← Chapters

အခန်း (၄၇၈-၄၈၀)

Vol. 32 Ch. 478-480

အခန်း (၄၇၈-၄၈၀)

Vol. 32 Ch. 478-480

Chapter 478: လောဘကြီးသော နတ်ဆိုးများ

အန်ယွန်းနှင့် အန်ရွှယ်တို့နှစ်ဦးစလုံး စိတ်လှုပ်ရှားမှုကြောင့် တုန်လှုပ်နေကြသည်။ သူတို့ ဤနေရာတွင် ရေတွက်၍မရနိုင်သော နှစ်ပေါင်းများစွာကို ကုန်ဆုံးခဲ့ကြရပြီး ပထမမြောက် ကောင်းကင်နတ်ဆိုးကြီး အန်ချန်းထံမှ ဤခက်ခဲပင်ပန်းလှသော တာဝန်ကို လက်ခံရရှိကတည်းက ဤရှေးဟောင်းယဇ်ပလ္လင်အတွင်း၌ အထီးကျန်စွာ ပုန်းအောင်းနေခဲ့ကြခြင်း ဖြစ်သည်။ နေ့စဉ်နေ့တိုင်း သက်ရှိများကို မည်သို့လုယက်ရမည်၊ သွေးများများ မည်သို့ထုတ်ယူရမည်ကိုသာ သူတို့ ကြံစည်နေခဲ့ကြသည်။ သူတို့၏ လက်အောက်ရှိ နတ်ဆိုးငယ်များ၏ သွေးကို ဖောက်ယူရန်ပင် ဝန်မလေးခဲ့ကြပေ။ ယခင်လက်အောက်ငယ်သားများမှာလည်း ထွက်ခွာသွားသူသွား၊ လူစုကွဲသူကွဲနှင့် အများစုမှာ အခြားသော ကောင်းကင်နတ်ဆိုးကြီးများထံတွင် အမှုထမ်းနေကြပြီ ဖြစ်သည်။ သူတို့သည် နတ်ဆိုးဧကရာဇ်၏ ဘယ်ဘက်လက်ကို ပြန်လည်ရှင်သန်လာစေရန်အတွက် စိတ်ရောကိုယ်ပါ အစွမ်းကုန် ကြိုးစားခဲ့ကြပြီး ယခုမူ နောက်ဆုံးတွင် သူတို့ အောင်မြင်ခဲ့လေပြီ။

နတ်ဆိုးဧကရာဇ်၏ ဘယ်ဘက်လက်သည် ပြန်လည်နိုးထလာခဲ့ပြီ ဖြစ်၏။

ရှေးဟောင်းယဇ်ပလ္လင်၏ အောက်ခြေတွင် ရှိနေသော နတ်ဆိုးငယ်များနှင့် စစ်မှန်သော နတ်ဆိုးများသည် ကြောက်ရွံ့ထိတ်လန့်သော အမူအရာများဖြင့် နတ်ဆိုးဧကရာဇ်၏ ဘယ်ဘက်လက်ရှေ့တွင် ဗီဇအရ ဒူးထောက်လိုက်ကြသည်။ ထိုအရာမှာ အဘယ်အရာမှန်း သူတို့အစကတည်းက မသိခဲ့ကြပေ။ သို့သော် သူတို့ ရှင်းရှင်းလင်းလင်း အာရုံခံမိသည်မှာ ထိုပိန်လှီခြောက်ကပ်နေသော လက်အတွင်း၌ စီးဆင်းနေသည့် သွေးများသည် သူတို့၏သွေးများထက် အဆပေါင်း ထောင်သောင်းမက ပို၍ မြင့်မြတ်နေခြင်း ဖြစ်သည်။ နတ်ဆိုးများကြားတွင် သွေးလိုင်းမှာ အဆင့်အတန်းကို သတ်မှတ်သည်။ ထိုလက်၏ အရင်းအမြစ်ကို သူတို့မသိသော်လည်း သူတို့၏ ဝိညာဉ်အနက်ရှိုင်းဆုံးမှနေ၍ ဒူးထောက်ကိုးကွယ်ချင်စိတ်များ ဖြစ်ပေါ်နေခဲ့သည်။

ဝူး ဝူး...

အန်ယွန်းနှင့် အန်ရွှယ်တို့သည် ရှေးဟောင်းယဇ်ပလ္လင်ရှေ့တွင် ရုတ်တရက် ပေါ်လာကြသည်။ သူတို့သည် နတ်ဆိုးဧကရာဇ်၏ ဘယ်ဘက်လက်ကို မူးယစ်ရီဝေနေသော အကြည့်များဖြင့် စိုက်ကြည့်နေကြ၏။

"ပြီးသွားပြီ… တကယ်ပဲ အောင်မြင်သွားပြီ”

အန်ယွန်း တိုးတိုးလေး ရေရွတ်လိုက်သည်။ အန်ရွှယ်၏ မျက်လုံးများတွင် လောဘရိပ်များ ထင်ဟပ်လာပြီး သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ကာ

"မဟာနတ်ဆိုးဧကရာဇ်ရဲ့ သွေးအရသာက ဘယ်လိုများ နေမလ?"

မသေနိုင်သော နတ်ဆိုးဧကရာဇ်။

သူတို့၏ နတ်ဆိုးဖခင်ကြီးမှာ နတ်ဆိုးဧကရာဇ်ထက်ပင် အဆင့်မြင့်သော 'မဟာနတ်ဆိုးဧကရာဇ်' တစ်ပါး ဖြစ်သည်။

"အန်ချန်းကို ချက်ချင်း အကြောင်းကြားလိုက်တော့"

အန်ယွန်း ခပ်တိုးတိုးဖြင့် ပြောသည်။ အန်ရွှယ်မှ အစပိုင်းတွင် ခေါင်းငြိမ့်လိုက်သော်လည်း နောက်မှ လောဘတက်ကာ ခေါင်းယမ်းလိုက်ပြီး

"အန်ချန်းက ငါတို့ထဲမှာ သက်တမ်းအရင့်ဆုံးနဲ့ အနက်နဲဆုံးပဲ… သူ့ရဲ့ ဝါစဉ်က အမြင့်ဆုံးဆိုတော့ ဒီအချက်ကို သုံးပြီး မဟာနတ်ဆိုးဧကရာဇ်ရဲ့ သွေးအများစုကို သူ့ကိုပေးဖို့ ငါတို့ကို အတင်းအဓမ္မ ဖိအားပေးမှာ သေချာတယ်"

"ငါ့အထင်တော့... သူ့ကို မပြောသင့်ဘူး… တခြား ကောင်းကင်နတ်ဆိုးကြီးတွေကိုလည်း မပြောနဲ့"

အန်ရွှယ်မှ ဆက်၍

"မင်းနဲ့ငါက ကောင်းကင်နတ်ဆိုးကြီး ဆယ်ပါးထဲမှာ အငယ်ဆုံးနဲ့ ဝါအနုဆုံးပဲ… သက်တမ်းက နှစ်ပေါင်း သုံးထောင်ကျော်ပဲ ရှိသေးတယ်… အသစ်တက်လာတဲ့ ပဉ္စမမြောက်တစ်ယောက်ပဲ ငါတို့ထက် ငယ်တာ"

"ငါတို့ရဲ့ လုပ်ပိုင်ခွင့်က သူတို့ထက် အများကြီး နည်းတယ်… တခြား ကောင်းကင်နတ်ဆိုးကြီးတွေက ငါတို့ကို အမြဲတမ်း အထင်သေးခဲ့ကြတာ"

"ဒါကြောင့် မဟာနတ်ဆိုးဧကရာဇ်ရဲ့ သွေးကို ငါတို့နှစ်ယောက်တည်းပဲ ခွဲဝေယူကြရင် ဘယ်လိုလဲ"

"အဲဒါဆိုရင် ငါတို့ တစ်ယောက်ချင်းစီက ပိုပြီး အများကြီး ရမှာပေါ့… ငါတို့ရဲ့ စွမ်းအားတွေလည်း ပိုပြီး သန်မာလာလိမ့်မယ်"

အန်ယွန်း၏ မျက်လုံးများ တောက်ပသွားသည်။

"မင်းပြောတာ မှန်တယ်"

ပထမမြောက် ကောင်းကင်နတ်ဆိုးကြီး အန်ချန်းမှာ အတိုင်းအဆမရှိ ရှေးကျလှပြီး သူတို့ထဲတွင် အသိဉာဏ်အရှိဆုံးလည်း ဖြစ်သည်။ သူ့အတွက်မူ ကျန်ရှိသော ကောင်းကင်နတ်ဆိုးကြီး ကိုးပါးမှာ ကလေးငယ်များကဲ့သို့ပင်။ သူတို့ ကိုးဦးစလုံးမှာ ချွင်းချက်မရှိ သူ့ကို ကြောက်ရွံ့ရိုသေကြရသည်။ ယခု မဟာနတ်ဆိုးဧကရာဇ်၏ သွေးကို လျှို့ဝှက်ခွဲဝေရန် အခွင့်အရေးရနေပြီ ဖြစ်ရာ အဘယ်ကြောင့် အန်ချန်း နှင့် အခြားသူများကို ဝေမျှပေးရမည်နည်း။ အဘယ်ကြောင့် တခြားနတ်ဆိုးတွေကို ပိုသန်မာစေပြီး ကိုယ့်ကိုယ်ကိုယ် အားနည်းအောင် လုပ်ရမည်နည်း။ ထိုသို့လုပ်ခြင်းမှာ လူမိုက်အလုပ်ပင် ဖြစ်လိမ့်မည်။

