← Chapters

အခန်း (၇၅)

Vol. 8 Ch. 75

အခန်း (၇၅)

Vol. 8 Ch. 75

ရှန်းဝမ်ချင်း ချက်ချင်းဆိုသလို အကျိုးအကြောင်း ရှင်းပြလိုက်ပါသည်။

“ရှေ့မှာ အန္တရာယ်တွေနဲ့ ကြုံလာရနိုင်တယ်၊ ပါးစပ်နဲ့ ဆက်သွယ်လို့ အဆင်မပြေနိုင်တဲ့ အခြေအနေမျိုးတွေ ရောက်လာနိုင်တယ်လေ၊ အဲ့တာကြောင့် မင်းငါ့အတွေးတွေကို မြင်နေတယ်ဆိုရင် အသံထွက်စရာမလိုဘဲ အချင်းချင်း ဆက်သွယ်လို့ ရတာပေါ့”

ယန်ရုန်ရုန်လည်း သဘောပေါက် နားလည်သွားခဲ့ပါသည်။

‘အဲ့တာကြောင့်ကိုး!’

ရှန်းဝမ်ချင်းက အရာရာကို ကြိုတင်စဉ်းစားထားပြီးသားဖြစ်သည်။

သို့သော် ယန်ရုန်ရုန်ကတော့ ကိုယ့်အပေါ်ကိုယ် ထိုအဆောင်မျိုးသုံးဖို့ အစီအစဉ်မရှိပါ။ သူမ အတွေးတွေကို သူများတွေ မြင်နေရသည့် ခံစားချက်ကြီးက အတော်ဆိုးရွားပါလိမ့်မည်။

ကံကောင်းစွာဖြင့် ရှန်းဝမ်ချင်းက ဖိအားမပေးခဲ့ပေ။

မတော်တဆ ဆက်မဖြစ်စေဖို့အတွက် ရှန်းဝမ်ချင်းရှေ့မှ ဦးဆောင်ကာ နတ်အာရုံကို အသုံးပြုလိုက်ပါသည်။

သို့သော် တစ်ခဏပင် မကြာလိုက်ပင် ရှန်းဝမ်ချင်း မျက်မှောင်ကြုတ်သွားခဲ့ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။

“ငါ့နတ်အာရုံကို ထုတ်သုံးလို့မရဘူး”

ယန်ရုန်ရုန်လည်း နတ်အာရုံကို ထုတ်သုံးဖို့ ကြိုးစားကြည့် သည်။ သို့သော် မအောင်မြင်ခဲ့ပါ။ ထို့အပြင် ဝိညာဉ်စွမ်းအင်များကိုလည်း မသုံးနိုင်တော့ဘဲ ချန့်ခွင်းအိတ်တွေကိုပါ ဖွင့်လို့မရတော့မှန်း သိလိုက်ရသည်။

ယခု သူတို့အခြေအနေက သာမန်လူသားများနှင့် မခြားနားတော့ပေ။

ယန်ရုန်ရုန် ရင်ထဲ လေးလံလာခဲ့သည်။

“ဒီသင်္ဘောပျက်ကြီးကြောင့်များလား”

ရှန်းဝမ်ချင်းလည်း ထိုနည်းလည်းကောင်း တွေးမိသည်။ သင်္ဘောပျက်ကြီးပေါ်တွင် ဝိညာဉ်စွမ်းအင် သုံးမရအောင် ဟန့်တားထားသည့် အတားအဆီးအချို့ ရှိကောင်း ရှိနေနိုင်ပါသည်။

ရုတ်တရက်ဆိုသလို နှစ်ယောက်စလုံး အမြင်တွေ ဝေဝါးသွားခဲ့ကြသည်။

မျက်စိတစ်မှိတ်အချိန်အတွင်း သင်္ဘောကြီးပေါ်၌ လူပေါင်းများစွာ ပေါ်လာခဲ့သည်။ ဖုန်အလိမ့်လိမ့် တက်နေခဲ့သော ကုန်းပတ်ကြီးကလည်း အသစ်စက်စက်အဖြစ် အသွင်ပြောင်းလဲသွားခဲ့ပြီး အဖြူရောင် ရွက်ကြီးများကို လွှင့်လျက် အလှဆင်မီးအိမ်များစွာကလည်း လင်းလက် တောက်ပလာခဲ့ပါသည်။

ယန်ရုန်ရုန် ခြေကျွံကျခဲ့သည့် ကြမ်းခင်းအပေါက်ကြီးမှာပင် ပြန်လည် သစ်လွင်သွားခဲ့ပါသည်။

