အခန်း (၄၇၅-၄၇၇)
Vol. 32 Ch. 475-477
Chapter 475: မတွေ့တာ ကြာပြီနော်
ငါးရက်ကြာပြီးနောက်။
ရှန်မိုသည် 'ရာကျော်သန့်စင် မီးလျှံဝိညာဉ်' နှစ်ခုကို သန့်စင်ပြီး 'ကြာစိမ်းနှလုံးသား မီးလျှံ' ကို ဝါးမြိုစုပ်ယူစေလိုက်သည်။ ထို့နောက် ထုံးစံအတိုင်း အခြေစိုက်စခန်းအတွင်း အေးအေးလူလူ လမ်းလျှောက်ထွက်ခဲ့၏။ ကျင့်ကြံခြင်းဆိုသည်မှာ တင်းလိုက်လျော့လိုက် ရှိနေရမည် ဖြစ်သည်။ သို့မဟုတ်ပါက မိမိကိုယ်ကိုယ်နှင့်ရော ဤကမ္ဘာလောကနှင့်ပါ သဟဇာတမဖြစ်ဘဲ လမ်းလွဲသွားရန် အလွန်လွယ်ကူလှသည်။ ထိုစဉ်မှာပင် အခြေစိုက်စခန်း၏ အဝင်ဝသို့ အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာသည်ကို ရုတ်တရက် မြင်လိုက်ရသည်။ ဝမ်ရှင်းအန်းမှ လူအချို့နှင့်အတူ သူတို့ကို ကြိုဆိုရန် ထွက်လာ၏။ သူတို့၏ ဝတ်စုံများကို ကြည့်ခြင်းအားဖြင့် တောင်ဘက်အာဂန္တုငှက်ခံတပ်မှ နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်များ ဖြစ်ကြောင်း သိနိုင်သည်။ သူ့စိတ်ထဲတွင် သတင်းအချက်အလက်အချို့ ပေါ်လာ၏။
လွန်ခဲ့သော နှစ်လခန့်ကမှ တောင်ဘက်အာဂန္တုငှက်ခံတပ်သည် အခက်အခဲများစွာကို ကျော်ဖြတ်ပြီး သူတို့၏ ကိုယ်ပိုင်အခြေစိုက်စခန်းကို နောက်ဆုံးတွင် တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ မြောက်ဘက်လိပ်နက် ၊ အရှေ့ဘက်နဂါးပြာ နှင့် အနောက်ဘက်ကျားဖြူ ခံတပ်များမှ နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်များသာ ဝိုင်းဝန်းကူညီခြင်း မရှိခဲ့လျှင် ထိုအခြေစိုက်စခန်း ပြီးစီးရန်မှာ ယခုထက်ပင် ပို၍ ကြန့်ကြာနေဦးမည် ဖြစ်သည်။ အမှန်စင်စစ် တောင်ဘက်အာဂန္တုငှက်ခံတပ်သည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က ကြီးမားသော ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ခဲ့ရဖူးသည်။ ထိုစဉ်က ခံတပ်၏ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး 'ကျူးရွှမ်ကျီ' ပင်လျှင် ထိုဖြစ်ရပ်ကြောင့် အသက်ဆုံးရှုံးခဲ့ရ၏။ ထိုအချိန်မှစ၍ ခံတပ်မှာ ပြန်လည်နာလန်မထူနိုင်တော့ဘဲ ခံတပ်ဆယ်ခုအနက် အားအနည်းဆုံး ဖြစ်သွားခဲ့ရခြင်းမှာ ဝမ်းနည်းစရာ လက်တွေ့ဘဝတစ်ခုပင်။
ရှန်မို ထွက်ခွာသွားရန် ပြင်လိုက်သည်။ လူမှုရေးကိစ္စများတွင် သူက သိပ်ဝါသနာမပါသလို ထိုသို့သောကိစ္စများအတွက် အချိန်မဖြုန်းချင်ပေ။ သို့သော် သူ၏ မျက်လုံးထောင့်မှနေ၍ အေးစက်ပြီး ချောမောသော ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။
"ဟင်… ရင်းနှီးနေတဲ့ လူတစ်ယောက်ပါလား"
"သူလည်းပဲ ကောင်းကင်ဘုံတာအိုရဲ့ ခေါ်ယူခြင်း ခံရတာလား"
ရှန်မို စိတ်ဝင်စားမှု ချက်ချင်း မြင့်တက်သွားသည်။ ထိုနာမည်ကို သူ မသိဘဲ မနေပေ။
ယဲ့ယန်။
တစ်ချိန်က ကျောက်စိမ်းဂိုဏ်း၏ ပါရမီရှင်တပည့်တစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ဂိုဏ်းကိုသစ္စာဖောက်ကာ နတ်ဆိုးတစ်သောင်းနယ်မြေသို့ ဝင်ရောက်ခဲ့ပြီး နတ်ဆိုးဧကရာဇ် ကုမင်၏ မင်းသားများအနက် တစ်ဦးပင် ဖြစ်လာခဲ့ဖူးသည်။ ထိုနှစ်က ရှန်မိုနှင့် ကုမင်တို့ အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲစဉ်တွင် သူ မင်းသားအားလုံးထံမှ အနှစ်သာရသွေးများကို အတင်းအဓမ္မ ထုတ်ယူခဲ့သဖြင့် မင်းသားအားလုံးနီးပါး သေဆုံးခဲ့ရသည်။ ထိုစဉ်ကပင် ရှန်မို့အနေဖြင့် ယဲ့ယန်မှာ ပါးနပ်ပြီး ကံကောင်းသူဖြစ်၍ နတ်ဆိုးဧကရာဇ်၏ အနှစ်သာရသွေး ကိစ္စတွင် တစ်ခုခုလွဲနေသည်ကို သတိပြုမိပြီး အသက်ရှင်ရန် လမ်းစရှာတွေ့လိမ့်မည်ဟု ထင်ခဲ့မိသည်။
အမှန်ပင် သူ၏ ခန့်မှန်းချက် မှန်ကန်ခဲ့သည်။ ယဲ့ယန်သည် အသက်ရှင်ခဲ့ရုံသာမက မည်သို့မည်ပုံကြောင့်မှန်းမသိ 'နတ်ဆိုး ပင်လယ်' သို့ ရောက်ရှိလာပြီး တောင်ဘက်အာဂန္တုငှက်ခံတပ်၏ နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်တစ်ဦး ဖြစ်နေခဲ့သည်။
"အလွန်အမင်း ကံကောင်းတဲ့ ကျင့်ကြံသူအချို့ဟာ သမုဒ္ဒရာကို ဖြတ်ကျော်ရင်း 'ပင်လယ်မျက်စိ' တွေနဲ့ ကြုံတွေ့ရပြီး အဝေးက မရင်းနှီးတဲ့ နယ်မြေတွေဆီကို ရောက်သွားတတ်ကြတယ်လို့ ဆိုကြတယ်"
"ယဲ့ယန်ရဲ့ ကံကြမ္မာနဲ့ဆိုရင် ပင်လယ်မျက်စိတစ်ခုကို ရှာတွေ့ခဲ့တယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူး"
ရှန်မို အနည်းငယ် ပြုံးလိုက်မိသည်။ ဤအတောအတွင်း ယဲ့ယန် ဘာတွေကြုံတွေ့ခဲ့ရမည်ကို သူ ယေဘုယျအားဖြင့် ခန့်မှန်းမိသည်။
"အင်း… ရှန်မို… မင်းလည်း ဒီမှာ ရှိနေတာပဲ”
"အတော်ပဲ… ဒီကိုလာပြီး အားလုံးနဲ့ မိတ်ဆက်ပေးမယ်"
"သူတို့က တောင်ဘက်အာဂန္တုငှက်ခံတပ်က နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်တွေပဲ… သူတို့ အခြေစိုက်စခန်းမှာ မကြာခင်က ငလျင်လှုပ်သွားလို့ ငါတို့ဆီမှာရော အဲဒီလိုမျိုး ကြုံရတာရှိလားဆိုတာ လာမေးကြတာ"
ဝမ်ရှင်းအန်းမှာ ရှန်မိုကို မြင်လိုက်ရသဖြင့် အလွန်ဝမ်းသာသွားပြီး အတင်းဆွဲခေါ်သွားသည်။ ထို့နောက် တစ်ယောက်ချင်းစီကိုပင် မိတ်ဆက်ပေးလိုက်၏။
"ဒါကတော့ တောင်ဘက် ၄၁ ခုမြောက် အခြေစိုက်စခန်းရဲ့ ခေါင်းဆောင်… တပ်မှူး ချန်ယုံဖိန်ပဲ"
