အခန်း (၈၈)
Vol. 9 Ch. 88
ချိုမြိန်ပြီး အရသာရှိလှသည့် ပန်းသီးတစ်လုံးကို ယန်ရုန်ရုန် မြင်ယောင်ကြည့်လိုက်ပြီး တံတွေးမျိုချမိပါသည်။
‘တော်တော်ဆိုးဝါးတဲ့ တင်စားမှုပဲ! သူ့ကြောင့် ငါဗိုက်ပိုဆာလာပြီ!’
ရှန်းဝမ်ချင်း ရုတ်တရက်ပြောလိုက်သည်။
“မနေ့ညက ငါအိပ်မက်မက်တယ်၊ အိပ်မက်ထဲမှာ ငါက ဓားသိုင်းကျင့်ကြံသူတစ်ယောက်တဲ့၊ ပြီးတော့ မင်းက ငါ့တပည့်တဲ့”
ယန်ရုန်ရုန်မျက်လုံးများ ဝိုင်းစက်သွားသည်။
“ရှင်မှတ်မိသွားပြီလား”
“အနည်းအကျဉ်းပါပဲ… ဒီနှစ်ရက်အတွင်း ဘာမှမစားခဲ့လို့ဖြစ်နိုင်တယ်၊ အဲ့တာကြောင့် ဟွမ်လျန့်ပစ္စည်းရဲ့ အာနိသင်တွေ ပြယ်လာတာနေမယ်”
ရှန်းဝမ်ချင်း ရှင်းပြလိုက်သည်။
သတင်းကောင်းဖြစ်သဖြင့် ယန်ရုန်ရုန် ဗိုက်ဆာနေသည်ကိုပင် မေ့လျော့သွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဒါဆို ကျွန်မတို့ ဘာမှမစားဖို့ ဆုံးဖြတ်ခဲ့တာ မှန်တာပေါ့”
ရှန်းဝမ်ချင်း ခေါင်းညိတ်ထောက်ခံလိုက်ပါသည်။
ယန်ရုန်ရုန် သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး တင်းတင်းကြပ်ကြပ်ညှစ်ကာ အားပေးလိုက်သည်။
“လက်မလျှော့နဲ့နော် ဆက်ပြီး အားတင်းထားရအောင်!”
ဆာလောင်မှုက ခံရခက်သော်လည်း ပုံရိပ်ယောင်များ၏ လွှမ်းမိုးမှုကိုမခံရစေဖို့အတွက် အစာအငတ်ခံဖို့က တစ်ခုတည်းသောနည်းလမ်းဖြစ်ပါသည်။
ဆုပ်ကိုင်ထားသည့် လက်တွေကို ငုံ့ကြည့်ရင်း ရှန်းဝမ်ချင်း တိုးညှင်းစွာ ဖြေလိုက်သည်။
“အင်း…”
သူ့ခေါင်းပေါ်မှာတော့ ထုံးစံအတိုင်း စာသားတစ်ကြောင်း ပေါ်နေပါပြီ။
[လက်ကလေးတွေက နူးညံ့နေပြီး တော်တော်ကိုင်လို့ကောင်းတာပဲ၊ တစ်ကိုက်လောက် ကိုက်စားချင်လိုက်တာ]
ယန်ရုန်ရုန်: “…”
သူမလက်ကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ပါသည်။
ရှန်းဝမ်ချင်း လက်ချောင်းထိပ်များ အနည်းငယ် တုန်ယင်သွားသည်။ အတန်ကြာမှ သူ့လက်ကို ပြန်ချကာ ပြောလိုက်သည်။
“ပြန်ကြစို့”
ယန်ရုန်ရုန်လည်း ခေါင်းညိတ်လိုက်ပါသည်။
ထို့နောက် နှစ်ယောက်သား စံအိမ်ကြီးထံသို့ ပြန်လာခဲ့ကြတော့သည်။
-
ထိုနေ့ညက ယန်ရုန်ရုန် ပုံမှန်ထက် စောစောအိပ်ရာဝင်ခဲ့သည်။ သူမ အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေချိန်တွင် ကုတင်ဘေး တစ်စုံတစ်ယောက် ရှိနေသည်ဟု ခံစားမိခဲ့သည်
ထို့ကြောင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ကုတင်စွန်းတွင် ထိုင်ပြီး သူမကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေသည့် ရှန်းဝမ်ချင်းအား မြင်လိုက်ရလေသည်။
ယန်ရုန်ရုန် လန့်ဖျပ်သွားပြီး ငုတ်တုပ်ထထိုင်ကာ မေးလိုက်ပါသည်။
“ရှင်ဘာလုပ်နေတာလဲ!”
