ငါ အရမ်း မနာလိုဖြစ်လာပြီ
Vol. 11 Ch. 151
“အီ...”
မလိုလားသော အူသံနှင့်အတူ ရှောင်ဟိုင် လဲကျသွားသည်။ တစ်ချိန်တည်းမှာပင် ဟွမ်ရှောင်မန်နှင့် အဖွဲ့သားများ အားလုံး စိတ်နှလုံး ကြေကွဲသွားလေသည်။
“ဒါ ... ဒါ ...”
ဟွမ်ရှောင်မန် ငိုလုနီးပါး ဖြစ်နေပြီး အမှန်တရားကို လက်မခံနိုင် ဖြစ်နေလေသည်။ သူမ မယုံနိုင်ဟန်ဖြင့် ရေရွတ်နေ၏။
“ငါ ရှုံးသွားတာလား၊ ငါ တကယ် ရှုံးသွားတာလား”
လီမူရွှယ်သည် ဟွမ်ရှောင်မန်အား ကရုဏာသက်စွာ ကြည့်နေပြီး ဘယ်လို နှစ်သိမ့်ပေးရမလဲမသိ ဖြစ်နေလေသည်။
ကျားသစ်နှင့် အခြားသူများလည်း ငေးငိုင်နေ၏။ သူတို့၏ နှုတ်ခမ်းများ တုန်နေကာ အသံပင် မထွက်နိုင်ချေ။ ရဲ့လင်းချန်ကို ရန်လိုခဲ့သော အမျိုးသမီးသည် နေရာမှာတင် ငိုကြွေးလေတော့သည်။ သူမ၏ ငိုသံတွင် ဝမ်းနည်းမှုတို့ ပြည့်နှက်နေပြီး အလွန် သနားစရာ ကောင်းလှသည်။
“ကျားသစ် ခွေးသူတောင်းစား၊ မင်း ငါတို့ကို ဘယ်လိုတောင် လှည့်စားရဲတာလဲ”
လူအုပ်ကြီးက သူ့အား အန္တရာယ်ပေးလိုဟန်ဖြင့် ကြည့်လာသည်။ ကျားသစ်၏ မျက်နှာတွင် ထိတ်လန့် ကြောက်ရွံ့ဟန် ပေါ်နေသည်။
“ဒါ ငါ့အမှား မဟုတ်ဘူး၊ ငါလည်း င့ါပိုက်ဆံ အကုန် ဆုံးတာပဲလေ၊ ပွဲစီစဉ်တဲ့သူတွေ တမင်သက်သက် လုပ်ထားတာပဲ ဖြစ်ရမယ်၊ သူတို့ နောက်ကွယ်ကနေ မသမာတာ တစ်ခုခု လုပ်ထားတာ နေမှာ”
“သောက်ကျိုးနည်း ငါ နိုင်သွားတာလား”
ဝမ်းနည်းနေသော အခိုက်အတန့်တွင် အများနှင့်မတူသော လေသံတစ်သံ ထွက်ပေါ်လာသည်။ ရဲ့လင်းချန် စိတ်လှုပ်ရှားနေသော မျက်နှာထားမျိုး ဖြစ်နေသည်ကို သူတို့အားလုံး မြင်နေရသည်။
“အံ့ဩစရာပဲ၊ မင်းရဲ့ အတွင်းသတင်းက လုံးဝ တိကျတယ်၊ ငါ နိုင်သွားပြီ၊ ငါ့ကို ဒီလောက် ပိုက်ဆံတွေ ရလာအောင် ကူညီပေးလို့ ကျေးဇူးတင်တယ်”
ဟွမ်ရှောင်မန်သည် ရဲ့လင်းချန်၏ ပျော်မြူးနေသော မျက်နှာကို ကြည့်ပြီး စိတ်လေးကာ ကောင်းကင်ဘုံအား မမျှတမှုအတွက် အပြစ်တင်နေ၏။
ထိုစဉ် ဝန်ထမ်းတစ်ယောက်က သူတို့ထံ လျှောက်လာသည်။
“သခင်လေး ရဲ့လင်းချန်၊ ဒီမှာ ခင်ဗျားရဲ့ ဆုကြေးငွေပါ၊ စုစုပေါင်း ယွမ် ၁.၂ သန်းပါ၊ ဆက်ပြီး လောင်းကြေးထပ်ဖို့ ကြိုဆိုနေပါတယ်”
“အင်း ကျေးဇူးပဲ”
ရဲ့လင်းချန် အပြုံးဖြင့် ယွမ် ၁.၂ သန်းကို လက်ခံလိုက်သည်။ လောင်းကြေးက တစ်အချိုးတစ် ဖြစ်သည်။ ရဲ့လင်းချန်က ယွမ်ခြောက်သိန်း လောင်းခဲ့သဖြင့် သူ့လောင်းကြေးငွေက ခြောက်သိန်းပင်။ သူ ရှုံးလျင် ခြောက်သိန်းလုံး ဆုံးမည် ဖြစ်သည်။
“အာ...”
