← Chapters

ဝိုင်နတ်ဘုရား၏ တိုက်ရိုက် ထုတ်လွှင့်ခြင်း ကိန်းဂဏန်း အချက်အလက်

Vol. 5 Ch. 66

ဝိုင်နတ်ဘုရား၏ တိုက်ရိုက် ထုတ်လွှင့်ခြင်း ကိန်းဂဏန်း အချက်အလက်

Vol. 5 Ch. 66

မရေတွက်နိုင်သော ကြည့်ရှုသူများက သူ့အား ဇာတ်လမ်းကို ဆက်ပြောရန် တောင်းဆို နေကြသည်။ ရှောင်ယုသည်လည်း အရူးတစ်ယောက်လို မှတ်ချက်များ ရေးနေမိသည်။ သူ ဆက်၍ နားထောင်ချင်နေ၏။ ပြောရမည် ဆိုလျင် သူ ဇာတ်လမ်း အပြည့်အစုံကို နားထောင်ရန် သုံးရက်သုံးညတိတိ မနားမနေ နေချင်စိတ် ရှိပါသည်။

သို့သော် ရဲ့လင်းချန်က သူတို့ကို နှုတ်ဆက်ရုံမျှ နှုတ်ဆက်ပြီး တိုက်ရိုက် ထုတ်လွှင့်ခြင်းကို ပိတ်လိုက်သည်။

*ဟုတ်သားပဲ၊ ငါ မနေ့က ထုတ်လွှင့်တာကို ပြန်ကြည့်လို့ရတာပဲ*

ရှောင်ယုသည် အရုပ်သစ်တစ်ခု ရလိုက်သော ကလေးတစ်ယောက်သဖွယ် ရင်ခုန်နေ၏။ သူသည် မနေ့က ရဲ့လင်းချန်၏ ထုတ်လွှင့်မှုကို စိတ်မရှည်စွာ ဖွင့်၍ နားထောင်လိုက်လေသည်။

ထိုအချိန်တွင် ဟူယွီ ဌာနချုပ်၌ …

“စုန့်ချမ် ဒါ ဘာသဘောလဲ, ရှင် ဘာလို့ ပင်မစာမျက်နှာအတွက် ကျွန်မ ပြင်ထားတဲ့ဟာကို ဖြုတ်ပစ်ရတာလဲ’

မိန်းကလေးတစ်ယောက်က စားပွဲပေါ် လက်နှစ်ဖက်ထောက်ကာ ကိုယ်ကိုကိုင်း၍ မေးလာ၏။ သူမသည် ရုံးဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်အတိုနှင့် အနက်ရောင် မျက်မှန်ကို တပ်ထားသည်။ သူမပုံစံက ပရော်ဖက်ရှင်နယ်တစ်ယောက်နှင့် တူသည်။

သူမနာမည်က ကျိုးမင် ဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်ခြင်းဆိုင်ရာ၏ တာဝန်ခံလည်း ဖြစ်သည်။ စုန့်ချမ်က သူ့မျက်မှန်ကို အနေအထားပြင်လိုက်ပြီးမှ တည်ငြိမ်စွာ ပြန်ဖြေလေသည်။

“ဝိုင်နတ်ဘုရားက မင်းပြင်ထားတာထက် ပိုပြီး အလားအလာရှိတယ်လို့ ငါ ခံစားရလို့”

“ရှင် ခံစားရလို့ ဟုတ်လား”

ကျိုးမင်က ခနဲ့လာသည်။

“ကျွန်မတို့ ကုမ္ပဏီက ဘယ်တုန်းက ခံစားချက်အပေါ် မူတည်ပြီး လည်ပတ်သွားတာလဲ၊  တိုက်ရိုက် ထုတ်လွှင့်ခြင်း လုပ်ငန်းက အခုတလော အခြေအနေ ကောင်းတာ မဟုတ်ဘူး၊ ရှင် အခုလို ဝင်ပါနေမယ်ဆိုရင် ကျွန်မတို့အားလုံး အတူတူ ကျဆင်းသွားလိမ့်မယ်”

“ရှီယွီရဲ့ အလားအလာက မဆိုးဘူး၊ သူ သီချင်းဆိုနိုင်တယ်၊ ကနိုင်တယ်၊ ပြီးတော့ အပြစ်အနာအဆာကင်းတဲ့ အသွင်အပြင်လည်း ရှိတယ်၊ ကျွန်မတို့ သူ့အပေါ် အလေးအနက် မြှုပ်နှံထားပြီးပြီလေ၊ အခု ရှင်က သူ့ရဲ့ ပင်မစာမျက်နှာက ထောက်ခံမှုကို အပြင်လူတစ်ယောက်ကြောင့် ဖယ်လိုက်တယ် မဟုတ်လား”

