အခန်း (၉၀)
Vol. 9 Ch. 90
ယန်ရုန်ရုန် ပြန်မဖြေဘဲ မေးခွန်းတစ်ခုသာ ပြန်မေးခဲ့သည်။
“နင်ကကော ငါ့ကို ဒီမှာခေါ်ထားဖို့ ဘာလို့ခေါင်းမာနေရတာလဲ၊ ဟုံနျန်ကျစ်လို ဖြစ်လာအောင် လုပ်ချင်လို့လား၊ ငါ့အသိစိတ်တွေ ပျောက်ကွယ်သွားအောင်လုပ်ပြီး နင်ထိန်းချုပ်လို့ရတဲ့ ရုပ်သေးရုပ်အဖြစ် ပြောင်းလဲချင်တာလား”
“မင်းက တကယ်ထူးခြားတာပဲ၊ ပုံရိပ်ယောင်တွေထဲ ဒီလောက်ကြာကြာ ရောက်နေတာတောင် အသိစိတ် ကပ်နေတုန်းပဲ၊ ငါမင်းကို ပိုပိုပြီး သဘောကျလာပြီ”
ယန်ရုန်ရုန့် မျက်နှာကတော့ ခံစားချက် မဲ့နေဆဲပင်။
“ကျေးဇူးပါ၊ ငါတော့ နင့်ကို သဘောမကျဘူး”
ဖူရှန်းကြေးမုံက ရယ်မောသည်။ ထိုရယ်သံက တစ်ခါတရံ ဝေးကွာနေသည်ဟု ထင်ရသော်လည်း တစ်ခါတရံမှာတော့ အနီးဆုံးကို ရောက်နေသည်ဟု ခံစားရပါသည်။
ဖူရှန်းကြေးမုံ၏ စကားများကို ယန်ရုန်ရုန် သေချာ အကဲခတ်ကြည့်လိုက်သည်။ ပုံရိပ်ယောင်များ၏ လှည့်စားမှုကို ခံရဖို့အတွက် ဟွမ်လျန့်သေရည်ကို သောက်သုံးဖို့လိုသည်ဟု သူမ ယူဆထားခဲ့သည်။
သို့သော် ကြေးမုံက ‘ဟွမ်လျန့်’ပစ္စည်းအကြောင်းကို စကားထဲပင် ထည့်မပြောပါ။ သူ့စကားကို သုံးသပ်ကြည့်ရသလောက် ပုံရိပ်ယောင်တွေထဲ အချိန်ကြာကြာပိတ်မိနေသည့်အခါ စိတ်တွေ အလိုလိုလွတ်သွားနိုင်ခြင်း ဖြစ်လိမ့်မည်။
ထို့ကြောင့် ယန်ရုန်ရုန် အမှန်တရားတစ်ခုကို နားလည်သွားခဲ့ရပါသည်။ သူမ နှုတ်ဖျားမှ ရေရွတ်လိုက်သည်။
“ရှန်းဝမ်ချင်းက ဟွမ်လျန့်ပစ္စည်းကို မထိခဲ့ဘူးပေါ့…”
ဖူရှန်းကြေးမုံက အတည်ပြုပေးလိုက်ပါသည်။
“အမှန်ပဲ၊ သူက အရမ်းသတိကြီးတယ်၊ ပုံရိပ်ယောင်ထဲ ရောက်နေတာတောင် ဘယ်လိုအရာမျိုးကိုမဆို သတိကပ်ပြီး ကိုင်တွယ်ခဲ့တယ်၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူ့သတိကြီးမှုက အသုံးမဝင်ခဲ့ဘူး၊ သူကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့တာ၊ မင်းသာ ရောက်မလာရင် အခုလောက်ဆို ငါ့ထိန်းချုပ်မှုအောက် သူလုံးဝ ရောက်နေလောက်ပြီ”
