← Chapters

ဆူညံ ပွက်လောရိုက်ခြင်း

Vol. 5 Ch. 67

ဆူညံ ပွက်လောရိုက်ခြင်း

Vol. 5 Ch. 67

“စီအီးအိုဝမ် ဒီစာရင်းဇယားကို ဝန်ထမ်းတွေက သုံးကြိမ်တိတိ ပြန်တွက်ချက် ထားပြီးပါပြီ။ ဒါ လုံးဝကို မှန်ကန်ပါတယ်”

ရှောင်ကျန်းက ရှင်းပြလာသည်။ ဝမ်ယွမ် တိတ်ဆိတ်မြဲ တိတ်ဆိတ် နေသည်ကိုကြည့်ပြီး ရှောင်ကျန်းက ဆက်ပြောလေသည်။

“ထုတ်လွှင့်နေတဲ့ အချိန်အတွင်း စုစုပေါင်း ရရှိတဲ့ ဆုကြေးက ယွမ် ၆၃,၂၅၂.၃၀ ရှိပါတယ်”

ရုံးခန်းတွင်းရှိ လူများထံမှ အံ့ဩသော အာမေဋိတ်များ ထွက်ပေါ်လာသည်။ အမှန်အတိုင်း ပြောရမည်ဆိုလျင် ထုတ်လွှင့်သူများ ယွမ်ခြောက်သောင်းဝန်းကျင် ရရှိခြင်းက ရှားပါးသော အဖြစ်ပင်။ ထို့အပြင် ဝိုင်နတ်ဘုရားက အသစ်ဝင်လာသူ ဖြစ်နေသေးသည်။

အခြားတင်ဆက်သူများ ကြီးမားသော ဆုကြေးများ ရရှိနိုင်ခြင်းမှ သူတို့၏ နှစ်များစွာ ရှိနေသော ပရိသတ်များ ချမ်းသာနေခြင်းကြောင့် ဖြစ်သလို သူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်၍ ဖြစ်သည်။

ဝိုင်နတ်ဘုရားက ပရိသတ်အနည်းငယ်လောက်ဖြင့် ဤမျှ ဆုကြေးများ ရရှိလာခြင်းကြောင့် သူ၏ အရည်အချင်းက ထင်မှတ်မထားသော အတိုင်းအတာအထိ ငွေဝင်လာအောင် လုပ်နိုင်သည်ဟု ပြသနေသည်။

“အခြား ဘာရှိသေးလဲ”

စီအီးအိုဝမ်က စိတ်ဝင်တစား မေးလာသည်။ ဘေးမှ ကျိတ်ရယ်နေသော စုန့်ချမ်ကို တစ်ချက်ကြည့်မိပြီးနောက် သူ့မျက်နှာ နီရဲသွားသည်။

“နောက်တစ်ခုက …”

ရှောင်ကျန်းသည် မြင်လိုက်ရသော အချက်အလက်ကြောင့် ထိတ်လန့်ကာ တံတွေးမျိုချလိုက်သည်။ ပြီးမှ သူ ဂရုတစိုက် ဆက်ပြောလေသည်။

“ဝိုင်နတ်ဘုရား လိုင်းပေါ်က ဆင်းသွားပြီး‌ နောက်ပိုင်း သူ့ဗွီဒီယိုကို ပြန်ကြည့်သူက လူဦးရေ တစ်သိန်းနှစ်သောင်းကို ရောက်နေပါတယ်”

“မင်း ဘာပြောလိုက်တာလဲ”

ဝမ်ယွမ် မျက်လုံးပြူးသွားပြီး မယုံနိုင်စွာ အော်ဟစ်ရင်း ထရပ်လိုက်မိသည်။

“ဝိုင်နတ်ဘုရား သူ့ထုတ်လွှင့်မှုကို ရပ်လိုက်တာနဲ့ မနေ့က အပိုင်းကို ပြန်ကြည့်သူက တစ်သိန်းနှစ်သောင်း ရှိပါတယ်”

“လ…လခွမ်း”

ဝမ်ယွမ် စိတ်မထိန်းနိုင်ဘဲ ဆဲလိုက်မိသဖြင့် ဘေးလူများ အံ့ဩသွားကြသည်။ ကျန်လူများသည် အာခေါင် ခြောက်သွေ့လာပြီး အသက်ကို မနည်းရှူနေရသည်။

