအပ်လာရတာလဲ “

တစ်စုံတစ်ဦးသည် စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလာခဲ့သည်။

ဝုချင်းရှန်သည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ ကျောင်းအုပ်ဖြစ်ပြီး၊ အဌမအဆင့် အထွတ်အထိပ် ကျင့်ကြံရေးအဆင့်ကို ပိုင်ဆိုင်ထားခဲ့သည်။ သူသည် ကြယ်ပြာဂြိုဟ်ကို စောင့်ကြပ်ရန်နှင့် အရေးပေါ် အခြေအနေများကို ကာကွယ်ရန်အတွက် ကျောင်းတွင် နေနေခဲ့ရခြင်းဖြစ်သည်။

သို့သော် ယခုတွင်ကား ဝုချင်းရှန်ကပါ ကွမ်ဟန်သို့ သွားရတော့မည့်ပုံပင်။

အခြေအနေက အဲ့လောက်တောင် ဆိုးနေပြီလားဟ

ဝုချင်းရှန်ကမူ စကားများများစားစား မပြောခဲ့ဘဲ၊ တာဝန်အမျိုးမျိုးကို ခွဲဝေပေးအပ်ခဲ့ပြီးသည့်နောက်တွင် အစည်းအဝေးကို ရပ်တန့်လိုက်သည်။

အစည်းအဝေးပြီးသွားခဲ့သည့်နောက်တွင် ရှန့်ဝမ်ချန်းသည် ဝုချင်းရှန်နှင့် တိုက်ရိုက်စကားပြောရန်အတွက် ကျန်နေခဲ့သည် “ အဘိုးကြီးဝု၊ ဘာတွေ ဖြစ်ခဲ့လို့လဲ။ တောင်ပိုင်းစစ်မြေပြင်မှာ အပြောင်းအလဲတစ်ခုခု ဖြစ်လာလို့လား “

သူသည် အမှောင်နယ်မြေလမ်းကြောင်း အကြောင်းကိုသိသည့် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ရှိ လူနည်းစုအနက်မှ လူတစ်ဦးဖြစ်သည်။

နှစ်ဝက်အကြာတွင် အမှောင်နယ်မြေလမ်းကြောင်း ဆင်းသက်လာတော့မည်ဆိုသည့် ကိစ္စကို တင်းတင်းကြပ်ကြပ် သတင်းအမှောင်ချထားခဲ့ပြီး၊ စူပါမိသားစုကြီးတစ်ချို့ကပင် ထိုအကြောင်းကို မသိကြပေ။

စစ်ဌာနသည် အထိတ်တလန့်ဖြစ်ကာ၊ ပြည်တွင်းရေး ရှုပ်ထွေးလာမည်ကို ကာကွယ်ရန်အတွက် ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဝုချင်းရှန်သည် သက်ပြင်းချ၍ ပြန်ပြောလာခဲ့သည် “ အဆင့်၈ အထွတ်အထိပ်က ပညာရှင်အကုန်လုံးက တောင်ပိုင်းစစ်မြေပြင်ကို သွားပြီးတော့ အစီအရင်တွေ ဖျက်စီးတဲ့နေရာမှာ အဲ့ဒီ အဆင့်၉ ပညာရှင်တွေကို ကူညီရမယ်လို့ စစ်ဌာနက ပြောလာခဲ့တယ် “

“ တကယ်တော့ တောင်ပိုင်းစစ်မြေပြင်မှာ အပြောင်းအလဲတစ်ခု ပေါ်လာတာ သေချာတယ်။ အမှောင်နယ်မြေရဲ့ ပညာရှင်တစ်ချို့က အစီအရင် ဖျက်စီးနေတဲ့ အဆင့်၉ ပညာရှင်တွေကို လာနှောင့်ယှက်တာ ဖြစ်နိုင်တယ်လို့ ငါသံသယဖြစ်နေတယ် “

ရှန့်ဝမ်ချန်း၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

အကယ်၍ ထိုအတိုင်းသာ ဖြစ်နေမည်ဆိုပါက၊ သူတို့အတွက် ကျန်ရှိနေသည့်အချိန်မှာ ပိုမိုလျော့နည်းလာမည် ဖြစ်သည်။

