အခန်း (၂၀၆)
Vol. 21 Ch. 206
''လေးစားရတဲ့ မင်းသမီးလေး လီလီဗီ ကို နှုတ်ခွန်းဆက်သပါတယ်''
''ကျွန်တော့်နာမည်က ရှီမင်ပါ... ရှီးရွှယ်ငရဲရဲ့ အရှင်သခင်ပါ... ဒီတစ်ယောက်ကတော့ ကျွန်တော့်ရဲ့ ကိုယ်ရံတော် ယန်ရှောင်မိုပါ...''
ရှီမင်သည် လေးနက်သော အမူအရာဖြင့် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီးနောက် လီလီဗီ၏ လက်ကလေးကို ယူဆောင်ကာ သူ၏ နှုတ်ခမ်းဖြင့် အသာအယာ ထိတွေ့လိုက်သည်။ သူသည် လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တွင် တင်ထားကာ လူကြီးလူကောင်းဆန်အရိုအသေပြုလိုက်ခြင်းဖြစ်သည်။
''တွေ့ရတာဝမ်းသာပါတယ် အရှင်ရှီမင်... မိန်းရှင်းမြို့တော်ကနေ ကြိုဆိုပါတယ်... လီလီနောက်ကို လိုက်ခဲ့ပေးပါဦး...''
လီလီဗီဟု အမည်ရသော ထိုမိန်းမော်မင်းသမီးလေးသည် ရှက်ပြုံးလေး ပြုံးလိုက်ပြီးနောက် ယဉ်ကျေးပျူငှာစွာဖြင့် ဖိတ်ခေါ်လိုက်သည်။
လီလီဗီသည် ငရဲဘုံတစ်ခုလုံးတွင် အလွန်ပင် နာမည်ကျော်ကြားသူ တစ်ဦး ဖြစ်ကာ သူမသည် မိန်းမော်မျိုးနွယ်စုအတွင်း၌ နှစ်ပေါင်း သန်းချီအတွင်း ဒုတိယမြောက် ပေါ်ထွန်းလာခဲ့သည့် ကောင်းကင်နှင့် မြေကြီးကို ညှို့ယူနိုင်သော ခန္ဓာကိုယ် ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ထို့ပြင် သူမသည် လက်ရှိ မိန်းမော်မျိုးနွယ်စု၏ မင်းသမီးလေးလည်း ဖြစ်၏။ မိန်းမော်မျိုးနွယ်စုသည် ငရဲဘုံအတွင်း၌ အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခု ဖြစ်ကာ အမျိုးသမီးများကသာ ဦးဆောင်သည့် လူမှုစနစ်ကို ကျင့်သုံးကြသည်။ မိန်းမော်များသည် မွေးရာပါ လှပချောမောကြသဖြင့် ငရဲဘုံရှိ မိစ္ဆာအပေါင်းတို့၏ အလိုချင်ဆုံး ကြင်ဖော်များ ဖြစ်ကြသည်။
မိန်းမော်မျိုးနွယ်စုသည် ငရဲဘုံရှိ အင်အားကြီး မိသားစုများထံသို့ မိန်းမော်မိစ္ဆာမများကို ကြင်ဖော်များအဖြစ် ပို့ဆောင်ပေးခြင်းဖြင့် ကြီးမားလှသော ဆက်ဆံရေးကွန်ရက်တစ်ခုကို တည်ဆောက်ထားကြပေသည်။
