← Chapters

အခန်း (၈၃)

Vol. 9 Ch. 83

အခန်း (၈၃)

Vol. 9 Ch. 83

ယန်ရုန်ရုန် ကြိုတင် စဉ်းစားထားသည့် အစီအစဉ်ကို ချပြလိုက်ပါသည်။

“လောလောဆယ်တော့ ရန်သူ သတိမထားမိအောင် ခဏငြိမ်နေရမယ်၊ ညမိုးချုပ်ပြီဆိုတာနဲ့ ကျွန်မအပြင်ထွက်ပြီး ဖူရှန်းကြေးမုံနဲ့ ပတ်သတ်တဲ့ သဲလွန်စတွေ သွားရှာမယ်”

လုံးဝ မထိရသေးသည့် ဟင်းလျာများကို ရှန်းဝမ်ချင်း ချက်ချင်း ရှင်းလင်းခိုင်းခဲ့ပါသည်။

စားဖိုဆောင်ထဲသို့ လက်ရာမပျက် ပြန်ရောက်လာသည့် ထိုဟင်းလျာများကိုကြည့်ရင်း ဟုံနျန်ကျစ် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

“သခင်လေး ဘာလို့မစားတာလဲ”

အာ့ကျန်း မဝံ့မရဲ ပြန်ဖြေလိုက်သည်။

“သခင်လေး စားချင်စိတ် သိပ်မရှိဘူးလို့ ပြောပါတယ်”

ဟုံနျန်ကျစ် လက်မခံနိုင်ပါ။

“စားချင်စိတ်မရှိတာနဲ့ပဲ မစားလိုဖြစ်မလား၊ အစာအိမ်ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ”

ထို့နောက် ကြက်သာားစွပ်ပြုတ်တစ်အိုး ချက်ပြုတ်ဖို့ စားဖိုဆောင်ကို ဟုံနျန်ကျစ် အမိန့်ပေးခဲ့ပါသည်။

-

မကြာမီ ညည့်နက်အချိန်ကို ရောက်ရှိလာခဲ့သည်။

အိပ်ခန်းဆောင်ထဲတွင် ယန်ရုန်ရုန် အပြင်ထွက်ဖို့ ပြင်ဆင်နေပါပြီ။

သူမ၏ နဂိုအဝတ်အစားက လှုပ်လှုပ်ရှားရှားပြုဖို့ ခက်ခဲသဖြင့် ရှန်းဝမ်ချင်း၏ အဝတ်အစားများကို မွှေနှောက်ပြီး မီးခိုးနက်ရောင် ယောက်ျားလေး အဝတ်အစားတစ်စုံကို ရွေးချယ်လိုက်သည်။

ရှန်းဝမ်ချင်းက မေးလိုက်ပါသည်။

“ငါထွက်လာဖို့ လိုသေးလား”

ညည့်နက်သန်းခေါင် ရှန်းဝမ်ချင်း အပြင်ထွက်လာလျှင် သံသယဖြစ်စရာကောင်းသွားနိုင်သည်။ ထို့ကြောင့် ယန်ရုန်ရုန် ခေါင်းခါလိုက်ပါသည်။

ယန်ရုန်ရုန် အဝတ်အစားလဲခါနီးတွင် ရှန်းဝမ်ချင်း လူကြီး လူကောင်းဆန်ဆန် နောက်လှည့်ပေးလိုက်ပြီး နံရံကို မျက်နှာမူလိုက်ပါသည်။

သို့သော် သူ့ခေါင်း‌ပေါ်က စာသားများကတော့ သူ့အတွေးအစစ်အမှန်များကို ဖော်ထုတ်ခဲ့လေသည်။

[ငါ့အဝတ်အစားတွေကို သူ ဝတ်တော့မှာပဲ! ငါအရင်က ဝတ်ဖူးတဲ့အဝတ်အစားတွေ! ငါ့ ကိုယ်သင်းနံ့တွေ သူ့ကို လွှမ်းခြုံသွားတော့မှာ၊ သူက ငါ့တစ်ယောက်တည်းအပိုင်ဖြစ်သွားတော့မယ်၊ ပျော်လိုက်တာ!]