"အန်ကျန့်ကျူး… အမိန့်ထုတ်လိုက်စမ်း… ယဇ်ပလ္လင်ရဲ့ (၁၀) မီတာ ပတ်လည်အတွင်းကနေ ဘယ်နတ်ဆိုးမှ ထွက်ခွင့်မရှိစေနဲ့… အမိန့်ကို ဖောက်ဖျက်တဲ့သူကို မြင်တာနဲ့ သတ်ပစ်”

အန်ရွှယ်မှ ဟိန်းဟောက် အမိန့်ပေးလိုက်သည်။ သူ၏နောက်မှ ထွားကျိုင်းသော နတ်ဆိုးတစ်ဦး ကျယ်လောင်စွာ ပြန်လည်ထူးလိုက်၏။

"အမိန့်အတိုင်းပါ နတ်ဆိုးဖခင်ကြီး"

ခဏချင်းမှာပင် ရှေးဟောင်းယဇ်ပလ္လင် ပတ်လည် (၁၀) မီတာအတွင်းကို လုံးဝ ပိတ်ဆို့လိုက်တော့သည်။ နတ်ဆိုးသွေးပါသော ယင်ကောင်တစ်ကောင်ပင် လွတ်အောင် မပျံနိုင်တော့ပေ။

"မဟာနတ်ဆိုးဧကရာဇ်ရဲ့ သွေးကို ထုတ်ယူဖို့ အချိန်အတော်ယူရဦးမယ်… အဲဒီအချိန်အတွင်းမှာ ပြင်ပက ဘယ်သူ့ရဲ့ အနှောင့်အယှက်ကိုမှ အဖြစ်မခံနိုင်ဘူး"

အန်ယွန်း တိုးတိုးလေး ပြောသည်။ အန်ရွှယ်မှာ ယုတ်မာသော ရယ်သံဖြင့်

"ငါ နားလည်ပါတယ်… မစိုးရိမ်ပါနဲ့… ဒီပတ်ဝန်းကျင်မှာ ကောင်းကင်လွှမ်းမိုးတဲ့ ပိုက်ကွန်ကို ငါ ဖြန့်ကျက်ထားပြီးပြီ… သတင်းစိုးစဉ်းမျှတောင် အပြင်ကို မပေါက်ကြားစေရဘူး"

ထိုအခါမှသာ အန်ယွန်း စိတ်အေးသွားတော့သည်။ နတ်ဆိုးနှစ်ကောင်သည် နတ်ဆိုးဧကရာဇ်၏ ဘယ်ဘက်လက်ရှေ့တွင် တည်ငြိမ်စွာ ထိုင်လိုက်ကြပြီး မဟာနတ်ဆိုးဧကရာဇ်၏ သွေးကို စတင်လမ်းညွှန် ထုတ်ယူကြတော့သည်။ သို့သော် မသေနိုင်သော နတ်ဆိုးဧကရာဇ်မှာ သေဆုံးသွားခြင်း ကြာပြီဖြစ်ရာ သွေးများမှာ အလွန်ပျစ်ချွဲနေပြီး စီးဆင်းရန် အလွန်ပင် နှေးကွေးလှသည်။ သူတို့၏ စွမ်းအားဖြင့်ဆိုလျှင် သွေးများကို ထုတ်ယူရန်အတွက် အချိန်များစွာ ပေးရဦးမည် ဖြစ်သည်။

အနီးအနားရှိ လူသူမမြင်နိုင်သော ဟာလာဟင်းလင်း ထောင့်တစ်ခုတွင်မူ အန်ကျန့်ကျူးသည် နတ်ဆိုးမတစ်ဦးကို ပေါ့ပေါ့ပါးပါးပင် ဆွဲခေါ်သွားသည်။ ပတ်ဝန်းကျင်ရှိ နတ်ဆိုးများမှာ ဘာမှမပြောရဲကြပေ။ အန်ကျန့်ကျူးမှာ အန်ရွှယ် အနှစ်သက်ဆုံးသော သားစဉ်မြေးဆက်များထဲမှ တစ်ဦး ဖြစ်သောကြောင့်ပင်။

သူ ဤနေရာတွင် နတ်ဆိုးမတစ်ဦးနှင့် ပျော်ပါးချင်သည်ဆိုလျှင် မည်သူက မေးခွန်းထုတ်ရဲမည်နည်း။

အရိပ်များအတွင်းတွင်။

နတ်ဆိုးမသည် အန်ကျန့်ကျူး၏ လည်ပင်းကို ဖက်ထားပြီး သူမ၏ ရှည်လျားနူးညံ့သော ခြေထောက်များဖြင့် သူ၏ ခါးကို ပတ်ထားကာ နွေးထွေးသော အသက်ရှူသံများက သူ့ထံသို့ ရိုက်ခတ်နေသည်။ သို့သော် အန်ကျန့်ကျူး၏ မျက်နှာတွင် ရွံရှာသော အမူအရာမှအပ ဘာမှမရှိပေ။ သူမ၏ ဦးခေါင်းနောက်ဘက်ကို သူ၏လက်ဝါးဖြင့် အသာအယာ ဖိလိုက်သည်။ ထို့နောက် အသာအယာ တွန်းလိုက်ရုံဖြင့် နတ်ဆိုးမမှာ ချက်ချင်းပင် သတိလစ်သွားတော့သည်။ အန်ကျန့်ကျူးမှာ ကာမဂုဏ်ခံစားနေသည့် ပုံစံမျိုး ဟန်ဆောင်လှုပ်ရှားနေသော်လည်း အမှန်တကယ်တွင်မူ သူ၏ သိုလှောင်လက်စွပ်အတွင်းမှ အရာတစ်ခုကို ထုတ်ယူလိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ အသံပို့လွှတ်နိုင်သော ကျောက်စိမ်းဆောင်ပင်။

ခဏအကြာတွင် တစ်ဖက်မှ နက်ရှိုင်းပြီး တည်ကြည်သော အသံတစ်ခု ထွက်ပေါ်လာသည်။ "ကျန့်ကျူးလေး… မင်း တကယ်ပဲ ငါ့ကို ဆက်သွယ်လာတာပဲ"

ထိုအသံမှာ မြောက်ဘက်ရွှေ့ဝူခံတပ်၏ တပ်မှူး နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက် စစ်သူကြီး ကျန်းလုံရှန်းပင် ဖြစ်သည်။

အန်ကျန့်ကျူးမှ ခပ်တိုးတိုးဖြင့်

"နတ်ဆိုးဧကရာဇ်ရဲ့ ဘယ်ဘက်လက် ပြန်နိုးလာပြီ… ကိုးဦးမြောက် ကောင်းကင်နတ်ဆိုးကြီး အန်ယွန်းနဲ့ ဆယ်ဦးမြောက် အန်ရွှယ်တို့က အဲဒါကို လျှို့ဝှက်ခွဲယူဖို့ ကြံနေကြတယ်"

"အန်ချန်းက သူတို့ရဲ့ သဘာဝကို မျက်ကွယ်ပြုထားမှာ မဟုတ်ဘူး… သူ သေချာပေါက် ကြိုတင်ပြင်ဆင်ထားတာ ရှိလိမ့်မယ်"

"ခင်ဗျားတို့ လှုပ်ရှားဖို့ လိုပြီ… မဟာနတ်ဆိုးဧကရာဇ်ရဲ့ သွေးကို အန်ချန်းရဲ့ လက်ထဲ အရောက်မခံနိုင်ဘူး"

ကျန်းလုံရှန်း၏ အသံမှာ တည်ကြည်သွားသည်။

"နားလည်ပြီ… ငါ ထန်းကျင့်လုံ နဲ့ ရှီထျန် တို့ကို ချက်ချင်း အကြောင်းကြားလိုက်မယ်"

"နေရာတစ်ခု ရှာပြီး နတ်ဆိုးရှောင်ကွင်း တယ်လီပို့စနစ် အသေးစားကို အသက်သွင်းလိုက်တော့"

အန်ကျန့်ကျူးမှ အလေးအနက်အသံဖြင့်

"ယဇ်ပလ္လင်ရဲ့ တောင်ဘက် (၁၅) မီတာ အကွာက ဂူတစ်ခုထဲမှာ ငါ စီရင်ချက်ကို အဆင်သင့် လုပ်ထားပြီးပြီ"

သူ အံကြိတ်ရင်း ဆက်ပြောသည်။

"ဒီအတောအတွင်း ငါသုံးလိုက်ရတဲ့ စစ်မှုထမ်း ကုသိုလ်အမှတ်တွေကို ခင်ဗျား သေချာပေါက် ပြန်လျော်ပေးရမယ်နော်”

"ဒီတယ်လီပို့စနစ်က တစ်စက္ကန့်တိုင်းမှာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတွေကို အများကြီး ကုန်တာဗျ”

ကျန်းလုံရှန်း၏ အသံမှာ ရုတ်တရက် ဝေဝါးသွားသည်။

"အာ... လိုင်းက... သိပ်မကြည်ဘူး... ဘာပြောတယ်... မကြားရဘူး... မကြား..."

