← Chapters

အခန်း (၂၀၃)

Vol. 21 Ch. 203

အခန်း (၂၀၃)

Vol. 21 Ch. 203

ထူထဲလှသော ကမ္ဘာ့အကာအကွယ်အလွှာများနှင့် နဂါးမဲ့ဘုရင်၏ ချိပ်ပိတ်မှုများကြောင့် အခြားသော မဟာကမ္ဘာကြီးများနှင့် အဆက်အသွယ် ပြတ်တောက်နေသည့် ငရဲကမ္ဘာကြီးအတွင်း၌ ဖြစ်သည်။

ငရဲဘုံကမ္ဘာကြီး၏ အစွန်အဖျား တစ်နေရာတွင် ထူးခြားသော အငွေ့အသက်များ ထွက်ပေါ်နေသည့် အလယ်အလတ်ကမ္ဘာတစ်ခု ရှိနေပြီး ထိုကမ္ဘာကို ကမ္ဘာငယ်သုံးခုက ဝန်းရံထားသည်။ ထိုကမ္ဘာငယ်သုံးခုသည် မူလအစကမ္ဘာ နှင့် ပေါင်းစည်းထားသည့် နွားမိစ္ဆာငရဲ၊ စီဝမ်နွားရိုင်းငရဲ၊စစ်ဘုရင်နွားရိုင်းငရဲကမ္ဘာတို့ ဖြစ်ကြသည်။

နွားမိစ္ဆာငရဲကမ္ဘာအတွင်းရှိ တောတောင်တစ်ခုထဲတွင် ဟောင်းနွမ်းစုတ်ပြတ်နေသော မြက်ပင်တဲအိမ်လေးတစ်လုံး ရှိနေ၏။ ထိုတဲအိမ်လေးအတွင်းရှိ မြက်ဖျာပေါ်တွင် ဟောင်းနွမ်းနေသော တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် တာအိုဆရာလေးတစ်ယောက်ဦး ငြိမ်သက်စွာ ထိုင်နေလေသည်။ တာအိုဆရာလေး၏ ခန္ဓာကိုယ်ပေါ်တွင် ဖုန်မှုန့်များ ဖုံးလွှမ်းနေပြီး ဤနေရာတွင် မည်မျှကြာအောင် ကျင့်ကြံနေခဲ့သည်ကို မည်သူမျှ မသိနိုင်ချေ။

ထိုတာအိုဆရာလေးသည်ကား တံခါးပိတ်ကျင့်ကြံနေသော ကျုံးရှန်ပင် ဖြစ်ပေသည်။ သူ တံခါးပိတ်ကျင့်ကြံနေသည်မှာ လေးနှစ်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်ပြီး ကောင်းကင်တက်လှမ်းခြင်းမျှော်စင် ပွင့်ရန် တစ်လသာ လိုတော့သည်။

ဤလေးနှစ်တာ ကာလအတွင်း နွားမိစ္ဆာငရဲကမ္ဘာ တစ်ခုလုံး၌ စနစ်သစ်တစ်ခု ပေါ်ပေါက်လာခဲ့ကာ များပြားလှသော ငရဲမိစ္ဆာများသည် မူလအစကမ္ဘာ၏ သက်ရှိများအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။

ထို့ပြင် မူလအစကမ္ဘာသည်လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုအင်အားကြီးမားလာကာ ကမ္ဘာ့အကျယ်အဝန်းသည် တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ရလေသည်။

မူလအစကမ္ဘာ၏ ကိုယ်ပွားဖြစ်သော ကျုံးယွမ် သည်လည်း ကျင့်ကြံခြင်းအဆင့်များစွာ တိုးတက်လာပြီး သူ၏ ရုပ်သွင်သည် ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ယောက်အဖြစ် ကြီးပျင်းလာ၏။