ဝုချင်းရှန်မှ စကားထပ်ပြောလာခဲ့သည် “ အခုလက်ရှိအချိန်အတွက်တော့ ငါတို့က ငါတို့လမ်းမှာ ရှိနေတဲ့ဟာတွေကို ပိတ်ဆို့ထားနိုင်တယ်။ ကံကောင်းတာက ကွမ်ဟန်တောင်ပိုင်းနယ်မြေက ငါတို့ရဲ့ ပိုင်နက်ဖြစ်နေသေးတာပဲ၊ ငါတို့က အခြေအနေတွေကို ဆိုးရွားခွင့်ပေးလို့မဖြစ်ဘူး “

ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်ပြလိုက်သည်၊ သို့သော် သူ၏စိတ်ထဲတွင်မူ အလွန်တရာ စိုးရိမ်ပူပန်နေခဲ့သည်။

သူသည် ရှုကျိုးရှိရာဘက်သို့ ငေးကြည့်ကာ သက်ပြင်းချနေတော့သည် “ အခုဆိုရင် အဲ့ကလေး ပကတိ အထွတ်အထိပ်အဆင့်ကို မြန်မြန်ရောက်သွားပါစေလို့ ဆုတောင်းရုံပဲ တတ်နိုင်တော့တယ်။ အဲ့ဒီအချိန်ကျရင် ငါက နောင်တမရှိပဲ သေလို့ရပြီ “

…

စံအိမ်အတွင်း၌

ရှုကျိုးသည် တင်ပျဥ်ခွေထိုင်ကာ၊ သူ၏ခရမ်းရောင် နန်းတော်ကို ကြည့်ရှုစစ်ဆေးနေခဲ့သည်။

ခရမ်းရောင် နန်းတော်အတွင်း၌ ရွှေရောင် ရှေးဦး ဝိညာဥ်သည် ခရမ်းရောင် နန်းတော်စွမ်းအင်ကို အဆက်မပြတ် စုပ်ယူနေလျက်ရှိသည်။

ဤအခိုက်အတန့်၌ ရှေးဦးဝိညာဥ်ပေါ်တွင် ရှုပ်ထွေးကာ နက်နဲသော တာအို ပုံစံကွက်နှစ်ခု ပေါ်နေခဲ့ပြီ ဖြစ်သည်။

“ တာအိုပုံစံကွက်နှစ်ခု ………. အလယ်အလတ် အဆင့်၇ကို ရောက်ဖို့အတွက် တစ်ခုပဲ လိုတော့တယ် “

ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။

သတ္တမအဆင့် ပညာရှင်များသည် အဆင့်သေးတစ်ခု တိုးတက်ရန်အတွက် တာအိုပုံစံကွက် သုံးခုကို ဖွဲ့စည်းရသည်။

တာအိုပုံစံကွက် ကိုးခု ရရှိသည်နှင့်တစ်ပြိုင်နက် သတ္တမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားကာ၊ အဌမအဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းနိုင်မည် ဖြစ်သည်။

တာအိုပုံစံကွက် တစ်ခု ဖွဲ့စည်းရန်အတွက် ခရမ်းရောင် နန်းတော်၏ စွမ်းအင်ပမာဏကို ကြီးကြီးမားမား လိုအပ်ပြီး၊ သာမန် သတ္တမအဆင့် ပညာရှင်များအတွက်မူ တာအိုပုံစံကွက်တစ်ခု ရရှိအောင် ကျင့်ကြံရန်အတွက် နှစ်ပေါင်းများစွာ (သို့) ဆယ်စုနှစ်နှင့်ချီ၍ အချိန်ယူရမည် ဖြစ်သည်။

သို့သော် ရှုကျိုးကမူ ရက်ပိုင်းအတွင်းမှာပင် နှစ်ခုတိတိ ကျင့်ကြံနိုင်ခဲ့သည်။

ကိုယ်ပွား၏ ထောက်ပံ့မှု မရှိဘူးဆိုပါက သူသည် ထိုကဲ့သို့ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။

