အခန်း (၈၅)
Vol. 9 Ch. 85
ယန်ရုန်ရုန် နောက်သို့ လှည့်မကြည့်ရသေးခင်မှာပင် သူမကျောပြင်ကို လာရောက် ရိုက်ခတ်နေသည့် တစ်စုံတစ် ယောက်၏ ဝင်သက်ထွက်သက်များကို ခံစားမိပါသည်။
ထိုလူက သူမနောက်တွင် အသားချင်း ထိတွေ့လုမတတ် နီးနီးကပ်ကပ်ရှိနေလောက်သည်။
ယန်ရုန်ရုန် ကျောပြင်တစ်လျှောက် ကြက်သီးမွေးညှင်းများ ချက်ချင်း ထသွားခဲ့သည်။ အန္တရာယ်သိမြင်စိတ်က သူမကို ဒီနေရာမှ ချက်ချင်း ထွက်သွားဖို့တွန်းအားပေးနေပါပြီ။
“သေတ္တာကို ဆက်တွန်းလို့ မရတော့ဘူး…”
အာ့ကျန်းက အေးစက်စွာ ပြောသည်။
“ကြမ်းခင်းပြားတွေ မညီတာဖြစ်မှာပေါ့၊ အားနည်းနည်း ထပ်ထည့်လိုက်လေ”
ယန်ရုန်ရုန်လည်း စကားနားထောင်လိုက်ပြီး အားအနည်းငယ် ထပ်ထည့်ကာ တွန်းလိုက်ပါသည်။ ဒီတစ်ခါတော့ သေတ္တာလည်း အဆုံးထိဝင်သွားခဲ့သည်။
ထို့နောက် ယန်ရုန်ရုန် ဆက်မနေရဲတော့ဘဲ မတ်တပ်ပြန်ရပ်ကာ အားလုံးကို နှုတ်ဆက်လိုက်ပါသည်။
အာ့ကျန်းက သူမကို လေးလံသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
ယန်ရုန်ရုန် အပြင်သို့ ရောက်ခါနီးတွင် အာ့ကျန်း ရုတ်တရက် သတိပေးလိုက်သည်။
“နင့်ကတိကို မမေ့နဲ့နော်”
ယန်ရုန်ရုန် ကြက်သေသေသွားလေသည်။
“ဟင်”
အာ့ကျန်း သူမကို စိုက်ကြည့်ရင်း တစ်လုံးချင်း ပီပီသသ ပြောလိုက်ပါသည်။
“သခင်လေးကို အမှုထမ်းဖို့ ဒီနေရာမှာပဲ တစ်သက်လုံးနေသွားရမယ်”
ဘာကြောင့်မှန်းမသိဘဲ ‘ဒီနေရာမှာပဲ တစ်သက်လုံးနေသွားရမယ်’ဟူသည့် စကားလုံးကို အာ့ကျန်းက အထူးအလေးပေး ပြောဆိုသွားသည်ဟု ယန်ရုန်ရုန် တွေးမိပါသည်။
အဓိကအချက်က သခင်လေးကို အမှုထမ်းဖို့ မဟုတ်ဘဲ ဒီနေရာမှာ သူမ တစ်သက်လုံးနေသွားဖို့ဖြစ်ကြောင်း ဆိုလိုသည့်သဘောမျိုးပင်။
သေချာစဉ်းစားကြည့်လျှင် ကြောက်စရာကောင်းလွန်းပါသည်။
ယန်ရုန်ရုန် ခါးမတ်သွားပြီး ခေါင်းညိတ်လိုက်သည်။
“ငါမမေ့ပါဘူး”
