ဟိုမှာ စူပါမန်း
Vol. 5 Ch. 69
“အား … ငါ့အိတ်၊ သူခိုး သူခိုး၊ ကူညီကြပါဦး”
ထိုသို့သောအချိန်၌ အေးချမ်းသော ညအချိန်တွင် သံကုန်မြှင့်၍ အော်ဟစ် လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“ဝူး”
ချက်ချင်းဆိုသလိုပင် မော်တော်ဆိုင်ကယ် တစ်စီးက အမှောင်ထုထဲမှ တစ္ဆေတစ်ကောင်သဖွယ် လျင်မြန်စွာ မောင်းနှင်သွားသည်။
“ဝူးဟူး … ငါ သွားပြီဟေ့၊ မင်းတို့ ဖမ်းနိုင်ရင် လိုက်ဖမ်းကြ”
မော်တော်ဆိုင်ကယ်ပေါ်မှ ဆိုင်ကယ်ဦးထုပ်နှင့် လူနှစ်ယောက်က ပမာမခန့် ရယ်မောနေ၏။
“ဒီသူခိုးတွေကို တစ်ယောက်ယောက် ကူဖမ်းပေးကြပါဦး၊ ဆိုင်ကယ်ဓားပြတွေ”
မကြာခင်မှာပင် မိန်းကလေးတစ်ယောက်က သူ့မြင်ကွင်းထဲသို့ ဒယိမ်းဒယိုင်ဖြင့် ဝင်ရောက်လာပြီး လျင်မြန်စွာ မောင်းနှင်သွားသော မော်တော်ဆိုင်ကယ်အား စိုးရိမ်တကြီး စိုက်ကြည့်နေသည်။
သူမ၏ အော်သံကြောင့် လူတော်တော်လေး စုဝေးရောက်ရှိလာသော်လည်း ဆိုင်ကယ်အား ဘာမှမတတ်နိုင်ဘဲ ကြည့်ရုံသာ ကြည့်နေရသည်။
ထိုစဉ် ခပ်ဝါးဝါး ပုံရိပ်တစ်ခုက လျင်မြန်စွာ ဖြတ်ပြေးသွားသည်။ လူစုသည် ပုံရိပ်တစ်ခုက ဆိုင်ကယ်အနောက်သို့ လေသဖွယ် ပြေးလိုက်သွားသည်ကို ခပ်ဝါးဝါးသာ တွေ့လိုက်လေသည်။
“ဟာ လခွမ်း ဘာကြီးလဲ၊ စူပါမန်းလား”
လူစုသည် ငိုင်တွေတွေ ဖြစ်သွားကြသည်။ထို့နောက် အမှောင်ထုအတွင်း၌ အနက်ရောင် အရိပ်တစ်ခုက လျင်မြန်စွာ ပြေးလွှားနေသည်ကို သူတို့ တွေ့လိုက်ရသည်။
ထိုအရိပ်သည် လမ်းမထက်မှ မလိုက်ဘဲ ပန်းခြံတွင်းမှ လမ်းကြောင်းများကိုသာ အသုံးပြုလေသည်။ သို့သော် သူ တွေ့ရသည့် အဟန့်အတား တစ်ခုချင်းစီတိုင်းအား တစ်ကြိမ်ခုန်ရုံနှင့် ကျော်လွှားနိုင်နေသည်။ သစ်ပင်တစ်ပင်ကို သူ ခြေလှမ်း အနည်းငယ်မျှလောက်ဖြင့် ခုန်ကျော်သွားသည်ကို သူတို့ တွေ့လိုက်ရသည်။
အဝေးမှကြည့်လျင် သူသည် အကိုင်းအခက်များကို နင်း၍ လေထဲ၌ ကျွမ်းပစ်နေသော မျောက်တစ်ကောင်နှင့် တူနေသည်။
“တကယ်ကို စူပါမန်းဟေ့၊ မိုက်လိုက်တာ”
“ငါ ခုနက သေချာ မမြင်လိုက်ရလို့ သူ အတွင်းခံကို အပြင်ထုတ် ဝတ်ထားသလားဆိုတာတောင် မကြည့်လိုက်ရဘူး”
“ဝူး”
