← Chapters

အခန်း (၂၀၂)

Vol. 21 Ch. 202

အခန်း (၂၀၂)

Vol. 21 Ch. 202

ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ သည် တစ်ခဏအတွင်းပင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တစ်ခုလုံး၌ ထင်ရှားလာခဲ့သည်။ အထူးသဖြင့် မြောက်ဘက်နယ်စပ် ဓားကုန်းမြေတိုက် နှင့် နန်ယန်စီရင်စု ပတ်ဝန်းကျင်ရှိ စီရင်စုနယ်မြေများတွင် သူတို့၏ နာမည်ဂုဏ်သတင်းသည် အလွန်ပင် ကျော်ကြားလာခဲ့၏။

လူသားမျိုးနွယ်တို့၏ အချက်အခြာကျသော နယ်မြေများတွင် ရှိနေကြပြီး မျိုးနွယ်ခြားများနှင့် တိုက်ခိုက်ခြင်း မရှိသေးသည့် အင်အားစုအချို့ပင်လျှင် လိုအပ်သော စစ်ရေးပစ္စည်းများကို ဝယ်ယူရန်အတွက် ကုန်သည်အဖွဲ့များစေလွှတ်လာကြသည်။

လူသားအင်အားစုတိုင်းသည် မျိုးနွယ်ခြားတို့၏ ရက်စက်ကြမ်းကြုတ်မှုကို မျက်ဝါးထင်ထင် မြင်တွေ့နေကြရပြီးဖြစ်သည်။

ထိုသူတို့ ကျူးကျော်ဝင်ရောက်လာသည့် နေရာတိုင်းတွင် အလောင်းကောင်များနှင့်အပျက်အစီးများသာ ကျန်ရစ်ပေသည်။ မျိုးနွယ်ခြားတို့သည် မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းနှင့် လုယက်ခြင်းများကို ပြုလုပ်ကြသည့်အပြင် အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များကို တစ်ယောက်မကျန် သတ်ဖြတ်ပစ်ကြသည်။ လှပသော အမျိုးသမီးငယ်များနှင့် ကျန်းမာသန်စွမ်းသော လူငယ်များကိုသာ အသက်ရှင်ချန်ထားလေ့ ရှိသော်လည်း ထိုသို့ အသက်ရှင်ရခြင်းသည် သေခြင်းထက်ပင် ပို၍ ဆိုးရွားလှ၏။ အမျိုးသမီးငယ်များသည် မျိုးနွယ်ခြားတို့၏ မျိုးဆက်ပွားရန်အတွက် ကိရိယာများအဖြစ် အသုံးပြုခံကြပြီး လူငယ်များကိုမူ ကျွန်များအဖြစ် စေခိုင်းကာ နှိပ်စက်ညှဉ်းပန်းလေ့ ရှိကြသည်။

ထို့ပြင် လူသားကျွန်များကို မျိုးနွယ်ခြား နတ်ဘုရားများထံ ယဇ်ပူဇော်ရန်အတွက်လည်း အသုံးပြုကြသေး၏။ ဝိညာဉ်နှင့် အသွေးအသားအားလုံးသည် ယဇ်ပူဇော်မှု စွမ်းအားများအဖြစ် ပြောင်းလဲသွားကာ ထိုနတ်ဘုရားများ၏ အာဟာရ ဖြစ်သွားရသည်မှာ အလွန်ပင် စိတ်နှလုံး ထိခိုက်ဖွယ် ကောင်းလှသည်။

