အခန်း (၈၄)
Vol. 9 Ch. 84
ဒီပုံရိပ်ယောင်ကမ္ဘာက ဖမ့်လိုင်မသေမျိုးကျွန်းနှင့် တစ်ထေရာတည်း တူညီပါသည်။
စံအိမ်ကြီးထဲရှိ စာအုပ်များကအစ မပြောင်းလဲဘဲ လက်တွေ့ကမ္ဘာအတိုင်း အတိအကျရှိနေသည်။ မြေပုံကို ရှာတွေ့ပြီးနောက် ဖူရှန်းကြေးမုံနှင့် ပတ်သတ်သည့် စာအုပ်အချို့ကိုလည်း ယန်ရုန်ရုန်ရှာတွေ့ခဲ့ပါသည်။
စာအုပ်ထဲမှ အကြောင်းအရာများက လျို့ပင်းပီ ပြောပြခဲ့သည်များနှင့် များစွာကိုက်ညီမှုရှိပါသည်။
ဖူရှန်းကြေးမုံဟူသည်မှာ ရှေးခတ်ကတည်းက တည်ရှိခဲ့သည့် ရှေးဟောင်းရတနာတစ်ခုဖြစ်ပြီး လူတို့၏စိတ်နှလုံးသားကို လှည့်စားဖို့အတွက် ပုံရိပ်ယောင်များ ဖန်တီးနိုင်စွမ်းရှိသည်။
ထိုပုံရိပ်ယောင်တွေထဲ လူတစ်ယောက် ရောက်ရှိသွားသည် နှင့် သာယာမှုတွေအကြား ရုန်းမထွက်နိုင်လောက်အောင် နစ်မွန်းသွားလိမ့်မည်။ နောက်ဆုံးတွင် ဖူရှန်းကြေးမုံက ထိုလူတို့၏ သက်စောင့်စွမ်းအားများကိုစုပ်ယူပြီး ရုပ်ခန္ဓာကိုယ်ကို ပျက်စီးသွားအောင် ပြုလုပ်လိမ့်မည်။
ထိုလူတို့၏ ဝိညာဉ်များကမူ အသိစိတ်ကင်းမဲ့သည့် ရုပ်သေး ရုပ်များ ဖြစ်သွားကြပြီး ကြေးမုံ၏လိုသလို အသုံးချမှုကို ခံကြရပါလိမ့်မည်။
တစ်နည်းအားဖြင့် သူမနှင့် ရှန်းဝမ်ချင်းတို့ ဒီပုံရိပ်ယောင်ကမ္ဘာထဲမှ လွတ်အောင် ထွက်မပြေးနိုင်လျှင် ဒီနေရာမှာပင်သေဆုံးသွားရလိမ့်မည်။
ပုံမှန်အခြေအနေတွင် သေဆုံးသွားသည့်အခါ ဘဝအသစ်တစ်ခု၌ ပြန်ဝင်စားလာနိုင်သော်လည်း ဖူရှန်းကြေးမုံထဲတွင် သေဆုံးသွားပါက လေလွင့်ဝိညာဉ်အဖြစ်သာ အဆုံးသတ်သွားပါလိမ့်မည်။
ထိုကဲ့သို့ ဇာတ်သိမ်းမျိုးကို ယန်ရုန်ရုန် လက်မခံနိုင်ပါ။
စာကြည့်ခန်းထဲမှ ထွက်လာပြီးနောက် စံအိမ်ထဲ စတင်ရှာဖွေခဲ့ပါသည်။ မြေပုံထဲတွင် စံအိမ်ထဲရှိ နေရာတိုင်းကို တစ်ခုမကျန် တိတိကျကျမှတ်သားထားသဖြင့် လမ်းပျောက်မည်ကို စိုးရိမ်စရာမလိုပေ။
ရှေ့ဆောင်ခန်းမ၊ စံအိမ်နောက်ဖေးဝန်း၊ တေးဂီတအခန်း၊ အခါးရည်ခန်း၊ ဧည့်ခန်းများ၊ စားဖိုဆောင်နှင့် ပန်းခြံများ…
မြေပုံပေါ်ရှိ နေရာတစ်ခုချင်းစီကို ယန်ရုန်ရုန် လိုက်လံရှာဖွေခဲ့သော်လည်း မူမမှန်သည့်အရာ ဘာမှ မတွေ့ခဲ့ရပါ။ နောက်ဆုံးတော့ စံအိမ်နောက်ဖေးဝန်း ထောင့်တစ်နေရာတွင် တည်ရှိသည့် အစေခံတန်းလျားဆီ ရောက်ရှိလာခဲ့ပါသည်။
စံအိမ်ရှိ အစေခံများအားလုံး ထိုနေရာတွင် နေထိုင်ကြရသည်။
