အခန်း (၇၇)
Vol. 8 Ch. 77
ယန်ရုန်ရုန်ကို မြင်လိုက်ရသဖြင့် ဝမ်ဟဲကျစ်လည်း ဝမ်းသာသွားပုံရသည်။
“ခင်ဗျားတို့ တစ်ခုခုဖြစ်နေမှာ စိတ်ပူလို့ လိုက်လာခဲ့တာလေ၊ တည်နေရာအတိအကျကို မသိတော့ ဒီတိုင်း ဦးတည်ရာမဲ့ ကံစမ်းခဲ့ရတာ၊ တကယ်ကြီး ရှာတွေ့သွားမယ် ထင်မထားဘူး”
ထို့နောက် ဝိညာဉ်လှေပေါ်တွင် မလှုပ်မယှက်လှဲလျောင်းနေသည့် ရှန်းဝမ်ချင်းကို ကြည့်ကာ ဝမ်ဟဲကျစ် အမြန်မေးလိုက်ပါသည်။
“ဓားသခင် ဘာဖြစ်သွားတာလဲ”
ယန်ရုန်ရုန် သက်ပြင်းချလိုက်ပြီး သင်္ဘောပျက်ကြီးပေါ်တွင် ကြုံတွေ့ခဲ့ရသည့် ပုံရိပ်ယောင် အဖြစ်အပျက်များကို ပြန်ပြောပြလိုက်ပါသည်။
ဝမ်ဟဲကျစ် သုံးသပ်လိုက်ပါသည်။
“ကျွန်တော်လည်း ချန်းရီဖန့် သင်္ဘောကြီးအကြောင်း အရင်က ကြားဖူးတယ်၊ အရင်တုန်းက အရှေ့ပင်လယ်ပြင်မှာ နာမည်အကြီးဆုံး အပျော်စီး သင်္ဘောကြီးလေ၊ ကမ္ဘာတစ်ဝှမ်းက ခရီးသွားပေါင်းများစွာက အဲ့ဒီ သင်္ဘောကြီးပေါ် တက်ရဖို့ မိုင်ပေါင်းသောင်းနဲ့ချီပြီး ခရီးနှင်လာတတ်ကြတယ်”
“ကံမကောင်းစွာနဲ့ ပင်လယ်ပြင်မှာ ကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး သင်္ဘောတစ်စင်းလုံး မြှုပ်သွားခဲ့တာ၊ သင်္ဘောပေါ်က လူတွေ သေသွားပြီးနောက်ပိုင်း ဖူရှန်းကြေးမုံရဲ့ စုပ်ယူခြင်းကို ခံလိုက်ရတဲ့ပုံစံပဲ၊ အခု ဖူရှန်းကြေးမုံကြီးက သူတို့ရဲ့အသွင်တွေကို ပုံရိပ်ယောင်အဖြစ် ဖန်ဆင်းပြီး လူတွေကို မျှားခေါ်နေတာဖြစ်နိုင်တယ်”
ဝမ်ဟဲကျစ်၏ သုံးသပ်မှုက အဓိပ္ပာယ်ရှိသည်ဟု ယန်ရုန်ရုန် ထင်မိပါသည်။ ဒါ့ကြောင့်လည်း ထိုပုံရိပ်ယောင်များက အလွန်စစ်မှန်နေသည်ဟု ခံစားခဲ့ရခြင်း ဖြစ်နိုင်သည်။ အားလုံးက အမှန်တကယ် တည်ရှိခဲ့ဖူးသည့် လူတွေဖြစ်နေခြင်းကြောင့်ပင်။
ဝမ်ဟဲကျစ် ဆက်ပြောလိုက်ပါသည်။
“ခင်ဗျား ပုံရိပ်ယောင်တွေဆီက လွတ်မြောက်လာတယ်ဆိုတော့ ချန်းရီဖန့်သင်္ဘောကြီးပေါ်က အောင်အောင်မြင်မြင် ထွက်လာနိုင်ခဲ့တဲ့သဘောပဲ၊ ကံမကောင်းစွာနဲ့ ဓားသခင်ကတော့ လွတ်မြောက်ခဲ့ပုံမရဘူး၊ အဲ့တာကြောင့် သူ့ဝိညာဉ် ကျန်ရစ်ခဲ့ပြီး အခုလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ပုံစံ ဖြစ်နေတာ၊ အခုလက်ရှိ သူ့အခြေအနေက ဝိညာဉ်လွင့်နေတဲ့ ပုံစံမျိုးပဲ၊ သူ့ကို ပြန်နိုးလာစေချင်ရင် သူ့ဝိညာဉ်ကို ပြန်ခေါ်ရလိမ့်မယ်”
ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဆရာ့ဝိညာဉ်ကို ပြန်ခေါ်ဖို့ ဘာလုပ်ရမှာလဲ”
ဝမ်ဟဲကျစ်က ယုံကြည်ချက် အပြည့်ဖြင့် ပြုံးလိုက်ပါသည်။
“ကျွန်တော့်မှာ ဝိညာဉ်ခေါ်အမွှေးတိုင်ရှိတယ်၊ အဲ့ဒီ အမွှေးတိုင်ကို မီးညှိလိုက်မယ်ဆိုရင် ဓားသခင်ရဲ့ ဝိညာဉ်က ပြန် လမ်းကိုရှာတွေ့ပြီး သူ့ခန္ဓာကိုယ်ဆီ ပြန်ရောက်လာလိမ့်မယ်”
ထို့နောက် သူ့အိတ်ကပ်ထဲမှ မီးခိုးနက်ရောင် အမွှေးတိုင်တစ်တိုင်ကို ထုတ်ပေးလိုက်ပါသည်။ ယန်ရုန်ရုန် အလွန်အံ့အားသင့်သွားခဲ့သည်။ ဟဲဝမ်ကျစ်လက်ထဲ ဘာကြောင့် ဒီလိုရတနာမျိုး ရှိနေသလဲ သူမ နားမလည်ပါ။
ထိုအမွှေးတိုင်ကို ယန်ရုန်ရုန် လှမ်းယူလိုက်သည်။ လက်မ အရွယ်ခန့်သာရှိသော်လည်း အတော်လေးလံပါသည်။ အမွှေးတိုင်ကို သူမ မျက်နှာအနား ကပ်လိုက်ရာ ထူးထူးဆန်းဆန်း မွှေးရနံ့တစ်ခုကို ရလိုက်သည်။
ဘာကြောင့်မှန်းမသိဘဲ ထိုရနံ့က အလွန်ရင်းနှီးနေပါသည်။
‘ဒီရနံ့မျိုး ဘယ်မှာရဖူးပါလိမ့်…’
ဝမ်ဟဲကျစ်ပြောလိုက်သည်။
“ဖယောင်းတိုင်နဲ့ မီးညှိလိုက်ပါ”
ဝိညာဉ်လှေဦးပိုင်းတွင် မီးအိမ်တစ်လုံးကို ချိတ်ဆွဲထားပြီး အထဲတွင် ဖယောင်းတိုင်တစ်တိုင် ရှိနေပါသည်။ ထိုမီးအိမ်နှင့် လက်ထဲက အမွှေးတိုင်တို့ကို ယန်ရုန်ရုန် ခေါက်တုံ့ခေါက်ပြန် ကြည့်နေမိသည်။
ရှန်းဝမ်ချင်းကိုကယ်တင်ဖို့ သူမ အမြန်ဆုံး အမွှေးတိုင်ထွန်းသင့်သော်လည်း သူမရင်ထဲ အလွန်ထူးဆန်းသည့် ခံစားချက်တစ်ခုကို ခံစားနေရသည်။
သူမ တစ်ခုခု မေ့နေတာလား…
ချန်းရီဖန့် သင်္ဘောကြီးပေါ်မှာလည်း ထိုခံစားချက်မျိုး သူမ ခံစားခဲ့ရသည်။
လေးလေးနက်နက် စဉ်းစားကြည့်သောအခါ သူမ ခေါင်းထဲ စူးစူးရှရှ နာကျင်သွားခဲ့ပါသည်။ ဧရာမ လက်ကြီးတစ်ဖက်က သူမဆက်မတွေးနိုင်အောင် ခေါင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့်အလား အလွန်နာကျင်နေရသည်။
ကြက်သေသေနေသည့် ယန်ရုန်ရုန်ကိုကြည့်ရင်း ဝမ်ဟဲကျစ် အမြန်ပြောလိုက်ပါသည်။
“ဘာလို့ မီးမညှိသေးတာလဲ၊ ဝိညာဉ်နဲ့ ခန္ဓာအကြာကြီးဝေးကွာနေရင် ဓားသခင် ပြန်နိုးလာနိုင်တော့မှာ မဟုတ်ဘူးနော်”