"ဒါတွေကတော့ သူ အယုံကြည်ရဆုံး လက်အောက်ငယ်သားတွေပေါ့"
ဝမ်ရှင်းအန်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရှန်မို ထိုလူကို ကြည့်လိုက်ရာ ချန်ယုံဖိန်သည် သာမန်ရုပ်ရည်ရှိသော လူလတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် အသားညိုပြီး ကြံ့ခိုင်သော ကိုယ်လုံးကိုယ်ပေါက် ရှိ၏။ ပထမတစ်ချက် ကြည့်လိုက်လျှင် သူ့ကို လယ်သမားတစ်ဦးဟုပင် မှားယွင်းထင်မှတ်သွားနိုင်သည်။ သို့သော် သေချာကြည့်လျှင်မူ သူ၏ မျက်လုံးများအတွင်းမှ စူးရှသော အလင်းတန်းနှင့် အရေပြားအောက်ရှိ တင်းမာနေသော ကြွက်သားများကို သတိပြုမိပေလိမ့်မည်။ သူသည် အထွတ်အထိပ် သူတော်စင်အဆင့်ရှိ အစွမ်းထက်သော ပညာရှင်တစ်ဦးဖြစ်ကြောင်း ထင်ရှားလှ၏။ ဝမ်ရှင်းအန်း၏ မိတ်ဆက်ပေးမှုကို ကြားပြီးနောက် ချန်ယုံဖိန်မှာ အံ့အားသင့်သွားခြင်းကို မဖုံးကွယ်နိုင်တော့ပေ။ သူက ရှန်မိုကို အပေါ်အောက် အကဲခတ်ကြည့်ပြီးနောက် လေးစားအားကျစွာဖြင့် ပြောလိုက်သည်။ "ကမ္ဘာ့အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးမှာ စိုးမိုးထားတဲ့ ရှန်မိုဆိုတဲ့ နာမည်ကို ကြားဖူးတာ ကြာပါပြီ… ဒီလောက်အထိ ငယ်ရွယ်လိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး"
"မင်းရဲ့ အသက်က... အခုထိ တစ်ရာတောင် မပြည့်သေးဘူး မဟုတ်လား”
နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးသည် အသက် သုံးထောင်အထိ နေထိုင်နိုင်သည်။ နတ်ဘုရားနန်းတော် နှင့် ရုပ်လုံးပေါ်လာခြင်းအဆင့် ရှိသူများမှာမူ သက်တမ်း လေးငါးထောင်အထိ ရှိကြသည်။ ဥပမာအားဖြင့် ချန်ယုံဖိန်သည် တောင်ဘက်အာဂန္တုငှက်ခံတပ်၌ အမှုထမ်းနေသည်မှာ နှစ်ပေါင်း နှစ်ထောင်ကျော်ပြီဖြစ်ရာ သူ မျိုးဆက်ဟောင်းတစ်ဦးပင် ဖြစ်နေပြီဖြစ်၏။ ရှန်မိုကဲ့သို့ ငယ်ရွယ်သူတစ်ဦးမှ ဤမျှမြင့်မားသော အဆင့်သို့ ရောက်ရှိနေခြင်းမှာ သူ၏အမြင်တွင် မယုံနိုင်စရာပင်။ ရှန်မို ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ် တပ်မှူးချန်"
ချန်ယုံဖိန် အံ့သြတကြီးဖြင့်
"ဝမ်ကြီး... ဒီလောက် ငယ်ရွယ်တဲ့ တပ်မှူးရှန်သာ ငါတို့ တောင်ဘက်အာဂန္တုငှက်ခံတပ်ကို လာမယ်ဆိုရင်တော့ တကယ့်ကို အကျိုးရှိမှာပဲ"
သူ မျက်စိတစ်ချက်မှိတ်ပြပြီး
"စစ်သူကြီးကျန်းကို ငါ့အတွက် စကားလေးတစ်ခွန်းလောက် ပါးပေးလို့မရဘူးလား… သူ့ကို လွှတ်ပေးနိုင်မလားလို့လေ"
ဝမ်ရှင်းအန်း နှာခေါင်းရှုံ့လိုက်ရင်း
"လွှတ်ပေးရမယ်လား… မင်း အိပ်မက်မက်နေလိုက်”
"ရှန်မိုက ငါတို့ မြောက်ဘက်ရွှေ့ဝူခံတပ်ရဲ့ ဂုဏ်ဆောင်ပဲ!"
သူ တိုးတိုးလေး ရယ်မောရင်း ပြောလိုက်သည်။
"တကယ်တော့ ကျန်းအိုကြီးက သူ့ကို နောက်ထပ် ခံတပ်အရှင်အဖြစ် ခန့်အပ်ဖို့တောင် စီစဉ်နေတာ”
ချန်ယုံဖိန် အံ့သြတကြီး ရေရွတ်မိသွားပြီး ချက်ချင်းပင် ခါးခါးသီးသီး ရယ်မောလိုက်သည်။
"နှမြောစရာပဲ… ဒါပေမဲ့လည်း သူက ငါတို့ လူသားမျိုးနွယ်ထဲက ဖြစ်နေသရွေ့ ဘယ်ခံတပ်မှာပဲရှိရှိ ငါတို့အတွက် အောင်ပွဲပါပဲ"
သူ ရှန်မိုကို လက်မထောင်ပြပြီး
"လူငယ်လေး… မင်းအပေါ် ငါ တကယ် မျှော်လင့်ချက်ကြီးကြီး ထားပါတယ်”
ရှန်မိုလည်း ပြုံးပြီး ခေါင်းငြိမ့်ပြ၏။
"ကျေးဇူးတင်ပါတယ် တပ်မှူးချန်"
ချန်ယုံဖိန် ကျယ်လောင်စွာ ရယ်လိုက်ပြီး
"ဟုတ်ပြီ… ဒါနဲ့ ငါတို့ တောင်ဘက်အာဂန္တုငှက်ခံတပ်မှာလည်း ပါရမီရှင်တစ်ယောက် ရှိတယ်… ဟော ဟိုမှာ ကြည့်!"
သူ နောက်ကွယ်ရှိ အေးစက်ပြီး ချောမောသော လူငယ်ကို ညွှန်ပြလိုက်သည်။
"ယဲ့ယန်… သူက သိမ်မွေ့နက်နဲခြင်းအဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက် တစ်ယောက်၊ ကောင်းကင်ဘုံ မီးလျှံကို ပိုင်ဆိုင်ထားတဲ့ ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ပဲ!"
ဝမ်ရှင်းအန်း အံ့သြတကြီး ရေရွတ်မိ၏။
"ကောင်းကင်ဘုံ မီးလျှံလား… တကယ့်ကို အထင်ကြီးစရာပဲ… ငါတို့ လူသားမျိုးနွယ်ထဲက ဒီလိုအရာမျိုးကို ထိန်းချုပ်နိုင်တဲ့ ပါရမီရှင် ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ချန်ယုံဖိန် ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည်။ ယဲ့ယန်မှာ ချီးကျူးစကားပြောခြင်းခံရသဖြင့် သူလည်း မျက်နှာပွင့်သွားခြင်း ဖြစ်သည်။
"ဟင်… ယဲ့ယန်… မင်းရဲ့ မျက်နှာက သိပ်မကောင်းလှပါလား"
ချန်ယုံဖိန်မှာ ယဲ့ယန်၏ ဖြူဖျော့နေသော မျက်နှာကို သတိပြုမိပြီး မေးလိုက်သည်။ သူ အတင်းအကျပ် ရယ်မောလိုက်ရင်း
"ကျွန်တော် တပ်မှူးရှန်ကို လူကိုယ်တိုင် တွေ့လိုက်ရလို့ နည်းနည်း စိတ်လှုပ်ရှားသွားတာပါ"
ချန်ယုံဖိန် ရယ်မောလျက်
"မစိုးရိမ်ပါနဲ့… ပါရမီရှင်အချင်းချင်း အားကျလေးစားကြတာက သဘာဝပါပဲ"
"ဒီလိုလုပ်ရအောင်… ငါနဲ့ ဝမ်ကြီးက အရေးကြီးတဲ့ ကိစ္စတွေ ဆွေးနွေးဖို့ရှိတယ်… မင်း တပ်မှူးရှန်နဲ့ ခဏနေခဲ့ဦး… သူ့ဆီကနေ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး တစ်ခုခု သင်ယူနိုင်မှာပါ"
ယဲ့ယန်လုံးသားမှာ ထိတ်ခနဲ ဖြစ်သွားသည်။
"ဒါ... ဒါက သိပ်မသင့်တော်ဘူးထင်တယ်... တပ်မှူးရှန်လည်း ကျင့်ကြံဖို့ အလုပ်ရှုပ်နေမှာပါ..."