ယန်ရုန်ရုန်: “…”

‘ဒီတိုင်း အဝတ်အစားတစ်စုံ ငှားဝတ်တာကို အတွေးမလွန်စမ်းပါနဲ့ ခွေးကောင်ရဲ့!’

ဒီတိုင်းဆက်နေလျှင် ကြောက်စရာပိုကောင်းသည့် အတွေးတွေကို မြင်ရမည်စိုးသဖြင့် အဝတ်အစားများကို ယူဆောင်ကာ ခန်းဆီးလိုက်ကာများနောက် ဝင်လိုက်ပါသည်။

သူမ အဝတ်အစားလဲခါနီးတွင် တံခါးခေါက်သံကြားလိုက်ရသည်။

ယန်ရုန်ရုန်ကြက်သေသေသွားပြီး သတိကြီးစွာ မေးမြန်းလိုက်လေသည်။

“ဘယ်သူလဲ”

တံခါးအပြင်မှ ဟုံနျန်ကျစ်အသံ ထွက်ပေါ်လာပါသည်။

“ငါပါ၊ သခင်လေးရှိလား”

ထိုအခါ ရှန်းဝမ်ချင်း ဝင်ပြောလိုက်သည်။

“ငါအနားယူဖို့ ပြင်နေတာ၊ ဘာကိစ္စရှိလို့လဲ”

ဟုံနျန်ကျစ် ပြန်ပြောလိုက်သည်။

“ဒီနေ့တစ်နေကုန် သခင်လေး ဘာမှမစားဘူးလို့ ကျွန်မ ကြားမိလို့ အရမ်း စိတ်ပူနေတာပါ၊ အဲ့တာကြောင့် စားဖိုဆောင်ကို ကြက်စွပ်ပြုတ်ပြုတ်ခိုင်းပြီး ယူလာပေးခဲ့တာ၊ တစ်ဇွန်းနှစ်ဇွန်းလောက် သောက်လိုက်ပါလား သခင်လေး”

ရှန်းဝမ်ချင်း လေသံ အေးစက်သွားခဲ့သည်။

“ငါ ဗိုက်မဆာဘူး၊ ပြန်ယူသွားလိုက်”

ဟုံနျန်ကျစ် လက်မလျှော့သေးပေ။

“သခင်လေး တစ်နေကုန် ဘာမှမစားရသေးတာကို ဘာလို့ ဗိုက်မဆာရမှာလဲ၊ ဒီစွပ်ပြုတ်ကို သခင်လေးအတွက် သီးသန့် ပြင်ဆင်ခိုင်းထားတာ၊ သခင်လေး မသောက်ဘူးဆိုရင် ကျွန်မ မပြန်နိုင်ဘူး”

ရှန်းဝမ်ချင်းမျက်နှာ မှောင်မိုက်သွားခဲ့သည်။

“ငါ့ကို ခြိမ်းခြောက်နေတာလား”

“အဲ့လိုမပြောပါနဲ့ သခင်လေး၊ သခင်လေးရဲ့ ကျန်းမာရေးအတွက် ကျွန်မစိတ်ပူလို့ပါ”

စကားဆက်မများချင်တော့သဖြင့် ရှန်းဝမ်ချင်း အလျှော့ပေးလိုက်သည်။

“စွပ်ပြုတ်ကို တံခါးရှေ့မှာထားခဲ့၊ ခဏနေရင် ငါသောက်လိုက်မယ်”

“ကောင်းပါပြီ သခင်လေး၊ စွပ်ပြုတ်ကို ဒီမှာထားခဲ့မယ်နော်၊ သောက်ဖို့မမေ့ပါနဲ့”