ယန်ရုန်ရုန် နဖူးကိုကိုင်ရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ကျွန်မ နေလို့မကောင်းဘူး၊ ခေါင်းတွေ အရမ်းကိုက်နေတယ်”
ဝမ်ဟဲကျစ် စိုးရိမ်ပူပန်စွာ မေးလိုက်ပါသည်။
“ခင်ဗျား နေမကောင်းဘူးလား၊ ကျွန်တော့်မှာ ခေါင်းကိုက်သက်သာဆေး ရှိတယ်၊ နည်းနည်းသောက်လိုက်ပါလား”
ထို့နောက် သူ့အိတ်ကပ်ထဲမှ ကြွေပုလင်းလေးတစ်လုံး ထပ်ထုတ်ပေးလိုက်သည်။ ယန်ရုန်ရုန် ထိုပုလင်းကို ယူပြီး အဖုံးဖွင့်လိုက်ပါသည်။ သူမ နှုတ်ခမ်းနှင့် ထိတွေ့ခါနီးတွင် ထိုထူးထူးဆန်းဆန်း ရနံ့ကို ထပ်ရလိုက်ပြန်သည်။
သူမ လက်များ ရပ်တန့်သွားခဲ့သည်။ ဒီဆေးရနံ့ကလည်း ဝိညာဉ်ခေါ်အမွှေးတိုင်၏ ရနံ့နှင့် အလွန်တူညီနေလေသည်။
ထိုစဉ် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ယန်ရုန်ရုန် တစ်ကိုယ်လုံး တုန်ယင်ကာ ချက်ချင်း မှတ်မိသွားခဲ့ပါသည်။
အမွှေးတိုင်ရနံ့ကော၊ ဆေးရနံ့ကော နှစ်ခုစလုံး သင်္ဘောကြီးပေါ်က ဟွမ်လျန့်သေရည်ရနံ့နှင့် ဆင်တူနေလေသည်။
ထိုအတွေးဝင်လာသောအခါ သူမ အာရုံများ ကြည်လင်ပြတ်သားသွားခဲ့သည်။ သူမ အတွေးများကို ဟန့်တားဖို့ ကြိုးစားနေသည့် အတားအဆီးများလည်း ပျောက်ကွယ်သွားခဲ့ပြီး သူမ တစ်ချိန်လုံး မေ့လျော့နေခဲ့သည့် အရာများကို ပြန်သတိရသွားခဲ့ပါသည်။
လျို့လန်နဲ့ ငှက်ပေါက်လေး!
သူမနှင့် ရှန်းဝမ်ချင်းတို့ ပင်လယ်ပြင်ထဲ ထွက်လာခဲ့စဉ်က လျို့လန်နှင့် ငှက်ပေါက်လေးတို့ကိုပါ ခေါ်ဆောင်လာခဲ့သည်။ သို့သော် ချန်းရီဖန့်သင်္ဘောကြီးကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် လျို့လန်နှင့် ငှက်ပေါက်လေးတို့ နှစ်ယောက်စလုံး ပျောက်ကွယ်သွားခဲ့ပါသည်။
တစ်စုံတစ်ခုက သူတို့ မှတ်ဉာဏ်များကို ဝင်ရောက်နှောင့် ယှက်နေခဲ့သည့် ပုံစံပင်။
ဝမ်ဟဲကျစ် မေးလိုက်သည်။
“ဘာလို့ ဆေးမသောက်တာလဲ”
ယန်ရုန်ရုန် ဆေးပုလင်းကို ပင်လယ်ထဲ ပစ်ချလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို ဝူဝမ့်ဓားကို ထုတ်လိုက်ပြီး ဝမ်ဟဲကျစ်၏ နှလုံးသားတည့်တည့်သို့ ထိုးစိုက်ပစ်လိုက်ပါသည်။
“နင့်ဆေးကို နင့်ဖာသာနင်သောက်လိုက်!”