ဤသည်က ဘာကိုဆိုလိုနေသနည်း။ ဤလူများသည် ဝိုင်နတ်ဘုရား၏ နောက်ပိုင်း ထုတ်လွှင့်မှုကို သေချာပေါက် ကြည့်ကြမှာပင်။ ထို့အပြင် သူတို့အား အားပေးကြမ်းသော ပရိသတ်များဟု သတ်မှတ်နိုင်ပေသည်။

အကြံပြု ထောက်ခံမှုတစ်ခုတည်းက ဝိုင်နတ်ဘုရားအား အနည်းဆုံး ပရိသတ် တစ်သိန်းနှစ်သောင်း ရစေရန် လုံလောက်နေသည်။ ဤသည်က လူတိုင်း၏ အတွေးအမြင်ကို ပြောင်းလဲသွားစေသည်။

“ဒါက ရူးချင်စရာပဲ”

ကျိုးမင်သည် အသက်ကို ပြင်းပြင်းရှူနေကာ နှလုံးသား တသိမ့်သိမ့် တုန်သွားသလို ခံစားသွားရသည်။ ဝမ်ယွမ်သည် သူ့ကိုယ်သူ တည်ငြိမ်အောင် စိတ်ထိန်းလိုက်နိုင်သည်။ သူ့မျက်နှာတွင် ဒေါသအရိပ်အယောင် မရှိတော့ဘဲ ကျေနပ်အားရသော အပြုံးသာ ရှိနေ၏။

“ဟားဟားဟား ဟုတ်ပြီကွ၊ ငါ ဒီကို လာတဲ့ အကြောင်းရင်းကလည်း ဒါရိုက်တာစုန့်ကို ချီးကျူးချင်လို့ပဲ၊ ဒီဝိုင်နတ်ဘုရားက တော်တော်လေး ထူးချွန်တာပဲ၊ ဒါရိုက်တာစုန့်က ပါရမီရှင်ကို မြင်တတ်တဲ့ အမြင်ရှိတာပဲ၊ ဒီလို ထူးချွန်ပြီး အံ့ဩစရာကောင်းတဲ့ အရာကို ငါတို့ ပလက်ဖောင်းဆီ ခေါ်လာနိုင်တယ်၊ သိပ်တော်တယ်၊ သူ့အတွက် လက်ခုပ်တီးပြီး ဂုဏ်ပြုပေးလိုက်ကြပါဦး”

“ဖြောင်း ဖြောင်း  ဖြောင်း”

“စီအီးအိုဝမ် ခင်ဗျား ခုနက ကျွန်တော့်ကို နှစ်ရက် နားခိုင်းတာလေ”

“ငါ ပြောမိသလား”

ဝမ်ယွမ်က ဇဝေဇဝါ ဖြစ်သွားသောပုံစံ ဖမ်းလိုက်ပြီးနောက် ခေါင်းခါလေသည်။

“မဟုတ်ပါဘူး၊ မင်း နားကြားမှားတာ ဖြစ်မယ်၊ ငါ လုပ်စရာကိစ္စလေးတွေ ရှိသေးလို့ အခု သွားမှရမယ်၊ ဆက်ကြိုးစားထား၊ ဒီဝိုင်နတ်ဘုရားကို ကောင်းကောင်း ဆက်ဆံဖို့ သတိရပါ”

…

တစ်ဖက်တွင် ရှောင်မင် ဝိုင်နတ်ဘုရား၏ မနေ့က အပိုင်းကို နားထောင်၍ ပြီးသွားသည်။

“ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းက မိုက်လိုက်တာ၊ မနက်ဖြန် မြန်မြန် ရောက်လာပါစေလို့ ငါ မျှော်လင့်တယ်၊ အား … ငါ မစောင့်နိုင်တော့ဘူး”

ဝိုင်နတ်ဘုရား၏ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်မ်းကို နားထောင်ရန် တွေးမိရုံနှင့်တင် ရှောင်မင် စိတ်ဝင်စားကာ သွေးပွက်ပွက် ဆူလာရသည်။ ၎င်းက သူ့အား ပြောမပြတတ်သော စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်စေသည်။

ပျော်ရွှင်မှုဆိုတာက ဘာလဲ။ ဒါကမှ ပျော်ရွှင်မှုပေါ့။

“မဖြစ်သေးဘူး ငါ ဒီပျော်ရွှင်မှုကို တစ်ယောက်တည်း ခံစားနေလို့ မဖြစ်ဘူး၊ ဒီလိုအရာမျိုးကို အခြားသူကိုလည်း မျှဝေရမယ်”