ဥပမာအားဖြင့် နွားမိစ္ဆာဘုရင်၏ ဇနီးသည်ပင်လျှင် မိန်းမော်မျိုးနွယ်စုအတွင်းမှ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် မည်သည့်မျိုးနွယ်စုကမျှ မိန်းမော်မျိုးနွယ်စုကို အလွယ်တကူ မပြစ်မှားရဲကြချေ။ သို့မဟုတ်ပါက သူတို့၏ ဇနီးမယားများကို ဆုံးရှုံးရပေလိမ့်မည်။
လီလီဗီသည် မိန်းမော်မျိုးနွယ်စုအတွင်း၌ လက်ရှိဘုရင်မကြီးပြီးလျှင် အမြင့်ဆုံး အဆင့်အတန်းတွင် ရှိကာ သူမ၏အလှတရားသည် ငရဲဘုံ၏ နတ်ဘုရားမ ဆယ်ပါးထဲမှ တစ်ဦးအဖြစ် တင်စားခြင်း ခံထားရလေသည်။
ထိုကဲ့သို့ပုဂ္ဂိုလ်မျိုးမှ သူတို့ကို အဘယ်ကြောင့် ဖိတ်ခေါ်ရသနည်းဆိုသည်ကို ရှီမင်နှင့် ကျုံးရှန်တို့ မသိရှိကြချေ။
မြို့အဝင်ဝရှိ ကာမီယာ၏ အပြုအမူအရ သူတို့သည် ကျွမ်းကျင်သူများကို စောင့်ဆိုင်းနေကြဟန် ရှိသည်။ ရှီမင်သည် ကျုံးရှန်ကို ခေါ်ဆောင်ကာ လီလီဗီ၏ ဦးဆောင်မှုနောက်မှ နန်းတော်အတွင်းသို့ လိုက်ပါသွားလိုက်သည်။
နန်းတော်၏ အတွင်းပိုင်းသည် အပြင်ဘက်မှ မြင်ရသည်ထက် များစွာ ပိုမို ကျယ်ဝန်းလှပြီး သီးခြားကမ္ဘာတစ်ခုသဖွယ် ဖြစ်နေသည်။ ထိုနေရာတွင် ကောင်းကင်ဥယျာဉ် တစ်ခုလည်း ရှိနေပြီး လှပချောမောလှသော မိန်းမော်မိစ္ဆာမများသည် ထိုနေရာ၌ သွားလာနေကြ၏။ သူတို့၏ ဝတ်စားဆင်ယင်မှုများမှာ အပြင်ဘက်မှ မိန်းမော်များထက်ပင် ပို၍ ရဲတင်းလှပြီး လမ်းလျှောက်လိုက်တိုင်း ဖြူဖွေးနုဖတ်သော အသားအရေများကို မြင်တွေ့နေရသည်။
ထိုမြင်ကွင်းကိုမြင်တွေ့ရသည့် မည်သည့် အဖိုသတ္တဝါမဆို ရမ္မက်ဇောများ ထကြွကာ ပြန်လမ်းမရှိအောင် နစ်မွန်းသွားပေလိမ့်မည်ဖြစ်သည်။
မိန်းမော်မိစ္ဆာမလေးတို့သည် ကောင်းကင်ဥယျာဉ်အတွင်း၌ ကခုန်သီဆိုနေကြသဖြင့် သာယာငြိမ့်ညောင်းလှသော တေးဂီတသံများ ပျံ့လွင့်နေသည်။ လီလီဗီသည် ရှီမင်နှင့် ကျုံးရှန်တို့ကို ဥယျာဉ်အတွင်းရှိ နေရာတစ်ခုသို့ ခေါ်ဆောင်သွားလိုက်သည်။ ထိုနေရာတွင် စားပွဲများနှင့် ထိုင်ခုံများကို အသင့် ပြင်ဆင်ထားပြီး ဖြစ်သည်။
''အရှင်တို့... ထိုင်ပါဦး...''
''ဧည့်သည်တော်တွေကို ဝိုင်ဆက်သကြစမ်း...''