ဝမ်ဟဲကျစ် မှင်သက်သွားခဲ့သည်။ ယန်ရုန်ရုန် ဒီလောက်မြန်မြန် ရိပ်မိသွားလိမ့်မည်ဟု သူထင်မထားခဲ့ပါ။ ဝမ်ဟဲကျစ် မရှောင်ရှားခဲ့ဘဲ ဝူဝမ့်ဓားက သူ့ရင်ဘတ်တည့်တည့်ထဲ စိုက်ဝင်သွားခဲ့ပါသည်။ သို့သော် ဒဏ်ရာထဲမှ သွေးလုံးဝ ထွက်မလာခဲ့ပါ။
ခေတ္တတုန်လှုပ်သွားပြီးနောက် သူ့မျက်နှာပေါ် အပြုံးတစ်ခု ပြန်ရောက်လာခဲ့သည်။
“မင်းငါ့ကို သတ်လို့မရပါဘူး”
ယန်ရုန်ရုန် ဓားကို ပြန်ရုတ်သိမ်းလိုက်ပြီး ဝမ်ဟဲကျစ်၏ ရင်ဘတ်ပေါ်မှ ဒဏ်ရာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို စိုက်ကြည့်နေခဲ့သည်။ ထိုအခြေအနေကို မြင်သောအခါ သင်္ဘောကြီးပေါ်က မကောင်းဆိုးဝါးများကို ပြန်အမှတ်ရစေပါသည်။
ယန်ရုန်ရုန် မေးလိုက်သည်။
“နင် ဝမ်ဟဲကျစ်မဟုတ်ဘူး၊ နင်ဘယ်သူလဲ”
“ခန့်မှန်းကြည့်လိုက်လေ”
“နင့်အမေကို ခန့်မှန်းကြည့်ရမှာလား!”
ယန်ရုန်ရုန် ဓားကို ထပ်ဝှေ့ယမ်းလိုက်သည်။ ဒီတစ်ခါတော့ အတုအယောင်ဝမ်ဟဲကျစ်၏ ဦးခေါင်းပြတ်ထွက်သွားခဲ့ပြီး ပင်လယ်ပြင်ထဲ ပြုတ်ကျသွားခဲ့ပါသည်။
ဒီတစ်ခါ အတုအယောင်သတ္တဝါက အသက်ပြန်ဝင်မလာခဲ့ပေ။ သို့သော် ယန်ရုန်ရုန်၏ ခြေဖျားအောက်ရှိ ဝိညာဉ်လှေတစ်ခုလုံး တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။
မျက်စိတစ်မှိတ်အချိန်အတွင်း ရှန်းဝမ်ချင်းနှင့်အတူ ဝိညာဉ်လှေတစ်စင်းလုံး ပျောက်ကွယ်သွားခဲ့ပါသည်။
ယန်ရုန်ရုန် စိတ်မချောက်ချားခဲ့ပါ။ အားလုံးက ပုံရိပ်ယောင်တွေသာဖြစ်မှန်း သူမ နားလည်နေပါပြီ။
တစ္ဆေသင်္ဘောပေါ်မှ သူမ လွတ်မြောက်ခဲ့သည်ဟု ထင်ခဲ့မိသော်လည်း အမှန်တကယ်တော့ အိပ်မက်အတွင်းမှ အိပ်မက်ထဲမှာ ပိတ်မိနေဆဲပင်။
အားလုံးက အတုအယောင်တွေဖြစ်နေပြီး ဘယ်အရာကိုမှ ယုံကြည်လို့ မရပါ။
ပင်လယ်ပြင်ထဲ ယန်ရုန်ရုန် ထပ်မံ ပြုတ်ကျသွားခဲ့သည်။ သူမ အာရုံကို အမှောင်ထုက လွှမ်းခြုံကာ အသိစိတ်များ ပျောက်ကွယ်သွားခဲ့ပြန်ပါသည်။
-
ခဏတာ ဝေဝေဝါးဝါးဖြစ်သွားပြီးနောက် ယန်ရုန်ရုန် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
အလွန်တောက်ပသော နေရောင်ခြည်ကြောင့် သူမ မျက်လုံးများ စူးရှသွားခဲ့ရသဖြင့် မျက်နှာကို တစ်ဖက်သို့လွှဲကာ မျက်လုံးများကို လက်ဖြင့် ကာလိုက်ရပါသည်။
ဘေးပတ်လည်တွင် ခြေသံများစွာနှင့် စကားပြောသံများစွာတို့ကို ကြားနေရသည်။ တစ်စုံတစ်ယောက်က သူမကို အနောက်ဘက်မှ တွန်းထုတ်လိုက်ပါသည်။
“စန်းချွမ်! ဒီမှာ ဘာရပ်လုပ်နေသေးတာလဲ! ငါတို့ ထွက်ရတော့မယ် အထုပ်အပိုးတွေ မြန်မြန်သယ်လေ!”