ညကြီးသန်းခေါင် သူမ အိပ်စက်နေချိန် ဒီလို စိုက်ကြည့်ခံနေရသည်မှာ ကြောက်စရာကောင်းလွန်းပါသည်။
ရှန်းဝမ်ချင်းကပြောသည်။
“ခုနက ငါအိပ်မက်ထပ်မက်ခဲ့တယ်… အိပ်မက်ထဲမှာ မင်းက တခြားယောက်ျားသုံးယောက်နဲ့ ပတ်သတ်ခဲ့သေးတယ်တဲ့၊ ငါ့ကိုလည်း လှည့်စားခဲ့တယ်၊ မင်းငါ့ကို လုံးဝမချစ်ဘူး၊ ‘စန်းချွမ်’ဆိုတဲ့ နာမည်ကတောင် အလိမ်အညာပဲ မဟုတ်လား”
ထိုအိပ်မက်ကြောင့် သူအလွန် စိတ်မသက်မသာဖြစ်သွားခဲ့ရပြီး ပြန်အိပ်လို့ပင် မရတော့ချေ။
ယန်ရုန်ရုန် မျက်ဝန်းများကို ငေးကြည့်ရင်း ရှန်းဝမ်ချင်း တိုးညှင်းစွာ မေးလိုက်ပါသည်။
“ငါ မင်းကို ယုံလို့ ရသေးရဲ့လား”
ယန်ရုန်ရုန် ခေတ္တစဉ်းစားကာ ပြန်ပြောလိုက်ပါသည်။
“ဒီပုံရိပ်ယောင်ကမ္ဘာထဲမှာတော့ ကျွန်မကို အကြွင်းမဲ့ ယုံကြည်လို့ရပါတယ်”
ရှန်းဝမ်ချင်း ထပ်မေးလိုက်သည်။
“ဒီပုံရိပ်ယောင်ကမ္ဘာထဲက ထွက်သွားပြီးရင်ကော”
ယန်ရုန်ရုန် အဖြေအတိအကျ ပြန်မပေးနိုင်ခဲ့ပါ။ သူမ၏ ဆိတ်ငြိမ်မှုက အဖြေတစ်ခုလိုပင်။
ရှန်းဝမ်ချင်း မျက်လွှာချလိုက်သည်။
“ငါနားလည်ပါပြီ”
ယန်ရုန်ရုန် ရင်ထဲ လေးလံသွားခဲ့သည်။ ဒီပုံရိပ်ယောင်ကမ္ဘာထဲ အစစ်အမှန်ဟူ၍ သူမနှင့် ရှန်းဝမ်ချင်းတို့ နှစ်ယောက်တည်းသာ ရှိသည်။
ပန်းတိုင်ချင်းလည်း တူညီကြသည့် မဟာမိတ်တွေဖြစ်ကြသည်။ ရှန်းဝမ်ချင်းကိုသာ မဟာမိတ်အဖြစ်ဆုံးရှုံးလိုက်ရလျှင် အရာရာကို သူမတစ်ယောက်တည်း ရင်ဆိုင်ရပါလိမ့် မည်။ ထိုအခါ ဒီကမ္ဘာထဲမှ ထွက်ပြေးလွတ်မြောက်နိုင်ဖို့လည်း ခဲယဉ်းသွားလိမ့်မည်။
ထို့ကြောင့် စကားလုံးချိုချိုလေးများသုံးလျက် ရှန်းဝမ်ချင်းကို ‘ညာစား’ဖို့ ယန်ရုန်ရုန် ဆုံးဖြတ်လိုက်ပါသည်။ ပုံရိပ်ယောင်ကမ္ဘာ အပြင်ဘက်ကို ရောက်ခါမှ စည်းပြန်ခြားလို့ရနိုင်သည်။
အနည်းငယ် ယုတ်မာရာကျသော်လည်း ရှင်သန်ဖို့အတွက်ဆို ဂုဏ်သိက္ခာကို ခေတ္တဘေးဖယ်ထားသင့်ပါသည်။
