← Chapters

မစ်ရှင် ပြီးဆုံးခြင်း၊ စွမ်းရည် တိုးတက်ခြင်း

Vol. 5 Ch. 68

မစ်ရှင် ပြီးဆုံးခြင်း၊ စွမ်းရည် တိုးတက်ခြင်း

Vol. 5 Ch. 68

ဝိုင်နှစ်ယောက် ရုတ်တရက် ပေါ်လာခြင်းနှင့်အတူ ဝေ့ပေါ်တွင် ဆူညံ ပွက်လောရိုက်နေ၏။ အစပိုင်းတွင် ဝေ့ပေါ်ပေါ်မှ ဆွေးနွေးပြောဆိုသော စကားသံများက ပုံမှန်အတိုင်း ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လေသံက ပြောင်းလဲလာသည်။

မီးစက ပို့စ်တစ်ခုတည်းကြောင့် ဖြစ်သည်။ မူရင်းပို့စ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

[ဝိုင်က ဘယ်သူဖြစ်ဖြစ် ကျေးဇူးပြုပြီး အဝေးသွားလိုက်ပါတော့၊ ငါ ဝိုင်နတ်ဘုရားကိုပဲ သိတယ်၊ ဂူသင်္ချိုင်းဖောက်သူရဲ့ သမိုင်းမှတ်တမ်းက ဆက်သွားကိုသွားမှ ဖြစ်မယ်]

ချက်ချင်းဆိုသလိုပင် ဝိုင်၏ ပရိသတ်များက ဒေါပွကာ ဝိုင်နတ်ဘုရားအား မကျေမနပ် ပြောဆိုကြတော့သည်။ ဝိုင်နတ်ဘုရား၏ ပရိသတ်များကလည်း လက်တုံ့ပြန်ကြလေသည်။

ထို့ကြောင့် ဝိုင်နှင့် ဝိုင်နတ်ဘုရားတို့၏ ပရိသတ်များ စကားစစ်ခင်းလေတော့သည်။ ဝိုင်နှင့် ဝိုင်နတ်ဘုရားတို့က ဝေ့ပေါ်၏ ထိပ်ဆုံးတွင် ရှိမြဲဆက်ရှိကာ ဝေ့ပေါ်၏ ရေပန်းစားသော ရှာဖွေမှုစာရင်းတစ်ခုလုံးကို အပိုင်သိမ်း ထားတော့သည်။

အာလူးလေးတို့ကမူ ဝေခွဲမရ ဖြစ်နေ၏။ ဝိုင်၏ သိုင်းပညာနှင့် သရုပ်ဆောင်စွမ်းရည်၊ ဝိုင်နတ်ဘုရား၏ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းနှင့် ဂိမ်းကစားခြင်း၊ အားလုံးကို သူတို့ သဘောကျသည်။ သူတို့ ဘယ်ဘက်၌ ရပ်တည်ရမလဲ မသိကြပါ။

ရဲ့လင်းချန် နေရခက်စွာ ရယ်မောပြီး ခေါင်းခါလိုက်သည်။ သူသည် တစ်ချက်ကြည့်ပြီးနောက် အခြေအနေကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်ပြီး သူ၏ စနစ်မီနူးကိုသာ အာရုံစိုက်လိုက်သည်။

လက်ရှိတွင် ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းက သူ၏ ရေပန်းစားမှုကို ၆၈,၉၈၃ အထိ တိုးသွားစေသည်။ လက်ရှိ စန်းထမှုကြောင့် ယနေ့ညတွင် မစ်ရှင်ပြီးမြောက်လိမ့်မည်ဟု သူ ခန့်မှန်းမိသည်။

ထို့နောက်တွင်မူ ရဲ့လင်းချန်၏ စုစုပေါင်း ရေပန်းစားမှုက ၂၀၈,၅၃၃ သို့ ရောက်ရှိသွားလေပြီ။

စမ်းသပ်မစ်ရှင်က ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းမှ ရေပန်းစားမှုကိုသာ တွက်ချက်သည်က နှမြောစရာပင်။ ဝေ့ပေါ်နှင့် တူညီသော အရင်းအမြစ်များမှ ရေပန်းစားမှုအား မစ်ရှင်အတွက် လုံးဝ ထည့်မတွက်ချေ။ သို့မဟုတ်ပါက မစ်ရှင် ပြီးမြောက်သွားမည်မှာ ကြာလောက်ပြီ ဖြစ်သည်။

သို့သော် ယင်းက အကျိုးအမြတ် မရသည်တော့ မဟုတ်ပေ။ ဤသည်နှင့်အတူ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းက ပိုမို၍ လူသိများလာပြီး ရေပန်းစားမှု ရရှိခြင်းကလည်း မြန်ဆန်လာပေလိမ့်မည်။

သူ၏ ညနေအတန်းအပြီးတွင် ရဲ့လင်းချန်သည် ပုံမှန်အတိုင်း အင်တာနက်ကဖေးသို့ အပြေးသွားလေသည်.

