← Chapters

အခန်း (၂၁၀)

Vol. 21 Ch. 210

အခန်း (၂၁၀)

Vol. 21 Ch. 210

မော်ပိုင်ဟော်သည် စိတ်ထဲတွင် လှောင်ပြောင်နေမိ၏။

"ဝါးမြိုခြင်းမိစ္ဆာသိုင်းကွက်က စစ်မှန်သောနတ်ဘုရားခန္ဓာကိုယ်ကိုတောင် အရည်ပျော်သွားစေနိုင်တယ်ကွ..."

"တတိယအဆင့် မိစ္ဆာနတ်ဘုရားတောင်မှ ဒီလောက် မိုက်မဲပြီး ဝင်တိုးရဲမှာ မဟုတ်ဘူး... တကယ့်ကို သေချင်နေတာပဲ..."

သို့သော် သွေးရောင်ဓားသည် နှုတ်သီးအတွင်းသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် မော်ပိုင်ဟော်သည် မရယ်နိုင်တော့ချေ။ သူသည် မိစ္ဆာအရှင်သခင်တစ်ယောက်ကို ဝါးမြိုလိုက်ရခြင်း မဟုတ်ဘဲ ပရမ်းပတာ စွမ်းအင်များ ပြည့်နှက်နေသော ကမ္ဘာတစ်ခုကို ဝါးမြိုလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ထိုဓားထဲတွင် သူ၏ ဝါးမြိုခြင်းမိစ္ဆာသိုင်းကွက်က မချေဖျက်နိုင်လောက်အောင် အဆင့်မြင့်မားလွန်းသော စွမ်းအင်များ ပါဝင်၏။

စွမ်းအင်များသည် သွေးရောင်ဓားမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်အတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာပြီး ရမ်းကားစွာ တိုးဝှေ့တိုက်ခိုက်နေသဖြင့် သူသည် သေမလောက် နာကျင်မှုကို ခံစားနေရကာ ခန္ဓာကိုယ် ပေါက်ကွဲတော့မတတ် ဖြစ်လာတော့သည်။

"အား..."

"ဝုန်း..."

မိစ္ဆာဥဒေါင်းငှက်၏ နှုတ်သီးကြီးသည် ပြင်းထန်စွာ ပေါက်ကွဲသွားပြီး ပေါက်ကွဲမှုလှိုင်းဂယက်သည် မြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ထိုပေါက်ကွဲမှုတွင် ကောင်းကင်နဂါးဗုဒ္ဓစွမ်းအား၊ ဓာတ်ကြီးငါးပါး သူတော်စင်စွမ်းအား၊ သွေးရောင်သတ်ဖြတ်ခြင်းစွမ်းအားနှင့် ယွမ်ရှီချီစွမ်းအားတို့ ပေါင်းစပ်ထားသော အဆင့်မြင့်စွမ်းအင်များ ပါဝင်နေရုံသာမက ဝါးမြိုခြင်းမိစ္ဆာသိုင်းကွက် ယခင်က စုပ်ယူထားခဲ့သော သက်ရှိများ၏ စွမ်းအင်များလည်း ပါဝင်နေသည်။ ထို့ကြောင့် ပေါက်ကွဲမှု၏ ပြင်းအားမှာ မှန်းဆ၍မရနိုင်လောက်အောင် ကြီးမားလှ၏။

ဘေးတစ်ဖက်၌ရပ်ကြည့်နေသောလီလီဗီသည် မျက်နှာပျက်သွားပြီး ညှို့ယူဝိညာဉ် ကြေးမုံမှန်ကို အလျင်အမြန် ထုတ်ယူကာ မှန်ထဲသို့ ဝင်ရောက် ပုန်းခိုလိုက်သည်။ ကျုံးရှန်သည်လည်း သူမနောက်မှတစ်ဆင့် မှန်ထဲသို့ လိုက်ပါဝင်ရောက်သွားလျှင် ထိုကြေးမုံမှန်သည် မူလနေရာမှအစအနရှာ၍မရအောင်ပျောက်သွားလေသည်။

