အခန်း (၈၀)
Vol. 8 Ch. 80
ရှန်းဝမ်ချင်းကို ယန်ရုန်ရုန် ကျောပေးကာ ရပ်နေပါသည်။
သူမအနောက်မှ အဝတ်အစားချွတ်သံများ၊ ရေလောင်းချသံများကို ကြားနေရသည်။ ရှန်းဝမ်ချင်း ရေချိုးနေချိန်တစ်လျှောက်လုံး ယန်ရုန်ရုန် မျက်လုံးကို နှာဖျားပေါ်မှာထား၊ နှာဖျားက နှလုံးသားပေါ်မှာ အာရုံပြုရင်း တရားမှတ်နေသည့် ဘုန်းတော်ကြီးတစ်ပါးလို ငြိမ်သက်နေခဲ့ပါသည်။
နောက်ဆုံးတော့ ခြေထောက်များ ညောင်းချိလာပြီး မတ်တပ် ဆက်မရပ်နိုင်တော့သဖြင့် လှေကားထိပ်မှာ သွားထိုင်နေလိုက်သည်။
ထိုစဉ် ဟုံနျန်ကျစ် ရုတ်တရက် ရောက်လာခဲ့ပါသည်။ သူမကို မြင်လိုက်ရသည်နှင့် ယန်ရုန်ရုန် ချက်ချင်း မတ်တပ်ရပ်ကာ သတိကြီးကြီး ထားလိုက်သည်။
ဟုံနျန်ကျစ်၏ ပုံစံက သင်္ဘောပေါ်တွင် ယန်ရုန်ရုန် မြင်ခဲ့ဖူးသည့် ကြောက်စရာမကောင်းဆိုးဝါးနှင့် တစ်စက်ကလေးမှ မတူဘဲ အလွန် သဘောကောင်းကြင်နာတတ်မည့် ပုံစံမျိုး ပေါက်နေလေသည်။
ဟုံနျန်ကျစ် နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။
“စန်းချွမ် ဒီကိုရောက်နေတာကိုး”
ယန်ရုန်ရုန် ရှင်းပြလိုက်ပါသည်။
“အထဲမှာ သခင်လေး ရေချိုးနေတယ်၊ သူလိုအပ်တာတစ်ခုခုရှိရင် အသင့် ကူညီပေးနိုင်အောင် ဒီမှာ စောင့်နေတာပါ”
ဟုံနျန်ကျစ် ချိုချိုမြိန်မြိန်ပြုံးလိုက်ပါသည်။
“ပုံမှန်ဆို သခင်လေး ရေချိုးနေတဲ့အချိန် ဘယ်သူ့ကိုမှ အကပ်ခံတာ မဟုတ်ဘူး၊ ဒီနေ့ကတော့ ထူးထူးခြားခြားပဲ၊ ကြည့်ရတာ အာ့ကျန်းပြောတာ အမှန်ပဲထင်တယ်၊ သခင်လေးက နင့်ကို တကယ် တန်ဖိုးထားတာပဲ”
ယန်ရုန်ရုန် အနေခက်သွားသော်လည်း ယဉ်ယဉ်ကျေးကျေး ပြုံးပြလိုက်ပါသည်။
“အားလုံး အတွေးလွန်နေကြတာပါ၊ ကျွန်မဘက်ကသာ ဒီတိုင်း အရေထူပြီး ခေါင်းမာနေတာ”
ဟုံနျန်ကျစ် ရှန်းဝမ်ချင်းကို လှမ်းကြည့်လိုက်ပါသည်။ အဖြူရောင် ခန်းဆီးလိုက်ကာများဖြင့် ကာရံထားသဖြင့် ရှန်းဝမ်ချင်း၏ အရိပ်ကိုသာ မြင်နေရသည်။ ထို့နောက် ယန်ရုန်ရုန်ကို ပြန်ကြည့်ကာ သူမ ပြောလိုက်သည်။
“သခင်လေးက နင့်ကို ဒီမှာနေခွင့်ပြုတယ်ဆိုတော့ လိုလေသေးမရှိအောင် ပြုစုပေးလိုက်နော်၊ ယုံကြည်မှုနဲ့ ထိုက်တန်အောင်လုပ်”
ယန်ရုန်ရုန် ခေါင်းညိတ်နာခံလိုက်သည်။ ထို့နောက် သူမ မေးကြည့်လိုက်ပါသည်။
“ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ”
ဟုံနျန်ကျစ် ထပ်ပြုံးလိုက်ပါသည်။