နွားမိစ္ဆာဘုရင်နှင့် မိစ္ဆာမလေး ကာလီယာတို့မှာမူ အေးအေးဆေးဆေး ရှိနေကြပြီး မူလအစကမ္ဘာအတွင်းသွားရောက်လည်ပတ်ခဲ့ကြသည်။

ယွမ်ရှီစွမ်းအားများ၏ သန့်စင်မှုအောက်တွင် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ မကောင်းသော စွမ်းအားများ၊ မိစ္ဆာအငွေ့အသက်များနှင့် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပျောက်ကွယ်သွားခဲ့ပြီး ယွမ်ရှီချီစွမ်းအားများက အစားထိုး ဝင်ရောက်လာသည်။ သူတို့၏ စိတ်နေစိတ်ထားများသည်လည်း ပိုမိုနူးညံ့သိမ်မွေ့လာခဲ့လေသည်။

ထို့‌နောက် သူတို့နှစ်ဦးသည်မကြာမီ၌ပင် နွားမိစ္ဆာငရဲကမ္ဘာသို့ ပြန်လာခဲ့ကြကာ ကျုံးရှန် ကဲ့သို့ ရှုခင်းကောင်းသော နေရာတစ်ခုကို ရှာဖွေပြီး မိသားစုဘဝဖြင့် အေးချမ်းစွာ နေထိုင်နေကြ၏။

နွားမိစ္ဆာဘုရင်သည် ဒုတိယအဆင့် နတ်ဘုရားစွမ်းအားရှင် ဖြစ်သဖြင့် သူ၏သက်တမ်းသည် နှစ်ပေါင်း ဆယ်သန်းအထိ ရှိလေသည်။ သူ၏ လက်ရှိအသက်မှာ နှစ်သောင်းကျော်မျှသာ ရှိသေးသဖြင့် အလွန်ပင် ငယ်ရွယ်သေးသည်ဟု ဆိုရမည်။

နှစ်ပေါင်း နှစ်သောင်းအတွင်း ဤကဲ့သို့သော အဆင့်သို့ ရောက်ရှိလာနိုင်ခြင်းသည် ဖာဟိုင် ၏ သွန်သင်ဆုံးမမှုများနှင့် သူပေးသနားခဲ့သည့် နွားရိုင်းမိစ္ဆာနန်းတော် တို့ကြောင့်ဖြစ်သည်။

ထို့အပြင် ကျုံးရှန်ထံမှလည်း ခွေနွားနတ်ဘုရားအမြုတေ ကိုရရှိထားသဖြင့် စစ်မှန်သော နတ်ဘုရားတစ်ပါး ဖြစ်လာရန် သေချာသလောက် ရှိနေ၏။ ဇနီးဖြစ်သူ မိန်းမော်မိစ္ဆာမ ကာလီယာ သည်လည်း သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် နှစ်ပေါင်း သန်းချီ၍ အသက်ရှင်နိုင်မည် ဖြစ်သည်။

သူတို့နှစ်ဦးသည် ယခင်က ငရဲမိစ္ဆာများအဖြစ် တိုက်ခိုက်ခဲ့ကြသည့် အချိန်များကို ပြန်လည်တွေးတောမိသောအခါ စိတ်ပင်ပန်းမှုကိုသာ ခံစားရပြီး ယခုကဲ့သို့ အေးချမ်းသည့် ဘဝကိုသာ နှစ်ပေါင်း ထောင်ချီ၍ ဆက်လက်ပိုင်ဆိုင်လိုနေကြ၏။