ပုံမှန်ဆို ဒီနေ့ည ယန်ရုန်ရုန်လည်း ထိုတန်းလျားမှာ အိပ်ရမှာဖြစ်သော်လည်း သူမကို ညဘက်အမှုထမ်းဖို့ ရှန်းဝမ်ချင်းက ခေါ်ထားသဖြင့် သူ့အိပ်ခန်းဆောင်ကို သွားခဲ့ရပါသည်။
အစေခံတန်းလျားထဲ အလွန်မှောင်မိုက်နေပြီး အစေခံများအားလုံး အနားယူ အိပ်စက်နေလောက်ပါပြီ။ ယန်ရုန်ရုန် ပြူတင်းပေါက်နား ခြေဖျားထောက်ကာ လျှောက်သွားလိုက်ပြီး အထဲကို ချောင်းကြည့်လိုက်သည်။
အစေခံများ၏ အခန်းထဲတွင် သီးသန့်ကုတင်များ မရှိပါ။ ရှည်လျားပြီး တစ်ဆက်တည်းရှိသော သစ်သားစင်မြင့်တစ်ခုသာ ရှိပြီး အစေခံများစွာက ထိုစင်မြင့်ပေါ်တွင် တန်းစီအိပ် စက်နေကြပါသည်။
အားလုံးက ပက်လက်အိပ်ပျော်နေကြပြီး လက်နှစ်ဖက်ကို ဝမ်းဗိုက်ပေါ်တင်ထားကာ မျက်လုံးများကို မလှုပ်မယှက် ငြိမ်ငြိမ်သက်သက် မှိတ်ထားကြလေသည်။
ရုတ်တရက်ကြည့်လိုက်လျှင် အိပ်နေသည်ဟုမထင်ရဘဲ အသက်မရှိတော့သည့် အလောင်းကောင်များဟုပင် ထင်ရသည်။
သူတို့ အသက်ပင်ရှူနေသေးရဲ့လားဟု ယန်ရုန်ရုန် သံသယဝင်လာမိပါသည်။
ထိုစဉ်…
“နင် ဘာလုပ်နေတာလဲ”
အနောက်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသဖြင့် ယန်ရုန်ရုန် နှလုံးရပ်မတတ်ဖြစ်သွားခဲ့သည်။
ယန်ရုန်ရုန် အမြန်လှည့်ကြည့်လိုက်ရာ ဘယ်အချိန်ကတည်း ကမှန်းမသိ သူမနောက်သို့ရောက်နေသည့် အာ့ကျန်းကို မြင်လိုက်ရပါသည်။
ညအမှောင်ထုထဲတွင် အာ့ကျန်း၏ မျက်နှာက မှုန်ရီဝေဝါးနေခဲ့သည်။ သူမ မျက်နှာထားက အလွန်တောင့်တင်းနေပြီး စကားပြောပုံကလည်း ထူးဆန်းနေပါသည်။
ချို့ယွင်းနေသော စက်ယန္တရားတစ်ခုကဲ့သို့ စကားလုံးတစ်လုံးချင်းစီတိုင်းကို ခက်ခက်ခဲခဲ ညှစ်ထုတ်ပြောဆိုနေရသည်။
“နင်..ဘာ..လုပ်..နေ..တာလဲ”
အာ့ကျန်း ထပ်မေးလိုက်သည်။
ယန်ရုန်ရုန် ဣန္ဒြေအမြန်ထိန်းလိုက်ပြီး ပြန်ဖြေလိုက်ပါသည်။
“ငါမေ့ကျန်ခဲ့တာ ရှိလို့ ပြန်လာယူတာပါ၊ သူများတွေနိုးသွားမှာစိုးလို့ မဝင်ရဲသေးတာ”
အာ့ကျန်း အချိန်အတော်ကြာအောင် ရပ်တန့်သွားခဲ့ပြီး ပြန်ပြောလိုက်ပါသည်။
“ဝင်ခဲ့လေ”
“အင်း…”
ယန်ရုန်ရုန် အထဲကို တကယ်မဝင်ချင်ပါ။ သို့သော် ရွေးချယ်စရာမရှိပေ။ သံသယဖြစ်စရာမကောင်းစေဖို့ အံကြိတ်ရင်း အာ့ကျန်းနှင့်အတူတူ အစေခံတန်းလျားထဲ ဝင်လာခဲ့ရပါသည်။
