အခန်း (၂၀၅)
Vol. 21 Ch. 205
မြို့အဝင်တံခါးဝရှိ လမ်းကြောင်းများသည် မိုင်ပေါင်း တစ်ထောင်ခန့်အထိ ရှည်လျားလှပြီး အနည်းဆုံး မိစ္ဆာပေါင်း သန်းနှင့်ချီ၍ စုဝေးနေကြသည်။ ရှီမင်သည် သူ၏ အရှိန်အဝါကို တမင်တကာ ထိန်းချုပ်ထားသဖြင့် မိုင်တစ်ရာအတွင်းရှိ မိစ္ဆာများသာ ထိုဖိအားကို ခံစားနေရခြင်း ဖြစ်သည်။
ထိုစဉ် နူးညံ့ချိုသာသော အော်ဟစ်သံနှင့်အတူ လှပသော ပုံရိပ်တစ်ခုသည် ထိုလမ်းကြောင်းရှိရာသို့ ချက်ချင်းပင် ရောက်ရှိလာလေသည်။ ထိုသူသည် ရုပ်ရည်လှပပြီး ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသည့် မိန်းမော်မိစ္ဆာမ တစ်ဦးပင် ဖြစ်ပေသည်။
ဤမိန်းမော်မိစ္ဆာမ၏ ကျင့်ကြံခြင်းသည် နိမ့်ပါးခြင်းမရှိဘဲ သူတော်စင်အဆင့် ၁ ခွန်အားကို ပိုင်ဆိုင်ထား၏။ သူမသည် ခန္ဓာကိုယ်၏ အလှအပများကို အထင်းသား ပေါ်လွင်စေသည့် ပန်းရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး သံချပ်ကာပေါ်တွင် မန္တလာပန်းပုံရိပ်များကို ရေးထွင်းထားသည်။
သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် မွှေးပျံ့သော ရနံ့များနှင့် ဆွဲဆောင်မှုရှိသော အငွေ့အသက်များသည် ဘေးပတ်ဝန်းကျင်သို့ ပျံ့လွင့်နေသည်။ တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့်ပင် မည်သူမဆို မိမိကိုယ်ကို မထိန်းချုပ်နိုင်ဘဲ ရမ္မက်ဇောများ ထကြွလာကာ သူမ၏ ဆွဲဆောင်မှုအောက်တွင် ကျရှုံးသွားမည်ဖြစ်သည်။
ဤပထမအထပ်ရှိ ကုန်းမြေတိုက်အတွင်း၌ သူတော်စင် အဆင့် ၁ရှိသော သူမ၏အဆင့်အတန်းသည် အလွန်ပင် ရှားပါးလှသည်။ သို့သော် ထောက်တိုင်ကြီးကို ဗဟိုပြု၍တည်ဆောက်ထားသော မြို့ကြီးများသည် ထိုအထပ်၏ အချက်အခြာနေရာများ ဖြစ်သောကြောင့် ဤကဲ့သို့မိန်းမော်ကျွမ်းကျင်သူတစ်ဦး ရှိနေခြင်းသည် မဆန်းလှပေ။
ထိုမိန်းမော်မိစ္ဆာမ၏ နောက်ကွယ်တွင်လည်း သူမကဲ့သို့ပင် ဆွဲဆောင်မှုရှိသော မိန်းမော်မြို့စောင့်စစ်သည်းတစ်သိုက် လိုက်ပါလာကြသည်။ သူတို့သည် ရိုးရှင်းသောပန်းရောင်သံချပ်ကာများကို ဝတ်ဆင်ထားကြပြီး နိယာမနယ်ပယ်အဆင့် ၁၈ ဝန်းကျင်၌ ရှိကြပေသည်။
ထိုမိန်းမော်စစ်သည်များ၏ အလှအပသည်လည်း မနိမ့်ပါးလှရာ သူတို့ ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ မိစ္ဆာများ၏ တံတွေးမြိုချသံများ အစီအရီ ထွက်ပေါ်လာတော့သည်။
''ဂလု...''