လမ်းသည် အတွေ့အကောက်များနှင့် လိုဏ်ခေါင်းများနှင့် ပြည့်နှက်နေ၏။ ဆိုင်ကယ်သည် အကွေ့အကောက် များ၍ အမြန်ဆုံးနှုန်းဖြင့် မမောင်းနိုင်သောကြောင့် ထင်သလောက် မမြန်ချေ။
ထိုအချိန်တွင် ဆိုင်ကယ်ပေါ်မှ လူနှစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ဘဝင်လေဟပ်နေ၏။
“ဟားဟားဟား အစ်ကိုကြီးရေ ဒါနဲ့ဆို ကျွန်တော်တို့ တစ်လလောက် ဖူလုံပြီထင်တယ်”
“တစ်လတောင် ကျော်ဦးမယ်၊ ဒီအိတ်တစ်ခုတည်းနဲ့တင် ယွမ်တစ်သောင်းကျော်တယ်ကွ၊ အထဲက ပစ္စည်းက ပိုပြီးတောင် တန်လောက်တယ်”
“တော်တော် လွယ်တာပဲ၊ ဒီလိုလူပြတ်တဲ့နေရာမှာ ဒီလောက် ရမယ်လို့ ကျွန်တော် မထင်ထားဘူး၊ ကောင်းကင်ဘုံက ကျွန်တော်တို့ကို ကူညီနေတာပဲ ဖြစ်မယ်”
“ဒါ အားမထုတ်ဘဲ ရလာတာနော်၊ မြို့ထဲမှာသာဆိုရင် ငါတို့ ဘယ်လိုလုပ် ဒီလို အခွင့်အရေးမျိုး ရမလဲ”
“တစ်ယောက်ယောက် ငါတို့နောက် လိုက်လာသလားလို့ စောင့်ကြည့်ထားဦး”
“စိတ်အေးအေးထားပါ၊ ဒီနေရာမှာ ကားတစ်စီးတောင် မရှိတာ၊ ဘယ်လိုလုပ် တစ်ယောက်ယောက်က …”
သူ စကားပြောရင်းနှင့် နောက်သို့ လှည့်ကြည့်လိုက်သောအခါ မျက်လုံး ကျွတ်ကျမတတ် ပြူးကျယ်သွားသည်။ သူ့ခန္ဓာကိုယ်က တောင့်ခနဲ ဖြစ်သွားပြီး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။
“ဘာဖြစ်တာလဲ”
“နေ … ခဏနေပါဦး၊ ကျွန်တော် တစ်ခုခု မြင်လိုက်တယ်လို့ ထင်လို့”
သူ မျက်လုံးကိုပွတ်၍ နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။
“ယီးပဲ”
သူ အလန့်တကြား အော်မိပြီး ဘာမှမပြောနိုင်တော့ချေ။
“ဘာလဲ ဘာဖြစ်တာလဲ”
ကျန်တစ်ယောက်က မျက်မှောင်ကြုတ်သွားပြီး လှည့်ကြည့်လိုက်သည်။
“သောက်ချီး”
ဆိုင်ကယ် အပြင်းအထန် ခါသွားပြီး မှောက်လုနီးပါး ဖြစ်သွားလေသည်။
“သောက်ကျိုးနည်း အဲ့ဒါက ဘာကြီးလဲ၊ စူပါမန်းလား၊ နတ်ဆိုးလား”
သူသည် လေထဲ ယမ်းခါနေရင်း အသံပင် တုန်နေသည်။
“အစ် … အစ်ကိုကြီး သူ ပျံနေတယ်၊ ကျွန်တော်တို့ ဒဏ္ဍာရီထဲကလို ကျင့်ကြံသူနဲ့ တိုးနေတာလား”
“မင်းဖင်ကြီးကို ကျင့်ကြံသူနေလိုက်”
အစ်ကိုကြီးဆိုသူက သူ့ကိုယ်သူ အလျင်အမြန် စိတ်ငြိမ်အောင် ကြိုးစားလိုက်သည်။