ရှောင်မင်သည် ဝေ့ပေါ်ကိုဖွင့်၍ ချက်ချင်း စာတင်လိုက်သည်။

[ထိပ်တန်းလက်ရာကို မမျှော်လင့်ဘဲ တွေ့ရှိခြင်း၊ နာမည်က ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းတဲ့၊ အမှန်အတိုင်း ပြောရရင် ငါ ဖတ်လာသမျှထဲမှာ အကောင်းဆုံး ထိတ်လန့်သည်းဖို ဝတ္ထုပဲ၊ ဒါကို ငါ့နာမည်နဲ့ ရင်းပြီး အာမခံတယ်၊ သည်းထိတ်ရင်ဖို ဝတ္ထုတွေကို ဖတ်လာတဲ့ ငါ့နှစ်တွေအားလုံးမှာ ဒါက အကောင်းဆုံးပဲ၊ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို ဖတ်ပြတဲ့ ဗွီဒီယိုကို ကြည့်ပြီးတော့ ဒါက တရုတ်စာပေရဲ့ မျှော်လင့်ချက်လို့ ငါ ယုံကြည်တယ်၊ ငါ ဗွီဒီယိုလင့် နှစ်ခု တွဲပြီး တင်ထားပေးတယ်၊ မင်းတို့ဘာသာ ကြည့်ချင်ရင် ကြည့်ကြည့်လိုက်…]

ရှောင်မင်၌ ပရိသတ် ငါးထောင်သာ ရှိသော်လည်း အားလုံးက ဂမ္ဘီရလျှို့ဝှက်ဆန်းကြယ်ကို နှစ်သက်သူများ ဖြစ်ကြပြီး အမာခံ ပရိသတ်များဟုပင် ဆိုနိုင်ပေသည်။ ဤဝေ့ပေါ်ပို့စ်က တင်လိုက်သည်နှင့် သူတို့အားလုံး၏ အာရုံကို ဖမ်းစားသွားသည်။

[ရှောင်မင် မင်း ကြော်ငြာတွေ စလက်ခံနေတာလား]

[တဆိတ်လောက် ကောင်းလွန်းပါတယ်လို့ ပြောပြီး ကြော်ငြာတွေအားလုံးကို ငါ မကြည့်ဘူး … ဘာလို့လဲဆိုတော့ အဲ့တာတွေက များသောအားဖြင့် အာပလာတွေ]

[ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်း ဟုတ်လား၊ နာမည်က ရိုးလွန်းလိုက်တာ၊ လူတွေရဲ့ သိချင်စိတ်ကို နှိုးဆော်နိုင်မှာ မဟုတ်ဘူး]

[ရှောင်မင်ရဲ့ စိတ်ဝင်စားမှုကို ရနိုင်မယ်ဆိုရင် ငါ စမ်းကြည့်မယ်]

လူတော်တော်များများက ရှောင်မင် ချပေးသော လင့်ကိုဖွင့်၍ ကြည့်ကြလေသည်။

…

နောက်တစ်နေ့တွင် ရဲ့လင်းချန်သည် ကျောင်းအဆောင် ပတ်လည်မှ ဥယျာဉ်တစ်လျှောက် ခပ်မှန်မှန် လမ်းလျှောက်နေသည်။ သူ နေရာလွတ်တစ်ခုကို တွေ့ပြီး အရဟာလက်သီး၊ ရှစ်ဆပြင်းထန် လက်သီးနှင့် လက်သီးသိုင်းတို့အား တစ်ကြိမ်စီ လေ့ကျင့်လိုက်သည်။

သူ စလေ့ကျင့်လိုက်ပြီးနောက် နဖူး၌ ချွေးများ စို့လာသောအခါတွင်မှသာ လေ့ကျင့်ခြင်းကို ရပ်လိုက်သည်။

ပါရမီရှင်စနစ်က သူ့အား ဤသိုင်းပညာများကို တစ်ရာရာခိုင်နှုန်းအထိ သိနားလည်ခွင့် ပေးသော်လည်း သူ၏ ကိုယ်စိတ် ကြံ့ခိုင်မှုကို တိုက်ရိုက် မတိုးမြှင့်ပေးပါ။ သူ၏ ကိုယ်စိတ် ကြံ့ခိုင်မှုကို လေ့ကျင့်ရန်အတွက် သူ့ကိုယ်သူသာ အားကိုး၍ လေ့ကျင့်ရပေမည်။