သာယာငြိမ့်ညောင်းလှသော ဗြတ်စောင်းသံလေးများ ထွက်ပေါ်လာခဲ့ပြီး ကုန်းပတ်ပေါ်တွင် ပညာသင်သားများစွာက သေရည်များ သုံးဆောင်လျက် ကဗျာလင်္ကာများ ရေးဖွဲ့နေကြသည်။

လက်ချင်းချိတ်ဆွဲထားသည့် မိန်းကလေးနှစ်ယောက်က ယန်ရုန်ရုန့်ဘေးမှ ဖြတ်သွားခဲ့ပါသည်။ နှစ်ယောက်သား စကား ပြောရင်း လမ်းလျှောက်နေကြပြီး ရံဖန်ရံခါ ရယ်သံသဲ့သဲ့ကိုပင် ကြားနိုင်လေသည်။

ယန်ရုန်ရုန် ခေါင်းအနည်းငယ် စောင်းလိုက်သောအခါ ထိုမိန်းကလေးနှစ်ယောက် ဖြတ်သွားစဉ်က ကျန်ရစ်ခဲ့သည့် မွှေးရနံ့ သဲ့သဲ့လေးကို ရနေပါသည်။

အရာအားလုံးက အစစ်အမှန် ဆန်လွန်းလှသည်။

ယန်ရုန်ရုန် မနေနိုင်ဘဲ မေးမြန်းလိုက်ပါသည်။

“ဒါတွေအကုန်လုံး ပုံရိပ်ယောင်တွေလား”

ရှန်းဝမ်ချင်း တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။

“အင်း”

ယန်ရုန်ရုန် ဆက်မေးလိုက်သည်။

“သူတို့ရဲ့ သရုပ်မှန်ကို မြင်ရလား”

ရှန်းဝမ်ချင်း မမြင်ရကြောင်း ခေါင်းခါပြလိုက်သည်။

ယန်ရုန်ရုန် ရင်ထဲ ဆူးနင့်သွားခဲ့သည်။ မဟာအောင်မြင်ခြင်းအဆင့် ရှိနေသည့် ရှန်းဝမ်ချင်းပင် ထိုပုံရိပ်ယောင်များ၏ အသွင်အစစ်အမှန်ကို မမြင်နိုင်ပါ။

ဒါကိုကြည့်ခြင်းအားဖြင့် ထိုပုံရိပ်ယောင်များကို ထိန်းချုပ်ထားသည့်လူ၏ စွမ်းအားက သူတို့ထက် အများကြီး သာလွန်နေမှန်း သိနိုင်ပါသည်။

သို့သော် ဒီကို ရောက်ရှိနေကြပြီဖြစ်သဖြင့် လက်ချည့်ဗလာနှင့်တော့ ပြန်သွားလို့ မဖြစ်ပေ။

ယန်ရုန်ရုန် ထိုသို့စဉ်းစားနေစဉ် အနီရောင်တောက်တောက် ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက် ထွက်လာသည်။

ထိုအမျိုးသမီးက ခပ်ဝိုင်းဝိုင်း ပိုးသားယပ်တောင်ကို ကိုင်ဆောင်ရင်း ယန်ရုန်ရုန်နား ချဉ်းကပ်လာကာ နွေးနွေးထွေး ထွေး ပြုံးပြလိုက်ပါသည်။ ထိုအမျိုးသမီးထံမှလည်း ခပ်စူးစူး မွှေးရနံ့တစ်ခုကိုလည်း ရရှိနေပါသည်။

“ရှင်တို့နှစ်ယောက်ကို မမြင်ဖူးဘူး၊ ဒီကို ပထမဆုံး လာဖူးကြတာလား”

ထိုအမျိုးသမီး၏ မျက်နှာကို မြင်သောအခါ ယန်ရုန်ရုန် သိသိသာသာ မှင်သက်သွားခဲ့သည်။ ထိုအမျိုးသမီးကို တစ်နေရာရာမှာ မြင်ဖူးနေသလိုလို ရှိသော်လည်း တစ်ချိန်တည်းမှာပင် အလွန်သူစိမ်းဆန်နေသလို ခံစားရပါသည်။ ထိုခံစားချက်ကြီးက ထူးဆန်းလှသည်။

ကမ္ဘာကြီးအကြောင်း မသိနားမလည်သည့် လူတစ်ယောက်ပုံစံဖြင့် ရှန်းဝမ်ချင်းနောက်တွင် ယန်ရုန်ရုန် ဝင်ပုန်းလိုက်သည်။ ထို့နောက် ဘေးပတ်လည်ကို သေချာ အကဲခတ်လျက် တိုးညှင်းစွာ မေးလိုက်ပါသည်။

