← Chapters

အခန်း (၈၆)

Vol. 9 Ch. 86

အခန်း (၈၆)

Vol. 9 Ch. 86

ရှန်းဝမ်ချင်း၏ သတိကြီးလွန်းပြီး စိုးရိမ်ပူပန်နေသော စိတ်အခြေအနေမှာ တစ်မျိုးကြည့်လျှင် သနားစဖွယ် ကောင်းလှသည်။

ယန်ရုန်ရုန် သူ့အတွက် အနည်းငယ် ကရုဏာသက်သွားမိသည်။ သူ့ကို မလှည့်စားချင်သဖြင့် ပွင့်ပွင့်လင်းလင်း သတိပေးလိုက်ပါသည်။

“ကျွန်မတို့ အခွင့်အရေးတစ်ခုရလာဖို့ မင်္ဂလာပွဲကျင်းပခိုင်းတာနော်၊ တကယ်လက်ထပ်တာ မဟုတ်ဘူး”

ထို့နောက် သူမ စီစဉ်ထားသမျှကို ရှင်းပြလိုက်ပါသည်။

မင်္ဂလာပွဲကို စောစော စီစဉ်ခိုင်းလိုက်ရသည့် အကြောင်းအရင်းက ဒီပုံရိပ်ယောင်ကမ္ဘာထဲမှာ စားသောက်၍ မရနိုင်ခြင်းကြောင့်ပင်။ ပုံရိပ်ယောင်ကမ္ဘာထဲ ငတ်ပြီးမသေနိုင်လောက်သော်လည်း ဆာလောင်သည့် ခံစားချက်ကြီးကိုတော့ အမှန်တကယ် ခံစားနေရပါသည်။

တစ်ရက်နှစ်ရက်ခန့် ယန်ရုန်ရုန် သည်းခံထားနိုင်သော်လည်း အချိန်ကြာမြင့်လာလျှင် သူမ ခံနိုင်ရည်မရှိတော့မှာကို စိတ်ပူမိသည်။

ရှန်းဝမ်ချင်း သေချာ နားထောင်ပြီးနောက် ပြန်ပြောလိုက်သည်။ “မင်းအစီအစဉ်တိုင်း လုပ်ပါ့မယ်”

သို့သော် သူ့အတွေးများက -

[ထင်တဲ့အတိုင်းပဲ သူငါ့ကို တကယ်လက်မထပ်ချင်ပါဘူး၊ ငါ့ဘက်ကသာ စိတ်ကူးယဉ်ဆန်လွန်းနေတာ]

နောက်ဆုံးတွင် ကြောင်ကလေး ငိုနေသည့် အီမိုဂျီပင် ပါသေးသည်။

ဒီကိစ္စကို နှစ်ယောက်အတူတူ ကြိုးစားရမည်ဖြစ်သဖြင့် ရှန်းဝမ်ချင်းသာ စိတ်ဓာတ်ကျနေလျှင် အစီအစဉ်မှာ ပြဿနာရှိသွားနိုင်ပါသည်။ ထို့ကြောင့် ယန်ရုန်ရုန် လေသံပျော့ပျော့ဖြင့် နှစ်သိမ့်ပေးလိုက်သည်။

“အခု ကျွန်မတို့ရဲ့ နံပါတ်တစ်ဦးစားပေး ပန်းတိုင်က ဒီကနေထွက်နိုင်ဖို့၊ ကျန်တာ အပြင်ရောက်မှ ဆွေးနွေးလို့ ရတယ်”

သူမ စကားလုံးများက ကြောင်တစ်ကောင်ရှေ့တွင် ငါးခြောက်လှုပ်ပြလိုက်သကဲ့သို့ ရှန်းဝမ်ချင်း၏ မျှော်လင့်ချက်များကို ချက်ချင်းဆိုသလို ပြန်လည်တောက်ပသွားစေပါသည်။

သူ ခေါင်းညိတ်ထောက်ခံလိုက်သည်။

“မင်းပြောတာ မှန်ပါတယ်”

