← Chapters

အခန်း (၈၇)

Vol. 9 Ch. 87

အခန်း (၈၇)

Vol. 9 Ch. 87

ယန်ရုန်ရုန် မျက်ခုံးပင့်သွားပြီး အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

အာ့ကျန်း၏ အကဲခတ်နိုင်စွမ်းက အလွန်ထက်မြက်သည်ဟု ဆိုနိုင်ပါသည်။ ယန်ရုန်ရုန်၏ အလိမ်အညာကို ချက်ချင်း ဖောက်ထွင်း မြင်နိုင်စွမ်း ရှိလေသည်။

ယန်ရုန်ရုန်ကို ဒေါသတကြီး စိုက်ကြည့်ရင်း အာ့ကျန်းမေးလိုက်သည်။

“ဘာလို့ ပြန်မငြင်းတာလဲ၊ နင်ဝန်ခံနေတာလား”

သူမကို ယန်ရုန်ရုန် အူမြူးစွာကြည့်ရင်း ပြောလိုက်သည်။

“ငါ လိမ်နေတာကို နင့်လိုလူမျိုးတောင် သိနိုင်တယ်ဆိုရင် သခင်လေးက မသိနိုင်ဘူးလို့ ထင်နေတာလား၊ သခင်လေးရဲ့ အကဲခတ်နိုင်စွမ်းက နင့်ထက် ညံ့ဖျင်းမယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်”

အာ့ကျန်း ကြက်သေသေသွားသည်။

“နင်…နင်ဘာကို ဆိုလိုတာလဲ”

“ငါဆိုလိုတာက သခင်လေးကို ငါ တကယ်သဘောကျတာ မကျတာက သူနဲ့ငါ့ရဲ့ ကိစ္စလေ၊ ရိုက်မယ့်သူနဲ့ အသာတကြည် အရိုက်ခံမယ့်သူက အသင့်ရှိနေပြီးသားပဲ၊ အပြင်လူတွေ ဝင်ပါဖို့ မလိုဘူးထင်တယ်”

အမျက်ဒေါသကြောင့် အာ့ကျန်း၏ မျက်လုံးများ နီရဲသွားခဲ့သည်။

“နင်တော့…!”

ယန်ရုန်ရုန် ရုတ်တရက် လေသံပြောင်းကာ မေးလိုက်သည်။

“မနေ့ညက နင်ပဲ ငါ့ကို ဆုတောင်းပေးခဲ့တာမဟုတ်ဘူးလား၊ သခင်လေးဘေးမှာ ငါထာဝရ နေသွားနိုင်ပါစေလို့ ဆုတောင်းပေးခဲ့တာလေ၊ ဘာလို့ အခုမှ စိတ်ပြောင်းသွားခဲ့တာလဲ”

အာ့ကျန်းမှင်သက်သွားခဲ့ပြီး ဒေါသဖြင့် ရယ်မောလိုက်ပါသည်။

“ငါက နင့်ကို ဆုတောင်းပေးရမယ်တဲ့လား၊ နင်ဦးနှောက် ပျက်သွားပြီလား”

ယန်ရုန်ရုန် ထပ်မံ စမ်းသပ်ကြည့်လိုက်သည်။

“မနေ့ညက ဖြစ်ခဲ့တာတွေကို နင်မမှတ်မိဘူးလား”

အာ့ကျန်း မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

“မနေ့ညက ငါအစောကြီး အိပ်ရာဝင်ခဲ့တာ၊ နင့်ကိုလည်း မတွေ့မိဘူး၊ မဟုတ်တာတွေ လျှောက်ပြောမနေနဲ့”

“ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ဘာမှ မမေးခဲ့သလိုပဲ သဘောထားလိုက်ပါ”

ယန်ရုန်ရုန် စိတ်ထဲမှ တွေးလိုက်သည်။

‘အာ့ကျန်း မေ့သွားတာလား၊ မနေ့ညက ငါတွေ့ခဲ့တာ အာ့ကျန်းမဟုတ်ဘူးလား၊ ဒါမှမဟုတ် အာ့ကျန်းကလည်း ဟုံနျန်ကျစ်လိုပဲ လူသားအရေခြုံထားတဲ့ မကောင်းဆိုးဝါးတစ်ကောင်ပဲလား’

