အခန်း (၇၆)
Vol. 8 Ch. 76
ဟုံနျန်ကျစ် ညာဘက်လက်ဖြင့် သေရည်ခွက်ကို ကိုင်ရင်း ယန်ရုန်ရုန့် နှုတ်ခမ်းရှေ့ထိရောက်အောင် တေ့ပေးလိုက်သည်။ သူမ လက်သည်းများက ကြက်သွေးရောင် တောက်နေပါသည်။
သူမ အပြုအမူကို ကြည့်ခြင်းအားဖြင့် ယန်ရုန်ရုန်ကို ငြင်းဆန်ခွင့်ပြုမှာမဟုတ်မှန်း သိသာသည်။
ဒီသေရည်ကို လုံးဝသောက်လို့မဖြစ်မှန်း ယန်ရုန်ရုန်နှင့် ရှန်းဝမ်ချင်းတို့လည်း နားလည်ကြပါသည်။ သောက်မိလျှင် သူတို့လည်း ယခင်တုန်းက ပျောက်ဆုံးသွားခဲ့ဖူးသူတွေလိုပဲ အဆုံးသတ်သွားလိမ့်မည်။
ယန်ရုန်ရုန် ကြောက်ရွံ့သွားသည့် ပုံစံမျိုး ဟန်ဆောင်လိုက်ပြီး ပြန်ပြောလိုက်ပါသည်။
“အဲ့လို မလုပ်ပါနဲ့ ကျွန်မကြောက်လို့ပါ၊ ကျွန်မကို ခွက်ပေး၊ ကျွန်မ ဖာသာ သောက်လိုက်မယ်”
ယန်ရုန်ရုန့်လက်ထဲ သေရည်ခွက်ထည့်ပေးလိုက်ပြီးနောက် ဟုံနျန်ကျစ် မျက်တောင်မခတ် စိုက်ကြည့်နေသည်။ သူမ လည်ချောင်းထဲ သေရည်မရောက်မချင်း အလျှော့ပေးမှာ မဟုတ်သည့် ပုံစံမျိုးပင်။
ယန်ရုန်ရုန် သေရည်ခွက်ကို ကိုင်ရင်း သောက်တော့မည့်ပုံစံဖြင့် ခေါင်းငုံ့လိုက်ပါသည်။ ထို့နောက် ဘေးမှာ ထိုင်နေသည့် ရှန်းဝမ်ချင်းကို ခိုးကြည့်လိုက်သည်။
ရှန်းဝမ်ချင်း ဘာမှမပြောသော်လည်း သူ့ခေါင်းပေါ်မှာ စာသားတစ်ကြောင်း ပေါ်နေလေသည်။
[သေရည်ကို သွန်ပစ်လိုက်]
ယန်ရုန်ရုန် တစ်စက္ကန့်ပင် မတွန့်ဆုတ်ဘဲ သေရည်ကို ကြမ်းပြင်ပေါ် ချက်ချင်း သွန်ချပစ်လိုက်ပါသည်။
ကြမ်းပြင်ပေါ် သေရည်များ စိုရွှဲသွားလေသည်။ ထိုလုပ်ရပ်ကြောင့် ဟုံနျန်ကျစ်တစ်ယောက်တည်းသာမကဘဲ အခန်းထဲရှိ လူတိုင်း အမျက်ဒေါသကြီးမားသွားခဲ့သည်။
အားလုံး ပြိုင်တူ မတ်တပ်ရပ်လိုက်ကြပြီး ယန်ရုန်ရုန့်ထံ ဒေါသတကြီး ပြေးလွှားလာကြသည်။
အနီးဆုံးမှာရှိနေသည့် ဟုံနျန်ကျစ်က သူမ လက်သည်းများဖြင့် ယန်ရုန်ရုန့်မျက်လုံးကို ထိုးစိုက်ပစ်ဖို့ ရွယ်လိုက်ပါသည်။ ယန်ရုန်ရုန်လည်း အမြန်ရှောင်လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ရှန်းဝမ်ချင်း ဓားကိုထုတ်လိုက်သည်။ ဝိညာဉ်စွမ်းအင်များ အသုံးမချနိုင်သော်လည်း သာမန်ဓားသိုင်းကိုတော့ သူတတ်ကျွမ်းနေပါသေးသည်။
ဝူနျန်ဓားကို ကိုင်ဆောင်ရင်း လေကို ထက်ဝက်ပိုင်းချပစ်လိုက်သည်။ လျှင်မြန်လွန်းသဖြင့် လေထုထဲတွင် ပုံရိပ်များပင် ကျန်ခဲ့သလို ခံစားရပါသည်။
ထိုဓားချက်တစ်ချက်ကြောင့် ဟုံနျန်ကျစ်၏ ညာဘက်လက် ချက်ချင်း ပြတ်ထွက်သွားခဲ့ကာ ပဲ့တင်သံထပ်အောင် စူးစူးဝါးဝါး အော်ဟစ်လိုက်ပါသည်။
သို့သော် သိပ်မကြာလိုက်ဘဲ သူမလက် ပြန်ပေါက်လာခဲ့သည်။ ပြန်ပေါက်လာသည့် လက်က အသားမပါသည့် အဖြူရောင် အရိုးသက်သက်ပင်။
ယန်ရုန်ရုန်ကို အငြှိုးအတေးကြီးစွာကြည့်ရင်း သူမ ခြိမ်းခြောက်လိုက်သည်။
“နင့်ကို သတ်ပစ်မယ်!”