ရှီမင်(မင်ယွိ)သည်လည်း မင်းကျွေ့၏ ခေါ်ဆောင်မှုဖြင့် နွားမိစ္ဆာငရဲကမ္ဘာသို့ ရောက်ရှိနေသည်။ သူသည် မော်တျန်ပြောင်းလဲခြင်းဆေးလုံး၏ အကူအညီဖြင့် မိစ္ဆာနတ်ဘုရားအတုအယောင်ဖြစ်လာခဲ့ပြီး ယခင်ကထက် အဆပေါင်းများစွာ သန်မာလာခဲ့သည်။ သူ၏ ပုံစံမှာလည်း လုံးဝ ပြောင်းလဲသွားပြီးယခင်က ပေါ့ပျက်ပျက်နိုင်သော သခင်လေးပုံစံမှ တည်ငြိမ်ရင့်ကျက်သော ပုံစံမျိုး ဖြစ်လာသည်။ သို့သော် သူ၏ ရှီးရွှယ်ငရဲကမ္ဘာသည် မူလအစကမ္ဘာနှင့် ပေါင်းစည်းထားခြင်း မရှိသေးသဖြင့် သူ၏ ခန္ဓာကိုယ်တွင် ငရဲအငွေ့အသက်များ ပြင်းထန်စွာ ကျန်ရှိနေသေး၏။

ဤအချက်သည်လည်း ကျုံးရှန် လိုအပ်နေသော အရာ ဖြစ်၏။ ရှီမင်၏ သစ္စာရှိမှုနှင့် ပတ်သက်၍မူ ကျုံးရှန်အနေဖြင့် စိုးရိမ်ပူပန်ခြင်း မရှိချေ။ မူလနတ်ဘုရားသန္ဓေသား ရှိနေသရွေ့ ရှီမင် သည် သူ့ကို သစ္စာဖောက်ရန် မဖြစ်နိုင်ပေ။

နတ်ဘုရားသန္ဓေသားသည် ဝိညာဉ်၏ မူလဇစ်မြစ်ထဲတွင် အမြစ်တွယ်နေပြီဖြစ်ရာ ချောက်နက်မိစ္ဆာအရှင်သခင် ကဲ့သို့သော တတိယအဆင့်ပြောင်းလဲခြင်း အထွတ်အထိပ် မိစ္ဆာနတ်ဘုရားများပင်လျှင် ထိုသန္ဓေသားကို ဖယ်ရှားပေးနိုင်မည် မဟုတ်ချေ။

သို့သော် ငရဲအငွေ့အသက်များကြောင့်ပင် ရှီမင်တစ်ယောက် မူလအစကမ္ဘာ သို့ စတင် ရောက်ရှိလာစဉ်က ဒုက္ခအနည်းငယ် တွေ့ခဲ့ရသည်။ ငရဲဘုံငယ်တစ်ခု၏ အရှင်သခင် ဖြစ်သည့်သူ၏ငရဲအငွေ့အသက်များနှင့် မူလအစကမ္ဘာ ၏ ယွမ်ရှီချီစွမ်းအားတို့သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေခဲ့ကြ၏။

မင်ကျွေ့ နှင့် ကျုံးယွမ် တို့သည် နွားမိစ္ဆာကမ္ဘာ ထဲတွင် ယွမ်ရှီချီစွမ်းအား မရှိသည့် နေရာလွတ်တစ်ခုကို သီးသန့် ဖန်တီးပေးထားခြင်း မရှိပါက ရှီမင်တစ်ယောက် ဤနေရာ၌ တစ်ရက်ပင် နေနိုင်မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ အရာအားလုံးသည် ကျုံးရှန် တံခါးပိတ်မကျင့်ကြံမီ ချမှတ်ထားခဲ့သော စီမံကိန်းအတိုင်း အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

....

ယနေ့တွင် ရာသီဥတု သာယာနေပြီး နွားမိစ္ဆာကမ္ဘာ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ မြက်ပင်တဲအိမ်လေးအတွင်းရှိ တာအိုဆရာလေး ကျုံးရှန်၏ ခန္ဓာကိုယ်သည် ရုတ်တရက် လှုပ်ရှားလာပြီး သူ၏ ကိုယ်ပေါ်ရှိ ဖုန်မှုန့်များအားလုံး လွင့်စင်သွားကာ မျက်လုံးများ ရုတ်တရက် ဖွင့်လာလေသည်။