သူပြောချင်သည့် အဓိပ္ပာယ်က ရိုးရှင်းပါသည်။ ရှန်းဝမ်ချင်း အသိစိတ်များ ပြန်ကပ်လာရသည့်အကြောင်းအရင်းက ဟွမ်လျန့်ပစ္စည်းပါဝင်သော အစားအသောက်များကို မစားသုံးတော့ခြင်းကြောင့် မဟုတ်ဘဲ ယန်ရုန်ရုန်ကို မြင်လိုက်ရခြင်းကြောင့်သာ။
ရှန်းဝမ်ချင်းကို နိုးထစေခဲ့သည့် အဓိက သော့ချက်က ဟွမ်လျန့်ပစ္စည်းမဟုတ်ဘဲ ယန်ရုန်ရုန်ကိုယ်တိုင်ဖြစ်နေပါသည်။
ကြေးမုံထဲက သူမ၏ ပုံရိပ်ကို ယန်ရုန်ရုန် ငေးကြည့်လိုက်သည်။ ကူးပြောင်းလာသူဖြစ်နေရုံကလွဲပြီး သူမမှာ အခြား ထူးခြားချက်မရှိပါ။ စနစ်တစ်ခုကို ပိုင်ဆိုင်ထားသော်လည်း ထိုစနစ် ပေးနိုင်သည့် အကူအညီက မပြောပလောက်ပေ။
သူမကို မြင်လိုက်ရရုံနှင့် ရှန်းဝမ်ချင်း ဘာကြောင့် အသိစိတ်များ ပြန်ကပ်သွားခဲ့ရသလဲ ယန်ရုန်ရုန် နားမလည်နိုင်ပေ။
‘ငါ့ကို သဘောကျနေလို့ပဲလား’
ဒီလောက်ရိုးရှင်းလိမ့်မည်ဟု ယန်ရုန်ရုန် မထင်မိပေ။
သူမအာရုံထဲ ဖြစ်နိုင်ချေများစွာကို စဉ်းစားခဲ့သည်။ သို့သော် သရုပ်တော့ မပျက်ခဲ့ပေ။
“အဲ့တာဆို ပုံရိပ်ယောင်ကမ္ဘာအပေါ် ငါ့ရဲ့လွှမ်းမိုးနိုင်မှုက တော်တော်ကြီးမားတဲ့သဘောပေါ့”
‘ရှန်းဝမ်ချင်းအပေါ်’ဟု မပြောဘဲ ‘ပုံရိပ်ယောင်ကမ္ဘာအပေါ်’ဟု သူမ ပြောခဲ့သည်။ ဒါစမ်းသပ်မှုတစ်ခုပင်။
ရှန်းဝမ်ချင်းတစ်ယောက်တည်းကိုသာ လွှမ်းမိုးနိုင်ခြင်း ဆိုလျှင် သူမတို့နှစ်ယောက်အကြားမှ ထူးခြားသည့် သံယောဇဉ်ကြောင့်ဖြစ်နိုင်သည်။ သို့သော် ပုံရိပ်ယောင်ကမ္ဘာတစ်ခုလုံးကို သူမ လွှမ်းမိုးနိုင်ခြင်း ဆိုလျှင်တော့ သူမ၏ ဖြစ်တည်မှုကိုယ်တိုင်က ထူးခြားချက်တစ်ခု ဖြစ်နေနိုင်ပါသည်။
သို့သော် ကြေးမုံကတော့ မဆီလျော်သည့် အဖြေကိုသာ ပေးခဲ့သည်။
“ငါပြောခဲ့သလိုပဲ မင်းက ထူးခြားတယ်၊ လူပေါင်းများစွာကို ငါမြင်ဖူးပေမယ့် ဘယ်သူမှ ငါ့လက်က မလွတ်မြောက်နိုင်ခဲ့ဘူး၊ မင်းက တစ်ဦးတည်းသော ခြွင်းချက်ပဲ၊ အဲ့တာကြောင့် ငါမင်းကို ဒီမှာ ဆက်နေစေချင်တာ၊ ငါ့ပုံရိပ်ယောင်တွေက မင်းအပေါ် သက်ရောက်မှု ရှိမှာလည်း မဟုတ်ဘူး၊ အဲ့တာကြောင့် ငါ့ထိန်းချုပ်မှုအောက် ရောက်သွားမှာ ဘာစိုးရိမ်စရာလိုလို့လဲ”