မှန်အမျိုးအစား ရတနာအများစုသည် ကိုယ်ပိုင် နေရာလွတ်ကမ္ဘာတစ်ခုကို ဖန်တီးနိုင်စွမ်း ရှိကြသည်။ ကျုံးရှန် ပိုင်ဆိုင်ထားသော ယင်ယန်ကမ္ဘာမှန် နှစ်ချပ်သည်ပင်လျှင် နေရာလွတ်ကမ္ဘာငယ်များကို ဖန်တီးနိုင်ပြီး ဆယ်ချပ်လုံး စုစည်းမိပါက မဟာကမ္ဘာကြီးတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။

မဟာတာအိုအဆင့် ရတနာဖြစ်သော ယင်ယန်ကမ္ဘာမှန် ဆယ်ချပ်ပေါင်းစပ်ထားခြင်းနှင့် ယှဉ်လျှင် ညှို့ယူဝိညာဉ် ကြေးမုံမှန်သည်အလားတူ စွမ်းရည်မျိုး ရှိသော်လည်း ကွာခြားမှု ရှိနေသေးသည်။ သို့သော် ဤမှန်သည်လည်း မဟာတာအိုတစ်ပိုင်းအဆင့် ရတနာတစ်ခု ဖြစ်သဖြင့် သာမန် မဟုတ်ဘဲ ရိုက်ခတ်လာသော စွမ်းအားလှိုင်းဂယက်များကို တောင့်ခံလိုက်နိုင်သည်။

ပေါက်ကွဲမှု၏ ဂယက်လှိုင်းများ ပျံ့နှံ့သွားလျှင် ယန်မော်မြို့တော် တစ်ခုလုံးပြာကျသွားသည်။ ဒုတိယထပ်မှ ပထမထပ်နှင့် တတိယထပ်သို့ သွားရာ လမ်းကြောင်းများကို စောင့်ကြပ်နေသော မိစ္ဆာစစ်သူကြီးများပင်လျှင် ထိုပေါက်ကွဲမှုကြောင့် သေဆုံးသွားကြရသည်။

ကုန်းမြေတိုက်တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါသွားပြီး ပေါက်ကွဲမှု၏ လေဖိအားလှိုင်းများသည် ကောင်းကင်ထောက်တိုင်ကြီးကိုပင် ရိုက်ခတ်သွားသဖြင့် အနည်းငယ် တုန်ခါသွားလေသည်။

တုန်ခါမှုသည် ကိုးထပ်မြောက် အထပ်တွင် ရှိနေသော ရှေးဟောင်းမိစ္ဆာအရှင်သခင်ကြီးတစ်ပါး၏ အာရုံကို ချက်ချင်းပင် ဖမ်းစားသွားသည်။ ထို့ပြင် မျိုးဆက်သစ်များကို ခေါ်ဆောင်ပြီး မျှော်စင်တက်ရန် ရောက်ရှိနေကြသော မိစ္ဆာနတ်ဘုရား တတိယအဆင့် ထိပ်တန်းမိစ္ဆာအရှင်သခင်များလည်း သတိထားမိသွားကြသည်။

ထိုအထဲတွင် မူလအစကမ္ဘာကို ရှာဖွေတွေ့ရှိခဲ့သော ချောက်နက်မိစ္ဆာအရှင်သခင် လည်း ပါဝင်နေ၏။ သူသည် ကိုးထပ်မြောက် အထပ်ရှိ ကောင်းကင်တက်လှမ်းမျှော်စင်၏ အပြင်ဘက်တွင် ထိုင်နေပြီး သူ၏ဘေးတွင် လက်ခြောက်ဖက် အာပန် ရာရှာဆာများ ဝန်းရံထားသည်။ ထိုရာရှာဆာများသည် သူ၏ ချောက်နက်ငရဲဘုံမှ ထိပ်တန်း တပည့်များ ဖြစ်ကြသည်။

"ဒုတိယထပ်မှာ ဒီလောက် ပြင်းထန်တဲ့ တိုက်ခိုက်မှုကို ပြုလုပ်ရဲတဲ့သူ ရှိနေတာလား..."

''တကယ်ကို သေလမ်းရှာနေတာပဲ... ယမမင်းက သူတို့ကို လွှတ်ထားမှာ မဟုတ်ဘူး...''

