အခန်း (၇၈)
Vol. 8 Ch. 78
ယန်ရုန်ရုန် ရိုးရိုးသားသား မေးလိုက်ခြင်းပင်။ ထိုမိန်းကလေး၏ အမည်ကို သူမ အမှန်တကယ် မသိပါ။
သို့သော် ထိုမိန်းကလေးကတော့ ယန်ရုန်ရုန် ရည်ရွယ်ချက်ရှိရှိ ရူးချင်ယောင်ဆောင်ပြီး သူမကို လှောင်ပြောင်နေသည်ဟု ထင်သွားခဲ့ပါသည်။ ထို့ကြောင့် ဒေါသပိုပေါက်ကွဲသွားခဲ့ပြီး ယန်ရုန်ရုန်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ အေးစက်စွာ ရယ်မောလိုက်လေသည်။
“ရတယ်လေ! နင်က ဒီလိုကစားချင်တယ်ပေါ့ ဟုတ်လား၊ ငါ့မှာတော့ နင့်အပေါ် စေတနာထားပြီး ဆက်ဆံပေးခဲ့တာ နင်က ငါ့ခေါင်းပေါ် ချေးတက်ပါချင်နေတယ်! အဲ့လောက် သတ္တိရှိနေရင် ဒီမှာပဲ နေခဲ့လိုက်! နင့်ကို သခင်လေး ရောင်းစားပစ်လိုက်မှ ငါ့ဆီ ငိုယိုပြီး လာမတောင်းပန်နဲ့!”
ပြောချင်ရာပြောပြီးသည်နှင့် ထိုမိန်းကလေး ဒေါသတကြီး လှည့်ထွက်သွားလေတော့သည်။
ယန်ရုန်ရုန် အံ့အားသင့်မှင်သက်စွာ တစ်ယောက်တည်း ကျန်နေခဲ့လေသည်။ သူမ ခေါင်းကုတ်ရင်း တီးတိုး ရေရွတ်လိုက်ပါသည်။
“မပြောချင်လည်း မပြောနဲ့ပေါ့၊ အဲ့လောက် ဒေါသထွက်သွားစရာလိုလို့လား”
ယခု ယန်ရုန်ရုန် သင်္ဘောတစ်စင်းပေါ် ပြန်ရောက်နေခဲ့သည်။ သင်္ဘောပေါ်တွင် လူပေါင်းစုံ၊ ကုန်စည်ပေါင်းစုံနှင့် ပြည့်နှက်နေသည်။ ခရီးသည်အားလုံးက ကုန်ပစ္စည်းများကို သယ် ဆောင်ရင်း အလုပ်များနေကြပါသည်။ မကြာမီ သင်္ဘောကြီး ကမ်းကပ်တော့မည့် ပုံစံပင်။
ယန်ရုန်ရုန် ကုန်းပတ်အစွန်းဆီ လျှောက်သွားလိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ ရှေ့မှာ ဆိပ်ကမ်းကို မြင်နေရပါပြီ။ အနောက်ဘက်မှာတော့ အဆုံးမဲ့ သမုဒ္ဒရာကြီး ကျန်နေခဲ့သည်။
ကောင်းကင်ကြီးက အပြာရောင်တောက်နေပြီး တိမ်ကင်းစင်နေသည်။ ရံဖန်ရံခါ ပင်လယ်ငှက်များက သင်္ဘောကြီးဘေးမှ ပျံသန်းသွားတတ်သည်။
နွေးထွေးသည့် နေရောင်ခြည်၊ အနည်းငယ် အေးစက်ခြောက်သွေ့သော ပင်လယ်လေပြည်လေညှင်းများနှင့် သူမခြေဖျားအောက်ရှိ သင်္ဘောကြီး၏ ယိမ်းထိုးမှုတို့အားလုံးက… အစစ်အမှန်ဟု ထင်ချင်စရာကောင်းလှသည်။
မိုးပြာရောင် ပင်လယ်ရေပြင်ကို ယန်ရုန်ရုန် ငုံ့ကြည့်လိုက်သည်။ ယခင်နှစ်ခေါက်က ပင်လယ်ပြင်ထဲ ပြုတ်ကျပြီးနောက် ပုံရိပ်ယောင်များထံမှ ယာယီ လွတ်မြောက်နိုင်ခဲ့သည်။ ဒီတစ်ခါလည်း သူမ လွတ်မြောက်နိုင်ဦးမလား သိချင်မိပါသည်။