ရဲ့လင်းချန်က စိတ်ထဲမှ ရယ်ချင်စိတ်ကို ထိန်းလိုက်သည်။ ဟွမ်ရှောင်မန်နှင့် အခြားသူများကို သူ တအံ့တဩ ကြည့်ကာ ပြောလေသည်။
“မင်းတို့လည်း လောင်းတယ် မဟုတ်လား၊ ဘာလို့ မင်းတို့ ဘာမှမနိုင်ရတာလဲ”
ဟွမ်ရှောင်မန်၏ မျက်နှာ ခရမ်းရောင် ပြောင်းလုနီးပါး ဖြစ်သွားပြီး ဒေါသကြောင့် မျက်ရည်ကျလုနီးပါး ဖြစ်သွားသည်။ သူမ အံကြိတ်၍ ပြန်ပြောလိုက်သည်။
“ငါတို့ ရှောင်ဟိုင်ဘက်မှာ လောင်းခဲ့ကြတာ”
“ဘာ”
ရဲ့လင်းချန် မျက်လုံးပြူးသွားပြီးမှ ကြည်နူးသွားသည့် လေသံဖြင့် ပြောလေသည်။
“မင်းက ငါ့အပေါ် သိပ်ကောင်းတာပဲ၊ ငါ့ကို ရှောင်ပိုင်ဘက်က လောင်းခိုင်းပြီးတော့ မင်းက ရှောင်ဟိုင်ဘက်က လောင်းတယ်၊ မင်း ငါ့ကို တမင်သက်သက် အနိုင်ပေးလိုက်တာပဲ”
ဟွမ်ရှောင်မန်သည် ရင်ဘတ်တွင်းမှ မျိုသိပ်ထားရသည့် ခံပြင်းမှုကြောင့် မွန်းကြပ်လုနီးပါး ဖြစ်သလို ခံစားနေ ရသည်။
အခြားသူများလည်း ထိုနည်းတူ ခံစားနေရသည်။ သူတို့အားလုံး ရဲ့လင်းချန်ကို ကြည့်နေကြပြီး သူတို့ နှလုံးသားက သွေးစိမ်းရှင်ရှင် ယိုစီးသလို ခံစားနေရကာ သူ့အား အားပါးတရ ရိုက်နှက်ချင်စိတ် ပေါက်နေ၏။
ထိုပမာဏက သူတို့၏ မုန့်ဖိုးအကုန် ဖြစ်သည်။ အစက သူတို့ ပိုက်ဆံများစွာ ရှာနိုင်မည်ဟု ထင်ထားခဲ့သည်။ သို့သော် သူတို့ ပိုက်ဆံအကုန် ဆုံးရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူတို့အစား ရဲ့လင်းချန်က များပြားသော ပမာဏကို ရရှိသွားလေသည်။ သူ၏ကံက တကယ်ပင် အံ့ဩစရာ ကောင်းလှသည်။
သူတို့က ရဲ့လင်းချန်ကို အရူးသဖွယ် ဆက်ဆံခဲ့သော်လည်း အဆုံးသတ်တွင် သူတို့သာ အရူးများ ဖြစ်သွားကြသည်။
“ရဲ့လင်းချန် ငါ နင့်ကို ရှောင်ပိုင်ဘက်ကနေ လောင်းဖို့ ထောက်ခံခဲ့တယ်လေ၊ အခု နင် ဒီလောက် ပိုက်ဆံတွေ အများကြီး ရသွားတာ ငါ့ကို ကော်မရှင်ခ နည်းနည်းလောက် ပေးသင့်တယ်မလား”
ဟွမ်ရှောင်မန်သည် ယခု တစ်ပြားမှမရှိတော့သဖြင့် ရဲ့လင်းချန်အား သနားစဖွယ် မေးလေသည်။ ရဲ့လင်းချန် ဘေးနားက ငွေပုံကြီးကိုကြည့်ပြီး သူမ သွားရည်ကျနေသည်။
“ဟုတ်တာပေါ့”
