အခန်း (၈၁)
Vol. 9 Ch. 81
သေကြောင်းကြံသည့် ရူးရူးမိုက်မိုက်လုပ်ရပ်မျိုး စန်းချွမ် ထပ်လုပ်မှာကို ရှန်းဝမ်ချင်း စိတ်ပူနေခဲ့သည်။
နှစ်သိမ့်စကားပြောဖို့ ရှန်းဝမ်ချင်း ပါးစပ်ပင် မဟနိုင်ခင် စန်းချွမ်က ခုန်ပေါက်ပြီး သူ့ရှေ့ရောက်လာခဲ့ပါသည်။ သူမကို ချော်လဲမသွားအောင်ပင် အမြန်ထိန်းပေးလိုက်ရသည်။
ရှန်းဝမ်ချင်း၏ အဝတ်အစားများကို ဆုပ်ကိုင်ရင်း ယန်ရုန်ရုန် အလောတကြီး မေးလိုက်လေသည်။
“ကျွန်မ တစ်ခုလောက် မေးလို့ရမလား”
ရှန်းဝမ်ချင်း ခေါင်းညိတ်လိုက်ပါသည်။
“မေးလေ”
သူ့ခေါင်းပေါ်မှာလည်း စာသားတစ်ကြောင်း ပေါ်လာခဲ့သည်။
[စိတ်လှုပ်ရှားနေတဲ့အချိန်မှာတောင် ချစ်ဖို့ကောင်းလိုက်တာ]
ထိုစာသားကို ယန်ရုန်ရုန် မမြင်ချင်ယောင်ဆောင်လိုက်ပြီး ကြွေပုလင်းငယ်အား ထုတ်ပြကာ မေးလိုက်သည်။
“ဒီထဲက ဘာတွေလဲဆိုတာ သခင်လေး သိလား”
ရှန်းဝမ်ချင်း ပုလင်းကို ယူပြီး အဖုံးဖွင့်ကာ အထဲက အရည်ကြည်များကို ငုံ့ကြည့်လိုက်ပါသည်။ ထို့နောက် နှာခေါင်းနားကပ်ကာ အနံ့ခံကြည့်လိုက်သည်။
“ဒီအနံ့ကို ရင်းနှီးနေသလိုပဲ…”
သူ့ကို ယန်ရုန်ရုန် စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပါသည်။
“အခု မှတ်မိပြီလား”
ရှန်းဝမ်ချင်း အာရုံစိုက်ကာ မှတ်ဉာဏ်များကို ပြန်လည်ရှာဖွေဖို့ ကြိုးစားလိုက်သည်။ သို့သော် သူ့ဦးနှောက်ထဲ ရုတ်တရက် စူးစူးရှရှ နာကျင်သွားလေသည်။ တစ်စုံတစ်ယောက်က သူ့ခေါင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ဘာမှထပ်မတွေးနိုင်အောင် ဟန့်တားနေသည့်အလား။
သူ့လက်ထဲမှ ကြွေပုလင်းလည်း လွတ်ကျသွားခဲ့သည်။ ကံကောင်းစွာဖြင့် ကြွေပုလင်း ကျမကွဲခင် ယန်ရုန်ရုန် အမြန် လှမ်းဖမ်းနိုင်ခဲ့ပါသည်။
ရှန်းဝမ်ချင်းကို ထိုင်ခုံတစ်လုံးဆီရောက်အောင် လိုက်ပို့ပေးပြီး ယန်ရုန်ရုန် စိုးရိမ်တကြီး မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
ရှန်းဝမ်ချင်း နဖူးကို လက်တစ်ဖက်ဖြင့် ထောက်ထားရသည်။ သူ့မျက်နှာတစ်ခုလုံး သွေးမဲ့ဖြူရော်နေပြီး အလွန် နာကျင်နေသကဲ့သို့ မျက်မှောင်ကြုတ်နေခဲ့သည်။
