← Chapters

အခန်း (၇၃)

Vol. 8 Ch. 73

အခန်း (၇၃)

Vol. 8 Ch. 73

ယန်ရုန်ရုန် သိပ်နားမလည်ဘဲ မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။ စကား တစ်ခွန်းနှစ်ခွန်းသာ ပြောရသေးသော်လည်း လျို့ပင်းပီက သူမလောက် မသန်မာဟု ကောက်ချက်ချလိုက်လေသည်။

ယန်ရုန်ရုန် ပရော်ဖက်ရှင်နယ်ဆန်စွာ အပြန်အလှန် ချီးကျူးပေးလိုက်ပါသည်။

“အဲ့လိုမပြောပါနဲ့ ရှင်လည်း အရမ်းတော်ပါတယ်”

လျို့ပင်းပီ မေးလိုက်သည်။

“ကျွန်မ တကယ်ကျင့်ကြံနိုင်မယ်လို့ထင်လား”

သူမစကားတွေကို လျို့ပင်းပီ အတည်ပေါက်ကြီး မှတ်ယူလိမ့်မည်ဟု ယန်ရုန်ရုန်မထင်ခဲ့မိပေ။ သို့သော် တစ်ဖက်က လှပပြီး အဆင့်အတန်းရှိသော မိန်းကလေးတစ်ဦးဖြစ်နေသဖြင့် ယန်ရုန်ရုန် ချီးကျူးစကားဆိုဖို့ ဝန်မလေးခဲ့ပါ။

ယန်ရုန်ရုန် ခေါင်းကို အားပါးတရညိတ်ပြရင်း အသေအချာ ဖြေလိုက်ပါသည်။

“ဒါပေါ့! ကျွန်မရှင့်ကို ယုံကြည်တယ်၊ ရှင်ကျိန်းသေပေါက် အောင်မြင်မှာပါ”

သူမ စကားလုံးများက လျို့ပင်းပီအတွက် အားအင်တစ်ခု ဖြစ်စေခဲ့ကာ မျက်လုံးများ အရောင်လက်သွားခဲ့သည်။ ယန်ရုန်ရုန်၏ လက်ကို ဆွဲလျက် လျို့ပင်းပီ ပြောလိုက်ပါသည်။

“ကျေးဇူးတင်ပါတယ်”

ယန်ရုန်ရုန်ကလည်း အခွင့်အရေးကိုအရယူပြီး လျို့ပင်းပီ၏ နူးညံ့သိမ်မွေ့ပြီး အေးမြသော လက်ချောင်းလေးများကို ပွတ်သပ်ကြည့်လိုက်ပါသည်။

ထိုအပြုအမူကို ရှန်းဝမ်ချင်း သတိထားမိသွားပြီး မျက်မှောင်အနည်းငယ်ကြုတ်လျက် သတိပေးလိုက်သည်။

“အရေးကြီးကိစ္စပြောဖို့အချိန်တန်ပြီ”

ရှန်းဝမ်ချင်း၏ စိတ်အခြေအနေကို လျို့ပင်းပီ ရိပ်စားမိသွားပြီး ခေတ္တဆွံ့အသွားခဲ့သည်။ ဂုဏ်သရေရှိ ရွှမ်ယွဲ့ ဓားသခင်က မိန်းကလေးအချင်းချင်းပင် သဝန်တိုရလောက်အောင် သဘောထားသေးသိမ်သူ ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့မိပါ။

သို့သော် စန်းချွမ်အတွက် သူ ဘယ်လောက်ထိ ဂရုစိုက်မှန်း သက်သေပြနေခြင်းလည်း ဖြစ်သည်။ ဓားသခင်၏ အငြှိုးအတေးကို မခံရစေဖို့အတွက် လျို့ပင်းပီလက်ကို ပြန်ရုတ်သိမ်းလိုက်ပါသည်။

“ဖူရှန်းကြေးမုံကို ကျွန်မ မျက်လုံးနဲ့ တစ်ခါမှ မမြင်ဖူးဘူး၊ အဲ့တာကြောင့် ဘယ်မှာရှိနေမှန်းလည်း သေချာမသိပါဘူး”