“ဒီမှာဆိုရင် မင်းအချုပ်အနှောင်ကင်းပြီး အမြဲတမ်းလွတ် လပ်နေမှာ၊ ငါပြောတာ မယုံဘူးဆိုရင် ငါတို့ ဝိညာဉ်စာချုပ် ချုပ်လို့ရတယ်၊ ငါတို့ရဲ့ သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းကို စည်းနှောင်မယ့် စာချုပ်ပေါ့၊ အဲ့တာဆို ငါမင်းကို ထိခိုက်အောင် လုပ်လို့ရမှာမဟုတ်တော့ဘူး၊ မင်းလည်း ဘေးကင်းသွားလိမ့်မယ်”
ရှေးဟောင်းရတနာတစ်ခု ဖြစ်သည့်အလျောက် ဖူရှန်းကြေးမုံ၏ စွမ်းအားက သံသယဖြစ်စရာမလိုအောင် အလွန် ကြီးမားပါသည်။ ဖူရှန်းကြေးမုံနှင့်သာ စာချုပ်ချုပ်နိုင်မည်ဆိုလျှင် သူမကျင့်ကြံခြင်းအဆင့် တဟုန်ထိုး မြင့်တက်သွားလိမ့်မည်။
ကိုယ့်အသက်ကိုယ် ကယ်တင်ဖို့ပင် မနည်းကြိုးပမ်းနေရသည့် ယခုလက်ရှိ ယန်ရုန်ရုန်အတွက် အလွန်မက်မောစရာ ကောင်းသည့် ကမ်းလှမ်းချက်တစ်ခု ဖြစ်နေပါသည်။
ယန်ရုန်ရုန် အနည်းငယ် စိတ်လှုပ်သွားသော်လည်း စိတ်ကို အမြန်ပြန်ထိန်းခဲ့ပါသည်။ ဒီလောကကြီးမှာ အလကားရသည့် အရာဟူ၍ မရှိပေ။
ထို့ကြောင့် ဖူရှန်းကြေးမုံ၏ ကမ်းလှမ်းချက်က ငါးစာတစ်ခုသာ ဖြစ်နိုင်သည်။ သူမ ယုံကြည်လိုက်လို့ မဖြစ်ပေ။
“နင့်စကားတွေကို ငါမယုံဘူး၊ ဒါပေမယ့် ရှန်းဝမ်ချင်းနဲ့ ငါ့ကို ဒီပုံရိပ်ယောင်ကမ္ဘာထဲက ထွက်သွားခွင့်ပေးမယ် ဆိုရင်တော့ စဉ်းစားပေးမယ်၊ ငါလွတ်လပ်သွားမှ နင့်စကားတွေကို ယုံကြည်နိုင်မယ်”
ယန်ရုန်ရုန်ပြောလိုက်သည်။
ဖူရှန်းကြေးမုံသာ ငြင်းဆန်လျှင် သူမကို လိမ်ညာပြီး ထောင် ချောက်ဆင်ဖို့ ကြိုးစားနေမှန်း သေချာသွားပါလိမ့်မည်။ သဘောတူလိုက်လျှင် ပိုလို့ပင်ကောင်းသေးသည်။ သူမနှင့် ရှန်းဝမ်ချင်းတို့ ချက်ချင်းလွတ်မြောက်နိုင်ပါလိမ့်မည်။
ဖူရှန်းကြေးမုံက ဆိုသည်။
“မင်းဘာကို စိုးရိမ်နေသလဲဆိုတာ ငါနားလည်တယ်၊ ငါ့စကားကို သက်သေပြဖို့အတွက် မင်းတို့ထဲကတစ်ယောက်ကို အရင်ထွက်သွားခွင့်ပေးမယ်၊ ရှန်းဝမ်ချင်းကို လွှတ်ပေးရမလား၊ မင်းကို လွှတ်ပေးရမလား ဆိုတာတော့ မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်”
‘ဉာဏ်နီဉာဏ်နက်များလိုက်တာ!’
ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားသည်။ ဒီသတ္တဝါက သူမအတွက် ထောင်ချောက်ဆင်နေခြင်းဖြစ်မှန်း သိသာပါသည်။ ထို့ကြောင့် သူမ၏ ကိုယ်ပိုင်လွတ်မြောက်မှုကို ဦးစားပေးသင့်သည်။ သို့သော် သူမကိုယ် သူမ ရွေးချယ်လိုက်လျှင် ရှန်းဝမ်ချင်းအား ထားခဲ့ရပါလိမ့်မည်။
ရှန်းဝမ်ချင်း ဖမ့်လိုင်မသေမျိုးကျွန်းသို့ ရောက်ရှိလာခဲ့ပြီး ဒီလိုပုံရိပ်ယောင်ကမ္ဘာထဲ ပိတ်မိနေရခြင်းက သူမကြောင့်သာ ဖြစ်သည်။ သူ့ကို မချစ်နိုင်လျှင်တောင် သူ့အသက်ကို ဒီတိုင်း လျစ်လျူရှုခဲ့လို့တော့ မဖြစ်ပေ။
ထို့အပြင် သူမ တစ်ကိုယ်ကောင်းဆန်စွာ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ ဆုံးဖြတ်ခဲ့လျှင်တောင် ဖူရှန်းကြေးမုံက ကတိဖျက်နိုင်ချေ ရှိပါသေးသည်။ ထို့နောက် ရှန်းဝမ်ချင်းကို သူမ စွန့်ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောပြပြီး နှစ်ယောက်အကြား သွေးထိုးလိမ့်မည်။ ဒီလိုသာဆို သူမ၏ အသန်မာဆုံး မဟာ မိတ်ကိုဆုံးရှုံးလိုက်ရကာ ပုံရိပ်ယောင်ကမ္ဘာထဲ တစ်ယောက် တည်း ကျန်ရစ်ခဲ့ရလိမ့်မည်။
အချိန်အတော်ကြာအောင် တွန့်ဆုတ်ပြီးနောက် ယန်ရုန်ရုန် ဆုံးဖြတ်ချက်ချလိုက်သည်။
“ရှန်းဝမ်ချင်းကို အရင်လွှတ်ပေးလိုက်”
ဒီမဟာစမ်းသပ်မှုအတွက် သင့်လျော်သည့်တစ်ခုတည်းသော ရွေးချယ်မှုပင်။ ဖူရှန်းကြေးမုံမှာ ရှန်းဝမ်ချင်းကို အမှန်တကယ် လွှတ်ပေးနိုင်စွမ်းရှိသလား သူမ သိချင်ပါသည်။
ရှန်းဝမ်ချင်းကို အမှန်တကယ် လွှတ်ပေးလိုက်လျှင် သူမကို ထူးခြားသည်ဟု ဖူရှန်းကြေးမုံ ဆိုနေခြင်းမှာ အလိမ်အညာ မဟုတ်နိုင်ဘဲ သူမလည်း စာချုပ်ချုပ်ဖို့ စဉ်းစားနိုင်ပါသည်။
စာချုပ်က အလိမ်အညာဖြစ်နေပြီး ဒီပုံရိပ်ယောင်ကမ္ဘာထဲ ပိတ်မိနေဦးမည်ဆိုလျှင်တောင် သူမက ပုံရိပ်ယောင်များ၏ လွှမ်းမိုးမှုကို တွန်းလှန်နိုင်စွမ်းရှိသူဖြစ်သည်။ ထို့ကြောင့် လွတ်လမ်းကို ထပ်မံရှာဖွေနိုင်ပါလိမ့်မည်။
ရှန်းဝမ်ချင်းက သူမအတွက် အသက်ကိုရင်းပေးခဲ့သူဖြစ်သည့်အတွက် ကျေးဇူးပြန်ဆပ်ဖို့လိုအပ်သည်။ သူ့ကို ဒီလို ကယ်တင်ပေးလိုက်ခြင်းအားဖြင့် သူမတို့အကြားက အကြွေးများ ကျေသွားပြီဟု ဆိုနိုင်သည်။
ယန်ရုန်ရုန်၏ ဆုံးဖြတ်ချက်ကြောင့် ဖူရှန်းကြေးမုံ သိသိသာသာ အံ့အားသင့်သွားခဲ့သည်။
“မင်းပုံစံက သူများအတွက် အနစ်နာခံပေးတတ်မယ့်ပုံစံမျိုးလည်း မဟုတ်ပါဘူး၊ မင်းကိုယ်မင်း ကယ်တင်မယ်လို့ ငါထင်ထားတာ”
ယန်ရုန်ရုန် မဲ့ပြုံးပြုံးကာ ပြန်ပြောလိုက်သည်။
