အခန်း (၂၀၁)
Vol. 21 Ch. 201
အစည်းအဝေးခန်းအတွင်းရှိဆွေးနွေးနေသူ သုံးဦးလုံးသည် လာမည့်စစ်ပွဲအတွင်းအဓိကအရေးပါအရာရောက်သူများဖြစ်၏။ ထိုထဲတွင် ဖာဟိုင်အကြောင်းကိုမူ ပြောနေရန်ပင် မလိုတော့ချေ။
သူ၏ မူလခန္ဓာကိုယ်သည် လွတ်မြောက်ခြင်းအဆင့် ဗုဒ္ဓအရှင်တစ်ပါးဖြစ်ပြီး ယခုအခါ ဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာ ကမ္ဘာ တွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် ကို ကျူးကျော်လာမည့် ဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာများကို တားဆီးပေးနေသည်။
ဤမဟာလွတ်မြောက်ခြင်း ရုယီကိုယ်ပွား ၏ စွမ်းအားသည်ပင်လျှင် အံ့မခန်း ဖြစ်ပြီး ကိုယ်ပိုင်အသိစိတ်ဖြင့် ကျင့်ကြံနိုင်ကာ စစ်မှန်သော နတ်ဘုရား ဒုတိယအဆင့်ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။
လက်သီးဧကရာဇ် သူတော်စင်သည်လည်း ရှေးဟောင်းသူတော်စင် ဖြစ်ရုံသာမက ဝူဧကရာဇ်၏ မျိုးဆက် ဖြစ်ပြီး တာ့ဝူအင်မော်တယ်မင်းဆက်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သူ ဖြစ်သည်။ သူသည် တိုင်းပြည်အုပ်ချုပ်ရေးဆိုင်ရာ နည်းဗျူဟာများတွင် အလွန် ကျွမ်းကျင်လှသဖြင့် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အုပ်ချုပ်ရေးဆိုင်ရာ နည်းဗျူဟာများကို လမ်းညွှန်ပေးနိုင်လေသည်။
ကျုံးချီမင်၏ ကျင့်ကြံမှုသည် ထိုနှစ်ဦးနှင့် နှိုင်းယှဉ်ပါက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ နိမ့်ကျနေ၏။ သို့သော်လည်း သူသည် ထျန်းဂိုဏ်း၏ အကြီးအကဲ ဖြစ်ကာ ကျုံးရှန် ၏ မျိုးဆက်လည်း ဖြစ်သဖြင့် ဖာဟိုင် နှင့် လက်သီးဧကရာဇ်တို့နှင့် တန်းတူ ဆွေးနွေးခွင့်ရှိ လေသည်။
''အခုဆိုရင် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေက နန်ယန်စီရင်စုမှာ အခြေခိုင်သွားပြီ''
''နန်ထျန်းအင်မော်တယ်မင်းဆက် အပါအဝင် နန်ယန်စီရင်စုထဲက အင်အားစု အတော်များများကလည်း ထျန်းဂိုဏ်းဆီမှာ ခိုဝင်လာကြပါတယ်''
''ဒီကမြောက်ဘက်နယ်စပ်ရဲ့ အခြေအနေက တော့ နန်ယန်စီရင်စုထက် အများကြီးပိုပြီး ရှုပ်ထွေးနေတယ်''
''လူရိုင်းမျိုးနွယ်စုတွေက မိစ္ဆာနတ်ဘုရားတွေကို ကိုးကွယ်ပြီး မြောက်ဘက်နယ်စပ်ရဲ့ နယ်မြေအတော်များများကို သိမ်းပိုက်ထားကြသလို... သူတို့ရဲ့ စုစုပေါင်း အင်အားက ဟွမ်ရှားလူမျိုးစု ထက် အနည်းဆုံး နှစ်ဆလောက် ပိုများနေတယ်"