“ ဒီနှုန်းအတိုင်းဆိုရင်၊ တစ်လမပြည့်ခင် အချိန်မှာပဲ အဆင့်၇ အထွတ်အထိပ်ကို ရောက်သွားပြီးတော့ အဆင့်၈ကို တက်ဖို့အတွက် ကြိုးစားနိုင်သင့်တယ် “

ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။ အမှောင်နယ်မြေ ဆင်းသက်လာမည့် အချိန်မှာ ပိုမိုနီးကပ်လာခဲ့ပြီဖြစ်ပြီး၊ သူ၏အလျင်စလို ဖြစ်နေသည့် ခံစားချက်မှာလည်း ပိုမိုပြင်းထန်လာခဲ့ပြီ ဖြစ်သည်။

သူသည် ဤလာမည့်လပိုင်းအတွင်းတွင် နဝမအဆင့်(သို့) ပကတိ အထွတ်အထိပ်သို့ ရောက်ရှိအောင် အပတ်တကုတ် ကြိုးစားရမည် ဖြစ်သည်။

ထိုနယ်ပယ် အတွက်ကမူ ………. ကံတရားအပေါ်တွင်သာ မူတည်နေခဲ့သည်။

………………………………………………………………………………………………………………………………………

အပိုင်း ( 585 )

ကိုယ်ပွားအယောက် ငါးရာ၊ နိုးထလော့

မူလကိုယ်နှင့် ကိုယ်ပွားနှစ်ခုစလုံးမှာ အမြင့်ပိုင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး၊ အမြင့်ပိုင်းအဆင့်များနှင့် ပတ်သက်သည့် ရှုကျိုး၏ နားလည်မှုမှာလည်း သိသိသာသာ နက်ရှိုင်းလာခဲ့သည်။

သီအိုရီပိုင်းဆိုင်ရာ နားလည်မှုတစ်ခုသာလျှင် မဟုတ်တော့ဘဲ၊ အမြင့်ပိုင်းအဆင့်တွင် ဖွံ့ဖြိုးတိုးတက်အောင် မည်ကဲ့သို့ ကျင့်ကြံရမလဲဆိုသည်နှင့် မည်ကဲ့သို့ အဆင့်ထိုးဖောက်ရမလဲဆိုသည်တို့ကို အမှန်တကယ် နားလည်သွားခဲ့ပြီ ဖြစ်သည်။

“ သိုင်းပညာရှင်ရဲ့ လမ်းကြောင်းက ရေစီးကြောင်းကို ဆန့်ကျင်ပြီးတော့ လှေလှော်နေရတာပဲ၊ ရှေ့ဆက်သွားမလား ဒါမှမဟုတ် နောက်မှာကျန်နေခဲ့မလား ဒီနှစ်ခုပဲ ရှိတယ် “

“ သိုင်းပညာရှင်တစ်ယောက်က အဆင့်၇ကို ရောက်လာတဲ့အချိန်ကျရင်၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ခရမ်းရောင် နန်းတော်ကို ဖွင့်ရတယ်၊ အဲ့ထဲမှာက မူလချီနဲ့ စိတ်စွမ်းအင်တွေ ပြည့်နှက်နေတာ။ ရှေးဦး ဝိညာဥ်ကို ခရမ်းရောင် နန်းတော်ဆီကို ပို့လိုက်ပြီးတော့၊ ကောင်းကင်ဘုံရဲ့ အံ့ဖွယ်တွေနဲ့ ချိတ်ဆက်ပြီး၊ ဖန်ဆင်းခြင်းရဲ့ အံ့ဖွယ်တွေကို လေ့လာရတယ် “

“ အဆင့်၈ကို တက်တဲ့အချိန်ကျရင်တော့ ခရမ်းရောင် နန်းတော်ရဲ့ စွမ်းအားတွေကို အပြင်ထုတ်ပြီးတော့၊ အထူးနယ်မြေတစ်ခု ဖွဲ့စည်းရတယ် “