"ငါတို့... ချက်ချင်း... လာခဲ့မယ်..."

ထို့နောက်—ဂျွတ်—ဆိုသည့်အသံနှင့်အတူ လိုင်းပြတ်သွားတော့သည်။

အန်ကျန့်ကျူးမှာ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ကျောက်စိမ်းအဆောင်ကို သိမ်းလိုက်သည်။ ထို့နောက် သတိလစ်နေသော နတ်ဆိုးမကို လက်တစ်ဖက်ဖြင့် မကာ အပြင်သို့ လျှောက်ထွက်လာခဲ့သည်။

"ဟူး... အသုံးမကျလိုက်တာ… ငါ ဘာမှတောင် မစရသေးဘူး သူက မေ့လဲသွားပြီ"

သူ နတ်ဆိုးမကို မထေမဲ့မြင်ပုံစံဖြင့် ဘေးသို့ ပစ်ချလိုက်သည်။ ပတ်ဝန်းကျင်ရှိ နတ်ဆိုးများမှာ သူ့ကို ချက်ချင်းပင် ဖားကြတော့သည်။

"သခင်လေး ကျန့်ကျူး… သခင်လေးရဲ့ အစွမ်းက တကယ်ကို ပြိုင်ဘက်ကင်းတာပဲ… အိပ်ရာပေါ်မှာတောင် သခင်လေးက ကြောက်စရာကောင်းတဲ့ စွမ်းအားရှင်ပဲ”

"သတ္တမအဆင့်မှာ အစွမ်းထက်တဲ့ နတ်ဆိုးမတစ်ယောက် ပေါ်လာတယ်လို့ ကြားတယ်… သခင်လေးရဲ့ အရသာနဲ့ဆိုရင် သူပဲ ထိုက်တန်ရှိမှာပါ"

အန်ကျန့်ကျူး အနည်းငယ် ပြုံးလိုက်ရုံသာ ပြုပြီး ဘာမှမပြောတော့ပေ။ သူသည် သူ၏အခန်းကဏ္ဍကိုသာ ပီပြင်အောင် သရုပ်ဆောင်နေရခြင်း ဖြစ်သည်။ နှစ်ပေါင်း တစ်ရာကျော်တိုင်အောင် သူသည် သေလူအဖြစ် ဟန်ဆောင်ကာ နတ်ဆိုးမျိုးနွယ်ထဲသို့ ခိုးဝင်ခဲ့ပြီး အန်ရွှယ်၏ ယုံကြည်မှုကို တစ်ဆင့်ချင်း ရယူကာ ယခုရာထူးသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ယခုမူ အရာအားလုံး ပြီးဆုံးတော့မည်။ သူ၏ ရာစုနှစ်တစ်ခုကြာ ခိုးဝင်စုံစမ်းမှုမှာ အလဟဿ မဖြစ်ခဲ့ပေ။

...

မြောက်ဘက်ရွှေ့ဝူ- ၄၁ “ အခြေစိုက်စခန်း။

"နတ်ဆိုးတွေ ကျူးကျော်လာပြီ… နတ်ဆိုးအုပ်စုကြီး ချဉ်းကပ်လာနေတယ်… အခြေစိုက်စခန်းကို ဝိုင်းထားပြီးပြီ”

နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်တစ်ဦးသည် ၄၁ ခုမြောက် အခြေစိုက်စခန်းအတွင်းသို့ ပြေးဝင်လာပြီး ထိတ်လန့်ဖွယ် သတင်းကို သယ်ဆောင်လာခဲ့သည်။

"နတ်ဆိုး ဘယ်လောက်များလဲ… ရှင်းရှင်းလင်းလင်း ပြောစမ်း"

ထိုနေ့တွင် ရှီတန့်ယွဲ့မှာ မြို့ရိုးပေါ်၌ တာဝန်ကျနေသူ ဖြစ်သည်။ သတင်းကို ကြားသည်နှင့် သူ အပြေးအလွှား လာရောက်ကာ အရေးတကြီး မေးမြန်းလိုက်သည်။

"အနည်းဆုံး နတ်ဆိုးငယ် တစ်သန်းလောက် ရှိပါတယ်”

အစောင့်မှာ အသက်ရှူမဝဘဲ အသံများပင် တုန်ယင်နေ၏။ ရှီတန့်ယွဲ့၏ နှလုံးသားလည်း တင်းကျပ်သွားသည်။ ဤမျှများပြားသော နတ်ဆိုးငယ်များ ရှိနေလျှင် ၎င်းတို့ကို ဦးဆောင်နေသော စစ်မှန်သော နတ်ဆိုးအရှင်သခင်များစွာလည်း ရှိနေမည်မှာ သေချာလှသည်။

"မြန်မြန်… တပ်မှူးလေးယောက်ကို ချက်ချင်း အကြောင်းကြားလိုက်တော့”

ခဏအကြာတွင် ရှန်မို၊ ကျန့်ပိုင်ရှန့်၊ ဝမ်ရှင်းအန်းနှင့် ဖုန်းချန်းတို့ စုရုံးရောက်ရှိလာကြသည်။ သူတို့၏ အောက်တွင်မူ နင်ထျန့်ရင်း နှင့် ရှုံ့ယွမ်ရှန်း ကဲ့သို့သော တပ်မှူးငယ်များ၊ အခြေစိုက်စခန်း၏ အမာခံ တပ်မှူးများ ရှိနေကြသည်။

ခန်းမ၏ အလယ်ဗဟိုရှိ စားပွဲရှည်ကြီးပေါ်တွင် စတုတ္ထအဆင့်၏ အသေးစိတ်မြေပုံတစ်ခုကို ဖြန့်ခင်းထားသည်။ ထိုထဲတွင် တောင်တန်းများ၊ ချောက်ကမ်းများ နှင့် လျှို့ဝှက်မြစ်များအားလုံးကို တိကျစွာ ဖော်ပြထား၏။ အခြေစိုက်စခန်းတစ်ခုစီကိုလည်း မြေပုံပေါ်တွင် အမှတ်အသားပြုထားလေသည်။

Chapter 479: ငါတို့ကို မစွန့်ပစ်နိုင်ပါဘူး

ကျန့်ပိုင်ရှန့် သူ၏လက်ချောင်းဖြင့် အသာအယာ တောက်လိုက်ရာ မြေပုံအတွင်းသို့ သွေးစွမ်းအင် ဝိညာဉ်တစ်စက် စီးဝင်သွားသည်။ ထိုအခါ အခြေစိုက်စခန်းတိုင်း၏ အပြင်ဘက်တွင် ရန်သူများကို ကိုယ်စားပြုသည့် အနီရောင်အစက်အပြောက်များ ချက်ချင်း ပေါ်လာတော့သည်။ ထိုထက်ပို၍ ကျယ်ပြောလှသော အမှောင်ထုထဲတွင်မူ ဒီရေလှိုင်းများအလား အနီရောင်အစက်အပြောက်များစွာ တိုးဝင်လာနေကြ၏။ လေထုထဲတွင် နှလုံးတုန်စရာကောင်းသော ဖိအားများ ပြည့်နှက်သွား၏။

ကျန့်ပိုင်ရှန့် တည်ငြိမ်စွာဖြင့်

"ငါတို့ရဲ့ ပုံမှန်ကင်းလှည့်မှုတွေနဲ့ ရှင်းလင်းမှုတွေကြောင့် အနီးအနားမှာ နတ်ဆိုးမျိုးနွယ်စု အခြေစိုက်စခန်း သိပ်မရှိဘူး… ဒါကြောင့် အခု ငါတို့အခြေစိုက်စခန်းကို ဝိုင်းထားတဲ့ နတ်ဆိုးတွေထဲမှာ အထွတ်အထိပ် စစ်မှန်သော နတ်ဆိုးသခင် နှစ်ကောင်နဲ့ နတ်ဆိုးငယ် တစ်သန်းဝန်းကျင်ပဲ ရှိတယ်"

"ငါတို့ လေးယောက်ရဲ့ အစွမ်းနဲ့ဆိုရင် သူတို့ကို အမြစ်ပြတ်ချေမှုန်းဖို့ လုံလောက်တာထက်ကို ပိုပါတယ်"

ထို့နောက် သူ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"ဒါပေမဲ့... အခုလေးတင် ငါ တခြားအခြေစိုက်စခန်းတွေနဲ့ ဆက်သွယ်ကြည့်တော့ သူတို့အားလုံးလည်း နတ်ဆိုးတွေရဲ့ ဝိုင်းရံတာကို ခံထားရတယ်လို့ သိရတယ်"

"ဒါပေမဲ့ သူတို့က ဝိုင်းထားရုံပဲ ရှိသေးတယ်… တိုက်ခိုက်တာမျိုး မရှိသေးဘူး… တစ်ခုခုကို စောင့်နေကြတဲ့အတိုင်းပဲ"

ကျန့်ပိုင်ရှန့် အသံကိုနှိမ့်၍ ပြောလိုက်သည်။

"နတ်ဆိုးတွေက အချိန်အတော်ကြာ ငြိမ်နေခဲ့ကြတာ… အခုမှ ရုတ်တရက်ကြီး မုန်တိုင်းတစ်ခုလို ဒီလောက်အပြင်းအထန် လှုပ်ရှားလာတယ်ဆိုတော့ သူတို့ သေချာပေါက် ပြင်ဆင်လာတာ ဖြစ်ရမယ်"