“နင်ဒီနေ့ ပင်လယ်ထဲပြုတ်ကျပြီး အအေးမိသွားတယ်လို့ အာ့ကျန်းကပြောတယ်၊ အဲ့တာကြောင့် နင့်အတွက် ဆေးလာပို့ပေးတာပါ၊ သောက်လိုက်နော်”
ထို့နောက် သူမ အိတ်ကပ်ထဲမှ ကြွေပုလင်းငယ်လေးတစ်လုံးကို ထုတ်ပေးလိုက်ပါသည်။ ထိုပုလင်းကို မြင်လိုက်ရသည်နှင့် ယန်ရုန်ရုန် ထိတ်လန့်သွားခဲ့သည်။
‘အဲ့ဒီဆေး သွေးရိုးသားရိုးမဟုတ်တာ သေချာတယ်!’
ထို့ကြောင့် ယန်ရုန်ရုန် ယဉ်ယဉ်ကျေးကျေး ငြင်းဆန်လိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်မ သက်သာသွားပါပြီ၊ ဆေးသောက်ဖို့ မလိုတော့ဘူး”
ဟုံနျန်ကျစ်ကလည်း အလျှော့မပေးပေ။
“အအေးမိတယ်ဆိုတာ ပေါ့ဆလို့ကောင်းတဲ့ ရောဂါမဟုတ်ဘူး၊ လိုရမယ်ရ သောက်ထားလိုက်တာ ပိုကောင်းပါတယ်၊ စိတ်မပူပါနဲ့ ဆေးက မခါးဘူးနော်၊ နင့်ခန္ဓာကိုယ်အတွက် ကောင်းမှာပါ၊ မြန်မြန်သောက်လိုက်”
ဆက်ငြင်းဖို့ အဆင်မပြေတော့သဖြင့် ယန်ရုန်ရုန် ပုလင်းကို ယူလိုက်ပါသည်။
“ခဏနေရင် နည်းနည်းသောက်လိုက်ပါ့မယ်၊ ရှင် လုပ်စရာရှိတာ သွားလုပ်တော့လေ”
သို့သော် ဟုံနျန်ကျစ်က မလှုပ်ပေ။ သူမကို တောက်တောက်ပပ အပြုံးဖြင့် ဆက်စောင့်ကြည့်နေပါသည်။
“အခု သောက်လိုက်တာ ပိုကောင်းမယ်၊ ဒါမှ ငါလည်း စိတ်အေးရတာပေါ့”
ယန်ရုန်ရုန်: “နောက်မှသောက်လည်း ဘာမှ ခြားနားမသွားပါဘူး”
ဟုံနျန်ကျစ်၏ အပြုံးရုတ်တရက် ပျောက်ကွယ်သွားကာ သူမ မျက်နှာ အေးစက်သွားခဲ့သည်။
“ဧကန္တ ဆေးထဲ ငါတစ်ခုခုထည့်ထားမှာ စိတ်ပူနေတာလား၊ ငါ့ကို နင်မယုံဘူးလား”
ဟုံနျန်ကျစ်၏ ရန်လိုမှုကို ခံစားရသဖြင့် ယန်ရုန်ရုန် မျက်လုံးများ ရုတ်တရက် နီမြန်းသွားခဲ့သည်။ အလွန်ဝမ်းနည်းစရာ ကောင်းသည့် အဖြစ်တစ်ခုကို ကြုံလိုက်ရသကဲ့သို့ သနားစရာကောင်းစွာ ပြန်ပြောလိုက်ပါသည်။
“အခုချက်ချင်း သောက်ရမယ်လို့ ဘာလို့ ဖိအားပေးနေတာလဲ၊ နောက်မှ သောက်တော့ကော သေသွားမှာ မို့လို့လား၊ ကျွန်မခံစားချက်ကို နည်းနည်းလေးမှ ထည့်မတွက်ပေးဘူး၊ အရမ်းစိတ်ပျက်မိတယ်”
ဟုံနျန်ကျစ် မျက်မှောင်ကြုတ်သွားသည်။
“ငါနင့်ကို ဂရုစိုက်လို့ ဆေးသောက်စေချင်တာလေ”
ယန်ရုန်ရုန်: “ကျွန်မကို တကယ်ဂရုစိုက်တယ်ဆိုရင် ကျွန်မရဲ့ဆုံးဖြတ်ချက်ကို လေးစားသင့်တာပေါ့၊ ကျွန်မ မလုပ်ချင်တဲ့အရာကို အတင်းဖိအားပေးပြီး မလုပ်ခိုင်းသင့်ဘူးလေ”
ဟုံနျန်ကျစ်: “နင်နေမကောင်းဖြစ်နေတာလေ! ဆေးသောက်မှ မြန်မြန်သက်သာမှာပေါ့၊ နင်ကောင်းဖို့အတွက် ငါပြောနေတာ!”