သူ၏ မျက်ဝန်းအစုံအတွင်း၌ ရွှေနဂါးများကို စီးနင်းထားသော နတ်ဘုရားအရှင်သခင် ငါးပါး၏ ပုံရိပ်များ ဖြတ်သန်းသွားသည်။ ထိုမျက်ဝန်းများသည် မဟာကမ္ဘာကြီး ငါးခုကို ငုံ့ကြည့်နေသကဲ့သို့ပင် ထင်မှတ်ရပေသည်။

ကျုံးရှန်သည် တဲအိမ်အတွင်းမှ ထွက်ခွာကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး ကျေနပ်အားရစွာဖြင့် အော်ဟစ်လိုက်သည်။

''ဟားဟားဟား...''

''ဒီလို နေလို့ကောင်းတဲ့ ခံစားချက်မျိုးကို မရခဲ့တာ ကြာပြီပဲ...''

''တာ့ဝေထျန်းလုံကျင့်စဉ် နဲ့ ဓာတ်ကြီးငါးပါး ဝိညာဉ်သန့်စင်ခြင်း နည်းစနစ်ကို နောက်ဆုံးတော့ အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့ပြီ....''

သူသည် လက်မောင်းများကို ဆန့်တန်းကာ ရယ်မောလိုက်နေ၏။

သူ၏ ကိုယ်တွင်းရှိ ဓာတ်ကြီးငါးပါး တည်ရှိရာ နေရာများမှ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာသည်။ နတ်ဘုရားအရှင်သခင် ငါးပါးသည် ရွှေနဂါးများကို စီးနင်းကာ သူ၏ ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်ပေါ်လာပြီး ကျုံးရှန်ကို ဝန်းရံထားလိုက်ကြလေသည်။

ရေ၊ မီး၊ သတ္တု၊ မြေကြီး ၊သစ်သား။

အခြေခံဓာတ်ကြီး ငါးပါး၏ စွမ်းအားများ သည် ကျုံးရှန် ၏ ခန္ဓာကိုယ်အပြင်ဘက်တွင် ဝန်းရံနေခဲ့ရာ ထိုစွမ်းအားများကြောင့် ကျုံးရှန်သည် ဓာတ်ကြီးငါးပါးမှ လွတ်မြောက်သွားသည်ဟုပင် ခံစားနေရပေသည်။

'လွှမ်းမိုးမှုအရှိန်အဝါ ပြင်းထန်တဲ့ ထျန်းလုံဗုဒ္ဓစွမ်းအား (ကောင်းကင်နဂါးဗုဒ္ဓစွမ်းအား) က ဓာတ်ကြီးငါးပါး နတ်ဘုရားနန်းတော် အရှင်သခင်တွေနဲ့ ပေါင်းစပ်နိုင်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး'

'အခုဆိုရင် နတ်ဘုရားနန်းတော် အရှင်သခင်ငါးပါးက သူတို့ရဲ့ သက်ဆိုင်ရာ ဓာတ်ကြီးငါးပါး ဂုဏ်သတ္တိတွေကို ပြီးပြည့်စုံအောင် ထိန်းချုပ်နိုင်ရုံသာမက နဂါးဗုဒ္ဓစွမ်းအားကိုပါ ထိန်းချုပ်နိုင်နေပြီ'

'ဒီ ထျန်းလုံဗုဒ္ဓစွမ်းအားနဲ့ ဓာတ်ကြီးငါးပါး ပေါင်းစပ်မှုကနေ ဖန်ဆင်းခြင်းအဆင့်စွမ်းအားတွေ အများကြီး ထွက်ပေါ်လာတယ်'

'အခုဆိုရင် နတ်ဘုရားနန်းတော် အရှင်သခင် တစ်ပါးစီတိုင်းက သူတော်စင်အဆင့် ခြောက် ဆဋ္ဌမအကြိမ်ပြောင်းလဲခြင်း အဆင့်ရှိတဲ့ စွမ်းအားနဲ့ ညီမျှနေပြီ'