သူ၏ တိုက်ရိုက် ထုတ်လွှင့်ခြင်းကို စလိုက်သည်နှင့် ကြည့်ရှုသူ အရေအတွက်က တစ်မိနစ်အတွင်း တစ်သိန်းကျော်သွားသည်။ ထိုသူများထဲတွင် ဝိုင်၏ ပရိသတ်များလည်း ရောနှောနေသည်။

ချက်ချင်းဆိုသလိုပင် ဖန်သားပြင်၌ စာတိုများနှင့် ပြည့်နှက်လာသည်။ အားလုံးနီးပါးက သူ့ကို ဝိုင်နှင့် ပတ်သက်သလားဟု မေးနေခြင်းသာ။

ရဲ့လင်းချန်သည် ပြန်ဖြေရန် ရည်ရွယ်ချက် မရှိသဖြင့် စာတိုများကို ပိတ်ထားလိုက်သည်။ သူ့ဖန်သားပြင်က မည်းနက်နေပြီး ကြည့်ရှုသူများက သူ့ပုံပန်းကို မမြင်ရချေ။

ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်း အပိုင်းသုံး စတင်လေပြီ။

“အနက်ရောင် ကန္တာရရဲ့ ကြောက်စရာအကောင်းဆုံး အပိုင်းက နစ်တတ်တဲ့ သဲရှင် မဟုတ်သလို ကားတစ်စီးလုံးကိုတောင် ဝါးမျိုနိုင်တဲ့ ရွှေရောင် ဝါးမျိုခြင်း ပုရွက်ဆိတ်လည်း မဟုတ်သလို အနက်ရောင် လေမုန်တိုင်းလည်း မဟုတ်ဘူး။ ဒဏ္ဍာရီအရဆို အဲ့ထဲမှာ မှော်နယ်မြေတစ်ခု ရှိတယ်တဲ့၊ လူသားတွေ ဝင်သွားရင် ရေကန်တွေ၊ မြစ်တွေ၊ မိန်းမလှလေးတွေ၊ မှော်သားရဲတွေ၊ နှင်းတောင်နဲ့ အိုအေစစ် တစ်ခုကို မြင်ရတယ်၊ ဆာလောင် မောပန်းနေတဲ့ လူတွေက ဒီနိဗ္ဗာန်ပုံရိပ်တွေဆီ ပြေးသွားကြတာပေါ့။ ဒါပေမဲ့ သူတို့ သွားချင်တဲ့ နေရာကို မရောက်ဘဲ မောပန်းပြီး သေဆုံးသွားကြတယ် …”

ရဲ့လင်းချန်၏ အပိုင်းအဖွင့်နှင့်အတူ ထုတ်လွှင့်ခြင်းထဲမှ ရုတ်ရုတ်သဲသဲ ဖြစ်ခြင်းများ ရပ်တန့်သွားသည်။ လူတိုင်း မမှိတ်မသုန် အာရုံစူးစိုက်၍ နားထောင်နေကြသည်။ မိနစ်သုံးဆယ် ကြာပြီးနောက် ရဲ့လင်းချန်၏ ထုတ်လွှင့်မှုသည် ဟူယွီ စာမျက်နှာ၏ ထိပ်တန်းစာမျက်နှာထဲတွင် စာရင်းဝင်သွားလေသည်။ အွန်လိုင်း ကြည့်ရှုသူကလည်း နှစ်သိန်းငါးသောင်း ကျော်သွားသည်။

[ငါ့အမှားကို ဝန်ခံတယ်၊ ဝိုင်နတ်ဘုရားရဲ့ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းက ဒီလောက် ကောင်းလိမ့်မယ်လို့ ငါ ထင်မထားမိဘူး]