လှပသော မိန်းမော်မိစ္ဆာမများနှင့် သူမတို့၏ ဆန်းကြယ်သော ဆွဲဆောင်မှုစွမ်းအားသည် အလွန်ပင် ပြင်းထန်လှပြီး ထိုစွမ်းအားကြောင့် တန်းစီနေသော မိစ္ဆာအချို့သည် ထွက်ပြေးရန်ပင် မေ့လျော့နေကြကာ ကြောင်တောင်တောင်နှင့် ရပ်ကြည့်နေမိကြ၏။ ဤသည်ကား ကြောက်မက်ဖွယ်ကောင်းသော ညှို့ယူနိုင်စွမ်းပင် ဖြစ်ချေသည်။ အကယ်၍ တိုက်ပွဲအတွင်း၌ အသုံးပြုမည်ဆိုပါက ပြိုင်ဘက်သည် မျက်တောင်တစ်ခတ်အတွင်း မိန်းမောသွားပြီး ခုခံနိုင်စွမ်း ကင်းမဲ့သွားပေလိမ့်မည်။
ထိုသူတော်စင်အဆင့်မိန်းမော်ကျွမ်းကျင်သူနှင့် သူမ၏ စစ်သည်များသည် ရှီမင်ရပ်နေရာ မိုင်တစ်ရာအတွင်းသို့ ဝင်ရောက်လာသောအခါတွင် သူတို့၏ မျက်နှာများ ချက်ချင်းပင် ပြောင်းလဲသွားကြ၏။ သူမသည် ရှီမင်၏ ရှေ့၌ ချက်ချင်း ဒူးထောက်လိုက်ပြီးနောက် ရိုသေစွာပင် ပြောဆိုလိုက်လေသည်။
''မိစ္ဆာအရှင်သခင်ကြီး ရောက်ရှိလာတာကို ကာမီယာ အခုမှ သိရတဲ့အတွက် ကြိုဆိုဖို့ နောက်ကျသွားခဲ့ရပါတယ်... ခွင့်လွှတ်ပေးပါ...''
ငရဲဘုံအတွင်း၌ မိစ္ဆာနတ်ဘုရားအဆင့် ကျင့်ကြံသူများကို မိစ္ဆာအရှင်သခင် ဟု ခေါ်ဝေါ်လေ့ရှိသည်။ ရှီမင်၏ လက်ရှိခွန်အားနှင့်ဆိုပါက ဤပထမအထပ်၌ မည်သည့်အရာကိုမဆို စိတ်ကြိုက် ပြုလုပ်နိုင်သည့် အခွင့်အာဏာ ရှိပေသည်။
''ဟမ့်... သိရင်လည်း ပြီးတာပဲ... ငါ့ရဲ့ အရှိန်အဝါကိုသာ အပြည့်အဝ ထုတ်ဖော်လိုက်မယ်ဆိုရင် မိုင်တစ်ထောင်အတွင်းမှာ ရှိနေတဲ့ အမှိုက်ကောင် တစ်ကောင်မှ ကျန်မှာ မဟုတ်ဘူး...''
ရှီမင်သည် ကျုံးရှန်၏ ထိန်းချုပ်မှုကို မခံရမီကအပျော်အပါးမက်သော သခင်လေးတစ်ဦး ဖြစ်ခဲ့ဖူးရာ ယခုအခါ ပီပြင်စွာ သရုပ်ဆောင်နိုင်နေခြင်း ဖြစ်သည်။
''ဟုတ်ပါတယ်ရှင့်... မိစ္ဆာအရှင်သခင်ကြီးအနေနဲ့ ကျွန်မတို့ရဲ့ မြို့ထဲကို ဝင်ပါဦး...''
''မိန်းမော်စစ်သည်တော်တို့... မင်းသမီး လီလီဗီကိုသွားပြီး သတင်းပို့လိုက်ကြစမ်း...''