ထို့နောက် ယန်ရုန်ရုန်ကို ခုန်အုပ်ဖို့ ကြိုးစားပြန်သည်။
ယန်ရုန်ရုန် ဆွံ့အသွားခဲ့ရသည်။
‘သူ့လက်ကို ဖြတ်လိုက်တာ ရှန်းဝမ်ချင်းလေ! ဘာလို့ ငါ့ကိုပဲ ပစ်မှတ်ထားနေတာလဲ!”
ယန်ရုန်ရုန်ကို တိုက်ခိုက်ဖို့ ကြိုးစားသူတိုင်းအား ရှန်းဝမ်ချင်းဓားဖြင့် ခုခံခဲ့သည်။ သူတို့နှစ်ယောက် ခုခံရင်း ခြေလှမ်းများ နောက်ဆုတ်နေကြသဖြင့် မကြာမီ ကုန်းပတ်ပေါ်သို့ ပြန်ရောက်လာခဲ့ကြပါသည်။
သို့သော် ကုန်းပတ်ပေါ်မှ လူတွေကလည်း ဟုံနျန်ကျစ်ကဲ့သို့ပင် ပြောင်းလဲသွားခဲ့ပါပြီ။ အားလုံး၏ မျက်လုံးများက တစ်စုံတစ်ခု ပူးကပ်ခံထားရသကဲ့သို့ ချောက်ချားစရာ ကောင်းလွန်းနေသည်။
ယန်ရုန်ရုန်တို့ ထွက်မပြေးနိုင်အောင် သူတို့အားလုံး ဝန်းရံတားဆီးလိုက်ကြသည်။
လွတ်လမ်းတစ်ခု ရှာဖွေဖို့အတွက် ရှန်းဝမ်ချင်း၏ တိုက်ကွက်များက ပိုမို ကြမ်းကြုတ်လာခဲ့ပါသည်။ သူတို့နား ကပ်လာသူတိုင်းကို လည်ပင်းတည့်တည့်သို့ ဓားဖြင့် ထိုးစိုက်ပစ်ခဲ့သည်။
သို့သော် တစ်စုံတစ်ခု ပုံမှန်မဟုတ်သည်ကို ရှန်းဝမ်ချင်း သတိထားမိခဲ့ပါသည်။
သူသတ်ပစ်လိုက်သည့် လူများက သိပ်မကြာဘဲ အသက်ပြန်ဝင်လာခဲ့ကြသည်။ အသက်ပြန်ဝင်လာရုံတင်မကဘဲ ယခင်ကထက်ပင် ပိုမို သန်မာလာကြသည်။ လျှင်မြန်မှုနှင့် ခွန်အားများက အဆပေါင်းများစွာ တိုးတက်လာကြပါသည်။
ထို့ကြောင့် ယန်ရုန်ရုန်နှင့် ရှန်းဝမ်ချင်းတို့၏ အခြေအနေက အန္တရာယ်ပိုများလာခဲ့သည်။ ရန်သူများက မသေဆုံးနိုင်သည့် မကောင်းဆိုးဝါးများဖြစ်သော်လည်း သူတို့နှစ်ယောက်ကတော့ အသွေးနှင့်အသားနှင့် သာမန်လူသားများ ဖြစ်နေပါသည်။
ဒီတိုင်းသာ ဆက်သွားလျှင် သူတို့အရေးနိမ့်တော့မှာ သေချာသည်။
ရန်သူများကို တိုက်ခိုက်ရင်း ယန်ရုန်ရုန်လည်း နည်းလမ်းတစ်ခု အမြန်စဉ်းစားနေပါသည်။ ထိုစဉ် ရှန်းဝမ်ချင်းက ရုတ်တရက် ခေါ်လိုက်သည်။
“စန်းချွမ်”
ယန်ရုန်ရုန် နောက်လှည့်ကြည့်လိုက်ရာ ရှန်းဝမ်ချင်း ခေါင်းပေါ်က စာသားကို မြင်လိုက်ရသည်။