ဤသိုင်းကွက်များက အလွန် စံထားထိုက်လှသည်။ ထို့ကြောင့် သူ၏ ကိုယ်စိတ် ကြံ့ခိုင်မှုကို တိုးမြှင့်ခြင်းက အလွန်အမင်း သက်ရောက်မှု ရှိသည်။

ရဲ့လင်းချန် အလေးများကိုပါ သယ်ပြီးနောက် သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း တိုးတက်လာသည်ကို ခံစားမိနေသည်။

မနက်စာစားပြီးနောက် အချိန်က မနက် ရှစ်နာရီသို့ ရောက်နေလေပြီ။ မနက်ပိုင်း အတန်းချိန် မရှိသဖြင့် ရဲ့လင်းချန် အဆောင်သို့သာ တန်းပြန်လာခဲ့သည်။

အဆောင်မှ သုံးယောက်က မအိပ်ဘဲ ဖုန်းထဲမှ တစ်စုံတစ်ရာကို စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။

“ဝိုင်နတ်ဘုရားက ဝိုင်မဟုတ်ဘူးကွာ၊ တစ်ယောက်က တိုက်ရိုက်ထုတ်လွှင့်တဲ့ နယ်က၊ နောက်တစ်ယောက်က သရုပ်ဆောင်နယ်ပယ်ကလေ၊ ဘယ်လိုလုပ် သူတို့က တစ်ယောက်တည်း ဖြစ်မှာလဲ”

“ငါလည်း အဲ့လိုပဲ ထင်တယ်၊ ဝိုင်နတ်ဘုရားက ပုံပြောသူလေ၊ ဝိုင်က တိုက်ခိုက်ရေးသမား၊ နှစ်ယောက်လုံးရဲ့ အလုပ်တွေက လုံးဝ မတူဘူး”

“တကယ်လို့ သူတို့က တစ်ယောက်တည်းသာဆိုရင် ဘယ်လိုလုပ် ဒီလောကကြီးထဲမှာ ဒီလောက် မိမိုက်တဲ့လူ ရှိနိုင်မှာလဲ”

သုံးယောက်သား အချင်းချင်း ကြည့်၍ ကိုယ့်အမြင်ကိုယ် ထုတ်ပြောနေကြသည်။ ရဲ့လင်းချန် မျက်ခုံးလှုပ်သွားပြီး အထဲဝင်လိုက်သည်။

“မင်းတို့ ဘာတွေဆွေးနွေးနေတာလဲ”

“ရှောင်ရဲ့ သတင်းထူးကြီးကွ”

ရှောင်ကမ်းက သူ့ခုတင်မှ ကုပ်ကပ်ထလာပြီး သူ့ဖုန်းကို ရဲ့လင်းချန်အား ပေးလာသည်။

“နယ်ပယ်ကြီးနှစ်ခုက ဘော့စ်နှစ်ယောက် ထိပ်တိုက်တွေ့နေလို့ကွ”

ရဲ့လင်းချန် ဖုန်းကို ယူလိုက်သည်။ ဖုန်းဖန်သားပြင်တွင် ဝေ့ပေါ်၏ ထိပ်တန်း ရှာဖွေမှု ပေါ်နေ၏။ အဓိကအချက်မှာ ထိပ်တန်း ရှာဖွေမှု၏ လေးနေရာကို အင်္ဂလိပ်စာလုံး ဝိုင် တစ်လုံးတည်းက စိုးမိုးထားခြင်း ဖြစ်သည်။

[ရေပန်းအစားဆုံး ရှာဖွေမှု တစ်: ဝိုင်နတ်ဘုရားနဲ့ ဝိုင်က တစ်ယောက်တည်းလား]

[ရေပန်းအစားဆုံး ရှာဖွေမှုနှစ်: နတ်ဘုရားလက်ရာ ဟူယွီ တင်ဆက်သူ ဝိုင်နတ်ဘုရားရဲ့ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်း]

[ရေပန်းအစားဆုံး ရှာဖွေမှုသုံး : ဝိုင်ရဲ့ သရုပ်ဆောင်စွမ်းရည်က ရူးလောက်စရာပဲ၊ တိုက်ခိုက်ရေးဘုရင်ပဲ]

[ရေပန်းအစားဆုံး ရှာဖွေမှုလေး : ဝိုင်နဲ့ ဝိုင်နတ်ဘုရားက ဘာလို့ သူတို့မျက်နှာတွေကို ဖုံးကွယ်ထားတာလဲ]