ရဲ့လင်းချန် အလေးအနက် ခေါင်းညိတ်ပြသည်။ သူသည် ငွေပုံထဲက ပိုက်ဆံကို မယူဘဲ သူ့အိတ်ထဲ၌ လိုက်ရှာလေသည်။ တစ်ခဏကြာသော် သူသည် တွန့်လိမ်နေသော ယွမ်နှစ်ဆယ်တန်ကို ထုတ်လိုက်ပြီး ဟွမ်ရှောင်မန်ကို ပေးလိုက်သည်။
“ဒီမှာ ယူလိုက်”
ဟွမ်ရှောင်မန်သည် ယွမ်နှစ်ဆယ်အား ငေးငိုင်၍ ကြည့်နေသည်။
သူမ သူ့ကို ဤနေရာသို့ ခေါ်လာခဲ့သည့် အသွားအလာ စရိတ်ပင် ယွမ်နှစ်ဆယ်ကျော်၏။ သူက သူမကို သူတောင်းစား တစ်ယောက်သဖွယ် နှင်ထုတ်နေသလော။
“မရှက်ပါနဲ့ ယူလိုက်”
ရဲ့လင်းချန် ထပ်ပြောပြီး ဟွမ်ရှောင်မန်၏ လက်ထဲသို့ ယွမ်နှစ်ဆယ် ထည့်ပေးပြီး ကြင်နာရက်ရောတတ်သော လေသံဖြင့် ပြောလိုက်သည်။
“များလွန်းတယ်လို့ မထင်နဲ့နော်၊ ဒီလောက်တော့ မင်း ရသင့်ပါတယ်”
*ငါ…*
*ဒီလို အရှက်မရှိတဲ့ကိစ္စကို နင် ဘယ်လိုတောင် လုပ်နိုင်တာလဲ*
*အရှက်ခွဲတာ၊ ဒါ ပြောင်ပြောင်တင်းတင်း အရှက်ခွဲတာ*
“ပထမပွဲ ပြီးသွားပါပြီ၊ မကြာခင် အားလုံး မျှော်လင့်နေတဲ့ ဒုတိယပွဲ စတင်ပါမယ်”
ဒိုင်လူကြီး၏ ကြေငြာသံ ထွက်ပေါ်လာသည်။
“နောက်တစ်ပွဲမှာ ဘယ်ခွေးနှစ်ကောင် ပြိုင်ရမလဲ ကြည့်လိုက်ရအောင်ပါ”
ကြီးမားသော ဖန်သားပြင်ပေါ်၌ နာမည်များစွာက လျင်မြန်စွာ လှည့်ပတ်နေ၏။
နောက်ဆုံးတွင် ယှဉ်ပြိုင်ရမည့် အကောင်များက ဟိုင်မောင်နှင့် ပိုင်မောင် ဖြစ်နေ၏။ ချက်ချင်းဆိုသလိုပင် ခွေးနှစ်ကောင်ကို ထည့်ထားသည့် လှောင်အိမ်များ အရှေ့သို့ ရွေ့လာသည်။
ဟိုင်မောင်နှင့် ပိုင်မောင်တို့၏ အရွယ်အစားက ရှောင်ဟိုင်နှင့် ရှောင်ပိုင်လောက် မကြီးပေ။ သို့သော် သူတို့ခွန်အားကြောင့် နာမည်ကြီးကြသည်။ သူတို့သည် သဘာဝအရ ကြမ်းကြုတ်၊ခက်ထန်၊ မြန်ဆန်၍ ရန်လို လေသည်။
သူတို့နှစ်ကောင်သည်လည်း အချင်းချင်း ဟောင်၍ အစွယ်များ ဖြဲပြနေကြသည်။
ဟိုင်မောင် : “ဒီမနက် မင်း ငါ့ဆီမှာ အကြွေးတင်နေတဲ့ အရိုးကို မမေ့ဘူးမလား”
ပိုင်မောင် : “စိတ်ချပါ၊ ငါက ကျေးဇူးပြန်ဆပ်တတ်တဲ့ ခွေးလိမ္မာပါ၊ ငါ မမေ့ဘူး”
ဟိုင်မောင် : “ကောင်းပြီ ဒါဆို ငါ့ကို ဒီပွဲ ပေးနိုင်ပေး”