သူမကို ယန်ရုန်ရုန် အကဲခတ်နေသည့်မျက်လုံးများဖြင့် ကြည့်နေသဖြင့် အာ့ကျန်း ငေါက်လိုက်ပါသည်။

“နင်ဘာကြည့်နေတာလဲ”

ထို့နောက် အာ့ကျန်းနောက်သို့ ယန်ရုန်ရုန် လှမ်းကြည့်လိုက်ကာ ရုတ်တရက် ရေရွတ်လိုက်သည်။

“သခင်လေး ဒီကို ဘာလာလုပ်တာလဲ”

အာ့ကျန်းလည်း နောက်သို့ အမြန်လှည့်ကြည့်လိုက်ပါသည်။

ထိုအခါ ယန်ရုန်ရုန်က အာ့ကျန်း၏ ဂုတ်ပိုးကိုလက်ဝါး စောင်းဖြင့် အားပြင်းပြင်း ရိုက်ချပစ်လိုက်ရာ အာ့ကျန်း တုန့်ပြန်ချိန်ပင် မရလိုက်ဘဲ သတိလစ်သွားလေတော့သည်။

သတိလစ်နေသော အာ့ကျန်းကို ယန်ရုန်ရုန် ကုတင်ပေါ်သို့ ဆွဲတင်လိုက်သည်။ ထို့နောက် အပြင်ကလူတွေ မမြင်နိုင်အောင် ပြူတင်းပေါက်များ၊ အခန်းတံခါးများကို ပိတ်ပစ်လိုက်ပါသည်။

ထို့နောက် အာ့ကျန်းဘေးတွင် ထိုင်လိုက်ပြီး ပါးကို ဆွဲညှစ်ကြည့်လိုက်သည်။ သူမ အသားက အစစ်အမှန်ဟု ခံစားရပြီး မျက်နှာဖုံးတပ်ဆင်ထားသည့် အရိပ်အယောင်လည်း မတွေ့ရပေ။

ထို့နောက် ယန်ရုန်ရုန် ခေါင်းပေါ်မှ ငွေဆံထိုးတစ်ခုကို ဆွဲထုတ်လိုက်ပြီး စူးရှသော အဖျားဖြင့် အာ့ကျန်း၏ လက်ဖမိုးကို အားစိုက်ကာ ခြစ်ချပစ်လိုက်ပါသည်။

နာကျင်မှုကြောင့် အာ့ကျန်း မျက်မှောင်ကြုတ်သွားပြီး နိုးထလာတော့မည့်အလား ညည်းတွားသံများ ထွက်ပေါ်လာသည်။ သို့သော် ယန်ရုန်ရုန် ဂရုမစိုက်အားဘဲ အာ့ကျန်း၏ လက်ဖမိုးပေါ်က ဒဏ်ရာကိုသာ စိုက်ကြည့်နေခဲ့သည်။

ဒဏ်ရာက သွေးမထွက်သည့်အပြင် ချက်ချင်းဆိုသလို အကောင်းပကတိပြန်ဖြစ်သွားခဲ့လေသည်။

ငွေဆံထိုးဖြင့် အာ့ကျန်း၏ လည်ပင်းကို ယန်ရုန်ရုန် ထပ်ထိုးကြည့်လိုက်သည်။ ရလဒ်က မပြောင်းလဲပါ။ ဒဏ်ရာက သွေးမထွက်သည့်အပြင် မျက်စိတစ်မှိတ်အချိန်အတွင်း အကောင်းတိုင်း ပြန်ဖြစ်သွားခဲ့ပါသည်။

ဒါ သာမန်လူသားတစ်ယောက်တွင် တွေ့နိုင်သည့် အခြေအနေမျိုး မဟုတ်ပေ။

ယန်ရုန်ရုန် သံသယများကို အတည်ပြုနိုင်ခဲ့သည်။ ဟုံနျန်ကျစ်လိုပဲ အာ့ကျန်းကလည်း လူသားအရေခြုံထားသည့် မကောင်းဆိုးဝါးတစ်ကောင်ပင်။

မနက်ပိုင်းတွင် သာမန်လူသားများနှင့် မခြားနားသော်လည်း ညဘက်ရောက်လျှင် အေးစက်ပြီး ကြမ်းကြုတ်လာနိုင်သည်။