[ဟူး … အစက ငါ သိချင်စိတ်ကြောင့် ဒီကိုလာတာ၊ အခုတော့ ငါ စွဲလမ်းသွားပြီ]

[အိုး အချစ်လေး ဝိုင်ရေ … ငါ တောင်းပန်ပါတယ်၊ ဝိုင်နတ်ဘုရားကလည်း အံ့ဩစရာ ကောင်းနေတယ်၊ ငါ ဘယ်ဘက်ကို နေရမလဲ မသိတော့ဘူး …]

တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်၏ အတွေးထဲတွင် ကြည်လင်ပြတ်သားသော စနစ်မှ သတင်းပို့သံ မြည်လာ၏။

“မစ်ရှင်တာဝန်: ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းက မစ်ရှင်လိုအပ်ချက်ကို ပြီးမြောက်အောင် လုပ်နိုင်သွားပါပြီ”

“စမ်းသပ်မစ်ရှင် ပြီးသွားတဲ့အတွက် ဂုဏ်ယူပါတယ်၊ ပါရမီရှင်စနစ်နဲ့ အမြဲချိတ်ဆက်သွားပါပြီ၊ စွမ်းရည်တိုးတက်မှု ပွင့်သွားပါပြီ”

ရဲ့လင်းချန်၏ အတွေးထဲ၌ ထိုအသံက မီးပွားသလို ဆက်တိုက် ထွက်ပေါ်နေ၏။ သူသည် တိုက်ရိုက် ထုတ်လွှင့်ခြင်းကို အသည်းအသန် ရပ်ပစ်လိုက်ပြီး ပွင့်သွားသော စနစ်၏ လုပ်ဆောင်မှုအသစ်ကို ကြည့်ချင်နေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ပြီးအောင် ဆက်ပြောပြီးနောက် ရဲ့လင်းချန်၏ ထုတ်လွှင့်မှုသည် စုစုပေါင်း အွန်လိုင်း ကြည့်ရှုသူ လေးသိန်းနီးပါးဖြင့် ဟူယွီ၏ ထိပ်ဆုံးနေရာသို့ ရောက်သွားလေသည်။

ထိုအခိုက်တွင် ရဲ့လင်းချန်သည် သူ၏ ကြည့်ရှုသူများကို စကားစမြည်ပင် မပြောနိုင်တော့ဘဲ ပြော၍ ပြီးသွားသည်နှင့် ထုတ်လွှင့်မှုကို ပိတ်ပစ်လိုက်သည်။

စနစ်မီနူးတွင် ပြောင်းလဲမှုကို သတိထားမိခဲလှသည်။ သူ၏ ရေပန်းစားမှုသာ ၂၈၇,၆၄၉ သို့ ရောက်နေ၏။ သူ၏ ရေပန်းစားမှု အမှတ်အနောက်တွင် အပိုရွေးချယ်မှုတစ်ခု ရှိနေ၏။

ရိုးရှင်းသော မိတ်ဆက်စာသာ ပါ‌သော တိုးမြှင့်ခြင်း ခလုတ်ကို သူ ရွေးလိုက်သည်။

“အခြေခံ တိုးမြှင့်ခြင်း : ရေပန်းစားမှု အမှတ်တစ်သိန်း၊ စွမ်းရည် တစ်ရာရာခိုင်နှုန်း ရောက်ရှိပြီးသော ကျပန်းပညာတစ်ခုအား တိုးမြှင့်ခြင်း”

“အလယ်အလတ် တိုးမြှင့်ခြင်း : ရေပန်းစားမှု အမှတ်တစ်သိန်း၊ ကျပန်းအခြေခံစွမ်းရည်တစ်ခုအား တိုးမြှင့်ခြင်း”

“အဆင့်မြင့် တိုးမြှင့်ခြင်း : ရေပန်းစားမှု အမှတ်တစ်သိန်း၊ ကျပန်းအလယ်အလတ် စွမ်းရည်တစ်ခုအား တိုးမြှင့်ခြင်း”

*စွမ်းရည် တစ်ရာရာခိုင်နှုန်း ရောက်ပြီးသွားရင် စွမ်းရည်က ထပ်တိုးနိုင်သေးတာလား၊ ဘယ်လောက်အထိ တိုးနိုင်မှာလဲ*