''ဒီကိစ္စနဲ့ ပတ်သက်ပြီး စီနီယာ လက်သီးဧကရာဇ် နဲ့ ဆရာတော်တို့ ဘယ်လို အကြံဉာဏ်များ ရှိပါသလဲ"
ကျုံးချီမင်သည် အလေးအနက်ပင် မေးမြန်းလိုက်လေသည်။
ဖာဟိုင်က လက်သီးဧကရာဇ်ကို တစ်ချက် ကြည့်လိုက်သည်။
''ဒီကိစ္စကို လက်သီးဧကရာဇ် သူတော်စင်ရဲ့ သဘောထားကိုပဲ အရင် နားထောင်ကြည့်ကြတာပေါ့''
ဖာဟိုင် ကိုယ်တိုင် ပြောဆိုလာသဖြင့် လက်သီးဧကရာဇ်သည်လည်း ဆက်လက် ဟန်ဆောင်မနေတော့ပေ။
သူသည် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ကျုံးချီမင်နှင့် ဖာဟိုင်ကို လက်သီးဆုပ်၍ အရိုအသေပြုလိုက်လေသည်။
''ကျွန်တော့် အမြင်အရဆိုရင်တော့ မျိုးနွယ်ခြားတွေနဲ့ တိုက်ခိုက်တာက တစ်ရက်တည်းနဲ့ ပြီးပြတ်မယ့်ကိစ္စ မဟုတ်ပါဘူး"
''ကျွန်တော်တို့ လူသားမျိုးနွယ်ဟာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် မှာ သေးငယ်တဲ့အင်အားမဟုတ်ပေမဲ့ စည်းလုံးမှုမရှိကြဘဲ တစ်ကွဲတစ်ပြား စီပျံ့ကျဲနေတယ်''
''အခုအချိန်မှာ အရေးကြီးဆုံးက မျိုးနွယ်ခြားတွေနဲ့ မီးကုန်ယမ်းကုန်အဆင့်ထိတိုက်ခိုက်ဖို့ မဟုတ်ပါဘူး''
''အထိအခိုက်အနည်းဆုံးနဲ့ အကြီးမားဆုံး အောင်ပွဲကို ရယူဖို့အတွက် နယ်မြေတွေကို ချဲ့ထွင်ဖို့ဘက်ကို ပိုအာရုံစိုက်သင့်ပါတယ် ''
''ဒီ ဂိုဏ်းခွဲမှာပဲဖြစ်ဖြစ်...နန်ယန်စီရင်စုက ဂိုဏ်းရဲ့ဌာနချုပ်မှာပဲဖြစ်ဖြစ် အခွင့်အရေးအားလုံးကို အသုံးချပြီး နယ်မြေချဲ့ထွင်ရမယ်... လက်လှမ်းမီသမျှ အင်အားစုအားလုံးကို စုစည်းနိုင်မှသာ အသာစီး ရမှာ ဖြစ်တယ်''
''လက်ရှိမှာတော့ နယ်မြေတွေကို တစ်ဆင့်ချင်းစီ ခိုင်မာအောင် တည်ဆောက်ပြီး လူရိုင်းနယ်မြေတွေဆီဘက်ကို ဖြည်းဖြည်း ချင်းတိုးချဲ့သင့်တယ်လို့ ထင်ပါတယ်''
''ဒုတိယအချက်အနေနဲ့ ကျွန်တော်တို့က နယ်မြေခွဲဝေအုပ်ချုပ်ရေး စနစ်ကို ကျင့်သုံးပြီး အစွမ်းထက်သူတွေနဲ့ ဂိုဏ်းသားတွေကို နယ်မြေရှင်းလင်းရေးမှာ တက်ကြွစွာ ပါဝင်လာအောင် တိုက်တွန်းရမယ်... ရှင်းလင်းပြီးသား နယ်မြေတွေကို ပိုင်ဆိုင်ခွင့် ပေးရမယ်... ဒါပေမဲ့ နှစ်စဉ် ဂိုဏ်းကို အခွန်ဆောင်ခိုင်းရမယ်....ဒီလိုလုပ်ခြင်းအားဖြင့် လူတိုင်းက စိတ်အားထက်သန်စွာနဲ့ လူရိုင်းနယ်မြေတွေဆီ သွားကြလိမ့်မယ်..."
"တတိယအချက်ကတော့ ကုန်သည်တွေကို ဖိတ်ခေါ်ပြီး လူရိုင်းနယ်မြေက ထွက်တဲ့ ရှားပါးပစ္စည်းတွေကို စီရင်စုတွေဆီ ပြန်လည် ရောင်းချခိုင်းရမယ်.... စီးပွားရေးလည်ပတ်အောင်အမြတ်အစွန်း ရှာဖွေခိုင်းရမှာပေါ့..."
