အခန်း (၇၄)
Vol. 8 Ch. 74
ယန်ရုန်ရုန် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
“ဒါကျွန်မအသစ်စက်စက် တီထွင်ထားတဲ့ ‘ခွေးကို မျက်လုံးကန်းစေတဲ့ အဆောင်’တဲ့၊ မမိုက်ဘူးလား!”
ရှန်းဝမ်ချင်း: “…”
ဆရာတစ်ဦးအနေဖြင့် တပည့်ဖြစ်သူ၏ စိတ်အားထက်သန်မှုကို ဖျက်လိုဖျက်ဆီး မလုပ်ချင်ပါ။ ထို့ကြောင့် ရှန်းဝမ်ချင်း ခက်ခက်ခဲခဲ စဉ်းစားကာ အကြံတစ်ခု ပေးလိုက်ပါသည်။
“နာမည်က နည်းနည်းရှည်နေတယ်”
ယန်ရုန်ရုန် နှစ်ခါမတွေးဘဲ ချက်ချင်း ပြန်ပြင်လိုက်သည်။
“အဲ့တာဆိုလည်း အတိုချုန်းအနေနဲ့ ခွေးကန်းအဆောင်လို့ပဲ ခေါ်ကြတာပေါ့”
ရှန်းဝမ်ချင်း တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်သော်လည်း စကားလုံးရှာမရခဲ့ပါ။ သူဆိုလိုသည့်သဘောက ဒီလို မဟုတ်ပေ။
ထိုစဉ် ယန်ရုန်ရုန် နောက်ထပ် အဆောင်စက္ကူတစ်ရွက် ဆွဲထုတ်လိုက်ပါသည်။
“ဒီအဆောင်ကိုတော့ ‘နားကွဲစေသော တိတ်ဆိတ်မှုအဆောင်’လို့ ခေါ်တယ်၊ ဒီအဆောင်ကို သုံးလိုက်ရင် နားပင်းနေတဲ့ လူတစ်ယောက်တောင် မိုးချုန်းသံလို ကျယ်လောင်တဲ့ သီချင်းသံတွေ ကြားရလိမ့်မယ်၊ ဒီအဆောင်ကို ခွေးကန်းအဆောင်နဲ့ တွဲသုံးလိုက်ရင် ဒစ္စကိုဘုရင်ကြီး ချက်ချင်းဖြစ်သွားမှာသေချာတယ်! စမ်းကြည့်ချင်လား”
ထိုအဆောင်ကို ရှန်းဝမ်ချင်း ချက်ချင်းမှတ်မိသွားပါသည်။ အကြီးအကဲယုလီကို သူမ နောက်ပြောင်ဖို့ အသုံးပြုခဲ့သည့် အဆောင်ဖြစ်သည်။ ထို့ကြောင့် ရှန်းဝမ်ချင်း မဆိုင်းမတွ ငြင်းဆန်လိုက်ပါသည်။
“မလိုပါဘူး ကျေးဇူးပါ”
ယန်ရုန်ရုန် စိတ်မပျက်ခဲ့ပါ။ ထို့အစား ရောင်စုံအဆောင်စက္ကူများကို အထပ်လိုက် ဆွဲထုတ်ပြလိုက်သည်။
“ကျွန်မဆီမှာ အဆောင်စက္ကူအသစ်တွေ အများကြီးရှိတယ်၊ တစ်ခုချင်းစီရဲ့ အာနိသင်က မတူဘူး၊ အရမ်းစိတ်ဝင်စားဖို့ကောင်းတာ!”