“ဒါဘယ်နေရာကြီးလဲဟင်၊ ရှင်က ဘယ်သူလဲ၊ ကျွန်မတို့ ဒီကို ဘယ်လိုရောက်လာတာလဲ”

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက ယန်ရုန်ရုန်တို့လို လူမျိုးတွေနှင့် အများကြီး ကြုံတွေ့ဖူးသကဲ့သို့ အပြုံးများ ပိုနက်ရှိုင်းသွားခဲ့လေသည်။

“ကျွန်မကို ဟုံနျန်ကျစ်လို့ ခေါ်လို့ရပါတယ်၊ ကျွန်မတို့ရဲ့ ချန်းရီဖန့် အပျော်စီးသင်္ဘောပေါ်ကို ရောက်လာတဲ့ ဧည့်သည်တိုင်းက အရမ်း စိတ်ကျေနပ် ပျော်ရွှင်သွားကြတယ်၊ သေရည်အတွက်ကော၊ စားကောင်းသောက်ဖွယ်ရာတွေ အတွက်ကော၊ ရွှေငွေ လက်ဝတ်ရတနာတွေအတွက်ကော၊ မိန်းမလှလေးတွေ အတွက်ကော ဘာမှ စိတ်ပူစရာမလိုဘူး၊ ကျွန်မတို့ဆီမှာ အများကြီးရှိတယ်၊ ဒီမှာနေရတာ သဘောကျလွန်းလို့ အိမ်ကိုတောင် မေ့လျော့သွားစေရမယ်လို့ ကျွန်မ အာမခံတယ်!”

ထိုသို့ပြောပြီးနောက် နှုတ်ခမ်းကို ယပ်တောင်ဖြင့် အုပ်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါသည်။

ဘေးပတ်လည်ကို ယန်ရုန်ရုန် စိတ်ဝင်တစား လှည့်ကြည့်လိုက်သော်လည်း ထပ်စုံစမ်းဖို့ ကြောက်ရွံ့နေခဲ့သည်။ ထိုအခြေအနေကို မြင်ပြီး ဟုံနျန်ကျစ် ရှေ့တိုးလာကာ ယန်ရုန်ရုန်၏ လက်ကို ဆွဲလျက် အပြုံးဖြင့် ပြောလိုက်သည်။

“မကြောက်ပါနဲ့ ညီမလေးရဲ့၊ ချန်းရီဖန့် သင်္ဘောကြီးမှာ ဘာအန္တရာယ်မှ မရှိပါဘူး၊ ဒီမှာ လူဆိုးတွေလည်း မရှိဘူး၊ အစ်မနဲ့အတူ လိုက်ခဲ့၊ ကမ္ဘာမြေပေါ်မှာ ကောင်းကင်ဘုံ တကယ်ရှိနေတယ်ဆိုတာကို ယုံကြည်သွားစေရမယ်”

ဒီသင်္ဘောကြီးပေါ်မှာ ဘာတွေဖြစ်နေသလဲ ယန်ရုန်ရုန် အမှန်တကယ် သိချင်နေပါသည်။ ထို့ကြောင့် သူမ မငြင်းခဲ့ဘဲ ဟုံနျန်ကျစ်ခေါ်ဆောင်ရာ နောက်သို့ လိုက်သွားခဲ့လေသည်။

ယန်ရုန်ရုန်၏ အကြံအစည်ကို ရှန်းဝမ်ချင်း နားလည်သွားပြီး သူလည်း နောက်မှ တိတ်တဆိတ် လိုက်လာခဲ့ပါသည်။

သင်္ဘောအတွင်းပိုင်းသို့ မဝင်ခင် ယန်ရုန်ရုန် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ဟုံနျန်ကျစ် အမြန်မေးလိုက်ပါသည်။

“ဘာဖြစ်လို့လဲ”

ယန်ရုန်ရုန် ခက်ခက်ခဲခဲ စဉ်းစားလိုက်လေသည်။

“ကျွန်မတစ်ခုခု မေ့နေသလိုခံစားရတယ်”

ဟုံနျန်ကျစ် ရယ်မောလိုက်ပြီး နှစ်သိမ့်ပေးလိုက်ပါသည်။

“မေ့တောင်သွားတယ်ဆိုတော့ အရေးမကြီးတဲ့ကိစ္စပဲနေမှာပေါ့၊ အထဲအရင် ဝင်ကြရအောင်ပါ”