‘မနေ့ညက သူတို့ကို ဒေါသထွက်အောင် မလုပ်မိခဲ့လို့ တော်သေးတာပေါ့၊ မဟုတ်ရင် မကောင်းဆိုးဝါး အသွင်ပြောင်းသွားပြီး အရင်တစ်ခေါက်ကလိုပဲ ငါ့ကို တိုက်ခိုက်ကြလိမ့်မယ်’။ ယန်ရုန်ရုန် တွေးလိုက်သည်။

ထို့နောက် သစ်သားစင်မြင့်အောက်ဘက်တွင် ရှိနေသည့် ပုံမှန်မဟုတ်သည့်အရာအကြောင်း တွေးခဲ့သည်။ မနေ့ညက ထိုအရာကို သူမ အမှန်တကယ်ခံစားမိခဲ့မှန်း သေချာပါသည်။

ဧကန္တ သစ်သားစင်မြင့်အောက်ဘက်ရှိ လျှို့ဝှက်ချက်များကလည်း အာ့ကျန်းနှင့် ဟုံနျန်ကျစ်တို့လိုပဲ ညအချိန်ရောက်ခါမှ အသွင်အစစ်ပေါ်လာခြင်း ဖြစ်နိုင်သည်။

အာ့ကျန်း မျက်တောင်များလှုပ်ခါသွားပြီး နိုးလာတော့မည့် အရိပ်အယောင်ပြနေသည်။

ယန်ရုန်ရုန် တွန့်ဆုတ်မှုမရှိဘဲ အာ့ကျန်းသတိထပ်လစ်သွားစေဖို့ နောက်တစ်ဖန် ထပ်ထုပစ်လိုက်ပါသည်။

သူမ လိုချင်သည့် အဖြေကို ရခဲ့ပြီးဖြစ်သဖြင့် ဒီမှာ ဆက်နေစရာမလိုတော့ပါ။ ဆံထိုးကို ပြန်သိမ်းပြီး တန်းလျားထဲမှ ထွက်လာခဲ့တော့သည်။

စံအိမ်အတွင်းမှ လူတို့က ညအချိန်တွင် မကောင်းဆိုးဝါးများအဖြစ် အသွင်ပြောင်းလဲသွားနိုင်မှန်း နားလည်သွားခဲ့ပြီ ဖြစ်သဖြင့် ယန်ရုန်ရုန် အများကြီး ပိုလိမ္မာသွားခဲ့ပါသည်။ ညဘက်များတွင် တတ်နိုင်သမျှ အပြင်မထွက်မိအောင် တံခါးပိတ်ကာ နေထိုင်ရတော့သည်။

-

သုံးရက်ဟူသည့်အချိန်မှာ တိုတောင်းသည်ဟု ထင်ရသော် လည်း ယန်ရုန်ရုန်နှင့် ရှန်းဝမ်ချင်းတို့အတွက်တော့ အလွန် ရှည်လျားလှပါသည်။

ပုံရိပ်ယောင်ကမ္ဘာထဲတွင် သူတို့ အစားအသောက် စား၍မရနိုင်သလို ရေပင် မသောက်နိုင်ကြပေ။ အစာငတ်ပြီး မသေနိုင်သော်လည်း ဆာလောင်မှုကို အမှန်တကယ် ခံစားနေရသည်။ ဝမ်းဗိုက်များက တဂွီဂွီမြည်နေလျှင်တောင် အံကြိတ်ပြီး သည်းခံထားရပါသည်။

ယန်ရုန်ရုန် ဆာလောင်မှုကို အာရုံလွှဲထားဖို့အတွက် တစ်ခုခုလုပ်ဖို့ ကြံလိုက်ပါသည်။ အပြင်ဘက်တွင် ရာသီဥတု သာယာနေသဖြင့် စံအိမ်အပြင်ဘက်သို့ လမ်းလျှောက်ထွက်ဖို့ ဆုံးဖြတ်လိုက်သည်။ ရှန်းဝမ်ချင်းကိုလည်း လိုက်ခဲ့ချင်သလား မေးလိုက်သည်။