''နောက်ဆုံးတစ်ချက်ကတော့ စစ်ရေးအရ အသုံးပြုမယ့် ပစ္စည်းတွေကို အမြောက်အမြား ထုတ်လုပ်ဖို့ပါပဲ...ကျွန်တော်ရဲ့လေ့လာမှုအရ.. ထျန်းဂိုဏ်းရဲ့ လက်နက်သွန်းလုပ်မှုက အလွန် အဆင့်မြင့်တာကို တွေ့ရတဲ့အတွက်... ဝိညာဉ်သေနတ်တွေနဲ့ စစ်သည်၊ ဗိုလ်၊ ဗိုလ်မှူး၊ ဗိုလ်ချုပ်၊ နယ်စား၊ ဘုရင် နဲ့ ဧကရာဇ် အဆင့်ရှိတဲ့ ချပ်ဝတ်တန်ဆာတွေကို အမြောက်အမြား ထုတ်လုပ်ပြီး ရောင်းချသင့်ပါတယ်''
''ဒီလိုလုပ်ခြင်းအားဖြင့် ကုန်ကြမ်းတွေ အများကြီး စုဆောင်းနိုင်ပြီး ချမ်းသာကြွယ်ဝမှုစုဆောင်းနိုင်လာနိုင်မှာပဲဖြစ်တယ်... ဝိညာဉ်သေနတ်နဲ့ စစ်သည်အဆင့် ချပ်ဝတ်တန်ဆာတွေက သာမန်လူတွေကိုတောင် သိုင်းဆရာသခင်အဆင့်နဲ့ ယှဉ်နိုင်အောင် လုပ်ပေးနိုင်တယ်လေ''
''အရင်ကတော့ ကုန်ကြမ်းတွေ ဈေးကြီးလို့ တွက်ခြေမကိုက်ပေမဲ့ လူရိုင်းနယ်မြေကို သိမ်းပိုက်နိုင်ရင်တော့ ကုန်ကြမ်းတွေ ပေါများလာမှာဖြစ်လို့ အခြေခံကုန်ကြမ်းပစ္စည်းပြတ်လပ်မှာစိတ်ပူစရာမလိုတော့''
''အခုလောလောဆယ်တော့... မိစ္ဆာသူတော်စင် တစ်ဖွဲ့စီကို နိယာမနယ်ပယ် တပည့်တွေနဲ့ ပေါင်းပြီး မန်ရှားမျိုးနွယ်စုကို အသေးစား ပြောက်ကျားတိုက်ခိုက်မှုတွေပဲ လုပ်ခိုင်းသင့်တယ်''
''အထူးသဖြင့် သူတို့ရဲ့သိုလှောင်ရုံတွေနဲ့ လက်နက်တိုက်တွေကို ဝင်ရောက် လုယက်ခိုင်းရမယ်...အခုအခြေအနေမှာ ထိပ်တိုက်တိုက်ခိုက်တာမျိုး မလုပ်တာအကောင်းဆုံးပဲ''
"ဒီနည်းဗျူဟာအတိုင်း ဆက်သွားရင် နှစ်တစ်ရာကြာတဲ့အခါ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ ရဲ့ အင်အားက အနည်းဆုံး အဆတစ်ရာ တိုးတက်လာလိမ့်မယ်"
လက်သီးဧကရာဇ် သူတော်စင်သည် ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုနေသည်။
သူသည် အင်မော်တယ်မင်းဆက် တစ်ခု၏ ဧကရာဇ် ဖြစ်ခဲ့သည်နှင့်အညီ စကားအနည်းငယ်ဖြင့်ပင် ထျန်းဂိုဏ်းအတွက် အကောင်းဆုံးသော ဖွံ့ဖြိုးတိုးတက်ရေး နည်းဗျူဟာကို ရှင်းပြလိုက်ခြင်း ဖြစ်သည်။
ထိုစကားများကို ကြားသောအခါ ကျုံးချီမင် သည် ခေါင်းကို တဆတ်ဆတ် ညိတ်နေမိ၏။ တစ်ဖက်ရှိ ဖာဟိုင်ဆရာတော် သည်လည်း ချီးကျူးသည့် အမူအရာ ပြသလိုက်သည်။
''လက်သီးဧကရာဇ် သူတော်စင် ပြောတာကောင်းပါတယ်... ဒီလို ခေတ်ပျက်ကြီးထဲမှာ အခွင့်အရေးကို အသုံးချပြီး ထျန်းဂိုဏ်း ကိုတိုးတက်အောင် လုပ်မယ်''
''ကျွန်တော် အခုပဲ အကြီးအကဲကျွမ်းလီ ကို ဆက်သွယ်ပြီး ထျန်းလက်နက်ဆောင် ကို တည်ထောင်ဖို့ ပြောလိုက်မယ်... အဲဒီမှာ လက်နက်သွန်းလုပ်တဲ့ နည်းပညာတွေကို လေ့လာစေရမယ်''
''ပြီးရင် ဂိုဏ်းကနေ လက်နက်သွန်းလုပ်ရေး ကျမ်းစာတွေကို ယူလာပြီး စစ်ရေးသုံး ပစ္စည်းတွေကို လေ့လာခိုင်းရမယ်... သာမန်လူတွေကိုပါ လက်နက်တပ်ဆင်ပေးပြီး တပည့်အားလုံးရဲ့ အင်အားကို မြှင့်တင်နိုင်တဲ့လက်နက်မျိုးထုတ်လုပ်ရမှာပေါ့..."