အချိန်အတော်ကြာမှ အနည်းငယ် သက်သာသွားပြီး တိုးညှင်းစွာ ပြန်ပြောလိုက်ပါသည်။
“ငါ မမှတ်မိဘူး”
ရှန်းဝမ်ချင်း၏ လက်ရှိအခြေအနေက သူမ သင်္ဘောပေါ်တွင် ကြုံခဲ့ရသည့် အခြေအနေနှင့် ဆင်တူလွန်းလှသည်။ ပုံရိပ်ယောင်များကို ဖန်ဆင်းထားသည့်လူက သူတို့ အမှန်တရားကို ရှာမတွေ့နိုင်အောင် ဟန့်တားထားပုံရသည်။ ထို့ကြောင့် ယန်ရုန်ရုန် သံသယများ ဖြစ်နိုင်ချေ ပိုမြင့်လာခဲ့ပါသည်။
ပုံရိပ်ယောင်များထံမှ လွတ်မြောက်ဖို့အတွက် ဟွမ်လျန့်က အဓိက သော့ချက်ဖြစ်လာနိုင်ပါသည်။
ထိုစဉ် အာ့ကျန်းတစ်ယောက် သုတ်သုတ်ပျာပျာ ရောက်လာခဲ့သည်။
“သခင်လေးကို ကျွန်မ လိုက်ရှာနေတာ တော်တော်ကြာပြီ! စားဖိုဆောင်က ညစာပြင်ဆင်ပြီးသွားပြီတဲ့၊ သခင်လေး ညစာခန်းမထဲမှာ သုံးဆောင်မှာလား၊ အိပ်ခန်းထဲမှာပဲ သုံးဆောင်မှာလား”
ရှန်းဝမ်ချင်း နေထိုင်မကောင်းသဖြင့် စိတ်မပါလက်မပါ ပြန်ဖြေလိုက်ပါည်။
“အိပ်ခန်းထဲမှာပဲ”
အာ့ကျန်း အမိန့်နာခံလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။
“သခင်လေး မျက်နှာတွေ ဖြူနေတယ်နော်၊ ရောဂါဟောင်းတွေ ပြန်ထလာပြန်ပြီလား”
ယန်ရုန်ရုန် စိတ်ဝင်တစား ဖြတ်မေးလိုက်သည်။
“ဘာရောဂါဟောင်းလဲ”
သူမကို မကျေမနပ်ကြည့်ရင်း အာ့ကျန်းရှင်းပြလိုက်သည်။
“သခင်လေး ငယ်ငယ်ကတည်းက အရမ်းချူချာပြီး ခဏခဏ နေမကောင်းဖြစ်တယ်၊ မကြာခဏ ခေါင်းမူးတတ်ပြီး တစ်ခါတလေ သတိပါလစ်သွားတတ်တယ်လေ၊ သူ့အခြွေအရံခေါင်းဆောင်လုပ်ပြီး ဒီလောက်အရေးကြီးတဲ့ အကြောင်းအရာကို ဘာလို့ မေ့သွားရတာလဲ!”
ယန်ရုန်ရုန် ခါးထောက်ကာ ပြန်ငေါက်လိုက်ပါသည်။
“မေ့သွားတော့ နင် ဘာလုပ်ချင်လဲ!”
သူမ လူရမ်းကားလို ဟန်ဆောင်နေမှန်း သိသာသည်။ အာ့ကျန်း ဒေါသအလွန်ထွက်နေသော်လည်း ဘာမှ ပြန်မပြောနိုင်ခဲ့ပါ။ ထို့ကြောင့် ရှန်းဝမ်ချင်းကိုသာ လှည့်တိုင်လိုက်လေသည်။
“သခင်လေး၊ စန်းချွမ်ကို ကြည့်ပါဦး! ရိုင်းစိုင်းနေလိုက်တာ!”