အာ့ကျန်းက စားပွဲပေါ်ရှိ ဆီမီးအိမ်တစ်လုံးကို ထွန်းညှိလိုက်သည်။ မှောင်မိုက်နေသည့်အခန်းထဲ အလင်းရောင် မှိန်ပျပျလေးတစ်ခု ထွက်လာခဲ့သည်။
မျက်လုံးများ မှိတ်ကာ အိပ်စက်နေခဲ့သည့် အစေခံများအားလုံး တစ်ပြိုင်တည်းဆိုသလို မျက်လုံးပွင့်သွားခဲ့ကြသည်။ ထို့နောက် ယန်ရုန်ရုန့်အား ပြိုင်တူ လှည့်ကြည့်လိုက်ကြပါသည်။
နေရာမှားပြီး ဝင်ရောက်လာသည့် ကျူးကျော်သူတစ်ယောက်ကို စိုက်ကြည့်နေသကဲ့သို့ သူတို့အကြည့်များက အေးစက် ခြောက်သွေ့လွန်းသဖြင့် ယန်ရုန်ရုန် ကြက်သီးမွေးညှင်းများ ထသွားခဲ့ရသည်။
သို့သော် သူမ အားတင်းပြီးပြုံးကာ တောင်းပန်လိုက်ပါသည်။
“အားလုံးကို အိပ်ရေးပျက်အောင်လုပ်မိလို့ တောင်းပန်ပါတယ်၊ မေ့ကျန်ခဲ့တာယူပြီးတာနဲ့ ကျွန်မပြန်မှာပါ၊ ပြန်အိပ်ကြနော် ကျွန်မကို စိတ်ထဲမထားနဲ့”
အစေခံများက စကားလည်းပြန်မပြော လှုပ်လည်းမလှုပ်ကြပါ။ အားလုံး သစ်သားစင်ပေါ်မှာ တောင့်တောင့်တင်းတင်း ဆက်ရှိနေကြပြီး သူမကို စိုက်ကြည့်နေကြဆဲပင်။
တစ်ဖက်တွင် အာ့ကျန်းကလည်း တိတ်ဆိတ်နေခဲ့ပါသည်။
အခန်းထဲ တိတ်ဆိတ်နေမှုကြီးက ကျောချမ်းစရာပင်ကောင်းလှသည်။
ထိုမျက်လုံးများကို မမြင်ချင်ယောင်ဆောင်ဖို့ ယန်ရုန်ရုန် အစွမ်းကုန် ကြိုးစားခဲ့သည်။
အစေခံများ လှဲလျောင်း အိပ်စက်နေသော သစ်သားစင်ကြီးကို သူမ အကဲခတ်ကြည့်လိုက်ရာ နေရာလွတ်နှစ်ခုကို မြင်လိုက်ရသည်။
သူမနှင့် အာ့ကျန်းတို့နှစ်ယောက်တည်း အပြင်မှာရှိနေခြင်းဖြစ်သဖြင့် ထိုနေရာနှစ်ခုက သူမတို့အတွက် ဖြစ်ပါလိမ့်မည်။
ထိုနေရာလွတ်များထံ ယန်ရုန်ရုန် အမြန်လျှောက်သွားခဲ့သည်။ သို့သော် ထိုနေရာလွတ်နှစ်ခု၏အိပ်ရာခင်းနှင့် ခေါင်း အုံးတို့က ဆင်တူညီနေပါသည်။ ထို့ကြောင့် ဘယ်တစ်ခုက သူမနေရာ၊ ဘယ်တစ်ခုက အာ့ကျန်း၏ နေရာဖြစ်မှန်း ယန်ရုန်ရုန် ခွဲခြားမရခဲ့ပေ။
နေရာမှားပြီး လျှောက်သွားမိလျှင် သံသယဖြစ်စရာကောင်းပါလိမ့်မည်။
ယန်ရုန်ရုန်တွန့်ဆုတ်နေစဉ် အနောက်ဘက်မှ အာ့ကျန်း၏ ခြောက်ကပ်ကပ်အသံ ထပ်မံထွက်ပေါ်လာခဲ့သည်။
“နင်…ဘာလို့…မလှုပ်သေးတာလဲ”
ယန်ရုန်ရုန် နောက်လှည့်ကာ စိတ်ပျက်လက်ပျက်ပြောလိုက် ပါသည်။
“ငါ အတိတ်မေ့နေတာလေ… ဘယ်အိပ်ရာက ငါ့ ဟာလဲ မမှတ်မိတော့လို့…”
သူမကို အာ့ကျန်းခံစားချက်မဲ့စွာ စိုက်ကြည့်နေသည်။ အချိန်အတန်ကြာအောင် တိတ်ဆိတ်သွားပြီးမှ သူမ မေးလိုက်ပါသည်။
“နင်…တကယ်… အတိတ်…မေ့နေတာလား”
