← Chapters

အခန်း (၇၂)

Vol. 8 Ch. 72

အခန်း (၇၂)

Vol. 8 Ch. 72

ရှန်းဝမ်ချင်း၏ သဘောထားက ပြတ်သားခိုင်မာပြီး ထပ်ညှိနှိုင်းဖို့လည်း အစီအစဉ်မရှိပေ။

စိတ်ပျက်အားလျော့သွားသော်လည်း လျို့ပင်းပီ ဘာမှမတတ်နိုင်ခဲ့ပါ။ ယန်ရုန်ရုန်ကို ခါးသက်စွာ ပြုံးပြရင်း သူမ ပြောလိုက်ပါသည်။

“ရှင့်ကိုတကယ်ချစ်တဲ့ လူတစ်ယောက်ကို ပိုင်ဆိုင်ထားရတာ ကံကောင်းတာပဲနော်”

ဟန်ဆောက်လက်ဆက်ဖို့ ရှန်းဝမ်ချင်း ငြင်းဆန်ခြင်းက သူမကြောင့်ဟု ယန်ရုန်ရုန်ကတော့ လုံးဝ မထင်မိပေ။

‘သူ့လရောင်ဖြူရှစ်ကျဲကို အသေအလဲ စွဲလမ်းနေလို့ တခြားဘယ်သူ့ကိုမှ လက်မထပ်ချင်တာလေ! ငါနဲ့ စေ့စပ်ဖို့ ဆုံးဖြတ်ခဲ့တာကလည်း သူ့ရှစ်ကျဲနဲ့ ရုပ်ချင်းဆင်တူနေလို့မဟုတ်ဘူးလား’

သို့သော် ကံကောင်းစွာဖြင့် ထိုမျက်နှာကြောင့်ပဲ ရှန်းဝမ်ချင်းက သူမကို နဂါးရိုး ကူးရှာပေးခဲ့ခြင်းလည်းဖြစ်ပါသည်။ ထိုအတွေးဖြင့် ယန်ရုန်ရုန် ကိုယ့်မျက်နှာကိုယ် ကိုင်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။

“ကျွန်မတကယ် ကံကောင်းပါတယ်”

လျို့ပင်းပီ သက်ပြင်းချလိုက်သည်။

“အတင်းလုပ်ယူထားတဲ့အရာတွေက မကောင်းပါဘူး၊ အတုအယောင် မင်္ဂလာပွဲကို လက်မခံချင်ဘူးဆိုတော့လည်း ကျွန်မ ဘာမှ မပြောခဲ့သလိုပဲ သဘောထားလိုက်ပါ၊ နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်၊ ကျွန်မကို ခွင့်ပြုပါဦး”

လျို့ပင်းပီ ပြန်ခါနီးတွင် ယန်ရုန်ရုန်က လှမ်းတားလိုက်ပါသည်။

“တကယ်တော့ ကျွန်မတို့လက်တွဲနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်၊ အတုအယောင် မင်္ဂလာပွဲလုပ်မှ မဟုတ်ဘူး”

လျို့ပင်းပီ စိတ်လှုပ်ရှားသွားသည်။

“ဘာကိုဆိုလိုတာလဲ”

ယန်ရုန်ရုန် တောက်ပစွာ ပြုံးလိုက်သည်။

“ကျွန်မတို့ အပေးအယူလုပ်လို့ရတယ်၊ အရှေ့ပင်လယ်ပြင်ပေါ်က ပုံရိပ်ယောင်ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်မတို့ကို ရှင်ကူညီပေး၊ အဲ့ဒီပြဿနာတွေ ဖြေရှင်းပြီးတာနဲ့ ရှမ့်ယွင်ဂိုဏ်းက ဖမ့်လိုင်မသေမျိုးနန်းတော်နဲ့ မဟာမိတ်ဖွဲ့လိုက်တဲ့ အကြောင်း တရားဝင် ထုတ်ပြန်ကြေညာပေးလိမ့်မယ်”

ထို့နောက် ရှန်းဝမ်ချင်းကိုကြည့်ကာ ယန်ရုန်ရုန် မေးလိုက်ပါသည်။

“ဟုတ်တယ်မလား”

ရှန်းဝမ်ချင်း ခေါင်းညိတ်လိုက်သည်။

“အဆင်ပြေပါတယ်”