သို့သော် ချန်ယုံဖိန်ကမူ ဝမ်ရှင်းအန်းနှင့်အတူ ထွက်ခွာသွားပြီ ဖြစ်၏။
ယဲ့ယန်ဘေးမှ ဖြတ်သွားစဉ် သူတို့နှစ်ဦးသာ ကြားနိုင်သည့် အသံဖြင့် တိုးတိုးလေး ပြောခဲ့သေးသည်။
"ဒီအခွင့်အရေးကို လက်မလွှတ်နဲ့နော်… တိမ်တိုက်သင်္ဘော ပုံစံသစ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရအောင် စုံစမ်းကြည့်လိုက်”
ယဲ့ယန်မှာ အလွန်တရာ စိတ်ပျက်အားငယ်နေသော အမူအရာ ဖြစ်သွားသည်။
ရှန်မိုဆီကနေ သတင်းအချက်အလက် ယူရမယ်လား။ ကျွန်တော့်ကို သတ်လိုက်တာကမှ ပိုမြန်ပါဦးမယ်။
ချန်ယုံဖိန်နှင့် အခြားသူများ အဝေးသို့ ရောက်သွားသောအခါ ရှန်မို နောက်ဆုံးတွင် ယဲ့ယန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး ခပ်ပြုံးပြုံးဖြင့်
"ခွဲခွာခဲ့ရတာ တော်တော်ကြာသွားပြီပဲ"
"မင်းကို ကျောက်စိမ်းဂိုဏ်းက ကျင့်ကြံသူယဲ့ လို့ ခေါ်ရမလား... ဒါမှမဟုတ် နတ်ဆိုးတစ်သောင်းနယ်မြေက '၁၁ ယောက်မြောက် မင်းသား' လို့ ခေါ်ရမလား"
ယဲ့ယန်စိတ်ထဲတွင် ခါးသီးသော အရသာတစ်ခု ပျံ့နှံ့သွားသည်။
ထင်ထားသည့်အတိုင်းပင်။
ရှန်မိုမှာ အရာအားလုံးကို သိနေသည်။ သူ လူသားမျိုးနွယ်ကို သစ္စာဖောက်ပြီး နတ်ဆိုးနယ်မြေသို့ ဝင်ရောက်ကာ ကုမင် ၁၁ ယောက်မြောက် မင်းသား ဖြစ်ခဲ့သည်ဆိုသည့် အချက်အပါအဝင်ပင်။
တောင်ဘက်အာဂန္တုငှက်ခံတပ်ကို ပထမဆုံး ရောက်ရှိလာပြီး ရှန်မိုဆိုသည့် နာမည်ကို ကြားလိုက်ရစဉ်ကပင် သူ ထိတ်လန့်သွားခဲ့၏။ သို့သော် ဤရှန်မိုမှာ နာမည်တူ လူတစ်ဦးသာ ဖြစ်လိမ့်မည်ဟု သူ အမြဲယုံကြည်ခဲ့သည်။ သူသိထားသော ရှန်မိုမှာ ကျင့်ကြံမှု မြန်ဆန်လျှင်တောင်မှ ယခုကဲ့သို့ ထိတ်လန့်စရာကောင်းသော အဆင့်သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သူသိသော ရှန်မိုမှာ ဆေးဖော်စပ်သူတစ်ဦးသာ ဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အင်ဂျင်နီယာအတတ်ကို ကျွမ်းကျင်သူ မဟုတ်ပေ။
သူက ဘယ်လိုလုပ် တိမ်တိုက်သင်္ဘော ပုံစံသစ်ကို ဒီဇိုင်းထုတ်ပြီး အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးကို ရောက်နေမှာလဲ။
သို့သော် ယခုမူ ထိုရင်းနှီးသော မျက်နှာကို လူကိုယ်တိုင် တွေ့လိုက်ရသောအခါမှ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ ဤရှန်မိုမှာ ထိုရှန်မိုပင် ဖြစ်သည်။
ယဲ့ယန် အတင်းဟန်ဆောင်ကာ ထပ်မံပြုံးပြလိုက်သည်။
“ခေါင်းဆောင်ငယ်ရှန်... အဲဒီတုန်းက ကျွန်တော်က နတ်ဆိုးမျိုးနွယ်ရဲ့ စွမ်းအားတွေကြောင့် လမ်းမှားရောက်သွားပြီး နတ်ဆိုးနိုင်ငံတော်ထဲကို ရောက်သွားခဲ့တာပါ"
"ဒါပေမဲ့ အခုတော့ ကျွန်တော် နောင်တရပြီး သတိပြန်ဝင်လာပါပြီ… ဒါကြောင့်လည်း နတ်ဆိုး ပင်လယ်ကို လာခဲ့ပြီး နတ်ဆိုးတွေကို တိုက်ခိုက်ဖို့ တောင်ဘက်အာဂန္တုငှက်ခံတပ်ကို ဝင်ခဲ့တာပါ"
"ကျွန်တော် အခုတလောမှာ ကုသိုလ်အမှတ်တွေ အများကြီး စုဆောင်းထားပါတယ်… အကယ်၍ ခေါင်းဆောင်ငယ် တစ်ခုခု လိုအပ်တယ်ဆိုရင် ကျွန်တော် ဆောင်ရွက်ပေးဖို့ အဆင်သင့်ပါပဲ"
"ကျွန်တော် ဘာမဆို အစွမ်းကုန် လုပ်ပါ့မယ်… ဘာမှ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး”
ရှန်မို ဘာမှပြန်မပြောဘဲ ပြုံးနေလိုက်သည်။ ယဲ့ယန်၏ လူသားမျိုးနွယ်အပေါ် သစ္စာဖောက်မှုနှင့် နတ်ဆိုးမျိုးနွယ်ထံ ဝင်ရောက်ခဲ့မှုကို လောလောဆယ် ဖော်ထုတ်ရန် သူ ရည်ရွယ်ချက် မရှိသေးပေ။
အခုချက်ချင်း ဖော်ထုတ်လိုက်လျှင် ဘယ်လိုလုပ်ပြီး အကျိုးအမြတ်များ ညှစ်ထုတ်လို့ ရတော့မည်နည်း။
ဤကဲ့သို့ ဆူဖြိုးသော သိုးတစ်ကောင်မှာ သူ့ခြေထောက်ပေါ် သူ လျှောက်လာခြင်းကိုပင် အမွှေး သေချာမရိတ်လိုက်ရပါက ဒါဟာ အမှန်ပင် နှမြောစရာကောင်းသည့် ဖြုန်းတီးမှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။
Chapter 476: ရတနာအသစ်များ ရှာဖွေခြင်း
ရှန်မိုတစ်ယောက် ယဲ့ယန်ကို စတင်တွေ့လိုက်ရသည့် အခိုက်အတန့်မှာပင် တစ်ဖက်လူ၏ ကံကြမ္မာစနစ်ကို မြင်လိုက်ရသည်။
[နောင်လာမည့် အခွင့်အရေး ၁- တစ်ရက်အကြာတွင် ပတ်ဝန်းကျင်ကို ကင်းလှည့်နေစဉ်အတွင်း နတ်ဆိုးအခြေစိုက်စခန်းငယ်တစ်ခုကို ရှာဖွေတွေ့ရှိမည်။ ၎င်းကို ဖျက်ဆီးပြီးနောက် ထိုစခန်း၌ ရှေးဟောင်းရုပ်တုတစ်ခုကို ကိုးကွယ်ထားကြောင်း တွေ့ရလိမ့်မည်။ ထိုရုပ်တုကို ခွဲလိုက်ပါက 'ထောင်စုနှစ် မိုးပြာရောင် လျှပ်စီးကြာပန်း' တစ်ပွင့် ရရှိမည်။]
[နောင်လာမည့် အခွင့်အရေး ၂- လဝက်အကြာတွင် တောင်ဘက်အာဂန္တုငှက်ခံတပ်မှ နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်များနှင့်အတူ ကင်းလှည့်နေစဉ် အထွတ်အထိပ် စစ်မှန်သော နတ်ဆိုးသခင် အများအပြား၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံရမည်။ အင်အားချင်းမမျှသဖြင့် သူသည် ရဲဘော်များကို စွန့်ပစ်ကာ တစ်ယောက်တည်း ထွက်ပြေးမည်။ ထွက်ပြေးနေစဉ်အတွင်း မြေအောက်လိုဏ်ဂူတစ်ခုထဲသို့ မတော်တဆ ပြုတ်ကျသွားပြီး ထိုနေရာတွင် 'မသေနိုင်သောမြစ် စီးဆင်းမှုပုံရိပ်' ထွင်းထုထားသည့် ရတနာမှန်တစ်ချပ်ကို တွေ့ရှိမည်။ နောက်ဆုံးတွင် ထိုမှန်၏ ကျန်ရှိသော စွမ်းအားကို အသုံးပြု၍ အထွတ်အထိပ် စစ်မှန်သော နတ်ဆိုးသခင်များကို ပြန်လည်သတ်ဖြတ်ကာ ရတနာကြီးနှင့်အတူ လွတ်မြောက်သွားမည်။]
[နောင်လာမည့် အခွင့်အရေး ၃- တစ်လအကြာတွင် အရှေ့ဘက်နဂါးပြာနှင့် အနောက်ဘက်ကျားဖြူခံတပ်များ၏ ဖိတ်ကြားချက်အရ ပျက်ကျနေသော ရှေးဟောင်းစစ်လက်နက်ကြီးတစ်ခုကို တူးဖော်ရန် အရှေ့တောင်ဘက်သို့ ခရီးထွက်မည်။ တူးဖော်နေစဉ်အတွင်း 'သောင်းစုနှစ် ပင်လယ်နက် နဂါးဂျင်ဆင်း' တစ်ပိုင်းကို မတော်တဆတွေ့ရှိပြီး ကိုယ်ပိုင်အဖြစ် သိမ်းပိုက်မည်။ ထို့အပြင် ထိုရှေးဟောင်းလက်နက်၏ တည်ဆောက်ပုံဒီဇိုင်းများကိုလည်း တွေ့ရှိလိမ့်မည် ဖြစ်သော်လည်း ဤနယ်ပယ်တွင် နားလည်နိုင်စွမ်း အကန့်အသတ်ရှိသဖြင့် ၎င်းတို့ကို သဘောပေါက်လိမ့်မည် မဟုတ်ပေ။]
[နောင်လာမည့် အခွင့်အရေး ၄- နှစ်လအကြာတွင် နောက်ထပ်ကင်းလှည့်မှုတစ်ခု၌ နတ်ဆိုးမျိုးနွယ်၏ လျှို့ဝှက်စစ်အင်အား စုဆောင်းမှုကို မရည်ရွယ်ဘဲ ရှာဖွေတွေ့ရှိမည်။ အခြေအနေမကောင်းကြောင်း အာရုံခံမိသဖြင့် တောင်ဘက် ၄၁ ခုမြောက် အခြေစိုက်စခန်းကို နတ်ဆိုးများ ဝိုင်းရံခြင်းမခံရမီမှာပင် ကြိုတင်ထွက်ခွာသွားပြီး သူပြင်ဆင်ထားသော မြေအောက်လိုဏ်ဂူတွင် ပုန်းအောင်းနေမည် ဖြစ်ရာ တိုက်ပွဲမှ အထိအခိုက်မရှိ လွတ်မြောက်မည်။ တိုက်ပွဲအပြီးခါနီးတွင် ပုန်းအောင်းရာမှ ထွက်လာပြီး ကျန်ရှိနေသော ရန်သူများကို ရှင်းလင်းကာ နတ်ဆိုးမျိုးနွယ်ကို အပြင်းအထန် ထိုးနှက်ချက်ပေးနိုင်သဖြင့် တောင်ဘက်အာဂန္တုငှက်ခံတပ် နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်များ၏ ဂုဏ်ဆောင် ဖြစ်လာမည်။]
[နောင်လာမည့် အခွင့်အရေး ၅- ...]