တံခါးအပြင်ဘက်မှ လူရိပ်ပျောက်ကွယ်သွားပြီး ခြေသံများလည်း တဖြည်းဖြည်းတိုးညှင်းသွားခဲ့သည်။ ဟုံနျန်ကျစ် ထွက်သွားခဲ့ပါပြီ။

ယန်ရုန်ရုန် သက်ပြင်းချလိုက်ပြီး အဝတ်အစားအမြန်လဲလိုက်သည်။ ဆံပင်ရှည်များကို အပေါ်သို့စုတင်ကာ ဆံထိုးဖြင့် ထိုးလိုက်ရာ သူမ၏ ချောမွေ့နေသော နဖူးပြင်နှင့် လှပသော မျက်နှာသွင်ပြင်တို့ အထင်းသား ပေါ်လာခဲ့ပါသည်။

ခန်းဆီးများနောက်မှ ထွက်လာပြီး ကိုယ်လုံးပေါ်မှန်ရှေ့တွင် မတ်တပ်ရပ်ကာ အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်လိုက်သည်။

ရှန်းဝမ်ချင်းလည်း နောက်ပြန်လှည့်လာပြီဖြစ်ပြီး သူမကို မျက်တောင်မခတ် စိုက်ကြည့်နေပါသည်။ ယန်ရုန်ရုန် နောက်လှည့်ကြည့်ဖို့ပင် မလိုအပ်ပါ။ သူ့ခေါင်းပေါ်က စာသားများကို မှန်ထဲမှတဆင့် မြင်နေရသည်။

[ခါးလေးက သွယ်လိုက်တာ၊ အသားလေးကလည်း ဖြူနေတာပဲ]

ယန်ရုန်ရုန် နှုတ်ခမ်းတွန့်သွားသည်။

‘ဒီကောင် ဆေးမမီတော့ဘူး!’

ရှန်းဝမ်ချင်းကို သူမ လှည့်ပြောလိုက်သည်။

“ကျွန်မ သွားတော့မယ်”

ထိုအခါမှ ရှန်းဝမ်ချင်း အနည်းငယ် စိတ်ပူသွားခဲ့ပါသည်။

“တစ်ယောက်တည်း အဆင်ပြေပါ့မလား၊ ငါ လိုက်ခဲ့ပေးရမလား”

သူ့အမြင်တွင် စန်းချွမ်က အကာအကွယ်မဲ့နေသည့် မိန်းကလေးတစ်ယောက်သာ ဖြစ်သည်။ သူမကို ညဘက် တစ်ယောက်တည်း စေလွှတ်လိုက်ခြင်းက အန္တရာယ် များနိုင်ပါသည်။

ယန်ရုန်ရုန်ကတော့ အဆင်ပြေကြောင်း အာမခံခဲ့သည်။ ဝိညာဉ်စွမ်းအင်များ ထုတ်မသုံးနိုင်သော်လည်း သင်ယူခဲ့ဖူးသည့် သိုင်းပညာတွေကိုတော့ မမေ့သေးပါ။ သာမန်လူသားများကို ရင်ဆိုင်ဖို့အတွက် ထိုသိုင်းပညာများက လိုအပ်သည်ထက် ပိုပါသည်။

မယုံကြည်သေးသည့် ရှန်းဝမ်ချင်းကို ကြည့်ပြီး ယန်ရုန်ရုန် သူ့ရှေ့တည့်တည့်သို့ လျှောက်လာခဲ့သည်။

“စိတ်မရှိပါနဲ့”

ထိုသို့ပြောပြီးသည်နှင့် ရှန်းဝမ်ချင်းဝတ်ရုံလည်ခွံကို လက်တစ်ဖက်ဖြင့်ဆွဲကာ ကျန်လက်တစ်ဖက်ဖြင့် သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူ့ခြေသလုံးကို သူမခြေထောက်ဖြင့် ရစ်ပတ်ကာ အားပြင်းပြင်း လှဲချပစ်လိုက်ပါသည်။