ကျိုးမင်အနောက်၌ အပြာဖျော့ဖျော့ ဂါဝန်ဝတ်ထားသည့် မိန်းကလေးတစ်ယောက် ရပ်နေသည်။ ဂါဝန်ဟု ဆိုရသော်လည်း ပါးလျသော ပိုးဇာလွှာသားဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ သူမ၏ နှင်းကဲ့သို့ ဖြူစွတ်သော အသားအရေအား ပိုးသားကိုဖြတ်၍ မြင်နေရပြီး သူမ၏ ရှည်လျားသော ခြေတံကို အတိုင်းသား မြင်နေရကာ စိတ်ကူးယဉ်မှုများစွာ ပေးစွမ်းနိုင်၏။

“ဒါရိုက်တာစုန့် ရှီယွီ ရှင့်ကို တစ်နည်းနည်းနဲ့များ စိတ်အနှောင့်အယှက် ပေးမိလို့လား၊ ရှင့်မှာ တောင်းဆိုစရာ ရှိတယ်ဆိုရင် ပြောလို့ရပါတယ်”

ရှီယွီက ညင်သာစွာ မေးလာ၏။ သူမက တစ်မူထူးခြားသည်ကို ငြင်းမရနိုင်ပါ။ သူမအသံက ပျော့ပျောင်းညင်သာ၍ မျက်နှာ ဝိုင်းဝိုင်း၊ ဝိုင်းစက်သော မျက်လုံးတစ်စုံနှင့် မျက်တောင်ရှည်တို့ ပိုင်ဆိုင်ထားသည့် မိန်းမလှလေးပင်။ သူမသည် otaku တို့၏ နှလုံးသားကို သိမ်းပိုက်နိုင်မည့် လက်နက်လေး ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေကာမူ စုန့်ချမ်က ခေါင်းခါ၍ ဖြည်းဖြည်းချင်း ရှင်းပြသည်။

“လက်ရှိ တိုက်ရိုက် ထုတ်လွှင့်ခြင်း လုပ်ငန်းက အရင်ကနဲ့ မတူတော့ဘူး၊ ငါတို့ ချိုးဖောက်ချင်တယ်ဆိုရင် လမ်းသစ်ကို ရှာဖွေရှာမယ်၊ အဖော်အချွတ်က တစ်သက်လုံး ထိန်းမထားနိုင်ဘူး”

“ထိန်းမထားနိုင်ဘူး ဟုတ်လား”

ကျိုးမင်က ရယ်လိုက်သည်။

“အဲ့သည်းထိတ်ရင်ဖို ပုံပြောသမားကို မှီခိုမလို့လား၊ နိုင်ငံ တည်ထောင်ပြီးကတည်းက တိရစ္ဆာန်တွေက မိစ္ဆာဖြစ်လာမျိုး မရှိတော့ဘူး၊ ဒီသရဲတစ္ဆေ ပုံပြောသမားအားလုံးက ချီးထုပ်တွေပဲ၊ အယူသီးတာက တရားမဝင်တဲ့ အရာနော်”

ကုမ္ပဏီ၏ သူဌေးနှစ်ယောက် ကတောက်ကဆ ဖြစ်နေသဖြင့် ဘေးပတ်ဝန်းကျင်မှလူများအားလုံး ကြောက်လန့်ကာ တုန်ယင်လာကြသည်။ သူတို့ ခေါင်းကိုငုံ့၍ ငြိမ်နေကြလေသည်။

စုန့်ချမ်က ကျိုးမင်ကို လျစ်လျူရှု၍ အခြားဝန်ထမ်းတစ်ခုကို မေးလိုက်သည်။

“ရှောင်ကျန်း စာရင်းဇယားတွေ မထွက်သေးဘူးလားဆိုတာကို အဖွဲ့ဆီမှာ သွားစစ်ဆေးလိုက်”

ထိုဝန်ထမ်းက မြားတစ်စင်းသဖွယ် လျင်မြန်စွာ ပြေးထွက်သွားသည်။

“စာရင်းဇယား ဟုတ်လား၊ ဟီးဟီး ရှင့်ရဲ့ လူစိမ်းက ဘယ်လို အစွမ်းအစမျိုး ရှိလဲ ကျွန်မ ကြည့်စမ်းပါဦးမယ်”