မိန်းမော်ကျွမ်းကျင်သူ ကာမီယာသည် ရှီမင်ကို လေးစားသမှုဖြင့် ပြောဆိုပြီးနောက် မြို့စောင့်တပ်ဖွဲ့ကို အမိန့်ပေးလိုက်သည်။
ထို့နောက် သူမသည် ကိုယ်ကိုအနည်းငယ်လှုပ်ရှားလိုက်ရာ ရှီမင်၏ ဘေးနားသို့ ရောက်ရှိလာသည်။ သူမ၏ နူးညံ့သော ခန္ဓာကိုယ်နှင့် မန္တလာပန်းရနံ့များသည် ရှီမင်၏ စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်စေသည်။ ထိုအချိန်တွင် ရှီမင်၏ ကိုယ်တွင်းရှိ အတုအယောင် နတ်ဘုရားအမြုတေသည် တုန်ခါသွားကာ သူ၏ စိတ်ကို ချက်ချင်း ပြန်လည် ထိန်းချုပ်လိုက်နိုင်၏။
သို့သော် သူ၏ မျက်နှာတွင်မူ မည်သည့်အရာကိုမျှ မသိသကဲ့သို့ပင် မိန်းမောနေသော ပုံစံကို ဟန်ဆောင်ပြလိုက်ကာ လက်များကလည်း ထိုမိန်းမော်မလေး၏ ကိုယ်ပေါ်တွင် အငြိမ်မနေဘဲ လျှောက်သွားနေပေသည်။
ကျုံးရှန်သည် ထိုအရာများကို ဂရုမစိုက်ဘဲ ရှီမင်ကို စိတ်ကြိုက် ပြုမူခွင့် ပေးထားလိုက်၏။ သူသည် နှစ်ပေါင်း သိန်းချီ၍ အသက်ရှင်ခဲ့သူဖြစ်ပြီး လောက၏ ကာမဂုဏ်ခံစားမှုများကို တွေ့ကြုံဖူးသဖြင့်ဤသည်မှာသူ့အတွက် အထူးအဆန်း မဟုတ်တော့ချေ။
သူတို့သည် မည်သူမျှ တားဆီးခြင်း မခံရဘဲ မြို့တော်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ဤမြို့တော်ကြီးကို မိန်းရှင်းမြို့တော်ဟု ခေါ်ဆိုပြီး ပထမအထပ်၏ အကြီးဆုံးမြို့တော် ဖြစ်သကဲ့သို့ ဒုတိယထပ်သို့ တက်လှမ်းရမည့် ထောက်တိုင်ကြီး၏ အဝင်ဝလည်း ဖြစ်သည်။
မြို့တွင်းသို့ ဝင်ရန် တန်းစီနေကြသော မိစ္ဆာများ၏ အားကျသော အကြည့်များအောက်တွင် သူတို့ သုံးဦးသည် မြို့ထဲသို့ ဝင်ရောက်လာခဲ့၏။
မိန်းရှင်းမြို့တော်ကား ပထမအထပ်၏ အကြီးဆုံးမြို့တော်ဟူသော အမည်နှင့် လိုက်ဖက်လှပေသည်။ အကျယ်အဝန်းမှာ မိုင်ပေါင်း သန်းနှင့်ချီ၍ ရှိနေပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ စီရင်စုနယ်မြေ အများအပြားပေါင်းစည်းထားသည်နှင့် ညီမျှသည်။ ဤမျှ ကျယ်ဝန်းလှသဖြင့် မြို့တံခါး တစ်ဖက်စီတွင် ဝင်ပေါက်ပေါင်း ထောင်ချီ ထားရှိခြင်းသည် အံ့သြစရာ မဟုတ်ချေ။
