အခန်း (၇၉)
Vol. 8 Ch. 79
အာ့ကျန်းရောက်လာပြီး အစီရင်ခံလိုက်သည်။
“သခင်လေး သင်္ဘောကမ်းကပ်ပြီ၊ ကျွန်မတို့ ဆင်းကြတော့မလား”
ရှန်းဝမ်ချင်း ချက်ချင်း မဖြေဘဲ ကုတင်ပေါ် လှဲလျောင်းနေသည့် ယန်ရုန်ရုန်ကို ကြည့်ကာ မေးလိုက်သည်။
“လမ်းလျှောက်နိုင်ပြီလား”
ယန်ရုန်ရုန် ခေါင်းညိတ်ပြလိုက်ပါသည်။ ထိုအခါမှ အာ့ကျန်းကို ရှန်းဝမ်ချင်း ညွှန်ကြားလိုက်သည်။
“အထုပ်အပိုးတွေ ပြင်ဆင်ပြီး ဆင်းကြစို့”
ပုံမှန်ဆို အထုပ်အပိုးများ ပြင်ဆင်ရသည့် အလုပ်က အာ့ကျန်းနှင့် စန်းချွမ်တို့နှစ်ယောက်စလုံး တာဝန်ယူထားရသည့် အလုပ် ဖြစ်သော်လည်း ယခု စန်းချွမ်က ‘နာမကျန်း’ဖြစ်နေသဖြင့် အာ့ကျန်းတစ်ယောက်တည်းသာ လုပ်ခဲ့ရပါသည်။
ကံကောင်းစွာဖြင့် ဒီခရီးအတွက် ရှန်းဝမ်ချင်း ပစ္စည်းပစ္စယ များများစားစား ယူဆောင်မလာခဲ့ပါ။ ထို့ကြောင့် အာ့ကျန်း သက်သာသွားခဲ့ပါသည်။
မကြာမီ ‘ချန်းရီဖန့်’သင်္ဘောကြီးပေါ်မှ သုံးယောက်သား အောင်အောင်မြင်မြင် ဆင်းသက်လာခဲ့ကြသည်။ ဆိပ်ကမ်းအနီးတွင် မြင်းလှည်းတစ်စီးက သူတို့ကို စောင့်ကြိုနေသည်။ ရှန်းဝမ်ချင်းကို မြင်သောအခါ မြင်းလှည်းဆရာက အထုပ် အပိုးများ ကူညီသယ်ဆောင်ပေးခဲ့သည်။
ပထမတော့ ယန်ရုန်ရုန်တစ်ယောက် အာ့ကျန်းနှင့်အတူတူ အပြင်ဘက်မှာထိုင်ဖို့ စဉ်းစားထားသော်လည်း ရှန်းဝမ်ချင်း၏ စကားသံကို ကြားလိုက်ရပါသည်။
“စန်းချွမ်၊ ငါနဲ့အတူ အထဲမှာဝင်ထိုင်”
ထို့ကြောင့် အာ့ကျန်း၏ မနာလိုဖြစ်နေသော အကြည့်အောက်တွင် ယန်ရုန်ရုန် မြင်းလှည်းခန်းထဲ ဝင်လိုက်ရပါသည်။ မြင်း လှည်း၏အတွင်းပိုင်းက အတော်လေးကျယ်ဝန်းသည်။ သူမ ထိုင်ပြီးသည့် အခါမှာတောင် ရှန်းဝမ်ချင်းနှင့် သူမတို့အကြား နေရာလွတ်အများကြီး ရှိနေပါသေးသည်။
ယန်ရုန်ရုန် စားပွဲပေါ်မှ အခါးရည်ခွက်ကိုယူဆောင်ပြီး အခါးရည်အနည်းငယ် ငှဲ့ပေးကာ ရှန်းဝမ်ချင်းရှေ့တွင် ချပေးလိုက်သည်။
“အခါးရည်လေး သုံးဆောင်ပါဦး သခင်လေး”
ရှန်းဝမ်ချင်း အခါးရည်တစ်ငုံ သောက်ကာ အနားယူဖို့ မျက် လုံးများ မှိတ်လိုက်ပါသည်။ ယန်ရုန်ရုန်လည်း တိတ်တဆိတ် ဆက်ထိုင်နေခဲ့ပြီး စိတ်ထဲမှ ဘာဆက်လုပ်ရမလဲ စဉ်းစားနေခဲ့သည်။
သူမ မြင်တွေ့နေရသည့် အရာအားလုံးက အစစ်အမှန်ဟု ထင်ရသော်လည်း အားလုံးက အတုအယောင်တွေဖြစ်ကာ သူမ ပုံရိပ်ယောင်တစ်ခုထဲ ရောက်နေခြင်းဖြစ်မှန်း ရှင်းရှင်း လင်းလင်း နားလည်နေသည်။