လျို့ပင်းပီပြောလိုက်သည်။

ယန်ရုန်ရုန် မေးလိုက်သည်။

“အဲ့တာဆို ပုံရိပ်ယောင်တွေက အဲ့ဒီကြေးမုံနဲ့ ပတ်သတ်နေတယ်ဆိုတာကို ရှင်ဘယ်လိုလုပ်သိတာလဲ”

လျို့ပင်းပီ ချက်ချင်း ရှင်းပြလိုက်ပါသည်။

“ဖမ့်လိုင်မသေမျိုးကျွန်းရဲ့ အောက်ဘက်မှာ လျှို့ဝှက်ရတနာတစ်ခုကို မြှုပ်နှံထားတယ်၊ အဲ့ဒီလျှို့ဝှက်ရတနာမှာ လုပ်ဆောင်ချက်နှစ်ခုရှိတယ်၊ တစ်ခုက ကျူးကျော်သူတွေရန်ကနေ ကျွန်းကို ကာကွယ်ပေးဖို့နဲ့ ဖူရှန်းကြေးမုံရဲ့ ပြောင်းလဲမှုတွေကို စောင့်ကြည့်ဖို့ပဲ၊ ပုံရိပ်ယောင်တွေ ပေါ်လာတဲ့အခါ အဲ့ဒီရတနာက အသိပေး အချက်ပြလေ့ရှိတယ်၊ အဲ့တာကြောင့် ဆက်စပ်မှုရှိနေနိုင်တယ်လို့ ကျွန်မတို့ သံသယဖြစ်မိတာပါ”

ရတနာက ဘာမှန်း လျို့ပင်းပီအတိအကျမပြောသဖြင့် ယန်ရုန်ရုန်နှင့် ရှန်းဝမ်ချင်းတို့လည်း နားလည်မှုဖြင့် ဆက်မမေးကြတော့ပါ။

လျို့ပင်းပီက ဆက်ပြောလိုက်သည်။

“အဲ့ဒီပုံရိပ်ယောင်ပြဿနာကို စုံစမ်းစစ်ဆေးဖို့အတွက် ပင်လယ်ပြင်ကို ကျွန်မတို့ လူတွေ လွှတ်ဖူးတယ်၊ ဒါပေမယ့် အဲ့ဒီလူတွေတစ်ယောက်မှ ပြန်ရောက်မလာခဲ့ဘူး”

ယန်ရုန်ရုန် လက်ချောင်းကိုက်ရင်း သေသေချာချာ စဉ်းစားကာ ပြောလိုက်သည်။

“သူတို့ပျောက်နေတယ်ဆိုတာနဲ့ပဲ သေပြီလို့ သတ်မှတ်လို့မရဘူး၊ ဒါပေမယ့် ဒီမှာထိုင်နေရုံနဲ့တော့ ဘာမှထူးမလာနိုင်ဘူး၊ အဲ့တာကြောင့် ကျွန်မတို့ကိုယ်တိုင် ပင်လယ်ပြင်ထဲထွက်ပြီး ကြိုးစားကြည့်ဖို့ လိုအပ်တယ်၊ ကြေးမုံဘာလို့ ရုတ်တရက် နိုးထလာတာလဲဆိုတဲ့ အကြောင်းအရင်းကိုပါ ရှာတွေ့နိုင်တယ်”

လျို့ပင်းပီ မျက်မှောင်ကြုတ်သွားခဲ့သည်။ ဒီလို အန္တရာယ်များသည့် ဆုံးဖြတ်ချက်မျိုးကို သူမ မထောက်ခံလိုပါ။

“ဖူရှန်းကြေးမုံထဲကို ရောက်သွားပြီဆိုတာနဲ့ ပြန်ထွက်ဖို့ မလွယ်ကူတော့ဘူးနော်၊ အဲ့လိုလမ်းပျောက်သွားတာနဲ့ သေတာနဲ့ ဘာကွာမှာလဲ၊ ကိုယ့်အသက်ကိုယ် လောင်းကြေးထပ်မယ့်အစား အခြားနည်းလမ်းရှာဖို့ ကျွန်မ အကြံပေးချင်တယ်”