အစေခံတန်းလျား၏ အပြင်ဘက်ကို ရောက်ရှိပြီး သူမကို စောင့်ကြည့်နေသည့် မျက်လုံးများ ပျောက်ကွယ်သွားခါမှ ယန်ရုန်ရုန် သက်ပြင်းချနိုင်ခဲ့ပါသည်။ ထို့နောက် ဖြစ်ပျက်ခဲ့သမျှကို သေချာ ပြန်စဉ်းစားကြည့်လိုက်သည်။
အာ့ကျန်းနှင့် အစေခံများအားလုံး အလွန်ထူးဆန်းနေကြသည်။ ထို့အပြင် သစ်သားစင်မြင့်၏ အောက်ဘက်တွင် လျှို့ဝှက်ချက်တစ်ခုခု ရှိနေနိုင်ပါသည်။
တန်းလျားတွင် အစေခံများမရှိသည့်အချိန် ပြန်သွားပြီး သေချာစစ်ဆေးသင့်သည်။
အပြန်လမ်းတစ်လျှောက်တွင်လည်း ထိုကဲ့သို့ အခွင့်အရေးမျိုးရလာအောင် ဘယ်လိုဖန်တီးရကောင်းမှန်း စဉ်းစားနေခဲ့ပါသည်။
ရှန်းဝမ်ချင်း၏ အိပ်ခန်းဆောင်သို့ ပြန်ရောက်သောအခါ အထဲမှာ အခြားလူတစ်ယောက် ရှိနေသည်ကို ယန်ရုန်ရုန် မြင်လိုက်ရသည်။ အခြားသူမဟုတ်ဘဲ ကြက်စွပ်ပြုတ်လာပို့ပေးခဲ့သည့် ဟုံနျန်ကျစ်ပဲ ဖြစ်နေပါသည်။
ယခု ရှန်းဝမ်ချင်းနှင့် ဟုံနျန်ကျစ်တို့ စကားပြောနေကြသည်။
တံခါးဝသို့ ရောက်လာသည့် ယန်ရုန်ရုန်ကို မြင်သောအခါ ဟုံနျန်ကျစ်၏ မျက်လုံးများ ရေခဲတမျှ အေးစက်သွားခဲ့သည်။
“ဒီအချိန်ကြီး နင်ဘယ်ထွက်သွားတာလဲ၊ ပြီးတော့ သခင်လေးရဲ့အဝတ်အစားတွေကို ဘာလို့ဝတ်ထားတာလဲ”
ယန်ရုန်ရုန် သူမအဝတ်အစားများကို ရင်ထဲမှာပိုက်ရင်း အခန်းထဲ ပြန်ဝင်လာခဲ့ပါသည်။
“ကျွန်မ အဝတ်အစား ညစ်ပတ်သွားလို့ တန်းလျားဆီပြန်ပြီး အဝတ်အစားအသစ်တွေ သွားယူတာပါ”
ဟုံနျန်ကျစ် ခက်ထန်စွာ ပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် သခင်လေးရဲ့ အဝတ်အစားတွေကိုတော့ ဝတ်မထားသင့်ဘူး၊ အခုချက်ချင်း သွားလဲစမ်း”
“ဟုတ်ကဲ့ပါ”
ယန်ရုန်ရုန် ခန်းဆီးလိုက်ကာများနောက် အမြန်ပြေးသွားခဲ့ပါသည်။
သူမ အဝတ်အစားလဲရင်း အပြင်ဘက်က စကားသံများကိုလည်း အာရုံစိုက် နားထောင်နေခဲ့သည်။