ယခုကဲ့သို့ အခြေအနေတွင် စစ်ရေးသုံးပစ္စည်းများ၏ ဈေးနှုန်းသည် ကောင်းကင်သို့ ထိုးတက်နေလေသည်။ ထျန်းလက်နက်ဆောင် ၏ တစ်ရက်တာ ဝင်ငွေသည်ပင် ဂိုဏ်း၏ မူလ ဆယ်နှစ်စာ ဝင်ငွေနှင့် ညီမျှနေ၏။ သို့သော် ထိုထျန်းကုန်သည်အဖွဲ့များသည် ဝေးလံသော ခရီးကို သွားလာနေရသဖြင့် ဆယ်စုနှစ်များစွာ ကြာမြင့်မှသာ မိမိတို့၏ နယ်မြေသို့ ပြန်ရောက်နိုင်ကြပေလိမ့်မည်။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် သည် အလွန်ပင် ကျယ်ဝန်းလှသည်။ စီရင်စုနယ်မြေများကို ဖြတ်ကျော်၍ ကုန်သွယ်သည့် ကုန်သည်အသင်းကြီးများသည် စီရင်စုတစ်ခုစီ၏ မြို့ကြီးများတွင် ဌာနခွဲများ ထားရှိကာ ဟင်းလင်းပြင် တည်ဆောက်ပုံ အစီရင်များကို အပြန်အလှန် ချိတ်ဆက်ထားလေ့ ရှိကြသည်။ သို့သော် ထိုသို့ရှိနေစေကာမူ မြောက်ပိုင်းနယ်စပ်သို့ ရောက်ရှိရန် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သေးသည်။

ဝမ်ရှန့်ကုန်းမြေတိုက်ကြီးရှိ ကျင့်ကြံသူတို့၏ သက်တမ်းမှာ ရှည်လျားလှသဖြင့် သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိပါက နှစ်ပေါင်း ရှစ်သောင်းခန့် အသက်ရှင်နေထိုင်နိုင်ရန် ပြဿနာမရှိပေ။ သာမန် အကြီးအကဲအဆင့်ရှိသော နိယာမနယ်ပယ် ၁၄ ဆင့် ကျင့်ကြံသူများပင်လျှင် နှစ်ပေါင်း ထောင်ချီ၍ နေထိုင်နိုင်ကြပြီး ကျုံးရှန်ကဲ့သို့ သက်တမ်းတိုးစေသည့် ကောင်းကင်ဘုံရတနာများကို စားသုံးရပါက နှစ်ပေါင်း တစ်သိန်းကျော်ပင် အသက်ရှည်နိုင်ကြသည်။

ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ ၏ နယ်ပယ်နှစ်ခုကြား ဟင်းလင်းပြင်လမ်းကြောင်း ကဲ့သို့ တစ်လအတွင်း ရောက်ရှိနိုင်သည့် နည်းလမ်းမျိုးသည် ယခုခေတ်တွင် မရှိသလောက်ပင် ရှားပါးလှသည်။ ဤကဲ့သို့သော နည်းစနစ်မျိုးသည် ရှေးဟောင်းခေတ်နှင့် ဝေးကွာသော ရှေးဦးကာလများတွင်သာ တည်ရှိခဲ့ခြင်း ဖြစ်၏။

ထိုစဉ်က ဧကရာဇ်များသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်အတွင်း တပ်ဖွဲ့များကို အလျင်အမြန် ပို့ဆောင်နိုင်ရန်အတွက် ဟင်းလင်းပြင် တည်ဆောက်ပုံ အစီရင်ကြီးများကို ခင်းကျင်းထားလေ့ ရှိကြသည်။ သို့သော် ယခုမျက်မှောက်ခေတ်တွင်မူ ထိုပညာရပ်များသည် ကွယ်ပျောက်လုနီးပါး ဖြစ်နေလေသည်။

လက်ရှိတွင် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည် နေ့စဉ်နှင့်အမျှ တိုးတက်လာရာ လူရိုင်းနယ်မြေများအတွင်း၌ ပိုင်နက်နယ်မြေအမြောက်အမြား တိုးချဲ့လာနိုင်ခဲ့၏။ မူလက အဆိပ်ငွေ့များနှင့် အဆိပ်ရှိသော ပိုးမွှားများ ပြည့်နှက်နေသည့် လူရိုင်းတောနက်ကြီးများ ပျောက်ကွယ်သွားပြီး ဆေးဖက်ဝင်အပင်စိုက်ခင်းများနှင့် သစ်တောစိုက်ခင်းများက အစားထိုး ဝင်ရောက်လာသည်။