ရဲ့လင်းချန် နှုတ်ခမ်းသပ်လိုက်မိပြီး သိချင်စိတ်က တဟုန်းဟုန်း တောက်လောက်နေသည်။ သူ၏ လက်ရှိ ရေပန်းစားမှု အမှတ်အရ တိုးမြှင့်မှု နှစ်ခုသာ တတ်နိုင်သည်။

*ချက်ချင်း စမ်းကြည့်မှပဲ*

သူ စိတ်လှုပ်ရှားစွာဖြင့် တံတွေးမျိုချလိုက်ပြီးနောက် အခြေခံ တိုးမြှင့်ခြင်းကို ရွေးချယ်လိုက်သည်။ လက်ရှိတွင် သူ့၌ စွမ်းရည် တစ်ရာရာခိုင်နှုန်းသို့ ရောက်ရှိပြီးသော  ပညာခုနစ်ခုသာ ရှိသေးသည်။

အရဟာလက်သီး၊ ရှစ်ဆပြင်းထန် လက်သီး၊ လက်သီးသိုင်း၊ အတားအဆီး ကျော်ဖြတ်ခြင်း ပညာ၊ အိမ်မွေးတိရစ္ဆာန် ယဉ်ပါးခြင်း၊ ဒိုတာနှင့် အင်္ဂလိပ်စာတို့ ဖြစ်သည်။

စတင်ခြင်း။

အဝါရောင် စက်ဝိုင်းက ပညာခုနစ်ခုအနှံ့ ဖြတ်သွားနေပြီးနောက် သားရဲယဉ်ပါးခြင်း၌ ရပ်သွားသည်။

*ငါ့ကံက ထင်သလောက် မကောင်းပါလား၊ သားရဲယဉ်ပါးခြင်းက ဘာများ ပြောင်းလဲနိုင်ဦးမှာမို့လို့လဲ*

ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်သွားသည်။ သူ့၌ ဝံပုလွေပေါက်လေးနှစ်ကောင် ရှိနေသောကြောင့်သာ သားရဲများနှင့် ပတ်သက်သော စာအုပ်များကို ဖတ်ခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်အတွင်း သူ၏ သားရဲယဉ်ပါးခြင်း စွမ်းရည်ကို တစ်ရာရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ခဲ့သည်။

ရွှေရောင်တစ်ချက် လင်းလာပြီးနောက် အိမ်မွေးတိရစ္ဆာန် ယဉ်ပါးခြင်းဟူသော ခေါင်းစဉ်က သားရဲယဉ်ပါးခြင်း (အခြေခံ) ဟု ပြောင်းသွားသည်ကို သူ မြင်လိုက်ရသည်။

အခြေခံ သားရဲ ယဉ်ပါးခြင်း၏ စွမ်းရည်က တစ်ရာရာခိုင်နှုန်းသို့ ချက်ချင်း ရောက်သွားသည်။ ထိုအခိုက်တွင် တိရစ္ဆာန်များနှင့် ပတ်သက်သော ဗဟုသုတများက မွေးကတည်းက သူ သိထားသကဲ့သို့ ရဲ့လင်းချန်၏ အတွေးထဲ ရောက်လာသည်။

*ချီးပဲ*

ရဲ့လင်းချန်၏ မျက်လုံးများ အရောင်တောက်သွားပြီး မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာသည်။

*ဒီပညာက စောက်ရမ်းကို ရူးချင်စရာ ကောင်းတယ်*

သူ ထင်ထားသလိုပင်၊ စနစ်၏ တိုးမြှင့်ခြင်း ပြီးနောက်တွင် ပညာက ကမ္ဘာ့အသိပညာ အတိုင်းအတာထက် ကျော်လွန်သွားလေသည်။

သားရဲယဉ်ပါးခြင်းသည် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ခြင်း သက်သက် မဟုတ်တော့ချေ။ ၎င်းက သူ၏ အိမ်မွေးတိရစ္ဆာန်ကို အပြည့်အဝ နာခံအောင် လုပ်နိုင်ရုံသာမက သားရဲများနှင့် ဆက်သွယ်ပြောဆိုနိုင်ပေသည်။

အခြေခံ သားရဲယဉ်ပါးခြင်းသည် သူ့အား သူ့တိရစ္ဆာန်များကို သူ့ခြေလက်များသဖွယ် လေ့ကျင့်ခွင့် ပြုနိုင်သည်။ တစ်ချန်တည်းမှာပင် သူ၏ တိရစ္ဆာန်များကို လူကဲ့သို့ သိနားလည်ခွင့် ပေးစွမ်းသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူ့တိရစ္ဆာန်များအား သူ့ဆန္ဒကို ပြောဆိုနိုင်၏။

