← Chapters

အခန်း (၇၁)

Vol. 8 Ch. 71

အခန်း (၇၁)

Vol. 8 Ch. 71

ဖမ့်လိုင်မသေမျိုးကျွန်းပေါ်တွင် လူပေါင်းများစွာ နေထိုင်ကြပြီး အားလုံးက ခြွင်းချက်မရှိ ကျင့်ကြံသူများဖြစ်ကြသည်။ ဖမ့်လိုင်မသေမျိုးနန်းတော်မှ အုပ်ချုပ်မှုနှင့် အမိန့်များကို နာခံရပါသည်။

တစ်နည်းအားဖြင့် ကျွန်းပေါ်ရှိ ကျင့်ကြံသူအားလုံးက နန်းတော်အတွက် မျက်စိနှင့် နားများသဖွယ် ဖြစ်နေသဖြင့် လျို့ပင်းပီ အမိန့်တစ်ချက်ပေးလိုက်သည်နှင့် ရှန်းဝမ်ချင်းနှင့် ယန်ရုန်ရုန်တို့ကို ခြေရာခံနိုင်ခဲ့ပါသည်။

ရှန်းဝမ်ချင်းနှင့် ယန်ရုန်ရုန်တို့ နန်းတော်မှ ထွက်ခွာလာပြီးနောက် ကျွန်းပေါ်ရှိ တစ်ခုတည်းသော တည်းခိုခန်းတွင် တည်းခိုခဲ့ကြပါသည်။ တည်းခိုခန်းတွင် အနားယူပြီး အားအင်ဖြည့်တင်းကာ ကျွန်းသားများထံမှ ပင်လယ်ပုံရိပ်ယောင်များအကြောင်း စုံစမ်းဖို့ကြံရွယ်ထားခဲ့ကြသည်။

ကံမကောင်းစွာဖြင့် တည်းခိုခန်းရှိလူများက ဘာမှ သိပ်ပြောမပြနိုင်ခဲ့ကြပေ။ ယန်ရုန်ရုန် ကြိုးစားပမ်းစား သတင်းနှိုက် ထုတ်ခဲ့သော်လည်း နောက်ဆုံးမှာတော့ ဘာရလဒ်မှ မရခဲ့ပါ။

ထိုအချိန်တွင် ဝမ်ဟဲကျစ်နှင့်အတူတူ လျို့ပင်းပီ တည်းခိုခန်းသို့ ရောက်လာခဲ့ပါသည်။

ဖမ့်လိုင်မသေမျိုးနန်းတော်၏ သခင်မလေးကို အားလုံး သိကြသည်။ လျို့ပင်းပီတွင် ကျင့်ကြံခြင်းအဆင့် မရှိသော် လည်း ကျွန်းပေါ်တွင် သူမအဆင့်အတန်းက အလွန်မြင့်မားပါသည်။

ကျွန်းသခင်ကြီး သေရည်ကြူးရင်း အချိန်တွေဖြုန်းတီးနေစဉ် ကျွန်းပေါ်ရှိ ကိစ္စအဝဝကို လျို့ပင်းပီကသာ စီမံအုပ်ချုပ်ပေးခဲ့သည်။ သူမကျေးဇူးကြောင့်သာ ဖမ့်လိုင်ကျွန်း ယခုအချိန်ထိ တည်ငြိမ်အေးချမ်းနေခြင်းဖြစ်သည်။

သူမကိုမြင်သောအခါ ကျွန်းသားများ ဦးညွှတ်လျက် ရိုရိုသေသေ ဂါဝရပြုလိုက်ကြသည်။ တည်းခိုခန်း ပိုင်ရှင်က လျို့ပင်းပီနှင့် ဝမ်ဟဲကျစ်တို့ကို ယန်ရုန်ရုန်တို့ ရှိရာထံ ခေါ်လာပေးခဲ့ပါသည်။

ဖမ့်လိုင်ကျွန်း၏ သခင်မလေးကိုယ်တိုင် သူမတို့ထံ ရောက် လာမည်ဟု ယန်ရုန်ရုန် ထင်မထားခဲ့ပေ။ ဧည့်ခံစရာ ဘာမှမရှိသဖြင့် သူမ လျှော့ဈေးဖြင့်ဝယ်ယူခဲ့သည့် လက်ဖက်ခြောက်အချို့ကို ချန့်ခွင်းအိတ်ထဲမှ ထုတ်ကာ အခါးရည်နှစ်ခွက် ဖျော်လိုက်သည်။