ထိုနေရာများတွင် သက်ဆိုင်ရာနယ်မြေများအလိုက် အာဏာပိုင်များနှင့် လူရိုင်းကျွန်များစွာ ရှိနေကြသည်။ ထိုလူရိုင်းကျွန်များ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုသည် သာမန်လူသားများထက် များစွာ သာလွန်သဖြင့် လူရိုင်းကျွန်တစ်ယောက်သည် သာမန်လုပ်သား လေးငါးယောက်၏ လုပ်အားနှင့် ညီမျှသည်။ လူရိုင်းနယ်မြေအတွင်းရှိ လူသားပိုင်နက်နယ်မြေများအကြားတွင် လမ်းပန်းဆက်သွယ်ရေးလွယ်ကူစေရန်အတွက် ရထားလုံးများ သွားလာနိုင်သော လမ်းများစွာကိုလည်း ဖောက်လုပ်ထား၏။

ဤတိုးတက်မှုများသည် မြောက်ပိုင်းနယ်စပ်ဒေသရှိကျင့်ကြံသူများသာမက သေမျိုးများကိုပါ ရှင်သန်နေထိုင်ရေးအခွင့်အလမ်းများမြှင့်‌တင်ပေးခဲ့သည်။ အထူးသဖြင့် ဓားကုန်းမြေတိုက်အတွင်းရှိ သာမန်လူသားများ၏ မွေးဖွားနှုန်းသည် ထိုကဲ့သို့စီးပွား ရေး၊လမ်းပန်းဆက်သွယ်‌ရေး တိုးတက်မှုများကြောင့် သိသိသာသာ မြင့်တက်လာခဲ့ရသည်။

ထျန်းဂိုဏ်းသည် တစ်နေ့ထက်တစ်နေ့ တိုးတက်ပြောင်းလဲနေသော်လည်း ဖာဟိုင်ဆရာတော်၊ လက်သီးဧကရာဇ် သူတော်စင် နှင့် ကျုံးချီမင် တို့သည် ပေါ့ဆခြင်း မရှိကြချေ။ သူတို့သည် ဓားကုန်းမြေတိုက် ရှိ မြို့များ၏ ခုခံစစ်စွမ်းအားကို မြှင့်တင်ပေးပြီး နယ်မြေချဲ့ထွင်သည့် အကြိမ်ရေကို လျှော့ချလိုက်ကြသည်။

ယနေ့တွင် ဖာဟိုင်ဆရာတော်သည် မြောက်ပိုင်းနယ်စပ်ဒေသရှိ လူအားလုံးကို ထပ်မံ ဆင့်ခေါ်လိုက်၏။ ရွေ့ဝူတီ အပါအဝင် မြောက်ဘက်နယ်စပ်၌ ရှိနေသော နတ်ဘုရားအဆင့် စွမ်းအားရှင်အားလုံး ရောက်ရှိလာကြလေသည်။ ကျုံးချီမင်နှင့် လက်သီးဧကရာဇ်တို့က ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်နေကြပြီး ဖာဟိုင်က အဓိကနေရာတွင် ထိုင်နေ၏။ သူ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုအချို့ကို တွေ့ရ၏။

''အာလုံးပဲ... မြောက်ပိုင်းဂိုဏ်းခွဲရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အခုဆိုရင် သိသိသာသာ တိုးတက်လာခဲ့ပြီ... နန်ယန်စီရင်စုက ဌာနချုပ်နဲ့တောင် ယှဉ်နိုင်တဲ့ ထျန်းဂိုဏ်းရဲ့ ဒုတိယမြောက် အချက်အခြာနေရာဖြစ်လာခဲ့တယ်..လေးနှစ်အတွင်းမှာ ဒီအဆင့်ကို ရောက်အောင် လုပ်ပေးနိုင်ခဲ့တာ ဒကာတို့အားလုံးရဲ့ ကြိုးစားမှုကြောင့်ပါပဲ... လူသားမျိုးနွယ်ကို ကာကွယ်ဖို့အတွက် ကြိုးစားပေးကြတာမို့...ဓားကုန်းမြေတိုက်က လူသားတွေကိုယ်စား ကိုယ်တော့်အနေနဲ့ အားလုံးကို ကျေးဇူးတင်စကား ပြောပါရစေ..."