'ငါ့ရဲ့ ဓာတ်ကြီးငါးပါး အင်္ဂါတွေကလည်း နတ်ဘုရားနန်းတော်တွေအဖြစ် စတင် ပြောင်းလဲနေကြပြီ... နောက်ထပ် နှစ်ရာချီလောက် ထပ်ပြီး ကျင့်ကြံလိုက်မယ်ဆိုရင် ဒီနတ်ဘုရားနန်းတော်တွေကနေ ဓာတ်ကြီးငါးပါး နတ်ဘုရားစစ်သည်တွေနဲ့ ထျန်းလုံနတ်ဘုရားစစ်သည်တွေကို မွေးဖွားပေးနိုင်လိမ့်မယ်'

'ဓာတ်ကြီးငါးပါး နတ်ဘုရားလက်နက်၊ ဓာတ်ကြီးငါးပါး နတ်ဘုရားသံချပ်ကာ၊ ထျန်းလုံနတ်ဘုရားလက်နက်၊ ထျန်းလုံနတ်ဘုရားသံချပ်ကာတွေတင်မက တခြား မှော်ရတနာတွေကိုလည်း သိပ်သည်းအောင် လုပ်ဆောင်လာနိုင်လိမ့်မယ်'

ကျုံးရှန် သည် သူ၏ ခန္ဓာကိုယ်တွင်းရှိ ဓာတ်ကြီးငါးပါး နတ်ဘုရားနန်းတော်များကို ကြည့်ပြီး အလွန် ကျေနပ်အားရနေမိ၏။

ဤနတ်ဘုရားနန်း‌တော်ငါးခုသည် နောင်တစ်ချိန်တွင် သူ့အတွက် လက်နက်ကိရိယာများနှင့် ရတနာများကို ဖန်တီးပေးနိုင်သည့် စက်ရုံကြီးများသဖွယ် ဖြစ်လာပေလိမ့်မည်။

ကျုံးရှန်တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် ဤအချိန်တိုအတွင်း၌ပင် ဉာဏ်အလင်းရမှုများစွာကို စုဆောင်းနိုင်ခဲ့၏။

ထိုအထဲတွင် သူ၏ ကိုယ်ပိုင် တာအိုလမ်းစဉ်ကို ခပ်ရေးရေး ထိတွေ့မိခဲ့လေသည်။ သို့သော် အချိန် သိပ်မရခဲ့ရာ အသေးစိတ် လေ့လာရန် မဖြစ်နိုင်သေးချေ။

နဂါးမဲ့နှလုံးသားကျင့်စဉ် သည် အလွန် စွမ်းအားကြီးမားသော်လည်း နဂါးမဲ့နတ်ဘုရားဘုရင် ချန်ထားခဲ့သော အရာဖြစ်ပြီး သက်ရှိအားလုံးကို သံသရာမှ လွတ်မြောက်စေရန် ရည်ရွယ်သည်။ ထိုကျင့်စဉ်သည် ဆန်းကြယ်ပြီး ထူးခြားသော လမ်းကြောင်းတစ်ခုကို ဖွင့်ပေးနိုင်သော်လည်း နောက်ဆုံးတွင် သူ၏ ကိုယ်ပိုင်တာအိုလမ်းစဉ်မဟုတ်ပေ။

သို့သော် နဂါးမဲ့နှလုံးသားကျင့်စဉ် ထဲရှိ သက်ရှိများကို လွတ်မြောက်စေလိုသော သဘောတရားနှင့် လူသည် ကောင်းကင်ကို အနိုင်ယူနိုင်သည် ဆိုသော ခံယူချက်များသည် ကျုံးရှန် ကို ဉာဏ်အလင်း ပွင့်စေခဲ့သည်။

ကျုံးရှန် သည် ဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာချိန်မှစ၍ ကောင်းကင်တာအိုနှင့် တိုက်ခိုက်နေခဲ့ရသူ ဖြစ်၏။