ဒုတိယထပ်တွင် ယန်မော်မြို့တော်ကြီးသည် လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်ပြီး မော်ပိုင်ဟော်သည်လည်း သေလုမျောပါး ဖြစ်နေ၏။ ရှီမင်တစ်ယောက်သာ ကျုံးရှန်၏ ဓာတ်ကြီးငါးပါး နတ်ဘုရားအရှင်သခင်များ၏ သက်စောင့်အစီအရင် အကာကွယ်ကြောင့် ပေါက်ကွဲမှုဒဏ်ကို ခုခံနိုင်ခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှုပြီးဆုံးသွားသည်နှင့် ညှို့ယူဝိညာဉ် ကြေးမုံမှန် ပြန်လည် ပေါ်ထွက်လာသည်။ ကျုံးရှန်သည် လီလီဗီထက် ပိုမို လျင်မြန်စွာ မှန်ထဲမှ ထွက်လာပြီး မော်ပိုင်ဟော်ကို ဖမ်းဆုပ်လိုက်ကာ သန့်စင်လိုက်ပြီး ရွှေရောင် သွေးတစ်စက်ကို ထုတ်ယူလိုက်၏။

ထိုသွေးစက် ပေါ်လာသည်နှင့် ဒုတိယထပ် တစ်ခုလုံးတွင် တရားစာရွတ်ဖတ်သံများ ထွက်ပေါ်လာသည်။ ကျုံးရှန်သည် ရွှေရောင်သွေးစက်ကို သူ၏ ဟင်းလင်းပြင်သိုလှောင်နယ်ပယ်ထဲသို့ သိမ်းဆည်းလိုက်ပြီးနောက် လျင်မြန်စွာ ထွက်ခွာရန် ပြင်လိုက်သည်။

''မြန်မြန်သွားရအောင်... ရာထူးကြီးတဲ့ပုဂ္ဂိုလ်တစ်ယောက် ရောက်လာတော့မယ်...''

မူလပုံစံသို့ ပြန်လည် ပြောင်းလဲသွားပြီဖြစ်သည့် ရှီမင်သည်လည်း ကျုံးရှန်၏စွမ်းအင်တစ်ချို့ ကူးပြောင်းပေးခြင်းခံလိုက်ရပြီးနောက်တွင် လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ဆွဲခေါ်ထွက်ပြေးခြင်းခံလိုက်ရသည်။ မှန်ထဲမှထွက်လာသော လီလီဗီသည်လည်း ဆွဲခေါ်ခံလိုက်ရကာ ပါသွားလေသည်။

ကျုံးရှန်သည် ဟင်းလင်းပြင်စွမ်းရည်ကို အစွမ်းကုန် အသုံးပြုလိုက်သဖြင့် စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့သုံးဦးသည် တတိယထပ်သို့ဦးတည်နေသည့်တံခါးပေါက်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားကြသည်။

ကျုံးရှန်တို့ပျောက်ကွယ်သွားပြီး မကြာမီပင် ဒုတိယထပ် ကုန်းမြေတိုက် တစ်ခုလုံးကို ကြီးမားသော မိစ္ဆာအရိပ်ကြီးတစ်ခု လွှမ်းခြုံသွားသည်။

ထိုသူသည် စိမ်းပုပ်ရောင် မျက်နှာ၊ ဘီလူးစွယ်များနှင့် သံမဏိကဲ့သို့ အေးစက်မာကျောသော မျက်နှာထား ရှိပြီး တရားသူကြီးဦးထုပ်ကို ဆောင်းထားကာ အနက်ရောင် တရားသူကြီး ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏လက်ထဲတွင်လည်း စီရင်ချက်ပေးသော စုတ်တံတစ်ချောင်းနှင့် မဟာတာအိုအဆင့် မိစ္ဆာလက်နက်ဖြစ်သော သေခြင်းရှင်ခြင်းစာအုပ်ကို ကိုင်ဆောင်ထား၏။ ထိုသူသည်ကား ငရဲဘုံ၏ ရှေးဟောင်းအရှင်သခင် သုံးပါးထဲမှ တစ်ပါးဖြစ်သော ယမမင်းပင် ဖြစ်သည်။

သူသည် ငါးကန်ကို ကြည့်နေသကဲ့သို့ ဒုတိယထပ် တစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်သည်။

"ဟမ့်... မဆိုးဘူးပဲ..."