ပိုင်မောင် : “ပြဿနာ မရှိဘူး၊ ဒါပေမဲ့ ငါတို့ မကိုက်ရင် လူသားတွေက ပျော်မှာမဟုတ်ဘူး၊ တကယ် ရန်ဖြစ်နေကြသလို ဟန်ဆောင်ရအောင်”
…
“ရဲ့လင်းချန် နင် ဘယ်အကောင်ဘက်မှာ လောင်းဖို့ စိတ်ကူးလဲ”
ခွေးနှစ်ကောင်လုံးတွင် ကောင်းမွန်သော ခွန်အားများ ရှိပြီး သာတူညီမျှသဖွယ် ဖြစ်နေသည်။ ဘယ်အကောင်က ပိုသန်မာသလဲ ပြောရခက်သည်။
“ဒီနေ့ ငါ့ကံ အတော်လေး ကောင်းနေတယ်၊ ငါ ဟိုင်မောင်ဘက်ကနေ အားလုံး လောင်းမယ်၊ မင်းရော ဘယ်လို ထင်လဲ”
ရဲ့လင်းချန် မေးလိုက်သည်။
“ကောင်းတာပေါ့”
ဟွမ်ရှောင်မန် ချက်ချင်း ခေါင်းညိတ်လိုက်သည်။
“နင့်ကံက အတော်လေး ကောင်းနေတာ၊ ဒီအခွင့်အရေးကို လက်လွတ်မခံနဲ့၊ အားလုံး ပုံအောပစ်လိုက်”
“ဘဒို တွေဝေမနေနဲ့”
ကျန်လူများကလည်း မီးလောင်ရာလေပင့် ပြောကြပြီး ရဲ့လင်းချန်အား အားလုံး ပုံလောင်းစေရန် စိတ်အား ထက်သန် နေကြသည်။
သူတို့၏စိတ်ထဲတွင် ရဲ့လင်းချန်က အနိုင်ရသည့် အရသာကို မြည်းစမ်းလိုက်ရသဖြင့် လောင်းကစား၌ စွဲလမ်း လာပြီဟု ထင်နေကြလေသည်။
လောင်းကစား ဆယ်ပွဲတွင် ကိုးပွဲက ရှုံးပွဲနှင့် ကြုံရတတ်သည်ဟူသည့် စကား ရှိသည်။ ရဲ့လင်းချန်ကဲ့သို့ လူသစ် တစ်ယောက်က ဆက်တိုက် နိုင်လိမ့်မည်ဟု သူတို့ မယုံပါ။
ရဲ့လင်းချန် အနိုင်ရသည်ကို မြင်လိုက်ရကတည်းက သူတို့ မနာလို ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် သူ့အား အားလုံး ဆုံးရှုံးသွားစေချင်နေ၏။
ဘာပဲဖြစ်နေပါစေ သူတို့ သူ့ကို ဆက်လောင်းနေရန် ဖျောင်းဖျရပေမည်။
“ကောင်းပြီလေ’
ရဲ့လင်းချန် စိတ်လှုပ်ရှားနေသည်။
“မင်းတို့အားလုံး ဒီလို ပြောမှတော့ ငါ လောင်းကြေး ထပ်လိုက်မယ်”
သူ ဝန်ထမ်းတစ်ယောက်ကို ချက်ချင်း လှမ်းအချက်ပြ၍ ယွမ် ၁.၂ သန်းလုံးကို ဟိုင်မောင်ဘက်က လောင်း လိုက်သည်။
“အစ်ကိုရဲ့ မင်းက စောက်ရမ်း မိုက်တယ်ကွာ”
“အစ်ကိုရဲ့ မင်းက တော်တော် ရက်ရောတာပဲ၊ ကျုပ် အထင်ကြီးမိပြီ”
ကျားသစ်သည် အပေါ်ယံ၌ လေးစားဟန် ပြနေသော်လည်း စိတ်ထဲတွင် လှောင်ရယ်နေပြီး ရဲ့လင်းချန် အားလုံး ဆုံးရှုံးလိုက်ရချိန်တွင် ဖြစ်လာမည့် မျက်နှာထားကို မြင်ချင်နေ၏။
