← Chapters

ဉာဏ်ကောင်းသော ဝံပုလွေပေါက်လေးများ

Vol. 5 Ch. 70

ဉာဏ်ကောင်းသော ဝံပုလွေပေါက်လေးများ

Vol. 5 Ch. 70

နောက်ဆုံးတွင် လေးကြိမ်မြောက် လေ့ကျင်မှုအရောက်တွင် ရဲ့လင်းချန်သည် သူ၏ အသက်ရှုပုံမှနေ၍ ချီစွမ်းအင်က လက်သီးတွင်း စီးဆင်းနေသည်ကို ရှင်းလင်းစွာ ခံစားလိုက်မိသည်။

ဤချီစွမ်းအင်လှိုင်းက ထူးဆန်းလှသည်။ ခံစားမိသော်လည်း ထိတွေ့၍ မရနိုင်ပေ။ လက်သီးထဲသို့ စီးဝင်လာသောအခါ နွေးထွေးသော ခံစားချက်ကို ရလိုက်သည်။

ရဲ့လင်းချန်၏ လက်သီးတွင် ချီစွမ်းအင် ပိုပို၍ စုစည်းလာသောအခါ လက်သီး တစ်ခုလုံးက မီးတောက်သဖွယ် နီရဲကာ ပူလောင်လာ၏။

တစ်ခဏကြာသော် ရဲ့လင်းချန် မနေနိုင်တော့ဘဲ ကျယ်လောင်စွာ အော်၍ လက်သီးဖြင့် အရှေ့သို့ ထိုးနှက် လိုက်သည်။

ထိုချီစွမ်းအင်လှိုင်းက ဆူနာမီရေလှိုင်းသဖွယ် အရှေ့သို့ တိုက်ခတ်သွားသည်။

“ဝုန်း”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရဲ့လင်းချန်နှင့် ငါးမီတာ အကွာ၌ ရှိသော ကြီးမာသော ကျောက်ဆောင် တစ်ခုသည် လက်သီးချက်မိကာ အပေါက်တစ်ခု ဖြစ်သွားလေသည်။

*မြတ်စွာဘုရား*

ရဲ့လင်းချန်ကိုယ်တိုင်တောင်မှ ထိတ်လန့်သွားသည်။ ၎င်းသည် လေကိုခွင်း၍ ထိုးနှက်လိုက်သော လက်သီးချက် ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက် ကိုသာ ထိမှန်သွားပါက သေသွားလောက်သည်။

*ဒါ … ဒါ သောက်ရမ်းမိုက်တယ်ဟ*

ရဲ့လင်းချန် ရင်တဒိန်းဒိန်း ခုန်နေ၏။ ဤသည်က ပထမအကြိမ် လေ့ကျင့်မှုသာ ရှိသေးသည်။ ထပ်မံ၍ လေ့ကျင့် ပြီးလျင် သူ့လက်သီးချက်နှင့် ကျည်ဆံကြား၌ အဘယ်သို့သော ခြားနားမှုမျိုး ရှိလာမည်နည်း။

ထို့အပြင် ဤစွမ်းရည်က အခြေခံအဆင့်သာ ရှိသေးသည်။ အလယ်အလတ် အဆင့်နှင့် အဆင့်မြင့်အဆင့်သို့သာ ရောက်သွားသော အချိန်ရောက်လျင် သူ တကယ်ပင် စူပါလူသားတစ်ယောက် ဖြစ်လာနိုင်ပေသည်။

အစောပိုင်းက လှုပ်ရှားမှုက အတော်လေး လူသတိထားမိစေနိုင်သည်။ သူ့ကိုယ်သူ အလျင်အမြန် စိတ်တည်ငြိမ်အောင် လုပ်၍ ဤနေရာမှ ထွက်လာ လိုက်သည်။

ယနေ့သည် စနေနေ့ ဖြစ်သည်။ ရဲ့လင်းချန်က မနက်စာ စားပြီးသည်နှင့် အပြင်ထွက်ရန်အတွက် ရေချိုး အဝတ်အစားလဲရန် အဆောင်သို့ ပြန်သွား လိုက်သည်။

ယနေ့သည် ရှောင်ဖေးဖေးအား နှိပ်နယ်ပေးရန် စီစဉ်ထားသည့် နေ့ဖြစ်သည်။ ရဲ့လင်းချန်သည် ထိုနူးညံ့သော ခန္ဓာကိုယ်၏ ပုံရိပ်ကို ပြန်တွေးမိသည်နှင့် မမှင်တက်ဘဲ မနေနိုင်ချေ။