''ဒါ့အပြင် ထျန်းကုန်သည်ရေးအသင်း ကိုလည်း တည်ထောင်ရမယ်"
ကျုံးချီမင်သည် စဉ်းစားပြီးနောက် ချက်ချင်းပင် အစီအစဉ် ရရှိသွားကာ ကျွမ်းလီ ပေးထားသော ဆက်သွယ်ရေးအဆောင်မှတစ်ဆင့် လက်သီးဧကရာဇ် သူတော်စင်၏ အကြံပြုချက်များကို သူမထံ ပေးပို့လိုက်သည်။
ဆုံးဖြတ်ချက်ချပြီးနောက် သူတို့သုံးဦးသည် လူစုခွဲလိုက်ကြ၏။
ထို့နောက်တွင် သူတို့သည် နိယာမနယ်ပယ် တပည့်များနှင့် မိစ္ဆာသူတော်စင်များကို ပျောက်ကျားစနစ်သုံးပြီး မန်ရှားမျိုးနွယ်စု ကိုတိုက်ခိုက်ရန် အမိန့်ပေးလိုက်လေသည်။ ဤသို့ဖြင့် မိစ္ဆာသူတော်စင်များဦးဆောင်သည့် ထျန်းဂိုဏ်းမြင့်မြတ်နယ် မြေ၏အဖွဲ့များသည် လူရိုင်းနယ်မြေအတွင်း၌ နယ်မြေအမြောက်အမြားကို သိမ်းပိုက်နိုင်ခဲ့ကြ၏။
သို့သော်ထူးဆန်းသည်မှာ မန်ရှားလူမျိုးစု နှင့် မိစ္ဆာမျောက်ဝံ လူမျိုးစု အပါအဝင် လူရိုင်းမျိုးနွယ်စုများသည် ဓားကုန်းမြေတိုက် ကို ထပ်မံ တိုက်ခိုက်ခြင်း မရှိကြတော့ပေ။
ပျောက်ကျားစနစ်ဖြင့်တိုက်ပွဲများတွင် မြောက်ပိုင်းဒေသဂိုဏ်းခွဲသည် ပိုမိုအရှိန်ရလာခဲ့ပြီး နယ်မြေအမြောက်အမြားကိုသိမ်းပိုက်လာနိုင်သည်။ ဤသို့ဖြင့် အရပ်ငါးမျက်နှာ နတ်ဘုရားသားရဲ မြို့တော်များ၏သတင်းသည် ပတ်ဝန်းကျင်မှ ဒုက္ခသည်များ၏အာရုံများကို ဆွဲဆောင်သွားလေသည်။ ထိုအထဲတွင် ဂိုဏ်းများ ပျက်စီးသွားသောသို့မဟုတ် မိသားစုများ ပြိုကွဲသွားသော နိယာမနယ်ပယ် ကျင့်ကြံသူ အများအပြား ပါဝင်နေကြ၏။
ကျုံးချီမင်ကို အံ့သြဝမ်းသာစေသည့် အချက်မှာ ထိုလူများထဲတွင် ပြိုင်ဘက်ကင်းပါရမီရှင် အဆင့်ရှိသော လူငယ်သုံးဦး ပါဝင်လာခြင်း ဖြစ်သည်။ ဂိုဏ်းအတွက် အထူးပြုစုပျိုးထောင်ထိုက်သော မျိုးစေ့များ ရလိုက်လေသည်။
ထို့ပြင် ကုန်သည်များနှင့် စွန့်စားရှာဖွေသူ အများအပြားသည်လည်း လူရိုင်းနယ်မြေအတွင်းသို့ ဝင်ရောက်ကာ ဆေးဖက်ဝင်အပင်များ ရှာဖွေခြင်း၊ သားရဲများ ဖမ်းဆီးခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းများ ပြုလုပ်လာကြသည်။
မြောက်ပိုင်းနယ်စပ်ဂိုဏ်းခွဲတစ်ခုလုံးသည် ဧရာမ စက်ယန္တရားကြီး တစ်ခုကဲ့သို့ အရှိန်အဟုန်ဖြင့် စတင် လည်ပတ်လာကာထျန်းလက်နက်ဆောင် နှင့် ထျန်းကုန်သည်ရေးအသင်း တို့ကိုလည်း ဆက်တိုက် တည်ထောင်လိုက်လေသည်။
ထျန်းဂိုဏ်းသည် မြို့အတွင်းသို့ ဝင်ရောက်အခွန် ကောက်ခံခြင်းနှင့် ကုန်သည်များကို စောင့်ရှောက် ပေးခြင်းတို့မှတစ်ဆင့် များပြားလှသော ချမ်းသာကြွယ်ဝမှုများကို ရရှိခဲ့ပြီး လူရိုင်းတို့၏ သိုလှောင်ရုံများကို တိုက်ခိုက်ရာမှလည်း သတ္ထုတွင်းထွက်များနှင့်ကျင့်ကြံခြင်းရင်းမြစ်ဆိုင်ရာကုန်ကြမ်းများစွာ ရရှိခဲ့၏။