ယန်ရုန်ရုန် လက်ကို ပြန်ချလိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ အဝါရောင်ဖျော့ဖျော့ အဝတ်အစားများကို ဝတ်ဆင်ထားသည့် သူမ မမြင်ဖူးသော မိန်းကလေးတစ်ဦးကို မြင်လိုက်ရပါသည်။
တွန့်ဆုတ်နေသည့် ယန်ရုန်ရုန်ကိုကြည့်ရင်း ထိုမိန်းကလေး မကျေမနပ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“မနေ့က နင့်ကို သခင်လေး နည်းနည်းပါးပါး ဆူလိုက်တယ်ဆိုရင်တောင် ဒီလို ဂျစ်ကန်ကန်လုပ်ပြီး စိတ်ကောက်မနေသင့်ဘူးနော်၊ ငါတို့လို အစေခံမတွေဆိုတာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ခေါင်းငုံ့သည်းခံပြီး ဒေါသကို မျိုသိပ်ထားရတယ်၊ ငါဒီလို တဲ့တိုးစကားမျိုး ပြောလို့ စိတ်မဆိုးနဲ့၊ ငါတို့လို နောက်ခံအခြေအနေမျိုးနဲ့ အစာမငတ်တာတောင် ကံကောင်းလှပြီ၊ ဒီလိုဒုက္ခမျိုး မခံစားချင်ဘူးဆိုရင် နောက်ဘဝ လူဖြစ်တဲ့အခါ သူဌေးမိသားစုဆီမှာ မွေးလာအောင် ဆုတောင်းပေါ့၊ အဲ့တာဆို နင့်ကို လူတိုင်း လေးစားကြလိမ့်မယ်၊ ဘယ်သူမှ ပြဿနာရှာကြမှာ မဟုတ်ဘူး”
သူမ ဝတ်ဆင်ထားသည့် အဝတ်အစားများကို ယန်ရုန်ရုန် ငုံ့ကြည့်လိုက်သည်။ သူမ အဝတ်အစားများက ထိုမိန်းက လေးနှင့် ဆင်တူညီသော်လည်း ဂါဝန်အရောင်ကတော့ လိမ္မော်ရောင် သမ်းနေပါသည်။
သူမ၏ ချန့်ခွင်းအိတ်နှင့် ဝူဝမ့်ဓားတို့ကို မတွေ့ရတော့ပေ။ လျို့လန်နှင့် ငှက်ပေါက်လေးတို့လည်း ပျောက်ဆုံးနေဆဲပင်။
သူမ ပုံရိပ်ယောင်တစ်ခုထဲ ရောက်နေမှန်း ယန်ရုန်ရုန် ချက်ချင်း နားလည်သွားခဲ့သည်။
သူမ ဘာမှပြန်မပြောသဖြင့် အဝါရောင်ဝတ်စုံနှင့် မိန်းက လေး ဒေါသပိုထွက်သွားပြီး အသံကျယ်ကျယ်ဖြင့် အော်လိုက်ပါသည်။
“နင် ငါပြောတာ ကြားကောကြားရဲ့လား!”
ယန်ရုန်ရုန် မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း တိုးညှင်းစွာ မေးလိုက်ပါသည်။
“ရှင်က ဘယ်သူလဲ”