ရှန်းဝမ်ချင်းနှင့် စကားပြောနေချိန်တွင်တော့ ဟုံနျန်ကျစ်၏ အမူအရာ၊ လေသံများက သိသိသာသာပျော့ပြောင်းနေခဲ့ပါသည်။
ဟုံနျန်ကျစ်: “သခင်လေး… ဒီစံအိမ်ကြီးမှာ မျက်လုံးပါတဲ့လူတိုင်း သခင်လေးရဲ့ ခံစားချက်ကို မြင်နိုင်ကြပါတယ်၊ စန်းချွမ်လည်း မြင်နိုင်မှာသေချာတယ်၊ သူကန့်ကွက်တဲ့စကား ဘာမှမပြောဘူးဆိုတော့ လက်ခံတဲ့သဘောပဲ မဟုတ်လား”
ယန်ရုန်ရုန် ဇဝေဇဝါဖြစ်သွားခဲ့သည်။
‘ဘာကို မြင်နိုင်ရမှာလဲ၊ ဘာကို လက်ခံရမှာလဲ’
ယန်ရုန်ရုန် ဘာမှ နားမလည်ပါ။
ရှန်းဝမ်ချင်းကတော့ တိတ်ဆိတ်နေဆဲပင်။
ဟုံနျန်ကျစ်: “သခင်လေး ခေါင်းညိတ်လိုက်ပြီဆိုတာနဲ့ ကျွန်မ စစီစဉ်ခိုင်းလိုက်တော့မယ်၊ မင်္ဂလာပွဲကို တခမ်းတနား ကျင်းပပေးမယ်၊ မင်္ဂလာပွဲပြီးဆုံးတာနဲ့ စန်းချွမ်ကို သခင်လေးတစ်ယောက်တည်း ပိုင်ဆိုင်ရတော့မှာ၊ သခင်လေးလက်ထဲကနေ သူထပ်ပြီးထွက်ပြေးနိုင်တော့မှာ မဟုတ်ဘူး”
ယန်ရုန်ရုန် ထိတ်လန့်သွားခဲ့သည်။
‘မင်…မင်္ဂလာပွဲဟုတ်လား! ဟုံနျန်ကျစ်က ရှန်းဝမ်ချင်းနဲ့ ငါ့ကို လက်ထပ်ပေးဖို့ ကြံနေတာလား!’
သို့သော် သူမ ပြန်တည်ငြိမ်သွားခဲ့သည်။
ဒီနေရာက ပုံရိပ်ယောင်ကမ္ဘာတစ်ခုဖြစ်သဖြင့် အရာအားလုံးက အတုအယောင်တွေသာဖြစ်သည်။ ရှန်းဝမ်ချင်းနှင့် လက်ထပ်ရမည် ဆိုလျှင်တောင် ကိစ္စမရှိပါ။ အပြင်လောကသို့ ပြန်ရောက်လျှင် အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မည်။
အစေခံတန်းလျားထဲ ခိုးဝင်ဖို့ ကြံစည်နေသည့် ယန်ရုန်ရုန်အတွက် မင်္ဂလာပွဲက အခွင့်ကောင်းတစ်ခုဖြစ်လာနိုင်ပါသည်။
မင်္ဂလာပွဲနေ့တွင် စံအိမ်ထဲကလူတိုင်း ညမိုးချုပ်သည့်အချိန်ထိ အလုပ်များနေကြမှာ သေချာပါသည်။ အစေခံများကလည်း တန်းလျားဆီ ပြန်နားဖို့ အချိန်ရှိမှာ မဟုတ်ပါ။ ထို့ကြောင့် တန်းလျားတွင် ဘယ်သူမှ ရှိမနေလောက်ပေ။
ထိုအခွင့်အရေးကို အသုံးချပြီး သစ်သားစင်မြင့်အောက်မှာ ရှိနေသည့်အရာကို ယန်ရုန်ရုန် သေချာ စစ်ဆေးနိုင်ပါလိမ့်မည်။