“ဒါဆို နင်ငါ့ကို အထင်သေးလိုက်တာပဲ၊ ငါက တကယ်တော့ သဘောကောင်း ကြင်နာတတ်ပါတယ်”
“သဘောကောင်း ကြင်နာတတ်တာက တစ်ကဏ္ဍပါ၊ သူများကို ကြင်နာပေးတာနဲ့ပဲ ကောင်းကျိုးခံစားရမယ်လို့ အာမခံချက်မရှိဘူး၊ ရှန်းဝမ်ချင်းက မင်းဒီလို စတေးပေးဖို့ ထိုက် တန်တဲ့လူမျိုးတောင် မဟုတ်လောက်ဘူးနော်”
ကြေးမုံ၏ မျက်နှာပြင် ရုတ်တရက် လှိုင်းထသွားပြီး ယန်ရုန်ရုန်၏ ပုံရိပ်ပျောက်ကွယ်ကာ ရှန်းဝမ်ချင်း ပုံရိပ် အစားထိုး ပေါ်လာခဲ့ပါသည်။
ရှန်းဝမ်ချင်းက အနီရောင်တောက်တောက် မင်္ဂလာဝတ်စုံကို ဆင်မြန်းထားဆဲဖြစ်သည်။ အနီရောင်ဝတ်စုံကြောင့် သူ့ဖြူရော်ဖြူဖပ်အသားအရည်လည်း အနည်းငယ်တောက်ပလာကာ စိတ်ဓာတ်တက်ကြွနေသည့်ပုံစံ ပေါက်နေပါသည်။
သူ့အနက်ရောင် ဆံသားပေါ်တွင် ရွှေရောင်သရဖူတစ်ခုကို ဆောင်းထားသည်။ သူ့ရုပ်ရည်သွင်ပြင်များကလည်း အပြစ်ဆိုဖွယ်မရှိအောင် ပြီးပြည့်စုံနေပါသည်။ မျက်နှာက ခံစားချက်မဲ့နေဆဲဖြစ်သော်လည်း သေချာကြည့်လျှင် သူ့မျက်ဝန်းတွေထဲ ပျော်ရွှင်မှုအရိပ်အယောင်တချို့ကို မြင်နိုင်လေသည်။
သူ အမှန်တကယ် ပျော်ရွှင်နေပါသည်။ ဒီနေ့က ယန်ရုန်ရုန်နှင့် မင်္ဂလာဆောင်ရသည့် နေ့ဖြစ်သည်။ မင်္ဂလာအခမ်းအနားကို ကျင်းပပြီးပြီဖြစ်ကာ နှစ်ယောက်သား ဇနီးမောင်နှံများ တရားဝင် ဖြစ်သွားကြပါပြီ။
နောက်ဆုံးတော့ မလိုအပ်ဘဲ အပျော်လွန်နေသည့် ဧည့်သည်တော်များကို မောင်းထုတ်နိုင်ခဲ့ပြီး အိပ်ခန်းဆောင်ဆီ ရှန်းဝမ်ချင်း ခပ်သုတ်သုတ် လျှောက်လာခဲ့သည်။
ယန်ရုန်ရုန်နှင့်အတူတူ မင်္ဂလာဦးသေရည်သောက်သုံးရန် သူမျှော်လင့်ထားသည်။
မျှော်လင့်ချက်အပြည့်ဖြင့် တံခါးကို တွန်းဖွင့်လိုက်ရာ အနီရောင် အခင်းအကျင်းများဖြင့် ပြည့်နေသည့် အိပ်ခန်းဆောင်တစ်ခုလုံး ဗလာကျင်းဖြစ်နေသည်ကို မြင်လိုက်ရပါသည်။
ကုတင်ပေါ်တွင် ထိုင်နေရမည့် သတို့သမီးက ပျောက်ခြင်းမလှ ပျောက်နေသည်။ သူမ၏ ဝတ်ရုံများနှင့် ပန်းသရဖူတို့ကို ထိုင်ခုံတစ်လုံးပေါ်မှာ ပစ်ထားခဲ့သည်။ အခြွေအရံနှစ်ယောက်ကလည်း ကြမ်းပြင်ပေါ်မှာ သတိလစ် မေ့မျောနေခဲ့ပါသည်။
ထိုမြင်ကွင်းများကို မြင်ပြီး ရှန်းဝမ်ချင်း၏ မျက်ဝန်းများထဲမှ အလင်းရောင်များ ချက်ချင်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ရသည်။
အမှန်တရားကို သူ သတိရသွားခဲ့သည်။
အားလုံးက ပုံရိပ်ယောင်များသာ…
အရာအားလုံးက အတုအယောင်တွေသာ ဖြစ်သည်။
မင်္ဂလာပွဲကလည်း အတုအယောင်၊ လက်ဆက်ထိန်းမြှားမှုကလည်း အတုအယောင်ပင်။