ယန်ရုန်ရုန် ထပ်စဉ်းစားကြည့်သော်လည်း ဘာမှ မမှတ်မိတော့ပါ။ ထို့ကြောင့် ရွေးချယ်စရာမရှိတော့ဘဲ ပြဿနာကို ခေတ္တ မေ့ထားလိုက်ရပါသည်။

သင်္ဘောအတွင်းပိုင်းတွင် အလွန်လှပသည့် ကချေသည်သုံးဦးက စင်တစ်ခုပေါ်မှာ ကပြဖျော်ဖြေနေကြပြီး ရုပ်ရည်ချောမော ပြေပြစ်သည့် ဗြတ်စောင်းတီးခတ်သူတစ်ဦးကလည်း သံစဉ်များကို စည်းချက်ညီစွာ တီးခတ်ပေးနေပါသည်။

စင်အောက်တွင်တော့ ဧည့်သည်တော်များက သေရည်ခွက်ချင်းတိုက်ရင်း ပျော်ပျော်ရွှင်ရွှင် စကားပြောဆိုနေကြသည်။ စားပွဲတိုင်းတွင် စားကောင်းသောက်ဖွယ်များ၊ အကောင်းစား သေရည်များဖြင့် ပြည့်နှက်နေပြီး အစားအသောက်မျာ၏ မွှေးရနံ့ကလည်း သင်းပျံ့လျက်ရှိပါသည်။

ဟုံနျန်ကျစ်က ယန်ရုန်ရုန်တို့ ထိုင်ဖို့အတွက် စားပွဲအလွတ်တစ်လုံး ရှာပေးလိုက်ပြီး သူတို့အတွက် ကိုယ်တိုင် သေရည် ငှဲ့ပေးလိုက်ပါသည်။

“ဒီမှာ ဘာမှ အားနာစရာမလိုဘူးနော်၊ စားချင်တာစား၊ လုပ်ချင်တာလုပ်လို့ရတယ်”

ယန်ရုန်ရုန် တိုးညှင်းစွာ မေးလိုက်ပါသည်။

“ဒီမှာ ဘာလုပ်လုပ် တကယ် အဆင်ပြေတယ်လား”

ဟုံနျန်ကျစ် အပြုံးဖြင့် ပြန်ပြောလိုက်ပါသည်။

“ဒါပေါ့”

“ဒါဆို… ဒီမှာ မကောင်းတာတစ်ခုခု လုပ်ရင်တောင် ဘာမှမဖြစ်ဘူးလား”

ဟုံနျန်ကျစ် အပြုံးမပျက်ပေ။

“ဟုတ်ပါတယ်၊ ဒီနေရာမှာ လူသတ်မှု ကျူးလွန်ရင်တောင် ဘာမှမဖြစ်နိုင်ဘူး”

သူမ အသံက နူးညံ့သိမ်မွေ့နေသော်လည်း ယန်ရုန်ရုန့် နားထဲမှာတော့ အလွန်ကျောချမ်းစရာ ကောင်းနေပါသည်။

သူမစကားတွေထဲ ယန်ရုန်ရုန် ဟာကွက်ရှာဖွေဖို့ ကြိုးစားလိုက်သည်။

“ဒါပေမယ့် ခုနကပြောတော့ ဒီမှာ လူဆိုးတွေ မရှိဘူးဆို”

ဟုံနျန်ကျစ်က ပြန်မေးလိုက်ပါသည်။

“လူသတ်မိတာနဲ့ပဲ လူဆိုးဖြစ်သွားကောလား”

ယန်ရုန်ရုန် ပြန်မေးလိုက်သည်။

“…ဖြစ်သွားတယ် မဟုတ်ဘူးလား”

ဟုံနျန်ကျစ် စကားလမ်းကြောင်းလွှဲလိုက်သည်။ သေရည်ခွက်နှစ်ခွက်ကို သူတို့ရှေ့သို့ တွန်းပို့ပေရင်း စိတ်အားထက်သန်စွာ ရှင်းပြလိုက်ပါသည်။

“ဒီသေရည်ကို ဟွမ်လျန့်သေရည်လို့ခေါ်တယ်၊ ကျွန်မတို့ ချန်းရီဖန့် သင်္ဘောကြီးပေါ်မှာပဲ ရှိတဲ့ ထိပ်တန်းအရည်အသွေး သေရည်တစ်မျိုးပါ၊ ဒီကို လာတဲ့ ဧည့်သည်တော်မှန်သမျှ မြည်းစမ်းကြည့်သင့်တယ်၊ ဒီအရသာကို ရှင်တို့ သဘောကျသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်”