သို့သော် လောလောဆယ်တော့ ပုံရိပ်ယောင်ထဲမှ လွတ် မြောက်နိုင်ဖို့ နည်းလမ်းရှာမရသေးပါ။ ရှန်းဝမ်ချင်းကတော့ ပုံရိပ်ယောင်ထဲ လုံးဝ နစ်မျောနေပုံရပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်သူဘယ်ဝါမှန်းပင် မေ့လျော့နေခဲ့ပါပြီ။
ယန်ရုန်ရုန် ထွက်ပြေးလွတ်မြောက်နိုင်ဖို့ နည်းလမ်းရှာဖွေရရုံတင်မကဘဲ ရှန်းဝမ်ချင်းမှတ်ဉာဏ်တွေကိုပါ ပြန်လည် ရှာဖွေပေးရပါလိမ့်မည်။
ထို့ကြောင့် သူမ စိတ်ပျက်လက်ပျက် ညည်းညူမိသည်။
“စိတ်ညစ်စရာပဲ”
ရှန်းဝမ်ချင်း မျက်လုံးများ ရုတ်တရက် ပွင့်လာပါသည်။
“ဘာက စိတ်ညစ်စရာလဲ”
ယန်ရုန်ရုန် ခေါင်းကုတ်လျက် ဆင်ခြေ အမြန်ပေးလိုက်ပါသည်။
“ခုနက သခင်လေးကို စိတ်ဆိုးအောင် လုပ်မိလို့လေ၊ အခု ဘယ်လို ပြန်တောင်းပန်ရမှန်း မသိဘူးဖြစ်နေလို့ပါ”
ရှန်းဝမ်ချင်း ထပ်မေးလိုက်သည်။
“မင်းက အတိတ်မေ့နေတာ မဟုတ်ဘူးလား”
အလိမ်မိသွားသော်လည်း ယန်ရုန်ရုန် နည်းနည်းလေးမှ ရှက်ပုံမပေါ်ဘဲ ကိုယ့်ကိုယ့်ကိုယ် ကာကွယ်လိုက်ပါသည်။
“ကျွန်မ ဘာမှ မမှတ်မိတာကတော့ တကယ်ပါ၊ သခင်လေး မယုံဘူးဆိုလည်း မတတ်နိုင်ဘူး”
ရှန်းဝမ်ချင်း မယုံကြည်သေးသော်လည်း ဖိအားထပ်မပေးတော့ပါ။ ထိုအခွင့်အရေးကို အရယူပြီး ယန်ရုန်ရုန် ပြန်မေးလိုက်ပါသည်။
“ကျွန်မ မမှတ်မိတဲ့ကိစ္စတွေရှိရင် သခင်လေးကို မေးလို့ရမလား”
ရှန်းဝမ်ချင်း အေးစက်စွာ ပြန်ဖြေလိုက်ပါသည်။
“အခြေအနေပေါ် မူတည်တယ်”
သူ့ပုံစံက မဖြေချင်သည့်ပုံစံပေါက်နေသော်လည်း သူ့ခေါင်းပေါ်မှ စာသားကတော့ သူ့အမူအရာနှင့် ဆန့်ကျ်ငဘက် ဖြစ်နေပါသည်။
[ကြိုက်တာသာမေး]
ယန်ရုန်ရုန် မျက်လုံးများ ဂနာမငြိမ်ဖြစ်သွားပြီး မေးကြည့်လိုက်သည်။
“ချန်းရီဖန့် သင်္ဘောကြီးပေါ်မှာ ဟုံနျန်ကျစ်ဆိုတဲ့အမျိုးသမီးနဲ့ သခင်လေး ဆုံဖူးလား”
သူမနှင့် ရှန်းဝမ်ချင်းတို့ ချန်းရီဖန့် သင်္ဘောကြီးပေါ်မှာ လမ်းခွဲခဲ့ကြပြီး ထိုသင်္ဘောကြီးပေါ်မှာပဲ ပြန်ဆုံတွေ့ခဲ့ကြသည်။ ထို့ကြောင့် သင်္ဘောကြီးကို စမှတ်အဖြစ် အသုံးပြုပြီး ရှန်းဝမ်ချင်း၏ မှတ်ဉာဏ်များကို စမ်းသပ်ကြည့်သင့်ပါသည်။
ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ရှန်းဝမ်ချင်း၏ မျက်လုံးများ အတော်လေး ထူးဆန်းသွားခဲ့သည်။