ထိုအတွေးဖြင့် ကုန်းပတ်လက်ရန်းပေါ်တက်ပြီး ခရီးသည်များ ပါးစပ်အဟောင်းသားဖြစ်နေချိန် ယန်ရုန်ရုန် အောက်သို့ ခုန်ချလိုက်လေတော့သည်။
ရေပြင်ပေါ် မျက်နှာနှင့် တည့်တည့်ကျသွားပြီး အေးစိမ့်နေသည့် ပင်လယ်ရေများကို သူမ ခံစားလိုက်ရသည်။
သို့သော် ယခင်အခေါက်တွေတုန်းကလို ဝေဝေဝါးဝါး ခံစားချက်မျိုး ထပ်ရောက်မလာတော့ပါ။ သူမ သတိရှိ နိုးကြားနေဆဲဖြစ်ကာ ခြေတွေလက်တွေ ယက်ကန်ယက်ကန် ဖြစ်နေပါသည်။
ဒီတစ်ခါတော့ ပင်လယ်ပြင်ထဲ ခုန်ချသည့်နည်းလမ်းက အလုပ်မဖြစ်နိုင်တော့သဖြင့် အခြားနည်းလမ်း ရှာဖွေရပါတော့မည်။
ယန်ရုန်ရုန် ရေထဲမှာ သိပ်ကြာကြာ ဆက်မနေခဲ့ပါ။ အားကုန်ထုတ်သုံးပြီး သင်္ဘောကြီးဆီ ပြန်ကူးခတ်လာခဲ့ပါသည်။ သူမကို ကယ်တင်ပေးဖို့အတွက် ရေထဲခုန်ဆင်းဖို့ ကြံနေကြသည့်လူများလည်း ယန်ရုန်ရုန် ရေကူးတတ်သည်ကို မြင်ပြီး ကြက်သေသေသွားခဲ့ကြပါသည်။ ထို့နောက် သူမအတွက် ကြိုးတစ်ချောင်း ပစ်ချပေးလိုက်ကြသည်။
ထိုကြိုးကို ဆုပ်ကိုင်ရင်း ယန်ရုန်ရုန် ကုန်းပတ်ပေါ် ပြန်တက်လာခဲ့သည်။
ထို့နောက် ယန်ရုန်ရုန်နားသို့ လူတွေ ဝိုင်းအုံလာကြပြီး အရာရာကို အကောင်းဘက်မှ မြင်တတ်ဖို့နှင့် လောကကြီးမှာ မကျော်လွှားနိုင်သည့် အခက်အခဲဟူသည် မရှိကြောင်း ရှင်းပြခဲ့ကြပါသည်။ ထပ်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းမကြံဖို့လည်း တောင်းတောင်းပန်ပန် ပြောခဲ့ကြသည်။
တစ်ကိုယ်လုံး စိုရွှဲနေသည့် ယန်ရုန်ရုန်ကတော့ အားပေးစကားများကို ကြားနေရသော်လည်း အားမတက်နိုင်ခဲ့ပေ။ မျက်နှာပေါ်မှ ရေတွေကို လက်ဖြင့် သုတ်လိုက်ပြီး အားလုံးကို ကျေးဇူးတင်လျက် ကိုယ့်အခန်းဆီကိုယ်ပြန်ကာ အဝတ်အစားလဲဖို့ ကြံလိုက်ပါသည်။
ထိုစဉ် အဝါရောင်ဝတ်စုံနှင့် မိန်းကလေး ပြန်ရောက်လာခဲ့သည်။ သူ့ရှေ့မှာ အရပ်ရှည်ရှည် ချောချောမောမော ယောက်ျားတစ်ဦးလည်း ပါလာခဲ့ပါသည်။
ထိုလူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ ယန်ရုန်ရုန် အံ့အားသင့် တုန်လှုပ်သွားခဲ့ရသည်။
‘ဒီလူ့မျက်နှာက ရှန်းဝမ်ချင်းနဲ့ ဘာလို့ တစ်ထေရာတည်း တူနေရတာလဲ!’
‘မဟုတ်ဘူး… သူက ရှန်းဝမ်ချင်းပဲ!’