*သောက်ရမ်း ပွက်လောရိုက်နေတာပဲ*

*ဒါက သတင်းထူးကြီးပဲ*

ဤကိစ္စ၏ မူလအကြောင်းခံမှာ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို အားကြိုးမာန်တက် ထောက်ခံသော ဝေ့ပေါ်မှ ပို့စ်တစ်ခုက စတင်ခြင်း ဖြစ်သည်။

ဂူသင်္ချုင်းဖောက်သူ၏ သမိုင်းမှတ်တမ်း လင့်ကိုပါ တွဲတင်ထားသဖြင့် အများအာရုံစိုက်ခြင်း ခံလိုက်ရသည်။ ၎င်းက လူများစွာ၏ အာရုံကို ဖမ်းစားသွားပြီး ဤဝေ့ပေါ်ပို့စ်အား ရေပန်းစားသော ရှာဖွေမှုစာရင်းထဲ ရောက်သွားစေသည်။

ထို့အပြင် တစ်ယောက်ပြီး တစ်ယောက်က ဤသည်ကို လိုက်ဖတ်ပြီးနောက် တော်တော်များများက အကြောင်းရာ တစ်ခုကို ရှာတွေ့သွားသည်။

*ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို တင်ဆက်သူက ဝိုင်နတ်ဘုရားလို့ ခေါ်တာလား*

*ဝိုင် ရင်းနှီးလိုက်တဲ့ ဗျည်းအက္ခရာပဲ*

*ဒါကိုမြင်မှ တွေးမိတယ်၊ လခွမ်း ဝိုင်ဆိုတာ အမျိုးသမီး သူရဲကောင်းရဲ့ ဒဏ္ဍာရီထဲက သရုပ်ဆောင် မဟုတ်လား*

*ရေပန်းစားတာက ဝိုင်ဘက်ကို ပြောင်းသွားတာလား*

ထို့ကြောင့်ပင် ဝိုင်ကလည်း ရေပန်းအစားဆုံး ရှာဖွေမှုထဲ ရောက်လာသည်။ ထို့နောက်တွင်မူ ဝေ့ပေါ်တစ်ခုလုံး၌ ဝိုင်နှင့် ဝိုင်နတ်ဘုရားတို့သာ ပြည့်နှက်နေပြီး ပွက်လောရိုက်သော ဆွေးနွေးမှုတစ်ခု စလာ၏။

[ဝိုင်နတ်ဘုရားက သေချာပေါက် ဝိုင်ပဲ၊ သူတို့မှာ တူတာ နှစ်ခုရှိတယ်၊ ပထမတစ်ခုက သူတို့က တစ်ချိန်တည်းနီးပါး ရုတ်တရက် ပေါ်လာပြီး သူများတွေထက် ပိုတောက်ပတယ်၊ ဒုတိယက သူတို့နှစ်ယောက်လုံး မျက်နှာကို ဖုံးကွယ်ဖို့ ရွေးချယ်ထားတာပဲ]

[အပေါ်ကပို့စ်တင်တဲ့သူက ငတုံးပဲ၊ ငါ့နာမည်ကလည်း ဝိုင်ပါတာပဲ၊ ငါလည်း မျက်နှာမဖော်ဘူးလေ၊ ဒါဆို ငါက သူတို့ထဲက တစ်ယောက် ဖြစ်သွားမှာလား]

[အပေါ်ကလူက ပိုပြီးတော့တောင် တုံးသေးတယ်၊ မင်းက သူတို့လို အခြားသူထက် သာလို့လား]

[သူတို့က လုံးဝ တစ်ယောက်တည်း မဟုတ်ဘူး၊ နယ်မတူဘူး၊ အရည်အချင်း မတူဘူး၊ အဲ့ဒါအပြင် သူတို့က အသက်မကြီးသေးဘူး၊ ဒီလိုမတူတဲ့ နယ်ပယ်တွေမှာ ဒီလိုအောင်မြင်မှုမျိုးရဖို့ လူတစ်ယောက်က ဘယ်လောက် ထူးချွန်နေမှာလဲ]

[ငါလည်း အဲ့လိုပဲထင်တယ်၊ ပြီးတော့ မမေ့နဲ့ဦး၊ ဝိုင်နတ်ဘုရားရဲ့ ဂိမ်းစွမ်းရည်ကလည်း နတ်ဘုရားအဆင့်ပဲ၊ တကယ်လို့ သူတို့က တစ်ယောက်တည်းသာဆိုရင် ဒါကြီးက များသွားပြီကွာ]

All Chapters