[အဲ့တာဆို ပုံရိပ်ယောင်ကမ္ဘာထဲက လွတ်မြောက်တာနဲ့ ငါ့အတွက် အခွင့်အရေးရှိသေးတယ်ဆိုတဲ့ သဘောလား၊ အဲ့လိုဆို အရမ်းကောင်းမှာပဲ]

ယန်ရုန်ရုန် သက်ပြင်းချလိုက်ပါသည်။ ‘ညာစားဖို့ တော်တော်လွယ်တဲ့လူပဲ’

သို့သော် ဒါအားလုံးအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မည်။ ပုံရိပ်ယောင်ကမ္ဘာထဲတွင် အန္တရာယ်ပေါင်းစုံနှင့် ပြည့်နှက်နေသည်။ ဟုံနျန်ကျစ်၏ စမ်းသပ်ချက်များကို ကျော်ဖြတ်ပြီး လွတ်လမ်းကို အမြန်ဆုံး ရှာဖွေရပါမည်။

နဂိုကတည်းက တာဝန်ဝတ္တရားများဖြင့် ပြည့်နှက်နေသဖြင့် အခြားကိစ္စတွေကို သူမ စိတ်ပူဖို့ အချိန်မရှိပါ။

ရှန်းဝမ်ချင်း နူးညံ့သိမ်မွေ့စွာ ပြောလိုက်ပါသည်။ “နောက်ကြနေပြီ၊ အိပ်ကြစို”

အခြွေအရံတစ်ယောက်ဖြစ်သည့် ယန်ရုန်ရုန်က သူ့ကို အဝတ်အစားလဲပေးဖို့ တာဝန်ရှိပါသည်။ သို့သော် သူမ ဘာမှနားလည်ပုံမရပေ။

ယန်ရုန်ရုန် အပြင်ခန်းရှိ ကုတင်နိမ့်လေးဆီ တန်းတန်းမတ်မတ်လျှောက်သွားပြီး ဝတ်ရုံနှင့် ဖိနပ်တို့ကို ကန်ထုတ်ကာ ကုတင်ပေါ် ပစ်လှဲလျက် စောင်ခြုံရင်း ချက်ချင်းဆိုသလို အိပ်ပျော်သွားလေတော့သည်။

ရှန်းဝမ်ချင်း တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။

‘စိတ်ညစ်ဖို့ကောင်းလိုက်တာ… သူ့ကို ညအိပ်ဝတ်စုံလေးနဲ့ မမြင်ရတော့ဘူး’

--- --- ---

ညတစ်ညကုန်ဆုံးသွားပြီး သာယာသော မနက်ခင်းတစ်ခုကို ရောက်ရှိလာခဲ့သည်။

အခြွေအရံတစ်ယောက်ဖြစ်သည့်အတွက် ယန်ရုန်ရုန် အိပ်ပုပ်ကြီးနေ၍ မရပေ။ စောစောထကာ အခြား အစေခံများနှင့်အတူ ရှန်းဝမ်ချင်း၏ မျက်နှာသစ်၊ အဝတ်လဲခြင်း ကိစ္စရပ်များကို ကူညီပေးရသည်။

တစ်ရက်တာကုန်ဆုံးသွားပြီဖြစ်သဖြင့် ၂၄ နာရီပြည့်ကာ ရှန်းဝမ်ချင်းအပေါ် အသုံးပြုထားသည့် အဆောင်စက္ကူ၏ အာနိသင်လည်း ပျက်ပြယ်သွားသင့်ပါပြီ။ သို့သော် သူ့ခေါင်းပေါ်မှာ စာကွက်တစ်ကွက် ရှိနေဆဲပင်။

ဒီပုံရိပ်ယောင်ကမ္ဘာထဲက အချိန်နှင့် အပြင်လောက၏ အချိန်တို့က မတူညီဘဲ ကွဲပြားနေခြင်းကြောင့် ဖြစ်မည်ဟု ယန်ရုန်ရုန်တွေးမိသည်။ ဤကမ္ဘာထဲတွင် တစ်ရက်နှင့်တစ်ည ကုန်ဆုံးသွားသော်လည်း အပြင်လောကတွင်တော့ မျက်တောင်တစ်ခတ်စာမျှသာ ရှိနေဦးမည် ထင်ပါသည်။

