အခန်း (၈၂)
Vol. 9 Ch. 82
နှလုံးသားက ဆုံးဖြတ်ချက် ခိုင်မာနေသော်လည်း ခန္ဓာကိုယ်ကတော့ သစ္စာဖောက်ကာ ယန်ရုန်ရုန့် ဗိုက်ထဲမှ တဂွီဂွီ မြည်လာခဲ့ပါသည်။
ဒီပုံရိပ်ယောင်ကမ္ဘာက လက်တွေ့ဆန်လွန်းလှသည်။ ဗိုက်ဆာနေသည့် အခြေအနေကိုပင် အစစ်အမှန်ဟု ထင်ရလောက်အောင် ဖန်တီးနိုင်ပါသည်။
ရှန်းဝမ်ချင်း၏ ပြုံးတစ်ဝက်မဲ့တစ်ဝက်မျက်နှာကို မြင်သော်လည်း ယန်ရုန်ရုန် မမှုခဲ့ပါ။ ရှက်စရာမဟုတ်ဟု ခံယူထားလျှင် ဘာမှ ရှက်စရာမလိုပေ။
ရှန်းဝမ်ချင်း မေးလိုက်သည်။
“တကယ် ဗိုက်မဆာဘူးလား”
ဗိုက်ထဲက တဂွီဂွီမြည်သံတွေကို မကြားရသကဲ့သို့ ဟန်ဆောင်ရင်း ယန်ရုန်ရုန် ပေါ်တင်လိမ်လိုက်ပါသည်။
“မဆာပါဘူး”
ရှန်းဝမ်ချင်း အနည်းငယ် စိတ်ပျက်သွားပုံရပြီး တိုးညှင်းစွာ သက်ပြင်းချလိုက်ပါသည်။
“ဟုတ်ပါပြီ”
ထိုစဉ် သူ့ခေါင်းပေါ် စာသားအသစ်တစ်ကြောင်း ပေါ်လာခဲ့ပြန်သည်။
[သူ ထပ်လိမ်နေပြန်ပြီ]
ယန်ရုန်ရုန် ခေါင်းကိုငုံ့ထားပြီး တရားထိုင်နေသည့် ဘုန်းကြီးတစ်ပါးသဖွယ် တည်ငြိမ်နေပါသည်။ ထို့နောက် တစ်ချက်လောက် မော့ကြည့်လိုက်ရာ စာသားအသစ်တစ်ကြောင်းကို ထပ်မြင်လိုက်ရသည်။
[လိမ်နေတာတောင် ချစ်ဖို့ကောင်းလိုက်တာ]
ယန်ရုန်ရုန် မအောင့်နိုင်တော့ဘဲ ထိန်းမနိုင်သိမ်းမရဖြစ်ကာ ချောင်းဆိုးမိလေသည်။
‘အဟွတ် အဟွတ် အဟွတ်!”
‘ဒီကောင် နာနာဘာဝ ပူးကပ်ခံထားရတာလား၊ ငါလုပ်သမျှကို ချစ်ဖို့ကောင်းတယ်လို့ ဘာလို့ခေါင်းစဉ်တပ်နေတာလဲ!’