ထိုကုန်ကြမ်းများကို နယ်ပယ်နှစ်ခုကြား ဟင်းလင်းပြင်လမ်းကြောင်း မှတစ်ဆင့် နန်ယန်စီရင်စု သို့ ပြန်လည် ပို့ဆောင်ပေးပြီး ဝတ်စုံများ၊ လက်နက်များ၊ အစီရင်များ နှင့် ကိုယ်ခန္ဓာသန့်စင်ဆေးများကိုဖော်စပ်ရာတွင် အသုံးပြုလိုက်သည်။ ယင်းတို့သည် တောင်ဘက်စီရင်စုများတွင် မရှိမဖြစ် လိုအပ်သော ပစ္စည်းများ ဖြစ်ရာ မည်သည့် အင်အားစုမဆို ဝယ်ယူလိုကြသည်။
သို့ဖြင့် ချပ်ဝတ်တန်ဆာများနှင့် လက်နက်များကို တောင်ပိုင်းစီရင်စုနယ်မြေများသို့ ပြန်လည် ရောင်းချခြင်းဖြင့် ဂိုဏ်း၏ အင်အားမှာ ပိုမို ကြီးထွားလာခဲ့ပြန်သည်။
ထျန်းလက်နက်ဆောင် သည်လည်း ကျုံးရှန် ချန်ထားခဲ့သော ရှေးဟောင်း လက်နက်သွန်းလုပ်နည်းများကို လေ့လာကာ ထျန်းဂိုဏ်း၏ သီးသန့် လက်နက်များနှင့် ချပ်ဝတ်တန်ဆာများကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့၏။
လက်နက်များကို လက်သီးဧကရာဇ် သူတော်စင် အကြံပြုထားသည့်အတိုင်း စစ်သည်၊ တပ်ကြပ်၊ ဗိုလ်၊ ဗိုလ်ချုပ်၊ မြို့စား၊ ဘုရင်၊ ဧကရာဇ် ဟူ၍ အဆင့်ခုနစ်ဆင့် ခွဲခြားထားသည်။
ဧကရာဇ်အဆင့် ချပ်ဝတ်တန်ဆာ နှင့် ဧကရာဇ်အဆင့် ဝိညာဉ်သေနတ်ကို ပေါင်းစပ်အသုံးပြုလိုက်ပါက သာမန်လူတစ်ဦးသည်ပင် သူတော်စင်အဆင့် ပထမအဆင့် ရှိသူကို ပြန်လည် ခုခံနိုင်စွမ်း ရှိလာမည်ဖြစ်သည်။
....
ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ သည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး လေးနှစ်ခန့် အချိန်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားလေသည်။
ဤလေးနှစ်အတွင်း ဓားကုန်းမြေတိုက် တစ်ခုလုံးကို ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ က အပြည့်အဝ ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။
ဖာဟိုင်ဆရာတော် သည် ဓားကုန်းမြေတိုက် အတွင်း၌ မြို့သစ်ပေါင်း ၂၈ မြို့ကို ထပ်မံ တည်ဆောက်ခဲ့ပြီး မြို့တစ်မြို့လျှင် ကြယ်တာရာ တစ်ခုနှုန်းဖြင့် ကြယ်တာရာ ၂၈ ပါး အစီရင်ကို ခင်းကျင်းလိုက်၏။အရပ်ငါးမျက်နှာ နတ်ဘုရားသားရဲ မြို့တော်များနှင့် ပေါင်းစပ်လိုက်သောအခါ ဓားကုန်းမြေတိုက် တစ်ခုလုံးသည် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ လက်အောက်တွင် ဖြိုခွင်း၍မရနိုင်အောင် ခိုင်ခံ့သွားလေတော့သည်။