ကျိုးမင်က ရိသဲ့သဲ့ လေသံဖြင့် ရယ်နေ၏။ မကြာခင်မှာပင် ရှောင်ကျန်းက အစီရင်ခံစာတစ်ခုနှင့်အတူ ပြန်လာသည်။

“ဒါရိုက်တာစုန့် ဒါက ဝိုင်နတ်ဘုရားရဲ့ ပင်မစာမျက်နှာက ထောက်ခံမှု သက်ရောက်ချက်ပါ”

သူ အစီရင်ခံစာကို အကြမ်းဖျင်း ဖတ်လိုက်ပြီးနောက် မရည်ရွယ်ဘဲ ပင့်သက်ရှိုက်မိကာ အံ့ဩသွားရသည်။

“ဒီအစီရင်ခံစာက တိကျတယ်ဆိုတာ သေချာရဲ့လား”

စုန့်ချမ် မေးလိုက်သည်။

“မှန်ပါတယ်၊ ဒါတွေက ဌာနတစ်ခုချင်းစီရဲ့ တွက်ချက်မှုလုပ်ပြီးမှ ထွက်လာတဲ့ ရလဒ်ပါ”

ရှောင်ကျန်းက ခေါင်းညိတ်လေသည်။

“ဘာဖြစ်တာလဲ၊ ရလဒ်က ရှင် ကြောက်ရလောက်တဲ့အထိ ဆိုးရွားနေတာများလား”

ကျိုးမင် မေးလိုက်သည်။

“မင်း မကြာခင် သိလာမှာပါ”

စုန့်ချမ်က အစီရင်ခံစာကို သူမအား မပြဘဲ ရှောင်ကျန်းဘက် လှည့်ပြောလိုက်သည်။

“ရှောင်ကျန်း ဒီဒေတာကို လူတိုင်းကို ပြလိုက်၊ လူတစ်ချို့ မကျေမပန် ဖြစ်နေမှာစိုးလို့လေ”

စုန့်ချမ်က တည်ငြိမ်စွာ ပြောလိုက်ပြီးနောက် သူ့နှုတ်ခမ်းက အပေါ်ကို ကော့ညွတ်လာ၏။

*အဲ့ကောင်လေးက တကယ် ငါ့ကို စိတ်ပျက်ရအောင် မလုပ်ဘူးပဲ*

ပင်မစာမျက်နှာမှ ထောက်ခံမှု ခေါင်းစီးစာတန်းသည် ဟူယွီ၏ အကောင်းဆုံး ထောက်ခံချက် ဖြစ်သည်။ ပုံမှန်အားဖြင့် နတ်ဘုရားအဆင့် တင်ဆက်သူများသာ ထိုသို့ ထောက်ခံမှုကို ရနိုင်သည့် အခွင့်အရေး ဖြစ်သည်။

သို့သော် ရဲ့လင်းချန်သည် ဘယ်နေရာက ပေါ်လာလို့ ပေါ်လာမှန်း မသိလိုက်သူ ဖြစ်သည်။ ကြုံရာလူက ဤသို့ ထောက်ခံမှု ရလိုက်ခြင်းသည် ငြင်းခုန်ဆွေးနွေးမှု ဖြစ်စေသည်က ပုံမှန်ပင်။

လူတော်တော်များများက တိုးတိုးတိတ်တိတ် ဆွေးနွေးပြောဆိုကြပြီး စုန့်ချမ်က လာဘ်စားရ၍ တစ်စုံတစ်ယောက်ကို ပစားပေးသည်ဟု တွေးနေကြသည်။

“ဒေါက် ဒေါက် ဒေါက်”

ထိုစဉ် ရုံးခန်းတံခါး ပွင့်လာပြီး ဆံပင်ဖြူနေသော အဘိုးအိုတစ်ယောက် ဝင်လာ၏။ လူတိုင်း အံ့ဩသွားပြီးနောက် ကြောင်ကို မြင်လိုက်ရသော ကြွက်များသဖွယ် ခေါင်းငုံ့သွားကြသည်။

“စီအီးအိုဝမ်”

စုန့်ချမ်နှင့် ကျိုးမင်တို့ ထိုအဘိုးအိုကို နှုတ်ဆက်လိုက်သည်။ ဝမ်ယွမ် ဟူယွီ ထုတ်လွှင့်ရေး၏ စီအီးအို၊ သူသည် ထုတ်လွှင့်ရေး ပလက်ဖောင်း၌ အဓိက ရှယ်ယာကို ပိုင်ဆိုင်သူ ဖြစ်ပြီး သူ့စကားက အရေးပါ အရာအရောက်ဆုံး ဖြစ်သည်။