ဤကံကြမ္မာကောင်းများကို ဖတ်ရှုပြီးနောက် ရှန်မို အံ့သဩတကြီးဖြစ်နေသည်။ ယဲ့ယန်အပေါ်ထားရှိသော သူ၏ အကြည့်မှာ ရုတ်တရက်ပင် တန်ဖိုးထား မြတ်နိုးသောအကြည့်သို့ ပြောင်းလဲသွား၏။ ၎င်းမှာ လူချင်းမတွေ့ရသည်မှာ ကြာပြီဖြစ်သော ဆွေမျိုးရင်းချာတစ်ယောက်ကို ကြည့်နေသည့်အလားပင်။ ထိုအကြည့်ကြောင့် ယဲ့ယန်၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။
"ဒီအကြည့်ကြီး ထပ်လာပြန်ပြီ..."
"သူ ငါ့ဆီက တစ်ခုခုကို ယူတော့မယ့်အတိုင်းပဲ… အဲဒါက ဘာလဲဆိုတာတော့ မသိဘူး..."
ယဲ့ယန်၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာတွင် "ရှန်မို" ဟု အမည်ရသော အရိပ်မည်းကြီးတစ်ခုမှာ စတင်လှုပ်ရှားကာ အမြစ်တွယ်လာတော့သည်။
"မင်း ငါ့ကို ခစားနေဖို့ မလိုပါဘူး"
ရှန်မို တည်ငြိမ်သော အပြုံးဖြင့် ပြောလိုက်သည်။
"မင်းရဲ့ နှလုံးသားက လူသားမျိုးနွယ်ဘက်မှာ ရှိနေသရွေ့နဲ့ နတ်ဆိုးတွေကို တိုက်ထုတ်နေသရွေ့တော့ မင်းအရင်က လုပ်ခဲ့တာတွေကို ငါ ဖွင့်ချမှာ မဟုတ်ဘူး"
ယဲ့ယန် နောက်ဆုံးတွင် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ငယ်"
ရှန်မို လက်ကာပြလိုက်ပြီး
"အခုတော့ ငါက နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက် တစ်ယောက်ပါပဲ"
ယဲ့ယန် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ရိုသေစွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် တပ်မှူးရှန်"
ရှန်မိုက ခေါင်းငြိမ့်ပြသည်။
"မင်း လုပ်စရာရှိတာ သွားလုပ်တော့"
ထို့နောက် သူလည်း လှည့်ထွက်သွားတော့၏။
ယဲ့ယန်သည် ထွက်ခွာသွားသော ရှန်မို့ ကျောပြင်ကို ကြည့်ကာ မှင်တက်ကျန်ရစ်ခဲ့၏။ သူ အတိတ်ကကိစ္စကို လက်ကိုင်ထားပြီး ခြိမ်းခြောက်ငွေညှစ်လိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်းဖြစ်သည်။ ရှန်မို၏ ဂုဏ်သတင်းနှင့်ဆိုလျှင် သူပြောသမျှကို ယုံမည့်သူ အများကြီးရှိသည်။ ရှန်မို၏ စကားတစ်ခွန်းတည်းနှင့်ပင် ယဲ့ယန်မှာ လူအများ၏ စွန့်ပစ်ခြင်းကို ခံရမည်ဖြစ်ပြီး တောင်ဘက်အာဂန္တုငှက်ခံတပ်၌ ဆက်နေနိုင်တော့မည် မဟုတ်ပေ။ သူ အဖိုးအခကြီးကြီးပေးရန် ကြိုတင်ပြင်ဆင်ထားခဲ့၏။ ရှန်မိုမှ သူ၏အသက်ကိုသာ မတောင်းဆိုလျှင် ကျန်တာ ဘာမဆိုပေးရန် ဆုံးဖြတ်ထားခဲ့လေသည်။
သို့သော် ယခုမူ... ဘာမှ ဖြစ်မလာခဲ့ဘူးလား။
"ရှန်မိုက တကယ်ပဲ စိတ်သဘောထားကြီးပြီး သည်းခံတတ်တဲ့လူမျိုး ဖြစ်နေတာလား"
ယဲ့ယန်၏ စိတ်ထဲတွင် သံသယဖြစ်မိသည်။
"ဘာပဲဖြစ်ဖြစ် သူက ငါ့ဆီက ဘာရတနာမှ မတောင်းဘူးဆိုတော့ ဒါဟာ ကောင်းတဲ့ရလဒ်ပဲ"
သူ သက်ပြင်းအရှည်ကြီး ချလိုက်ပြီး အလျင်အမြန် ထွက်ခွာသွားတော့သည်။ ရှန်မို၏ အနားတွင်ရှိနေရသော ဖိအားမှာ အလွန်ပြင်းထန်လှ၏။ စောစောထွက်သွားခြင်းက အကောင်းဆုံးပင်။
အခြားတစ်ဖက်တွင်မူ။
ရှန်မိုသည် တစ်စက္ကန့်မျှပင် အချိန်မဆွဲဘဲ ချက်ချင်း ရုပ်ဖျက်လိုက်ပြီး မြောက်ဘက် ရွှေ့ဝူ-၄၁ အခြေစိုက်စခန်းမှ ထွက်ခွာခဲ့သည်။
ထောင်စုနှစ် မိုးပြာရောင် လျှပ်စီးကြာပန်း!
မသေနိုင်သောမြစ် စီးဆင်းမှုပုံရိပ်!
သောင်းစုနှစ် ပင်လယ်နက် နဂါးဂျင်ဆင်း!
ဤအရာများသည် လူအများစု ဆယ်သက်စာ ကျင့်ကြံလျှင်ပင် မရနိုင်သော ထူးခြားသည့် ကံကြမ္မာများ ဖြစ်ကြသည်။ သို့သော် ဤအရာအားလုံးက ယဲ့ယန်၏ လက်ထဲသို့ ရောက်တော့မည်တဲ့လား။ အနီရောင်အဆင့် ကံကြမ္မာပိုင်ရှင် "ကံကြမ္မာ၏ သားတော်" ဆိုသည့်အတိုင်းပင်။ ယဲ့ယန်၏ စရိုက်အပေါ် ရှန်မို မည်မျှပင် ရွံရှာသည်ဖြစ်စေ တစ်ခုတော့ ဝန်ခံရမည်။ ယဲ့ယန်၏ ကံကြမ္မာမှာ ပို၍ပင် အားကောင်းလာနေခြင်း ဖြစ်၏။
နာရီဝက်အကြာတွင်...