ဖာဟိုင်ဆရာတော်သည် ဦးညွှတ်၍ ကျေးဇူးတင်စကား ဆိုလိုက်သဖြင့် ကျန်ရှိသူအားလုံးမှာလည်း အလျင်အမြန်ပင် ပြန်လည် ဂါရဝပြုလိုက်ကြ၏။

ထို့နောက် ဖာဟိုင်၏ မျက်နှာမှာ လေးနက်သွားပြီး ဆက်လက် ကြေညာလိုက်၏။

''ဒါပေမဲ့ အရင်က လုပ်ဆောင်ခဲ့တာတွေက စီးပွားရေး ဗျူဟာတွေပဲ ရှိပါသေးတယ်... တကယ့် စိန်ခေါ်မှုက အခုမှ စမှာပါ''

''ကိုယ်တော် မကြာသေးခင်က နဂါးဗုဒ္ဓစွမ်းအားနဲ့ လောကကြီးကို အာရုံခံကြည့်တဲ့လိုက်တဲ့အခါ မိစ္ဆာမျောက်ဝံမျိုးနွယ်စုဆီမှာ အမင်္ဂလာ ကြယ်စုတွေနဲ့ ယုတ်မာတဲ့ စွမ်းအားတွေ စုဝေးနေတာကို တွေ့လိုက်ရတယ်..."

"ဒါဟာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တစ်ခုလုံးကို တုန်လှုပ်စေမယ့် မိစ္ဆာအင်အားစုကြီး တစ်ခု မကြာခင် ပေါ်ပေါက်လာတော့မယ့်လက္ခဏာပဲ''

"မိစ္ဆာမျောက်ဝံနတ်ဘုရားက ဓားကုန်းမြေတိုက်ကိုပြန်လည်ကျူးကျော်ဖို့...တစ်ခုခုကြံစည် နေတာပဲဖြစ်ရမယ်..."

"မကြာခင်မှာ အဲဒီ ဆိုးယုတ်တဲ့ စွမ်းအားတွေအရှိန်အဟုန် ရလာတာနဲ့ ငါတို့ကို စတင် တိုက်ခိုက်လာမှာပဲ... ဒါကြောင့် ငါတို့ဘက်ကလည်း ကြိုတင် ပြင်ဆင်ထားရမယ်..."

"ဓားကုန်းမြေတိုက်မှာ စုစုပေါင်း မြို့ ၃၃ မြို့ ရှိတယ်... ချီလင်၊ မိုးပြာနဂါး၊ ဗာမီလီယံငှက်၊ ကျားဖြူ၊ လိပ်နက် ဆိုတဲ့ နတ်ဘုရားသားရဲ မြို့ကြီး ၅ မြိုအပြင်...နောက်ထပ် ကြယ်တာရာ ၂၈ ပါး မြို့တွေပဲ..."

"ကြယ်တာရာမြို့တွေက သက်ဆိုင်ရာ ကြယ်တာရာစွမ်းအားတွေကို အသုံးပြုနိုင်သလို နတ်ဘုရားသားရဲ မြို့ကြီးတွေကလည်း သက်ဆိုင်ရာ နတ်ဘုရားသားရဲ စွမ်းအားတွေကို ထုတ်ဖော်နိုင်တယ်..."

"ဒါ့အပြင် မြို့တစ်မြို့နဲ့တစ်မြို့ အစီရင်တွေကို ပေါင်းစပ်ပြီး ကြယ်ငါးပွင့်အစီရင်၊ ကြယ်ခုနစ်ပွင့်အစီရင်၊ ကြယ်တစ်သောင်းအစီရင်တွေအဖြစ် ပြောင်းလဲနိုင်ပြီး.... နတ်ဘုရားသားရဲ ၅ မြို့ကလည်း မိစ္ဆာနှိမ်နင်းရေး အစီရင်ကြီးတွေကို ခင်းကျင်းနိုင်တယ်..."