ရှန်းဝမ်ချင်းက ဆိုသည်။

“ပုံရိပ်ယောင်ပြဿနာကို ဖြေရှင်းဖို့ ကျုပ်တို့ သဘောတူပြီးသွားပြီဆိုတော့ ဖူရှန်းကြေးမုံကိုရှာရမှာ သေချာနေပြီ၊ ပြီးတော့ စန်းချွမ်ပြောတာမှန်တယ်၊ ပျောက်သွားတယ် ဆိုတာနဲ့ပဲ သေပြီလို့ ယူဆလို့မရဘူး၊ ကျုပ်တို့ ကြိုးစားကြည့်သင့်တယ်လို့ ယုံကြည်တယ်”

ပြောပြောဆိုဆိုနှင့် ယန်ရုန်ရုန်၏ လက်ကို ရှန်းဝမ်ချင်း ဆွဲယူလိုက်ပါသည်။ လက်ချောင်းကိုက်တတ်သည့်အကျင့်ကို သူ သဘောမကျပေ။

ယန်ရုန်ရုန်ကလည်း ဒီလို ထိတွေ့မှုမျိုးကို အသားမကျသဖြင့် လက်ကို ပြန်ဆွဲယူလိုက်ပါသည်။ ရှန်းဝမ်ချင်းက အားအများကြီး သိပ်မသုံးထားသဖြင့် သူမလက်ကို ပြန်ဆွဲယူနိုင်ခဲ့ပါသည်။

သူတို့နှစ်ယောက်အကြားက အနေခက်စရာအပြုအမူများကို လျို့ပင်းပီ ရိပ်မိပါသည်။ ပထမတော့ သူတို့နှစ်ယောက် အပြန်အလှန် ချစ်မြတ်နိုးနေကြသည်ဟု လျို့ပင်းပီ ထင်ထားခဲ့သည်။ သို့သော် စန်းချွမ်၏ တုန့်ပြန်မှုများကို ကြည့်ခြင်းအားဖြင့် ရှန်းဝမ်ချင်းအပေါ် ထပ်တူညီသည့် ခံစားချက်မျိုး ရှိမနေမှန်း သိသာပါသည်။

‘စိတ်ဝင်စားစရာပဲ… ရွှမ်ယွဲ့ဓားသခင်က တစ်ဖက်သက်အချစ်ကြောင့် သူများရှေ့မှာ ဒူးထောက်နေရပါလား၊ မယုံနိုင်စရာ ကောင်းလိုက်တာ’

လျို့ပင်းပီ မသိချင်ယောင်ဆောင်ပြီး ဆက်မေးလိုက်ပါသည်။

“ကြေးမုံထဲရောက်သွားရင် ဘယ်လိုလုပ်ကြမလဲ”

ယန်ရုန်ရုန် ပြောလိုက်ပါသည်။

“အထဲရောက်ရင် သေရမယ်လို့ တပ်အပ်မှ မပြောနိုင်တာ၊ အဲ့ဒီအခွင့်အရေးကို အရယူပြီး ပုံရိပ်ယောင်တွေကို ဖျက်ဆီးပြီး ပျောက်နေတဲ့ လူတွေကိုပါ ရှာနိုင်လောက်တယ်လေ”

ဝမ်ဟဲကျစ် ဝင်ပြောလိုက်သည်။

“ခင်ဗျားပြောသလို ရိုးရှင်းပါ့မလား”

ယန်ရုန်ရုန် ပြန်ချေပလိုက်ပါသည်။

“ရှင့်မှာ ပိုကောင်းတဲ့အကြံရှိလို့လား”