“အဲ့ဒါက ဘာဖြစ်ဖြစ် ငါတို့ သူ့ဆီမှာ မိလို့မဖြစ်ဘူး၊ နောက်လှည့်ပြီး သူ့လှုပ်ရှားမှုတွေကို သေချာ စောင့်ကြည့်ထား”
“ဟုတ်ကဲ့”
ညီဖြစ်သူ၏ မျက်နှာက ဖြူရော်နေပြီး စိုးရိမ်တကြီး နောက်သို့ လှည့်ကြည့်နေ၏။ ပုံရိပ်တစ်ခုက ပန်းခြံကို မြွေလိမ်မြွေကောက် သွားလာနေပြီး ခြေလှမ်းတိုင်း၌ မီတာများစွာကို ကျော်လွှားနေသည်ဟု ထင်မှတ်ရသည်။ ၎င်းသည် ကျောက်တုံးကျောက်ဆောင်များ၊ ခုံများကို အသာကျော်လွှား၍ သစ်ပင်များကို ကျော်တက်ကာ ခြုံပုတ်များကို ကွေ့ပတ်၍ သွားလာနေသည်။ အရှိန်က မယုံနိုင်စရာ ကောင်းလောက်အောင် မြန်လှသည်။
“အစ်ကိုကြီး မကောင်းတော့ဘူး သူ မီလာနေပြီ”
“မီလာနေပြီ ဟုတ်လား”
အစ်ကိုဖြစ်သူ စိတ်လေးသွားပြီး လီဗာကို ညှစ်လိုက်သည်။
“အခု သူ ဘယ်မှာလဲ”
“အစ်ကိုကြီးရဲ့ ဘေးနားလေးမှာ”
“ဘာ…”
အစ်ကိုဖြစ်သူ ဘေးသို့ ငဲ့ကြည့်လိုက်သောအခါ ပုံရိပ်တစ်ခုက အနီးအနားမှ သစ်ပင်တစ်ခုတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ထိုပုံရိပ်က လွှားခနဲ ခုန်ပျံလာပြီး သူ့အား ကန်ထုတ်လာသည်
“ဒီခရီးမှာ စူပါမန်းနဲ့ လာတွေ့ရတယ်လို့ ငါ့ဘဝကြီးကလည်း ယီးပါပဲကွာ”
နှစ်ယောက်လုံး ဆိုင်ကယ်ပေါ်မှ ပြိုင်တူ ပြုတ်ကျသွားသည်။ သူတို့သည် လမ်းပေါ် လိမ့်ကျသည်နှင့် ချက်ချင်း သတိလစ်သွားတော့သည်။
ရဲ့လင်းချန် သူတို့ကို အကြမ်းဖျင်း စစ်ဆေးကြည့်လိုက်ပြီး နှစ်ယောက်လုံး ဒဏ်ရာ အပြင်းအထန် မရတာ သေချာသောအခါတွင်မှ စိတ်အေးကာ သက်ပြင်းချလိုက်သည်။
“မင်းတို့ ရဲခေါ်သင့်တယ်၊ ဒီလူနှစ်ယောက်က ဆိုင်ကယ်ဓားပြတွေ”
ရဲ့လင်းချန်က အနီးအနားမှ လူများကို ပြောလိုက်သည်။
“စူပါမန်း၊ စူပါမန်းကွ”
လူတိုင်း တအံ့တဩ ဖြစ်ကာ ရဲ့လင်းချန်အား အသည်းအသန် ကြည့်လာကြသည်။ ရဲ့လင်းချန် မျက်မှောင်ကြုတ် သွားပြီး ပန်းခြံ၏ အတွင်းဘက်သို့ ချက်ချင်း ပြေးဝင်လိုက်လေသည်။
“စူပါမန်း မသွားပါနဲ့ ကျွန်တော် လက်မှတ်လေး လိုချင်လို့”
“စူပါမန်း ခင်ဗျားနာမည်လေး ပြောလို့ရမလား”
ရဲ့လင်းချန် ပြေးရာမှ ရပ်လိုက်ပြီး ခါးမတ်ကာ နောက်သို့ ငဲ့ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“မင်းတို့ ငါ့ကို … ဝိုင်လို့ ခေါ်လို့ရတယ်”
