← Chapters

အခန်း (၂၀၇)

Vol. 21 Ch. 207

အခန်း (၂၀၇)

Vol. 21 Ch. 207

"ပွင့်ပွင့်လင်းလင်းသာ ပြောပါ... လီလီ လုပ်ပေးနိုင်တဲ့ အရာဆိုရင်တော့ ရပါတယ်...''

မင်းသမီးလီလီဗီက ဟန်လုပ်ကာ တည်ငြိမ်စွာပင် ပြောလိုက်သည်။

ယခင်ကလည်း သူမသည် ငရဲအရှင်သခင်အဆင့်ရှိသော မိစ္ဆာအချို့ကို သူမ၏ အဖွဲ့ထဲသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ဖူးသည်။ ထိုမိစ္ဆာများသည် အဖွဲ့ထဲဝင်ရန် သဘောတူပြီးနောက် သူမအပေါ် စိတ်ဝင်စားကြောင်း ဖွင့်ဟဝန်ခံတတ်ကြသည်။ အချို့ မောက်မာသော မိစ္ဆာများဆိုလျှင် နေရာမှာတင် သူမကို သိမ်းပိုက်ရန် ကြိုးစားတတ်ကြ၏။

ကံကောင်းသည်မှာ လီလီဗီ၏ စွမ်းအားသည် နိမ့်ပါးခြင်း မရှိပေ။ သူမသည် ကောင်းကင်နှင့်မြေကြီးကို ညှို့ယူနိုင်သော ခန္ဓာကိုယ်ကို အသုံးပြုကာ ထိုသူများကို အလွယ်တကူ ညှို့ယူပြီး ပြန်လည်ခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်ခဲ့သည်။ သို့သော်လည်း တစ်ဖွဲ့တည်း အတူတူ သွားလာလှုပ်ရှားရမည် ဖြစ်သဖြင့် ထိုကိစ္စများကြောင့် စိတ်ဝမ်းကွဲပြားမှုများ ရှိလာနိုင်ပေသည်။

မိန်းမော်မျိုးနွယ်စုတွင် မွေးဖွားလာသော မိန်းကလေးများသည် မိန်းမော်စစ်စစ်များ ဖြစ်ကြပြီး ယောက်ျားလေးများမှာမူ ဖခင်၏ မျိုးနွယ်စုဘက်သို့ ပါသွားတတ်ကြသည်။ မိန်းမော်များသည် သဘာဝအားဖြင့် ရမ္မက်ကြီးသူများ ဖြစ်ကြပြီး ညှို့ယူခြင်းနည်းစနစ်များအပြင် ယင်ဓာတ်ကို အားဖြည့်ရန်အတွက် ယန်ဓာတ်ကို စုပ်ယူခြင်း နည်းလမ်းများကိုလည်း ကျွမ်းကျင်ကြသည်။ကာမစပ်ယှက်ခြင်းမှတစ်ဆင့် တစ်ဖက်သား၏ မိစ္ဆာစွမ်းအားကို စုပ်ယူကာ ယင်ယန်မိစ္ဆာချီစွမ်းအားအဖြစ် ပြောင်းလဲပြီး မိမိ၏ ကျင့်ကြံခြင်းကို တိုးတက်အောင် ပြုလုပ်ကြသည်။

လီလီဗီသည်လည်း မိန်းမော်မိစ္ဆာဖြစ်ရာ အပျိုစင်ဘဝကို တန်ဖိုးထားလွန်းသူတော့ မဟုတ်ပေ။ သို့သော် သူမ ကျင့်ကြံသော ပညာရပ်မှာမူ အလွန် ထူးခြားပေသည်။ ယင်းသည် ပထမဆုံး မိန်းမော်ဘုရင်မကြီး ချန်ထားရစ်ခဲ့သော အပြုံးတစ်ချက်ဖြင့် ငရဲဘုံကို လှည့်စားခြင်းဟူသည့် ကျင့်စဉ် ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးကို ညှို့ယူနိုင်သော ခန္ဓာကိုယ် ပိုင်ရှင်များသာ ကျင့်ကြံနိုင်သော သီးသန့်ပညာရပ် ဖြစ်သည်။