ဝမ်ဟဲကျစ် တိတ်ဆိတ်သွားခဲ့သည်။

ယန်ရုန်ရုန် ဆက်ပြောလိုက်ပါသည်။

“အန္တရာယ်ရှိတာ ကျွန်မသိပါတယ်၊ ဒါပေမယ့် ကျွန်မတို့ရထားတဲ့ သဲလွန်စတွေက နည်းပါးလွန်းတယ်၊ သဲလွန်စတွေ ခြေထောက်ပေါက်ပြီး ရောက်လာမယ့် အချိန်ကိုပဲ ထိုင်စောင့်နေလို့ မဖြစ်ဘူးလေ”

လျို့ပင်းပီ မေးလိုက်သည်။

“အကယ်၍ တစ်ခုခု လွဲချော်သွားခဲ့ရင်ကော”

သူမ အတိုက်အခံလုပ်ဖို့ ကြိုးစားနေခြင်းမဟုတ်သော်လည်း ဖူရှန်းကြေးမုံ၏ စွမ်းအားက အလွန်ကြီးမားလွန်းပါသည်။ ရွှမ်ယွဲ့ဓားသခင်အတွက်ပင် မလွယ်ကူနိုင်လောက်ပေ။

ယန်ရုန်ရုန် ထိုင်ခုံတွင် ကျောမှီရင်း ငပျင်းတစ်ယောက်လို ပြောလိုက်ပါသည်။ “ဒါဆိုလည်း အဲ့ဒီနေရာမှာပဲ အားလုံး သေကြတာပေါ့”

ရှန်းဝမ်ချင်း တိုးညှင်းစွာ ဝင်ပြောလိုက်ပါသည်။

“ငါမင်းကို သေခွင့်ပေးမှာ မဟုတ်ဘူး”

ယန်ရုန်ရုန်ကတော့ ထိုကတိစကားကို အတည်မယူခဲ့ပါ။ ယောကျ်ားတစ်ဦး၏ စကားကို ယုံကြည်နေလျှင် သူမ ရူးရာ ကျပါလိမ့်မည်။

ယန်ရုန်ရုန် ဝတ်ကျေတန်းကျေပြုံးကာ ပြန်ပြောလိုက်ပါသည်။

“ကျေးဇူးပါ”

ထိုမြင်ကွင်းကို မြင်ပြီး လျို့ပင်းပီ၏ ခန့်မှန်းချက်များ ပိုသေချာသွားခဲ့လေတော့သည်။

-

ရှန်းဝမ်ချင်းနှင့် ယန်ရုန်ရုန်တို့ ပင်လယ်ပြင်ကို ကိုယ်တိုင်သွားရောက်စုံစမ်းဖို့ ဆုံးဖြတ်ခဲ့ကြသည်။ သူမ၏ ဖြောင်းဖြမှုများ မအောင်မြင်သဖြင့် လျို့ပင်းပီ လက်လျှော့လိုက်ရပါသည်။

“အရှေ့ဘက်ပင်လယ်ပြင်မှာ ညဘက်ဆို မြူတွေဆိုင်းလာတတ်တယ် အဲ့တာကြောင့် လေပေါ်ပျံသန်းဖို့က အဆင်မပြေနိုင်ဘူး၊ ရှင်တို့အတွက် ဝိညာဉ်လှေတစ်စင်း စီစဉ်ခိုင်းလိုက်ပါ့မယ်”

ယန်ရုန်ရုန် ပြုံးကာ ပြောလိုက်သည်။

“ဒါဆို သခင်မလေးကို အားကိုးပါတယ်နော်”

“ကျွန်မနာမည်အရင်းကို ခေါ်လို့ရပါတယ်”

လျို့ပင်းပီ ပြန်ပြောလိုက်ပါသည်။

“ဒါဆို ကျွန်မကိုလည်း စန်းချွမ်လို့ ခေါ်လို့ရပါတယ်”

“ဟုတ်ပါပြီ”

ပုံမှန်ဆို ပင်လယ်ကမ်းခြေတွင် မှောင်ရီပျိုးလာတိုင်း ညဈေးများ၊ အပျော်စီး လှေများဖြင့် စည်ကားသိုက်မြိုက်လေ့ ရှိသည်။ သို့သော် လူတွေ မကြာခဏ ပျောက်ဆုံးလာမှုကြောင့် ကျွန်းသားများလည်း ထိတ်လန့်တကြား ဖြစ်ခဲ့ရသည်။ ညအချိန်ရောက်လျှင် အိမ်ထဲမှာသာ တံခါးပိတ်နေတတ်ကြပြီး ပင်လယ်ပြင်နား မကပ်ရဲကြတော့ပေ။