“ အဆင့်၈ကို ရောက်လာတဲ့ လူတွေက ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်ပြီးတော့ လှုပ်ရှားမှုတိုင်းမှာ ထည့်သုံးနိုင်ကြတယ်၊ ကျန်းတစ်ထောင်အမြင့်ရှိတဲ့ ဓမ္မပုံရိပ်ကိုတောင် ဖွဲ့စည်းနိုင်ကြတယ်၊ အဲ့တာက ခမ်းနားတဲ့ အရှိန်အဝါနဲ့ ကောင်းကင်ဘုံ နတ်ဘုရားတစ်ပါးက ကောင်းကင်ပေါ်က ဆင်းသက်လာသလိုမျိုး၊ လူတွေကို ကြောက်လန့်သွားစေတယ်၊ အဲ့တာကြောင့်ပဲ ကောင်းကင်ဘုံ နတ်ဘုရား ဓမ္မပုံရိပ်လို့ခေါ်ကြတာ “

အဌမအဆင့်သို့ ရောက်ရှိလာသည့် အချိန်တွင် ကျင့်ကြံရေးလမ်းကြောင်းသည် ပိုမိုရှုပ်ထွေးကာ များပြားလာခဲ့ပြီး၊ သိုင်းပညာရပ်တို့မှာလည်း ပိုမိုနက်နဲ၍ စိန်ခေါ်မှုများကာ နားလည်ရခက်ခဲလာခဲ့သည်။

“ အဆင့်၉ကတော့ နတ်စွမ်းအား ပါဝင်တဲ့ နယ်ပယ်တစ်ခုပဲ၊ အဲ့နယ်ပယ်က ကြယ်ဖျက်ဆီးမှုအဆင့် တိုက်ခိုက်ရေး စွမ်းအားကိုတောင် ပိုင်ဆိုင်ထားတယ် “

ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ အဆင့်၉ကို ရောက်ဖို့အတွက် လူတစ်ယောက်က တာအိုရဲ့ မူလဇစ်မြစ်နိယာမကို နားလည်ပြီး၊ အဲ့တာရဲ့ နက်နဲတဲ့ အမှန်တရားကို လုံးဝကျွမ်းကျင်ပိုင်နိုင်နေပြီးတော့ တာအိုကို ကိုယ့်ရဲ့ကျင့်ကြံရေးအတွက် အသုံးပြုနိုင်ရမယ် “

“ အဆင့်၉ ပညာရှင်တစ်ယောက်ရဲ့ ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်က ကျန်းတစ်သောင်းအမြင့်အထိ ရောက်နိုင်ပြီးတော့၊ ကောင်းကင်ဘုံကိုပါ ထိုးဖောက်တယ်၊ အဆင့်၉ အထွတ်အထိပ် ပညာရှင်ကတော့ ဂြိုဟ်ငယ်တစ်ခုလို ကျန်းတစ်သိန်းအမြင့်အထိ ရောက်နိုင်တယ် “

( ၁ကျန်းမှာ ၃.၃မီတာ ရှိပါတယ်၊ ကျန်းတစ်သောင်းဆို မီတာ ၃သောင်းကျော်ပါ )

“ တကယ်လို့ အဆင့်၉အထွတ်အထိပ်ကို ကျော်ပြီးတော့ ခြေတစ်လှမ်း ထပ်လှမ်းနိုင်ခဲ့ပြီး၊ တာအိုမူလနိယာမကို ချိုးဖျက်နိုင်မယ်ဆိုရင် ပကတိ အထွတ်အထိပ်အဆင့်ကို ရောက်နိုင်တယ် “

“ အဲ့ဒီအဆင့်က တော်တော်လေး အန္တရာယ်များတယ်၊ ပြီးပြည့်စုံဖို့အတွက် မပြည့်စုံတဲ့တာအိုကို ပြင်ဆင်ဖို့ လိုအပ်တယ် “