ထိုသို့ဆိုလျင် ဤပညာက အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အဆင့်သို့ ရောက်သွားပါက သားရဲရိုင်းများကိုပင် ထိန်းချုပ်နိုင်လောက်သည် မဟုတ်ပါလော။

ရဲ့လင်းချန် အူမြူးသွားသည်။ သူ ပြုံးနေပြီး လက်များ ယားကျိကျိ ဖြစ်လာသည်။ စနစ်၏ မီနူးကို ကြည့်ပြီး သူ အခြေခံ တိုးမြှင့်ခြင်းကို ထပ်၍ ရွေးလိုက်သည်။

ပညာများကြားတွင် အဝါရောင် စက်ဝိုင်း ထပ်မံ၍ ပြေးလွှားနေ၏။ သိုင်းပညာ သုံးခုရှိသဖြင့် တစ်ခုခုကို ကျနိုင်ချေက မြင့်မားသည်။ အကယ်၍ သူ့သိုင်းပညာသာက တိုးမြှင့်သွားပါက သူသည် စူပါလူသားတစ်ယောက်ပင် ဖြစ်လာနိုင်လောက်သည်။

ဒိုတာနှင့် အင်္ဂလိပ်စာကိုမူ စွမ်းရည်မြင့်တင်ခြင်းက အဘယ်သို့ ဦးတည်သွားမလဲ ရဲ့လင်းချန် မတွေးတတ်ပါ။

ယခုအချိန်မှစ၍ ကျပန်းကျသည့် အခွင့်အရေးကို မဖြုန်းမိစေရန် မလိုအပ်သော ပညာများစွာကို သူ မသင်ယူ သင့်တော့ပေ။

နောက်ဆုံးတွင် အလင်းစက်ဝိုင်းက တဖြည်းဖြည်း နှေးကွေးလာ၏။

*အရဟာ လက်သီး … ကျော်သွားတာလား၊ ထားပါတော့ နောက်တစ်ခုက ရှစ်ဆပြင်းထန် လက်သီးပဲလေ*

*ယီး ရှစ်ဆပြင်းထန် လက်သီးကိုတောင် ကျော်သွားတာလား*

နောက်ဆုံးတွင် အလင်းစက်ဝိုင်းက အတားအဆီး ဖြတ်ကျော်ခြင်း ပညာ၌ ရပ်သွားသည်။ ရွှေရောင် အလင်းနှင့်အတူ အတားအဆီး ဖြတ်ကျော်ခြင်းပညာက အခြေခံအဆင့် နယ်တစ်ခုအား လျင်မြန်စွာပြေးခြင်း ပညာဟု ပြောင်းလဲ သွားလေသည်။

ထိုအခိုက်တွင် အချိန်ကား ညကိုးနာရီ ကျော်စပြုနေ၏။ ညဉ့်နက်နေပြီ ဖြစ်သော်လည်း ပတ်ဝန်းကျင်က မီးများ လင်းထိန်နေသလို လမ်းသွားလမ်းလာများလည်း ရှိသည်။

ရဲ့လင်းချန်သည် အနောက်အရပ်သို့ ဦးတည်၍ အနီးဆုံးပန်းခြံသို့ သွားလိုက်သည်။ မိနစ်သုံးဆယ်ကြာသော် ပတ်ဝန်းကျင်က လူသူကင်းမဲ့လာပြီး လမ်းသွားလမ်းလာများ နည်းပါးလာ၏။

*ဒါဆို အဆင်ပြေလောက်တယ်၊ ငါ ဒီမှာ စမ်းကြည့်ရမလား*

ရဲ့လင်းချန် ဘေးဘီကို ဝေ့ကြည့်လိုက်သည်။ အနီးအနားတွင် သစ်ပင်ကြီးများနှင့် လျှောစောက်များစွာနှင့် လှေကားများ ရှိသော ကျောက်ဆောင်များ ရှိလေသည်။ လမ်းမီးမရှိသော အမှောင်ထုအတွင်း ဘယ်သူမှမရှိစဉ် သူ စမ်းသပ်ကြည့်သင့်သည်။

All Chapters