သူမရှေ့က သေရည်ခွက်ကို ယန်ရုန်ရုန် စိုက်ကြည့်လိုက်ပါသည်။

သေရည်ခွက်ထဲရှိ သေရည်က အလွန်ကြည်လင်တောက်ပနေပြီး မွှေးပျံ့သည့် သေရည်ရနံ့ကလည်း နှာခေါင်းထဲ တိုးဝင်လာကာ ယန်ရုန်ရုန် အနည်းငယ်ပင် မူးဝေသွားခဲ့သည်။

ယန်ရုန်ရုန် စိတ်တည်ငြိမ်အောင်ထားဖို့ ခေါင်းခါယမ်းလိုက်သည်။ သူမ သေရည်ကို ထိပင် မထိရသေးဘဲ ဘာကြောင့် အနည်းငယ် မူးဝေလာသလဲ နားမလည်နိုင်ပါ။

ဒီသေရည်နှင့် တစ်ခုခုသက်ဆိုင်နေမှာ သေချာပါသည်။

ယန်ရုန်ရုန် စိတ်ကိုရှင်းအောင်ထားကာ ယဉ်ယဉ်ကျေးကျေး ငြင်းဆန်လိုက်ပါသည်။

“စိတ်မရှိပါနဲ့၊ ကျွန်မ မသောက်တတ်လို့ပါ”

ရှန်းဝမ်ချင်းကလည်း ငြင်းဆန်လိုက်ပါသည်။

“ကျုပ်လည်း မသောက်တတ်ဘူး”

သူတို့နှစ်ယောက် ငြင်းလိုက်သည်နှင့်တစ်ပြိုင်တည်း မကြာသေးခင်ကမှ သီဆိုကခုန်သံများနှင့် စည်စည်ညံနေခဲ့သည့် အခန်းတစ်ခန်းလုံး ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ တိတ်ဆိတ်လွန်းသဖြင့် ပင်အပ်ကျသံကိုပင် ကြားနိုင်လေသည်။

ကချေသည်များက အကကို ရပ်တန့်လိုက်ကြပြီး ဗြတ်စောင်းတီးခတ်သူများကလည်း တီးခတ်နေသည်ကို ရပ်တန့်လိုက်ကြပါသည်။ ဧည့်သည်တော်များ၏ စကားပြောသံများလည်း ရပ်တန့်သွားခဲ့ပြီး အားလုံး ယန်ရုန်ရုန်နှင့် ရှန်းဝမ်ချင်းတို့ကို တစ်ပြိုင်တည်း လှည့်ကြည့်လာကြသည်။

အားလုံးက အမူအရာချင်းလည်းတူ၊ မျက်နှာထားချင်းလည်းတူ၊ အကြည့်ချင်းလည်း တူညီနေကြသည်။

အလွန်ကြက်သီးထစရာကောင်းသည့် အခြေအနေပင်။

ယန်ရုန်ရုန် ကျောပြင်တစ်လျှောက် ကြက်သီးမွေးညှင်းများထသွားခဲ့ပြီး ခက်ခက်ခဲခဲ ရှင်းပြလိုက်ပါသည်။

“ကျွန်မ ငယ်ငယ်လေးကတည်းက သေရည်နဲ့ ဓာတ်မတည့်ဘူးလေ၊ သေရည်သောက်လိုက်ရင် တစ်ကိုယ်လုံး အဖုအပိန့်တွေ ထွက်လာတတ်လို့၊ အရေးပေါ်အခြေအနေဆိုရင် အဖျားကြီးပြီး သတိပါလစ်သွားတတ်တယ်”

ဟုံနျန်ကျစ်၏ မျက်နှာပေါ်မှ အပြုံး ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။ ယန်ရုန်ရုန်ကို စူးစူး စိုက်ကြည့်လျက် တင်းမာနေသော လေသံဖြင့် ပြောလိုက်ပါသည်။

“ဟွမ်လျန့်သေရည်က အပြင်လောက,က သေရည်တွေနဲ့ တခြားစီပဲ၊ ရှင့်ကို နေထိုင်မကောင်းဖြစ်စေမှာ မဟုတ်ဘူး၊ စိတ်ရွှင်သွားအောင်ပဲ လုပ်ပေးမှာ၊ ကျွန်မပြောတာ မယုံရင် စမ်းသောက်ကြည့်လိုက်လေ”

All Chapters