ရှန်းဝမ်ချင်း မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
ယန်ရုန်ရုန် ချောင်းဆိုးနေသည်ကို အမြန်ထိန်းလိုက်ပါသည်။
“လည်ချောင်း နည်းနည်းခြောက်နေလို့ပါ”
ရှန်းဝမ်ချင်း အခါးရည်တစ်ခွက် လှမ်းယူလိုက်သည်။ အခါးရည်ခွက်၏ အဖြူရောင် ကြွေသားထက် သူ့လက်ချောင်း သွယ်သွယ်လေးများက ပိုမို ဖြူစင်နူးညံ့နေခဲ့ပါသည်။
သူ့လက်ကို မြှောက်လိုက်သောအခါ အောက်သို့ ဝတ်ရုံစ အနည်းငယ်လျှောကျသွားပြီး ဖြူဖွေးနေသည့် သူ့လက် ကောက်ဝတ် အနည်းငယ်ပေါ်လာခဲ့သည်။ သူ့ပုံစံက အလွန်ဣန္ဒြေသိက္ခာရှိလှသည့် သခင်လေးတစ်ပါးလိုပင်။
အခါးရည်က သူသောက်ဖို့မဟုတ်ဘဲ ယန်ရုန်ရုန့်ထံ ကမ်းပေးလိုက်ပါသည်။
“အခါးရည်လေး နည်းနည်းသောက်လိုက်”
ပထမတော့ ယန်ရုန်ရုန် ငြင်းဆန်ချင်ခဲ့ပါသည်။ သို့သော် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး ချက်ချင်း စိတ်ပြောင်းလိုက်သည်။
ခွက်ကိုလက်ခံပြီး ရှန်းဝမ်ချင်းအား ကျေးဇူးတင်စကားပြောလိုက်သည်။ ထို့နောက် သူမနှုတ်ခမ်းနား ခွက်ကို ကပ်လိုက်သော်လည်း မသောက်ဘဲ နှာခေါင်းဖြင့် သေသေချာချာ အနံ့ခံကြည့်လိုက်ပါသည်။
လက်ဖက်ခြောက်များ၏ မွှေးရနံ့များအကြား ရင်းနှီးနေသည့် ရနံ့သဲ့သဲ့တစ်ခုကို ရလိုက်သည်။ ထိုရနံ့ကို သူမ ချက်ချင်း မှတ်မိသွားပါသည်။
ဟွမ်လျန့်ပစ္စည်း ရနံ့ဖြစ်မှန်း မမှားနိုင်ပေ။
အခါးရည်ထဲ ဟွမ်လျန့်ပစ္စည်းများ ပါဝင်နေပါသည်။
ရှန်းဝမ်ချင်းကို မော့ကြည့်ကာ ယန်ရုန်ရုန် မေးလိုက်သည်။
“ဒီအခါးရည်ကို သခင်လေး နေ့တိုင်းသောက်တာလား”
ရှန်းဝမ်ချင်း သိပ်မစဉ်းစားဘဲ ခေါင်းညိတ်လိုက်သည်။
“အင်း”
ယန်ရုန်ရုန် ထပ်မေးလိုက်ပါသည်။
“သခင်လေးအတွက် အခါးရည်ကို ဘယ်သူပြင်ဆင်ပေးတာလဲ၊ ဟုံနျန်ကျစ်လား”
ရှန်းဝမ်ချင်း ခေတ္တစဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည်။
“ငါလည်းသေချာမသိဘူး၊ ဟုတ်မှာပေါ့”
ယန်ရုန်ရုန်၏ ထူးထူးဆန်းဆန်းမျက်နှာထားကို ရိပ်စားမိပြီး ရှန်းဝမ်ချင်း မေးလိုက်ပါသည်။
“အခါးရည်က တစ်ခုခုဖြစ်နေလို့လား”
ယန်ရုန်ရုန် တွန့်ဆုတ်စွာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်! ဒီအခါးရည်ကို တစ်ယောက်ယောက် ဆေးခတ်ထားတယ်၊ သောက်လိုက်ရင် သခင်လေးရဲ့မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပြီး ကိုယ် ဘယ်သူဘယ်ဝါဆိုတာကိုပါ မေ့သွားလိမ့်မယ်!”
သူမ၏ စွပ်စွဲစကားများက အခြေအမြစ်မရှိလှပါ။ လူ ၁၀ ယောက်တွင် ၉ ယောက်က ယုံကြည်မှာ မဟုတ်ပေ။
ဟုံနျန်ကျစ်ကို ဆင့်ခေါ်ပြီး သူမနှင့် ထိပ်တိုက်ရင်ဆိုင်ခိုင်းဖို့ပင် ရှန်းဝမ်ချင်း စဉ်းစားမိနိုင်သည်။ ထို့ကြောင့် ယန်ရုန်ရုန် အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားရပါမည်။
သို့သော် ရှန်းဝမ်ချင်းက ခေတ္တသာ မျက်မှောင်ကြုတ်သွားပြီး ပြန်ပြောလိုက်လေသည်။
“အဲ့လိုကိုး…”
ယန်ရုန်ရုန် မယုံကြည်နိုင်ဖြစ်သွားသည်။
‘သူ… သူ ငါ့စကားကို အဲ့လောက်လွယ်လွယ်ကူကူ ယုံလိုက်တာလား!’