ရှန်းဝမ်ချင်းက ဂိုဏ်းခေါင်းဆောင်မဟုတ်သော်လည်း ရှမ့်ယွင်ဂိုဏ်းတွင် ရာထူးအာဏာအမြင့်ဆုံးဟုပင် ဆိုနိုင်သည်။ ဒီလို အသေးအဖွဲကိစ္စမျိုးအတွက်တော့ နန်ခယ့်ကိုယ်စား သူဆုံးဖြတ်ချက် ချပေးနိုင်ပါသည်။

လျို့ပင်းပီကို ယန်ရုန်ရုန် ဆက်ဖြောင်းဖြလိုက်သည်။

“လက်ဆက်ထိန်းမြှားမှုနဲ့ မဟာမိတ်ဖွဲ့တာက ရှင့်မျိုးဆက်တစ်ဆက်စာပဲ အဓွန့်ရှည်မှာ၊ ဒါပေမယ့် တရားဝင် မဟာမိတ်တစ်ခုကတော့ မျိုးဆက်ပေါင်းများစွာတိုင်အောင် အဓွန့်ရှည်နိုင်တယ်၊ အဲ့တာဆို အတုအယောင်မင်္ဂလာပွဲလုပ်တာထက် ပိုအကျိုးမရှိနိုင်ဘူးလား”

လျို့ပင်းပီ စိတ်ဝင်စားသွားခဲ့သည်။ သိပ်ကြာကြာ မစဉ်းစားလိုက်ရဘဲ သူမ ခေါင်းညိတ်လိုက်ပါသည်။

“သဘောတူတယ်!”

ယန်ရုန်ရုန် ညာဘက်လက်ကို ချက်ချင်းကမ်းပေးလိုက်ပါည်။

“ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ပါစေ”

လျို့ပင်းပီကြက်သေသေသွားသည်။ ထိုအပြုအမူကို သူမ နားမလည်ပေ။ ထို့ကြောင့် ယန်ရုန်ရုန်ကသာ ရှေ့တိုးလာပြီး သူမလက်ကို ကိုင်လျက် လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။

“အခုချိန်ကစပြီး ကျွန်မတို့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားကြပြီ”

ယန်ရုန်ရုန် အပြုံးဖြင့် ပြောလိုက်သည်။

“ကျေးဇူးပြုပြီး ကျွန်မကို ကူညီဖေးမပေးပါဦး”

လျို့ပင်းပီ၏ လက်ဖဝါး ထူးထူးဆန်းဆန်း နွေးထွေးသွားသလို ခံစားလိုက်ရသည်။ ကျန်းမာရေးချွတ်ယွင်းမှုကြောင့် လျို့ပင်းပီ အပြင်မထွက်ရသလောက်ရှားသည်။ သူမအဖေကလည်း အစိုးရိမ်လွန်ကဲနေသဖြင့် သူမနား ကပ်လာသူတိုင်းကို သံသယမျက်လုံးဖြင့်သာ ကြည့်တတ်သည်။

ထို့ကြောင့် လျို့ပင်းပီတွင် သူငယ်ချင်းဟူ၍ မရှိပေ။ ယခုက သူစိမ်းတစ်ယောက်နှင့် ပထမဆုံးအကြိမ်အဖြစ် အသားချင်းထိတွေ့ဖူးခြင်းဟု ဆိုနိုင်သည်။

လျို့ပင်းပီ ပြန်ပြုံးပြလိုက်ပါသည်။

“ကျွန်မကိုလည်း လမ်းညွှန်ပြသပေးပါဦး”

ထိုစဉ် သူမလက် အသာအယာအညှစ်ခံလိုက်ရသလို လျို့ပင်းပီ ခံစားလိုက်ရပါသည်။ ယန်ရုန်ရုန်ကို သူမ ကြောင်စီစီ ကြည့်လိုက်မိသည်။ သို့သော် နှစ်ယောက်စလုံးက မိန်းမသားများဖြစ်နေသဖြင့် စိတ်တော့ မဆိုးမိပါ။

ယန်ရုန်ရုန် ရေရွတ်လိုက်သည်။

“ရှင့်လက်က အေးနေတာပဲ!”