မည်သည့်အတွက်ကြောင့် ပျက်စီးနေသည့် တာအိုကို ပြုပြင်ရသနည်း

အဘယ့်ကြောင့်ဆိုသော် တာအိုနိယာမက မပြည့်စုံသောကြောင့် ဖြစ်သည်။

မီးတာအိုသော်လည်းကောင်း၊ ရေတာအိုသော်လည်းကောင်း၊ တစ်ခြားသော တာအိုများသော်လည်းကောင်း၊ အရာအားလုံးမှာ မပြည့်မစုံ ဖြစ်နေခဲ့သည်။

နဝမအဆင့် အထွတ်အထိပ်မှ ပကတိ အထွတ်အထိပ်အဆင့်သို့ တက်လှမ်းရန်အတွက် ပြီးပြည့်စုံသည့် တာအိုနိယာမတစ်ခုကို ဖမ်းဆုပ်နားလည်နိုင်ရမည် ဖြစ်သည်။

ပြီးပြည့်စုံသည့် တာအိုကို ကျွမ်းကျင်ခြင်းနှင့် မစုံမလင် ဖြစ်နေသည့် တာအိုကို ကျွမ်းကျင်ခြင်းတို့ကြားရှိ ကွာဟချက်မှာ အလွန်ကြီးမားနေခဲ့သည်။

ပကတိ အထွတ်အထိပ် ပညာရှင်များအတွက်မူ နဝမအဆင့် အထွတ်အထိပ် ပညာရှင်ဆိုသည်မှာ ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်နေခဲ့သည်။

၎င်းမှာ ကျောက်ဆောင်ကို ကြက်ဥနှင့် ပေါက်နေသည့်အလား ဖြစ်နေခဲ့သည်။

“ ပကတိ အထွတ်အထိပ် ပညာရှင်က ကမ္ဘာနှစ်ခုကို ကျော်ဖြတ်ပြီးတော့ သူ့ရဲ့ပူံရိပ်ကို ချပြဖော်ထုတ်နိုင်တယ် ”

ယခင်က ၃၈မျဥ်းပြိုင်တွင် ရှိနေခဲ့သည့် အချိန်ကကဲ့သို့ပင်၊ မြေအောက်လောကဘုရင်၊ မျက်လုံးသုံးလုံးဘုရင်၊ မင်ကျိနှင့် ကမ္ဘာ့ကြယ်၏ ပကတိ အထွတ်အထိပ် ပညာရှင်များသည် သူတို့၏ ပုံရိပ်များကို ချပြခဲ့ကြသည်။ ၎င်းမှာ ပကတိ အထွတ်အထိပ်နယ်ပယ်၏ ထူးခြားသော စွမ်းအားတစ်ခု ဖြစ်သည်။

သို့သော် ၎င်းမှာ ပကတိ အထွတ်အထိပ် ပညာရှင်က နယ်မြေဖိနှိပ်မှုကို ရှောင်ရှားနိုင်သည်ဟု မဆိုလိုပေ။

ဆန့်ကျင်ဘက်အနေဖြင့် ပကတိ အထွတ်အထိပ် ပညာရှင်အပေါ်သို့ ကျရောက်လာမည့် ဖိနှိပ်မှုမှာ ပို၍ပင် အားကောင်းနေမည် ဖြစ်သည်။

“ ပကတိ အထွတ်အထိပ်အထက်က နယ်ပယ်အတွက်ကတော့ ……… ပိုပြီးတော့တောင် ထူးဆန်းနေသေးတယ် “

ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိသည် “ အဲ့နယ်ပယ်ကို ရောက်ဖို့အတွက် လူတစ်ယောက် ဒီကမ္ဘာကြီးရဲ့ တာအိုနိယာမ အကုန်လုံးကို ကျွမ်းကျင်ဖို့နဲ့ အဲ့တာတွေ အကုန်လုံးက ပြီးပြည့်စုံနေဖို့ လိုအပ်တယ် “

၎င်းကို ကြည့်ခြင်းအားဖြင့် အန္တိမနယ်ပယ်သို့ ရောက်ရှိရန်မှာ မည်မျှ ခက်ခဲလဲဆိုသည်ကို သိနိုင်ပေသည်။