ပထမဆုံး မိန်းမော်ဘုရင်မကြီးသည် ထိုခန္ဓာကိုယ်ကို ပထမဆုံး ပိုင်ဆိုင်ခဲ့သူ ဖြစ်ပြီး ထိုခေတ်အခါက ငရဲဘုံ၏ ထိပ်တန်း အရှင်သခင်တစ်ပါး ဖြစ်ခဲ့သည်။ သူမ၏ ဝါရင့်မှုနှင့်အဆင့်အတန်းသည် ငရဲဘုံ၏ ရှေးဟောင်းအရှင်သခင်ကြီး သုံးပါးအောက်သာ နိမ့်ကျပေသည်။

ကောလာဟလများအရ ထိုကျင့်စဉ်ကို အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံနိုင်လျှင် အပြုံးတစ်ချက်ဖြင့်ပင် ငရဲဘုံရှိ မိစ္ဆာအများအပြားကို ညှို့ယူဖမ်းစားနိုင်ပြီး စိတ်နှလုံးကို တုန်လှုပ်စေကာ ရမ္မက်၏ ကျေးကျွန်များအဖြစ်သို့ ရောက်ရှိသွားစေနိုင်သည်ဟု ဆိုကြသည်။

အပြုံးတစ်ချက်ဖြင့် ငရဲဘုံကိုလှည့်စားခြင်းကျင့်စဉ်တွင် အဆင့် ၁၂ ဆင့် ပါဝင်ပြီး သူတော်စင်အဆင့် ၁ မှ ၉ အထိနှင့် နတ်ဘုရားအဆင့် ၁ မှ ၃ အထိ အဆင့် ၁၂ ဆင့်နှင့် ကိုက်ညီမှု ရှိပေသည်။ ၁၂ ဆင့်လုံး အောင်မြင်အောင် ကျင့်ကြံလိုပါက အပျိုစင်ဘဝကို မပျက်စီးစေဘဲ ထိန်းသိမ်းထားရန် လိုအပ်ကာ မွေးရာပါ ညှို့ဓာတ်နှင့် ဆွဲဆောင်မှုစွမ်းအားများကို အနည်းငယ်မျှ မယိုစိမ့်စေဘဲ ပြီးပြည့်စုံအောင် ထိန်းသိမ်းထားရမည် ဖြစ်သည်။

ထို့ကြောင့် သူမသည် ထိုမိစ္ဆာအရှင်သခင်များကို ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သာမန် မိန်းမော်များ၏ ထုံးစံအတိုင်း သူတို့နှင့် ပျော်ပါးရန် ဝန်လေးနေမည် မဟုတ်ပေ။ ငရဲဘုံသည် ဖရိုဖရဲနိုင်ပြီး စည်းမဲ့ကမ်းမဲ့သည့်နေရာ ဖြစ်ရာ လူ့ကျင့်ဝတ်နှင့် ဆန့်ကျင်သော ကိစ္စရပ်များ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။

ငရဲမိစ္ဆာများသည် မိမိတို့၏ ဆန္ဒများကို ဖုံးကွယ်ထားခြင်း မရှိဘဲ လွတ်လပ်စွာ ပုံဖော်ကြသည်။ သူတို့အတွက် ကာမစပ်ယှက်ခြင်းသည် ရှက်စရာကိစ္စ မဟုတ်ဘဲ ပုံမှန် ကျင့်ကြံခြင်း နည်းလမ်းတစ်ခုသာ ဖြစ်ပေသည်။ တစ်ဖက်က ရမ္မက်ဆန္ဒကို ဖြည့်ဆည်းပေးပြီး တစ်ဖက်က မိစ္ဆာစွမ်းအားကို စုပ်ယူကာ ကျင့်ကြံခြင်းကို တိုးတက်စေခြင်း ဖြစ်သဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော ကိစ္စဟု ဆိုနိုင်ပေသည်။

'ဒီ ရှီမင် က ဘာတောင်းဆိုမလို့ပါလိမ့်...'

'ငါ့ကိုများ ပိုင်ဆိုင်ချင်နေတာလား... အဲဒါဆိုရင်တော့ အကြောင်းပြချက် တစ်ခုခုပေးပြီး ရှောင်လွှဲရမှာပဲ...'

'အဆိုးဆုံးအခြေအနေဆိုရင်တော့ လှပတဲ့ အပျိုတော်လေးတွေကို သူ့ဆီ လွှတ်ပေးပြီး ရက်အနည်းငယ်လောက် ဖျော်ဖြေခိုင်းလိုက်ရုံပေါ့...'