ရှန်းဝမ်ချင်း နားထင်တွေပွတ်ရင်း တိုးညှင်းစွာသာ တုန့်ပြန်ခဲ့သည်။
“အင်း…”
အာ့ကျန်းက ဆက်ပြီး သွေးထိုးလိုက်ပါသည်။
“စည်းကမ်းဆိုတာ ဘာလဲသိသွားအောင် သူ့ကို သခင်လေး ကောင်းကောင်း ဆုံးမသင့်တယ်နော်”
အာ့ကျန်း၏ နားပူနားဆာ လုပ်သံများကို ရှန်းဝမ်ချင်း ဆက်နားမထောင်ချင်တော့သဖြင့် ဝတ်ကျေတန်းကျေ ပြန်ပြောလိုက်ပါသည်။
“အဲ့တာဆို ဒီနေ့ည ငါ့အခန်းထဲမှာ အမှုထမ်းဖို့ လွှတ်လိုက်”
အာ့ကျန်း ကြက်သေသေသွားပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
‘အဲ့တာ အပြစ်ပေးတာလား!’
သခင်လေး၏အိပ်ခန်းထဲတွင် တစ်ညတာ အမှုထမ်းခွင့်ရခြင်းက အပြစ်ဒဏ်ဆိုလျှင် သူမနှင့် အစေခံများအားလုံး နေ့တိုင်းအပြစ်ပေးခံရဖို့ ဆုတောင်းမိပါလိမ့်မည်။ တစ်သက်လုံး အပြစ်ပေးခံရလျှင် ပိုတောင်ကောင်းသေးသည်။
သို့သော် ယန်ရုန်ရုန့်အတွက်တော့ အမှန်တကယ် အပြစ်ဒဏ်ဖြစ်နေပါသည်။
ပထမတော့ ဒီနေ့ည အားလုံး အိပ်စက်နေချိန်တွင် စံအိမ်ကြီးထဲ သဲလွန်စရှာဖွေဖို့ ကြံရွယ်ထားခဲ့သည်။ ယခုတော့ ရှန်းဝမ်ချင်းက စကားတစ်ခွန်းတည်းနှင့် သူမ၏ အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်လေပြီ။
အာ့ကျန်းလက်မခံနိုင်ဘဲ အထွန့်ဆက်တက်ချင်သော်လည်း ရှန်းဝမ်ချင်း စိတ်မရှည်တော့ပါ။ ထို့ကြောင့် မတ်တပ်ရပ်ကာ ယန်ရုန်ရုန့်အား လှည့်ပြောလိုက်သည်။
“သွားကြစို့”
ပြောပြောဆိုဆိုနှင့် လက်တစ်ဖက်ကိုပါ ကမ်းပေးလိုက်သည်။ ယန်ရုန်ရုန် ကြောင်စီစီဖြစ်သွားသော်လည်း သူ့ကို တွဲပေးစေချင်ခြင်းဖြစ်မှန်း နားလည်သွားခဲ့သည်။
‘တော်တော် အလိုလိုက်ခံထားရတဲ့ သခင်လေးပဲ!’
စိတ်ထဲမှ မကျေမနပ် ဝေဖန်ရင်း ယန်ရုန်ရုန် သူ့လက်ကိုကိုင်ကာ ကူတွဲပေးလိုက်ပါသည်။
အာ့ကျန်းတစ်ယောက် မကျေနပ်သော်လည်း သခင်လေး၏ လမ်းကို မပိတ်ပင်ရဲသဖြင့် ဒီတိုင်း ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။
သူတို့ ခပ်လှမ်းလှမ်းကိုရောက်သောအခါ ရှန်းဝမ်ချင်းက အသိပေးလိုက်သည်။
“လမ်းမှားနေတယ်”
ယန်ရုန်ရုန် ဇဝေဇဝါဖြစ်သွားသည်။
“ဟမ်”
ရှန်းဝမ်ချင်း စိတ်ရှည်လက်ရှည်ထားကာ ရှင်းပြလိုက်သည်။
“ဒါအိပ်ခန်းဆောင်ဆီ သွားတဲ့လမ်းမဟုတ်ဘူး”
ယန်ရုန်ရုန် ရုတ်တရက် နားလည်သွားခဲ့ပါသည်။
“ဪ ဟုတ်သား!”