လီလီဗီသည် စားပွဲ၏ထိပ်ဆုံးနေရာတွင် ထိုင်လိုက်ပြီးနောက် လက်ခုပ် သုံးချက် တီးလိုက်ရာ ကခုန်နေကြသူများ ရပ်တန့်သွားကြပြီး အစားအသောက်နှင့် ဝိုင်များကို ယူဆောင်လာကြလေသည်။
ကျုံးရှန် သည် ယန်ရှောင်မော် အဖြစ် ဟန်ဆောင်ထားခြင်း ဖြစ်သဖြင့် သူသည် ယဉ်ကျေးမနေတော့ပေ။ ဝိုင်အိုးကို မကာ တစ်ကျိုက်တည်း သောက်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် အသားကင်များကို စားသောက်နေလိုက်သည်။ သူ၏ ပါးစပ်တစ်ခုလုံးတွင်လည်း ဆီများ ပေကျံနေ၏။
တစ်ဖက်ရှိရှီမင်သည် ယဉ်ကျေးစွာပင် ဝိုင်ကို အနည်းငယ် မြည်းစမ်းလိုက်လေသည်။
''ကျွန်တော် အမှတ်မမှားဘူးဆိုရင် ဒီဝိုင်က မိန်းမော်ကမ္ဘာရဲ့ ဒေသထွက်ကုန်ဖြစ်တဲ့ သုခအိပ်မက်ရမ္မက်ဝိုင် ပဲ ဖြစ်ရမယ်''
''ဒီဝိုင်ကို သောက်လိုက်ရင် မိစ္ဆာဝိညာဉ်ကို အားဖြည့်ပေးနိုင်တဲ့အပြင် ကောင်းကင်ဘုံရောက်သွားသလိုမျိုး ခံစားချက်ကို ရရှိစေတယ်လို့ဆိုကြတယ်''
သူသည် မျက်လုံးများကို မှိတ်လိုက်ကာ ထိုအရသာကို ခံစားနေသည့် ပုံစံမျိုး ပြုမူလိုက်သည်။
လီလီဗီသည် ပြုံးလိုက်၏။
''မှန်ပါတယ်... အရှင်ရှီမင် က ဗဟုသုတ ကြွယ်ဝတာပဲ''
''ဒါက သုခအိပ်မက်ရမ္မက်ဝိုင်ပါ... အဖိုးတန် ဧည့်သည်တော်တွေအတွက်ပဲ သီးသန့် ထားရှိတာပါ...''
လီလီဗီ၏ စကားကို ကြားသောအခါ ရှီမင်က မျက်လုံးများကို ပြန်ဖွင့်လိုက်လေသည်။
''ကျွန်တော်က...သေးငယ်တဲ့ငရဲကမ္ဘာလေးတစ်ခုရဲ့ အရှင်သခင် တစ်ယောက်ပါပဲ... မင်းသမီးလီလီဗီရဲ့ ရှေ့မှာ ဧည့်သည်တော်လို့ မခံယူဝံ့ပါဘူး...''
''ဒါပေမဲ့ မင်းသမီးက ကျွန်တော့်ကို ဖိတ်ခေါ်တယ်ဆိုတာ ဝိုင်တိုက်ဖို့ တစ်ခုတည်းတော့ မဟုတ်လောက်ဘူး ထင်တယ်...''
''ကောင်းပါပြီ... အရှင်ရှီမင်က တကယ်ကို ပွင့်လင်းတဲ့သူပဲ...''
''ကျွန်မ အခုလို ဖိတ်ခေါ်ရတာက အကူအညီတောင်းစရာ ကိစ္စလေးတစ်ခုရှိလို့ပါ...''
လီလီဗီက ပွင့်လင်းစွာပင် ပြန်လည်ဖြေကြားလိုက်၏။
''ဒီကိစ္စက ဖုံးကွယ်ထားစရာ မလိုပါဘူး''
"အရှင် ဒီကောင်းကင်ကိုးထပ်ငရဲဘုံကို လာတာက ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို တက်ဖို့အတွက် မဟုတ်လား...''
ထိုစကားကို ကြားသောအခါ ရှီမင်နှင့် ကျုံးရှန် တို့သည် မသိမသာ တုန်လှုပ်သွားကြ၏။
''အရှင်လည်း သိထားမှာပါ... ကောင်းကင်တက်လှမ်းခြင်းမျှော်စင်မှာ အဖွဲ့လိုက် တက်လို့ ရသလို တစ်ယောက်နဲ့တစ်ယောက် ကူညီလို့လည်း ရတယ်... တိုက်ခိုက်လို့လည်း ရတယ်...''
''ဒါ့အပြင် အထပ်တိုင်းမှာ သီးခြားနယ်မြေငယ်တစ်ခုစီ ရှိနေပြီး အဲဒီနေရာတွေမှာ ရတနာတွေကို လုယူနိုင်ကြတယ်...''
''အတိုချုပ်ပြောရရင် အဖွဲ့နဲ့ သွားတာက တစ်ယောက်တည်း သွားတာထက် အများကြီး ပိုကောင်းပါတယ်...''
''အခု ကျွန်မလည်း မျှော်စင်တက်ဖို့အတွက် အဖွဲ့တစ်ခု ဖွဲ့ထားတယ်... အရှင့်အနေနဲ့ ကျွန်မတို့ အဖွဲ့ထဲမှာ ပါဝင်ဖို့ စိတ်ဝင်စားမှု ရှိမလား သိချင်ပါတယ်...''