အဘယ့်ကြောင့်ဆိုသော် သူ့ခေါင်းပေါ်တွင် ရင်းနှီးနေသည့် စာတန်းကွက်များကို ယန်ရုန်ရုန် မြင်နေရခြင်းကြောင့်ပင်။
ယန်ရုန်ရုန် ရီဝေနေစဉ် ရှန်းဝမ်ချင်းနှင့် ထိုမိန်းကလေးတို့ သူမနား ရောက်လာခဲ့ကြပါသည်။ ယန်ရုန်ရုန်၏ ဆိုးဆိုးရွားရွား ပုံစံနှင့် အနီးနားမှ လူတွေ၏ စကားပြောသံများကို ကြားပြီးနောက် အခြေအနေကို နားလည်သွားခဲ့ကြသည်။
ပထမတော့ အဝါရောင်ဝတ်စုံနှင့် မိန်းကလေး အလွန်ဒေါသထွက်နေခဲ့သဖြင့် ယန်ရုန်ရုန်ကို ပညာပေးဖို့အတွက် သခင်လေးထံ သွားတိုင်ကြားခဲ့သည်။ စန်းချွမ် ပင်လယ်ထဲခုန်ချပြီး သေကြောင်းကြံလိမ့်မည်ဟု သူမ ထင်မထားခဲ့ပါ။
ထိုမိန်းကလေး ဒေါသများ ပျောက်ကွယ်သွားခဲ့ပြီး စိတ်မသက်မသာဖြစ်မှု၊ လိပ်ပြာမလုံမှုတို့သာ ဝင်ရောက်လာခဲ့သည်။
‘ငါ အရမ်းဖိအားပေးလိုက်လို့ စန်းချွမ် သေကြောင်းကြံဖို့ ကြိုးစားခဲ့တာလား’
စန်းချွမ်၏အချိုးမပြေမှုကို သူ ဒေါသထွက်သော်လည်း သေစေချင်ရလောက်သည်အထိတော့ မဟုတ်ခဲ့ပေ။
ရေတွေ စိုရွှဲနေသည့် ယန်ရုန်ရုန်ကို ရှန်းဝမ်ချင်း မျက်မှောင် ကြုတ်ရင်း စိုက်ကြည့်နေခဲ့ပါသည်။ ထို့နောက် သူ့ဝတ်ရုံကို ချွတ်ကာ သူမကို ခြုံပေးလိုက်သည်။
သူမကို ရှန်းဝမ်ချင်း အသံနက်နက်ဖြင့် ပြစ်တင်ကြိမ်းမောင်းလိုက်ပါသည်။
“ဒါဘာလုပ်တာလဲ!”
ရှန်းဝမ်ချင်း၏ပုံစံက အနည်းငယ် လွဲချော်နေသလို ခံစားရသည်။ ယခင်တုန်းကလို အေးတိအေးစက်အရှိန်အဝါမျိုး ရှိနေဆဲဖြစ်သော်လည်း သူ့နားမှာ ဝူနျန်ဓားကို မတွေ့ရပါ။
ဓားသိုင်းကျင့်ကြံသူတစ်ဦးဖြစ်သည့်အလျောက် ရှန်းဝမ်ချင်းက သူ့ဓားကို သွားလေရာ ယူဆောင်သွားလေ့ရှိသည်။ ဝိညာဉ်စွမ်းအင်များ အသုံးမပြုနိုင်သည့် အိပ်မက်ထဲ ရောက်ရှိနေလျှင်တောင် သူ့ဝူနျန့်ဓားကိုပါ အိပ်မက်ထဲ ယူဆောင်လာမှာ သေချာပါသည်။
ထို့အပြင် သူ့မျက်နှာက အနည်းငယ် ဖြူရော်ဖြူဖတ်ဖြစ်နေကာ နာမကျန်းဖြစ်နေသည့် ပုံစံမျိုးပင်။ လောလောဆယ် သူ့ပုံစံက ဓားသိုင်းကျင့်ကြံသူတစ်ဦးနှင့် မတူဘဲ ကျန်းမာ ရေးမကောင်းသည့် သခင်လေးတစ်ယောက်နှင့် ပိုတူနေပါသည်။
ယန်ရုန်ရုန် စမ်းသပ် ခေါ်ဝေါ်ကြည့်လိုက်သည်။
“ဆရာ?”
ရှန်းဝမ်ချင်း မျက်မှောင်ပိုကြုတ်သွားခဲ့သည်။
“ဘယ်သူ့ကို ဆရာလို့ခေါ်နေတာလဲ”
အဝါရောင်ဝတ်စုံနှင့် မိန်းကလေး မကျေမနပ် ဝင်ပြောလိုက်ပါသည်။
“နင်ဘာတွေပြောနေတာလဲ၊ အဲ့တာ ငါတို့ သခင်လေးလေ!”