[သူတို့ကို အာရုံလွှဲပေးထားမယ်၊ မင်း သင်္ဘောပေါ်က ခုန်ချလိုက်]
ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမအတွက် ကိစ္စမရှိသော်လည်း ရှန်းဝမ်ချင်း အန္တရာယ်တောထဲ ကျရောက်သွားပါလိမ့်မည်။
ယန်ရုန်ရုန်၏ စိတ်ကို သိနေသည့်အလား ရှန်းဝမ်ချင်းခေါင်းပေါ်တွင် စာသားအသစ်တချို့ ပေါ်လာခဲ့ပြန်သည်။
[စိတ်မပူပါနဲ့၊ ငါ့ဖာသာ ငါ အထိခိုက်မရှိ လွတ်မြောက်နိုင်တဲ့ နည်းလမ်းရှိသေးတယ်]
ထိုစာသားကို မြင်ခါမှ ယန်ရုန်ရုန် ခေါင်းညိတ်လိုက်ပါသည်။ ရန်သူများကို ရှန်းဝမ်ချင်း ဘယ်လိုအာရုံလွှဲမလဲဟု ယန်ရုန်ရုန် စဉ်းစားနေစဉ် ရှန်းဝမ်ချင်း ဟာကွက်တစ်ခု ပေါ်သွားသဖြင့် ဟုံနျန်ကျစ် တိုက်ခိုက်ဖို့ အခွင့်အရေး ရသွားခဲ့သည်။
ဟုံနျန်ကျစ်က သူမ၏ လက်သည်းကြီးဖြင့် ရှန်းဝမ်ချင်း၏ လက်ဖမိုးကို ကုတ်ဖဲ့ပစ်လိုက်ပါသည်။ ရှန်းဝမ်ချင်းလက်မှ အနီရောင်တောက်တောက် သွေးစက်များ ပန်းထွက်လာပြီး ကြမ်းပြင်ပေါ် ပက်စင်သွားခဲ့သည်။
သွေးစက်များကို မြင်သောအခါ မကောင်းဆိုးဝါးများ ချက်ချင်းဆိုသလို ပိုမို ကြမ်းကြုတ်ခက်ထန်သွားခဲ့ပါသည်။ ယန်ရုန်ရုန်ကို သူတို့ စိတ်မဝင်စားတော့ဘဲ ရှန်းဝမ်ချင်းကိုသာ အစုလိုက်အပြုံလိုက် တိုက်ခိုက်ဖို့ ကြိုးစားကြပါသည်။
ရှန်းဝမ်ချင်း အားနည်းသွားချင်ယောင် ဆောင်လိုက်ပြီး အခြားတစ်ဖက်သို့ ထွက်ပြေးသွားခဲ့သည်။ မကောင်းဆိုးဝါးများကလည်း သူ့နောက် ပြေးလိုက်ကြပါသည်။
ထို့ကြောင့် ယန်ရုန်ရုန် ထွက်ပြေးဖို့ အခွင့်အရေးရသွားခဲ့သည်။ ကုန်းပတ်အစွန်းသို့ သူမပြေးသွားပြီ အောက်သို့ ခုန်ချဖို့ ကြိုးစားလိုက်ပါသည်။
ထိုစဉ် ဟုံနျန်ကျစ်က သူမ ဆံပင်ကို ဆွဲကာ အနောက်သို့ ပြန်ဆွဲခေါ်လိုက်သည်။
ထို့နောက် အလွန်ရှုံ့တွကြမ်းကြုတ်နေသော မျက်နှာဖြင့် သူမ ခြိမ်းခြောက်လိုက်ပါသည်။
“ထွက်ပြေးဖို့ မကြံနဲ့!”