“ရှောင်ရဲ့ ခုနက မင်းရဲ့အပြုံးက အရမ်း တဏှာရူးဆန်တယ်ကွာ၊ အရမ်း ကျောချမ်းဖို့ကောင်းတယ်”

ရှန်းက ချက်ချင်း ပြောလာသည်။

“ပြောစမ်း မင်း ဒီနေ့ ရှက်စရာကောင်းတဲ့ဟာ တစ်ခုခုလုပ်ဖို့ အပြင်သွားမှာ မဟုတ်လား၊”

အာလူးလေးက ချက်ချင်း သူ့ထင်မြင်ချက်ကို ပြောလေတော့သည်။

“အဟမ်း အဟမ်း ငါက အရမ်း ဖြူစင်တဲ့လူပါ၊ မင်းရဲ့ မကောင်းတဲ့ အတွေးတွေနဲ့ ငါ့ကို လာမစွပ်စွဲနဲ့”

ရဲ့လင်းချန်က ဖြောင့်မတ်တည်ကြည်သော လေသံဖြင့် ပြန်ဖြေလိုက်ပြီးနောက် အထူးတဆန်း မေးလိုက်သည်။

“မင်းတို့ ဒီပိတ်ရက် ဘာလို့ စောစောနိုးနေတာလဲ၊ ရှောင်ကမ်းရော ဘယ်မှာလဲ”

“ရှောင်ကမ်းက ငါတို့ တက္ကသိုလ် ဘက်စကတ်ဘော ပြိုင်ပွဲအတွက် စာရင်းသွင်း ထားတာလေ၊ အခု သူ လေ့ကျင့်ရေး ဆင်းနေတာ”

“တက္ကသိုလ် ဘက်စကတ်ဘော ပြိုင်ပွဲ ဟုတ်လား”

“မင်း မသိဘူးလား၊ ဒီပြိုင်ပွဲက တက္ကသိုလ်တစ်ခုလုံးက အမျှော်လင့်ဆုံး ကစားပွဲပဲကွ”

အာလူးလေးက ဆက်ပြောလေသည်။

“ကျောင်းစဖွင့်လိုက်တဲ့ နှစ်တိုင်း တက္ကသိုလ်က ကျောင်းသားတွေရဲ့ ဆက်ဆံရေး တိုးတက်လာအောင် ဌာနချင်း မိတ်ဖြစ်ဆွေဖြစ် ဘက်စကတ်ဘော ပြိုင်ပွဲ ကျင်းပပေးတယ်”

“ပြိုင်ပွဲဝင်အဖွဲ့တွေကို ဌာနအလိုက် ခွဲခြားထားတာ၊ ရှောင်ကမ်းက ငါတို့ ရသစာပေဌာနအတွက် စာရင်းသွင်း ထားတာလေ”

ပီကင်းတက္ကသိုလ်တွင် ဌာများစွာ ရှိသည်။ စိတ်ပညာဌာန၊ သင်္ချာဌာန၊ ရူပဗေဒဌာန၊ ဓာတုဗေဒဌာန၊ ဇီဝဗေဒဌာန၊ တရုတ်စကားဌာန အစရှိသည်တို့ ဖြစ်သည်။ ဌာနတိုင်းက အားကစား၌ ထူးချွန်သော ကျောင်းသားများကို ရွေး၍ ပြိုင်ပွဲတွင် ဝင်ပြိုင်ခိုင်းသည်။ စီနီယာနှစ်များမှ ပထမနှစ်အထိ ပါဝင်ခွင့်ရသည်။ ၎င်းအား ကျောင်းတွင်း လှုပ်ရှားမှုဟု ခေါ်နိုင်ပြီး စိတ်ဝင်စားစရာ ကောင်းသည်။

ရှန်းကလည်း ခေါင်းညိတ်၍ ပြောလိုက်သည်။

“ငါတို့ ဒီနေ့ ရှောင်ကမ်းရဲ့ လေ့ကျင့်ရေးကို သွားကြည့်ပြီး အားပေးမလို့၊ ငါတို့ မင်းကို လိုက်ဖို့ခေါ်မလို့”

“နောက်တစ်ခါမှပေါ့ကွာ”