"မင်းတို့ထဲမှာ တစ်ခုခု စဉ်းစားမိတာရှိရင် ပွင့်ပွင့်လင်းလင်း ပြောနိုင်တယ်"

နင်ထျန့်ရင်း စိုးရိမ်တကြီးဖြင့်

"နတ်ဆိုးကြီး တစ်ကောင် ပေါ်လာမှာကို ကျွန်မ စိုးရိမ်မိတယ်"

"အကယ်၍ နတ်ဆိုးကြီးတစ်ကောင်က လူကိုယ်တိုင် လှုပ်ရှားလာမယ်ဆိုရင် ကျွန်တော်တို့ ခုခံဖို့ တကယ့်ကို ခက်ခဲသွားလိမ့်မယ်"

ရှုံ့ယွမ်ရှန်းကလည်း ဆက်၍ ပြောသည်

"ပြီးတော့ တတိယအဆင့် အခြေစိုက်စခန်းတွေကိုလည်း သတိထားဖို့ လိုမယ်ထင်တယ်… အထူးသဖြင့် တတိယအဆင့်နဲ့ စတုတ္ထအဆင့်ကို ဆက်ထားတဲ့ လမ်းကြောင်းပေါ့"

"အကယ်၍ အဲဒီလမ်းကြောင်းကို နတ်ဆိုးတွေ သိမ်းပိုက်သွားမယ်ဆိုရင် ကျွန်တော်တို့ ပင်လယ်ထဲမှာ မျောနေတဲ့ ကျွန်းတစ်ကျွန်းလို ဖြစ်သွားပြီး အဆုံးမှာ ဒီရေလှိုင်းတွေရဲ့ ဝါးမြိုတာကို ခံရလိမ့်မယ်"

ဝမ်ရှင်းအန်း လက်ကို ကျယ်ကျယ်ဝင့်ဝင့် ဝေ့ယမ်းလိုက်ရင်း

"မစိုးရိမ်ပါနဲ့… ငါ တတိယအဆင့် အခြေစိုက်စခန်းနဲ့ ခဏခဏ ဆက်သွယ်ဖြစ်ပါတယ်… အဲဒီမှာ နတ်ဆိုးတွေ အခြေချဖို့ ခက်တယ်… နတ်ဆိုးကြီးတစ်ကောင်က အမိန့်ပေးရင်တောင် အဲဒီနေရာမှာ နတ်ဆိုးငယ် တစ်သန်းလောက် စုမိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ထိုအခါမှ ခန်းမအတွင်းရှိ လူများ အနည်းငယ် စိတ်အေးသွားကြသည်။

ရှန်မိုကတော့ တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့၏။ နတ်ဆိုးမျိုးနွယ်စု၏ ဤကျူးကျော်မှုမှာ နှစ်ပေါင်းတစ်ထောင်အတွင်း မကြုံစဖူးသော ဖြစ်ရပ်မျိုးဖြစ်သည်။ နတ်ဆိုးကြီးတစ်ကောင်၏ ပါးနပ်မှုနှင့်ဆိုလျှင် နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်များ၏ နောက်တန်းစစ်ကြောင်းများကို ပစ်မှတ်မထားဘဲ နေလိမ့်မည် မဟုတ်ပေ။ နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်များဘက်ကသာ မရိပ်မိသေးခြင်း ဖြစ်သည်။ ထိုနေ့သည်လည်း တစ်နေ့နေ့တွင် ရောက်လာရမည်သာ ဖြစ်၏။ သို့သော် ကံကြမ္မာစနစ်များအရဆိုလျှင် ကျန်းလုံရှန်းကဲ့သို့သော ခံတပ်အရှင်များမှာလည်း ဤကိစ္စကို လုံးဝ မသိဘဲ နေကြမည် မဟုတ်ပေ။ သူတို့ ရန်သူ၏ အကြံအစည်ထဲသို့ ရောယောင် လိုက်ပါပေးနေကြခြင်းသာ ဖြစ်လိမ့်မည်။

ခဏအကြာတွင် ရှန်မိုနှင့် အခြားသူများ သဘောတူညီမှု ရရှိသွားကြသည်။ အခြေစိုက်စခန်းများတွင် ညကင်းလှည့်မှုကို တိုးမြှင့်မည်။ နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်တိုင်းအတွက် ဆေးလုံး ထောက်ပံ့မှုကို တိုးပေးမည်။ အနီးနားရှိ အခြေစိုက်စခန်းများနှင့် အထူးသဖြင့် တတိယအဆင့် အခြေစိုက်စခန်းနှင့် အမြဲမပြတ် ဆက်သွယ်မှု ရှိစေရန် လုပ်ဆောင်မည်။

နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်များကို အံ့သြသွားစေသည့်အချက်မှာ စတုတ္ထအဆင့်၏ အနက်ရှိုင်းဆုံးနေရာမှ ပြေးဝင်လာသော နတ်ဆိုးများသည် အခြေစိုက်စခန်းနှင့် အလှမ်းဝေးသော နေရာတွင်သာ စခန်းချနေပြီး အဝေးမှသာ စောင့်ကြည့်နေကြခြင်း ဖြစ်သည်။ စစ်မှန်သော နတ်ဆိုးအရှင်သခင် အများအပြားသည် ကောင်းကင်တွင် ပျံသန်းကာ နတ်ဆိုးစွမ်းအင်များကို ဖြန့်ကျက်နေကြသော်လည်း အလျင်စလို တိုက်ခိုက်ခြင်း မရှိကြပေ။ သူတို့ တစ်ခုခုကို စောင့်ဆိုင်းနေဆဲဖြစ်ပုံရသည်။ ဤမျှကြီးမားသော စစ်တပ်ကြီး တံခါးဝတွင် ရောက်နေခြင်းကြောင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်များမှာ အမြဲတမ်း သတိကြီးစွာထားနေရပြီး စိုးရိမ်ပူပန်မှုများကြောင့် စိတ်ဓာတ်များ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကြသည်။ သို့သော်လည်း ရုတ်တရက် ကျူးကျော်မှု ဖြစ်လာမည်ကို စိုးရိမ်သဖြင့် မိမိကိုယ်ကိုယ် အမြဲနိုးကြားနေအောင် တွန်းအားပေးကာ နတ်ဆိုးများ၏ လှုပ်ရှားမှုကို စောင့်ကြည့်နေကြရသည်။

သို့သော် ထိုကဲ့သို့သော နေ့ရက်များမှာ ကြာရှည်မခံခဲ့ပေ။ သုံးရက်အကြာတွင် ဆိုးရွားလှသော သတင်းဆိုးတစ်ခု ရောက်ရှိလာသည်။ သွေးနတ်ဘုရားခံတပ် နှင့် လမင်းဟောင်သံခံတပ်တို့ ပူးပေါင်းစောင့်ကြပ်သော တတိယအဆင့်၏ အကြီးဆုံးအခြေစိုက်စခန်း ဖြစ်သည့် "သွေးလမင်း အခြေစိုက်စခန်း" သည် လွန်ခဲ့သောညက ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။ သွေးလမင်း အခြေစိုက်စခန်းကို ကာကွယ်ထားသော စီရင်ချက်မှာ သားရဲတစ်သောင်း သွေးပြောင်းလဲခြင်း လီဗိုင်ယာသန် အကာအကွယ် ဟု ခေါ်သည့် ထိပ်တန်း ကောင်းကင်အဆင့် စီရင်ချက်တစ်ခု ဖြစ်သည်။ ၎င်းကို အသက်သွင်းရန် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများစွာ လိုအပ်ရုံသာမက နတ်ဆိုးသားရဲများ၏ သွေးမြောက်မြားစွာလည်း လိုအပ်သည်။ ပုံမှန်အားဖြင့် ထိုစီရင်ချက်သည် စွမ်းအား ဆယ်ရာခိုင်နှုန်းဖြင့်သာ လည်ပတ်နေခြင်း ဖြစ်သည်။ အစွမ်းကုန် အသက်သွင်းလိုက်လျှင် သွေးစွမ်းအင် လီဗိုင်ယာသန် သတ္တဝါကြီးတစ်ကောင်ကို ဖြစ်ပေါ်စေနိုင်ပြီး နတ်ဆိုးကြီးတစ်ကောင်ကို အနည်းဆုံး နာရီဝက်ခန့် ဟန့်တားထားနိုင်၏။ ထိုအချိန်မှာ ရုပ်လုံးပေါ်လာခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ရောက်ရှိလာပြီး နတ်ဆိုးကြီးကို မောင်းထုတ်ရန် လုံလောက်သော အချိန်ဖြစ်သည်။