“ဟုံနျန်ကျစ်က ငါတို့ မိသားစုရဲ့ အိမ်တော်ထိန်းလေ၊ အိမ်တော်ရဲ့ ကိစ္စအဝဝကို သူကြီးကြပ်စီမံရတာ၊ မင်းလည်းသူနဲ့ မကြာခဏ ပတ်သတ်ရတာပဲ၊ သူ့အကြောင်း ကောင်းကောင်းသိသင့်တယ်မဟုတ်ဘူးလား”
သူ့ခေါင်းပေါ်မှ စာသားကလည်း ပြောင်းလဲသွားခဲ့ပါသည်။
[ဘာလို့ ဒါတွေလာမေးနေတာလဲ၊ သူတကယ် အတိတ်မေ့နေတာများလား]
ရှန်းဝမ်ချင်း မျက်လုံးထဲ သံသယအရိပ်အယောင်များပေါ်လာခဲ့ပါသည်။
ယန်ရုန်ရုန်ကတော့ မှင်သက်သွားခဲ့ရသည်။
‘ဟုံနျန်ကျစ်က သူတို့မိသားစုရဲ့ အိမ်တော်ထိန်းတဲ့! ဒါဆို အိမ်ပြန်ရောက်တာနဲ့ သူ့ကို တွေ့ရတော့မှာပေါ့!’
ဟုံနျန်ကျစ်၏အဆိပ်ပြင်းသော မျက်ဝန်းများ၊ သွေးစွန်းနေသော လက်သည်းများက ယန်ရုန်ရုန့်အာရုံထဲ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ ယန်ရုန်ရုန် တုန်ယင်သွားခဲ့ပြီး ကြက် သီးမွေးညှင်းများလည်း ထသွားခဲ့ရသည်။
သူမ ပုံမှန်မဟုတ်သည်ကိုမြင်ပြီး ရှန်းဝမ်ချင်း မေးလိုက်သည်။
“ဘာဖြစ်လို့လဲ’
ယန်ရုန်ရုန် လက်မောင်းများကို ပွတ်လျက် ပြန်ဖြေလိုက်ပါသည်။
“ရိုးရိုးသားသားပြောရရင် မနေ့ညက ကျွန်မ အိပ်မက်ဆိုးမက်ခဲ့တာ၊ အိပ်မက်ထဲမှာ ဟုံနျန်ကျစ်က လူသားစား မကောင်းဆိုးဝါးကြီးအဖြစ် ပြောင်းလဲသွားပြီး ကျွန်မကို စားဖို့ ကြိုးစားနေတာတဲ့၊ အဲ့အကြောင်း ပြန်စဉ်းစားမိတိုင်း ကျောချမ်းမိတုန်းပဲ”
ရှန်းဝမ်ချင်း သာမန်ကာလျှံကာ ပြောလိုက်ပါသည်။
“အိပ်မက်တစ်ခုပဲဥစ္စာ၊ အဲ့လောက် အတည်ယူစရာ မလိုပါဘူး”
သို့သော် စန်းချွမ်၏ဖြူရော်ဖြူဖပ်မျက်နှာလေးကို မြင်ပြီး ရှန်းဝမ်ချင်း စိတ်မခိုင်ဘဲ ထပ်ပြောလိုက်သည်။
“အဲ့လောက် ကြောက်နေရင်လည်း ပြန်ရောက်ရင် သူ့ကိုမကြည့်နဲ့ပေါ့”
“ဟုတ်ကဲ့ပါ…”
သိပ်မကြာလိုက်ဘဲ မြင်းလှည်းကြီး ရပ်တန့်သွားခဲ့သည်။
ရှန်းဝမ်ချင်းနှင့် ယန်ရုန်ရုန်တို့ မြင်းလှည်းပေါ်မှ ဆင်းလာခဲ့ကြပါသည်။ သူတို့ရှေ့တွင် အလွန် ကြီးကျယ်ခမ်းနားသည့် စံအိမ်ကြီး တစ်လုံးရှိနေသည်။ ခြံတံခါးကြီး၏ ရှေ့တွင် ‘ဖမ့်လိုင်’ဟု ရေးထွင်းထားသည့် ကျောက်ပြားကြီးတစ်ချပ်လည်း ရှိနေပါသည်။
ယန်ရုန်ရုန် ကြက်သေသေသွားခဲ့သည်။
‘ဒီဂိတ်ပေါက်ကြီးက ဖမ့်လိုင်မသေမျိုးနန်းတော်ရဲ့ ဂိတ်ပေါက်နဲ့ ဘာလို့တစ်ထေရာတည်း တူနေတာလဲ!’