ယန်ရုန်ရုန်: “ကျွန်မ နေမကောင်းဖြစ်နေလို့ပဲ ကျွန်မအပေါ် ပိုစိတ်ရှည်သင့်တာ မဟုတ်ဘူးလား! အခုက စိတ်မရှည်တဲ့အပြင် ကျွန်မကို ဆေးသောက်ဖို့ပဲ ဖိအားပေးနေတယ်၊ မသောက်မိရင် ရာဇဝတ်မှုကြီးတစ်ခုကိုပဲ ကျူးလွန်မိတော့မလိုလို၊ လူနာကို အဲ့လို ဆက်ဆံတဲ့လူမျိုး ဘယ်မှာရှိလို့လဲ”
ထို့နောက် ယန်ရုန်ရုန် နဖူးကိုကိုင်ရင်း အားနည်းချင်ယောင် ဆောင်ပြလိုက်ပါသည်။
“အောင်မယ်လေးလေး… ဒီလို အဆူခံရတော့ ခေါင်းတွေတောင် မူးလာသလိုပဲ၊ ကျေးဇူးပြုပြီး သွားပါတော့၊ ကျွန်မ တစ်ယောက်တည်း နားချင်တယ်”
သူမကို ဟုံနျန်ကျစ် ဒေါသတကြီး ကြည့်လိုက်သည်။
“အကောင်းအဆိုးကို နင်မခွဲခြားတတ်ဘူး!”
ယန်ရုန်ရုန် မျက်နှာကို လက်ဖြင့် ချက်ချင်းအုပ်ရင်း ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
“အဟင့်အဟင့်… ကျွန်မကို တကယ်ဆူတယ်! ဒီလောက် ဖျားနာပြီး သနားစရာကောင်းနေတာကို ဂရုမစိုက်တဲ့အစား ဆူပါဆူနေတယ်! နှလုံးသား မဲ့လိုက်တာ!”
ထိုစဉ် ရေချိုးခန်း ခန်းဆီးလိုက်ကာများ ပွင့်သွားပြီး ရှန်းဝမ်ချင်း ထွက်လာခဲ့ပါသည်။ ခပ်ပွပွ အဖြူရောင်ဝတ်ရုံကို ခြုံထားပြီး ရေစိုနေသော သူ့ဆံနွယ်ရှည်များကို ကျောပြင်ပေါ် ချထားသည်။
နဂိုက ဖြူရော်နေသည့် သူ့မျက်နှာလည်း ရေနွေးငွေ့များကြောင့် နီမြန်းနေခဲ့သည်။ သူ့မျက်ဝန်းများကလည်း နွေးထွေးစိုစွတ်ကာ အလွန်ဆွဲဆောင်မှု ရှိနေလေသည်။
ရှန်းဝမ်ချင်း လေသံနက်နက်ဖြင့် မေးလိုက်သည်။
“ဘာတွေ ငြင်းခုံနေကြတာလဲ”
ဟုံနျန်ကျစ် ဘာမှမပြောနိုင်ခင် ယန်ရုန်ရုန်က ဦးအောင် တိုင်ကြားလိုက်ပါသည်။
“သခင်လေး! ဟုံနျန်ကျစ်က ကျွန်မကို ကျေးဇူးမသိတတ်ဘူးလို့ ဆူတယ်! သူအရမ်း ကြမ်းကြုတ်တာပဲ၊ ကျွန်မကြောက်တယ်!”