သို့သော် ထိုမျှအထိ အလွန်ခိုင်မာလှသော အခြေစိုက်စခန်းပင် ကျဆုံးခဲ့ရသည်။ အခြေစိုက်စခန်းအတွင်းရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက် အချို့မှာ နတ်ဆိုးများ၏ ကူးစက်ခြင်းကို ခံထားရသည်။ သူတို့သည် စီရင်ချက်၏ ဗဟိုချက်တွင် မိမိကိုယ်ကိုယ် ဖောက်ခွဲလိုက်ကြသဖြင့် သားရဲတစ်သောင်း သွေးပြောင်းလဲခြင်း လီဗိုင်ယာသန် အကာအကွယ်လည်း ပျက်စီးသွားခဲ့ရခြင်း ဖြစ်သည်။ ပဉ္စမမြောက် ကောင်းကင်နတ်ဆိုးကြီး 'အန်ဝူယွဲ့' သည် ကိုယ်တိုင်လှုပ်ရှားခဲ့ပြီး သူ၏ အရှိန်အဝါကို အသုံးပြု၍ ထူထပ်သော မြူနှင်းများကို ဖြန့်ကျက်ကာ သွေးလမင်း အခြေစိုက်စခန်းတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။ မြူနှင်းများ ကွဲလွင့်သွားသောအခါ အခြေစိုက်စခန်းအတွင်းရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်အားလုံး သေဆုံးနေကြပြီ ဖြစ်၏။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခုမျှ မတွေ့ရဘဲ အားလုံးမှာ ဒေါသထွက်နေသည့် အမူအရာဖြင့် မျက်လုံးပြူးကာ သေဆုံးနေကြခြင်း ဖြစ်လေသည်။

ထို့ကြောင့် တတိယအဆင့်၏ ခံတပ်ငယ်တစ်ခုအလား ကြီးမားသော သွေးလမင်း အခြေစိုက်စခန်း ကျဆုံးသွားခဲ့ရပြီ။ ပို၍ ဆိုးရွားသည်မှာ သွေးလမင်း အခြေစိုက်စခန်း၏ ဘေးတွင် တတိယအဆင့်နှင့် စတုတ္ထအဆင့်ကို ဆက်သွယ်ထားသော လမ်းကြောင်း ရှိနေခြင်း ဖြစ်သည်။ ၎င်းကျဆုံးသွားခြင်းမှာ ထိုလမ်းကြောင်းသည် နတ်ဆိုးများ၏ လက်ထဲသို့ ရောက်သွားပြီဟု ဆိုလိုခြင်းပင်။ ယခုအချိန်မှစ၍ နတ်ဆိုးနှိမ်နင်းရေး ခံတပ်ကြီးနှင့် စတုတ္ထအဆင့်ရှိ အခြေစိုက်စခန်းများအကြား ဆက်သွယ်မှုရရန်မှာ မဖြစ်နိုင်သလောက်ပင်။ အချိန်ကြာလာသည်နှင့်အမျှ အခြေစိုက်စခန်းများတွင် ရှိနေသော အစောင့်အရှောက်များသည် သူတို့၏ ရိက္ခာနှင့် အရင်းအမြစ်များ ကုန်ဆုံးလာပေလိမ့်မည်။ နောက်ဆုံးတွင် ပုန်ကန်မှုများ ဖြစ်ပေါ်လာလိမ့်မည်။ လူတိုင်း ခိုင်မာသော စိတ်ဓာတ်ရှိကြသည် မဟုတ်သလို အဆုံးထိ ကြံ့ကြံ့ခံနိုင်ကြသည်လည်း မဟုတ်ပေ။ အသက်ရှင်သန်ရန်အတွက် လူအများစုသည် သူတို့၏ လူသားဆန်မှုကို စွန့်လွှတ်ကာ နတ်ဆိုးများကို ကိုးကွယ်ပြီး နတ်ဆိုးလူသားများ ဖြစ်သွားကြရန် ဝန်မလေးကြပေ။

ဝမ်ရှင်းအန်းမှာ နှစ်ရက်လျှင် တစ်ကြိမ် တတိယအဆင့်သို့ သွားရောက်လေ့ရှိသည်။ သူ ဤသတင်းကို သယ်ဆောင်လာသောအခါ ကျန့်ပိုင်ရှန့်၊ ဖုန်းချန်းနှင့် အခြားသူများ၏ နှလုံးသားထဲတွင် မခံမရပ်နိုင်အောင် လေးလံသွားကြ၏။

သွေးလမင်း အခြေစိုက်စခန်း ကျဆုံးသွားပြီ။ စတုတ္ထအဆင့်ရှိ အခြေစိုက်စခန်းများ၏ အခြေအနေမှာ ဘာဖြစ်လာမည်နည်း။

အပြင်ဘက်တွင်မူ အထွတ်အထိပ် စစ်မှန်သော နတ်ဆိုးသခင်တစ်ကောင်၏ အသံမှာ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"သွေးလမင်း အခြေစိုက်စခန်း ကျဆုံးသွားပြီ”

"တတိယအဆင့်နဲ့ စတုတ္ထအဆင့်ကြားက လမ်းကြောင်းဟာ အခု နတ်ဆိုးမျိုးနွယ်ရဲ့ လက်ထဲမှာ”

"နောက်ထပ် ငါးရက်အတွင်းမှာ ငါတို့ မတိုက်ခိုက်သေးဘူး… မင်းတို့ရဲ့ အခြေအနေကို မင်းတို့ နားလည်လာအောင် အချိန်ပေးမယ်”

"အခြေစိုက်စခန်းထဲမှာရှိတဲ့ နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်အားလုံး အညံ့ခံရင် အသက်ချမ်းသာခွင့် ပေးမယ်”

ကျန့်ပိုင်ရှန့်တို့၏ နှလုံးသားများ တုန်လှုပ်သွားကြသည်။ အကယ်၍ ဤသတင်းကို မဖော်ပြဘဲ နေနိုင်ခဲ့လျှင် တစ်မျိုးဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် အခုကဲ့သို့ လူသိရှင်ကြား အော်ဟစ်ပြောဆိုလိုက်ခြင်းမှာ အစောင့်အရှောက်များကြားတွင် ထိတ်လန့်မှုကို ဖြစ်စေမည်ဖြစ်ပြီး စိတ်ဓာတ်ကို ပြင်းထန်စွာ ထိခိုက်စေမည်မှာ အမှန်ပင်။ ထင်ထားသည့်အတိုင်း ကျန့်ပိုင်ရှန့်၊ ဖုန်းချန်းနှင့် ဝမ်ရှင်းအန်းတို့ ခန်းမထဲမှ ထွက်လာသောအခါ နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်များစွာမှာ တစ်ယောက်နှင့်တစ်ယောက် တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်ကို တွေ့ရသည်။ သူတို့၏ နှလုံးသားထဲတွင် သံသယများ ပြည့်နှက်နေ၏။ အချို့ကလည်း စတုတ္ထအဆင့်ရှိ အစောင့်အရှောက်အားလုံး စွန့်ပစ်ခံလိုက်ရပြီဟုပင် ပြောနေကြသည်။ ၎င်းက မငြိမ်မသက်မှုများကို ပို၍ တိုးပွားစေသည်။

တပ်မှူးလေးဦး ပေါ်လာသည်နှင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်အားလုံး သူတို့ထံသို့ လှည့်ကြည့်လာကြသည်။

"တပ်မှူးကျန့်၊ အဲဒီနတ်ဆိုး ပြောတာ အမှန်ပဲလား"

အစောင့်အရှောက်တစ်ဦးမှ မမေးဘဲ မနေနိုင်တော့ပေ။ ကျန့်ပိုင်ရှန့် တိတ်ဆိတ်နေမိသည်။ အကယ်၍ သူ ယခု လိမ်ညာပြောဆိုလိုက်လျှင်ပင် နောက်ရက်အနည်းငယ်အကြာ အခြေစိုက်စခန်း၏ ရိက္ခာများ ပြတ်လပ်သွားသောအခါ အစောင့်အရှောက်များ အမှန်တရားကို သိသွားကြမည်သာ ဖြစ်သည်။ ထိုအချိန်တွင် ဒေါသထွက်နေသော စစ်သည်များ ဘာလုပ်မည်ကို မည်သူမျှ ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ပေ။

ကျန့်ပိုင်ရှန့် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။ သို့သော် ရှန်မိုမှ ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီး အရှိန်အဝါအပြည့်ဖြင့် ပြောလိုက်သည်။

"နင်ထျန့်ရင်း၊ ရှုံ့ယွမ်ရှန်း!"

"ရှိပါတယ်!"

ထိုနှစ်ဦးမှာ အံ့သြသွားသော်လည်း ချက်ချင်းပင် ရှေ့သို့ တက်လာခဲ့ကြသည်။ သူတို့၏ မှတ်ဉာဏ်ထဲတွင် ရှန်မို သူတို့ကို ဤကဲ့သို့ အမိန့်ပေးသည့်ပုံစံမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။

"ရန်သူကြီးနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ စည်းလုံးညီညွတ်မှုက ဘာထက်မဆို ပိုအရေးကြီးတယ်"

"ကောလာဟလတွေကို ဖြန့်ပြီး အခြေစိုက်စခန်းကို မတည်မငြိမ်ဖြစ်အောင် လုပ်တဲ့ ဘယ်သူ့ကိုမဆို ခံတပ်ရဲ့ ဥပဒေအရ ကွပ်မျက်ရမယ်!"

နင်ထျန့်ရင်းနှင့် ရှုံ့ယွမ်ရှန်းတို့ ချက်ချင်းပင် ခေါင်းငြိမ့်လိုက်ကြသည်။

"ဟုတ်ကဲ့!"