ဟုံနျန်ကျစ်လည်း ရက်ကောင်းရက်မြတ်ကို ရွေးချယ်ပြီးသွားပါပြီ။

“နောက် ၃ ရက်နေရင် ရှားရှားပါးပါး ရက်ကောင်းရက်မြတ်တစ်ခုကို ရောက်လာလိမ့်မယ်၊ ဒါပေမယ့် အချိန်က နည်းနည်း ကပ်နေတော့ အားလုံးကို သေသေချာချာ ပြင်ဆင်နိုင်မှာမဟုတ်ဘူး”

ယန်ရုန်ရုန် ကိစ္စမရှိကြောင်း ပြန်ပြောလိုက်သည်။

“မင်္ဂလာပွဲက တခမ်းတနားဖြစ်ဖို့ မလိုပါဘူး၊ ရိုးရှင်းလေ ကောင်းလေပဲ၊ သခင်လေးက လူစုလူဝေးတွေကို မကြိုက်တတ်ဘူးမလား”

နောက်ဆုံးစကားက ရှန်းဝမ်ချင်းကို မေးလိုက်သည့် မေးခွန်းဖြစ်သည်။

ရှန်းဝမ်ချင်း ခေါင်းညိတ်လိုက်ပါသည်။ “အင်း၊ ရိုးရိုးရှင်းရှင်းပဲ စီစဉ်ပါ”

ဟုံနျန်ကျစ် မျက်မှောင်ကြုတ်သွားသည်။ ယန်ရုန်ရုန်က အရာရာကို ဦးဆောင်ဆုံးဖြတ်နေသဖြင့် သူမ မကျေနပ်သော်လည်း သခင်လေးကပါ ခေါင်းညိတ်နေသောကြောင့် ဘာမှထပ်မပြောနိုင်တော့ဘဲ သဘောတူလိုက်ရပါသည်။

“ဒါဆို မင်္ဂလာပွဲအတွက် ကျွန်မ သွားပြင်ဆင်လိုက်ပါတော့မယ်”

သခင်လေးနှင့် စန်းချွမ်တို့ လက်ထပ်ထိန်းမြှားကြတော့မည်ဟူသော သတင်းကို ကြားပြီးနောက် အခြား အစေခံများအားလုံး မနာလို ဝန်တိုမှုများဖြင့် ပြည့်နှက်သွားခဲ့ကြသည်။

အထူးသဖြင့် အာ့ကျန်းဆိုလျှင် လက်ထဲမှာကိုင်ထားသည့် လက်ကိုင်ပဝါကိုပင် ဆုတ်ဖြဲမိလုနီးပါး ဖြစ်သွားခဲ့သည်။ အားလုံးက သခင်လေး၏ အနီးကပ်အခြွေအရံများဖြစ်ပါလျက်နှင့် စန်းချွမ်ကိုမှ ဘာကြောင့် ရွေးချယ်ခဲ့သလဲ သူမ နားမလည်နိုင်ပါ။

သူမကတော့ သာမန်အစေခံဘဝမှာပဲ နေထိုင်သွားရဖို့ ကံပါလာခဲ့ပုံပေါ်သည်။

ဒီနေ့လည်း အစေခံများ အလုပ်များနေကြချိန် တန်းလျားဆီပြန်ပြီး စုံစမ်းစစ်ဆေးဖို့ ယန်ရုန်ရုန် ကြံရွယ်ထားပါသည်။ ထို့ကြောင့် အားလုံး အလုပ်များနေသည့် အချိန်ကို ရွေးချယ်ပြီး တန်းလျားဆီ ပြန်လာခဲ့သည်။

အခန်းထဲမှာ ဘယ်သူမှ မရှိသဖြင့် သူမအတွက် ပိုလွယ်ကူခဲ့သည်။ သူမ၏ အိပ်ရာဆီ လျှောက်သွားလိုက်ပြီး အောက်က သေတ္တာကို ဆွဲထုတ်ကာ သစ်သားစင်မြင့်အောက်ထဲ တွားသွားလျက် ဝင်သွားခဲ့သည်။