ရှန်းဝမ်ချင်း မခုခံနိုင်ခဲ့ဘဲ ဟန်ချက်ပျက်ကာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။

သူ့မျက်နှာနှင့် ကြမ်းပြင်မရိုက်မိခင် ယန်ရုန်ရုန်က အလျှင်အမြန်ပြန်ဆွဲထူလိုက်ပါသည်။

ထို့နောက် ချုပ်ထားသည်ကို လွှတ်ပေးလိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာ မေးလိုက်သည်။

“ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တယ်ဆိုတာ ယုံပြီလား”

သူမ၏ ရုတ်တရက်ဆန်သော အပြုအမူကြောင့် ရှန်းဝမ်ချင်း ထိတ်လန့်သွားသော်လည်း ခပ်မြန်မြန်ပဲ စိတ်ထိန်းနိုင်ခဲ့ပါသည်။

ရှန်းဝမ်ချင်း အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်ရင်း တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။

“မင်း သိုင်းပညာတတ်မှန်း မသိခဲ့ဘူး၊ ငါအထင်သေးခဲ့မိတယ်”

သူ့ပုံစံက အလွန်ကျက်သရေရှိပြီး တည်ငြိမ်လွန်းပါသည်။ ခေါင်းအစ ခြေအဆုံး တော်ဝင်သခင်လေးတစ်ပါးနှင့် အမှန်တကယ် ဆင်တူလှသည်။

သို့သော် သူ့ခေါင်းပေါ်မှ စာသားများကတော့ လုံးဝ ဆန့်ကျင်ဘက်ပင်။

[အား!!! အရမ်းမိုက်တာပဲ! ချစ်လိုက်တာ!!!]

ယန်ရုန်ရုန်: “…”

သူ့အတွေးတွေ ခေါင်းပေါ်မှာ စာတန်းထိုးခံနေရမှန်း မသိသည့် ရှန်းဝမ်ချင်းကတော့ ဂုဏ်သရေရှိချင်ယောင် ဆက်ဆောင်နေပါသည်။

ရှန်းဝမ်ချင်း ပြုံးကာ ပြောလိုက်သည်။

“မင်းလျှို့ဝှက်ထားတာ ပိရိသားပဲ၊ နောက်ပိုင်း အခွင့်အရေးရရင် ငါနဲ့ လက်ရုံးချင်း ယှဉ်သင့်တယ်”

[လက်ရုံးချင်း ယှဉ်နေတုန်း ငါ အားနည်းသွားချင်ယောင် ဆောင်ပြီး သူ့ရင်ခွင်ထဲ လှဲချပစ်လိုက်မယ်၊ မြင်ယောင်ကြည့်ရုံနဲ့ မျက်နှာတောင် နီချင်လာပြီ!]

ယန်ရုန်ရုန် အံကြိတ်လျက် ချက်ချင်းကန့်ကွက်လိုက်လေသည်။

“မယှဉ်ဘူး!”

မသိချင်ယောင်ဆောင်ပြီး အသားယူမည့် ကိစ္စမျိုးကို သူမ လုံးဝ လက်မခံနိုင်ပေ။

ရှန်းဝမ်ချင်း အနည်းငယ် စိတ်ပျက်သွားခဲ့သည်။

“ဘာလို့လဲ”

‘မျက်နှာပြောင်တိုက်ပြီး ဘာလို့လဲလို့ မေးရဲသေးတယ်ပေါ့!’

ယန်ရုန်ရုန် မကျေမနပ် ပြန်ပြောလိုက်ပါသည်။

“အဲ့မေးခွန်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လိုက်လေ!”