လျို့ပင်းပီ ရှင်းပြလိုက်သည်။

“ကျွန်မက ရေခဲခန္ဓာနဲ့ မွေးဖွားလာတာလေ၊ ပြီးတော့ ရေခဲအမျိုးအစား ဝိညာဉ်ရင်းမြစ်ကိုလည်း ပိုင်ဆိုင်ထားတယ်၊ အဲ့တာကြောင့် ကျွန်မရဲ့ ကိုယ်အပူချိန်က သာမန်လူတွေထက် ပိုနိမ့်နေတာပါ”

ဒီလို ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားသူကို ယန်ရုန်ရုန်ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သဖြင့် စိတ်ဝင်တစား မေးကြည့်လိုက်မိသည်။

“အဲ့တာဆို နွေရာသီမှာ အရမ်းနေလို့ကောင်းမှာပေါ့”

လျို့ပင်းပီ ခေတ္တစဉ်းစားလိုက်သည်။

“ကျွန်မကိုယ်တိုင်က ဘာမှထူးထူးခြားခြား သိပ်မခံစားမိဘူး၊ ဒါပေမယ့် နန်းတော်ထဲက အစေခံတွေကတော့ နွေရာသီမှာ ကျွန်မနားကပ်နေရင် အရမ်းနေလို့ကောင်းတယ်လို့ ပြောကြတယ်”

‘အသက်ဝင်နေတဲ့ အဲကွန်းကြီးတစ်ခုလိုပဲ!’

ယန်ရုန်ရုန် မျက်လုံးများ အရောင်လက်သွားခဲ့သည်။

“အရမ်းမိုက်တာပဲ! နွေရာသီရောက်ရင် ကျွန်မလည်း လာလည်လို့ ရမလား”

အနားတွင် တစ်ချိန်လုံး ကျောက်ရုပ်လို ငြိမ်သက် စောင့်ကြပ်နေခဲ့သည့် ဝမ်ဟဲကျစ် နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ ဝင်ပြောလိုက်ပါသည်။

“ကျုပ်တို့သခင်မလေးကို ဘာထင်နေတာလဲ!”

ယန်ရုန်ရုန် ပြန်ဖြေလိုက်သည်။

“ရှင်တို့ သခင်မလေးရဲ့ စွမ်းရည်ကို သဘောကျလို့ ရင်းနှီးချင်တာလေ၊ ဘာပြဿနာ ရှိလို့လဲ!”

ယခင်တုန်းကလည်း လျို့ပင်းပီ ဧည့်သည်များနှင့် တွေ့ဆုံဖူးပါသည်။ သို့သော် အများစုက သူမ၏ မိသားစု ဂုဏ်ရည် အဆင့်အတန်းကိုသာ စိတ်ဝင်စားကြသည်။ သူမစွမ်းရည်များကို သဘောကျသည်ဟု ဘယ်သူမှ မပြောခဲ့ဖူးပါ။

သူမ ခန္ဓာကိုယ်မှာ ချွတ်ယွင်းချက်ရှိနေပြီး မကျင့်ကြံနိုင်ခြင်းကြောင့် အထင်အမြင်သေးခံရခြင်း ဖြစ်နိုင်သည်။ တစ်ခါတရံ လျို့ပင်းပီ ကိုယ့်ကိုယ်ကိုယ်ပင် မုန်းတီးမိပါသည်။

တစ်စုံတစ်ယောက်က သူမ၏ စွမ်းရည်ကို သဘောကျသည်ဟု ပထမဆုံးအကြိမ် ပြောဖူးခြင်းပင်။ ထို့ကြောင့် လျို့ပင်းပီ မှင်သက်သွားခဲ့ရသည်။

ဒီအမျိုးသမီး၏ စကားချိုချိုများကြောင့် သူ့သခင်မလေး လမ်းမှားရောက်သွားမည်ကို စိုးသဖြင့် ဝမ်ဟဲကျစ် ပြောလိုက်ပါသည်။

“ခင်ဗျားကို အဲ့လိုခန္ဓာကိုယ်မျိုးပေးမယ်ဆိုရင် ယူမှာလား”

ယန်ရုန်ရုန် မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။

“ယူမှာပေါ့!”