သာမန်မိစ္ဆာများအတွက် မြို့ထဲသို့ ဝင်ရောက်ရန် လပေါင်းများစွာ တန်းစီ စောင့်ဆိုင်းရသော်လည်း ရှီမင်တို့အတွက်မူ လွယ်ကူလှပေသည်။ မြို့တွင်းရှိ အဆောက်အဦးများသည်လည်း ခန့်ညားထည်ဝါလှ၏။ အနိမ့်ဆုံး အဆောက်အဦးပင်လျှင် ပေပေါင်း ထောင်ချီ၍ မြင့်မားလှပြီး ကျုံးရှန်၏ ယခင်ဘဝ ကမ္ဘာမြေမှ မိုးမျှော်တိုက်ကြီးများနှင့်ပင် တူညီနေသည်။
အဆောက်အအုံများကြားတွင် သီးသန့် လမ်းများကို ဖောက်လုပ်ထားပြီး ထိုလမ်းများပေါ်တွင် ကုန်ပစ္စည်းများ သယ်ဆောင်လာသော ဧရာမ သယ်ယူပို့ဆောင်ရေး မိစ္ဆာသားရဲကြီးများ သွားလာနေကြသည်။ ဤမြို့တော်ကို ဒီဇိုင်းထုတ်ခဲ့သူသည် စစ်မှန်သော ပါရမီရှင်တစ်ဦးပင်ဖြစ်သည်။
မိန်းမော်နှလုံးသားမြို့တော်တွင် အလွန် စွမ်းအားကြီးမားသော ချိပ်ပိတ်အစီရင်ကြီး တစ်ခု ရှိနေကာ ရှေးဟောင်းခေတ် မိန်းမော်ဘုရင်မကြီး ခင်းကျင်းထားခဲ့သည့် ကောင်းကင်ဘုံအလိုရမ္မက်ဆွဲဆောင်ခြင်းအစီရင်ပင် ဖြစ်သည်။ ဤအစီရင်သည် သက်ရှိအားလုံး၏ ရမ္မက်ဆန္ဒများကို လှုံ့ဆော်ပေးနိုင်ပြီး ထိုသူများကို အလိုရမ္မက်၏ ကျေးကျွန်များအဖြစ်သို့ ပြောင်းလဲပစ်နိုင်ပေသည်။
သာမန်အချိန်များတွင် ဤအစီရင်သည် မြို့နေမိစ္ဆာများ၏ အလိုရမ္မက်များကို တဖြည်းဖြည်း စုပ်ယူကာ အစီရင်၏ အမြုတေတွင် သိမ်းဆည်းထားလေ့ ရှိ၏။ ကောလာဟလများအရ စုဆောင်းထားသော စွမ်းအားများ အကန့်အသတ်သို့ ရောက်ရှိသွားပါက မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့်၃ မိစ္ဆာအရှင်သခင်များကိုပင် ညှို့ယူဖမ်းစားနိုင်သည်ဟု ဆိုကြသည်။
ထို့ပြင် မြို့တော်အတွင်း၌ နိယာမနယ်ပယ် အဆင့်၁၈ အထက် မိစ္ဆာများသည် ပျံသန်းသွားလာခွင့် ရှိသော်လည်း ထိုအဆင့်အောက် မိစ္ဆာများမှာမူ မိစ္ဆာတောင်ပံလင်းနို့ ကဲ့သို့သော ပျံသန်းနိုင်သည့် သားရဲများကို ငှားရမ်း၍သာ သွားလာကြရသည်။ ထိုသားရဲများသည် တစ်ရက်လျှင် မိုင်ပေါင်း သောင်းချီ၍ ပျံသန်းနိုင်၏။ သို့သော်လည်း မိန်ရှင်းမြို့တော်တစ်ခုလုံးကို ဖြတ်ကျော်ရန် ရက်ပေါင်း တစ်ရာခန့် ကြာမြင့်မည်ဖြစ်သည်။
ကာမီယာ၏ လမ်းပြမှုဖြင့် သူတို့သည် မြို့တွင်း၌ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလိုက်ကြသည်။ မြို့တော်ကို အရှေ့၊ အနောက်၊ တောင်၊ မြောက် နှင့် အလယ်ဗဟိုဟူ၍ နယ်မြေငါးခု ခွဲခြားထားပြီးအလယ်ဗဟိုမှာကား ထောက်တိုင်ကြီး တည်ရှိရာ မြို့တော်၏ အချက်အခြာပင် ဖြစ်သည်။