မျှော်လင့်ချက်ပြည့်ဝနေသော မျက်လုံးများ၊ လူယုတ်မာအပြုံးနှင့် မသမာသော လေသံတို့ကြောင့် ယန်ရုန်ရုန်၏ ပုံစံက လမ်းမပေါ် တရားမဝင် လူကြီးကားရောင်းနေသော ဈေးသည်တစ်ယောက်နှင့် တူနေပါသည်။
ရှန်းဝမ်ချင်း၏ မျက်နှာကတော့ ခံစားချက်မဲ့နေဆဲပင်၊ နှလုံးသားကလည်း သံမဏိပမာ မာကျောနေပြီး စိတ်မဝင်စားစွာ ပြန်ပြောလိုက်သည်။
“ငါ ဘာမှ မလိုအပ်ဘူး”
ယန်ရုန်ရုန် အနားတိုးလာပြီး ဖြောင်းဖြလိုက်ပါသည်။
“တစ်ခုလောက်ပဲ စမ်းကြည့်စမ်းပါ၊ ကျပန်းတစ်ခုရွေးလိုက်၊ နော်”
သူမ၏ နူးညံ့ချိုမြိန်သော အသံလေးကြောင့် ရှန်းဝမ်ချင်း နှလုံးသားများ အလွန်ယားယံသွားခဲ့သည်။
ဉာဏ်ရည်များ ရုတ်တရက် ကျဆင်းကာ စဉ်းစားဆင်ခြင်နိုင်စွမ်းလည်း မရှိတော့ပေ။ ဝိညာဉ်ပူးကပ်ခံထားရသည့် လူတစ်ယောက်ကဲ့သို့ ရှန်းဝမ်ချင်း အဆောင်စက္ကူများထဲမှ တစ်ရွက်ကို လှမ်းယူလိုက်ပါသည်။
သူအသိစိတ်ပြန်ကပ်လာချိန်တွင်တော့ အရာအားလုံး နောက်ကျသွားခဲ့ပါပြီ။
‘အလှအပက လူကို လမ်းမှားရောက်စေသည်’ဟူသော ရှေးလူကြီးများ၏ စကားမှာ မှန်ကန်လွန်းပါသည်။
ယန်ရုန်ရုန်ကတော့ ရှန်းဝမ်ချင်းကို နောင်တရချိန်ပင် မပေးခဲ့ပါ။ သူရွေးချယ်လိုက်သည့် အဆောင်စက္ကူကို သူ့ရင်ဘတ်ပေါ် ချက်ချင်း ကပ်ပေးလိုက်ပါသည်။
ရှန်းဝမ်ချင်း ငုံ့ကြည့်လိုက်ရာ သူ့ရင်ဘတ်ပေါ်က အဆောင်စက္ကူလေး ရွှေရောင်အလင်းတန်းများ ဖြာထွက်သွားပြီး ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပါသည်။ သူ့ခန္ဓာကိုယ်ကို အာရုံစူးစိုက်ကာ စစ်ဆေးကြည့်ခဲ့သော် လည်း ဘာပြောင်းလဲမှုကိုမှ မခံစားခဲ့ရပါ။
သို့သော် ယန်ရုန်ရုန်ကတော့ သူ့ခေါင်းပေါ်ကိုသာ စိုက်ကြည့်နေလေသည်။ ရှန်းဝမ်ချင်းလည်း ခေါင်းမော့ကြည့်လိုက်ပါသည်။ သို့သော် အပေါ်မှာ ဘာမှမရှိပေ။
သူ့ခေါင်းပေါ်ကို လက်ဖြင့် ကိုင်ကြည့်သော်လည်း ဘာမှ မခံစားခဲ့ရပေ။
ရှန်းဝမ်ချင်း ဇဝေဇဝါဖြစ်စွာ မေးလိုက်ပါသည်။
“မင်းဘာတွေကြည့်နေတာလဲ”
ယန်ရုန်ရုန် ပါးစပ်အုပ်လျက် တခိခိ ရယ်မောလိုက်သည်။ မျက်လုံးများကလည်း အကြံအစည်အောင်မြင်သွားသော မြေခွေးတစ်ကောင်ကဲ့သို့ မှေးစင်းသွားခဲ့ပါသည်။
“မပြောပြဘူး”
ထိုအဆောင်စက္ကူ၏အမည်က ‘အတွေးပေါ်အဆောင်’ဖြစ်ပြီး လူတစ်ယောက်အတွေးများကို တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုများတွင် တွေ့ရတတ်သည့် ကောမန့်များကဲ့သို့ ခေါင်းပေါ်တွင် ပေါ်လာအောင် စွမ်းဆောင်ပေးနိုင်သည့် အာနိသင်မျိုး ရှိပါသည်။