သူမစကားကို နားမလည်နိုင်ဘဲ ရှန်းဝမ်ချင်း ရီဝေသွားခဲ့ပါသည်။

‘ငါ့စကားထဲ အမှားပါသွားလို့လား’

စက္ကန့်တိုင်းက အဖိုးတန်သဖြင့် ယန်ရုန်ရုန် အချိန်ဆက်မဖြုန်းနိုင်တော့ပေ။ ထို့ကြောင့် သူမ လက်ဖြန့်လိုက်သည်။

“မြေပုံပေး”

ရှန်းဝမ်ချင်း ပြန်ပြောလိုက်သည်။

“မြေပုံက စာကြည့်ခန်းထဲမှာ၊ ငါသွားယူပေးမယ်”

“ဘယ်နေရာမှာရှိလဲ အတိအကျပြောလိုက်ရင် ပိုမြန်မယ်၊ ကျွန်မ ဖာသာ သွားယူလိုက်မယ်”

“ဟုတ်ပါပြီ”

ရှန်းဝမ်ချင်း စာကြည့်ခန်းရှိရာဆီ လမ်းညွှန်ပေးလိုက်ကာ မြေပုံရှိသည့်နေရာကို အတိအကျပြောပြလိုက်ပါသည်။

အသေးစိတ်အချက်အလက်များကို မှတ်သားပြီးနောက် ယန်ရုန်ရုန် လှည့်ထွက်လာခဲ့သည်။ တံခါးကို ဟစိလေး ဖွင့်လိုက်ပြီး အပြင်ဘက်မှာ အခြေအနေဟန်မဟန် အရင် စစ်ဆေးကြည့်လိုက်သည်။

လမ်းကြောင်းရှင်းခါမှ တံခါးကို အမြန်ဖွင့်လိုက်ပါသည်။

တံခါးအပြင်ဘက်တွင် ကြွေပန်းကန်နှင့် ဇွန်းတစ်ချောင်းတို့ တင်ထားသည့် အနီရောင် ထင်းရှူးသားဗန်းလေး ရှိနေသည်။ ဟုံနျန်ကျစ် ထားခဲ့သည့် ကြက်စွပ်ပြုတ်ဖြစ်သည်။

ယန်ရုန်ရုန် ဗန်းကိုယူလိုက်ပြီး အခန်းထဲချပေးခဲ့ကာ ထွက်လာခဲ့တော့သည်။

တံခါးကိုပြန်ပိတ်ပေးခဲ့ပြီး အခန်းထဲမှာ ရှန်းဝမ်ချင်းတစ် ယောက်တည်းသာ ကျန်ခဲ့ပါသည်။ ရှေ့က စွပ်ပြုတ်ကို သူ အကဲခတ်လိုက်သည်။

ကျိန်းသေပေါက် ဆေးခတ်ခံထားရသဖြင့် ထိုစွပ်ပြုတ်ကို သောက်လို့မဖြစ်မှန်း သေချာပါသည်။ သို့သော် စွပ်ပြုတ်တွေ လက်ရာမပျက်ဘဲ ရှိနေသည်ကို ဟုံနျန်ကျစ် မြင်သွားလျှင် သံသယဖြစ်သွားနိုင်ပါသည်။

ထို့ကြောင့် ရှန်းဝမ်ချင်း ပန်းကန်ကို ယူလိုက်ပြီး ပန်းအိုးတစ်လုံးဆီ လျှောက်သွားကာ မြေကြီးထဲလောင်းချလိုက်ပါသည်။

အချိန်က အတော်လေးညည့်နက်နေပြီဖြစ်သဖြင့် စံအိမ်ထဲက လူအတော်များများ အနားယူအိပ်စက်နေကြပါပြီ။ ခြံဝန်းကြီး တစ်ခုလုံးလည်း တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

လေထန်နေသော ညအမှောင်ထုကို အားပြုလျက် ယန်ရုန်ရုန် စာကြည့်ခန်းဆီ တိတ်တဆိတ်လျှောက်လာခဲ့သည်။

ရှန်းဝမ်ချင်း၏လမ်းညွှန်မှုဖြင့် စံအိမ်ကြီးမြေပုံကို ယန်ရုန်ရုန် အောင်အောင်မြင်မြင် ရှာဖွေနိုင်ခဲ့သည်။

All Chapters