ရှန်းဝမ်ချင်း ခေါင်းညိတ်လိုက်ပါသည်။ သူ့အကြည့်များက ယန်ရုန်ရုန်၏ နှုတ်ခမ်းလွှာများဆီ ရောက်ရှိသွားပြီး ခေါင်းပေါ်တွင် စာသားတစ်ခု ချက်ချင်း ပေါ်လာခဲ့ပါသည်။

[နှုတ်ခမ်းလေးတွေက အရမ်းနူးညံ့အိစက်နေမယ့်ပုံစံပဲ၊ ကိုက်စားချင်လိုက်တာ]

သူအတော်လေး ဆာလောင်နေမှန်း ယန်ရုန်ရုန်နားလည်ပါသည်။ ထို့ကြောင့် မြင်သမျှကို ကိုက်စားချင်နေတာ မထူး ဆန်းပေ။ သူမလည်း ထိုနည်းလည်းကောင်းပင်။ နွားတစ်ကောင်လုံးကို ကုန်အောင် စားနိုင်လောက်သည်အထိ ဆာလောင်နေပါပြီ။

သူတို့နှစ်ယောက် စံအိမ်ကြီးထဲမှ အတူတူထွက်လာခဲ့သည်။ အာ့ကျန်းက လိုက်ချင်သော်လည်း ရှန်းဝမ်ချင်း ငြင်းဆန်ခဲ့သည်။

သူနှင့်စန်းချွမ်တို့၏ နှစ်ယောက်တည်းကမ္ဘာကို ဘယ်သူမှ နှောင့်ယှက်လို့မဖြစ်ပါ။

အာ့ကျန်း လက်ကိုင်ပဝါကိုက်ရင်း တစ်ယောက်တည်း ဝမ်းနည်းပက်လက် ကျန်ခဲ့ရပါသည်။

လမ်းမပေါ်တွင် အစားအသောက် ဈေးဆိုင်များဖြင့် ပြည့်နှက်နေပြီး အနံ့ရရုံနှင့် ယန်ရုန်ရုန် သွားရည်ကျနေမိပါပြီ။ တစ်ခုခုပြေးဝယ်ချင်စိတ်ကို မနည်းထိန်းချုပ်လိုက်ပြီး ရှန်းဝမ်ချင်းကို ဆွဲခေါ်ကာ ခပ်သုတ်သုတ် လျှောက်လာခဲ့သည်။

လူသူနည်းပါးသည့် လမ်းကို ရွေးချယ်ကာ ဆိပ်ကမ်းဘက်သို့ လျှောက်လာခဲ့ကြပါသည်။

ပင်လယ်ပြင်ကြီးက အဆုံးမရှိသလို ကောင်းကင်ကြီးကလည်း ကြည်လင်နေသည်။ ဆိပ်ကမ်းတွင် လူသူကင်းမဲ့ကာ တိတ်ဆိတ်နေပါသည်။

ချန်းရီဖန့်သင်္ဘောကြီးကို ဆိပ်ကမ်းတွင် ငြိမ်သက်စွာ ဆိုက် ကပ်ထားသည်။ ၎င်းမှအပ ဆိပ်ကမ်းအတွင် အခြားသင်္ဘောတစ်စင်းမှ ရှိမနေပါ။ ဖမ့်လိုင်မသေမျိုးကျွန်းတွင် ချန်းရီဖန့်သင်္ဘောကြီးတစ်စင်းသာ ရှိသည့်ပုံစံမျိုးပင်။

ယန်ရုန်ရုန် သင်္ဘောကြီးနား ကပ်သွားပြီး အော်လိုက်ပါသည်။

“သင်္ဘောပေါ်မှာ ဘယ်သူရှိလဲ! ကျွန်မတို့ သင်္ဘောစီးချင်လို့!”