ထိုအဆောင်စက္ကူကို အသုံးပြုပြီးနောက် ရှန်းဝမ်ချင်း၏ ခေါင်းပေါ်တွင် ကောမန့်စာကွက်တစ်ခု ပေါ်လာခဲ့ပြီး ထိုစာကွက်ထဲ သူ့စိတ်ကူးအတွေးများက စာသားအနေဖြင့် ပေါ်လာခဲ့ပါသည်။
ထိုစာကွက်များကို ယန်ရုန်ရုန်တစ်ဦးတည်းသာ မြင်နိုင်သည်။
အမှန်တော့ ရှန်းဝမ်ချင်း၏ ကျင့်ကြံခြင်းအဆင့်နှင့်သာဆို ယန်ရုန်ရုန်၏ အဆောင်စက္ကူများက အလုပ်ဖြစ်မှာ မဟုတ်ပါ။
သို့သော် သူကိုယ်တိုင် ရွေးချယ်လိုက်ခြင်းဖြစ်သဖြင့် ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ပဲ ကြီးမားနေပါစေ အဆောင်စက္ကူ၏ အာနိသင့်ကို ဟန့်တားနိုင်မည် မဟုတ်ပေ။
ယခု ရှန်းဝမ်ချင်း၏ ခေါင်းပေါ်တွင် ဝဲပျံနေသည့် စာသားတစ်ကြောင်းကို ယန်ရုန်ရုန် မြင်နေရပါသည်။
[သူပြုံးလိုက်ရင် အရမ်းချစ်ဖို့ကောင်းတာပဲ]
စာသားအနောက်တွင် ရှက်ကိုးရှက်ကန်းဖြစ်နေသည့် အီမိုဂျီလေးပင် ပါပါသေးသည်။
ယန်ရုန်ရုန် မအောင့်နိုင်တော့ဘဲ အရယ်လွန်ပြီး တံတွေးပင်သီးသွားခဲ့ပါသည်။
‘အဟွတ် အဟွတ် အဟွတ်!’
ရှန်းဝမ်ချင်းက သူမကျောပြင်ကို အညင်အသာ ပုတ်ပေးကာ မေးလိုက်သည်။ “အဆင်ပြေရဲ့လား”
ယန်ရုန်ရုန် သူ့လက်ကို တွန်းထုတ်လိုက်သည်။
“ကျွန်မ… အဟွတ်… ဘာမှမဖြစ်ပါဘူး”
[ဟင်… ချောင်းဆိုးနေတာတောင် ဘာလို့ ချစ်ဖို့ကောင်းနေရတာလဲ]
ယန်ရုန်ရုန် သူ့ကို နားလည်ရခက်စွာ ကြည့်လိုက်ပါသည်။ အေးစက်တည်ငြိမ်သည့် ရွှမ်ယွဲ့ ဓားသခင်က သူမ၏ အမာခံ ပရိတ်သတ်တစ်ယောက်ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ခဲ့မိပေ။
သူ့ခေါင်းပေါ် စန်းချွမ်ထပ်ကြည့်နေမှန်း မြင်သဖြင့် ရှန်းဝမ်ချင်း မေးလိုက်ပြန်သည်။
“ငါ့ခေါင်းပေါ်မှာ ဘာရှိလို့လဲ”
ယန်ရုန်ရုန် ချက်ချင်း ခေါင်းခါလိုက်ပါသည်။
“ဘာမှမရှိပါဘူး”
စန်းချွမ် အမှန်အတိုင်း မပြောသဖြင့် ရှန်းဝမ်ချင်း ဇဝေဇဝါဖြစ်နေခဲ့ရသည်။ သို့သော် သူမ စိတ်ရှုပ်သွားမည်စိုးသဖြင့် ဆက်မမေးတော့ပါ။ ထိုစဉ် ယန်ရုန်ရုန် စာသားအသစ်တစ်ကြောင်းကို မြင်လိုက်ရပါသည်။
[လိမ်နေတာတောင် ချစ်ဖို့ကောင်းလိုက်တာ]
ယန်ရုန်ရုန်: “…”
သူမ မျက်နှာကိုသူမ အုပ်ထားလိုက်မိပါသည်။
‘ဒီလူ ကယ်မရတော့ဘူး၊ ဆေးမမီတဲ့အဆင့်ကို ရောက်နေပြီ!’