ရဲ့လင်းချန် အပြုံးနှင့်ပြော၍ သူတို့ကို နှုတ်ဆက်ကာ ထွက်လာလိုက်သည်။ ယခုတစ်ခေါက်တွင်မူ သူ ဝံပုလွေပေါက်လေး နှစ်ကောင်ကို သူနှင့်အတူ ခေါ်လာသည်။ ရှောင်ဖေးဖေးက ဝံပုလွေလေး နှစ်ကောင်၏ လက်ရှိ အခြေအနေကို မြင်ချင်သည်ဟု အထူး တောင်းဆိုလာခဲ့သည်။

တစ်လကျော် ကြာပြီးနောက် ဝံပုလွေပေါက်လေးများသည် အရွယ်အစား ကြီးထွားလာသည်။ ရဲ့လင်းချန်၏ ပညာရှင်ဆန်သော ဂရုစိုက်မှုအောက်၌ သူတို့၏ အမွေးများ တောက်ပနူးညံ့နေကာ အလွန် တက်ကြွပုံ ပေါ်နေ၏။

သူတို့၏ မျက်လုံးများ အပြည့်အဝ ပွင့်နေပြီး ရဲ့လင်းချန်၏ လက်မောင်းကိုမှီ၍ လောကကြီးအား စူးစမ်းသလို ကြည့်နေကြသည်။

ရဲ့လင်းချန်၏ စောင့်ရှောက်မှုအောက်တွင် သူတို့သည် လူကိုမကြောက်သလို အရိုင်းဆန်စွာ မာန်ဖီခြင်းလည်း မရှိပေ။ သူတို့သည် ရဲ့လင်းချန်၏ လက်မောင်းတွင်းမှ ခေါင်းလေး ပြူတစ်ပြူတစ်ဖြင့် လိမ်မာစွာ အပြင်သို့ ကြည့်နေကြသည်။

လမ်းတစ်လျှောက်တွင် မရေတွက်နိုင်သော မိန်းကလေးများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ရထားပေါ် တိရစ္ဆာန် သယ်၍ မရသဖြင့် ရဲ့လင်းချန် ဘတ်စ်ကားသာ စီးလိုက်သည်။

*ငါ အတော်လေး ပိုက်ဆံ ရှိနေပြီပဲ၊ ငါ အိမ်တစ်လုံးနဲ့ ကားတစ်စီးတော့ ဝယ်ချိန်တန်ပြီ*

ရဲ့လင်းချန် တစ်ကိုယ်တည်း တွေးနေမိသည်။ ဘတ်စ်ကား စီးပြီးနောက် သူသည် လုံဟူရပ်ကွက်ဘက်သို့ ရောက်လာသည်။

လုံဟူရပ်ကွက်သည် ချမ်းသာကြွယ်ဝသော လူချမ်းသာများအတွက် နေရာတစ်ခု ဖြစ်လေသည်။ တည်နေရာက တောမကျ မြို့မကျ ဖြစ်ပြီး အလွန် တိတ်ဆိတ်၍ သက်တာင့်သက်သာ ရှိသည်။ အိမ်ဈေးကလည်း မြို့လယ်ခေါင် လောက် မမြင့်ချေ။

မြို့လယ်ခေါင်မှ အိမ်တစ်လုံးသည် တိုက်ခန်းတစ်ခန်းလျင် ယွမ်တစ်သိန်းလောက် ကုန်ကျသည်။ ဤနေရာ၌ ယွမ် ခြောက်သောင်း၊ ခုနစ်သောင်းမျှသာ ရှိလေသည်။

သို့သော် လုံဟူရပ်ကွက်တွင် အားလုံးက လုံးခြင်းအိမ်များ ဖြစ်ပြီး တံတားငယ်များနှင့် ရေကန်အတွင်း စီးဆင်းနေသော ရေများ၊ အစိမ်းရောင် မြက်ခင်းများ ရှိပြီး လူဦးရေလည်း အတော် နည်းပါးသည်။ အတော်လေး ဆိတ်ငြိမ်သော နေရာဖြစ်သဖြင့် အနုပညာရှင် တော်တော်များများ နေကြသည်။