*အမြဲ လေလိုအသွင်ဆောင်ရမယ်*
ရဲ့လင်းချန်၏ ကြည့်ကောင်းသော ကျောပြင်က လူစု၏ ရင်ထဲ၌ နက်ရှိုင်းစွာ စွဲထင်သွားသည်။ ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ယောက်က Tiktok၊ ဝေ့ပေါ်နှင့် WeChat စသည့် အွန်လိုင်းကဏ္ဍများ၌ ဗွီဒီယိုတစ်ခု တင်လိုက်သည်။
[စူပါမန်းကို တွေ့ရှိခြင်း၊ သူ့နာမည်ကလည်း ဝိုင်တဲ့]
ချက်ချင်းဆိုသလိုပင် အင်တာနက်တစ်ခုလုံး၌ ဆူညံပွက်လောရိုက်သွားသည်။
[လခွမ်း ဒါ တကယ်ကြီးလား၊ အိပ်မက်လိုပဲကွာ]
[ဝါးဟားဟား ငါတို့နိုင်ငံက ရွက်ပုန်းသီး ပညာရှင်တွေ ပုန်းနေတာပဲ၊ ငါတို့မှာ စူပါမန်းတောင် ရှိနေတာပဲ]
[ပြည်ပက ကပ္ပတိန် အမေရိကားနဲ့ အိုင်းရွန်းမန်းတို့ကို ဘာလုပ်ရမှာလဲ၊ ငါတို့မှာ တကယ့် စူပါမန်း ရှိနေပြီလား၊ တကယ့် သက်ရှိထင်ရှားကြီး]
[ဗွီဒီယိုရဲ့ ကွာလတီက ညံ့လိုက်တာ၊ ငါ အနက်ရောင် ပုံရိပ်ပဲ မြင်ရတယ်၊ မင်းက ဒါကို စူပါမန်းလို့ ပြောတာလား၊ ဆောရီးပဲ ငါ မယုံဘူး]
[ဒီနှစ်က ဘာတွေဖြစ်နေတာလဲ၊ ထူးချွန်တဲ့လူအားလုံးက သူတို့ကိုယ်သူတို့ ဝိုင်လို့ ခေါ်နေတာလား]
ဗွီဒီယိုက နေရာတိုင်း၌ ပေါ်လာသည်။ သာမန် ပေါ်လွင်သည်ထက် ကျော်လွန်စွာပင် နေရာအနှံ့သို့ ပျံ့နှံ့နေ၏။
ဝေ့ပေါ်၏ ရေပန်းစားသော ရှာဖွေမှုစာရင်း၊ TikTok တွင် နှစ်သက်သူ သန်းချီခြင်းနှင့် WeChat တွင် မျှဝေမှုများစွာ ရှိလာသည်။ အားလုံး၌ တူညီသော အရာတစ်ခု ရှိသည်။ သူတို့ ရဲ့လင်းချန်၏ ပုံစံကို မရလိုက်ခြင်းပင်။ သူတို့ မြင်ရသည်မှာ သူ့ကျောပြင်၏ ဝေဝါးဝါး ပုံရိပ်သာ။
…
နောက်တစ်နေ့တွင် ရဲ့လင်းချန်သည် ပုံမှန်ထက် စောစီးစွာ ထလာပြီး သူ၏ ရေပန်းစားမှု အမှတ်ကို စစ်ဆေးလိုက်သည်။
တစ်သိန်းသုံးသောင်း ခုနစ်ထောင့် ခြောက်ရာ ရှစ်ဆယ့်လေးမှတ်။
တစ်ညတည်းနှင့် သူ၏ ရေပန်းစားမှုက ငါးသောင်းကျော်သွားခဲ့သည်။ သူ ပါးစပ်အဟောင်းသား ဖြစ်သွားပြီးနောက် အပြုံးကြီး ပြုံးလိုက်မိသည်။
*ထင်တဲ့အတိုင်းပဲ ဝိုင်နတ်ဘုရားဆိုတဲ့ နာမည်လိုပဲ ငါ့နာမည်က တစ်နိုင်ငံလုံးကို ပျံ့သွားမှာပဲ*