“သုံးဆောင်ပါဦး”

ထို့နောက် လျို့ပင်းပီကို ယန်ရုန်ရုန် သေချာအကဲခတ်ကြည့်လိုက်ပါသည်။ ဖမ့်လိုင်ကျွန်း၏ သခင်မလေးက ပန်းလေးတစ်ပွင့်လို လှပပြီး နူးညံ့သိမ်မွေ့သည့် အရှိန်အဝါမျိုး ရှိသည်။

ရုပ်ရည်အသွင်အပြင်ကို ကြည့်ရုံနှင့် သူမနှင့် ရှန်းဝမ်ချင်းတို့က နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ညီမည့် စုံတွဲတွေ ဖြစ်လာနိုင်ပါသည်။

ထိုအတွေးဖြင့် ရှန်းဝမ်ချင်းကို ယန်ရုန်ရုန် ခိုးကြည့်လိုက်သည်။ မကြာသေးခင်ကမှ လက်ထပ်ထိန်းမြှားမှုကို ရှန်းဝမ်ချင်း ပြတ်ပြတ်သားသား ဆန့်ကျင့်ခဲ့သော်လည်း ယခု သူ့ရှေ့က မိန်းကလေး ဘယ်လောက်လှပကြောင်း မြင်လိုက်ရပြီဖြစ်သဖြင့် နောင်တရလွန်းပြီး မျက်နှာတစ်ခုလုံး ပြာနှမ်းသွားလိမ့်မည်ဟု ယန်ရုန်ရုန်ထင်ခဲ့ပါသည်။

သို့သော် ရှန်းဝမ်ချင်းကတော့ လျို့ပင်းပီကို တစ်ချက်ကလေးပင် မကြည့်ခဲ့ပါ။ ပွဲကြီးပွဲကောင်းကြည့်ရဖို့ မျှော်လင့်ထားခဲ့သည့် ယန်ရုန်ရုန်တစ်ယောက် စိတ်ပျက်သွားခဲ့ရပါသည်။

လျို့ပင်းပီ အခါးရည်ကို ဣန္ဒြေရှိရှိ တစ်ငုံသာ သောက်လိုက်သည်။ ထို့နောက် သူမရှေ့တွင် ထိုင်နေသည့် ဓားသခင်ကို ကြည့်ရင်း လိုရင်းပြောလိုက်ပါသည်။

“အရှေ့ပင်လယ်ပြင်မှာ မြင်နေရတဲ့ ပုံရိပ်ယောင်တွေက ဖူရှန်းကြေးမုံကြောင့်ဆိုတာ ကျွန်မ လာအသိပေးတာပါ၊ ပျောက်သွားတဲ့လူတွေဆိုတာလည်း အဲ့ဒီကြေးမုံရဲ့ ဝါးမျိုမှုကို ခံလိုက်ရတာ၊ သူတို့နောက်မလိုက်ချင်ရင် ရှင်တို့ ဒီကိစ္စထဲ ဝင်မပါသင့်ဘူး”

ယန်ရုန်ရုန် ကြောင်စီစီဖြစ်သွားသည်။

“ဖူရှန်းကြေးမုံဟုတ်လား”

ထိုအရာမျိုးကို သူမ တစ်ခါမှ မကြားဖူးပေ။ သို့သော် ရှန်းဝမ်ချင်းကတော့ ကောင်းကောင်းနားလည်ပြီး စိတ်ရှည်လက်ရှည် ရှင်းပြလိုက်ပါသည်။

“ဖူရှန်းကြေးမုံဆိုတာ ရှေးခေတ်ကတည်းက တည်ရှိခဲ့တဲ့ မှော်ရတနာတစ်ခုပဲ၊ အဲ့ဒီကြေးမုံထဲမှာ ကမ္ဘာပေါင်း သုံးထောင်တည်ရှိတယ်လို့ ပြောကြတယ်၊ အဲ့ဒီကြေးမုံထဲကို ရောက်သွားတဲ့လူတိုင်း ထာဝရလမ်းပျောက်ပြီး ဘယ်တော့မှ ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူးတဲ့”

လျို့ပင်းပီ ခေါင်းညိတ်လိုက်ပါသည်။

ယန်ရုန်ရုန် နားမလည်နိုင်သေးပေ။

“အဲ့တာဆို ဖူရှန်းကြေးမုံက ဘာလို့ အရှေ့ဘက်ပင်လယ်ပြင်ထဲ ရောက်နေတာလဲ”