--- --- ---
အားလုံး သတိမထားမိလိုက်ချိန်တွင် ဝိညာဉ်လှေက ပင်လယ်ပြင်၏ အလယ်တည့်တည့်သို့ ရောက်ရှိလာခဲ့ပါပြီ။
ဆိပ်ကမ်းကို မမြင်ရတော့ဘဲ လှေပတ်လည်တွင် မြူခိုးမြူငွေ့များဆိုင်းနေသည်ကိုသာ မြင်နေရပါသည်။ ထိုစဉ် မျက်စိလျှင်သည့် လျို့လန်က ရုတ်တရက် ပြောလိုက်ပါသည်။
“ဟိုမှာ ဘာကြီးလဲ”
ယန်ရုန်ရုန်နှင့် ရှန်းဝမ်ချင်းတို့ လျို့လန် ညွှန်ပြသည့်အရပ်ကို ပြိုင်တူ ကြည့်လိုက်ကြသည်။
ထူထဲလှသည့် မြူခိုးမြူငွေ့များအကြား အနက်ရောင်အရိပ်ကြီးတစ်ခုကို မြင်နေရပါသည်။ ရှန်းဝမ်ချင်း လှေကို ထိန်းချုပ်လိုက်ပြီး ထိုအရိပ်ကြီးဆီ တန်းတန်းမတ်မတ် မောင်းသွားခဲ့သည်။
အကွာအဝေး နီးကပ်လာသည်နှင့်အမျှ အရိပ်ကြီးကလည်း တဖြည်းဖြည်း ထင်ရှားလာခဲ့သည်။ ထိုအရိပ်ကြီးနားသို့ ရောက်ရှိသွားသောအခါ သင်္ဘောပျက်ကြီးတစ်စင်း ဖြစ်နေမှန်း မြင်လိုက်ရပါသည်။
ပျက်စီးယိုယွင်းနေသည့် သင်္ဘောကြီးကို ကြည့်ရင်း ယန်ရုန်ရုန့် စိတ်ထဲ ကြည့်ဖူးခဲ့သည့် သရဲသင်္ဘော ဇာတ်ကားများစွာမှ ဇာတ်ဝင်ခန်းများနှင့် ပြည့်နှက်သွားခဲ့လေသည်။ ဆန်းကြယ်ပြီး ကြက်သီးထစရာကောင်းသည့် ကြောက်မက်ဖွယ်ရာ သင်္ဘောပျက်ကြီးထဲ လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေမှာ သေချာပါသည်။
ရှန်းဝမ်ချင်း နတ်အာရုံကို အသုံးပြုပြီး သင်္ဘောကြီးပေါ်က အခြေအနေကို စစ်ဆေးဖို့ ကြိုးစားလိုက်ပါသည်။ သို့သော် ဘာမှ မမြင်ခဲ့ရပါ။
ယန်ရုန်ရုန်ကို သူမေးလိုက်သည်။
“ငါတို့ သွားကြည့်သင့်လား”
ယန်ရုန်ရုန် ခေါင်းညိတ်လိုက်သည်။
“အင်း”
သင်္ဘောပျက်ကြီးက မသင်္ကာစရာကောင်းမှန်း သိရဖို့ နှစ်ခါပြန်စဉ်းစားစရာ မလိုပါ။ သင်္ဘောပျက်ကြီးပေါ် ရောက်သွားလျှင် ပျောက်ဆုံးနေသည့် လူတွေလိုပဲ သူတို့လည်း ပျောက်ကွယ်သွားနိုင်ပါသည်။
သို့သော် ကျားဂူထဲမဝင်ဘဲ ကျားပေါက်ကို ရှာတွေ့နိုင်မှာ မဟုတ်ပေ။
ရှားဝမ်ချင်းနှင့် ယန်ရုန်ရုန်တို့ ဓားပျံစီးရင်း သင်္ဘောပျက်ကြီးပေါ်သို့ တက်လာခဲ့ကြသည်။ ဝိညာဉ်လှေကို ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲ သိမ်းဆည်းခဲ့ပါသည်။