ထို့နောက် သူမ မဝံ့မရဲ မေးလိုက်သည်။
“ဒါဆို ဘယ်လမ်းကို သွားရမှာလဲဟင်…”
ကျွန်းသခင်၏ စံအိမ်ကြီးက ကျယ်ပြောလွန်းပါသည်။ လမ်းဆုံလမ်းခွတွေလည်း အလွန်များပြားလှသည်။ စံအိမ်နှင့် အကျွမ်းတဝင် မရှိသူဆိုလျှင် ဘယ်ကိုသွားရမှန်းမသိဖြစ်ကာ လမ်းပျောက်နေမှာ သေချာသည်။
ရှန်းဝမ်ချင်း သက်ပြင်းချလိုက်ပါသည်။
“အနောက်ကို ပြန်သွား၊ ခုနက လမ်းဆုံရောက်ရင် ဘယ်ဘက်ကို ချိုးလိုက်”
ယန်ရုန်ရုန် သူ့ကို ကူတွဲပေးရင်း အနောက်သို့ ပြန်လှည့်လာခဲ့သည်။ လမ်းတစ်လျှောက်လုံးလည်း ပွစိပွစိ ပြောနေခဲ့ပါသည်။
“ဒီက လမ်းတွေ တော်တော်ရှုပ်တာပဲ၊ ရှေ့နောက်တောင် မြောက်တောင် မခွဲတတ်တော့ဘူး၊ အသေးစိတ်ကျကျ ဆွဲထားတဲ့ မြေပုံတစ်ခုလောက်ရှိရင် ကောင်းမှာပဲ”
ထိုသို့ပြောပြီးသည်နှင့် ယန်ရုန်ရုန် မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ရှန်းဝမ်ချင်းအား မျှော်လင့်တကြီး ကြည့်လိုက်ပါသည်။ ရှန်းဝမ်ချင်းကလည်း သူမကို စိတ်မပျက်စေခဲ့ဘဲ လိုချင်သည့် အဖြေကိုသာ ပေးခဲ့သည်။
“ငါ့စာကြည့်ခန်းထဲမှာ စံအိမ်မြေပုံရှိတယ်၊ ခဏနေရင် ယူလာခိုင်းလိုက်မယ်”
ယန်ရုန်ရုန် ချက်ချင်း တောက်ပသွားခဲ့သည်။
“ကျေးဇူးတင်ပါတယ် သခင်လေး! သခင်လေးက တကယ့်လူကောင်းပဲ!”
‘ဒင်! ကတ်ကို ရရှိသွားပါပြီ’
ယန်ရုန်ရုန်၏တောက်ပနေသည့် အပြုံးကို ကြည့်ရင်း ရှန်းဝမ်ချင်းမျက်နှာက ခံစားချက်မဲ့နေဆဲပင်။
သို့သော် သူ့ခေါင်းပေါ်မှာတော့ စာသားတစ်ကြောင်း ပေါ်လာလေသည်။
[ပြုံးလိုက်ရင် အရမ်းချစ်ဖို့ကောင်းတာပဲ၊ သဘောကျလိုက်တာ]
ယန်ရုန်ရုန် အပြုံးအေးခဲသွားရသည်။ သို့သော် မပြီးသေးပါ။ စာကွက်ထဲ စာကြောင်းတွေတစ်ကြောင်းပြီးတစ်ကြောင်း ဆက်တိုက်ပေါ်လာခဲ့ပါသည်။
[မနက် အိပ်ရာနိုးလာတိုင်း အဲ့ဒီအပြုံးလေးကို မြင်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ]