ဝမ်ဟဲကျစ် မျက်စပစ်လိုက်ပါသည်။

“ခင်ဗျားလိမ်နေတာ၊ အပြောပဲရှိတယ်၊ ကျုပ်တို့ သခင်မလေးအတွက် ဘယ်လောက် ခက်ခဲသလဲ ခင်ဗျားသိရဲ့လား၊ ဘယ်လောက်ပဲ ကြိုးစားပမ်းစား ကျင့်ကြံခဲ့ပါစေ ဘာမှ တိုးတက်မလာခဲ့ဘူး၊ ကောင်းကင်ဘုံက မတရားလိုက်တာ!”

ရှန်းဝမ်ချင်း မျက်မှောင်ကြုတ်သွားခဲ့သည်။ စန်းချွမ်အကြောင်း အခြားသူတွေမသိနိုင်သော်လည်း သူကတော့ ကောင်းကောင်းကြီး နားလည်ပါသည်။

စန်းချွမ်ကလည်း ဝိညာဉ်ရင်းမြစ်များ ပျက်စီးနေသူဖြစ်ကာ ကျင့်ကြံဖို့ အလွန်ခက်ခဲသည်။ ဝမ်ဟဲကျစ်၏ စကားကြောင့် စန်းချွမ် နာကျင်သွားမည်ကို စိုးရိမ်သဖြင့် ရှန်းဝမ်ချင်း ဝင်ပါဖို့ ပြင်လိုက်စဉ် စန်းချွမ် ပြုံးနေသည်ကို သူသတိထားမိသွားသည်။

ယန်ရုန်ရုန် အေးအေးလူလူ ပြန်မေးလိုက်ပါသည်။

“ကောင်းကင်ဘုံက တကယ်မတရားတတ်ဘူး၊ ဒါပေမယ့် ကောင်းကင်ဘုံရဲ့ အလိုကို ဆန့်ကျင့်ကြိုးစားရမှာ ကျင့်ကြံသူတွေရဲ့ တာဝန်ပဲ မဟုတ်ဘူးလား”

ယခင်တုန်းက သူမ ဝိညာဉ်အသွင်းပြောင်းအဆင့်ကို ရောက်ရှိဖို့အတွက် နှစ်ပေါင်း ၈၀ ဝန်းကျင်သာ အချိန်ယူခဲ့ရသည်။ အပြင်လူတွေကတော့ သူမ၏ ပြိုင်ဘက်ကင်း ပါရမီကြောင့်ဟု ထင်ကြလိမ့်မည်။ သို့သော် လက်တွေ့မှာတော့ သူမအတွက်လည်း မလွယ်ကူခဲ့ပါ။

ကံဆိုးခြင်းကြောင့်ပဲလား၊ ကောင်းကင်ဘုံက သူမကို အမှန်တကယ် မျက်မုန်းကျိုးနေခြင်းကြောင့်ပဲလား မပြောနိုင်သော်လည်း သူမ ဘယ်ကိုပဲသွားသွား အန္တရာယ်များက အရိပ်လို လိုက်လာတတ်သည်။

သာမန်ကျင့်ကြံသူများအတွက် ဘေးကင်းသည့် လျှို့ဝှက်နယ်မြေများက သူမအလှည့်ရောက်လျှင် ကပ်ပေါင်းစုံ ဆိုက်တတ်သည်။ မြစ်တစ်စင်းကို ဖြတ်ကျော်ဖို့ ကြိုးစားလျှင် သူမထက် အဆပေါင်းများစွာ စွမ်းအားကြီးမားသည့် သားရဲတစ်ကောင် ပေါ်လာတတ်သည်။

မြို့တစ်မြို့ထဲဝင်ရောက်ဖို့ ကြိုးစားလျှင် လူသားစား မကောင်းဆိုးဝါးကျင့်ကြံသူများက သူမကို ပစ်မှတ်ထားတတ်သည်။ တစ်ခါတရံ နားခိုဖို့ နေရာရှာဖွေရင်းနှင့်ပင် သူမကို တိုက်ခိုက်ဖို့ ကြိုးစားသည့် မိစ္ဆာများနှင့် ကြုံတွေ့ရတတ်ပါသည်။

ထို့အပြင် ကျင့်ကြံခြင်းအဆင့်တက်ဖို့ ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ခတ်မှုကို ခံခဲ့ရစဉ်တုန်းကလည်း သူမ ခံစားခဲ့ရသည့် မိုးကြိုးဒဏ်များက ကြောက်စရာကောင်းလွန်းလှသည်။