''မျှော်စင်ပွင့်ဖို့ တစ်လပဲ လိုပါတော့တယ်... ကျွန်မလည်း မကြာခင် ထွက်ခွာတော့မှာဖြစ်လို့... အရှင်က ကျွန်မ ဖိတ်ခေါ်တဲ့ နောက်ဆုံး အဖွဲ့ဝင်ပါပဲ...''
သူမသည် စကားကို အေးအေးဆေးဆေးပင် ပြောကြားနေပြီး ရှီမင်ကို စဉ်းစားရန် အချိန်ပေးထားဟန် ရှိသည်။
'သဘောတူလိုက်... ပြီးရင် ကောင်းကင်တက်လှမ်းခြင်းတံဆိပ် တစ်ခုလောက် ထပ်ရအောင် နည်းလမ်းရှာကြည့်'
ရှီမင် စဉ်းစားနေစဉ်မှာပင် မူလနတ်ဘုရားသန္ဓေသားမှတစ်ဆင့် ကျုံးရှန်၏ အသံထွက်ပေါ်လာသည်။
ထိုအခါ ရှီမင်သည် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်လေသည်။
''ကောင်းပါပြီ... မင်းသမီးနဲ့အတူ မျှော်စင်တက်ခွင့် ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ...''
ရှီမင်က သဘောတူလိုက်သည်ကို မြင်သောအခါ လီလီဗီသည် ဝမ်းသာအားရ ပြုံးလိုက်သည်။
ထို့နောက် သူမ၏ မျက်နှာကိုဖုံးကွယ်ထားသည့်ပုဝါကို ဖယ်ရှားလိုက်လေသည်။
''နောင်မှာ ကျွန်မတို့က အတူတူ တိုက်ပွဲဝင်ကြရမှာဆိုတော့... လီလီ့အနေနဲ့ အရှင့်ကို ကျွန်မရဲ့ မျက်နှာအစစ်အမှန်ကို ပြသပါရစေ...''
"ဝုန်း..."
ပြိုင်ဘက်ကင်းအလှတရားကိုပိုင်ဆိုင်ထားသည့် ချောမောလှပသော မျက်နှာလေးကို မြင်လိုက်ရသောအခါ ရှီမင်၏ ၏ ဦးနှောက်ထဲတွင် ဗုံးပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရပြီး မိစ္ဆာဝိညာဉ်ပင် တုန်ခါသွားသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အတုအယောင် မိစ္ဆာနတ်ဘုရားအမြုတေသည် ရူးသွပ်စွာ ခုန်ပေါက်နေသော်လည်း သူ့ကို သတိပြန်ဝင်လာအောင် မစွမ်းဆောင်နိုင်သေးချေ။
ကျုံးရှန်ပင်လျှင် ထိုမျက်နှာကို မြင်လိုက်ရသောအခါ စိတ်အာရုံ အနည်းငယ် တုန်လှုပ်သွားရသည်။
လီလီဗီသည် လောကရှိ လှပသော အရာများကို စုစည်းထားသကဲ့သို့ပင် ဖြစ်၏။
မိုးသောက်ကြယ်ကဲ့သို့ တောက်ပသော မျက်ဝန်း။
ကျောက်စိမ်းဖြူရောင် အသားအရေ။
သွယ်လျကျော့ရှင်းသည့် နှာတံ။
ပန်းရောင်သမ်းနေသည့် နှုတ်ခမ်းလွှာ။
သူမ၏ မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီတိုင်းသည် ပြီးပြည့်စုံလွန်းလှပြီးလောကတွင် ပြိုင်ဘက်ကင်းသော အလှတရားဟု ဆိုနိုင်ပေသည်။ ထိုအလှတရားမှ ထွက်ပေါ်နေသည့် မွေးရာပါ ဆွဲဆောင်မှုသည်မည်သည့် ကျင့်ကြံသူပင်ဖြစ်ပါ စေညှို့ယူဖမ်းစားနိုင်စွမ်း ရှိ၏။