ရှုကျိုးအတွက်ပင် ၎င်းက အတော်လေး ခက်ခဲနေခဲ့သည်။

“ ဒါပင်မဲ့ ငါ့ကိုယ်ပွားက တာအို အရှင်သခင် စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်၊ သူ့ရဲ့ စွမ်းအားက ပိုပြီးတော့ အားကောင်းလာတာနဲ့၊ သူ့ရဲ့ တာအိုနားလည်မှုကလည်း ပိုပြီးတော့ နက်ရှိုင်းလာမှာပဲ “

“ တကယ်တော့ အဲ့နယ်ပယ်ကို ရောက်သွားနိုင်မဲ့ ငါ့ရဲ့ အခွင့်အလမ်းက ငါထင်ထားတာထပ်တောင် ပိုမြင့်နေနိုင်တယ် “

ရှုကျိုးသည် စိတ်ထဲတွင် အတော်လေး မျှော်လင့်နေမိတော့သည်။

သူ့အတွက် ကိုယ်ပွားက အဆင့်အရင် တက်သွားခြင်းနှင့် မူလကိုယ်က အရင် အဆင့်တက်သွားခြင်းမှာ မည်သို့မျှ ကွဲပြားမနေခဲ့ဘဲ ထပ်တူထပ်မျှသာ ဖြစ်နေခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် နှစ်ခုစလုံးက သူကိုယ်တိုင်သာလျှင် ဖြစ်နေသောကြောင့် ဖြစ်သည်။

အကယ်၍ ကိုယ်ပွားကသာ အရင်ဦးဆုံး အဆင့်တက်သွားနိုင်မည်ဆိုပါက၊ ၎င်းမှာလည်း အရေးပေါ် အခြေအနေကို ကိုင်တွယ်နိုင်လိမ့်မည် ဖြစ်သည်။

“ ကိုယ်ပွားဆိုမှ၊ သူကလည်း ဟိုဘက်မှာ ပြဿနာလေးတွေနဲ့ ရင်ဆိုင်နေရတဲ့ပုံပဲ “

ဤအခိုက်အတန့်တွင် ကိုယ်ပွား၏ အခြေအနေကို အာရုံခံမိသွားခဲ့ကာ ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။

…

တစ်ခြားကမ္ဘာရှိ ကြယ်တာရာ T-Rex နတ်ဘုရားကမူ ဒုက္ခတွင်းသို့ ကျရောက်နေလျက်ရှိသည်။

သူ၏အရှေ့တွင် ကမ္ဘာ့ကြယ်၏ အဌမအဆင့် သားရဲငါးကောင် ရှိနေခဲ့သည်။

သူတို့၏ အရှိန်အဝါများကို အကဲခတ်ကြည့်ရခြင်းအားဖြင့် သူတို့အားလုံးမှာ အလယ်အလတ် အဌမအဆင့်နယ်ပယ်တွင် ရှိနေကြသည်။

ကမ္ဘာ့ကြယ်၏ အလယ်အလတ် အဌမအဆင့် သားရဲငါးကောင်သည် ရန်လိုနေသည့် အမူအရာများဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို ဝိုင်းရံထားကြသည်။

ကြယ်တာရာ T-Rex နတ်ဘုရားကမူ အမှောင်နွားရိုင်း မျိုးနွယ်စုအဖြစ်သာ ရုပ်ဖျက်ထားစဲဖြစ်ပြီး၊ ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် အလယ်အလတ် အဌမအဆင့် သားရဲငါးကောင်ကို ငေးကြည့်နေခဲ့သည်။

လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက သူသည် ကမ္ဘာ့ကြယ်၏ ကျယ်ပြန့်လှသော မြေပြင်တွင် လှည့်လည်သွားလာနေခဲ့သည်။

မထင်မှတ်ထားစွာဖြင့် အဆိုပါ ဧရာမ သားရဲကြီးငါးကောင်သည် ကောင်းကင်ထက်မှ ရုတ်တရက် ဆင်းသက်လာပြီး၊ စကားတစ်ခွန်းမှ မပြောဘဲ သူ့ကို ဝိုင်းရံလာခဲ့သည်။