လုံခြုံရေးက ရှောင်ဖေးဖေးကို လှမ်းအတည်ပြုပြီးမှ ရဲ့လင်းချန်အား ဝင်ခွင့်ပေးသည်။ နေရာတစ်ခုလုံးသည် လူသွားလမ်းနှင့် ကားလမ်းအား သပ်သပ် ခွဲထားပေးသည်။ လမ်းတစ်လျှောက်တွင် ကျောက်ပြားဖြင့် ခင်းထားသော လူသွားလမ်း ရှိပြီး အချိန်နှင့်အမျှ လေညင်း တိုတ်ခတ်နေသဖြင့် အလွန် သက်တောင့်သက်သာ ရှိလှသည်။

*ငါ့အတွက် အိမ်တစ်လုံးလောက် ဝယ်ချင်လိုက်တာ*

ရဲ့လင်းချန်သည် သူ၏ အိမ်ဝယ်ရန် အစီအစဉ်အတွက် အပိုဘတ်ဂျတ် ထပ်ပေါင်းထည့်လိုက်သည်။

တိုက်ခန်း၌ နေခြင်းက ဆူညံပြီး လူထူထပ်သည်။ သူသည် စနစ် ရှိနေသော လူဖြစ်ပြီး အချိန်အတော်တော်များများ၌ အဆင်မပြေ ဖြစ်လောက်သည်။ လုံးချင်းအိမ်ဆိုလျင် သူ့အတွက် ပိုလွတ်လပ်ပေမည်။

သူ၏ လက်ရှိဝင်ငွေနှင့်ဆိုလျင် လုံဟူရပ်ကွက်က သူ တတ်နိုင်သည်ထက် ကျော်နေ၏။ သို့သော် သူ ပိုဈေးချိုသော နေရာကို ရှာနိုင်ပါသည်။

“လင်းချန် ဒီမှာ”

ထိုအခိုက်တွင် ရှောင်ဖေးဖေး၏ အသံ ထွက်ပေါ်လာသည်။ သူမသည် သစ်သားတံတားတစ်စင်းတွင် လှပစွာ ရပ်နေပြီး လေညင်းက သူမဆံနွယ်ကို တိုးဝှေ့တိုက်ခတ်နေကာ သူမက ရဲ့လင်းချန်ကို လက်လှမ်းပြနေ၏။

အစ်မလင်းက သူမဘေး၌ ရပ်နေသည်။ သစ်သားတံတားကို ဖြတ်လာပြီးနောက် ရှောင်ဖေးဖေး၏ အိမ်က ရေကန်နံဘေး၌ တည်ရှိသည်။

“ဝါး ... ချစ်ဖို့ကောင်းလိုက်တာ”

ရှောင်ဖေးဖေးသည် ရဲ့လင်းချန်၏ လက်မောင်းကြားထဲမှ ဝံပုလွေပေါက်လေးများကို ချက်ချင်း သတိထားမိသည်။ သူမ၏ မျက်လုံးများ အရောင်တောက်သွားပြီး ဝံပုလွေပေါက်လေးများကို ကြည့်ပြီး အရည်ပျော်ချင်လာသည်။

“နင်က အံ့ဩဖို့ကောင်းလိုက်တာ၊ ဒီဝံပုလွေပေါက်လေးကို ဘယ်လိုလုပ် ဒီလောက် ကောင်းကောင်း ဂရုစိုက် နိုင်တာလဲ”

အရင်အချိန်က ဝံပုလွေပေါက်လေးများသည် မျက်လုံးပင် မပွင့်သေးသည်ကို သူမ မှတ်မိပါသည်။ ထိုအခါက မွေးကင်းစအချိန် ဖြစ်ကောင်းဖြစ်နိုင်သည်။ သူတို့ အသက်မရှင်နိုင်မှာကိုပင် သူမ စိုးရိမ်ခဲ့သည်။

ထိုသို့ပြောပြီးနောက် သူမသည် ဖက်ရန် လက်ဆန့်လိုက်သည်။

“ဂီး”

မူလက ငြိမ်နေသော ဝံပုလွေပေါက်လေးများက ချက်ချင်း ခပ်တိုးတိုး မာန်ဖီကာ သွားများဖြဲ၍ ရှောင်ဖေးဖေးကို စိုက်ကြည့်လာသည်။

“ဖေးဖေး သတိထား၊ သူတို့က ဝံပုလွေတွေလေ၊ သူတို့ကို မထိနဲ့”

အစ်မလင်းက ချက်ချင်း မျက်နှာပျက်ကာ သတိပေးလာသည်။

“သူတို့က သူစိမ်းထိတာကို မကြိုက်ဘူး”