သူတို့သည် လက်အောက်ငယ်သားများကို ဦးဆောင်ကာ နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်များကြားထဲသို့ ဝင်ရောက်သွားကြသည်။ ထို့နောက် အလွန်လျင်မြန်စွာပင် ကောလာဟလဖြန့်နေသူများကို ဖမ်းဆီးလိုက်ကြ၏။ ရှန်မို၏ ပြတ်သားသော လုပ်ဆောင်ချက်ကို မြင်လိုက်ရသဖြင့် ကျန့်ပိုင်ရှန့်မှာ စိတ်သက်သာရာ မရဘဲ မနေနိုင်တော့ပေ။ ဤကဲ့သို့ စိုးရိမ်စရာကောင်းသော အချိန်မျိုးတွင် တင်းကျပ်သော စည်းကမ်းမှာ လိုအပ်လှသည်။ ရှန်မို၏ လုပ်ဆောင်ချက်မှာ လုံးဝကို မှန်ကန်လှ၏။

ရှန်မို ကျန့်ပိုင်ရှန့်ကို ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

"အားလုံးပဲ… သွေးလမင်း အခြေစိုက်စခန်း ကျဆုံးသွားတယ်ဆိုတာ ယာယီဆုတ်ယုတ်မှုတစ်ခုပဲ ရှိပါသေးတယ်"

"နတ်ဆိုးတွေရဲ့ စကားဟာ လှည့်ဖြားမှုတွေပဲ… ဘယ်တော့မှ မယုံကြနဲ့"

"စတုတ္ထအဆင့်မှာရှိတဲ့ ငါတို့ နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်တွေဟာ ခံတပ်အတွက် ချွေးနဲ့သွေးတွေ မြောက်မြားစွာ ပေးဆပ်ခဲ့ကြပြီးပြီ"

"စစ်သူကြီးကျန်းက ငါတို့ကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး… လူသားမျိုးနွယ်က ငါတို့ကို စွန့်ပစ်မှာ မဟုတ်ဘူး”

ဝမ်ရှင်းအန်းကလည်း လေးနက်စွာ ပြောလိုက်သည်။

"ငါ တစ်ခု ထပ်ဖြည့်ပြောမယ်… တပ်မှူးရှန်ဟာ မြောက်ဘက်ရွှေ့ဝူခံတပ်ရဲ့ နောက်ထပ်ခံတပ်အရှင်အဖြစ် သတ်မှတ်ခံထားရပြီးသား"

"တပ်မှူးရှန် ဒီမှာ ရှိနေသရွေ့တော့ စစ်သူကြီးကျန်း သေချာပေါက် လာမှာပဲ"

"ဒါ့အပြင် ငါတို့ လေးယောက်လုံး ဒီမှာရှိနေတာ… အဲဒီ အထွတ်အထိပ် စစ်မှန်သော နတ်ဆိုးသခင် နှစ်ကောင်ဟာ ငါတို့ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး"

"အားလုံးပဲ မိမိတို့ရဲ့ တာဝန်ကျရာနေရာကို ပြန်ကြပါ… ငါတို့ စည်းလုံးညီညွတ်နေသရွေ့ နတ်ဆိုးမျိုးနွယ်ဟာ ငါတို့ အခြေစိုက်စခန်းကို ဘယ်လိုမှ ဖောက်ထွက်နိုင်မှာ မဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် လူတိုင်း စတင်၍ ပြောဆိုလာကြသည်။

"ဟုတ်တယ်… တပ်မှူးရှန်ရဲ့ ပါရမီနဲ့ စွမ်းဆောင်ရည်အရဆိုရင် သူ စွန့်ပစ်ခံရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး… စစ်သူကြီးကျန်းက သူ့ကိုလာကယ်မှာ သေချာတယ်… သူ စွန့်ပစ်မခံရဘူးဆိုရင် ငါတို့လည်း စွန့်ပစ်မခံရဘူးပေါ့"

"နဂါးပြာခံတပ်က ထန်းရှန့်ထင် နဲ့ သွေးနတ်ဘုရားခံတပ်က ရှီမိုင်တို့လည်း စတုတ္ထအဆင့်မှာ ရှိနေကြတယ်လို့ ကြားတယ်… ထန်းကျင့်လုံနဲ့ သားရဲလူသား စစ်သူကြီး ရှီထျန်တို့က သူတို့ကို စွန့်ပစ်မှာ မဟုတ်ဘူး!"

"မှန်တယ်… ငါတို့ ကိုယ့်ကိုယ်ကိုယ် အရှုံးမပေးသင့်ဘူး… စည်းစည်းလုံးလုံးနဲ့ ဆက်နေကြရအောင်”

Chapter 480: နတ်ဆိုးပင်လယ်ကို ဖြတ်၍

မကြာမီမှာပင် မြောက်ဘက်ရွှေ့ဝူ- ၄၁ အခြေစိုက်စခန်းအတွင်း၌ အမိန့်နှင့် စနစ်တကျရှိမှုများ ပြန်လည်စိုးမိုးသွားသည်။ လူအများစုမှာ အခြေအနေတစ်ခုကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားကြသည်။

မြောက်ဘက်ရွှေ့ဝူခံတပ်၏ နောက်ထပ်ခံတပ်အရှင်အဖြစ် လျာထားခြင်းခံရသည့် ပါရမီရှင် ရှန်မိုကဲ့သို့သောသူပင် ဤအခြေစိုက်စခန်းမှာ ရှိနေသေးတာပဲ။ ဒီတော့ သူတို့က ဘာကို ကြောက်နေရဦးမှာလဲ။

ကျန့်ပိုင်ရှန့်မှာ ရှန်မိုကို စိတ်သက်သာရာရသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်

"တပ်မှူးရှန်… အခုလို အရေးကြီးတဲ့ အချိန်မျိုးမှာ မင်း ရှေ့ထွက်ပြီး စကားပြောပေးတာဟာ ခံတပ်အရှင်တစ်ယောက်ရဲ့ အရှိန်အဝါမျိုးကို ပြသလိုက်တာပဲ"

ဝမ်ရှင်းအန်း တဟားဟား ရယ်မောရင်း

"မှန်တာပေါ့… ခုနက မင်းကြည့်ရတာ စစ်သူကြီးကျန်းရဲ့ လူငယ်ဘဝတုန်းက ပုံစံနဲ့ အတော်လေး တူနေတာ"

ရှန်မိုကတော့ မတတ်သာသလို ရယ်မောလိုက်ပြီး

"ကျွန်တော် လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပါ"

"ဒါနဲ့ ဝမ်ကြီး... စစ်သူကြီးကျန်းက ခင်ဗျားကို အဲဒီလို တကယ်ပြောခဲ့တာလား"

ဝမ်ရှင်းအန်း အသံကိုနှိမ့်၍

"မဟုတ်ပါဘူး… ဒါပေမဲ့ ကျန့်ကြီးကိုတော့ သူပြောခဲ့ဖူးတယ်"

ကျန့်ပိုင်ရှန့် ခေါင်းငြိမ့်ပြသည်။

"စစ်သူကြီးကျန်းက ဒီအစီအစဉ်ကို စိတ်ကူးထားတာ ကြာပါပြီ… ဒါပေမဲ့ အဲဒီတုန်းက မင်းရဲ့ စွမ်းအားက မလုံလောက်သေးဘူး… တခြားခေါင်းဆောင်တွေကို မင်း မထိန်းချုပ်နိုင်မှာ စိုးရိမ်လို့ သူ ဝေခွဲမရဖြစ်နေခဲ့တာ"

"ဒါပေမဲ့ မင်းက နတ်ဆိုးကြီးရဲ့ သားကို သတ်ခဲ့ပြီး အထွတ်အထိပ် စစ်မှန်သော နတ်ဆိုးသခင် နှစ်ကောင်ကို ခေါင်းဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့သွားပြီးနောက်မှာတော့ တပ်မှူးတိုင်းက မင်းကို ချီးကျူးကြတော့တာပဲ"

"အဲဒီတော့မှပဲ စစ်သူကြီးကျန်းလည်း စိတ်အေးသွားတော့တာ"

ရှန်မိုကဍ အသာအယာ ခေါင်းငြိမ့်လိုက်သည်။ သူ၏ လက်ရှိစွမ်းအားနှင့် ဂုဏ်သတင်းအရဆိုလျှင် သူ နောက်ထပ် ခံတပ်အရှင် ဖြစ်လာမည်ကို မည်သူမျှ ကန့်ကွက်ရဲမည် မဟုတ်ပေ။ သူ မြောက်ဘက်ရွှေ့ဝူခံတပ်၏ နောက်ထပ်အရှင်သခင် ဖြစ်လာရန် အမှန်တကယ်ပင် အသင့်တော်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။

"စစ်သူကြီးကျန်းလည်း လှုပ်ရှားမှုတွေ စတင်နေလောက်ပြီ"

"ငါတို့ရဲ့ တစ်ခုတည်းသော တာဝန်ကတော့ အခြေစိုက်စခန်းကို ကာကွယ်ဖို့နဲ့ နတ်ဆိုးတွေကို ဘယ်တော့မှ အဖောက်မခံဖို့ပဲ"

ကျန့်ပိုင်ရှန့် လေးနက်စွာ ပြောလိုက်သည်။

ရှန်မို၊ ဖုန်းချန်းနှင့် ဝမ်ရှင်းအန်းတို့အားလုံး အလေးအနက် ခေါင်းငြိမ့်လိုက်ကြ၏။

...