ထိုအတွေးဖြင့် ယန်ရုန်ရုန် ဆုံးဖြတ်ချက် အမြန်ချလိုက်သည်။ အဝတ်အစားလဲပြီးနောက် ခန်းဆီးနောက်မှ ပြန်ထွက်လာခဲ့ပါသည်။
ယခု ရှန်းဝမ်ချင်း၏ မျက်နှာက အလွန်အေးစက်နေပြီး လေသံကလည်း တည်ငြိမ်နေခဲ့သည်။ ဟုံနျန်ကျစ်၏ အကြံပြုစကားများကို လုံးဝ စိတ်မဝင်စားသည့်နှယ်။
“အဲ့ဒီကိစ္စ နောက်မှဆွေးနွေးကြမယ်၊ လောလောဆယ် ငါ သူ့ကို လက်ထပ်ဖို့ စိတ်ကူးမရှိသေးဘူး”
သို့သော် သူ့ခေါင်းပေါ်ဝဲပျံနေသည့် စာသားများကို ယန်ရုန်ရုန် မြင်နေရပါသည်။
[ငါလည်းသူ့ကို လက်ထပ်ချင်တာပေါ့၊ ညတိုင်း တစ်ကုတင်တည်းအတူတူ အိပ်ချင်တယ်၊ ခါးလေးကိုဖက်ထားပြီး ချိုချိုမြိန်မြိန်ကိုယ်သင်းနံ့လေးကို ရှူရှိုက်ရင်း အိပ်မက်လှလှ မက်ချင်တယ်]
[ဒါပေမယ့် သူက လက်ခံမှာမှ မဟုတ်တာ၊ ငါ့ဘက်က အတင်းအကြပ် ဖိအားပေးလို့လည်း မဖြစ်ဘူးလေ]
နောက်ဆုံးတွင် ‘ကြောင်ကလေး သက်ပြင်းချ’နေသည့် အီမိုဂျီလေးပင် အစစ်ပါသေးသည်။
ယန်ရုန်ရုန် ခြေလှမ်းများရပ်တန့်သွားပြီး စိတ်ကိုမနည်းထိန်းလျက် စိတ်ပျက်သွားချင်ယောင်ဆောင်ကာ မေးလိုက်ပါသည်။
“သခင်လေးက… ကျွန်မကို တကယ် လက်မထပ်ချင်ဘူးလား”
ထိုစကားကြားသောအခါ ရှန်းဝမ်ချင်း၏မှောင်မိုက်နေသော မျက်လုံးများ အံ့အားသင့်မှုတို့ဖြင့် အရောင်လက်သွားခဲ့သည်။ သူမနှုတ်မှ ဒီလိုစကားမျိုးထွက်လာလိမ့်မည်ဟု ရှန်းဝမ်ချင်း ထင်မထားခဲ့ပါ။
တစ်ဖက်မှာတော့ ဟုံနျန်ကျစ်က မအံ့ဩခဲ့ပေ။ ယန်ရုန်ရုန်၏ တုန့်ပြန်မှုက သာမန်ဖြစ်သည်ဟုပင် ထင်မိပါသည်။
သူမက အစေခံတစ်ယောက်သာဖြစ်သဖြင့် သခင်လေးတစ်ယောက်နှင့် လက်ဆက်ထိန်းမြှားခွင့်ရဖို့ဆိုသည်မှာ စိတ်ကူးယဉ်အိပ်မက် အဆင့်သာ ရှိပါသည်။
ရှန်းဝမ်ချင်း မေးလိုက်သည်။
“ငါလက်ထပ်ချင်တယ်ဆိုရင် မင်းက သဘောတူမှာလား”
ယန်ရုန်ရုန် မဆိုင်းမတွ ခေါင်းညိတ်လိုက်ပါသည်။
“သဘောတူမှာပေါ့!”