သူမကို ဒီအမျိုးသမီးဘာကြောင့် ပစ်မှတ်ထားနေရသလဲ ယန်ရုန်ရုန် နားမလည်နိုင်ပါ။ သို့သော် စဉ်းစားဖို့ အချိန်မရှိဘဲ ယန်ရုန်ရုန် ဝူဝမ့်ဓားကိုထုတ်ကာ ဆံပင်တွေကို ဖြတ်ပစ်လိုက်တော့သည်။ အနက်ရောင် ဆံချည်မျှင်များ လေထဲ ဝဲပျံသွားခဲ့ပါသည်။
ယန်ရုန်ရုန် သင်္ဘောအောက်သို့ ပြုတ်ကျသွားသည်ကို ဟုံနျန်ကျစ် ဒီအတိုင်း စိုက်ကြည့်နေခဲ့ရပါသည်။
ရေပြင်နှင့် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် အေးစက်မှုကို မခံစားရခင် ယန်ရုန်ရုန်၏အမြင်အာရုံများ အမှောင်ကျသွားခဲ့သည်။ ကမ္ဘာကြီးက ရုတ်တရက် တိတ်ဆိတ်သွားခဲ့ပြီး သူမ အာရုံတွေ မူးဝေသွားခဲ့တော့သည်။
ယန်ရုန်ရုန် သတိပြန်လည်လာသောအခါ ဝိညာဉ်လှေပေါ် ပြန်ရောက်နေပါပြီ။ အဝတ်အစားများက ခြောက်သွေ့နေပြီး ဆံနွယ်ရှည်များကလည်း အကောင်းအတိုင်း ရှိနေဆဲပင်။
သူမ တင်ပလ္လင်ခွေကာ ထိုင်လျက်သား ရှိနေပြီး သူမဘေးမှာတော့ ရှန်းဝမ်ချင်း လှဲလျောင်းနေပါသည်။ သူ့မျက်လုံးများ ပိတ်နေပြီး နက်နက်ရှိုင်းရှိုင်း အိပ်ပျော်နေသကဲ့သို့ မလှုပ်မယှက် ငြိမ်သက်နေခဲ့ပါသည်။
သူ့ကို ယန်ရုန်ရုန် အကြိမ်ကြိမ် ခေါ်နှိုးသော်လည်း နိုးမလာခဲ့ပေ။
သူမ ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ အရာရာကို မြူခိုးမြူငွေ့များက ဖုံးလွှမ်းထားပါသည်။ ချန်းရီဖန့်ဟူသည့် သင်္ဘောကြီးကိုလည်း မတွေ့ရတော့ပါ။
သူမတို့ သင်္ဘောပေါ်မှာ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်တိုင်းက အိပ်မက်တစ်ခုလိုပင်။ ယခု သူမ ပြန်လည်နိုးထလာပြီ ဖြစ်ကာ လက်တွေ့ကမ္ဘာဆီ ပြန်ရောက်လာခဲ့ပါပြီ။
သို့သော် ရှန်းဝမ်ချင်းကတော့ မနိုးသေးပေ။
‘ချန်းရီဖန့် သင်္ဘောပေါ်ကနေ သူ လွတ်မလာသေးလို့များလား’
ယန်ရုန်ရုန်တို့ ဝိညာဉ်လှေလေးက ပင်လယ်ပြင်ပေါ်မှာ အထီးကျန်စွာ မျောလွင့်နေခဲ့သည်။ မြူခိုးမြူငွေ့များအကြား ဘာကိုမှ မမြင်နိုင်သလို ဘာကိုမှ မကြားနိုင်ပါ။ လူသားကမ္ဘာကြီးက သူမတို့နှင့် အဝေးဆုံးကို ရောက်နေသလို ခံစားရသည်။
ရှေ့ကလူကို ယန်ရုန်ရုန် စိုက်ကြည့်လိုက်ပါသည်။ အဖြူရောင်ဝတ်ရုံရှည်များကို ဝတ်ဆင်ထားသည့် ရှန်းဝမ်ချင်း တိတ်တဆိတ် လှဲလျောင်းနေခဲ့သည်။