ကံကောင်းစွာဖြင့် ကျုံးရှန် ၏ စိတ်ဓာတ်ခိုင်မာမှုသည် သာမန် နတ်ဘုရားအဆင့် ကျင့်ကြံသူများထက် များစွာ သာလွန်သဖြင့် ချက်ချင်းပင် သတိပြန်ဝင်လာခဲ့လေသည်။ သို့သော် လီလီဗီကို သံသယ မဝင်စေရန်အတွက် မိန်းမောနေသည့် ပုံစံကို ဆက်လက် ဟန်ဆောင်နေလိုက်ကာ လက်ထဲရှိ အသားများကိုပင် ဆက်မစားတော့ဘဲ ကြောင်ကြည့်နေလိုက်သည်။
ရှီမင်သည် ထိုအလှတရားအောက်တွင် လုံးဝ နစ်မွန်းနေဆဲ ဖြစ်သည်။ သို့နှင့် ကျုံးရှန်သည် မူလနတ်ဘုရားသန္ဓေသားမှတစ်ဆင့် ရှီမင်၏မိစ္ဆာဝိညာဉ်အတွင်းသို့ စကားလုံးတစ်ထောင်မန္တန် ထဲမှတစ်လုံးဖြစ်သည့် ချင်း (ရှင်းလင်းခြင်း)ဟူသော စကားလုံးကို ဆက်သွယ်ပို့လွှတ်လိုက်လေသည်။
ယင်းစွမ်းအားသည် ရှီမင်၏ ဝိညာဉ်ကို တည်ငြိမ်သွားစေ၏။
''ဟမ်...''
ရှီမင်သည် နောက်ဆုံးတွင် သတိပြန်ဝင်လာကာ ရင်ထဲ၌လည်း အလွန်ပင် အံ့သြသွားရ၏။ တစ်ဖက်ရှိ လီလီဗီသည်လည်း သူကဲ့သို့ပင် အံ့အားသင့်နေပေသည်။
သူမ၏ အလှတရားနှင့် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကြောင့် မည်သည့် ညို့ယူခြင်းနည်းစနစ်ကိုမျှ အသုံးမပြုစေကာမူ ပထမဆုံး မြင်တွေ့ရသူ မည်သူမဆို စိတ်အာရုံ လွင့်ပါးသွားမည် ဖြစ်သည်။ ရှီမင်ကဲ့သို့ လျင်မြန်စွာ သတိပြန်ဝင်လာနိုင်သူသည် အလွန်ပင် ရှားပါးလှသည်။
'ဒီရှီးရွှယ်ငရဲရဲ့ အရှင်သခင်က မြင်ရသလောက်မရိုးရှင်းဘူးပဲ...'
သူမသည် စိတ်ထဲမှ မှတ်ချက်ချလိုက်၏။
''မင်းသမီးက တကယ်ကို တိုင်းပြည်ကို ဖျက်ဆီးနိုင်တဲ့ အလှမျိုးကို ပိုင်ဆိုင်ထားတာပဲ... ငရဲဘုံရဲ့ အလှဆုံး နတ်ဘုရားမဆိုတဲ့ အမည်နဲ့ တကယ်ကို ထိုက်တန်ပါပေတယ်...''
သတိပြန်ဝင်လာပြီးနောက် ရှီမင်သည် မင်းသမီးလီလီဗီ၏အလှတရားကို ချီးကျူး ပြောဆိုလိုက်သည်။ သို့သော် သူသည် စောစောက ညှို့ယူခံရသည့်အကြောင်းကို ထည့်မပြောပေ။
ထိုအချက်က လီလီဗီ ကို ပိုမို အထင်ကြီးသွားစေသည်။
''မင်းသမီးရဲ့ အဖွဲ့ထဲကို ဝင်ဖို့ သဘောတူပေမဲ့... ကျွန်တော့်မှာလည်း တောင်းဆိုချက်တစ်ခု ရှိပါတယ်...''
''မင်းသမီးအနေနဲ့ လိုက်လျောပေးနိုင်မလား သိချင်ပါတယ်...''
ရှီမင်၏ စကားကြောင့် လီလီဗီလည်း ရုတ်တရက် စိတ်လှုပ်ရှားသွားလေသည်။ သူ အလွန်အကျွံ တောင်းဆိုလာမည်ကို သူမ ကြောက်ရွံ့မိပေသည်။