ရှန်းဝမ်ချင်းနား ယန်ရုန်ရုန် ကပ်လာပြီး ချစ်သူတစ်ဦးအပေါ် ထားရှိသော မြတ်နိုးမှုများနှင့် ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ကြည့်ကာ ရှက်သွေးဖြာနေသော လေသံလေးဖြင့် ပြောလိုက်သည်။
“ကျွန်မသခင်လေးကို သဘောကျခဲ့တာကြာပါပြီ၊ သခင်လေးနဲ့သာ လက်ထပ်ခွင့်ရမယ်ဆိုရင် ဒီဘဝမှာ ဘာနောင်တမှ မရှိတော့ဘဲ သေပျော်ပါပြီ”
ယန်ရုန်ရုန်ကို ရှန်းဝမ်ချင်း တိတ်တဆိတ်ငေးကြည့်နေခဲ့သည်။ သူ့မျက်နှာထားကလည်း ပြောင်းလဲသွားခြင်း မရှိပါ။
သို့သော် သူ့ခေါင်းပေါ်တွင်တော့ စာသားအသစ်များ ရူးချင်စရာကောင်းလောက်အောင် အဆတ်မပြတ် ပေါ်လာနေပါသည်။
[အားးးးးးးးးးး!!! သူငါ့ကို သဘောကျတယ်တဲ့!!!]
[နေပါဦး ငါအိပ်မက်မက်နေတာလား… ဒါတွေအားလုံးကို ငါမြင်ယောင်နေတာလား]
[ငါတို့ ပုံရိပ်ယောင်ကမ္ဘာထဲ ရောက်နေတာလို့ စန်းချွမ်ပြောခဲ့တယ်… အဲ့တာဆို ငါ့ရှေ့မှာ ရှိနေတဲ့အရာအားလုံးက အတု အယောင်တွေချည်းပဲပေါ့…]
[ထားလိုက်ပါ ဘာဖြစ်လဲ! သူငါ့ကို လက်ထပ်မယ်လို့ လိုလို လားလားပြောလိုက်တာပဲဥစ္စာ! အဲ့တာတော့ သေချာတယ်၊ ငါ့ကိုသဘောကျတာမဟုတ်လို့ ဘာဖြစ်နိုင်ဦးမှာလဲ၊ ငါ သေချာ မှတ်ထားရမယ်!]
အဆက်မပြတ်ပြောင်းလဲနေသည့် စာသားများကို ယန်ရုန်ရုန် မော့ကြည့်လိုက်သည်။ ထို့နောက် တောင်တစ်လုံးလို တည် ကြည်လေးနက်နေသော ရှန်းဝမ်ချင်း၏မျက်နှာကို ငုံ့ကြည့်လိုက်ကာ အတွေးများ ပဋိပက္ခဖြစ်သွားခဲ့ရသည်။
ယခင်တုန်းက သူမ သိထားသည့် ရှန်းဝမ်ချင်းမှာ အမြဲတမ်း မာနထောင်လွှားပြီး အေးစက်ခက်ထန်နေသည့် လူတစ်ယောက်ဖြစ်သည်။ သူမဘက်က ဘယ်လောက်ပဲ ပေးဆပ်ခဲ့ပါစေ ရှန်းဝမ်ချင်း ရင်မခုန်ခဲ့ပါ။
နှလုံးသားမဲ့မှုက အစွန်းရောက်လွန်းသဖြင့် အသည်းမာဆေး လုံးများ မှီဝဲထားသလားဟုပင် ထင်ချင်စရာကောင်းလှသည်။
သို့သော် ထိုအဆောင်စက္ကူကို အသုံးပြုပြီးနောက်ပိုင်း ရှန်းဝမ်ချင်းအပေါ် ထားရှိသည့် သူမ၏အမြင်များ ဆက်တိုက်ဆိုသလို ပြောင်းလဲလာခဲ့ပါသည်။
ဒီလူက အပြင်ပန်းမှာသာ တည်ကြည်လေးနက်ချင်ယောင် ဆောင်နေခြင်းဖြစ်ပြီး ရင်ထဲမှာတော့ သာမန်လူတွေထက်ပင် စိတ်ကူးယဉ်ပိုဆန်နေပါသေးသည်။