ဟုံနျန်ကျစ်ကို ရှန်းဝမ်ချင်း လှည့်ကြည့်လိုက်ပြီး မျက်မှောင် ကြုတ်ကာ မေးလိုက်ပါသည်။
“စန်းချွမ်ကို ဘာလို့ ဆူတာလဲ”
ဟုံနျန်ကျစ်ကလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုလိုက်ပါသည်။
“စန်းချွမ် နေမကောင်းဖြစ်နေလို့ ကျွန်မ ဆေးယူလာပေးတာ၊ အဲ့တာကို ကျေးဇူးမသိတတ်တဲ့အပြင် ကျွန်မက ဂရုမစိုက်တတ်ဘူးလို့တောင် အပြစ်တင်နေသေးတယ်၊ ကျွန်မ စိတ်မထိန်းနိုင်ဘဲ စကားတစ်ခွန်းနှစ်ခွန်း ပြောမိတာပါ၊ ကျွန်မ ဘယ်လိုလူမျိုးလဲဆိုတာ သခင်လေး သိတယ်မဟုတ်လား၊ သူ့ရဲ့ တစ်ဖက်သတ် ဇာတ်လမ်းတွေကို နားမယောင်ပါနဲ့ သခင်လေး”
ယန်ရုန်ရုန်ကို ရှန်းဝမ်ချင်း လှည့်ကြည့်လိုက်သည်။ မကျေမနပ်ဖြစ်နေသကဲ့သို့ သူ့မျက်မှောင်တွေ အလွန်ကြုတ်နေခဲ့ပါသည်။
သူမ အငေါက်ခံရတော့မည်ဟု ယန်ရုန်ရုန် ထင်လိုက်သော်လည်း သူ့ခေါင်းပေါ်က စာသားကို မြင်လိုက်ရလေသည်။
[မျက်လုံးလေးတွေ နီနေတာတောင် ချစ်ဖို့ကောင်းနေတယ်၊ နမ်းချင်လိုက်တာ =3=]
ယန်ရုန်ရုန်: “…”
‘အပြင်ပန်းမှာ အေးတိအေးစက် ဆရာကြီးစတိုင်ဖမ်းပြီး စိတ်ကူးထဲမှာ fanfic တွေ ဘယ်လိုတောင် ရေးနေတာလဲ’
ရှန်းဝမ်ချင်းက သူမ ခေါင်းလေးကို ပုတ်ကာ ချော့ပေးဖို့ လက်လှမ်းလိုက်သည်။ သို့သော် ယန်ရုန်ရုန် အမြန်ရှောင်လိုက်ပါသည်။ ထို့နောက် မျက်လုံးများကို အကြမ်းပတမ်းပွတ်ရင်း မျက်ရည်တစ်စက် ညှစ်ချလိုက်ကာ အလွန်ဝမ်းနည်းနေဟန်ဖြင့် ပြောလိုက်သည်။
“သခင်လေးက ဟုံနျန်ကျစ်ကိုပဲ ယုံကြည်တာ ကျွန်မသိတယ်၊ ကျွန်မက ဒီစံအိမ်မှာ လူပိုပဲဥစ္စာ၊ ဒီတိုင်းပဲ ထွက်သွားလိုက်ပါ့မယ်!”