“အဲ့တာတော့ ကျွန်မလည်း သေချာ မပြောနိုင်ဘူး”

လီပင်းပီ ပြန်ဖြေလိုက်သည်။

“ဖမ့်လိုင်မသေမျိုးနန်းတော်ကို စတင်တည်ထောင်ကတည်းက အဲ့ဒီကြေးမုံ ပင်လယ်ရေနက်ထဲမှာ ရှိနေခဲ့တာကိုပဲ ကျွန်မသိတယ်၊ ဒါပေမယ့် အဲ့ဒီကြေးမုံက နှစ်ပေါင်းများစွာကြာအောင် အိပ်စက်နေခဲ့လို့ ကျွန်မတို့ကျွန်းအတွက် ဘာအန္တရာယ်မှ မပေးနိုင်ခဲ့ဘူး၊ ဒါပေမယ့် လတ်တလောကမှ ရုတ်တရက် နိုးထလာတဲ့ပုံပဲ၊ အဲ့ဒီကြေးမုံကြောင့်ပဲ အိပ်စက်နေတဲ့ ကျောင်းလုံသားရဲပါ နိုးထသွားခဲ့တာဖြစ်နိုင်တယ်”

ထို့ကြောင့် ကျောင်းလုံသားရဲကြီး ရုတ်တရက်ပေါ်လာပြီး ရှန်းဝမ်ချင်းတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်ပါသည်။ ပြဿနာ ၏ အဓိက တရားခံက ဖူရှန်းကြေးမုံပင်။

လျို့ပင်းပီ ဆက်ပြောလိုက်သည်။

“အဲ့ဒီပုံရိပ်ယောင်တွေက ဖူရှန်းကြေးမုံနဲ့ ဆက်နွယ်နေတယ်၊ အဲ့တာတွေကို ဖယ်ရှားဖို့ဆိုရင် ကြေးမုံကို အရင်လိုက်ရှာရလိမ့်မယ်၊ ဒီလောက်ကျယ်ပြောတဲ့ သမုဒ္ဒရာကြီးထဲ ဘယ်နေရာမှာ သွားရှာမလဲ ဆိုတာကို ခဏအသာထားဦး၊ တကယ်လို့ ရှာတွေ့ခဲ့တယ်ဆိုရင်တောင် အဲ့ဒီကြေးမုံထဲ ရှင်တို့ စုပ်ယူခံရလိမ့်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် လမ်းဆုံးနေပြီမို့ လက်လျှော့လိုက်ကြဖို့ ကျွန်မအကြံပေးချင်တယ်”

ယန်ရုန်ရုန်က အကြံကောင်းကို လက်ခံတတ်ပါသည်။ သူမ ခေါင်းညိတ်ဖို့ပြင်လိုက်စဉ် ရှန်းဝမ်ချင်းက ခံစားချက်မဲ့စွာ ဖြတ်ပြောလိုက်သည်။

“အရှေ့ပင်လယ်ပြင်ပေါ်က ပုံရိပ်ယောင်ပြဿနာတွေကို ကျုပ်တို့ ကျိန်းသေဖြေရှင်းပေးမှာပါ”

လျို့ပင်းပီ မျက်မှောင်ကြုတ်သွားသည်။

“ကျွန်မ သေချာရှင်းပြပြီးပြီ ထင်တယ်နော်၊ အဲ့ဒီပြဿနာက ဖူရှန်းကြေးမုံနဲ့ ပတ်သတ်နေတာ၊ ‘ရွှမ်ယွဲ့ဓားသခင်’ဖြစ်နေရင်တောင် အလွယ်တကူ ဖြေရှင်းနိုင်မှာမဟုတ်ဘူး၊ ရှင်တို့အတွက် အန္တရာယ် များလွန်းပါတယ်”

ရှန်းဝမ်ချင်း လက်မလျှော့သေးပေ။

“ကျုပ်တို့ နဂါးရိုးကို ရမှ ဖြစ်မှာ”

“နဂါးရိုးက အဖိုးတန်တယ်ဆိုပေမယ့် ရှင့်အသက်ထက်တော့ ပိုအဖိုးမတန်လောက်ဘူးထင်တယ်နော်”

သူ့စိတ်ကို လျို့ပင်းပီ နားမလည်နိုင်တော့ပေ။

နဂါးရိုးကို ဘာကြောင့်လိုအပ်မှန်း ရှန်းဝမ်ချင်း ရှင်းမပြဘဲ ခေါင်းမာစွာ ထပ်ပြောလိုက်ပါသည်။