သူမကို အလွန်သဘောကျသည်၊ သူမကို အကြွင်းမဲ့ယုံကြည်သည်၊ သူမ ဘာပဲလုပ်နေပါစေ ချစ်ဖို့ကောင်းသည်ဟု ခေါင်းစဉ်တပ်လေ့ ရှိသည်။ ဘယ်လိုပဲကြည့်ကြည့် ရှန်းဝမ်ချင်းက ‘အချစ်ရူး’တစ်ယောက်ဖြစ်မှန်း သိသာလှသည်။
ရှန်းဝမ်ချင်း အချိန်အတော်ကြာအောင် စဉ်းစားချင့်ချိန်လိုက်ပြီး နောက်ဆုံးတော့ တည်ကြည်လေးနက်စွာအဖြေပေးလိုက်ပါသည်။
“မင်းဘက်က သဘောတူတယ်ဆိုမှတော့… ငါတို့ လက်ထပ်ကြတာပေါ့”
ယန်ရုန်ရုန်ကလည်း အတိုင်အဖောက်ညီစွာ အံ့အားသင့်ချင်ယောင်ဆောင်လိုက်ပြီး မျက်နှာတစ်ခုလုံး ရှက်သွေးဖြာကာ နီမြန်းသွားခဲ့ပါသည်။
ဟုံနျန်ကျစ် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကောင်းပါပြီ၊ ဇနီးမောင်နှံတွေဖြစ်လာတော့မယ့် နှစ်ယောက်စလုံးအတွက် ဂုဏ်ယူပါတယ်၊ ကျွန်မ ပြက္ခဒိန်စာအုပ်ကိုကြည့်ပြီး နေ့ကောင်းနေ့မြတ် ရွေးလိုက်တော့မယ်”
ယန်ရုန်ရုန်: “သိပ်ကြာကြာ မစောင့်ရမယ့် ရက်ကို ရွေးပေးပါနော်၊ ကျွန်မ သခင်လေးနဲ့ အမြန်ဆုံးလက်ထပ်ချင်နေပြီ”
ထိုသို့ပြောပြီးနောက် မျက်နှာမဖော်ရဲလောက်အောင် ရှက်သွေးဖြာသွားသည့်ပုံစံဖြင့် ယန်ရုန်ရုန် ခေါင်းငုံ့လိုက်ပါသည်။
ဟုံနျန်ကျစ်က သူမကို စူးရှစွာ ကြည့်လိုက်ပြီး အေးတိအေး စက် ပြောလိုက်သည်။
“အင်း… ညည့်နက်နေပြီ၊ နှစ်ယောက်စလုံးနားကြတော့လေ”
ထို့နောက် တစ်ဝက်သာကျန်တော့သည့် ကြက်စွပ်ပြုတ်ပန်းကန်ကို သိမ်းယူရင်း ဟုံနျန်ကျစ် စိတ်ကျေနပ်စွာ ပြန်သွားလေတော့သည်။
ဟုံနျန်ကျစ် မရှိတော့ခါမှ ယန်ရုန်ရုန်၏ တင်းမာနေသော စိတ်များ ပြန်လည်ပြေလျော့သွားခဲ့ပါသည်။ နောက်ဆုံးတော့ သူမ အကြံအစည်အောင်မြင်တော့မည်။
ယန်ရုန်ရုန် နောက်လှည့်ကြည့်လိုက်သောအခါ သူမကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေသည့် ရှန်းဝမ်ချင်းအား မြင်လိုက်ရလေသည်။
သူ့ခေါင်းပေါ်မှာလည်း စာသားတစ်ကြောင်း ပေါ်နေပါသည်။
[သူ့ဘက်က ဒီလောက် ပွင့်ပွင့်လင်းလင်းရှိနေတာ၊ ငါ့ဘက်ကလည်း နည်းနည်းလောက် ပွင့်လင်းပေးသင့်တာပေါ့၊ စကားလုံးချိုချိုလေးတွေ ပြောလိုက်ရမလား… ဒါပေမယ့် ငါမှမပြောတတ်တာ… ငါတော်တော် အသုံးမကျတာပဲ]