ထို့နောက် ကြမ်းပြင်ကို လက်ဖြင့်စမ်းကြည့်လိုက်ပြီး မနေ့ညက သေတ္တာနှင့် တိုက်သွားခဲ့သည့် အရာကို လိုက်ရှာဖို့ ကြိုးစားလိုက်ပါသည်။

ကြမ်းပြင်ကို နေရာအနှံ့ လက်ဖြင့် စမ်းကြည့်သော်လည်း ပုံမှန်မဟုတ်သည့်အရာ ဘာမှ မတွေ့ခဲ့ရပါ။ သစ်သားစင်မြင့်အောက်တွင် သေတ္တာမှအပ အခြား ဘာမှမရှိပေ။

သို့သော် တစ်စုံတစ်ခု လွဲမှားနေသလို သူမ ခံစားနေရဆဲပင်။ မနေ့ညက တစ်စုံတစ်ခုကို သေတ္တာဝင်တိုက်မိခဲ့မှန်း သေချာသည်။

အာ့ကျန်းက ကြမ်းခင်းများ မညီမညာဖြစ်နေခြင်းကြောင့်ဟု ဆင်ခြေပေးခဲ့သော်လည်း ယခု ကြမ်းပြင်က လုံးဝ ညီညာနေမှန်း ယန်ရုန်ရုန် အတည်ပြုနိုင်ခဲ့ပါသည်။

ထို့ကြောင့် အာ့ကျန်း၏ အကြောင်းပြချက်က အဓိပ္ပာယ်မရှိပါ။

သစ်သားစင်မြင့်အောက်မှ ယန်ရုန်ရုန်ပြန်ထွက်လာစဉ် အခန်းတံခါးပွင့်သွားပြီး အာ့ကျန်းဝင်လာခဲ့လေသည်။ ယန်ရုန်ရုန် ထိတ်လန့်သွားသလို သူမကို မြင်လိုက်ရသည့် အာ့ကျန်းလည်း အံ့အားသင့်သွားခဲ့ပါသည်။

“နင်ဘာလုပ်နေတာလဲ”

ယန်ရုန်ရုန် စိတ်ကိုအမြန်ထိန်းပြီး ဆင်ခြေပေးလိုက်သည်။

“ငါ့လက်ကိုင်ပဝါလေးတစ်ထည် ပျောက်သွားလို့လေ၊ ဒီအောက်ထဲများ ကျသွားသလားလို့ လိုက်ရှာနေတာပါ”

အာ့ကျန်း နှုတ်ခမ်းထက် အပြုံးတစ်ခုပေါ်လာပြီး အရွဲ့တိုက်ကာ ပြောလိုက်သည်။

“နင်က ကျွန်းသခင်ရဲ့ ဇနီးဖြစ်တော့မှာလေ၊ သာမန် လက်ကိုင်ပဝါတစ်ထည်ကို တန်ဖိုးထားနေတုန်းလား”

ဒီမှာဘာမှမရှိမှန်း အတည်ပြုပြီးသွားပြီဖြစ်သဖြင့် ယန်ရုန်ရုန် ဆက်မနေချင်တော့ပါ။ အာ့ကျန်း၏ ရန်လိုသော စကားလုံးများကို လျစ်လျူရှုလိုက်ပြီး သူမ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

“ရှာမတွေ့ဘူး၊ ထားလိုက်ပါတော့ ငါသွားတော့မယ်”

ဘေးနားမှဖြတ်သွားသောအခါ အာ့ကျန်း၏ တီးတိုး ရေရွတ်သံကို ယန်ရုန်ရုန် ကြားလိုက်ရသည်။

“မြေခွေးမ”

ယန်ရုန်ရုန် ခြေလှမ်းများ ရပ်တန့်သွားသည်။ သို့သော် ဒေါသမထွက်ဘဲ ပြုံးပြလိုက်ပါသည်။

“ငါက မြေခွေးမလေးနဲ့တူတယ်ပေါ့၊ အဲ့တာဆို ငါအရမ်းလှတဲ့သဘောလား၊ ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

အာ့ကျန်း ဒေါသပိုထွက်သွားပြီး ကြမ်းပြင်ကို ဖနောင့်ဖြင့် ပေါက်လိုက်သည်။

“ငါနင့်ကို ချီးကျူးနေတာမဟုတ်ဘူး! ကဲ့ရဲ့နေတာ!”