ရဲ့လင်းချန်က ပြုံး၍ ဝံပုလွေလေးများ၏ လည်ပင်းကို ပွတ်သပ်ပေးလေသည်။

“ကဲကဲ … သူက မင်းတို့ရဲ့ မေမေလေ၊ မင်းတို့ သူ့အပေါ် ရိုင်းလို့မရဘူးလေ”

*မေမေ*

ရှောင်ဖေးဖေး၏ မျက်နှာလေး နီမြန်းသွားပြီး ရဲ့လင်းချန်အား ခိုးကြည့်လိုက်သည်။ သူမက မေမေဆိုလျင် ရဲ့လင်းချန်က ဘာပါလိမ့်။ ဖေဖေလား။

*ငနာလေး ငါ့ကို အသားယူနေတယ်*

“အစ်မဖေးဖေး ပြန်စမ်းကြည့်ပါဦး”

ရဲ့လင်းချန်က ရှောင်ဖေးဖေး၏ အတွင်းစိတ်ကို မသိချေ။ သူက ပြုံး၍ ဝံပုလွေပေါက်လေးများကို ရှောင်ဖေးဖေးထံ ပေးလိုက်သည်။

“ဝိုး … တကယ် မာန်မဖီတော့ဘူးပဲ၊ လင်းချန် နင် သူတို့ကို ဘယ်လိုလေ့ကျင့်လိုက်တာလဲ”

ရှောင်ဖေးဖေး အံ့ဩနေကာ ဝံပုလွေလေး နှစ်ကောင်ကို ဖက်ထားပြီး ပြန်မချတော့ချေ။ ဝံပုလွေလေး နှစ်ကောင်ကလည်း အတော်လေး လိုက်လျောညီထွေ နေတတ်ကာ ရှောင်ဖေးဖေးအား ချစ်ခင်ကြောင်း ပြသနေသည်။ သူတို့က လျှာလေးထုတ်၍ ရှောင်ဖေးဖေး၏ လက်ကို လျက်နေသောကြောင့် ရှောင်ဖေးဖေး ရယ်မောလာသည်။

“ဟားဟား ကျွန်တော်က တိရစ္ဆာန် လေ့ကျင့်ရေးမှာ ဆရာတစ်ဆူပဲလေ၊ ပိုကောင်းတာတွေ ရှိသေးတယ်”

ရဲ့လင်းချန်က ကြွားလုံးထုတ်ရန် တွေးလိုက်မိသည်။

“သူတို့ကို အောက်ချလိုက်”

ရှောင်ဖေးဖေးက သူ့စကားအတိုင်း ဝံပုလွေလေးများကို မြေကြီးပေါ် ချလိုက်သည်။

“အခု သေချာ ကြည့်ထားနော်”

ရဲ့လင်းချန် ပြုံးလိုက်သည်။

“ရှောင်ချင် လှဲပြီး သေချင်ယောင်ဆောင်လိုက်”

အစိမ်းရောင် ဝံပုလွေလေးက ချက်ချင်း မြေကြီးပေါ် လှဲကာ မျက်လုံးမှိတ်၍ ဘာအသံမှ မထွက်တော့ချေ။

“ရှောင်ဟွေ လှိမ့်လိုက်”

မီးခိုးရောင် ဝံပုလွေလေးကလည်း မြေကြီးပေါ် စတင်၍ လူးလိမ့်ပြသည်။

“ထိုင်”

ရှောင်ချင်နှင့် ရှောင်ဟွေသည် မြေကြီးပေါ် လှဲနေရာမှထကာ ရဲ့လင်းချန်ရှေ့၌ လိမ်လိမ်မာမာ ထိုင်လာသည်။

“ဝိုး….”

ရှောင်ဖေးဖေး ပါးစပ်လေးဟနေပြီး နှုတ်ခမ်းက အိုပုံစံ ဖြစ်နေသည်။ အံ့ဩလွန်း၍ စကားပင် မပြောနိုင်ချေ။ အစ်မလင်းသည်လည်း မျက်လုံးပြူးကာ ဝံပုလွေလေး နှစ်ကောင်အား မယုံနိုင်သလို ကြည့်နေ၏။

*ဒါ အရမ်း အံ့ဩဖို့ ကောင်းလိုက်တာ*

All Chapters