သင်္ဘောကြီးက အလွန် စုတ်ပြတ်ဟောင်းနွမ်းနေသည်။ ယန်ရုန်ရုန် ခြေတစ်လှမ်းသာ လှမ်းရသေးချိန် ဆွေးမြေ့နေသည့် သစ်သားပြားပေါ် နင်းမိပြီး ခြေကျွံကာ ဟန်ချက်ပျက်သွားခဲ့ပါသည်။
သို့သော် သူမလက်ကို ရှန်းဝမ်ချင်း အချိန်မီ လှမ်းဆွဲပေးခဲ့သည်။ ယန်ရုန်ရုန် ကျေးဇူးတင်ဖို့ နောက်ပြန်လှည့်ကြည့်လိုက်သောအခါ သူ့ခေါင်းပေါ် ပျံသန်းနေသည့် စာသားတစ်ခုကို မြင်လိုက်ရပါသည်။
[ပြင်ညီကြမ်းပြင်ပေါ်မှာတောင် ခလုတ်တိုက်ရတယ်လို့… ချစ်ဖို့ကောင်းလိုက်တာ]
ယန်ရုန်ရုန် မကျေမနပ် ကာကွယ်ပြောဆိုလိုက်ပါသည်။
“ကြမ်းခင်းကြီးက ကျိုးနေတာလေ! ကျွန်မ ပြင်ညီကြမ်းပြင်ပေါ်မှာ ချော်လဲတာ မဟုတ်ဘူး!”
ရှန်းဝမ်ချင်း ကြက်သေသေသွားခဲ့သည်။
သူဘာမှမပြောရသေးသော်လည်း စန်းချွမ်က သူ့အတွေးကို သိနေပါသည်။ ခုနက သူမ ပေးခဲ့သည့် အဆောင်စက္ကူအကြောင်း ပြန်တွေးမိပြီး ရှန်းဝမ်ချင်း သံသယဝင်လာခဲ့သည်။
ရှန်းဝမ်ချင်းခေါင်းပေါ်တွင် စာသားအသစ်တစ်ခုကို ယန်ရုန်ရုန် မြင်လိုက်ရပါသည်။
[အဲ့ဒီအဆောင်က ငါ့အတွေးတွေကို သူမြင်နိုင်အောင်လုပ်ပေးတာကိုး]
အဖြစ်မှန်ကို ရှန်းဝမ်ချင်း ဒီလောက်မြန်မြန် နားလည်သွားလိမ့်မည်ဟု ယန်ရုန်ရုန် မထင်ခဲ့မိပေ။
သူမ လိပ်ပြာမလုံစွာ နှာခေါင်းပွတ်ရင်း ရှင်းပြလိုက်ပါသည်။
“စိတ်မပူပါနဲ့ အဲ့ဒီအဆောင်မှာ အချိန်အကန့်အသတ် ရှိတယ်၊ ၂၄ နာရီ ပြည့်ရင် အာနိသင်ပြယ်သွားလိမ့်မယ်”
ရှန်းဝမ်ချင်း စိတ်ဆိုးသွားလိမ့်မည်ဟု ယန်ရုန်ရုန် ထင်ထားသည်။ လူတိုင်းမှာ လျှို့ဝှက်ချက်များ ကိုယ်စီရှိကာ ဘယ်သူကမှ ကိုယ့်အတွင်းရေးကို ချိုးဖောက်ခံချင်မှာ မဟုတ်ပါ။
သို့သော် ရှန်းဝမ်ချင်းကတော့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောခဲ့ပါသည်။
“ကိစ္စမရှိပါဘူး”
ယန်ရုန်ရုန် သူ့ခေါင်းပေါ် မော့ကြည့်လိုက်ရာ စာသားအသစ်တစ်ကြောင်းကို မြင်လိုက်ရသည်။
[ဒီလိုဆိုလည်း မဆိုးပါဘူး]
ယန်ရုန်ရုန့်ခေါင်းထဲ မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်သွားခဲ့သည်။
‘ဘယ်လိုအရူးက ဒီအခြေအနေကို ‘မဆိုးပါဘူး’လို့ တွေးမှာလဲ!’