“ဟုတ်လား၊ ဒါဆို ငါပဲအကောင်းမြင်လွန်းတတ်တာ နေမှာပါ”

ယန်ရုန်ရုန် အပြုံးမပျက်ဘဲ ဒေါသလည်းမထွက်ပါ။

သူမက သည်းခံစိတ် ကြီးမားသူမဟုတ်သော်လည်း မနေ့ညက သူမ မြင်ခဲ့ရသည့် အေးတိအေးစက်နှင့် ကြောက်စရာကောင်းသော အာ့ကျန်းနှင့် ယှဉ်လိုက်လျှင် ယခု အာ့ကျန်းက ပိုမိုရိုးရှင်းပြီး ရင်ဆိုင်ဖို့လွယ်ကူပါသည်။

ယန်ရုန်ရုန်၏ အချိုးမပြေမှုကြောင့် အာ့ကျန်း ဝါဂွမ်းများကို လက်သီးဖြင့် ထိုးနေရသလို ခံစားရပါသည်။

သူမ မကျေမနပ် မေးလိုက်လေသည်။ “ငါနားမလည်ဘူး၊ သခင်လေးက ဘာလို့ နင့်ကိုမှ သဘောကျရတာလဲ”

ယန်ရုန်ရုန် ပခုံးတွန့်လိုက်ပါသည်။ “မသိဘူးလေ၊ သူမျက်လုံးကန်းနေလို့နေမှာပေါ့”

အာ့ကျန်း ဒေါသပေါက်ကွဲသွားခဲ့သည်။ “ရိုင်းစိုင်းလိုက်တာ! သခင်လေးကို မလေးမစား ပြောရဲတယ်ပေါ့!”

ယန်ရုန်ရုန် စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။

“တွေ့လား နင့်စကားကို ငါထောက်ခံတော့လည်း နင်က မကြိုက်ဘူး၊ တော်တော် နားလည်ရခက်တာပဲ”

ထို့နောက် ယန်ရုန်ရုန် လှည့်ပြန်ဖို့ ထပ်ပြင်လိုက်ပါသည်။

အာ့ကျန်းအော်တားလိုက်သည်။ “ရပ်လိုက်စမ်း!”

ယန်ရုန်ရုန်လည်း ရပ်တန့်သွားခဲ့ရသည်။

“ငါ့အပေါ် နင့်ဒေါသ လာပုံချနေလို့ ဘာမှမထူးဘူး၊ မင်္ဂလာကိစ္စကို သခင်လေးကိုယ်တိုင် ဆုံးဖြတ်ခဲ့တာ၊ ပြဿနာရှိရင် သူနဲ့သွားရှင်းသင့်တယ်၊ ငါက ဒီကိစ္စမှာ ဘာမှ ပြောပိုင်ခွင့်မရှိတဲ့ အဆင့်နိမ့် အစေခံတစ်ယောက်ပဲဥစ္စာ၊ နင့်လိုပဲပေါ့”

ထိုအချက်ကို အာ့ကျန်း နားလည်ပါသည်။ သို့သော် သူမရင်ထဲမှာ လက်သင့်မခံနိုင်ဘဲ စန်းချွမ်ကိုသာ အပြစ်ပုံချချင်နေသည်။

အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြိးနောက် အာ့ကျန်း မေးလိုက်ပါသည်။

“နင်သခင်လေးကို တကယ်သဘောကျတာလား”

ယန်ရုန်ရုန် မဆိုင်းမတွ ခေါင်းညိတ်ပြလိုက်ပါသည်။

ထင်မထားစွာဖြင့် အာ့ကျန်း ဒေါကြီးမောကြီး စွပ်စွဲလိုက်လေသည်။

“နင်လိမ်နေတာ! ငါခံစားမိတယ်… နင်သူ့ကို တကယ်သဘောကျတာ မဟုတ်ဘူး၊ သခင်လေးကို အသုံးချပြီး နင်အထက်တန်းလွှာထဲ တက်လှမ်းချင်နေတာမလား၊ တော်တော် အကြံကြီးတဲ့ မိန်းမပဲ!”

All Chapters