“စုန့်ချမ် ငါ မင်းအခြေအနေကို ကြားခဲ့တယ်၊ မင်း ဒီထောက်ခံမှု စီစဉ်တာအတွက် အလျင်စလို လုပ်ခဲ့တာပဲ”

ဝင်လာသည်နှင့် ဝမ်ယွမ်က စုန့်ချမ်ကို ဝေဖန်လေသည်။ သူ ဒေါသကို မည်မျှ ချိုးနှိမ်ထားရသလဲ သိသာပေ၏။

“မင်း ငါတို့ရဲ့ လက်ရှိ အခြေအနေကို လျစ်လျူမရှုသင့်ဘူး၊ ခြေတစ်လှမ်းမှားတာနဲ့ မင်း ပလက်ဖောင်းတစ်ခုလုံးကို ဆွဲချမိမယ်၊ မင်းက ဒီလိုတွေး…”

ဝမ်ယွမ်သည် အသက်အရွယ် ရနေသော်လည်း အားမာန်ပြည့်နေဆဲပင်။ သူ လေသံမာမာဖြင့် ကြိမ်းမောင်းနေ၏။

“ထားလိုက်ပါတော့ မင်း လုပ်နေတာကို ရပ်ပြီး နှစ်ရက်နားလိုက်”

“စီအီးအိုဝမ် ထောက်ခံမှု ဒေတာက အခုလေးတင် ထွက်လာပါပြီ၊ အရင်ဆုံး တစ်ချက်လောက် နားထောင် ကြည့်ပါလား”

စုန့်ချမ်က ထူးဆန်းသော အမူအရာနှင့် ပြောလာသည်။

“ကောင်းပြီလေ မင်း ဘာပြောချင်တာလဲဆိုတာကို ငါလည်း ကြားချင်တယ်၊ မင်း ဘယ်လိုလှည့်ကွက်တွေ ထုတ်မလို့လဲ”

ဝမ်ယွမ်က ခုံတစ်ခုံကို ဆွဲယူ၍ ထိုင်ကာ လက်ဝှေ့ယမ်းပြသည်။

“ပြော”

ရှောင်ကျန်းက အစီရင်ခံစာကို ကိုင်၍ တစ်လုံးချင်း ဖတ်ပြလာ၏။

“ပင်မစာမျက်နှာ ထောက်ခံမှုရဲ့ ညခုနစ်နာရီမှ ကိုးနာရီအတွင်း အွန်လိုင်း အသုံးပြုသူ အနည်းဆုံး အရေအတွက်က သုံးထောင်၊ အများဆုံး နှစ်သိန်း ရှိကြောင်း တွက်ချက်တွေ့ရှိရပါတယ်၊ အွန်လိုင်းအသုံးပြုသူ ပျမ်းမျှ အရေ အတွက်က တစ်သိန်းသုံးသောင်း၊ လိုင်းပြတ်သွားတာက နှစ်ထောင်ပါ”

“နေဦး ဘယ်လောက်လို့ ပြောလိုက်တာလဲ”

ဝမ်ယွမ်က နားကြားမှားသည်ဟု ထင်ကာ နားကို ပွတ်နေ၏။

ရှောင်ကျန်းက အစီရင်ခံစာကို ထပ်ဖတ်ပြလိုက်သည်။

“မင်း နောက်နေတာလား၊ သုံးထောင်ကနေ နှစ်သိန်း တိုးလာတာကို ထားဦး၊ ဘယ်လိုလုပ် လိုင်းပြတ် သွားတဲ့သူက နှစ်ထောင်လောက်ပဲ ရှိတာလဲ၊ အဖော်အချွတ် ကတဲ့သူတောင် ဒီလောက်များတဲ့ အရေအတွက်ကို မထိန်းထားနိုင်ဘူး”

ဝမ်ယွမ် ထိတ်လန့်နေလေသည်။ ကျိုးမင်သည်လည်း ထပ်တူ မှင်တက်နေ၏။ သူမ နားကြားမှားသည်ဟုပင် ထင်နေသည်။

အစက တစ်ခါမှမကြားဖူးသော ဤဝိုင်နတ်ဘုရားက အဆိုးဆုံး ထောက်ခံမှုမှတ်တမ်း ရလိမ့်မည်ဟု သူမ ထင်ထားခဲ့သည်။ သို့သော် သူမ ခန့်မှန်းချက်နှင့် ဆန့်ကျင်စွာပင် အချက်အလက်က မိုးထိုးနေ၏။