လီလီဗီသည် စိတ်ထဲတွင် အမျိုးမျိုး တွေးတောနေမိလေသည်။

''စိတ်ချပါ... မင်းသမီး လုပ်ပေးနိုင်မယ့် ကိစ္စပါပဲ...''

''ကျွန်တော့်ရဲ့ ကိုယ်ရံတော် ယန်ရှောင်မို အတွက် နောက်ထပ် ကောင်းကင်တက်လှမ်းခြင်းတံဆိပ်ပြား တစ်ခု လိုချင်လို့ပါ...''

''သူက သူတော်စင်အဆင့်ပဲ ရှိသေးပေမဲ့... ကျွန်တော်နဲ့ ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာခဲ့တဲ့သူလေ... ကျွန်တော်နဲ့ ယန်ရှောင်မို ပေါင်းပြီး တိုက်ခိုက်ရင် အလွန် စွမ်းအားပြင်းထန်တဲ့ မိစ္ဆာသိုင်းကွက်တွေကို ထုတ်ဖော်နိုင်ပါတယ်...''

ရှီမင်သည် လီလီဗီ၏ အတွေးများကို မသိရှိချေ။

သူ့အမြင်အရ လီလီဗီသည် မိန်းမော်မျိုးနွယ်စု၏ မင်းသမီး ဖြစ်သဖြင့် ကောင်းကင်တက်လှမ်းခြင်းတံဆိပ်ပြား တစ်ခုကို ရရှိရန်မှာ အလွန် လွယ်ကူလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူသည် အကြောင်းပြချက်တစ်ခု ပေးကာ တောင်းခံလိုက်ခြင်း ဖြစ်သည်။

လီလီဗီသာ စိတ်ရင်းမှန်လျှင် တံဆိပ်တစ်ခုလောက်ကို နှမြောနေမည် မဟုတ်ပေ။

ထင်ထားသည့်အတိုင်းပင် လီလီဗီသည် စိတ်သက်သာရာရသွားသည့်အမူအရာပြလာ၏။

ဤကောင်းကင်တက်လှမ်းခြင်းတံဆိပ်ပြားသည် ငရဲဘုံငယ်လေးများ၏ အရှင်သခင်များအတွက် အလွန် တန်ဖိုးရှိသော်လည်း သူမကဲ့သို့ မိသားစုကြီးများ၏ အဓိက သားသမီးများနှင့် အင်အားကြီးအဖွဲ့အစည်းများ၏ အဓိက တပည့်များအတွက်မူ သိပ်ပြီး တန်ဖိုးမရှိလှပေ။ အဖွဲ့အစည်းတိုင်းတွင် တံဆိပ်ပြားအများအပြားကို ခွဲတမ်းဖြင့် ရရှိထားကြသည်။

သို့နှင့် လီလီဗီသည် လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ ရှီမင်၏ ရှေ့တွင် ကောင်းကင်တက်လှမ်းခြင်းတံဆိပ်ပြား ငါးခု ကျလာသည်။

''ဒါက လွယ်ပါတယ်...''

''ဒီတံဆိပ်တွေကို အရှင့်ကို လက်ဆောင်အဖြစ် ပေးလိုက်ပါ့မယ်... တွေ့ဆုံခြင်း အထိမ်းအမှတ် လက်ဆောင်ပေါ့...''

''ဟားဟား... မင်းသမီးက တကယ်ကို ရက်ရောတာပဲ...''

''ကျွန်တော့်ကို အရှင်ရှီမင်လို့ မခေါ်ပါနဲ့တော့... ဒါက အရမ်းကို စိမ်းလွန်းသလိုပဲ... ရှီမင် လို့ပဲ ခေါ်ပါ...''