“ကျုပ်တို့ ဖမ့်လိုင်ကျွန်းကို ရောက်နေပြီဆိုမှတော့ လက်ချည့်ဗလာပြန်သွားဖို့ စိတ်ကူးမရှိဘူး၊ နဂါးရိုးကို ရအောင်ယူပြီးမှ ပြန်မယ်”

သူမစကားကို ရှန်းဝမ်ချင်း နားထောင်ဖို့ အစီအစဉ်မရှိမှန်း မြင်သဖြင့် ယန်ရုန်ရုန်ဘက်သို့ မြှားဦးလှည့်လိုက်ရသည်။

“ရှင်ကော သူနဲ့အတူ သေလမ်းကို လိုက်တော့မှာလား”

ယန်ရုန်ရုန် မသေချင်သေးပါ။ သို့သော် ရှန်းဝမ်ချင်း နဂါးရိုးကို စွန့်စွန့်စားစား ရှာဖွေနေရခြင်းက သူမအတွက် ဖြစ်သဖြင့် သူ့ကိုတစ်ယောက်တည်း ဒုက္ခခံခိုင်း၍ မရပေ။

ယန်ရုန်ရုန် ခေါင်းကုတ်လိုက်ပြီး အခက်တွေ့သွားခဲ့သည်။

“ကျွန်မတို့မှာ တခြားနည်းလမ်းမရှိလို့ပါ၊ ရှင့်အဖေ ကမ်းလှမ်းထားတဲ့ ရွေးချယ်ခွင့်က နှစ်ခုပဲ ရှိတာ၊ ရှင့်ကို လက်ထပ်ရင်လက်ထပ်၊ လက်မထပ်ချင်ရင် အရှေ့ပင်လယ်ရဲ့ ပုံရိပ်ယောင် ပြဿနာကို ဖြေရှင်းပေးဖို့ပဲ၊ ကျွန်မတို့ တစ်လမ်းကို ရွေးမှဖြစ်မှာမို့လို့ပါ”

သူမနှင့် ရှန်းဝမ်ချင်းတို့ကို အဖေဖြစ်သူ ဘာကြောင့် လက် ဆက်ပေးချင်နေမှန်း လျို့ပင်းပီ နားလည်ပါသည်။ ရှန်းဝမ်ချင်းက အလွန်စွမ်းအားကြီးမားသဖြင့် သူမ မကျင့်ကြံနိုင်လျှင်တောင် ရှန်းဝမ်ချင်ကို တစ်သက်လုံး အားကိုးပြီး အေးအေးချမ်းချမ်း နေထိုင်သွားနိုင်လိမ့်မည်။

သို့သော် လျို့ပင်းပီနားလည်ထားသည့် အရာတစ်ခု ရှိသည်။ လူ့စိတ်ဟူသည်မှာ အပြောင်းအလဲ မြန်ဆန်သည်။ လောကတွင် ကိုယ့်အားကိုယ်ကိုးပြီး ရှင်သန်ခြင်းကသာ မွန်မြတ်သည်။ သူများအပေါ် မှီခိုမှ အသက်ရှင်နိုင်မည့် နွယ်ပန်းလေးတစ်ပွင့်လို သူမ ဖြစ်မလာချင်ပေ။

ခေတ္တတိတ်ဆိတ်သွားခဲ့ကြပြီးနောက် လျို့ပင်းပီ အကြံတစ်ခု ရသွားခဲ့သည်။

“ဓားသခင်… ကျွန်မတို့ ဟန်ဆောင် လက်ဆက်လို့ရတာပဲ၊ ရှင်တို့လက်ထဲ နဂါးရိုး ရောက်လာပြီဆိုတာနဲ့ ဖမ့်လိုင်ကျွန်းကနေထွက်သွားလိုက်ပေါ့၊ အဲ့တာဆို ရှင်တို့ ဘာမှ စွန့်စားစရာမလိုဘဲ လိုချင်တာကိုလည်း ရနိုင်လိမ့်မယ်”

ယန်ရုန်ရုန် မျက်လုံးများ အရောင်လက်သွားခဲ့သည်။ ‘အကြံကောင်းပဲ!’