ရှန်းဝမ်ချင်း မတ်တပ်ရပ်ကာ လှည့်ထွက်သွားဖို့ ပြင်လိုက်ပါသည်။
သို့သော် ယန်ရုန်ရုန်က သူ့လက်ကို အမြန်ဆုပ်ကိုင်လိုက်သည်။
“ခဏ”
သူမကို ရှန်းဝမ်ချင်း ငုံ့ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ”
ယန်ရုန်ရုန် ရှင်းပြလိုက်ပါသည်။
“အနာဂတ်အတွက် ကျွန်မတိကျတဲ့ အာမခံချက် မပေးနိုင်ဘူး၊ ဒါပေမယ့် ရှင့်အပေါ်ထားတဲ့ စေတနာ မေတ္တာတွေကတော့ တကယ်ပါ၊ ဒီပုံရိပ်ယောင်ကမ္ဘာထဲက လွတ်မြောက်ရင် ကျွန်မတို့ကြားက ဆက်ဆံရေးအတွက် အလေးအနက်ထားပြီး ပြန်စဉ်းစားပေးပါ့မယ်”
ရှန်းဝမ်ချင်း တိတ်ဆိတ်သွားခဲ့သည်။ သူမ စကားလုံးများကို ယုံရကောင်း မယုံရကောင်း ချင့်ချိန်နေသည့်ပုံစံပင်။
သူ့ခေါင်းပေါ် ယန်ရုန်ရုန်မော့ကြည့်လိုက်ရာ စာသားအသစ်တစ်ကြောင်း မြင်လိုက်ရသည်။
[သူ ငါ့ကို ထပ်လိမ်နေတာပဲဖြစ်မှာ၊ ငါ မယုံသင့်တော့ဘူး]
ယန်ရုန်ရုန် သူ့လက်ကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။
“ကျွန်မ မလိမ်ဘူး၊ တကယ်ပြောတာပါ!”
ရှန်းဝမ်ချင်း တိတ်ဆိတ်နေဆဲပင်။
စကားသက်သက်ဖြင့် သူ့ကို အယုံသွင်းနိုင်တော့မှာ မဟုတ်မှန်း ယန်ရုန်ရုန် နားလည်လိုက်ပါသည်။ ထို့ကြောင့် စိတ်ကို အားတင်းရင်း စောင်ကိုဘေးဖယ်ကာ ကုတင်ပေါ်မှ ထလိုက်သည်။
ယခု ယန်ရုန်ရုန် ပါးလွှာသော ညအိပ်ဝတ်စုံကလေးကို ဝတ်ဆင်ထားပြီး ဆံနွယ်ရှည်များကို နောက်ကျောတွင် ချထားသည်။ ကုတင်အောက်သို့ ခြေဗလာဖြင့် ဆင်းလာပြီး ရှန်းဝမ်ချင်း၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ သူ့ပါးကို နမ်းရှိုက်လိုက်ပါသည်။
ရှန်းဝမ်ချင်းတစ်ကိုယ်လုံး တောင့်တင်းသွားပြီး အကြာကြီး မှင်သက်သွားခဲ့သည်။
သူ့မျက်ဝန်းများကို ယန်ရုန်ရုန် နီးနီးကပ်ကပ် ငေးကြည့်ကာ လေးနက်စွာ ပြောလိုက်ပါသည်။
“ကျွန်မ အရင်တုန်းက တခြားယောက်ျားတွေနဲ့ ပတ်သတ်ဖူးတာ မှန်ပါတယ်၊ ဒါပေမယ့် အားလုံးက အတိတ်မှာ ကျန်ခဲ့ပြီ၊ ကျွန်မ အခုမေတ္တာရှိတာ ရှင်တစ်ယောက်တည်းပဲ၊ ကျွန်မကို ထပ်ပြီး လက်ခံမပေးနိုင်ဘူးလားဟင်”