သို့သော် ဒီလို ဆိုးရွားသည့် ကံကြမ္မာကို ရင်ဆိုင်ရင်း ယန်ရုန်ရုန် ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကို ရအောင် တက်လှမ်းနိုင်ခဲ့သည်။ ကောင်းကင်ဘုံက သူမကို သေစေချင်လေလေ သူမ အသက်ပိုရှင်ချင်မိလေလေပင်။

သူမစကားကို မယုံကြည်သေးသည့် ဝမ်ဟဲကျစ်ကတော့ ထပ်မံဝေဖန်လိုက်ပါသည်။

“ခင်ဗျားက အပြောပဲရှိတာပါ၊ ခင်ဗျားသာ ကျုပ်တို့သခင်မလေးလို တကယ်မကျင့်ကြံနိုင်ဘူးဆိုရင် ထိုင်ငိုနေမှာပဲ”

ယန်ရုန်ရုန် အမှန်အတိုင်း ပြောလိုက်သည်။

“ကျွန်မဝိညာဉ်ရင်းမြစ်ကလည်း ထိခိုက်ထားတာ၊ ကျင့်ကြံနိုင်တယ်ဆိုပေမယ့် အခြားသာမန်ကျင့်ကြံသူတွေထက် အများကြီး နှောင့်နှေးတယ်”

ဝမ်ဟဲကျစ် ကြက်သေသေသွားသည်။ ယန်ရုန်ရုန်က ငယ်ငယ်ရွယ်ရွယ်နှင့် အခြေခံအုတ်မြစ်ချအဆင့်ကို ရောက်နေသဖြင့် ပါရမီထူးချွန်သည့် ကျင့်ကြံသူတစ်ဦးဖြစ်မည်ဟု ဝမ်ဟဲကျစ် ထင်ခဲ့မိသည်။ ယခုလို သူမဝိညာဉ်ရင်းမြစ် ချွတ်ယွင်းချက်ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပါ။

ဒီလိုတွေးကြည့်လျှင် သူမအခြေအနေက လျို့ပင်းပီ၏ အခြေအနေနှင့် ဆင်တူလှသည်။ ဒါတောင် သူမကို ဝမ်ဟဲကျစ် လှောင်ပြောင်ခဲ့မိပါသည်။ ယခုတော့ သူ့ကိုယ်သူ လူယုတ်မာတစ်ယောက်လို ခံစားနေရပြီး လိပ်ပြာမလုံလွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။

လျို့ပင်းပီလည်း ချက်ချင်းနားလည်လိုက်သည်။ နဂါးရိုးတွင် ဝိညာဉ်ရင်းမြစ်များကို ကုသပေးနိုင်သည့် အာနိသင်ရှိသည်။ ဓားသခင်တို့ နဂါးရိုးလာရှာရခြင်းက သူမ၏ ဝိညာဉ်ရင်းမြစ်ကို ကုသပေးဖို့သာ ဖြစ်ပါလိမ့်မည်။

ဝိညာဉ်ရင်းမြစ် ချွတ်ယွင်းချက်ရှိနေသော်လည်း အခြေခံအုတ်မြစ်ချအဆင့်ထိရောက်‌အောင် ကျင့်ကြံနိုင်ခဲ့သဖြင့် စန်းချွမ် အလွန်အားထုတ်ကြိုးစားခဲ့မှန်း သိသာသည်။

နှစ်ယောက်စလုံး ချွတ်ယွင်းချက်ရှိနေသည်မှာ တူညီသော် လည်း ယန်ရုန်ရုန်က ကိုယ့်ကံကြမ္မာကိုယ် ပြောင်းလဲဖို့ အသက်ကိုရင်းပြီး ကြိုးစားအားထုတ်ဖို့ အသင့်ဖြစ်နေသည်။ လျို့ပင်းပီဟူသည့် သူမကတော့ ဘဝကို အရှုံးပေးပြီး သူမ၏ အားနည်းမှုကို ဖုံးကွယ်ဖို့အတွက် ပြင်ပအကူအညီများကိုသာ အားကိုးနေရသည်။

လျို့ပင်းပီ ကိုယ့်ကိုယ်ကို စက်ဆုပ်စွာ ပြုံးလိုက်ပါသည်။

“ကျွန်မက ရှင့်လောက် မသန်မာပါဘူး”

All Chapters