ရှန်းဝမ်ချင်း၏ ခေါင်းပေါ်တွင် ပေါ်လာသည့် စာသားတစ်ကြောင်းကို ယန်ရုန်ရုန် မော့ကြည့်လိုက်ပါသည်။
[စန်းချွမ် ဘာဖြစ်နေတာလဲ၊ စိတ်တွေ ကယောင်ချောက်ချား ဖြစ်နေတာလား]
ယန်ရုန်ရုန် ရင်နာသွားသည်။ ရှန်းဝမ်ချင်းတစ်ယောက် သူ့ကိုယ်သူ ရွှမ်ယွဲ့ဓားသခင်ဖြစ်မှန်း မှတ်မိပုံမပေါ်ပါ။ ပုံရိပ်ယောင်တွေထဲမှာ နစ်မျောရင်း သူ့ကိုယ် သူ သာမန်သခင်လေးတစ်ပါးဟု ထင်နေလေသည်။
ရှန်းဝမ်ချင်းက အဝါရောင်ဝတ်စုံနှင့် မိန်းကလေးကို အမိန့်ပေးလိုက်ပါသည်။
“အာ့ကျန်း၊ စန်းချွမ်ကို အခန်းထဲ ပြန်လိုက်ပို့ပေးလိုက်”
အာ့ကျန်းကလည်း ချက်ချင်း အမိန့်နာခံလိုက်ပါသည်။ ယန်ရုန်ရုန်ကို သူမ ဆွဲထူပေးရင်း တီးတိုး ပြောလိုက်သည်။
“ငါနင့်ကို နည်းနည်းပဲ ကြိမ်းမောင်းခဲ့တာ၊ ငါ့စကား နားမထောင်ချင်ရင် နားမထောင်နဲ့ပေါ့၊ ပင်လယ်ထဲခုန်ချပြီး ငါ့ကို လန့်သေအောင် လုပ်စရာလိုလို့လား”
ယန်ရုန်ရုန် ပြန်ပြောလိုက်ပါသည်။
“ကျွန်မ သေကြောင်းကြံတာ မဟုတ်ပါဘူး”
အာ့ကျန်းက မယုံကြည်ပါ။
“သေကြောင်းကြံတာ မဟုတ်ရင် ဘာလို့ ခုန်ချလိုက်တာလဲ၊ ရေဆင်းကူးတာလို့တော့ လာမပြောနဲ့နော်”
ယန်ရုန်ရုန် ဆက်ရှင်းမပြနိုင်တော့သဖြင့် စကားလမ်းကြောင်းလွှဲလိုက်ပါသည်။
“ငါတို့ သခင်လေးရဲ့ မျိုးရိုးနာမည်က ဘာလဲ”
အာ့ကျန်း၏ အကြည့်များ ပိုမို ထူးဆန်းသွားခဲ့သည်။
“နင်အတည်ပြောနေတာလား၊ သခင်လေးရဲ့ နာမည်ကိုတောင် မမှတ်မိတော့ဘူးလား၊ ရေထဲ ပြုတ်ကျသွားတုန်းက ဦးနှောက်ထိသွားတာလား”
ယန်ရုန်ရုန် အကြောင်းပြချက်ကောင်းကောင်း ရသွားပြီး ချက်ချင်း ခေါင်းညိတ်လိုက်ပါသည်။
“ဟုတ်မယ်၊ ငါ့ခေါင်းတွေ အရမ်းကိုက်ခဲနေတယ်၊ ဘာမှမမှတ်မိတော့ဘူး”
အတိတ်မေ့ရောဂါက ပေါ့သေးသေးမဟုတ်ပါ။ ထို့ကြောင့် ယန်ရုန်ရုန်ကို သင်္ဘောပေါ်ရှိ အခန်းတစ်ခန်းထဲ အာ့ကျန်း လိုက်လံ ပို့ဆောင်ပေးပြီးနောက် ရှန်းဝမ်ချင်းကို လှည့်ပြောလိုက်ပါသည်။
“သခင်လေး၊ စန်းချွမ် ဦးနှောက်ပျက်သွားပြီထင်တယ်! သူ သခင်လေးကိုတောင် မမှတ်မိတော့ဘူး!”