ရှန်မို နတ်ဆိုးအခြေစိုက်စခန်းငယ်ကို ရှာဖွေတွေ့ရှိသွားသည်။ ထို့နောက် ၎င်းကို အလွယ်တကူပင် အမြစ်ပြတ် ချေမှုန်းလိုက်၏။ အခြေစိုက်စခန်း၏ အလယ်ဗဟိုတွင် ပေ ၅၀ ခန့် ကျော် မြင့်သော ထူးဆန်းသည့် ရုပ်တုတစ်ခု ရှိသည်။ ၎င်း၏ အောက်ခြေတွင် နတ်ဆိုးများ ပူဇော်ထားသော အသားခြောက်များနှင့် အရိုးများကို တွေ့ရသည်။ နတ်ဆိုးများသည် ဤရုပ်တုကို နက်နဲသော နတ်ဘုရားတစ်ပါးအဖြစ် ကိုးကွယ်နေကြပုံရလေ၏။ ရှန်မိုသည် ရုပ်တုကို ပတ်ကြည့်သော်လည်း ထူးခြားသည့်အရာ ဘာမှ မတွေ့ရပေ။ သို့သော် သူ ရင်းနှီးနေသော အာရုံတစ်ခုကို ခံစားလိုက်ရသည်။
'ဒါက မိုးပြာရောင် လျှပ်စီးကြာပန်းက ထွက်ပေါ်နေတဲ့ နတ်ဘုရားလျှပ်စီး စွမ်းအားပဲ ဖြစ်ရမယ်’
'လျှပ်စီးကြာပန်းရဲ့ စွမ်းအင်က နတ်ဆိုးတွေကို အနည်းငယ် ထိခိုက်စေနိုင်သလို နတ်ဆိုးအရှိန်အဝါကိုလည်း နှိမ်နင်းနိုင်တယ်’
'ဒါကြောင့်လည်း ဒီနတ်ဆိုးစခန်းက အဲဒါကို ကြောက်ရွံ့ပြီး ရုပ်တုထဲမှာ ထည့်သွင်းကိုးကွယ်ထားတာ ဖြစ်လိမ့်မယ်’
ရှန်မို ရုတ်တရက် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြီး ပြင်းထန်သော စွမ်းအားဖြင့် ရုပ်တုကို တစ်ချက်တည်းနှင့် ရိုက်ခွဲလိုက်သည်။ ထိုအခါ အတွင်းတွင် စုစည်းနေသော နတ်ဘုရားလျှပ်စီး စွမ်းအားများ ချက်ချင်းပင် ပေါက်ကွဲထွက်လာပြီး နတ်ဆိုးစခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နတ်ဆိုးအလောင်းအားလုံး ဆီစက်ထဲသို့ မီးကျသကဲ့သို့ တောက်လောင်သွားပြီး မီးခိုးလုံးကြီးများ ထွက်ပေါ်လာ၏။ မကြာမီမှာပင် အလောင်းအားလုံးမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး လုံးဝ ပျောက်ကွယ်သွားတော့သည်။ ထိုအခါမှသာ ရုပ်တုအတွင်း၌ ဘာရှိသည်ကို ရှန်မို သေချာမြင်လိုက်ရသည်။ ၎င်းမှာ သာမန် မိုးပြာရောင် လျှပ်စီးကြာပန်းထက်ပင် ပိုကြီးသော ကြာပန်းတစ်ပွင့် ဖြစ်သည်။ ၎င်းမှာ 'ထောင်စုနှစ် မိုးပြာရောင် လျှပ်စီးကြာပန်း' ပင်။
ကောင်းကင်ဘုံဘဏ္ဍာတိုက်တွင် မိုးပြာရောင် လျှပ်စီးကြာပန်းကို 'ကောင်းကင်အဆင့်နိမ့်' ရတနာအဖြစ် သတ်မှတ်ထားသည်။ ထိုကြာပန်းတစ်ပွင့်ကို ရရန် အဆင့်စီ ကုသိုလ်အမှတ် ၂၀ လိုအပ်သည်။ ထောင်စုနှစ်သက်တမ်းရှိသော အမျိုးအစားမှာမူ 'ကောင်းကင်အဆင့်လတ်' ရတနာဖြစ်ပြီး ၎င်း၏ ကုသိုလ်အမှတ်မှာ အဆင့်ဘီ တစ်ခုအထိ မြင့်တက်သွားသည်။ ဤအရာသည် ရှန်မို၏ 'နတ်ဘုရားလျှပ်စီး နတ်ဆိုးနှိမ်နင်းရေးကျမ်း' ကျင့်ကြံမှုအတွက် အလွန်ပင် ပြီးပြည့်စုံလှရာ သူ သေချာပေါက် လက်လွှတ်မည် မဟုတ်ပေ။
ထောင်စုနှစ် မိုးပြာရောင် လျှပ်စီးကြာပန်းကို ရရှိပြီးနောက် ရှန်မို တစ်ခဏမျှ မနားဘဲ နောက်ထပ်နေရာတစ်ခုသို့ ချက်ချင်း ဦးတည်လိုက်သည်။ ၎င်းမှာ စတုတ္ထအဆင့်ရှိ လူသူမနီးသော ချိုင့်ဝှမ်းတစ်ခုတွင် ရှိသည်။ ဤနေရာတွင် လူသား၊ နတ်ဆိုး သို့မဟုတ် ရေနဂါးများ၏ အရိပ်အယောင်မျှ မရှိဘဲ နတ်ဆိုးများပင် အနားမကပ်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းစစ်လက်နက်ကြီးတစ်ခု ဤနေရာတွင် ပျက်ကျထားသောကြောင့်ပင်။ ပျက်ကျပြီးနောက်တွင် ၎င်းမှ ကျန်ရှိနေသော မီးလျှံများမှာ ပတ်ဝန်းကျင်ကို လောင်မြိုက်နေဆဲဖြစ်ရာ နတ်ဆိုးများကို ဝေးဝေးတွင် နေစေခဲ့သည်။ အကယ်၍ ဤစစ်လက်နက်၏ နည်းပညာ အစိတ်အပိုင်းအချို့ကိုပင် ပြန်လည်ပြင်ဆင်နိုင်လျှင် ရုပ်လုံးပေါ်လာခြင်းအဆင့် ပညာရှင်တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အစွမ်းထက်စက်ကိရိယာတစ်ခုကို ရရှိပေလိမ့်မည်။
သို့သော် ဤနယ်မြေသည် စတုတ္ထအဆင့်၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိ၏။ နတ်ဆိုးများသည် စစ်လက်နက်များကို အသုံးမပြုတတ်သော်လည်း အခြားမျိုးနွယ်စု သုံးခုကိုလည်း ရရှိသွားအောင် ခွင့်ပြုမည် မဟုတ်ပေ။ သဘာဝကျကျပင် သူတို့သည် လမ်းကြောင်းတစ်လျှောက်တွင် ကာကွယ်ရေးအလွှာပေါင်းများစွာကို ချထားကြ၏။ လုံလောက်သော လူအင်အားနှင့် စွမ်းအားမရှိဘဲ နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်များသည် ဤနေရာသို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။ သို့သော် ရှန်မိုအတွက်မူ ကြောက်စရာမရှိပေ။ သူ တစ်ယောက်တည်းဖြစ်သဖြင့် ပစ်မှတ်မှာ အလွန်သေးငယ်သည်။ ဤသို့ဖြင့် ရှေးဟောင်းစစ်လက်နက်ကြီး ရှိရာသို့ အလွယ်တကူပင် ရောက်ရှိသွား၏။
တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေရင်း ရှန်မို ချိုင့်ဝှမ်းထဲသို့ ငုံ့ကြည့်လိုက်ရာ အံ့အားသင့်သွားမိသည်။ သူသည် ဤစစ်စက်ကိရိယာကြီး၏ အရွယ်အစားကို အထင်သေးခဲ့မိပုံရ၏။ ၎င်း၏ အပျက်အစီးများမှာပင် ချိုင့်ဝှမ်းတစ်ခုလုံးကို ပြည့်နှက်နေစေသည်။ ရေတွက်၍မရနိုင်သော အစိတ်အပိုင်းများမှာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပျံ့နှံ့နေပြီး မငြိမ်းသတ်နိုင်သော မီးလျှံများသည် ဆက်လက်တောက်လောင်နေဆဲဖြစ်ကာ မှောင်မည်းသော မြေပြင်ပေါ်တွင် အလင်းဖျော့ဖျော့ကို ပေးစွမ်းနေသည်။ နတ်ဆိုးငယ်အချို့မှာ အစွန်အဖျားတွင် စောင့်ကြပ်နေကြသော်လည်း သူတို့ အလွန် ပျင်းရိငြီးငွေ့နေပုံရသည်။ ဤတာဝန်ကို သဘောမကျကြောင်း ထင်ရှားလှ၏။
'ဒီရှေးဟောင်းစစ်စက်ကိရိယာထဲမှာ ငါအသုံးချနိုင်မယ့် တည်ဆောက်ပုံဒီဇိုင်းတစ်ခု ရှိနေတယ်’
'ပြီးတော့ သူ့ရဲ့ အစိတ်အပိုင်းတချို့ကိုလည်း ပြန်ယူလို့ရနိုင်တယ်… ဒါတွေက 'ပျံသန်းနေသော နဂါးတိမ်တိုက်သင်္ဘော' တည်ဆောက်တဲ့နေရာမှာ အထောက်အကူ ဖြစ်နိုင်လိမ့်မယ်’
'အကယ်၍ ငါသာ ပျံသန်းနေသော နဂါးတိမ်တိုက်သင်္ဘောကို တည်ဆောက်နိုင်ရင် ဒါဟာ အစွမ်းထက်တဲ့ လက်နက်အသစ်တစ်ခု ဖြစ်လာမှာပဲ’
ထိုသို့တွေးလိုက်ပြီးနောက် ရှန်မို ဆုံးဖြတ်ချက်ချလိုက်သည်။ သူ ခြေလှမ်းအသာအယာဖြင့် လေပြင်းတစ်ချက်အလား ချိုင့်ဝှမ်းထဲသို့ တိုးဝင်သွား၏။ ငိုက်မျဉ်းနေသော နတ်ဆိုးငယ်များသည် ဘာမှ သတိမထားမိဘဲ အေးစိမ့်သွားသည်ဟု ခံစားရသဖြင့် သူတို့၏ သားရေဝတ်စုံများကိုသာ ပို၍ တင်းကျပ်အောင် ပတ်လိုက်ကြသည်။ မကြာမီမှာပင် ရှန်မိုသည် ရှေးဟောင်းစစ်စက်ကိရိယာကြီး၏ အဓိကဗဟိုချက်သို့ ရောက်ရှိသွားသည်။ ဤနေရာသည် ထိန်းချုပ်မှုစနစ် ရှိခဲ့သော နေရာဖြစ်ပုံရသည်။ ခေတ္တမျှ ရှာဖွေပြီးနောက် ဆွေးမြည့်နေသော အရိုးစုတစ်ခု၏ ဘေးတွင် လိပ်ထားသော စာလိပ်တစ်ခုကို သူ အမှန်ပင် ရှာတွေ့သွားတော့၏။
'ပျံသန်းနေသော နဂါးတိမ်တိုက်သင်္ဘော...'