ယန်ရုန်ရုန် မနေနိုင်ဘဲ မေးကြည့်လိုက်မိပါသည်။
“ကျွန်မ လိမ်နေတယ်လို့ မထင်မိဘူးလား”
သူမကို ရှန်းဝမ်ချင်း ခေတ္တစိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။
“ငါမင်းကို ယုံတယ်”
တစ်ချိန်တည်းမှာပင် ခေါင်းပေါ်စာသားတစ်ကြောင်း ပေါ်လာသည်။
[လိမ်နေတယ်ဆိုရင်တောင် ကိစ္စမရှိဘူး၊ ပျော်ပျော်ကြီး အလိမ်ခံလိုက်မယ်]
ယန်ရုန်ရုန် မှင်သက်သွားခဲ့သည်။ သူမ ဝန်မခံချင်သော် လည်း ယခုအခိုက်အတန့်တွင် သူ့ကြောင့် အမှန်တကယ် ကြည်နူးသွားမိပါသည်။
သူ့နေရာမှာ သူမသာဆိုလျှင် လူတစ်ယောက်ကို အကြွင်းမဲ့ ယုံကြည်နိုင်မှာမဟုတ်ပါ။ ထိုလူကို သူမ သဘောကျနေလျှင်တောင် လုံးဝယုံကြည်မည်မဟုတ်ပေ။
ဘယ်လိုနေရာ၊ ဘယ်လို အချိန်မျိုးမှာပဲဖြစ်ဖြစ် ယန်ရုန်ရုန် ကိုယ့်အတွက်ကိုယ်သာ ဦးစားပေးမိပါလိမ့်မည်။
ရှန်းဝမ်ချင်း အခါးရည်ခွက်ကို ပြန်ယူလိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် စားပွဲပေါ်က များစွာသော ဟင်းလျာတို့ကို အကဲခတ်ရင်း တည်ငြိမ်စွာ မေးလိုက်ပါသည်။
“အခါးရည်ထဲ ဆေးခတ်ထားတယ်ဆိုရင် အစားအသောက်တွေကိုပါ ဆေးခတ်ထားနိုင်ချေရှိလား”
ဖြစ်နိုင်ချေရှိပါသည်။ ဟုံနျန်ကျစ်နေရာမှ ယန်ရုန်ရုန် ဝင်တွေးကြည့်လိုက်သည်။
သူမသာ လူတစ်ယောက်ကို ဆေးခတ်ချင်လျှင် ရသမျှအခွင့်အရေးအကုန်လုံးကို ကျိန်းသေ အသုံးချပါမည်။
အခါးရည်ဖြစ်စေ၊ အစားအသောက်ဖြစ်စေ၊ လူ့ခန္ဓာကိုယ်ထဲဝင်ရောက်မည့် အရာမှန်သမျှထဲ ဟွမ်လျန့်ပစ္စည်းကို ရောစပ်ထားလျှင် ပိုသေချာလိမ့်မည်။
စားပွဲပေါ်မှ ဟင်းလျာများနား ကပ်ကာ ယန်ရုန်ရုန် တစ်ခုချင်းစစ်ဆေးကြည့်လိုက်သည်။ သူမ ခန့်မှန်းချက် မှန်ကန်သည်။
ဟင်းလျာတိုင်းတွင် ဟွမ်လျန့်ပစ္စည်း၏ ရနံ့သဲ့သဲ့ပါဝင်နေသည်။ သို့သော် ဟင်းလျာရနံ့များနှင့် ရောနှောနေသဖြင့် သေချာ မစစ်ဆေးကြည့်လျှင် သတိမထားမိနိုင်ပေ။
ရှန်းဝမ်ချင်းအား ယန်ရုန်ရုန် အမှန်အတိုင်း ပြောပြလိုက်ပါသည်။ ထိုအခါ ယန်ရုန်ရုန်ကို စေ့စေ့ကြည့်လျက် ရှန်းဝမ်ချင်း မေးလိုက်သည်။