ယန်ရုန်ရုန် ခေါင်းညိတ်ကာ သူမ မေ့သွားသည့်အရာတွေ အများကြီးရှိကြောင်း ပြောပြလိုက်ပါသည်။
သူမကို အာ့ကျန်းယုံကြည်သလား မယုံကြည်သလား မသေ ချာသော်လည်း ဘာမှ ဆက်မမေးတော့ပေ။ ထို့နောက် ဘယ်ဘက်က နေရာလွတ်ကို အာ့ကျန်း လက်ညှိုးထိုးပြပြီး တောင့်တောင့်တင်းတင်း ပြောလိုက်သည်။
“နင့်နေရာ…”
“ကျေးဇူး!”
လွတ်ငြိမ်းချမ်းသာခွင့်ရလိုက်သည့် အကျဉ်းသားတစ်ယောက်သဖွယ် ယန်ရုန်ရုန် ခံစားလိုက်ရပါသည်။ ထို့နောက် ဘယ်ဘက်ရှိ အိပ်ရာထဲတွင် တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ မွှေနှောက်ပြလိုက်သည်။
ယန်ရုန်ရုန် မွှေနှောက်နေစဉ် အာ့ကျန်းနှင့် အခြားအစေခံများအားလုံး တိတ်တဆိတ် စောင့်ကြည့်နေကြသေးသည်။ တန်းလျားထဲရှိ လေထုက အလွန်လေးလံပြီး ဖိအားများလွန်းသဖြင့် ယန်ရုန်ရုန် ရင်တွေ တဒိတ်ဒိတ် ခုန်လာခဲ့သည်။
ထိုစဉ် အာ့ကျန်း ထပ်မေးလိုက်ပြန်သည်။
“နင်ဘာလို့…သခင်လေးရဲ့…အဝတ်အစားတွေကို…ဝတ်ထားတာလဲ”
ထိုအဝတ်အစားကို သခင်လေး ငယ်စဉ်တုန်းက ဝတ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယခု သခင်လေးက အရပ်ပိုရှည်လာပြီဖြစ်သဖြင့် မတော်တော့ဘဲ အဝတ်အစားသေတ္တာ၏အောက်ဆုံးမှာ သိမ်းဆည်းထားခဲ့တာ အတော်ကြာပါပြီ။ သို့သော် အာ့ကျန်းကတော့ ကောင်းကောင်းကြီးမှတ်မိနေပါသေးသည်။
ယန်ရုန်ရုန့်ကို အာ့ကျန်း စူးစူးဝါးဝါး စိုက်ကြည့်နေသည်။ သို့မဟုတ် သူမခန္ဓာကိုယ်ပေါ်က အဝတ်အစားများကို စိုက်ကြည့်နေခြင်းဆိုလျှင်ပိုမှန်လိမ့်မည်။
ထိုမျက်လုံးတွေထဲ မနာလိုဝန်တိုမှုအရိပ်အယောင်များ ရောယှက်ပါဝင်နေမှန်းသိသာလှသည်။
ယန်ရုန်ရုန် ရှက်ကိုးရှက်ကန်းပြုံးကာ ရှင်းပြလိုက်သည်။
“ငါ့အဝတ်အစားတွေ မတော်တဆ စွန်းထင်းသွားလို့လေ၊ သခင်လေးက သဘောကောင်းကြင်နာတတ်တော့ သူ့အဝတ်အစား အဟောင်းတွေ ငှားပေးခဲ့တာ၊ ခဏနေရင် သေချာလျှော်ဖွတ်ပြီး သခင်လေးကိုပြန်ပေးမှာပါ၊ အခုလည်း ငါ့အဝတ်အစားတွေကို ပြန်လာယူတာလေ”
သူမစကားတွေကို အာ့ကျန်း အနည်းငယ်ကျေနပ်သွားပုံရပြီး ခေါင်းညိတ်ပြလိုက်ပါသည်။
“သခင်လေးက သဘောကောင်းတယ်၊ လူကောင်းတစ်ယောက်ပဲ”
ယန်ရုန်ရုန် သံယောင်လိုက်တာ ထောက်ခံလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ်၊ သခင်လေးက ငါ တွေ့ဖူးသမျှထဲ စိတ်ထားအကောင်းဆုံးပဲ!”