'ဒါဆို ဒါက တိမ်တိုက်သင်္ဘောတစ်စင်းပေါ့… ပြီးတော့ ဝူယဲ့ရဲ့ ဒီဇိုင်းတွေကို အခြေခံထားတာပဲ’
ရှန်မို၏ မျက်လုံးများ တောက်ပသွားသည်။ ဆိုလိုသည်မှာ ဤပျက်စီးနေသော စစ်စက်ကိရိယာကြီးအတွင်းမှ အစိတ်အပိုင်းများစွာကို ပြန်လည်အသုံးပြုနိုင်သည်ဟူ၍ပင်။
Chapter 477: နတ်ဆိုးဧကရာဇ်ရဲ့လက် လှုပ်သွားတယ်
ရှန်မို ပျံသန်းနေသော နဂါးတိမ်တိုက်သင်္ဘော၏ အပျက်အစီးများကြားတွင် ရှာဖွေစစ်ဆေးလိုက်သည်။ သူလိုအပ်သော အစိတ်အပိုင်းများကို ရှာတွေ့ရန်မှာ အချိန်များများ မပေးလိုက်ရပေ။ ဤအစိတ်အပိုင်းများကို အစမှအဆုံး ကိုယ်တိုင်သွန်းလုပ်မည်ဆိုပါက 'ကောင်းကင်ဘုံတာအို ဘဏ္ဍာတိုက်' မှ ရှားပါးပစ္စည်းများနှင့် လဲလှယ်ရန်အတွက် စစ်မှုထမ်းကုသိုလ်အမှတ် အမြောက်အမြား လိုအပ်မည်ဖြစ်သည်။ အချို့ပစ္စည်းများမှာမူ လဲလှယ်နိုင်သည့် အရေအတွက် ကန့်သတ်ချက်ပင် ရှိသေး၏။ ထို့ပြင် ၎င်းတို့ကို ပုံဖော်ထုလုပ်ရန်အတွက်လည်း အချိန်များစွာ ပေးရဦးမည် ဖြစ်သည်။ သို့သော် ယခုမူ သူသည် ပျံသန်းနေသော နဂါးတိမ်တိုက်သင်္ဘော၏ အပျက်အစီးများထဲမှ တိုက်ရိုက်ထုတ်ယူနိုင်ပြီ ဖြစ်သည်။ ၎င်းက သူ၏ကိုယ်ပိုင် တိမ်တိုက်သင်္ဘောကို တည်ဆောက်ရန်အတွက် ကုန်ကျစရိတ်နှင့် အချိန်ကို များစွာ လျှော့ချပေးနိုင်မည် ဖြစ်၏။ နောက်ဆုံးတွင် သူ ကျိုးပဲ့နေသော ကုန်းပတ်အပိုင်းအစတစ်ခု၏ ဘေးတွင် သွေးရောင်လွှမ်းနေသော ဂျင်ဆင်းတစ်ပိုင်းကို ရှာတွေ့ခဲ့သည်။ ၎င်းမှာ လက်ခလယ်ခန့်သာ အရှည်ရှိပြီး အလွန်အမင်း သေးသွယ်လှသည်။ သို့သော် ထိုဂျင်ဆင်း၏ ပတ်ဝန်းကျင်မှာမူ ရွှံ့မှုန့်တစ်စက်ပင်မရှိဘဲ စင်ကြယ်သန့်ရှင်းနေ၏။ ဤအရာမှာ 'ကောင်းကင်အဆင့်မြင့်' စိတ်ဝိညာဉ်ရတနာတစ်ခုဖြစ်သည့် 'သောင်းစုနှစ် ပင်လယ်နက် နဂါးဂျင်ဆင်း'ပင်။ ရှီတန့်ယွဲ့သည် သူ၏လူငယ်ဘဝတွင် ဤကဲ့သို့သော ဂျင်ဆင်းတစ်မျိုးကို မတော်တဆ စားသုံးမိခဲ့ဖူးပြီး ထိုအခါမှစ၍ သူ၏ကျင့်ကြံမှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကာ အရွယ်ကောင်းမှာပင် သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ သို့သော် သူ၏ကျင့်ကြံမှုမှာ ထိုဂျင်ဆင်းနှင့် လုံးဝဆက်နွှယ်သွားခဲ့ရ၏။ အကယ်၍ သူ ၎င်းကို မသန့်စင်နိုင်လျှင် သူ၏ကျင့်ကြံမှုအဆင့်မှာ ပြန်လည်ကျဆင်းသွားမည် ဖြစ်သည်။ ၎င်း၏ အစိတ်အပိုင်းအနည်းငယ်ကို သန့်စင်လိုက်ရုံဖြင့် သူ၏အဆင့်မှာ လျင်မြန်စွာ မြင့်တက်လာပေလိမ့်မည်။ ရှီတန့်ယွဲ့သည် ဤဂျင်ဆင်း၏ စွမ်းအားကြောင့် အချိန်အတော်ကြာ ဝန်ပိနေခဲ့ရခြင်း ဖြစ်၏။ ရှန်မိုမှာ မိမိကိုယ်တိုင်လည်း ဤကဲ့သို့ ရှားပါးပြီး တန်ဖိုးမဖြတ်နိုင်သော ရတနာမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
'သွားဖို့ အချိန်တန်ပြီ… ငါ "မသေနိုင်သောမြစ် စီးဆင်းမှုပုံရိပ်" ကိုလည်း သွားယူရဦးမယ်’
သူသည် ထုလုပ်ရန်ခက်ခဲသော အစိတ်အပိုင်းအားလုံးကို သိုလှောင်လက်စွပ်များထဲသို့ ထည့်လိုက်သည်။ ထိုအစိတ်အပိုင်းများမှာ အလွန်ကြီးမားလှသဖြင့် နေရာအတော်များများ ယူလေသည်။ အားလုံးဆံ့ရန်အတွက် သိုလှောင်လက်စွပ် ၂၁ ကွင်းတိတိ အသုံးပြုခဲ့ရ၏။ ထို့နောက် သူသည် လေပြင်းတစ်ချက်အလား အရိပ်အယောင်ပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားတော့၏။ နတ်ဆိုးငယ်တစ်ကောင်မှပင် ဘာကိုမျှ သတိမထားမိလိုက်ကြပေ။
'မသေနိုင်သောမြစ် စီးဆင်းမှုပုံရိပ်' မှာ မြေအောက်လိုဏ်ဂူတစ်ခုအတွင်း တည်ရှိသည်။ ဤလိုဏ်ဂူမှာ အလွန်ပင် လျှို့ဝှက်လှပြီး အနီးအနားတွင် နတ်ဆိုးအခြေစိုက်စခန်း တစ်ခုမျှပင် မရှိပေ။ အကယ်၍ ရှန်မိုသာ ၎င်းတည်ရှိရာနေရာကို ကြိုတင်၍ အကြမ်းဖျင်း မသိထားခဲ့ပါက တစ်သက်လုံး ရှာလျှင်ပင် တွေ့လိမ့်မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ အသေးစိတ်ရှာဖွေပြီးနောက် သူ လိုဏ်ဂူကို ရှာတွေ့ခဲ့ပြီး ရတနာမှန်ချပ်ကို ရရှိခဲ့သည်။ သေချာစစ်ဆေးကြည့်လိုက်ရာ မှန်မျက်နှာပြင်ပေါ်တွင် စီးဆင်းနေသော မြစ်တစ်စင်း၏ ပုံရိပ်ကို တွေ့ရသည်။ ထူးဆန်းသည်မှာ ထိုမြစ်သည် အမှန်တကယ်ပင် လှုပ်ရှားနေပြီး အဆုံးမရှိ စီးဆင်းနေသကဲ့သို့ ရှိနေခြင်း ဖြစ်သည်။ ၎င်းမှာ ကျောက်ထွင်းလက်ရာတစ်ခုနှင့် လုံးဝမတူပေ။
'ဒါကို အခုလောလောဆယ် လေ့လာဖို့ အချိန်မရှိသေးဘူး… အခြေစိုက်စခန်း ပြန်ရောက်မှပဲ သေချာကြည့်တော့မယ်’