“ခုနက မစားဘူးလို့ငြင်းခဲ့တာ ဗိုက်မဆာလို့မဟုတ်ဘဲ အစားအသောက်တွေထဲ ဆေးခတ်ထားတယ်လို့ သံသယ ဖြစ်မိလို့လား”
ဓားသခင်ဟု ဆိုစရာမရှိဘဲ သုံးသပ်နိုင်စွမ်းက လျှင်မြန်လွန်းလှပါသည်။
ယန်ရုန်ရုန် ခေတ္တစဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။
“ဟုတ်ပါတယ်”
ရှန်းဝမ်ချင်း အစားအသောက်တွေ အသစ်ထပ်ပြင်ဆင်ခိုင်းဖို့ စိတ်ကူးမရှိပါ။ သူ ငတုံးမဟုတ်ပေ။
အသစ်ပြင်ဆင်လိုက်လျှင်တောင် ဟုံနျန်ကျစ်က အရာရာကို ဆေးခတ်ထားနိုင်သည်။ ထို့ကြောင့် တံဆိပ်ပြားတစ်ခုကိုထုတ်ပြီး ယန်ရုန်ရုန်အား ပေးလိုက်ပါသည်။
“ဒီတံဆိပ်ပြားကို ယူထားလိုက်၊ အဲ့တာရှိရင် စံအိမ်အပြင်ကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာလို့ရတယ်၊ စားချင်တာရှိရင် အပြင်မှာသွားဝယ်စား၊ ပိုက်ဆံမရှိရင် ငါ့ကိုပြော”
လူတစ်ယောက်က အစာမစားဘဲ နေထိုင်လို့မရပါ။ ထို့အပြင် စန်းချွမ် ဗိုက်ဆာနေမှာမျိုး သူ မဖြစ်စေချင်ပေ။
ယန်ရုန်ရုန် ခေါင်းခါလိုက်ပါသည်။
“ရပါတယ်၊ အပြင်က အစားအသောက်တွေကိုလည်း ဆေးခတ်ထားလောက်တယ်”
ရှန်းဝမ်ချင်း နားမလည်နိုင်ဖြစ်သွားခဲ့သည်။ ဟုံနျန်ကျစ်ဘယ်လောက်ပဲ အစွမ်းအစရှိနေပါစေ ဖမ့်လိုင်မသေမျိုးကျွန်း တစ်ကျွန်းလုံးကိုတော့ ထိန်းချုပ်နိုင်စွမ်းမရှိလောက်ပါ။
ထိုကဲ့သို့ အစွမ်းအစမျိုးသာ ရှိနေလျှင် ယခုလို အိမ်တော်ထိန်း ဝင်လုပ်နေစရာအကြောင်းမရှိဘဲ သူမကိုယ်တိုင် ကျွန်းသခင်ဖြစ်နေလောက်ပါပြီ။
ယန်ရုန်ရုန်ရှင်းပြလိုက်သည်။
“ဟုံနျန်ကျစ်တစ်ယောက်တည်းမဟုတ်ဘူး၊ ဖမ့်လိုင်တစ်ကျွန်းလုံး… မဟုတ်ဘူး ကျွန်မတို့ မြင်နေရသမျှ အရာအားလုံးက အစစ်အမှန်မဟုတ်ဘူး”
ရှန်းဝမ်ချင်း အံ့အားသင့်စွာ မျက်လုံးပြူးသွားခဲ့ပါသည်။ သူဘယ်လောက်ပဲ တည်ငြိမ်နေခဲ့ပါစေ အဓိပ္ပာယ်မဲ့သည်ဟု ထင်ရသော အမှန်တရားတစ်ခုကိုတော့ မျက်ကွယ်မပြုနိုင်ခဲ့ပါ။
ယန်ရုန်ရုန် ဆက်ပြောလိုက်သည်။