“နင် သခင်လေးကို သဘောကျလား”
ရုတ်တရက်ဆန်သည့် မေးခွန်းကြောင့် ယန်ရုန်ရုန် ဆွံ့အသွားခဲ့သည်။ သူမ ဘာမှမစဉ်းစားနိုင်ခင် အာ့ကျန်း ရှေ့တစ်လှမ်း တိုးလာပြီး သူမ မျက်လုံးတွေထဲ စေ့စေ့စိုက်ကြည့်ကာ ထပ်မေးလိုက်သည်။
“သခင်လေးဘေးနားမှာပဲ တစ်သက်လုံး နေသွားမှာလား”
အာ့ကျန်း၏အမူအရာကို ကြည့်ရင်း သူမသာ စကားအကန်ပြောလိုက်မိပါက ချက်ချင်းအကောင်လိုက် မျိုချခံရတော့မလို ခံစားမိပါသည်။
အခြေအနေနှင့် အချိန်အခါကို ကြည့်တတ်သော ယန်ရုန်ရုန်တစ်ယောက် ချက်ချင်းခေါင်းညိတ်လိုက်သည်။
“ဒါပေါ့!”
အာ့ကျန်း၏အကြည့်များ အနည်းငယ်မှိန်ဖျော့သွားခဲ့သည်။
“ကောင်းပြီ”
အာ့ကျန်း စိတ်အခြေအနေ ကောင်းမွန်သွားဟန်ရှိကာ ယန်ရုန်ရုန့်ကိုလည်း စေတနာဖြင့် အသိပေးလိုက်ပါသည်။
“နင့်အဝတ်အစားတွေ အိပ်ရာအောက်က သေတ္တာထဲမှာရှိတယ်”
ထိုအခါမှ သစ်သားစင်မြင့်၏ အောက်ဘက်တွင် အခေါင်း ပေါက်တစ်ခုရှိနေမှန်း ယန်ရုန်ရုန် သတိထားမိသည်။ သူမ လေးဖက်ထောက်ကာ အိပ်ရာအောက်မှ သေတ္တာကို ဆွဲထုတ်လိုက်ပါသည်။
သေတ္တာထဲတွင် သူမပိုင်ဆိုင်သည့် ပစ္စည်းများကို သေသေ သပ်သပ် စီရီထားလေသည်။
ယန်ရုန်ရုန် ကျပန်း အဝတ်အစားအချို့ကို ယူလိုက်ပြီး ရင်ခွင်ထဲပွေ့ကာ သေတ္တာကို အိပ်ရာအောက် ပြန်တွန်းထည့်လိုက်ပါသည်။ သို့သော် သေတ္တာက တစ်စုံတစ်ခုနှင့် တိုက်မိနေပြီး အဆုံးထိ ဝင်မသွားခဲ့ပေ။
အောက်မှာဘာရှိနေသလဲ သိရဖို့ ယန်ရုန်ရုန် ထပ်ငုံ့ကြည့်လိုက်ရပါသည်။
ထိုစဉ် အနောက်ဘက်မှ အာ့ကျန်း၏အသံ ရုတ်တရက်ထွက်ပေါ်လာပြန်သည်။
“နင်… ဘာတွေ…ကြည့်နေတာလဲ…”