သို့သော် ခပ်မြန်မြန်ပဲ ပြန်တည်ငြိမ်သွားခဲ့သည်။ ဒီလောကကြီးမှာ အလကားရသည့်အရာ မရှိပါ။ တစ်ဖက်သူက အကျိုးအမြတ်မရှိဘဲ သူမတို့ကို ကူညီပေးမှာ မဟုတ်ပေ။ ထို့ကြောင့် ယန်ရုန်ရုန် သံသယဖြင့် မေးလိုက်ပါသည်။

“အဲ့လိုလုပ်လို့ ရှင့်အတွက် ဘာအကျိုးရှိမှာလဲ”

လျို့ပင်းပီကလည်း သူမ လိုချင်သည့်အရာကို ဖုံးကွယ်မထားပေ။

“ကျွန်မခန္ဓာကိုယ်မှာ ချွတ်ယွင်းချက်ရှိနေလို့ ကျင့်ကြံလို့မရဘူး၊ ဒါပေမယ့် ကျွန်မအဖေမှာ သားသမီးဆိုလို့ ကျွန်မတစ်ယောက်တည်း ရှိတယ်၊ အဲ့တာကြောင့် အနာဂတ်မှာ ဖမ့်လိုင်မသေမျိုးနန်းတော်ကို ကျွန်မပဲ ဆက်ခံရမှာ၊ ဒီကျွန်းကို ကျွန်မတစ်ယောက်တည်း ကာကွယ်မပေးနိုင်ဘူး”

“ဒါပေမယ့် တခြားသူတွေလက်ထဲကို ထည့်ပေးဖို့အတွက်လည်း စိတ်မချနိုင်ဘူး၊ ဓားသခင်နဲ့ ကျွန်မသာ အမည်ခံ ဇနီးမောင်နှံတွေဖြစ်သွားကြရင် ဖမ့်လိုင်ကျွန်းနဲ့ ရှမ့်ယွင်ဂိုဏ်းတို့ကလည်း မဟာမိတ်တွေ အလိုလိုဖြစ်သွားကြမယ်၊ အဲ့တာဆို ကျွန်မမှာ ကျင့်ကြံခြင်းအဆင့် မရှိရင်တောင် အပြင်လူတွေ အထင်အမြင်သေးရဲတော့မှာ မဟုတ်ဘူး”

ယန်ရုန်ရုန် မေးပွတ်ကာ စဉ်းစားလိုက်သည်။ ဒီအတုအ ယောင် မင်္ဂလာပွဲက အားလုံးအတွက် အကျိုးအမြတ်ရှိပါသည်။ သို့သော် ရှန်းဝမ်ချင်း သဘောတူမှာမဟုတ်ဟု သူမ ခံစားနေရသည်။

သေချာပါသည်။

ရှန်းဝမ်ချင်း တစ်စက္ကန့်မျှပင် မတွန့်ဆုတ်ဘဲ ငြင်းဆန်လိုက်သည်။

“မဖြစ်နိုင်ဘူး”

လျို့ပင်းပီ ကြက်သေသေသွားခဲ့သည်။

“ဘာလို့လဲ၊ လက်ဆက်ထိန်းမြှားမှုက အတုအယောင်ပဲလေ၊ မင်္ဂလာပွဲပြီးရင် ရှင်ထွက်သွားလို့ရတယ်၊ နောက်ပိုင်း ရှင့်ဖာသာရှင် ဘာပဲလုပ်လုပ် ကျွန်မ စိတ်မဝင်စားဘူး၊ ရှင်တကယ် ချစ်မြတ်နိုးတဲ့လူနဲ့ အတူတူနေချင်လည်း ရတယ်၊ ရှင့်ဘက်က အရှုံးမရှိပါဘူး”

ရှန်းဝမ်ချင်း လေးနက်စွာ ရှင်းပြလိုက်သည်။

“လက်ဆက်ထိန်းမြှားမှုဆိုတာ ကလေးကစားစရာမဟုတ်ဘူး၊ အပေးအယူတစ်ခုအတွက် အကျိုးအမြတ်တစ်ခုအတွက် လဲလှယ်နိုင်တဲ့ပစ္စည်းတစ်ခုလို အသုံးမပြုသင့်ဘူး၊ နဂါးရိုးကို ရဖို့အတွက် ကျုပ်ဘာမဆို လုပ်နိုင်တယ်၊ အသက်ကိုတောင် စွန့်လွှတ်နိုင်တယ်၊ ဒါပေမယ့် လက်ဆက်ထိန်းမြှားဖို့ကိစ္စကိုတော့ ကျုပ်လုံးဝ လက်ခံပေးမှာမဟုတ်ဘူး”

All Chapters