“လောင်းကြေးထပ်ခြင်း ပြီးဆုံးပါပြီ၊ အခု ခွေးတွေကို အပြင်ထုတ်လိုက်တော့”
“ကျွီ”
လှောင်အိမ်များ ဖြည်းဖြည်းချင်း ပွင့်လာလေသည်။ ဟိုင်မောင်နှင့် ပိုင်မောင်တို့က အချင်းချင်း ဟောင်၍ အရှေ့သို့ ပြေးတက်ကာ ကိုက်ကြသည်။
လူအုပ်ကြီးက ချက်ချင်း အော်ဟစ် အားပေးလာသည်။
“သူ့ကိုချစမ်း၊ မင်း နိုင်မှဖြစ်မယ်”
“ကိုက်ပစ်၊ ငါ ပိုင်တာအားလုံးကို မင်းပေါ် ပုံအောထားတာ”
“ချ၊ ချ၊ ချ”
ဟွမ်ရှောင်မန်နှင့် အခြားသူများလည်း ပွဲကို စိုးရိမ်တကြီး အာရုံစိုက်၍ ကြည့်နေကြသည်။ သူတို့လက်ဝါးတွင် ချွေးများ စို့နေပြီး ရဲ့လင်းချန်ထက် ပို၍ စိုးရိမ်ပူပန်နေ၏။
သူတို့ ဘာမှ မလောင်းသော်လည်း ရဲ့လင်းချန် လောင်းခဲ့သည် မဟုတ်ပါတကား။
ရဲ့လင်းချန်က ဟိုင်မောင်ဘက်က လောင်းခဲ့သည်။ ထို့ကြောင့် …
*ပိုင်မောင် မင်း အကောင်းဆုံး လုပ်ပါ၊ မင်း နိုင်မှဖြစ်မယ်*
ခွေးနှစ်ကောင်၏ ရန်ပွဲက ကြမ်းကြုတ်လှသည်။ သူတို့သည် အချင်းချင်း အပြန်အလှန်ကိုက်၍ အသည်းအသန် ရန်ဖြစ်နေကြသည်။ လူအုပ်ကြီးထံမှ အားပေးသံများကလည်း ရပ်မသွားဘဲ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီရဲနေသည်။
နောက်ဆုံးတွင် ဟိုင်မောင်၏ လက်သည်းက မြင့်တက်လာပြီး ပိုင်မောင်၏ မျက်နှာပေါ် ခပ်ပြင်းပြင်း ရိုက်ချသါားသည်။ ထိုရိုက်ချက်ကို ပိုင်မောင် ထင်မထားပုံပေါ်ပြီး အငိုက်မိသွားလေသည်။
ထို့ုနောက်တွင်မူ ဟိုင်မောင်၏ ကိုက်ဖြတ်ခြင်းကို ဆက်တိုက် ခံနေရသည်။
ဟွမ်ရှောင်မန်၏ မျက်လုံးများ ကျဉ်းမြောင်းလာသည်။
*အဲ့ … ဟိုင်မောင် နိုင်သွားတာလား*
“လခွမ်း အဲ့ကောင် ထပ်နိုင်ပြန်ပြီလား”
ကျားသစ် အံ့ဩသွားသည်။ သူ ရဲ့လင်းချန်ကို ရန်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ယခုအခေါက်တွင် ရဲ့လင်းချန်၏ ပိုက်ဆံက ယွမ် ၁.၂ သန်းမှ ၂.၄ သန်းသို့ ပြောင်းလဲသွားလေပြီ။
အခြားသူများသည်လည်း အသက်ရှူမဝ ဖြစ်နေပြီး ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
*ယီးပဲ … ငါ အရမ်း မနာလို ဖြစ်လာပြီ*