နာရီဝက်ခန့် ပျံသန်းပြီးနောက်တွင် သူတို့သည် အလယ်ဗဟိုနယ်မြေသို့ ရောက်ရှိလာခဲ့ကြလေသည်။ ကောင်းကင်ထောက်တိုင်ကြီးသည် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသကဲ့သို့ အလွန်ပင် ထင်ရှားလှပေသည်။ ယင်း၏ အနီးအနားတွင် ခန့်ညားလှသော နန်းတော်များစွာ ရှိနေပြီး ပန်းရောင်နန်းတော်ကြီးသည် အထင်ရှားဆုံးဖြစ်ကာ ကာမီယာ ဦးတည်သွားနေသည့် နေရာလည်း ဖြစ်သည်။
နန်းတော်၏ အပြင်ဘက်တွင် လှပသော မိန်းမော်အမျိုးသမီးငယ် ရာပေါင်းများစွာသည် အစားအသောက်နှင့် ဝိုင်များကို ကိုင်ဆောင်ကာ တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေကြသည်။ ထိုသူများ၏ အရှေ့ဆုံးတွင် မျက်နှာကို ပုဝါဖြင့် ဖုံးအုပ်ထားသော သေးငယ်သည့် မိန်းမော်မလေး တစ်ဦး ရှိနေ၏။ သူမသည် ပါးလွှာသော ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မြူနှင်းများအကြား၌ ရှိနေသကဲ့သို့ ဝေဝေဝါးဝါး ဖြစ်နေသည်။
သူမ ဝတ်ဆင်ထားသော ပုဝါသည် အလွန်ပင် ဆန်းကြယ်လှပြီး ကျုံးရှန်၏ နတ်ဘုရားအာရုံဖြင့်ပင် ထိုပုဝါ၏ နောက်ကွယ်မှ မျက်နှာကို ထိုးဖောက်၍ မမြင်နိုင်ချေ။
ကာမီယာသည် ရှီမင်နှင့် ယန်ရှောင်မိုအသွင်ယူထားသော ကျုံးရှန်တို့ကို ခေါ်ဆောင်ကာ ထိုမိန်းမော်များရှိရာသို့ ဆင်းသက်လိုက်လေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပန်းရနံ့များနှင့် ဝိုင်ရနံ့များ မွှေးပျံ့နေ၏။
''မင်းသမီးလီလီဗီ... ကျွန်မ ဧည့်သည်တော်တွေကို ခေါ်ဆောင်လာခဲ့ပါပြီ...''
''အရှင်တို့... ဒါကတော့ ကျွန်မတို့ မိန်းမော်မျိုးနွယ်စုရဲ့ မင်းသမီး... ငရဲဘုံရဲ့ နတ်ဘုရားမ ဆယ်ပါးထဲက တစ်ဦးဖြစ်တဲ့ မင်းသမီးလီလီဗီပဲ ဖြစ်ပါတယ်...''
ကာမီယာသည် မင်းသမီးလေးကို ဦးညွှတ်အရိုအသေပြုပြီးနောက် ရှီမင်ကို မိတ်ဆက်ပေးလိုက်သည်။
ထိုအမည်ကို ကြားလိုက်သောအခါ ရှီမင်၏ အမူအရာမှာ တည်ငြိမ်လေးနက်သွားသည်။ သူသည် ဤမိန်းမော်မင်းသမီးလေး၏ အကြောင်းကို ကြားဖူးနားဝရှိနေသောကြောင့်သာ ဖြစ်တော့သည်။