[ဒီနေ့ည ငါ့အိပ်ခန်းဆောင်ထဲမှာ သူနေရမှာ၊ စိတ်လှုပ်ရှားသလိုလို စိတ်ဖိစီးသလိုလို ဖြစ်မိတယ်]
[ညအိပ်ဝတ်စုံလေးနဲ့ ငါ့နားမှာ ရှိနေမှာကို တွေးမိရုံနဲ့ ရင်ခုန်ပြီး ခေါင်းတွေပါ မူးလာပြီ]
ယန်ရုန်ရုန် တစ်ကိုယ်လုံး ထုံကျင်နေပါပြီ။ သူ့ခေါင်းပေါ်က စာကြောင်းတွေကို ပျောက်သွားစေမည့် ‘Mute’ ခလုတ် တစ်ခုလောက်ရှိလျှင် သိပ်ကောင်းမည်ဟု ဆုတောင်းမိသည်။
ရှန်းဝမ်ချင်း အတွေးများက ကြမ်းတမ်းလွန်းပါသည်။
ရှန်းဝမ်ချင်း၏ အိပ်ခန်းဆောင်က ဝါးတောလေးတစ်ခုအတွင်း တည်ရှိသည်။ ပတ်ဝန်းကျင်အခြေအနေက အလွန် တိတ်ဆိတ်ငြိမ်သက်ကာ အေးချမ်းလွန်းပါသည်။ အတွင်းဘက် အပြင်အဆင်ကလည်း ရိုးရှင်းသပ်ရပ်လှသည်။
အာ့ကျန်းက အခြွေအရံများကို ဦးဆောင်ပြီး စားပွဲတစ်လုံးတွင် ညစာများ တည်ခင်းပေးခဲ့ပါသည်။ အာ့ကျန်း ဆက်ပြီး ပြုစုပေးချင်သော်လည်း ရှန်းဝမ်ချင်းက စိမ်းကားစွာ ပြောလိုက်သည်။
“ဒီမှာ စန်းချွမ်တစ်ယောက်တည်းရှိနေရင် လုံလောက်ပြီ”
ယန်ရုန်ရုန့်ကို အာ့ကျန်း မနာလိုဝန်တိုမှုဖြင့် စိုက်ကြည့်လိုက်ပြီး အခြွေအရံများကို ခေါ်ဆောင်လျက်ထွက်ခွာသွားခဲ့သည်။
ဘယ်သူမှ မရှိတော့ခါမှ ယန်ရုန်ရုန်ကို ထိုင်ဖို့ ရှန်းဝမ်ချင်း လက်ဟန်ပြလိုက်သည်။
“အစားအသောက်တွေက အများကြီးပဲ၊ ငါတစ်ယောက် တည်း မကုန်ဘူး၊ အလကားမဖြစ်အောင် အတူတူ စားရအောင်”
ယန်ရုန်ရုန် လက်ပြကာ ငြင်းဆန်လိုက်သည်။
“ကျေးဇူးတင်ပါတယ်သခင်လေး၊ ဒါပေမယ့် ကျွန်မ ဗိုက်မဆာသေးဘူး”
အစားအသောက်တွေက စားချင်စဖွယ်ကောင်းသော်လည်း အားလုံးက ပုံရိပ်ယောင်တွေသာဖြစ်မှန်း သူမ မမေ့သေးပါ။ ထို့အပြင် သူမတို့ကို ဟုံနျန်ကျစ် စောင့်ကြည့်နေမှာ သေချာပါသည်။
အစားအသောက်တွေထဲ ဟွမ်လျန့်ပစ္စည်းရောစပ်ထားလျှင် သူမ ဒုက္ခရောက်သွားနိုင်သည်။ ထို့ကြောင့် ဘေးကင်းလုံခြုံစေဖို့အတွက် မစားတာပိုကောင်းပါလိမ့်မည်။
ထို့အပြင် ပုံရိပ်ယောင်ကမ္ဘာထဲ သူမ ငတ်မသေနိုင်လောက်ပေ။