“ကျွန်မတို့အခု ပုံရိပ်ယောင်ကမ္ဘာတစ်ခုထဲကို ရောက်နေတာ၊ ကျွန်မတို့မြင်နေရသမျှအရာတွေ အကုန်လုံးက ပုံရိပ်ယောင်တွေချည့်ပဲ၊ ဟုံနျန်ကျစ်ကော၊ အာ့ကျန်းကော၊ အခြားဘယ်သူမဆို ကျွန်မတို့ကို အရူးလုပ်ဖို့ ဖန်ဆင်းထားတဲ့ ပုံရိပ်တွေသက်သက်ပဲ”
သူမ သေချာစဉ်းစားပြီးပါပြီ။ ဒီပုံရိပ်ယောင်ကမ္ဘာထဲမှာ အခြားသူတွေအားလုံးက ပုံရိပ်များသာဖြစ်ပြီး သူမနှင့် ရှန်းဝမ်ချင်းတို့နှစ်ယောက်တည်းသာ အစစ်အမှန် ဖြစ်ကြသည်။
ထို့ကြောင့်တစ်ယောက်တည်း ထွက်ပြေးလွတ်မြောက်ဖို့ ခဲယဉ်းနိုင်သဖြင့် ရှန်းဝမ်ချင်းကို စောစောအသိပေးပြီး မဟာမိတ်ဖွဲ့ထားသင့်ပါသည်။
ကံကောင်းစွာဖြင့် ရှန်းဝမ်ချင်း ကိုယ့်ကိုယ်ကိုယ် ဘယ်သူဘယ်ဝါမှန်း မေ့လျော့သွားခဲ့လျှင်တောင် သူမအပေါ်ထားသည့် ခံစားချက်များကတော့ မပြောင်းလဲသေးပေ။ သူမအပေါ် အရူးမျက်ကန်းယုံကြည်နေဆဲပင်။
ယုံကြည်မှုဟူသည့် အခြေခံအုတ်မြစ် ခိုင်မာလျှင် အရာရာ လွယ်ကူသွားပါလိမ့်မည်။ ထို့ကြောင့် ယန်ရုန်ရုန် သွယ်ဝိုက်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်းပြောလိုက်ရခြင်းဖြစ်သည်။
ယန်ရုန်ရုန် ဆုံးဖြတ်ချက် မှန်ကန်ပါသည်။ သူမဆိုလိုသည့် ‘အမှန်တရား’ကို ရှန်းဝမ်ချင်း နားမလည်နိုင်သော်လည်း သူမကို ယုံကြည်သည်။
ခေတ္တတိတ်ဆိတ်သွားပြီးနောက် ရှန်းဝမ်ချင်း မေးလိုက်သည်။
“အဲ့လို ပုံရိပ်ယောင်မျိုး ဘယ်သူက ဖန်ဆင်းထားတာလဲ၊ ဘာရည်ရွယ်ချက်နဲ့လဲ”
ယန်ရုန်ရုန်လည်း အတိအကျ မပြောနိုင်ပါ။ ထို့ကြောင့် သူမ သုံးသပ်ကြည့်လိုက်သည်။
“ဖူရှန်းကြေးမုံကြောင့်ဖြစ်နိုင်တယ်၊ လူတွေကို ပုံရိပ်ယောင်ကမ္ဘာထဲ ဆွဲခေါ်နိုင်တဲ့အစွမ်းသတ္တိမျိုး အဲ့ဒီကြေးမုံမှာ ရှိတယ်၊ ကျွန်မတို့အခု အဲ့ဒီကြေးမုံက ဖန်ဆင်းထားတဲ့ ပုံရိပ်ယောင်ကမ္ဘာထဲ ရောက်နေတာဖြစ်နိုင်တယ်”
“အဲ့တာဆို ဒီကနေ ထွက်နိုင်အောင် ဘာလုပ်ရမလဲ”
ယန်ရုန်ရုန့်လက်ထဲ ဆုံးဖြတ်ချက်ချခွင့်ကို ရှန်းဝမ်ချင်း ယုံယုံကြည်ကြည်အပ်နှံခဲ့သည်။