အလယ်အလတ် အဌမအဆင့် သားရဲငါးကောင်နှင့် ရင်ဆိုင်ရသောအခါတွင် သူသည် အလျင်စလို မလှုပ်ရှားဘဲ၊ မေးခွန်းများသာ မေးမြန်းနေခဲ့သည်။

“ တာအိုရောင်းရင်းတို့၊ မင်းတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ “

“ ရည်ရွယ်ချက်လား “

ခရမ်းနက်ရောင် အမွှေးများကို ပိုင်ဆိုင်ထားသည့် မျောက်ဝံကဲ့သို့သော သားရဲကြီးမှ အေးစက်စွာ ပြောဆိုလာခဲ့သည် “ ငါတို့က ကမ္ဘာ့ကြယ်သားရဲမျိုးနွယ်စုရဲ့ လှည့်ကင်းတမန်တော်တွေပဲ “

“ မင်းဘာလုပ်ခဲ့လဲဆိုတာကို မင်းမသိဘူးလား “

မျောက်ဝံကြီးသည် ကြယ်တာရာ T-Rex နတ်ဘုရားကို အေးစက်စွာ စိုက်ကြည့်လာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် အပြစ်ကင်းစင်သော အမူအရာမျိုးဖြင့် မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ပြန်ပြောလိုက်သည် “ ကျုပ်က ဘာတွေများ လုပ်မိလို့လဲ “

“ ဟန်ဆောင်နေသေးတာလား “

မျောက်ဝံဘေးတစ်ဖက်ရှိ ခရမ်းရွှေရောင် လူသားမျက်နှာကို ပိုင်ဆိုင်ထားသည့် ကျားသားရဲမှ အေးစက်စွာ နှာခေါင်းရှုံ့၍ စကားဝင်ပြောလာခဲ့သည် “ ဒီရက်ပိုင်းအတွင်းမှာ မင်းက ဒီဒေသတွင်းက အဆင့်မြင့် သားရဲမျိုးနွယ်စုတွေကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့တယ်၊ အဲ့တာကြောင့်ပဲ အဆင့်၇ သားရဲပမာဏက တော်တော်ကြီးကို လျော့ကျသွားတယ် “

“ မင်းက ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုရဲ့ ကာကွယ်ရေး ဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တယ်၊ ငါတို့နဲ့ လိုက်ခဲ့လိုက် “

ထိုစကားကို ပြောခဲ့ပြီးသည့်နောက်တွင် ဧရာမ သားရဲကြီး ငါးကောင်စလုံးသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ အနားသို့ ချဥ်းကပ်လာခဲ့သည်။

ဤတစ်ကြိမ်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် ဤသားရဲကြီး ငါးကောင်၏ ရည်ရွယ်ချက်ကို လုံးဝနားလည်သွားခဲ့ပြီ ဖြစ်သည်။

ကမ္ဘာ့ကြယ် လှည့်ကင်းတမန်တော်ဆိုသည်မှာ သားရဲမျိုးနွယ်စုများအကြားတွင် ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စု၏ အဆင့်မြင့် ပုဂ္ဂိုလ်များက တည်ထောင်ထားသည့် လူသားမျိုးနွယ်စု၏ အစိုးရကဲ့သို့သော ဌာနတစ်ခုဖြစ်သည်။

ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စု၏ ကာကွယ်ရေး ဥပဒေသည် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုများ အကြားတွင် အပြန်အလှန် သတ်ဖြတ်မှုများ မဖြစ်ပေါ်လာစေရန် ပြဌာန်းထားသည့် ဥပဒေတစ်ခု ဖြစ်သည်။

ထိုအကြောင်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။

ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စု၏ စနစ်သည် မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေထပ် ပိုမိုအဆင့်မြင့်နေခဲ့ကာ၊ ကာကွယ်ရေး ဥပဒေများပင် ရှိနေခဲ့သည်။

All Chapters