ရှန်မို မှန်ကို သိမ်းဆည်းလိုက်ပြီး ချက်ချင်းပင် ပြန်လှည့်လာခဲ့သည်။ လမ်းခရီးတစ်လျှောက်တွင် မည်သည့်ခြိမ်းခြောက်မှုနှင့်မျှ မကြုံတွေ့ခဲ့ရပေ။ သူ၏လက်ရှိစွမ်းအားဖြင့်ဆိုလျှင် 'နတ်ဆိုးကြီး' တစ်ကောင် ပေါ်မလာသရွေ့ မည်သည့်နတ်ဆိုးမှ သူ့ကို အန္တရာယ်မပေးနိုင်ပေ။ အားနည်းသော နတ်ဆိုးကြီးများနှင့် ရင်ဆိုင်ရလျှင်ပင် သူ ခုခံနိုင်စွမ်း အပြည့်အဝ ရှိနေပြီ ဖြစ်သည်။
မြောက်ဘက်ရွှေ့ဝူ- ၄၁ အခြေစိုက်စခန်းသို့ ပြန်ရောက်သောအခါ အလုံခြုံဆုံးသော အခန်းအတွင်းသို့ ရှန်မိုတစ်ယောက် တစ္ဆေတစ်ကောင်အလား အသံတိတ် အသာအယာ ပြန်ရောက်လာခဲ့သည်။ သူရရှိခဲ့သော အရာများကို ပြန်လည်စစ်ဆေးကြည့်ရာ အလွန်ပင် ကျေနပ်မိ၏။
ကံကောင်းသော သိုးငယ် (ယဲ့ယန်) ဆီကနေ အမွှေးရိတ်လိုက်ရခြင်းမှာ တကယ့်ကို အနှစ်သာရရှိလှပေသည်။
'ငါသာ ဒီ "ထောင်စုနှစ် မိုးပြာရောင် လျှပ်စီးကြာပန်း" ကို အပြည့်အဝ သန့်စင်နိုင်ရင် "နတ်ဘုရားနန်းတော်အဆင့်" ရဲ့ အထွတ်အထိပ်ကို ရောက်နိုင်လိမ့်မယ်’
'ဒီ "သောင်းစုနှစ် ပင်လယ်နက် နဂါးဂျင်ဆင်း" ကတော့... သူ့ရဲ့ ဆေးစွမ်းက အရမ်းပြင်းထန်တယ်… အလျင်စလို သန့်စင်လို့ မရဘူး… တခြားဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တွဲဖက်ရမယ်… ဒါပေမဲ့ သုံးပုံတစ်ပုံလောက် သန့်စင်လိုက်တာနဲ့တင် ငါ့ကို "ရုပ်လုံးပေါ်လာခြင်းအဆင့်" ရဲ့ အစောပိုင်းအဆင့်ကို ရောက်အောင် ကူညီပေးနိုင်လိမ့်မယ်’
ရှန်မို၏ မျက်လုံးများ အနည်းငယ် တောက်ပသွားပြီး သူ၏အကြည့်မှာ ရတနာမှန်ချပ်ဆီသို့ ရောက်သွားသည်။ 'မသေနိုင်သောမြစ်' မှာ တည်ငြိမ်စွာပင် စီးဆင်းနေဆဲဖြစ်၏။ တောင်တန်းများ၊ မြစ်ချောင်းများနှင့် သဘာဝရှုခင်းများသည် စိတ်ကူးပုံဖော်ခြင်း ပုံရိပ်များအားလုံးထဲတွင် အခက်ခဲဆုံးဟု သတ်မှတ်ကြသည်။ တူညီသောအဆင့်ရှိ ပုံရိပ်များထဲတွင်ပင် သဘာဝရှုခင်းများကို စိတ်ကူးပုံဖော်ခြင်းမှာ ရှေးဟောင်းသားရဲများ သို့မဟုတ် ဧရာမ သတ္တဝါကြီးများကို ပုံဖော်ခြင်းထက် များစွာ ပို၍ ခက်ခဲလှသည်။ ထိုကဲ့သို့ ကျယ်ပြောခမ်းနားသော သဘာဝဖြစ်စဉ်များတွင် ကောင်းကင်နှင့် မြေကြီး၏ ပိုမိုနက်နဲသော အခြေခံသဘောတရားများ ကိန်းအောင်းနေသောကြောင့် ဖြစ်သည်။ 'မသေနိုင်သောမြစ် စီးဆင်းမှုပုံရိပ်' ၏ ရှုပ်ထွေးသော ပုံစံများနှင့် နက်နဲသော အကြောင်းအရာများက ၎င်းသည် အကောင်းဆုံးသော ကောင်းကင်အဆင့်မြင့် စိတ်ကူးပုံဖော်ပုံရိပ်တစ်ခုဖြစ်ကြောင်း ချက်ချင်း သိသာစေသည်။
'မသေနိုင်သောမြစ်... မသေနိုင်သောမြစ်...'
'မင်းကို ငါ့ရဲ့ ဓမ္မရုပ်သွင်အဖြစ် ပုံဖော်လိုက်ရင် ဘယ်လိုစွမ်းအားမျိုး ပေးမှာလဲ’
ရှန်မို၏ အမူအရာတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ နတ်ဘုရားနန်းတော်အဆင့်သို့ ရောက်ရှိခြင်း၏ အားသာချက်တစ်ခုမှာ အတွင်းနန်းတော်တံတိုင်းများ စတင်တည်ဆောက်ပြီးသည်နှင့် မိမိ၏ ရုပ်လုံးကို စတင်ပုံဖော်နိုင်ခြင်း ဖြစ်သည်။ အဆင့်၏ အထွတ်အထိပ်သို့ ရောက်သည်အထိ စောင့်နေရန် မလိုပေ။ သူ ယခုပင် 'မသေနိုင်သောမြစ် စီးဆင်းမှုပုံရိပ်' ကို စတင်စိတ်ကူးပုံဖော်နိုင်ပြီး 'မသေနိုင်သောမြစ် ရုပ်လုံး' ကို စတင်တည်ဆောက်နိုင်ပြီဖြစ်သည်။
"စလိုက်ရအောင်"
ရှန်မို အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ရတနာမှန်ချပ်အတွင်းမှ အမြဲတစေ စီးဆင်းနေသော မသေနိုင်သောမြစ်ကို အာရုံစူးစိုက်ကြည့်လိုက်သည်။ တဖြည်းဖြည်းနှင့် သူ၏ အသိစိတ်မှာ ထိုပုံရိပ်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွား၏။ ကောင်းကင်နှင့် မြေကြီးကြားတွင် ထိုအဆုံးမရှိ လှိုင်းထန်နေသော မြစ်ကြီးတစ်ခုတည်းသာ ကျန်ရှိတော့သည့်အလား။ သူသည် ထိုမြစ်အတွင်းသို့ ရောက်ရှိသွားပြီး စီးဆင်းနေသော ရေစီးကြောင်း၏ အရှိန်အဟုန်ကို ခံယူနေလေသည်။
...
နှစ်လကြာပြီးနောက်။
ရှန်မို သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ ခမ်းနားလှသော မြစ်ကြီးတစ်စင်း၏ ပုံရိပ်မှာ မျက်ဝန်းများအတွင်း လျှပ်တပြက် ဖြတ်ပြေးသွားသည့်အလား။
သူသည် မိမိ၏ နတ်ဘုရားနန်းတော်အတွင်းသို့ အာရုံစိုက်ကြည့်လိုက်သည်။ ချက်ချင်းပင် သူ၏ နန်းတော်ပထမတံတိုင်းတွင် ရုပ်လုံးတစ်ခု၏ အမှတ်အသား ထင်ကျန်နေသည်ကို မြင်လိုက်ရ၏။ အစနှင့် အဆုံးကို မသိနိုင်သော မြစ်တစ်စင်း။ အဆုံးမရှိ စီးဆင်းနေသည်။ မရပ်မနား လှိုင်းထန်နေသည်။ ၎င်းမှာ 'မသေနိုင်သောမြစ် ရုပ်လုံး' ပင်။
"ငါ မထင်ထားမိဘူးပဲ... မသေနိုင်သောမြစ် ရုပ်လုံးက ပေးတဲ့ စွမ်းအားက... ပြန်လည်ရှင်သန်ခြင်း စွမ်းအားတဲ့လား”
ရှန်မို၏ မျက်လုံးများတွင် အံ့သြရိပ်များ ထင်ဟပ်သွားသည်။ သေချာပြန်စဉ်းစားကြည့်လျှင်မူ ၎င်းမှာ လုံးဝကို ယုတ္တိရှိလှပေသည်။
မသေနိုင်သောမြစ်။
မသေနိုင်သော...