ထိုစကားကိုကြားပြီး ယန်ရုန်ရုန် ချောင်းနှစ်ချက် ဆိုးမိသွားပါသည်။ ဘာမှ မမှတ်မိရသည့် အခြေအနေအတွက် အကြောင်းပြချက်ပေးချင်ခဲ့သော်လည်း အာ့ကျန်း၏ ပါးစပ်ထဲရောက်မှ ဦးနှောက်ပျက်သွားရလောက်သည့်အထိ ရောဂါကြီးမားသွားခဲ့လေသည်။
အကြောင်းမသိသူသာဆိုလျှင် သူမ ရူးသွားပြီဟု ထင်သွားနိုင်ပါသည်။
ရှန်းဝမ်ချင်း ကုတင်ဘေးသို့ လျှောက်လာပြီး စန်းချွမ်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် တိုးညှင်းစွာ မေးလိုက်ပါသည်။
“ငါ့ကို တကယ်မမှတ်မိဘူးလား”
ယန်ရုန်ရုန်ခေါင်းညိတ်လိုက်သည်။
“အင်း”
တစ်ချိန်တည်းမှာပင် သူ့ခေါင်းပေါ် ပေါ်လာသည့် စာကြောင်းကို ယန်ရုန်ရုန် ဖတ်ကြည့်လိုက်ပါသည်။
[ငါ့ကို တကယ်မမှတ်မိတာလား၊ ဒါမှမဟုတ် စိတ်ကောက်ပြီး တမင်တကာ ဟန်ဆောင်နေတာလား]
သူမကို စစ်ဆေးပေးဖို့အတွက် ရှန်းဝမ်ချင်း သမားတော်တစ်ပါး အမြန်ပင့်ခဲ့သည်။ သမားတော်က ယန်ရုန်ရုန် အနည်းငယ် အအေးမိနေသော်လည်း ကြီးကြီးမားမား ဘာမှမဖြစ်နိုင်ဟု ပြောသွားခဲ့သည်။ ထို့နောက် ဆေးညွှန်း ရေးပေးကာ ပြန်ကြွသွားခဲ့ပါသည်။
ယခုတော့ စန်းချွမ် အတိတ်မေ့ချင်ယောင် ဟန်ဆောင်နေမှန်း ရှန်းဝမ်ချင်း ပိုသေချာသွားခဲ့သည်။
သူမကို ရှန်းဝမ်ချင်း နက်ရှိုင်းစွာ စိုက်ကြည့်လိုက်ပါသည်။
သူဘာတွေကြံနေသလဲ ယန်ရုန်ရုန်မသိနိုင်သဖြင့် ခေါင်းပေါ်က စာတွေကိုသာ မော့ကြည့်လိုက်သည်။
[သူဘာလို့ အတိတ်မေ့ချင်ယောင် ဆောင်နေတာလဲ၊ ငါ့ကိုတကယ် စိတ်ကောက်နေတာပဲ၊ ဘယ်လို ပြန်ချော့ရမလဲ”
ယန်ရုန်ရုန် အံ့အားသင့်သွားခဲ့သည်။ သူမ လိမ်ညာနေမှန်းသိသော်လည််း ရှန်းဝမ်ချင်းက စိတ်မဆိုးဘဲ သူမကို ဘယ်လို ပြန်ချော့ရမလဲဆိုသည်ကိုသာ စဉ်းစားနေပါသည်။
ဒီကမ္ဘာမှာတော့ သူမအပေါ် ရှန်းဝမ်ချင်း စေတနာအနည်း ငယ်ရှိသည့်ပုံစံပင်။
ထိုစဉ် သူမ၏ လက်ရှိအခြေအနေကို ယန်ရုန်ရုန် ရုတ်တရက် နားလည်သွားခဲ့ကာ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ပါသည်။
‘နေပါဦး ငါက သာမန်အစေခံမဟုတ်ဘူးမလား၊ ငါက သူ့ရဲ့ ကိုယ်လုပ်တော်လား၊ အဲ့လောက်ထိတော့ မဆိုးရွားလောက်ဘူးမလား!”
သူမ မျက်လုံးများ ပြောင်းလဲသွားသည်ကို ရှန်းဝမ်ချင်း သတိထားမိပြီး မေးလိုက်ပါသည်။
“ဘာတွေကြည့်နေတာလဲ”
ယန်ရုန်ရုန် ခေါင်းခါလိုက်လေသည်။
“ဘာမှမကြည့်ပါဘူး”