ရှီမင်သည် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ သူသည် ကောင်းကင်တက်လှမ်းခြင်းတံဆိပ်ပြားတစ်ခုကို ယူကာ ယန်ရှောင်မို ထံသို့ ပစ်ပေးလိုက်ပြီး ကျန်ရှိသော တံဆိပ်ပြားများကို သိမ်းဆည်းထားလိုက်သည်။

ထိုတံဆိပ်များကို ကိုးထပ်မြောက် အထပ်သို့ ရောက်ရှိသောအခါ တံဆိပ်မရှိသေးသည့် အခြားသော ကမ္ဘာငယ်များမှ အရှင်သခင်များကို ပြန်လည် ရောင်းချမည်ဖြစ်၏။ တံဆိပ်ပြားတစ်ခုသည်ပင်လျှင် သူတို့၏ စုဆောင်းထားသမျှ ပစ္စည်းများကိုပင် ပြောင်သလင်းခါသွားအောင် ပြုလုပ်နိုင်ကာ အမြတ်များစွာဖြင့်ရောင်းချနိုင်ပေလိမ့်မည်။

ယခင်က မော်လော့သည်လည်း မင်ကျွေ့ထံမှ ကောင်းကင်တံဆိပ်ပြားတစ်ခု ရရှိရန်အတွက် အပြစ်ငရဲဘုံ ကို အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ဖူးသည်။ ကျင့်ကြံခြင်းလောကကြီးသည် ရှိသူက ပိုရှိလာပြီး မရှိသူက ပိုမွဲသွားမည်ဖြစ်သည်။ ငရဲဘုံသည်လည်း ဤနိယာမမှ မလွတ်ကင်းပေ။

ယခုအချိန်တွင် ရှီမင်သည် စိတ်လှုပ်ရှားနေမိသည်။ မူလအစီအစဉ်အရ သူ၏ သခင်သာလျှင် မျှော်စင်တက်ရမည် ဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် လီလီဗီနှင့် တွေ့ဆုံခဲ့ရသဖြင့် သူပါ မျှော်စင်တက်ခွင့် ရရှိသွားခဲ့လေသည်။

အကယ်၍ ရှီမင်သာ ကျုံးရှန်၏ မူလနတ်ဘုရားသန္ဓေသား မျိုးစေ့ချခြင်းကို မခံရပါက ဤနေရာသို့ ရောက်ခဲလှသဖြင့် လှပသော အပျိုတော်လေးများကို တောင်းဆိုပြီး ပျော်ပါးနေမိမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် သူသည် ကျုံးရှန်နှင့် စိတ်ချင်း ဆက်သွယ်နေသဖြင့် ကာမဂုဏ်ရမ္မက်ဇောများအပေါ်တွင် နစ်မွန်းခြင်း မရှိတော့ချေ။

ရှီမင်သည် ချက်ချင်းပင် မတ်တတ်ထရပ်လိုက်၏။

''အချိန်ဆွဲမနေတော့ပါဘူး... ကျွန်တော်တို့ အခုပဲထွက်ခွာကြတာပေါ့..."

"မျှော်စင်ပွင့်ဖို့ တစ်လပဲ လိုတော့ပြီး.. နောက်ထပ် ရှစ်ထပ်ကို ဖြတ်ကျော်ရဦးမယ်လေ...''

ရှီမင် ထရပ်လိုက်သည်ကို မြင်သောအခါ ယန်ရှောင်မိုသည်လည်း လက်ထဲရှိ အသားကင်နှင့် ဝိုင်များကို ချလိုက်ကာ မတ်တတ်ထရပ်လိုက်သည်။ သူ၏ ပုံစံသည် သစ္စာရှိသော ကိုယ်ရံတော်တစ်ဦးနှင့် တူလှပေသည်။

''ကောင်းပြီလေ... ရှီမင်... ဒါဆိုရင် ဒုတိယထပ်ကို အခုပဲ သွားကြတာပေါ့...''

လီလီဗီသည် ပုဝါဖြင့်သူမ၏မျက်နှာကို ပြန်လည်ဖုံးအုပ်လိုက်သည်။

သူမ၏ အဖွဲ့မှ အခြားသော မိစ္ဆာအရှင်သခင်များသည် ကိုးထပ်မြောက် ကုန်းမြေတိုက်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ယနေ့သည် ဤပထမထပ်၌ စောင့်ဆိုင်းနေသည့် နောက်ဆုံးရက်လည်း ဖြစ်သဖြင့် သူမသည်လည်း ဆက်လက်အချိန်ဖြုန်းလိုစိတ်မရှိတော့ပေ။

သို့နှင့် သူမကိုယ်တိုင်ဦးဆောင်၍ ကောင်းကင်ဥယျာဉ်မှ ထွက်ခွာကာ နန်းတော်အပြင်ဘက်သို့ ပျံသန်းသွားလိုက်သည်။ ရှီမင်နှင့် ကျုံးရှန်တို့သည်လည်း သူမ၏ နောက်မှ ကပ်၍ လိုက်ပါသွားကြသည်။