ဝင်ပေါက်တွင် စောင့်ကြပ်နေသည့် အစောင့်များက ရှန်းဝမ်ချင်းကို ဂါဝရပြုလိုက်ပါသည်။
“ကျွန်းသခင်ကို ဒီငယ်သားတို့ ဂါဝရပြုပါတယ်!”
ရှန်းဝမ်ချင်းကို ယန်ရုန်ရုန် လှည့်ကြည့်လိုက်သည်။
‘ဒီလူတွေက သူ့ကို ကျွန်းသခင်လို့ ခေါ်နေတာပဲ! ဒီပုံရိပ်ယောင်ထဲမှာ ရှန်းဝမ်ချင်းက ဖမ့်လိုင်မသေမျိုးကျွန်းရဲ့ ကျွန်းသခင်ဖြစ်နေတာလား!’
သိပ်မကြာမီ စံအိမ်ထဲမှ ဟုံနျန်ကျစ် ထွက်လာခဲ့ပါသည်။
အနီရောင်တောက်တောက် ဝတ်စုံကို ဆင်မြန်းထားဆဲ ဖြစ်ပြီး လက်သည်းများနှင့် နှုတ်ခမ်းတို့ကလည်း ကြက်သွေး ရောင် သမ်းနေဆဲပင်။ သူမပုံစံက ပွင့်ဖူးခါစ ခေါင်ရမ်းပန်းလေးလို ကျက်သရေရှိပြီး ဆွဲဆောင်မှုရှိလွန်းပါသည်။
သို့သော် သူမကို မြင်လိုက်သည်နှင့်တစ်ပြိုင်တည်း သတ်ချင်ဖြတ်ချင်စိတ် ကြီးမားသော မကောင်းဆိုးဝါး တစ်ကောင်ကို ယန်ရုန်ရုန် ပြန်မြင်ယောင်မိသည်။ ထို့ကြောင့် ခြေလှမ်းများ နောက်ဆုတ်ကာ အလွန်သတိကြီးသွားခဲ့ပါသည်။
ဟုံနျန်ကျစ်က ရှန်းဝမ်ချင်းကို တလေးတစား ဂါဝရပြုလိုက်ပြီး အပြုံးဖြင့်ပြောလိုက်သည်။
“သခင်လေး ပြန်ရောက်လာပြီလား! ခရီးပန်းနေမှာပဲ၊ သခင်လေး ကိုယ်လက်သန့်စင်ဖို့အတွက် အားလုံး ပြင်ဆင်ထားခိုင်းပြီးပါပြီ၊ ပြီးရင် နေ့လယ်စာ သုံးဆောင်ဖို့လည်း အသင့်ဖြစ်နေပါပြီ”
ရှန်းဝမ်ချင်း ခြံထဲ ဝင်လာခဲ့သည်။ အခြားသူတွေလည်း သူ့နောက်မှ လိုက်လာခဲ့ပါသည်။ ယန်ရုန်ရုန်က လူအုပ်ကြီး၏ အလယ်တွင် ရှိနေပြီး ဟုံနျန်ကျစ် သတိမထားမိစေဖို့အတွက် ခေါင်းကို ငုံ့နိုင်သမျှ ငုံ့ထားခဲ့လေသည်။
သူမ အိပ်ခန်း ဘယ်နေရာမှာ ရှိမှန်းမသိသဖြင့် အားလုံးနှင့်အတူတူ လိုက်လာခဲ့ရသည်။ သို့သော် လမ်းလျှောက်ရင်း လျှောက်ရင်းနှင့် အနားကလူတွေ တဖြည်းဖြည်း နည်းပါးသွားသည်ကို ယန်ရုန်ရုန်ခံစားမိသည်။