ဘာတုန့်ပြန်မှုမှ မရှိပေ။

ယန်ရုန်ရုန် လက်မလျှော့သေးဘဲ ကြိုးတစ်ချောင်းရှာလိုက်ပြီး အစွန်းတစ်ဖက်ကို ချိတ်တပ်ကာ သင်္ဘောလက်ရန်းပေါ် ပစ်တင်လိုက်ပြီး အပေါ်တက်ရန် ပြင်လိုက်ပါသည်။ သင်္ဘောကြီးကို သူမ စစ်ဆေးကြည့်ဖို့ ကြံရွယ်ထားသည်။

အန္တရာယ်ရှိမည်စိုးသဖြင့် ရှန်းဝမ်ချင်းက ပြောလိုက်ပါသည်။ “ငါ လုပ်လိုက်မယ်”

“ရတယ်၊ ရှင်ဒီမှာပဲနေခဲ့ပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးထား”

ထိုသို့ပြောပြီးနောက် ယန်ရုန်ရုန်ကြိုးကို ဆုပ်ကိုင်ပြီး သင်္ဘောပေါ် သွက်သွက်လက်လက်တက်သွားလေတော့သည်။ သူမကို ရှန်းဝမ်ချင်း တိတ်ဆိတ်စွာငေးကြည့်ရင်း ခေါင်းပေါ် စာသားတစ်ကြောင်း ပေါ်လာခဲ့သည်။

[လှုပ်ရှားမှုတွေက သွက်လက်လိုက်တာ၊ ပြီးတော့ လက်ကလေးတွေကလည်း သန်မာနေတာပဲ၊ ကြိုက်တယ် ကြိုက်တယ်!]

ကုန်းပတ်ပေါ်သို့ ရောက်သောအခါ သင်္ဘောကြီးပေါ်တွင် ဘယ်သူမှ ရှိမနေမှန်း ယန်ရုန်ရုန် မြင်လိုက်ရသည်။ ထို့နောက် သင်္ဘော၏ ပဲ့ကို ထိန်းချုပ်ကြည့်ပြီး ချန်းရီဖန့်သင်္ဘောကြီးဖြင့် မောင်းထွက်သွားနိုင်မလား စမ်းသပ်ကြည့်ခဲ့သည်။

သင်္ဘောကြီးကိုသာ ပင်လယ်ထဲ မောင်းသွားနိုင်လျှင် အရှေ့ပင်လယ်ပြင်အလွန်ကလည်း ပုံရိပ်ယောင်တွေပဲ ဖြစ်နေမလား စစ်ဆေးနိုင်ပါလိမ့်မည်။

သို့သော် မအောင်မြင်ခဲ့ပါ။ မမြင်ရသည့် စွမ်းအားတစ်ခုက ပဲ့ကို ထိန်းချုပ်ထားသကဲ့သို့ လုံဝ လှုပ်မရခဲ့ပေ။ ယန်ရုန်ရုန် ဘယ်လောက်ပဲ အားစိုက်ထုတ်ခဲ့ပါစေ ရလဒ်က မပြောင်းလဲခဲ့ပါ။

ယန်ရုန်ရုန်လည်း ရွေးချယ်စရာမရှိတော့ဘဲ သင်္ဘောကြီးဖြင့် ထွက်ပြေးမည့် အကြံကို လက်လျှော့ကာ အောက်သို့ ပြန်ဆင်းလာခဲ့ရတော့သည်။

ရှန်းဝမ်ချင်းက မေးလိုက်သည်။

“တစ်ခုခုရှာတွေ့ခဲ့လား”

ယန်ရုန်ရုန် ခေါင်းခါလိုက်ပါသည်။

“မတွေ့ခဲ့ဘူး”

နေရောင်ခြည်ကြောင့် နီမြန်းနေသည့် သူမ ပါးကလေးများကို ကြည့်ရင်း ရှန်းဝမ်ချင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“ပုံရိပ်ယောင်တွေရဲ့ ဖန်ဆင်းရှင်က ငါတို့ကို ဖမ့်လိုင်ကျွန်းကနေ ထွက်မသွားစေချင်ဘူးထင်တယ်”

ထိုစကားကိုကြားပြီး ယန်ရုန်ရုန့်အာရုံထဲ အတွေးတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ရှန်းဝမ်ချင်း၏ ခေါင်းပေါ်တွင် စာသားတစ်ကြောင်းကို သူမ မြင်လိုက်ရပါသည်။

[သူ့ပါးလေးတွေက ပန်းသီးနီနီလေးတွေနဲ့ တူလိုက်တာ၊ ချိုမြိန်ပြီး အရသာရှိနေမှာပဲ]

All Chapters