ယန်ရုန်ရုန့် နှုတ်ခမ်းများကို ရှန်းဝမ်ချင်း စိုက်ကြည့်လိုက်ပြီး မသိမသာ တံတွေးမျိုချလိုက်သည်။ သို့သော် သူ့လည်စေ့၏ လှုပ်ရှားမှုက မြင်သာလွန်းပါသည်။
သူ့ခေါင်းပေါ်မှာလည်း စာသားအသစ်ပေါ်လာခဲ့သည်။
[နှုတ်ခမ်းလေးက တကယ်နူးညံ့တာပဲ]
ရှန်းဝမ်ချင်း၏အဖြေကို ယန်ရုန်ရုန် ရင်တထိတ်ထိတ်ဖြင့် စောင့်မျှော်နေခဲ့သည်။
နောက်ဆုံးတော့ ရှန်းဝမ်ချင်း တိုးညှင်းစွာ မေးလိုက်ပါသည်။
“မင်းနာမည်အရင်းက ဘာလဲ”
“ယန်ရုန်ရုန်ပါ”
ထိုအမည်ကို ရှန်းဝမ်ချင်း စိတ်ထဲမှ အကြိမ်ကြိမ်ရေရွတ်ရင်း နောက်ဆုံးတော့ နူးညံ့သိမ်မွေ့စွာ ခေါ်လိုက်ပါသည်။
“ရုန်ရုန်”
သူမအမည်ကို တစ်စုံတစ်ယောက်က ဒီလိုရင်းနှီးစွာ ခေါ်နေသည့်အသံအား မကြားရသည်မှာ အတော်ကြာနေပါပြီ။ ထို့ကြောင့် အခြားကမ္ဘာတစ်ခုကို ရောက်ရှိသွားသလို ယန်ရုန်ရုန် ခံစားလိုက်ရသည်။
ရှန်းဝမ်ချင်းက ထပ်ခေါ်သည်။
“ရုန်ရုန်”
ခေါင်းပေါ်တွင်လည်း [နာမည်လေးက လူလိုပဲ ချစ်ဖို့ကောင်းလိုက်တာ]
ရှန်းဝမ်ချင်းအား အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သဖြင့် ယန်ရုန်ရုန် ပြန်လွှတ်ပေးလိုက်ကာ ပြောလိုက်သည်။
“ကျွန်မ နာမည်အရင်းကိုသိတာ ရှင်တစ်ယောက်တည်းပဲ ရှိသေးတယ်၊ အဲ့တာကို ကြည့်ရုံနဲ့ ရှင့်အပေါ် ကျွန်မ ဘယ် လောက် အလေးအနက်ထားသလဲဆိုတာ နားလည်သင့်တယ်နော်၊ ကျွန်မကို ဆက်ပြီးယုံကြည်ပေးနိုင်မယ်လို့ မျှော်လင့်တယ်၊ ကျွန်မ ရှင့်အကူအညီကို တကယ်လိုအပ်လို့ပါ”
သူမကို ငေးကြည့်ရင်း ရှန်းဝမ်ချင်း ပြောစရာစကားလုံး ရှာမရဖြစ်နေခဲ့သည်။
သို့သော် သူ့ခေါင်းပေါ်က စာသားကိုတော့ ယန်ရုန်ရုန် မြင်နေရပါသည်။
[နောက်တစ်ခါ ထပ်နမ်းရင် ကောင်းမှာပဲ၊ ဒီတစ်ခါတော့ နှုတ်ခမ်းကို နမ်းစေချင်တယ်]
ယန်ရုန်ရုန်: “…”
‘ဆုတောင်းလေ နှာဘူးကောင်!’