ထိုနာမည်ကိုယ်တိုင်ကပင် အနှိုင်းမဲ့သော ပြန်လည်ကုသနိုင်စွမ်း၏ သဘောတရားကို ဆောင်ကြဉ်းထားခြင်း ဖြစ်သည်။ ရှန်မိုသည် ထက်မြက်သော ဓားတစ်စင်းကို ထုတ်လိုက်ပြီး သူ၏လက်ဝါးကို ပြင်းထန်စွာ လှီးဖြတ်လိုက်ပြီး အားစိုက်ထုတ်လိုက်မှသာ ဒဏ်ရာတစ်ခု ရရှိသွား၏။ ထို့နောက် ကျဉ်းမြောင်းသော ဒဏ်ရာတစ်ခု ပွင့်ထွက်သွားပြီး သွေးများ စတင်စီးကျလာသည်။ သို့သော် အသက်ရှူနှစ်ချက်ပင် မပြည့်သေးမီမှာပင် ဒဏ်ရာမှာ လျင်မြန်စွာ ပြန်ပိတ်သွားပြီး အနာဖေး တက်လာသည်။ မကြာမီမှာပင် ထိုအနာဖေးမှာ ကွာကျသွား၏။ နူးညံ့ပြီး ပန်းရောင်သန်းနေသော အရေပြားအသစ်မှာ ထိုနေရာတွင် အစားထိုးဝင်ရောက်လာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအရေပြားသစ်မှာ ရင့်ကျက်ပြီး ကျန်းမာသော အရေပြားအဖြစ်သို့ ပြောင်းလဲသွားသည်။ ဖြစ်စဉ်တစ်ခုလုံးမှာ ဆယ်စက္ကန့်ခန့်သာ ကြာမြင့်၏။
ထို့နောက် ရှန်မို အာရုံစိုက်လိုက်ပြီး အဆင့်နိမ့် စိတ်ဝိညာဉ်စွမ်းအင် နည်းစနစ်အချို့ကို ထုတ်ဖော်လိုက်သည်။ သူအသုံးပြုလိုက်သော ဝိညာဉ်စွမ်းအားများသည် ချက်ချင်းပင် ပြန်လည်ပြည့်ဖြိုးသွား၏။ သူ အလေးအနက် စဉ်းစားခန်းဝင်သွားသည်။ သူသည် မသေနိုင်သောမြစ် ရုပ်လုံးကို အပြင်သို့ ထုတ်ဖော်ပြသခြင်းပင် မရှိသေးဘဲ ခန္ဓာကိုယ်မှာ ဤမျှ ထိတ်လန့်စရာကောင်းသော ပြန်လည်နာလန်ထူနိုင်စွမ်းကို ပိုင်ဆိုင်နေပြီဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအင် ပြန်လည်ဖြည့်တင်းမှုမှာလည်း မယုံနိုင်လောက်အောင် မြန်ဆန်လာ၏။ အကယ်၍ သူသာ မသေနိုင်သောမြစ်ကို အပြည့်အဝ ထုတ်ဖော်လိုက်မည်ဆိုပါက ၎င်းသည် မသေနိုင်သော ဆုလာဘ်ကို ရရှိထားသကဲ့သို့ ဖြစ်ပေလိမ့်မည်။ ရန်သူ၏ တိုက်ခိုက်မှုများကို ခံယူနေရင်းနှင့်ပင် စိတ်ဝိညာဉ်စွမ်းအင် နည်းစနစ်များကို မရပ်မနား တရစပ် အသုံးပြုနိုင်မည်ဖြစ်ပြီး ပြိုင်ဘက်မှာသာ တဖြည်းဖြည်း မောပန်းနွမ်းနယ်လာပေလိမ့်မည်။ သူကတော့ သွေးအပြည့်၊ မာနာအပြည့်နှင့် ရှိနေဦးမည်ဖြစ်ရာ မည်သို့ ယှဉ်နိုင်တော့မည်နည်း။ ရှန်မို၏ မျက်နှာတွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။ အတိုးတက်ဆုံးနှင့် အခက်ခဲဆုံးသော ကောင်းကင်အဆင့်မြင့် စိတ်ကူးပုံဖော်ပုံရိပ်များအနက် တစ်ခုဖြစ်သည့်အတိုင်းပင်။
ပြီးမြောက်သွားသည့်အခါ ရလဒ်မှာ အလွန်ပင် အစွမ်းထက်လှ၏။
"ယဲ့ယန်ရဲ့ ကံကြမ္မာစနစ်အရဆိုရင် နတ်ဆိုးတပ်မတော်ရဲ့ ကျူးကျော်မှုက နှစ်လအကြာမှာ စတင်ဖို့ စီစဉ်ထားတာ"
"အခု ရေတွက်ကြည့်ရင်တော့... အတိအကျ နှစ်လပြည့်ပြီပဲ"
"နောက်ရက်အနည်းငယ်အတွင်းမှာ နတ်ဆိုးတွေ စတင်လှုပ်ရှားလာတော့မယ်"
ရှန်မို အသက်ကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်ပြီး သူ၏စိတ်ထဲတွင် အစီအစဉ်တစ်ခုကို ချမှတ်လိုက်ပြီဖြစ်သည်။
...
စတုတ္ထအဆင့်၏ အနက်ရှိုင်းဆုံးနေရာတွင်။
ဤနေရာမှာ သက်ရှိများမရှိသော ခြောက်သွေ့နေသည့် မြေရိုင်းတစ်ခု ဖြစ်သည်။ နတ်ဆိုးသားရဲများပင် ဤနေရာတွင် မလှည့်လည်ကြပေ။ နတ်ဆိုးမျိုးနွယ်စုများကလည်း မည်သည့်အခြေစိုက်စခန်းမှ တည်ဆောက်ထားခြင်း မရှိပေ။ သို့သော် ဤနေရာတွင် ခရမ်းရောင်ရင့်ရင့်နှင့် အနက်ရောင် ရောယှက်နေသော ဧရာမ ယုတ်မာညစ်ထေးသည့် ယဇ်ပလ္လင်ကြီးတစ်ခု ထီးထီးကြီး တည်ရှိနေသည်။ ထိုယဇ်ပလ္လင်မှာ အကျယ်ပေ ၁၀၀၀၀ ခန့် ရှိပြီး အမြင့်မှာမူ ပေ ၃၀၀၀ ခန့် ရှိ၏။ ၎င်း၏ အလယ်ဗဟိုတွင် ပိန်လှီပြီး ခြောက်ကပ်နေသော လက်တစ်ဖက်မှာ အပေါ်သို့ ထောင်မတ်နေသည်။ ၎င်းကို ဝန်းရံလျက် ဧရာမ ကန်ကြီး ရှစ်ခု ရှိနေကာ ကန်တစ်ခုစီ၌ နီရဲသော သွေးများဖြင့် ပြည့်လျှံနေ၏။ ဤအချိန်တွင် နတ်ဆိုးအုပ်စုများစွာမှာ ယဇ်ပလ္လင်ပတ်လည်တွင် နေရာယူထားကြပြီး လှောင်အိမ်များအတွင်းမှ သက်ရှိမျိုးစုံကို ဆွဲထုတ်ကာ လည်ပင်းများကို လှီးဖြတ်၍ ကန်များအတွင်းသို့ သွေးများ ဖောက်ထည့်နေကြသည်။ ဤယဇ်ကောင်များထဲတွင် လူသားများ၊ သားရဲများ၊ ရေနဂါးများ၊ နတ်ဆိုးသားရဲများနှင့် နတ်ဆိုးများပင် ပါဝင်သည်။ သွေးထွက်နိုင်သရွေ့ မည်သည့်သက်ရှိကိုမဆို ဤနေရာသို့ ဆွဲခေါ်လာကြခြင်း ဖြစ်သည်။ မြင့်မားသော စင်မြင့်တစ်ခုပေါ်တွင် နတ်ဆိုးကြီး နှစ်ကောင်မှာ အခမ်းအနားကို စောင့်ကြည့်နေကြသည်။ တစ်ဦးမှာ မျောက်တစ်ကောင်နှင့် တူပြီး ပိန်လှီကာ လက်တံခြေတံ ရှည်လျားလှသည်။ မျက်နှာမှာ ဖြူဖျော့နေပြီး တစ်ကိုယ်လုံးကို အနက်ရောင် အမွှေးအမျှင်များ ဖုံးလွှမ်းထားသည်။ အခြားတစ်ဦးမှာမူ ကြီးမားထွားကျိုင်းပြီး ရုပ်ဆိုးလှသည်။ အသားဆိုင်များ ဖောင်းကားနေကာ လှုပ်ရှားလိုက်တိုင်း သူ၏ကိုယ်ခန္ဓာမှာ လှိုင်းများကဲ့သို့ လှုပ်ခတ်နေ၏။ ဤနှစ်ဦးမှာ ကိုးဦးမြောက် နတ်ဆိုးကြီး 'အန်ယွန်း' နှင့် ဆယ်ဦးမြောက် နတ်ဆိုးကြီး 'အန်ရွှယ်’ တို့ ဖြစ်ကြသည်။
ထိုစဉ် အန်ယွန်းမှာ တစ်ခုခုကို အာရုံခံမိပုံရပြီး ရုတ်တရက် ပြောလိုက်သည်။
"ကြည့်စမ်း… နတ်ဆိုးဧကရာဇ်ရဲ့ ဘယ်ဘက်လက်က လက်ချောင်းတစ်ချောင်း... လှုပ်သွားပြီ"
အန်ရွှယ် မှင်တက်သွားပြီးနောက် သူ့အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။ သူတို့၏ မျက်စိရှေ့မှာပင် နတ်ဆိုးဧကရာဇ်၏ ဘယ်ဘက်လက်မှာ အနည်းငယ် တုန်ခါလာပြီး ထို့နောက် လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်တော့သည်။