မြောက်ဘက်ရွှေ့ဝူခံတပ် အဖွဲ့တစ်ဖွဲ့သည် နတ်ဆိုး ပင်လယ်ဆီသို့ အလျင်အမြန် ဦးတည်နေသည်။ သူတို့ကို ဦးဆောင်လာသူမှာ ဝါဂွမ်းရောင် ဆံပင်အစရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသား မြောက်ဘက်ရွှေ့ဝူခံတပ် အရှင်သခင် ကျန်းလုံရှန်းပင်။ သူ၏ ဘေးတွင် တပ်မှူး သုံးဦးနှင့် တပ်မှူးငယ် ၃၀ ကျော် ပါဝင်ပြီး ဤအဖွဲ့သည် မြောက်ဘက်ရွှေ့ဝူခံတပ်၏ အတော်ဆုံး အထူးချွန်ဆုံးသော အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ကျန်းလုံရှန်း၏ အမိန့်အရ အဖွဲ့သည် လှိုင်းခွဲစစ်လှေကို စီးနင်းကာ အရှိန်အကုန်မြှင့်၍ စတုတ္ထအဆင့်ဆီသို့ တိုက်ရိုက် ဦးတည်သွားကြသည်။

"မင်းတို့ ဘာမှ မဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်"

ကျန်းလုံရှန်းသည် စိုးရိမ်စိတ်များဖြင့် မှောင်မည်းငြိမ်သက်နေသော သမုဒ္ဒရာကို စိုက်ကြည့်နေမိသည်။

သူတို့ ခရီးတစ်ဝက်သို့ ရောက်သောအခါ နောက်ထပ် အဖွဲ့နှစ်ဖွဲ့ ရောက်ရှိလာသည်။ တစ်ခုမှာ သွေးနတ်ဘုရားခံတပ်မှ ခံတပ်အရှင် ရှီထျန် ဦးဆောင်သော အဖွဲ့ဖြစ်သည်။ အခြားတစ်ခုမှာ နဂါးပြာခံတပ်မှ ခံတပ်အရှင် ထန်းကျင့်လုံ ဦးဆောင်သော အဖွဲ့ဖြစ်လေ၏။ ကျန်းလုံရှန်း၏ အကြည့်မှာ ရှီထျန်နှင့် ထန်းကျင့်လုံတို့ထံသို့ ရောက်သွားပြီး အထူးသဖြင့် သွေးနတ်ဘုရားခံတပ် အဖွဲ့အတွင်းရှိ မျောက်တစ်ကောင်နှင့် ဝံပုလွေဖြူတစ်ကောင်ထံတွင် အကြည့်က ရပ်တန့်သွားသည်။ လူသားနှစ်ဦးနှင့် သားရဲသုံးကောင်တို့သည် အသာအယာ ခေါင်းငြိမ့်ပြလိုက်ကြသည်။ သူတို့ စကားများများမပြောဘဲ အင်အားချင်း အမြန်ပူးပေါင်းလိုက်ကြကာ နတ်ဆိုး ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာများဆီသို့ အတူတကွ တိုးဝင်သွားကြတော့သည်။

နတ်ဆိုး ပင်လယ်၏ အထက်ပိုင်း အဆင့်သုံးဆင့်ကို မျိုးနွယ်စု သုံးခုမှ အချိန်အတော်ကြာ စူးစမ်းခဲ့ပြီး အခြေစိုက်စခန်းများစွာ တည်ဆောက်ထားခဲ့သော်လည်း နတ်ဆိုးမျိုးနွယ်စုမှာ အဆုံးမရှိနိုင်အောင် များပြားလှသည်။ ထို့ကြောင့် ခံတပ်သုံးခုမှ ပူးပေါင်းထားသော ဤအဖွဲ့ကြီးသည် ပိုမိုနက်ရှိုင်းသော အဆင့်များအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် သူတို့ ရှိနေခြင်းကို နတ်ဆိုးကင်းထောက်များ ချက်ချင်း သိရှိသွားကြသည်။ ထိုသတင်းမှာ နတ်ဆိုးကြီး သုံးပါးထံသို့ လျင်မြန်စွာ ရောက်ရှိသွား၏။ တတိယမြောက် နတ်ဆိုးကြီး အန်မိုင်၊ ပဉ္စမမြောက် နတ်ဆိုးကြီး 'အန်ဝူယွဲ့'၊ ဆဋ္ဌမမြောက် နတ်ဆိုးကြီး 'အန်ချန်' တို့ ဖြစ်ကြသည်။ သူတို့ သုံးဦးစလုံးမှာ လက်ရှိတွင် စတုတ္ထအဆင့်ရှိ မြင့်မားသော တောင်ထိပ်တစ်ခုပေါ်၌ ရှိနေကြပြီး အဝေးရှိ အခြေစိုက်စခန်းများကို ငုံ့ကြည့်နေကြ၏။

အန်ကျန့်ယင်းမှ

"...နတ်ဆိုးဖခင်ကြီးတို့… အခြေအနေက အဲဒီလိုပါပဲ… အဖွဲ့ထဲမှာ ကျန်းလုံရှန်း၊ ထန်းကျင့်လုံနဲ့ ရှီထျန်ဆိုတဲ့ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး သုံးယောက် ပါလာပါတယ်"

"သူတို့ရဲ့ လက်အောက်ခံ တပ်မှူးတွေနဲ့ တပ်မှူးငယ်တွေ အများကြီးလည်း ပါလာကြတယ်"

"သူတို့က သူတို့ခံတပ်တွေရဲ့ အတော်ဆုံး စစ်သည်တွေ ဖြစ်နိုင်ပါတယ်"

ထိုစကားကို ကြားသော် အန်မိုင် အကျယ်ကြီး ရယ်မောလိုက်သည်။

"သူတို့ရဲ့ ပါရမီရှင်တွေအားလုံး စတုတ္ထအဆင့်မှာ ပိတ်မိနေတာဆိုတော့ သူတို့ ထိတ်လန့်သွားတာ မဆန်းပါဘူး"

"ငါတို့ စီစဉ်ထားတဲ့အတိုင်း သူတို့ကို အပြင်ထွက်လာအောင် ဖိအားပေးနိုင်ခဲ့ပြီ"

အန်ဝူယွဲ့ ထူးဆန်းစွာ ရယ်လိုက်ရင်း

"မှန်ပါတယ်… ထန်းရှန့်ထိန်နဲ့ ရှီမြဲ့တို့ဟာ နောက်ခံတပ်အရှင်တွေအဖြစ် သတ်မှတ်ခံထားရပြီးသားလို့ ငါ မှတ်မိနေတယ်"

"ပြီးတော့ ရှန်မိုဆိုတဲ့ ကောင်လေး… ထူးခြားတဲ့ ပါရမီရှိတာပဲ… ကျန်းလုံရှန်းက အတိအလင်း မပြောပေမဲ့ သူ့စိတ်ထဲမှာတော့ သူ့ကိုပဲ ရည်ရွယ်ထားတာ ရှင်းနေတာပဲ"

အန်မိုင် အလေးအနက် ခေါင်းငြိမ့်လိုက်သည်။

"အတိအကျပဲ… ဒါကြောင့်လည်း သူတို့ကို နတ်ဆိုး ပင်လယ်ထဲက ငါတို့နယ်မြေထဲ ရောက်အောင် ဆွဲဆောင်ရတာပေါ့"

အန်ချန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ မေးလိုက်၏။

"တခြား နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးတွေကော… ဘာထူးခြားတဲ့ လှုပ်ရှားမှုရှိလဲ"

အန်မိုင် လက်ကာပြလိုက်ပြီး

"အန်ချန်… မင်း ဘာတွေးနေလဲ ငါသိပါတယ်… တခြား စစ်သူကြီးတွေ ဝင်ပါလာမှာကို မင်း စိုးရိမ်နေတာ မဟုတ်လား"

အန်ချန် ခေါင်းငြိမ့်၏။ အန်ကျန့်ယင်း ချက်ချင်း ရှေ့တိုးလာကာ တင်ပြလိုက်သည်။

"ဆဋ္ဌမအရှင်… ခံတပ်အသီးသီးမှာ ငါတို့လွှတ်ထားတဲ့ သူလျှိုတွေရဲ့ အစီရင်ခံစာအရဆိုရင် တခြား စစ်သူကြီးတွေ လှုပ်ရှားမယ့် လက္ခဏာ မရှိပါဘူး"

"သူတို့ကတော့ မြောက်ဘက်ရွှေ့ဝူခံတပ်၊ သွေးနတ်ဘုရားခံတပ်နဲ့ နဂါးပြာခံတပ်က ပါရမီရှင်တွေ ကျဆုံးသွားမှာကိုတောင် ကြိုဆိုနေကြဦးမှာပါ"

ထိုအခါမှ အန်ချန်၏ အမူအရာ အနည်းငယ် ပြေလျော့သွားသည်။ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် သူ တိုးတိုးလေး ထပ်ပြောလိုက်သည်

"ဒါပေမဲ့ သုံးယောက်ချင်းချင်းဆိုတော့ ငါတို့ဘက်က အားသာချက်ရှိနေရင်တောင် ကြိုတင်မမြင်နိုင်တဲ့ ပြောင်းလဲမှုတွေ ရှိနိုင်သေးတယ်"