''ဒီကသောင်းကနင်း စွမ်းအင်တွေကြောင့် မူလအရင်းအမြစ်ကို ရှာဖို့ ခက်သွားပြီ...''

"ကောင်းကင်ဘုံရဲ့ကံတရားကို ခြေရာခံလို့တောင်မရအောင်ဖျက်စီးခံလိုက်ရတာပဲ"

''ထားလိုက်ပါတော့... ယန်မော်မြို့တော် လေးတစ်မြို့လောက်ပျက်စီးတာက ပြောပလောက်တဲ့ ကိစ္စမှ မဟုတ်တာ...''

"ဒါပေမဲ့ ယန်မော်သခင်လေး သေသွားတာဆိုတော့... ယန်မော်အရှင်သခင် ယန်ရှင်း နဲ့ မိစ္ဆာဥဒေါင်းသခင်မ ကုန်းချောင် တို့ ငါ့ဆီ လာပြီး ပွစိပွစိ လုပ်ကြဦးမှာပဲ..."

မိစ္ဆာအရိပ်ကြီးသည် တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် လက်ထဲရှိ စုတ်တံကို ဝှေ့ယမ်းကာ ပျက်စီးသွားသော နေရာများကို ပြန်လည် ရေးဆွဲလိုက်သည်။ မကြာမီမှာပင် ယန်မော်မြို့တော် အသစ်တစ်မြို့ မူလနေရာ၌ ပြန်လည် ပေါ်ထွက်လာ၏။ ပျက်စီးသွားသော ကုန်းမြေတိုက် အစိတ်အပိုင်းများလည်း ပြန်လည် ကောင်းမွန်သွားသည်။

သို့သော် သူသည် သေခြင်းရှင်ခြင်းစာအုပ်ကို အသုံးမပြုခဲ့ပေ။ ထိုစာအုပ်သည် စစ်မှန်သော မဟာတာအို ရတနာတစ်ခု ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးရှိ သက်ရှိအားလုံး၏ သေခြင်းရှင်ခြင်းကို ဖန်တီးနိုင်ကာ ကောင်းကင်တာအိုနှင့်ပင် ယှဉ်နိုင်စွမ်း ရှိသည်။ အကယ်၍ တစ်စုံတစ်ဦးက သေဆုံးသွားခဲ့လျှင်ပင် ထိုစာအုပ်အတွင်း ပြင်ဆင်ရေးသားလိုက်ရုံဖြင့် ပြန်လည် ရှင်သန်လာစေနိုင်စွမ်းရှိပြီး အသက်ရှင်နေသူကိုလည်း သေဆုံးအောင်လုပ်နိုင်စွမ်းရှိသည်။ ကောင်းကင်တာအိုအထက်သို့ ရောက်ရှိနေသော လွတ်မြောက်ခြင်းအဆင့် ပုဂ္ဂိုလ်များမှလွဲ၍ မည်သူမျှထိုစာအုပ်၏အဆုံးအဖြတ်ကို မလွန်ဆန်နိုင်ပေ။

သို့သော် သေခြင်းရှင်ခြင်းစာအုပ်ကို အသုံးပြုခြင်းသည်လည်း ကြီးမားသော တန်ပြန်သက်ရောက်မှု ရှိသည်။ ကျင့်ကြံခြင်း နိမ့်ပါးသူများ သို့မဟုတ် ဉာဏ်ရည်မမီသော မိစ္ဆာသားရဲများကို သတ်ဖြတ်ရာတွင် ပြဿနာ မရှိသော်လည်း စွမ်းအားကြီးသူများကို သတ်ဖြတ်ရန် အသုံးပြုမိပါက ယမမင်းပင်လျှင် ကြီးမားသော ကံတရား အကြွေးကို ပြန်ပေးဆပ်ရမည် ဖြစ်သည်။