ယန်ရုန်ရုန်နှင့် ရှန်းဝမ်ချင်းတို့ ကမ်းခြေကို ရောက်သောအခါ ဗလာကျင်းဖြစ်နေသည့် ဆိပ်ကမ်းနှင့် ထူထဲလှသည့် မြူခိုးမြူငွေ့များဖုံးလွှမ်းနေသော ပင်လယ်ပြင်ကြီးကို မြင်လိုက်ရပါသည်။

လျို့ပင်းပီက ညဘက် အပြင်မထွက်နိုင်သဖြင့် ဝမ်ဟဲကျစ်ကိုသာ စေလွှတ်ပြီး ဝိညာဉ်လှေတစ်စင်း စီစဉ်ခိုင်းခဲ့ပါသည်။ လှေက သေးငယ်သဖြင့် ပင်လယ်လေပြင်းတစ်ချက် တိုက် ခတ်လိုက်ရုံနှင့် လွင့်ထွက်သွားမလားဟုပင် ထင်ရသည်။

ယန်ရုန်ရုန်၊ ရှန်းဝမ်ချင်းနှင့် လျို့လန်တို့ လှေပေါ်အတူ တက်လိုက်ကြပါသည်။

လှေက လှော်တက်မလိုအပ်ဘဲ အလိုလျောက် ရွေ့လျားနိုင်စွမ်းရှိပြီး အကာအကွယ် အခင်းအကျင်းတစ်ခု စီမံထားသဖြင့် သာမန်ပင်လယ်လှိုင်းများကြောင့် ထိခိုက်နိုင်မည် မဟုတ်ပေ။

ကမ်းပေါ်တွင် ကျန်ခဲ့သည့် ဝမ်ဟဲကျစ် လှမ်းအော်ပြောလိုက်ပါသည်။

“ကျွန်တော် ဒီမှာပဲ စောင့်နေမယ်နော်၊ အားလုံး ဘေးကင်းကြပါစေ”

ယန်ရုန်ရုန် လက်ပြကာ နှုတ်ဆက်လိုက်သည်။

“နောက်မှတွေ့မယ်!”

ပင်လယ်ပြင်တစ်ခုလုံးကို မြူခိုးမြူငွေ့များက ဖုံးလွှမ်းထားသဖြင့် မျက်စိတစ်ဆုံး အမှောင်ထုသာ ရှိသည်။ လှေဦးတွင် ချိတ်ထားသည့် မီးအိမ်လေးမှ ဝါကျင်ကျင်အလင်းရောင်ဖျော့ဖျော့မှာ တစ်ပေခန့် အကွာအဝေးကိုသာ အလင်းရောင် ပေးနိုင်စွမ်း ရှိပါသည်။

ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲမှ အဆောင်စက္ကူတစ်ရွက်ကို ထုတ်လိုက်ပြီး မီးအိမ်ပေါ် ကပ်လိုက်သည်။ ချက်ချင်းဆိုသလို မီးအိမ်လေး၏ အလင်းရောင်က အဆပေါင်းများစွာ ပိုမိုတောက်ပလာခဲ့ပါသည်။

ထို့အပြင် မီးအိမ်မှထွက်လာသော အလင်းရောင်မှာ အဝါရောင်တစ်မျိုးတည်း မဟုတ်တော့ဘဲ အနီရောင်၊ အစိမ်းရောင် စသည်ဖြင့် အရောင်မျိုးစုံပြောင်းလဲလာပြီး တစ်ခါတရံ ပတ်ချာလည်နေတတ်သေးသည်။

အသဲချဲ့စက်သာ ပါမည်ဆိုလျှင် နိုက်ကလပ်ဘ်တစ်ခုဟုပင် ထင်စရာကောင်းပါလိမ့်မည်။

All Chapters