သူ့အတွေးများကို ယန်ရုန်ရုန် လျစ်လျူရှုလိုက်ပြီး ဆက်ပြောလိုက်သည်။
“ဒါတောင် ကျွန်မပြောတာ မယုံသေးဘူးဆိုရင် ကျွန်မလည်း ဘာမှမတတ်နိုင်တော့ဘူး၊ ဘာပဲဖြစ်ဖြစ် ဒီပုံရိပ်ယောင်ကမ္ဘာထဲက လွတ်မြောက်အောင် ကျွန်မ နည်းလမ်းရအောင်ရှာမှာပဲ၊ ရှင်မကူညီနိုင်ဘူးဆိုရင်တောင် ကျေးဇူးပြုပြီး မနှောင့် ယှက်ပါနဲ့၊ ကျွန်မ ရှင်နဲ့ ရန်သူဖြစ်မလာချင်ဘူး”
နောက်ဆုံးတော့ ရှန်းဝမ်ချင်း စကားပြန်ပြောခဲ့ပါသည်။
“ငါလည်း မင်းနဲ့ ရန်သူတွေမဖြစ်ချင်ပါဘူး”
ယန်ရုန်ရုန် မျက်လုံးများ အရောင်လက်သွားခဲ့သည်။
“ဒါဆို ကျွန်မကို ဆက်ယုံကြည်ပေးမယ်ဆိုတဲ့သဘောလားဟင်”
ရှန်းဝမ်ချင်း ခေါင်းညိတ်လိုက်သည်။
“အင်း”
ဒီရွေးချယ်မှုက ရူးမိုက်သည့် ရွေးချယ်မှုဖြစ်မှန်း ရှန်းဝမ်ချင်း နားလည်ပါသည်။ သူ့ရှေ့က မိန်းကလေးမှာ အလွန်ဟန် ဆောင်ကောင်းသဖြင့် အမှားနှင့်အမှန်ကို သူဝေခွဲနိုင်စွမ်းမရှိတော့ပေ။
သူ့ကို လှည့်စားနေဆဲဖြစ်ဖို့ ရာခိုင်နှုန်းအတော်များပါသည်။
သို့သော် သူကြိုးစားကြည့်ချင်သေးသည်။ သူမကို ယုံကြည်ဖို့ ရွေးချယ်လိုက်လျှင် အရူးလုပ်ခံရနိုင်ချေ ၅၀ ရာခိုင်နှုန်းရှိသည်။ သို့သော် သူမနှင့် အရာရာ အစကနေ ပြန်စနိုင်ဖို့ အခွင့်အရေး ၅၀ ရာခိုင်နှုန်းလည်း ရှိနေပါသည်။
သူမကို မယုံကြည်ဖို့ ရွေးချယ်လိုက်လျှင်တော့ ထို ၅၀ ရာခိုင်နှုန်းပင် သူ့မှာ ရှိတော့မှာ မဟုတ်ပေ။
ယန်ရုန်ရုန် ပြုံးလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ရှန်းဝမ်ချင်း သူမကို နက်ရှိုင်းစွာကြည့်လိုက်သည်။
“ငါ့ကို စိတ်ပျက်အောင် ထပ်မလုပ်ဖို့ မျှော်လင့်ပါတယ်”
ယန်ရုန်ရုန် ရိုးသားလှသော မျက်နှာဖြင့် အတုအယောင် ကတိကို ပေးလိုက်ပါသည်။
“သေချာပေါက် စိတ်မပျက်စေရပါဘူး!”
-
မကြာမီ မင်္ဂလာပွဲနေ့ရက်သို့ ရောက်ရှိလာခဲ့သည်။
ယန်ရုန်ရုန် အိပ်ရာနိုးလာသည်နှင့်တစ်ပြိုင်တည်း အခြွေအရံများက သူမကို ထိုင်ခုံတစ်လုံးတွင် ထိုင်စေကာ အလှဆုံးဖြစ်အောင် ပြင်ဆင်ပေးလေတော့သည်။
အနီတောက်တောက် မင်္ဂလာဝတ်စုံကို ဆင်မြန်းပေပြီး၊ ဆံနွယ်ရှည်များကို ထုံးဖွဲ့ကာ လေးလံလှသော ပန်းသရဖူကို ဆောင်းပေးခဲ့သည်။ မျက်နှာကိုလည်း အလှပဆုံးဖြစ်အောင် ခြယ်သပေးခဲ့ပါသည်။
ထို့နောက် အနီရောင် သတို့သမီးမျက်နှာဖုံးပဝါကို မျက်နှာရှေ့တွင် ချပေးခဲ့သည်။
အခြားသူများ၏ အကူအညီဖြင့် အိပ်ခန်းဆောင်ထဲမှ ယန်ရုန်ရုန်ထွက်လာခဲ့ပါသည်။
လူအုပ်ကြီး၏ ဂုဏ်ပြုသံများအကြား ဘိုးဘွားများ၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးတို့ကို ဂါဝရပြု အရိုအသေပေးရန်အတွက် ရှန်းဝမ်ချင်းနှင့် လက်ချင်းတွဲလျက် ခန်းမဆောင်ထဲ ဝင်လာခဲ့တော့သည်။