ရုပ်လုံးပေါ်လာခြင်းအဆင့် ကျင့်ကြံသူများသည် နတ်ဆိုးနယ်မြေများ၏ ဖိနှိပ်မှုကို အတိုင်းအတာတစ်ခုအထိ ခုခံနိုင်ကြသည်။ သုံးယောက်ချင်းချင်း တိုက်ပွဲမှာ အချိန်ကြာမြင့်သော စစ်ပွဲကြီး ဖြစ်သွားနိုင်သည်။ နတ်ဆိုးကြီး သုံးပါးအနက် တစ်ဦး ကျဆုံးသွားနိုင်သည့် အခွင့်အရေးပင် ရှိနေ၏။ ပြင်းထန်သော ဒဏ်ရာရရှိခြင်းမှာပင် သေးငယ်သောကိစ္စ မဟုတ်ပေ။ နတ်ဆိုးကြီးများအကြား ပြိုင်ဆိုင်မှုမှာလည်း ပြင်းထန်လှသည် မဟုတ်လား။ အကယ်၍ ထိုသို့ဖြစ်လာပါက ရရှိမည့် အကျိုးထက် ဆုံးရှုံးမှုက ပိုကြီးပေလိမ့်မည်။

အန်မိုင် ပြုံးလိုက်ပြီး

"မစိုးရိမ်ပါနဲ့… နတ်ဆိုးဧကရာဇ်ရဲ့ ဘယ်ဘက်လက်က နိုးထလာနေပြီ"

"အန်ယွန်းနဲ့ အန်ရွှယ်ဆိုတဲ့ လူမိုက်နှစ်ယောက်က နတ်ဆိုးဧကရာဇ်ရဲ့ သွေးအဆီအနှစ်ကို သူတို့ဘာသာ သိမ်းချင်နေကြတာ… ဒါပေမဲ့ သူတို့ရဲ့ လက်အောက်ငယ်သားတွေထဲမှာ ငါ့လူတွေရှိနေတာကို သူတို့ မသိဘူး"

"အန်ချန်းက သူတို့ဆီ လူကိုယ်တိုင် သွားတွေ့လိမ့်မယ်"

"အန်ချန်း ရောက်တာနဲ့ သူတို့တွေ နတ်ဆိုးဧကရာဇ်ရဲ့ ဘယ်ဘက်လက်ကို လိမ္မာပါးနပ်စွာ အပ်နှံကြရမှာပဲ"

"အဲဒီအချိန်ကျရင် အန်ချန်းက လူလွှတ်ပြီး အဲဒီလက်ကို ဒီဘက် ပို့ပေးလိမ့်မယ်… နတ်ဆိုးဧကရာဇ်ရဲ့ ဘယ်ဘက်လက် စွမ်းအားနဲ့ဆိုရင် ငါတို့ဟာ ကျန်းလုံရှန်းတို့အပေါ် လုံးဝ အသာစီးရသွားလိမ့်မယ်"

ထိုအခါမှ အန်ချန်နှင့် အန်ဝူယွဲ့တို့ သဘောတူညီစွာ ခေါင်းငြိမ့်လိုက်ကြသည်။

"ဒါဆိုရင်တော့ အကောင်းဆုံးပဲ"

နတ်ဆိုးဧကရာဇ်၏ ဘယ်ဘက်လက်ကို စီရင်ချက်မှာ အခြေပြုထားနိုင်လျှင် ကျန်းလုံရှန်းနှင့် အခြားသူများကို သတ်ဖြတ်ရန်မှာ အချိန်တစ်ခုသာ လိုတော့မည်ဖြစ်သည်။ အန်မိုင်၏ စကားများက သူတို့ကို လိုအပ်သော ယုံကြည်မှုကို ပေးစွမ်းလိုက်သည်။ သို့သော် အန်ချန်၏ စိတ်ထဲတွင် စိုးရိမ်စိတ် အနည်းငယ် ရှိနေဆဲဖြစ်သည်။

သူတို့ရဲ့ အစီအစဉ်က တကယ်ပဲ အောင်မြင်သွားပြီလား။

သူတို့က ကျန်းလုံရှန်းတို့အဖွဲ့ကို စတုတ္ထအဆင့်ထဲ တကယ်ပဲ ရောက်အောင် ဖိအားပေးနိုင်ခဲ့တာလား။

အန်ချန်ကတော့ ဆက်လက်၍ သတိကြီးစွာထားခြင်းက ပိုကောင်းမည်ဟု ခံစားနေရ၏။

...

စတုတ္ထအဆင့်၏ အနက်ရှိုင်းဆုံးနေရာ ရှေးဟောင်းယဇ်ပလ္လင်၏ အပြင်ဘက်။

ကိုးဦးမြောက် နတ်ဆိုးကြီး အန်ယွန်းနှင့် ဆယ်ဦးမြောက် နတ်ဆိုးကြီး အန်ရွှယ်တို့သည် နတ်ဆိုးဧကရာဇ်၏ ဘယ်ဘက်လက်မှ သွေးအဆီအနှစ်များကို ထုတ်ယူရန် အသည်းအသန် ကြိုးစားနေကြသည်။ နတ်ဆိုးနှစ်ကောင်၏ မျက်လုံးများတွင် လောဘစိတ်များ ပြည့်နှက်နေ၏။

မလှမ်းမကမ်းရှိ လိုဏ်ဂူတစ်ခုအတွင်း။

အန်ကျန့်ကျူးတစ်ယောက် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ သူ၏ရှေ့တွင် ဖြည်းညှင်းစွာ လည်ပတ်နေသော နတ်ဆိုးရှောင်ကွင်း တယ်လီပို့စနစ် အသေးစားတစ်ခု ရှိနေ၏။ ရုတ်တရက် တယ်လီပို့စနစ်အတွင်းမှ အလင်းတစ်ခု လင်းလက်လာသည်။

ဝူး!

အလင်းမျက်နှာပြင်ကြားမှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာပြီး မှောင်မည်းအုံ့မှိုင်းသော ပတ်ဝန်းကျင်သို့ ရောက်ရှိလာကြသည်။ ပထမပုံရိပ်မှာ အစွမ်းထက်ပြီး လှပသော ခန္ဓာကိုယ်ရှိသည့် အကြေးခွံဖြူ ရေနဂါးကြီးတစ်ကောင် ဖြစ်သည်။ သူသည် အအေးလှိုင်းနဂါးခံတပ်၏ အရှင်သခင်နှင့် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးဖြစ်သူ အောင်းချင်းပင်။ ဒုတိယပုံရိပ်မှာ ကြောက်မက်ဖွယ်ကောင်းသော မိကျောင်းနက်ကြီးတစ်ကောင် ဖြစ်ပြီး ကောင်းကင်မြစ်ခံတပ်၏ အရှင်သခင်နှင့် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးဖြစ်သူ အယ်ယွမ်ဖြစ်သည်။

အန်ကျန့်ကျူး၏ မျက်လုံးများ တောက်ပသွား၏။ သူသည် စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ် ထုတ်ဖော်လိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်

"လူကြီးမင်းတို့… ကျွန်တော်က ကျူးရွှမ်ကျီပါ"

အောင်းချန် သူ၏ရှေ့ရှိ ထွားကျိုင်းသော နတ်ဆိုးကို သေချာစိုက်ကြည့်လိုက်သည်။ ခဏအကြာတွင် သူက အံ့သဩချီးကျူးစွာဖြင့်

"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာတုန်းက တောင်ဘက်အာဂန္တုငှက်ခံတပ် ပြင်းပြင်းထန်ထန် ပျက်စီးသွားပြီး ကျူးရွှမ်ကျီ သေဆုံးသွားပြီလို့ ကြေညာခဲ့တုန်းက တစ်ခုခု မှားနေတယ်လို့ ငါ ခံစားခဲ့ရတယ်"

"မင်းလို ပါရမီရှိတဲ့လူက ဒီလောက် အလွယ်တကူ သေမသွားနိုင်ဘူးလေ"

"ထင်ထားတဲ့အတိုင်းပဲ… ကျန်းလုံရှန်းသာ ငါ့ကို မပြောခဲ့ရင် ငါလည်း အခုထိ ဘာမှသိမှာ မဟုတ်ဘူး!"

"ကျူးရွှမ်ကျီဖြစ်တဲ့ မင်းက သေလူအဖြစ် ဟန်ဆောင်ပြီး နတ်ဆိုး ပင်လယ်ထဲကို လာခဲ့မယ်… ပြီးတော့ ကိုးဦးမြောက် နတ်ဆိုးကြီးရဲ့ ယုံကြည်ရတဲ့ လက်အောက်ငယ်သား ဖြစ်လာလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး”

လူသားများကို သိပ်ပြီး စိတ်မဝင်စားတတ်သော အယ်ယွမ်ကပင် ရှားရှားပါးပါး ခေါင်းငြိမ့်၍ အသိအမှတ်ပြုလိုက်သည်

"ကျူးရွှမ်ကျီ… မင်း ဒီတစ်ခေါက် တကယ့်ကို အကျိုးပြုခဲ့တာပဲ… ငါ မိကျောင်းကြီးတောင် မင်းကို လေးစားသွားပြီ”

All Chapters