သူမ တိုက်ရိုက်ထုတ်လွှင့်ခြင်း၏ တာဝန်ခံအဖြစ် နှစ်များစွာ လုပ်ကိုက်လာသူ ဖြစ်သောကြောင့် ယင်းက မည်သို့ အလုပ်လုပ်သလဲ‌ ကောင်းကောင်း သိပါသည်။

*နာမည်မရှိတဲ့ ဘယ်ကမှန်းမသိတဲ့ကောင်က ဘယ်လိုလုပ် ဒီလောက် ကြည့်ရှုသူ အများကြီး ရတာလဲ*

သူမနောက်မှ ရှီယွီသည်လည်း မျက်လုံးလေးဝိုင်းကာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ အခြားသူများ၏ အမူအရာကလည်း အတူတူ ဖြစ်ကြောင်း ပြောနေစရာပင် မလိုချေ။ တစ်ရုံးလုံး ဆူညံလာ၏။ လူတိုင်း ကိုယ့်နားကိုယ် မယုံနိုင်ကြချေ။

ကြည့်ရှုသူ ဆုံးရှုံးမှု နှုန်းထားက အလွန် အရေးပါသော ကိန်းဂဏန်း ဖြစ်သည်။ ကြည့်ရှုသူနှုန်းကို ထိန်းထားနိုင်သော တင်ဆက်သူသည်သာလျင် ပရိသတ်ကို ဆွဲဆောင်နိုင်သည်။ ကြည့်ရှုသူ လျော့နည်းနှုန်း နည်းလေ အလားအလာ ကြီးမားလေပင်။

ရဲ့လင်းချန်၏ ကြည့်ရှုသူ လျော့နည်းနှုန်းက မပြောပလောက်ဟု သတ်မှတ်နိုင်သည်။ ကြည့်ရှုသူ သုံးထောင်မှ နှစ်သိန်းကြားတွင် ပျမ်းမျှ ကြည့်ရှုသူက တစ်သိန်း သုံးသောင်း ရှိပြီး နှစ်ထောင်မျှသာ ဆုံးရှုံးသည်တဲ့လား။

မည်သည့် စာရင်းဇယားမဆိုက နောက်နေသလိုပင်။ မည်သို့သော ပွဲမျိုးမဆို တစ်ခုချင်းစီ၌ ပစ်မှတ်ထားသော ကြည့်ရှုသူ အရေအတွက် ရှိသည်။ တစ်ချို့က ကြိုက်မည်၊ တစ်ချို့က မနှစ်သက် ဖြစ်လိမ့်မည်။ လူတိုင်းက အကြိုက်ခြင်း မတူတတ်ကြပေ။

သို့သော် ဝိုင်နတ်ဘုရား၏ စာရင်းဇယားက သူ၏ လုပ်ငန်းက ကြည့်ရှုသူအားလုံးထံ ရောက်ရှိကြောင်း ပြသနေ၏။ ကျားမမရွေး၊ အသက်အရွယ်မရွေး နှစ်ခြိုက်ကြသည်။ ဤသည်ကို ဆန်းကြယ်မှုကို ဆိုရပေမည်။

ရှီယွီ၏ မျက်နှာ ပြာနှမ်းနေ၏။ သူမသည် ဟူယွီ၏ ဦးဆောင်သူ အမျိုးသမီး ဖြစ်သည်။ ဤစာရင်းဇယား၏ ကြောက်မက်ဖွယ် ကောင်းပုံက သူမထက် သာသည်။

သူမကိုယ်တိုင်တောင်မှ အများဆုံး ကြည့်ရှုသူ နှစ်သိန်း ရှိလျင် တစ်သောင်းမျှ ကြည့်ရှုသူ ဆုံးရှုံးခြင်းက အံ့ဩစရာ ကောင်းနေလောက်လေပြီ။

မည်သူမှ တစ်နေရာတည်းတွင် တစ်သက်လုံး မနေနိုင်ပါ။ ဤသို့ သက်ရောက်မှု ကြီးမားသည့် ထောက်ခံမှု စာရင်းဇယားအရ ယခုအချိန်မှစ၍ နောင်ထောက်ခံမှုများက ဝိုင်နတ်ဘုရားကို ပိုမျက်နှာသာပေးတော့မည်ဟု ဆိုလိုနေလေသည်။

*ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းက တကယ်ဘဲ အဲ့လောက် ဆွဲဆောင်နိုင်တာလား*

*ဒါကြီးက အံ့ဩဖို့‌ ကောင်းလွန်းတယ်၊ မသိရင် သူ လိမ်နေသလိုပဲ*

All Chapters