ထို့အပြင် ကမ္ဘာလောကကို ကယ်တင်သော ဧကရာဇ်များ၊ ဗုဒ္ဓများနှင့် ကုသိုလ်ကောင်းမှု ပြုလုပ်သူများကိုလည်း ဤစာအုပ်စွမ်းအားဖြင့် သတ်ဖြတ်ရန် ခက်ခဲလှသည်။ ယင်းသည် ကုသိုလ်စွမ်းအား ဟူသော အခြား ကောင်းကင်တာအိုစွမ်းအားတစ်မျိုးနှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။

အတိုချုပ်ပြောရလျှင် သေခြင်းရှင်ခြင်းစာအုပ်သည် အလွန် စွမ်းအားကြီးမားသော်လည်း ကန့်သတ်ချက်များစွာ ရှိနေသည်။ ယမမင်းသည် စစ်မှန်သော လွတ်မြောက်ခြင်းအဆင့် မိစ္ဆာနတ်ဘုရား ဖြစ်လာမှသာ ထိုစာအုပ်၏ စွမ်းအားကို အပြည့်အဝ အသုံးပြုနိုင်မည် ဖြစ်သည်။

ဒုတိယထပ်ကို မူလအတိုင်း ပြန်လည် ပြုပြင်ပေးပြီးသောအခါ ယမမင်းလည်း ပြန်လည်ထွက်ခွာသွားလေသည်။ သို့သော် သူ၏ လက်အောက်ငယ်သားများဖြစ်သော ဖြူမဲသေမင်းတမန်ညီနောင်နှစ်ပါးကို စေလွှတ်ကာ ပထမထပ်နှင့် တတိယထပ်တို့၏ အခြေအနေကို စောင့်ကြည့်ခိုင်းထားလိုက်သည်။

ဒုတိယထပ်တွင် တတိယထပ်နှင့် ပထမထပ်သို့ သွားသော လမ်းကြောင်းနှစ်ခုသာ ရှိသည်။ ကောင်းကင်တက်လှမ်းမျှော်စင် ပွင့်တော့မည် ဖြစ်ရာ ဤကိစ္စသည် ငရဲဘုံအတွက် အရေးကြီးသောအချိန် ဖြစ်သည်။ ယမမင်းကြီးသည် လွတ်မြောက်ခြင်းလမ်းကို ရှာဖွေနေသော်လည်း ဤပွဲတော်တွင် ပြဿနာများ မဖြစ်ပေါ်စေလိုပေ။

တစ်ဖက်တွင်မူ ကျုံးရှန်တို့ သုံးဦးသည် တတိယထပ်သို့ သီသီလေး လွတ်မြောက်လာခဲ့ကြသည်။ ကျုံးရှန်သည် ဝင်မလာခင်ကပင် အကျင့်ပါနေသကဲ့သို့ ကောင်းကင်ကံတရားကို ဖုံးကွယ်ခဲ့သေးသည်။ သူသည် ရှန်လုံတာအိုဆရာသခင်၏ အမွေအနှစ်ကို ရရှိထားသူ ဖြစ်သဖြင့် ဤကဲ့သို့သော လှည့်စားမှုမျိုးကို ကျွမ်းကျင်ပြီးသား ဖြစ်သည်။

ယခုအခါ သူတို့သည် မိုးသစ်တောများ ဖုံးလွှမ်းနေသော ကုန်းမြေတိုက်တစ်ခုသို့ ရောက်ရှိနေကြသည်။ နေရာအနှံ့တွင် ထူးဆန်းသောသစ်ပင်ပန်းမန်များ ထူထပ်စွာ ပေါက်ရောက်နေပြီး အချို့သစ်ပင်များ၏ ပင်စည်ပေါ်တွင် သရဲမျက်နှာများ ပါရှိနေက အချို့မှာမူ သွေးစွန်းနေသော အလောင်းကောင်များကို ချိတ်ဆွဲထားသည့် သစ်နွယ်များ ရှိနေသည်။ ဧရာမ လူစားပန်းများ၊ ရေတကောင်းပုံစံ အသားစားအပင်များလည်း ရှိနေသေး၏။

ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၌ မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သော ကောင်းကင်တစ္ဆေသစ်ပင် ကိုပင် တွေ့ရှိလိုက်ရလေသည်။ ဤတတိယထပ်သည်ကား သစ်ပင်မိစ္ဆာများ၏ နယ်မြေပင်ဖြစ်တော့သည်။

Thank For Reading.

All Chapters