ထို့နောက် မျက်နှာကိုအုပ်လိုက်ပြီး ‘ငိုယို’ရင်း ထွက်ပြေးသွားခဲ့ပါသည်။ ဟုံနျန်ကျစ်က အကြိမ်ကြိမ် လှမ်းခေါ်သော်လည်း ယန်ရုန်ရုန် လှည့်မကြည့်ခဲ့ပေ။
ဟုံနျန်ကျစ် ဒေါသထွက်နေဆဲဖြစ်ကာ ရှန်းဝမ်ချင်းကို တိုင်ကြားလိုက်ပါသည်။
“စန်းချွမ် တော်တော်တရားလွန်လာပြီ၊ သူ့ကို သခင်လေး အလိုထပ်မလိုက်သင့်တော့ဘူး၊ ခဏနေရင် စည်းကမ်း လိုက်နာတတ်အောင် သေချာဆုံးမပေးရမယ်!”
ရှန်းဝမ်ချင်း အေးစက်စွာပြောလိုက်သည်။
“စန်းချွမ်က ငါ့အခြွေအရံပဲ၊ သူ့ကို ဆုံးမဖို့ လိုအပ်တယ် ဆိုရင်တောင် ငါပဲ ဆုံးမမယ်”
သူ့စကားက ဟုံနျန်ကျစ် စည်းကျော်နေကြောင်းကို ဖော်ပြနေခြင်းဖြစ်သည်။ ထို့ကြောင့် ဟုံနျန်ကျစ် အနည်းငယ် မျက်နှာပျက်သွားခဲ့သည်။
“သခင်လေးပြောတာ မှန်ပါတယ်”
ထို့နောက် ဟုံနျန်ကျစ်ကို ရှန်းဝမ်ချင်း လျစ်လျူရှုလိုက်ပြီး ယန်ရုန်ရုန်ကို ရှာဖို့ ထွက်သွားခဲ့ပါသည်။
သိပ်မကြာလိုက်ဘဲ သူမကို ရှန်းဝမ်ချင်း ရှာတွေ့ခဲ့သည်။ ယန်ရုန်ရုန်တစ်ယောက် ခေါင်းငုံ့ပြီး ကြွေပုလင်းထဲက ဆေးရည်ကို သေသေချာချာ စစ်ဆေးနေခဲ့ပါသည်။
ဆေးရည်အနည်းငယ်ကို ထုတ်ပြီး နှာခေါင်းဖြင့် ဂရုတစိုက် အနံ့ခံကြည့်လိုက်သည်။ ဟွမ်လျန့်သေရည်အနံ့နှင့် တကယ်ပဲ တူညီနေလေသည်။
သင်္ဘောပေါ်တွင် သူတို့ကို ဟွမ်လျန့်သေရည် တိုက်နိုင်ဖို့အတွက် ဟုံနျန်ကျစ်က နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သည်။ ဝမ်ဟဲကျစ် အတုအယောင်ကလည်း သူမကို လှည့်စားဖို့ ကြိုးစားခဲ့သေးသည်။
ယခုလည်း ဟုံနျန်ကျစ် လက်မလျှော့သေးဘဲ ထိုပစ္စည်းကို အဖျားပျောက်ဆေးဟုဆိုပြီး ထပ်တိုက်ဖို့ ကြိုးစားနေသည်။
ထို့ကြောင့် ဟွမ်လျန့်ဟူသည့် ထိုပစ္စည်းက မကောင်းသည့် ပစ္စည်းဖြစ်မှန်း သေချာသလောက် ရှိနေပါပြီ။ ထိုပစ္စည်းကိုသာ သောက်လိုက်မိလျှင် ပုံရိပ်ယောင်ထဲ တစ်သက်လုံး ပိတ်မိသွားခြင်းမျိုး ဖြစ်သွားနိုင်သည်။
သူမ အာရုံထဲ အတွေးတစ်ခု ရုတ်တရက် ဝင်လာခဲ့လေသည်။ ဧကန္တ ရှန်းဝမ်ချင်းကိုလည်း ထိုဟွမ်လျန့်ပစ္စည်း အတင်းအကြပ် တိုက်ခဲ့ကြခြင်းကြောင့် အရာရာကို မေ့လျော့နေခြင်း ဖြစ်နိုင်ပါသည်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ သူမထံ ရှန်းဝမ်ချင်း ရောက်ရှိလာခဲ့သည်။