ရှည်လျားလှသော သူ့မျက်တောင်များအောက်တွင် အရိပ်ကလေးထင်နေပြီး အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံသော သူ့မျက်နှာက ညအမှောင်ထဲမှာ တောက်ပနေပါသည်။ ကြည့်မဝနိုင်အောင် ရှိလှသည့် ဂန္ထဝင် အနုပညာလက်ရာတစ်ခုလိုပင်။
ပုံမှန်ဆို လူတွေကို ကြောက်ရွံ့သွားစေသည့် အေးတိအေး စက် အရှိန်အဝါမျိုး သူ့မှာ ရှိနေတတ်သည်။ သို့သော် ယခု သူ့မျက်လုံးတွေကို မှိတ်ထားသောအခါ ထိုအေးတိအေးစက် အရှိန်အဝါများ ပျောက်ကွယ်သွားခဲ့ပြီး ယခင်ကထက် အများကြီး နူးညံ့သိမ်မွေ့သွားသည့်ပုံစံ ပေါက်နေပါသည်။
ယန်ရုန်ရုန် ရင်နာသွားခဲ့သည်။ သူမအတွက် နဂါးရိုးကို ရှာဖွေပေးဖို့ ဖမ့်လိုင်ကျွန်းသို့ ရှန်းဝမ်ချင်း ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူမကြောင့်သာ မဟုတ်လျှင် ယခုအချိန် စွမ်းအားအကြီးမားဆုံး ဓားသိုင်းကျင့်ကြံသူအဖြစ် ရပ်တည်နေဦးမှာ ဖြစ်သော်လည်း ယခုတော့ သေသလား ရှင်သလား မသိရသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရပါသည်။
သူမကြောင့် ရှန်းဝမ်ချင်း ဒုက္ခရောက်ခဲ့ရသည်။
ရှန်းဝမ်ချင်း၏ ခေါင်းကို အသာအယာမ,လိုက်ပြီး သူမ ပေါင်ပေါ်တင်ပေးကာ နားခိုစေခဲ့ပါသည်။ ထို့နောက် အဆုံးမဲ့ မြူခိုးမြူငွေ့များကို ငေးကြည့်ရင်း ယန်ရုန်ရုန် တီးတိုး ရေရွတ်လိုက်သည်။
“ကျွန်မတို့ ဘာဆက်လုပ်ရတော့မလဲ”
ထိုစဉ် အဝေးတစ်နေရာမှ မှိန်ပျပျ အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ မျက်စိလျှင်သည့် ယန်ရုန်ရုန် ချက်ချင်း သတိထားမိသွားပြီး စိတ်အားထက်သန်သွားခဲ့ပါသည်။
‘တစ်ယောက်ယောက် လာနေတာလား!’
ထိုမီးရောင် တဖြည်းဖြည်း နီးကပ်လာသောအခါ နောက်ထပ် ဝိညာဉ်လှေတစ်စင်းဖြစ်မှန်း ယန်ရုန်ရုန် မြင်လိုက်ရပါသည်။ ထိုလှေလေးပေါ်တွင် ပါလာသူက သူစိမ်းတစ်ယောက်မဟုတ်ဘဲ မကြာသေးခင်ကမှ သူမတို့ နှုတ်ဆက်ခဲ့သည့် ဝမ်ဟဲကျစ်ပဲ ဖြစ်သည်။
လှေပေါ်မှာ မီးအိမ်ငယ်လေးကို ကိုင်ရင်း ဝမ်ဟဲကျစ် မတ်တပ်ရပ်နေပါသည်။ ယန်ရုန်ရုန် မြင်ခဲ့သည့် အလင်းရောင်ကလည်း ထိုမီးအိမ်လေးမှ ဖြာထွက်နေသည့်ပုံစံပင်။
ယန်ရုန်ရုန် အလွန်အံ့အားသင့်သွားခဲ့ရသည်။
“ရှင်ပြောတော့ ကျွန်မတို့ကို ဆိပ်ကမ်းမှာပဲ စောင့်နေမယ်ဆို၊ ဘာလို့ လိုက်လာခဲ့တာလဲ”