"အဲ့ဒီအစီအရင်တွေကို မင်းတို့ ကျွမ်းကျင်အောင် လေ့ကျင့်ထားရမယ်..."

ဖာဟိုင်သည် ဓားကုန်းမြေတိုက်၏မြို့ပေါင်း ၃၃ မြို့ရှိ အစီရင်များထိန်းချုပ်သည့် နည်းစနစ်အားလုံးကို လူတိုင်း၏ စိတ်ဝိညာဉ်အတွင်းသို့ တိုက်ရိုက် ပို့ဆောင်ပေးလိုက်သည်။

"ငါတို့ဆီမှာ ရှိတဲ့ နတ်ဘုရားအဆင့် ကျွမ်းကျင်သူ အရေအတွက်က မြို့တစ်မြို့မှာ တစ်ယောက်စီ စောင့်ကြပ်ဖို့ လုံလောက်တယ်... ဘယ်လို မိစ္ဆာတွေပဲ လာလာ ငါတို့က သံမဏိတံတိုင်းကြီးလို တားဆီးထားရမယ်..."

ဖာဟိုင်၏ အသံမှာ ပြတ်သားလှပြီး သူ၏ ဝတ်စုံပေါ်မှ နဂါးပုံရိပ်မှာလည်း အားကောင်းလှချေသည်။

ထို့နောက်သူသည် ကောင်းကင်၏ ဝေးကွာလှသော တစ်နေရာသို့ ကြည့်ကာ အရေးကြီးသော သတင်းတစ်ခုကို ပြောကြားလိုက်သည်။

''မကြာခင်မှာ ကျုံးရှန် ပြန်လာတော့မယ်... အားလုံးပဲ... သူ့အတွက် အံ့သြစရာ လက်ဆောင်တစ်ခု ပြင်ဆင်ထားကြရအောင်..."

ထိုစကားကိုကြားသောအခါ လူတိုင်း၏ စိတ်ဓာတ်မှာလည်း ပိုမို တက်ကြွလာလေသည်။

မိစ္ဆာသူတော်စင် ငါးသောင်းကျော်အနက် နတ်ဘုရားသားရဲမြို့ကြီး ၅ မြို့တွင် တစ်မြို့လျှင် လေးထောင်စီ ထားရှိပြီး ကျန်ရှိသူများကို ကြယ်တာရာ ၂၈ မြို့သို့ ခွဲဝေ ချထားလိုက်သည်။ ထျန်းလက်နက်ဆောင်သည် လက်နက်ရောင်းချမှုကို လျှော့ချလိုက်ကာ စစ်ရေးအသုံးအဆောင်များကိုသာ အလျင်အမြန် စုဆောင်းတော့သည်။

ဂိုဏ်း၏ တပည့် တစ်သိန်းကျော်အပြင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အသစ်ဝင်လာသော တပည့်များကိုလည်း လက်နက်များ တပ်ဆင်ပေးလိုက်၏။ ဓားကုန်းမြေတိုက်တစ်ခုလုံးသည် ခဏချင်းအတွင်းမှာပင် တင်းမာလှသော စစ်ပြင်ဆင်မှု အခြေအနေသို့ ရောက်ရှိသွားပြီး အမှောင်ထုနှင့် မိစ္ဆာများ ကျူးကျော်လာမည့်အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေလေသည်။

ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ လက်ရှိအင်အားနှင့် ဖာဟိုင် တည်ဆောက်ထားသော ကြယ်တာရာမြို့များ၏ အစွမ်းဖြင့် ထိုမိစ္ဆာများမှာ ပြန်လမ်းမရှိအောင် ချေမှုန်းခံရမည် ဖြစ်သည်။

ကျုံးရှန် ပြန်လည်ရောက်ရှိလာမည့်နေ့သည် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ ကမ္ဘာကို အုပ်စိုးမည့်နေ့ ဖြစ်လာလိမ့်မည်ဟု လူတိုင်းက မျှော်လင့်နေကြလေ၏။

All Chapters