အပျိုတော်များသည် လီလီဗီ ထွက်ခွာသွားသည်ကို ငေးမောကြည့်ရှုနေကြပြီး တစ်ဦးတစ်ယောက်မျှ လိုက်ပါသွားခြင်း မရှိကြချေ။ လီလီဗီ ပါဝင်သဖြင့် မြို့လယ်ခေါင်တစ်လျှောက်လုံး အတားအဆီးမရှိ သွားလာနိုင်ခဲ့ကြ၏။

မကြာမီမှာပင် သူတို့သည် အလယ်ဗဟို နယ်မြေရှိ ကောင်းကင်ထောက်တိုင်ကြီးရှိရာသို့ ရောက်ရှိလာလေသည်။ ထိုနေရာတွင် မြူခိုးများ ဖုံးလွှမ်းနေသော နေရာတစ်ခု ရှိပြီး သူတို့သည် မြူခိုးများအတွင်းသို့ တိုးဝင်သွားလိုက်ကြသည်။

ပထမဆုံး မြင်လိုက်ရသည်မှာ နက်မှောင်နေသော တံခါးပေါက်ကြီးတစ်ခုပင် ဖြစ်သည်။ တံခါးမကြီး၏ အလယ်ဗဟိုတွင် ဟင်းလင်းပြင် စွမ်းအားများသည် ဝဲဂယက်သဖွယ် လည်ပတ်နေကာ ကောင်းကင်ထောက်တိုင်ကြီးပေါ်တွင် တပ်ဆင်ထားသည့် လမ်းကြောင်းတစ်ခုကဲ့သို့ ရှိနေသည်။

တံခါးပေါက်၏ အပြင်ဘက်တွင် သံချပ်ကာနက် ဝတ်ဆင်ထားသော လက်ခြောက်ဖက် မိစ္ဆာနတ်ဘုရား အစောင့်တပ်ဖွဲ့တစ်ခု ရှိနေသည်။ ထိုအစောင့်များသည်လည်း ကျင့်ကြံခြင်းအဆင့် မနိမ့်ကျကြပေ။ သူတို့သည် မော်တျန်ပြောင်းလဲခြင်းဆေးလုံး ကို မမှီဝဲခင်က မင်ကျွေ့၏ စွမ်းအားနှင့်ပင် ယှဉ်နိုင်ကြ၏။

လက်ခြောက်ဖက် မိစ္ဆာနတ်ဘုရားများသည် လီလီဗီကို မြင်လိုက်ရသောအခါ ဦးညွှတ်အရိုအသေပြုကြပြီး လမ်းဖယ်ပေးလိုက်ကြသည်။

''ဒီတံခါးပေါက်ကို ဖြတ်သွားရင် ဒုတိယထပ် ကုန်းမြေတိုက်ကို တိုက်ရိုက် ရောက်သွားမှာပါ...''

လီလီဗီက အကျဉ်းချုပ် ရှင်းပြလိုက်၏။

ထို့နောက် သူမသည် လက်ခြောက်ဖက် မိစ္ဆာနတ်ဘုရားများကို ကျော်ဖြတ်ကာ တံခါးပေါက်အတွင်းသို့ ဝင်ရောက်သွားသည်။ ရှီမင်နှင့် ကျုံးရှန်တို့သည်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်သွားလိုက်၏။

အတွင်းသို့ ရောက်ရှိသွားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဗလာနယ်တစ်ခုသဖွယ် ဖြစ်သွားပြီး အချိန်နှင့် ဟင်းလင်းပြင်၏ သဘောတရားများ ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် ထိုခံစားချက်မှာ ခဏမျှသာ ကြာမြင့်ခဲ့ပြီး အသက်တစ်ရှိုက်စာအချိန်အတွင်း၌ပင် အနက်ရောင် ကျောက်ဆောင်များနှင့် မိစ္ဆာစွမ်းအားများ ပြည့်နှက်နေသည့် ချော်ရည်မြစ်များ ရှိသော အလွန် ပူပြင်းလှသည့် ကုန်းမြေတိုက်တစ်ခုပေါ်သို့ ရောက်ရှိသွားကြလေတော့သည်။

All Chapters