ရဲ့လင်းချန် လက်နှစ်ဖက်ကို ပွတ်လိုက်သည်။ သူ့၌ ရေပန်းစားမှု အမှတ်တစ်ရာ ကျော်ပြီဖြစ်သဖြင့် သူ့ပညာကို ဆက်၍ အဆင့်မြှင့်တင်သင့်သည်။
သူ ယခင်နှင့် မတူတော့ကြောင်း သတိပြုမိသွားသည်။ သူသည် ပိုက်ဆံကို မလိုလားတော့ဘဲ ရေပန်းစားမှုကိုသာ လိုလားတော့သည်။
အရဟာ လက်သီး၊ ရှစ်ဆပြင်းထန် လက်သီး၊ သိုင်းလက်သီး၊ ဒိုတာနှင့် အင်္ဂလိပ်စာ။ ငါးခုတွင် သုံးခုက လက်သီး သိုင်းပညာများ ဖြစ်၏။
*ဒီတစ်ခါတော့ ငါ သိုင်းပညာ ရပါစေ*
“အဆင့်မြှင့်တင်ခြင်း စတင်ပါပြီ”
အဝါရောင် အဝိုင်းက စွမ်းရည်များပေါ်တွင် ဖြတ်သန်းနေသဖြင့် ရဲ့လင်းချန်၏ မျက်လုံးများ အာရုံစိုက်ရ ခက်နေသည်။
ဒိုတာ … ကျော်သွားသည်။ အင်္ဂလိပ်စာ … ကျော်သွားသည်။ နောက်ဆုံးတွင် အဝါရောင် လက်သီးက အရဟာ လက်သီးပေါ်တွင် ရပ်သွားလေသည်။
*ဟန်ကျပြီ*
ရဲ့လင်းချန် ရင်တဒိန်းဒိန်း ခုန်နေ၏။ သူ စနစ်၏ ဖန်သားပြင်ကို စိတ်လှုပ်ရှားစွာ ကြည့်နေ၏။
တစ်ခဏကြာသော် ရွှေရောင် အလင်းနှင့်အတူ အရဟာ လက်သီးက အရဟာ လက်သီးစွမ်းအင် (အခြေခံအဆင့်) ဟု ပြောင်းလဲသွားသည်။
ပြောင်းလဲမှုက ရဲ့လင်းချန် ထင်ထားသလို မဟုတ်ချေ။ စွမ်းရည်နာမည်က သိသိသာသာ ပြောင်းလဲသွားခြင်း မဟုတ်ဘဲ အပိုစကားလုံး ပိုလာခြင်းသာ ဖြစ်သည်။
သိုင်းကွက်ကလည်း သိသိသာသာ ပြောင်းလဲခြင်း မရှိပေ။ လေ့ကျင့်စဉ်အတွင်း အပိုထပ်ဆောင်း အသက်ရှူခြင်း ပြင်ဆင်ချက်အချို့သာ ရှိသည်။
ခြားနားမှုကိုမူ သူ လေ့ကျင့်ချိန်မှသာ ရှာတွေ့နိုင်ပေမည်။ သူ အိပ်ရာမှ အလျင်အမြန်ထ၍ မျက်နှာသစ်လိုက်သည်။ ထို့နောက် သူ ပုံမှန် သိုင်းလေ့ကျင့်ရာနေရာသို့ အလျင်အမြန် ပြေးသွားသည်။
ရဲ့လင်းချန်သည် အရဟာ လက်သီးစွမ်းအင်၏ နည်းလမ်းအတိုင်း လက်သီးကွက်တိုင်း၌ အသက်ရှူဟန်ကို ပြောင်းလဲလိုက်သည်။ အသက်ကို သုံးကြိမ် ခပ်ညင်းညင်း ရှူလိုက်ပြီးတိုင်း အသက်ပြင်းပြင်း တစ်ကြိမ် ရှူသည်။ တစ်ခါတစ်ရံ ကိုးကြိမ် ခပ်ညင်းညင်းရှူပြီးမှ အသက်ပြင်းပြင်း တစ်ကြိမ် ရှူလိုက်သည်။
ပထမတစ်ကြိမ် လေ့ကျင့်ပြီးနောက် မည်သို့သော သိသာသော ပြောင်းလဲမှုကိုမှ သူ သတိမထားမိချေ။ သို့သော် ရဲ့လင်းချန် လက်မလျှော့ပေ။ သူ ဒုတိယတစ်ကြိမ်၊ တတိယတစ်ကြိမ်အထိ ဆက်လေ့ကျင့်လေသည်။