ရှေ့ဆုံးမှ ဦးဆောင်လျှောက်လှမ်းနေသည့်လူ ခြေလှမ်းများ ရပ်တန့်သွားသောအခါ သူ့ကျောပြင်ကို ယန်ရုန်ရုန် မျက်နှာဖြင့် ဝင်တိုက်လိုက်မိပါသည်။
နာကျင်သွားသော နှာခေါင်းကို ကိုင်ရင်း ယန်ရုန်ရုန် နောက်ပြန်ဆုတ်လိုက်သည်။
ရှန်းဝမ်ချင်းက သူမကို စိတ်ပျက်လက်ပျက်ကြည့်ကာ မေးလိုက်သည်။
“ငါရေချိုးတော့မလို့လေ၊ အထဲထိလိုက်ဖို့ ကြံနေတာလား”
သူ့အကြောင်းနားလည်သူဆိုလျှင် သူရေမိုးချိုး၊ အဝတ်အ စားလဲနေသည့် အချိန်အတွင်း အနားမှာ လူတွေ ရှိနေသည်ကို မကြိုက်တတ်မှန်း ကောင်းကောင်း သိပါလိမ့်မည်။
ယန်ရုန်ရုန် ဘေးပတ်လည်ကို လှည့်ကြည့်လိုက်သောအခါ သူမနှင့် ရှန်းဝမ်ချင်းတို့နှစ်ယောက်တည်းသာ ကျန်တော့မှန်း သိလိုက်ရသည်။
သူမ ထွက်သွားချင်သော်လည်း ဘယ်ကို သွားရမှန်းမသိပေ။ ဒီစံအိမ်ကြီးအကြောင်း သူမ ဘာမှမသိပါ။
ထို့ကြောင့် ယန်ရုန်ရုန် ရူးချင်ယောင် ဆောင်လိုက်ရပါသည်။
“သခင်လေး ရေချိုးစရာရှိတာ ချိုးပါ၊ ကျွန်မ ဒီမှာပဲ စောင့်နေမယ်နော်၊ လိုအပ်တာရှိရင် ခေါ်လိုက်လေ”
သူမကို ရှန်းဝမ်ချင်း စူးစူးရှရှ ကြည့်နေသည်။ ယန်ရုန်ရုန်လည်း သူ့ခေါင်းပေါ်ကို မော့ကြည့်လိုက်ပါသည်။
[ဧကန္တ ငါရေချိုးနေတဲ့အချိန် ချောင်းကြည့်ချင်တာများလား]
ယန်ရုန်ရုန်: “…”
သူမက အရှက်မရှိသော်လည်း နှာဘူးတော့ မဟုတ်ပေ။
ရှန်းဝမ်ချင်း ခံစားချက်မဲ့စွာ သတိပေးလိုက်သည်။
“ဒီမှာ စောင့်နေလို့ရတယ်၊ ဒါပေမယ့် မဟုတ်တာ မလုပ်ရဘူး”
ယန်ရုန်ရုန် ပျော်ရွှင်သွားပုံရပြီး ခေါင်းအကြိမ်ကြိမ်ညိတ်လိုက်သည်။ သူမ မော့ကြည့်လိုက်သောအခါ စာသားအသစ်တစ်ကြောင်းကို မြင်လိုက်ရလေသည်။
[တော်တော် ပျော်သွားတဲ့ပုံစံပဲ]
ယန်ရုန်ရုန့် မျက်နှာပေါ်က အပြုံးအေးခဲသွားခဲ့သည်။
‘သူရေချိုးတာကို ချောင်းကြည့်ခွင့်ရသွားလို့ ငါပျော်နေတာလို့ ထင်နေတာလား၊ ငါ အဲ့လောက် တဏှာမရူးဘူး ခွေးကောင်ရဲ့!’