သို့ဖြစ်ရာ သူသည် ကောင်းကင်ကို အနိုင်ယူလိုစိတ်ပြင်းပြသူ တစ်ယောက်ဖြစ်သည်။

ကောင်းကင်က ဘာကြီးပဲဖြစ်နေနေ ကျော်လွှားဖျက်စီးပစ်မည်။

ထိုအရာသည် ကျုံးရှန်၏ တာအိုလမ်းစဉ်ပင် ဖြစ်လေသည်။

မကြာမီ၌ပင် ကျုံးယွမ်နှင့် မင်ကျွေ့တို့ရောက်ရှိလာကြကာ နွားမိစ္ဆာဘုရင်နှင့် ကာလီယာတို့ကလည်း လာရောက် ဂါရဝပြုကြလေသည်။

''ခမည်းတော်...''

''သခင်...''

''သခင့်ရဲ့ ကျင့်စဉ် အောင်မြင်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်... သခင်ဟာ ငရဲလောကတစ်ခုလုံးကို တုန်လှုပ်စေပြီး အထွတ်အထိပ်ကို ရောက်ရှိမှာ သေချာပါတယ်...''

ကျုံးရှန်သည် အားလုံးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။

''မင်းတို့အားလုံးလည်း တိုးတက်မှုတွေ ရှိကြတာပဲ...''

''ငါ အခု ငရဲမဟာကမ္ဘာကြီးဆီကို ချက်ချင်း ထွက်ခွာတော့မယ်...''

''ယွမ်အာ၊ မင်ကျွေ့၊ နွားမိစ္ဆာဘုရင်...မင်းတို့ကတော့ ဒီနယ်စပ်မှာပဲ နေခဲ့ကြ... စည်းကမ်းမဲ့ နယ်မြေမချဲ့ထွင်ကြနဲ့..."

"ငါ့ရဲ့ လွတ်မြောက်ခြင်းနှင့် ကယ်တင်ခြင်း ရတနာငါးပါး နဲ့ ရှန်လုံမြက်ခင်းတဲ ကို ဒီမှာ ထားခဲ့မယ်... ဒီပစ္စည်းတွေက ဒီနေရာရဲ့ ကောင်းကင်ကံတရားကို ဖုံးကွယ်ထားပေးမှာဖြစ်တဲ့အတွက်... ငရဲက အဖိုးကြီးတွေ ငါတို့ရှိတဲ့နေရာကို တွက်ချက်လို့ ရမှာမဟုတ်ဘူး...''

သူသည် တစ်ဦးချင်းစီကို သေချာမှာကြားလိုက်သည်။ အားလုံးကလည်း အမိန့်ကိုနာခံကြ၏။

ထို့နောက်တွင် ကျုံးရှန်သည် ရှီမင်ကို လှမ်းခေါ်လိုက်သည်။

''ရှီမင်... ငါနဲ့ လိုက်ခဲ့...''

ကျုံးရှန်သည် ရှီမင်ကို ခေါ်ဆောင်ကာ နွားမိစ္ဆာလောကပြင်ပသို့ ပျံသန်းသွားပြီးနောက် ငရဲဟင်းလင်းပြင်အတွင်းသို့ ရောက်ရှိသွား၏။ မူလအစကမ္ဘာ ၏ လွှမ်းမိုးမှုအောက်မှ လုံးဝ ဝေးကွာသွားသောအခါတွင် ကျုံးရှန်သည် သူ၏ အသွင်အပြင်ကို ရုတ်တရက် ပြောင်းလဲလိုက်သည်။

သူ၏ ခန္ဓာကိုယ်သည် ပေပေါင်းများစွာ မြင့်မားလာပြီး ဦးခေါင်းတွင် ဆိတ်ချိုများ ပါရှိကာ ငရဲဘုံ သံချပ်ကာနက်ကို ဝတ်ဆင်ထားသော မိစ္ဆာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

All Chapters